အခန်း ၈၈၆
Vol. 60 Ch. 886
အခန်း (၈၈၆) အခြေအနေကို နားလည်သော ပညာရှိ၊ ယွဲ့ အင်မော်တယ် မျှော်စင်သစ်
ပြီးခဲ့သော စစ်ပွဲကြီးကြောင့် ပျက်စီးသွားခဲ့ရသည့် ဂူစံအိမ်များ ဆိုင်ခန်းများနှင့် အခင်းအကျင်းများကို တစ်စစ ပြန်လည် ပြုပြင်နေကြသည်။
ယန္တရားတစ်ထောင် အင်မော်တယ်မြို့တော်ရှိ မြင့်မားသော မျှော်စင်ကြီးတစ်ခုပေါ်၌ လူရိပ်အချို့ ရပ်နေကြသည်ကို စုယွီ မြင်တွေ့လိုက်ရ၏။
ထိုသူတို့သည် မြို့ပြင်ဘက်ရှိ အင်အားစုအသီးသီး၏ တိုက်ပွဲကြီးကို အဆက်မပြတ် စောင့်ကြည့်နေကြလေသည်။
၎င်းတို့အထဲတွင် ယန္တရားတစ်ထောင်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သော တာအိုသခင်ကြီး ယန္တရားတစ်ထောင်လည်း ပါဝင်နေသည်။
သူ့ကို မြင်လိုက်ရသည်နှင့် စုယွီသည် စိုးစဉ်းမျှ တုံ့ဆိုင်းမနေဘဲ စိတ်ဆန္ဒ တစ်ချက်လှုပ်ရှားလိုက်၏။ သူ၏ ဒန်တျန် အတွင်းမှ မီးတောက်မီးလျှံ အလင်းတန်းတစ်ခု ပျံသန်းထွက်ပေါ်လာပြီး ရှည်လျားသော လေးတစ်လက်အဖြစ် ပြောင်းလဲကာ သူ၏ လက်ထဲသို့ ကျရောက်လာတော့သည်။
ဓာတ်ကြီး ငါးပါး တာအိုနယ်ပယ်ကို ပြည့်စုံစွာ နားလည်သဘောပေါက်ပြီးကတည်းက မီးဖီးနစ် ကောင်းကင်လေး၏ ကြောက်မက်ဖွယ် စွမ်းအားကို အပြည့်အဝ အသက်သွင်းရန် သူ တစ်ကြိမ်မျှ မစမ်းသပ်ရသေးချေ။
“ဝုန်း...”
မီးဖီးနစ် ကောင်းကင်လေးသည် စုယွီ၏ လက်ထဲသို့ ရောက်ရှိလာပြီးနောက် သူက လေးကြိုးကို လက်နှစ်ဖက်ဖြင့် ဆွဲဆန့်လိုက်၏။
ပြီးပြည့်စုံခြင်းအဆင့် ဓာတ်ကြီး ငါးပါး တာအိုနယ်ပယ်သည် သူ၏ ခန္ဓာကိုယ် ပတ်လည်တွင် စုစည်းလာတော့၏။
သူ၏ ခန္ဓာကိုယ် အတွင်းရှိ ဓာတ်ကြီး ငါးပါး မှော်စွမ်းအားများနှင့် ဝိညာဉ် စွမ်းအားများသည် သူ၏ လက်ထဲရှိ မီးဖီးနစ် ကောင်းကင်လေး ထဲသို့ လှိုင်းလုံးကြီးများအလား စီးဝင်သွားသည်။
ထိုအခိုက်အတန့်တွင် စုယွီ၏ ပတ်လည်ရှိ သဘာဝ ဝိညာဉ်စွမ်းအားများသည် အေးခဲသွားသည့်အလား ထင်မှတ်ရသည်။ အဆုံးအစမဲ့သော မီးတောက်အလင်းတန်းများက ကောင်းကင်ယံသို့ ထိုးတက်သွားပြီး မီးဖီးနစ်ငှက်၏ အော်မြည်သံက ကောင်းကင် တစ်ခွင်လုံး ပဲ့တင်ထပ်သွားသယောင် ခပ်ရေးရေး ကြားလိုက်ရ၏။
မီးဖီးနစ် ကောင်းကင်လေးကို အဆုံးထိ ဆွဲဆန့်လိုက်သည်နှင့် စုယွီ၏ ပတ်လည်ရှိ သဘာဝ ဝိညာဉ်စွမ်းအားများသည် မီးပင်လယ်ကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။
မီးတောက်များက ကောင်းကင်ယံကို လောင်ကျွမ်းသွားစေပြီး သူ၏ အောက်ဘက်ရှိ တောင်တန်းကြီးမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် အရည်ပျော်ကျကာ ချော်ရည်ပူများ အဖြစ်သို့ ပြောင်းလဲသွား၏။
မီးဖီးနစ် ကောင်းကင်လေး ၏ အပေါ်တွင် မီးဖီးနစ်ငှက်၏ ပုံရိပ်ယောင် တစ်ခုက ကောင်းကင်ယံသို့ ထိုးတက်သွားသည်။
အော်မြည်သံ တစ်ခုက မိုင်ပေါင်း ရာနှင့် ချီ၍သာမက ထောင်နှင့်ချီသော ပတ်ဝန်းကျင် တစ်ဝိုက်တွင် ပဲ့တင်ထပ်သွားသည်။
မီးဖီးနစ် ကောင်းကင်လေး ၏ ကြောက်မက်ဖွယ် စွမ်းအားသည် ဤအခိုက်အတန့်တွင် အရပ်မျက်နှာ အားလုံးသို့ တိုက်ခတ် သွားလေတော့၏။
ခပ်လှမ်းလှမ်း နေရာတစ်ခုတွင်
ဤအခိုက်အတန့်၌၊ အင်အားစု အသီးသီးမှ ဆုတ်ခွာလာကြသော ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီးများ နှင့် မူလဝိညာဉ်အဆင့် အရှင်သခင်များ အကြီးအကျယ် မျက်နှာ ပျက်ယွင်းသွားကြသည်။ သူတို့သည် ဤကြောက်မက်ဖွယ် စွမ်းအားများ ထွက်ပေါ်လာရာ အရပ်ဆီသို့ ရုတ်တရက် လှည့်ကြည့်လိုက်ကြတော့၏။
ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီးများ ပင်လျှင် သူတို့၏ နှလုံးသားများကို ရပ်တန့်သွားစေလောက်အောင် ကြောက်မက်ဖွယ် ကောင်းသော ထက်ရှမှု တစ်ခုကို ခံစားလိုက်ကြရသည်။
သူတို့ မြင်တွေ့လိုက်ရသည်မှာ ထိုနေရာ၌ ကောင်းကင်သို့ ထိုးတက်နေသော မီးတောက်မီးလျှံများပင်။ မီးဖီးနစ်ငှက် တစ်ကောင်က ကောင်းကင်ယံသို့ ထိုးတက်ကာ အော်မြည်နေခြင်းပင် ဖြစ်၏။
“အဲဒါက ဘာကြီးလဲ...”
“ဒီလောက် ကြောက်စရာကောင်းတဲ့ အရှိန်အဝါမျိုး...”
“ဒီလူက ဘယ်သူလဲ... ဒီအရှိန်အဝါက... အရမ်း ထူးဆန်းနေတယ်”
ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီးများနှင့် မူလဝိညာဉ်အဆင့် အရှင်သခင်များ တစ်စုသည် အဆက်မပြတ် အာမေဋိတ်သံများ ပြုမိကြတော့သည်။
သူတို့ အလွန်အမင်း အံ့အားသင့်စွာဖြင့် အော်ဟစ်နေကြစဉ် ထိုနေရာရှိ စုယွီ၏ ခန္ဓာကိုယ်မှ ဓာတ်ကြီး ငါးပါး မှော်စွမ်းအားများ နှင့် ဝိညာဉ် စွမ်းအား အများစုသည် မီးဖီးနစ် ကောင်းကင်လေး ထဲသို့ အလုံးအရင်းဖြင့် စီးဝင်သွားခဲ့လေပြီ။
သူ၏ လက်ကို လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် မီးဖီးနစ် ကောင်းကင်လေး ၏ ထက်ပိုင်းမှ မီးတောက်အလင်းတန်း တစ်ခုက ဝှစ်ခနဲ ပစ်ထွက်သွားသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ၎င်းသည် ဟင်းလင်းပြင်ကို ထိုးဖောက်သွားပြီး အရှေ့ဘက်ရှိ ဟင်းလင်းပြင် ထဲသို့ ပျောက်ကွယ် သွား၏။
ပြီးပြည့်စုံသော ဓာတ်ကြီး ငါးပါး တာအိုနယ်ပယ် ၏ အင်အားအောက်တွင် မီးဖီးနစ် ကောင်းကင်လေး ၏ စွမ်းအားသည် တစ်ခါမျှ မကြုံဖူးသော အဆင့်တစ်ခုသို့ ရောက်ရှိသွားလေတော့သည်။
စုယွီ၏ မှော်စွမ်းအားများနှင့် ဝိညာဉ် စွမ်းအား အများစုကို စားသုံးလိုက်ခြင်းကြောင့် သူ၏ မျက်နှာမှာ အနည်းငယ် ဖြူရော်သွားသည်။
သူက သက်ပြင်းတစ်ချက်ကို တိုးညင်းစွာ ချလိုက်၏။
မြားကို ပစ်ခတ်ပြီးနောက် စုယွီ လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး အတွေး တစ်ချက်နှင့်အတူ မီးဖီးနစ် ကောင်းကင်လေးကို သူ၏ ဒန်တျန် အတွင်းသို့ ပြန်လည် သိမ်းဆည်းလိုက်၏။
ချက်ချင်းပင် သူ၏ ပုံရိပ်က တဖျပ်ဖျပ် လင်းလက်သွားပြီး ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် အတွင်းသို့ ပေါင်းစပ်သွားကာ အရိပ်အယောင်မကျန် ပျောက်ကွယ်သွား၏။
“လောလောဆယ်တော့... မင်းတို့ကို မြားတစ်စင်း ပြန်ပေးလိုက်မယ်”
“ငါတို့ ထျန်းပေါင်ဂိုဏ်းကို စော်ကားတဲ့အတွက်... မင်းတို့ရဲ့ ယန္တရားတစ်ထောင်ဂိုဏ်း လည်း ဘယ်တော့မှ ငြိမ်းချမ်းခွင့် ရမှာ မဟုတ်ဘူး”
ခပ်လှမ်းလှမ်း နေရာ ၊ ယန္တရားတစ်ထောင် အင်မော်တယ်မြို့တော် ရှိ တစ်ခုတည်းသော အထပ်ကိုးထပ် တာအိုမျှော်စင် ကြီး၏ အပေါ်ဝယ်၊
တာအိုသခင်ကြီး ယန္တရားတစ်ထောင် သည် အင်မော်တယ်ဂိုဏ်းမှ မူလဝိညာဉ်အဆင့် အရှင်သခင် အချို့ အကြီးအကဲ အချို့နှင့် အတူ ရပ်နေပြီး စစ်မြေပြင်ကို အဝေးမှနေ၍ စောင့်ကြည့်နေသည်။ တိုက်ပွဲ ပြီးဆုံးသွားသော အခါကျမှသာ သူတို့က အလိုမကျမှုများ၊ နာကြည်းမှုများဖြင့် အကြည့်များ ရုပ်သိမ်းလိုက်ကြတော့၏။
ထိုအရာက မူလက သူတို့ ယန္တရားတစ်ထောင်ဂိုဏ်း ပိုင်ဆိုင်သော အခွင့်အရေး တစ်ခုသာ ဖြစ်သည်။
သို့သော်လည်း အဆုံးတွင်တော့ ထိုလူများ၏ လုယူခံလိုက်ရပြီး သူတို့မှာ အတင်းအကျပ် စွန့်လွှတ်လိုက်ရလေပြီ။
တာအိုသခင်ကြီး ယန္တရားတစ်ထောင် က မေးရိုးများ တင်းမာနေလျက် လေသံကို နှိမ့်၍ ပြောလိုက်၏။
“ဒီနေ့ ငါတို့ ယန္တရားတစ်ထောင်ဂိုဏ်း ခံရတဲ့ အရှက်ကွဲမှု ကို... နောင်အနာဂတ်မှာ အဆတစ်ရာ... အဆတစ်ထောင် ပြန်ပြီး ပေးဆပ်စေရမယ်”
ဤအင်အားစုများ ပေါင်းစည်းသွားမှု နှင့်အတူ သူတို့ ယန္တရားတစ်ထောင်ဂိုဏ်း အနေဖြင့် အနိုင်ရရန် အခွင့်အရေး မရှိသည်မှာ သဘာဝပင် ဖြစ်၏။
သို့သော် ဤကိစ္စ ပြီးဆုံးသွားပြီးနောက်တွင်တော့ သူက ဤလူစုကို တစ်ယောက်ချင်းစီ စာရင်းရှင်းရန် အခွင့်အရေး များကို သေချာပေါက် ရှာဖွေမည်။
“သွားကြစို့”
“ပြန်မယ်”
တာအိုသခင်ကြီး ယန္တရားတစ်ထောင် က နောက်သို့လှည့်ကာ ယန္တရားတစ်ထောင်ဂိုဏ်း ဆီသို့ ပြန်ရန် ပြင်လိုက်ချိန်မှာပင် ရုတ်တရက် ပြင်းထန်သော သတ်ဖြတ်လိုစိတ် တစ်ခုက အရှိန်အဟုန်ဖြင့် ဆင်းသက်လာတော့သည်။ ဝိညာဉ်ခွဲထွက်အဆင့် နဝမအလွှာ ရှိ တာအိုသခင်ကြီး ယန္တရားတစ်ထောင် ၏ ဆံပင်များကိုပင် ထောင်ထသွားစေ၏
နောက်တစ်စက္ကန့်မှာပင် သူ၏ ရှေ့ရှိ ဟင်းလင်းပြင် တွင် အက်ကွဲကြောင်း တစ်ခု ပေါ်ထွက်လာလေ၏။
ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ သယ်ဆောင်လာသည့် မီးတောက် အလင်းတန်း တစ်ခု ဆင်းသက်လာတော့သည်။
“ရွှီ...”
မီးတောက်အလင်းတန်း ပေါ်လာသည်နှင့် တစ်ပြိုင်နက် ၎င်းက လေနှင့် ထိတွေ့ကာ ချက်ချင်းပင် ကြီးမားလာပြီး ကြောက်မက်ဖွယ်ကောင်းသော မီးဖီးနစ်ငှက် ကြီး အဖြစ်သို့ အသက်ဝင်သွားသည်။ ထို့နောက် တာအိုသခင်ကြီး ယန္တရားတစ်ထောင် ကို သတ်ဖြတ်ရန် တဟုန်ထိုး ဆင်းသက်လာတော့၏။
“ဝုန်း...”
မြားတစ်စင်းတည်း နှင့်ပင် အထပ်ကိုးထပ် တာအိုမျှော်စင် ကြီးသည် အပျက်အစီးများ အဖြစ်သို့ ပြောင်းလဲသွားသည်။
တာအိုသခင်ကြီး ယန္တရားတစ်ထောင် နောက်သို့ လိုက်ပါလာသော မူလဝိညာဉ်အဆင့် အရှင်သခင်များ နှင့် အကြီးအကဲ အချို့မှာ ပြာများ အဖြစ်သို့ ပြောင်းလဲသွားကာ သေဆုံးသွားပြီး သူတို့၏ တာအိုလမ်းစဉ်များလည်း ပျက်သုဉ်း သွားရတော့၏။
ထိပ်တန်း အဆင့် (၅) ရုပ်သေး တစ်ရုပ် သည်လည်း မြားတစ်စင်းကြောင့် ပေါက်ကွဲ ထွက်သွားသည်။
ယန္တရားတစ်ထောင် အင်မော်တယ်မြို့တော် ၏ အတွင်း၌ သာမန် မျက်စိဖြင့် ကြည့်လျှင် အောက်ခြေ မမြင်ရလောက်အောင် နက်ရှိုင်းသော ဧရာမ တွင်းကြီး တစ်တွင်း ပေါ်ထွက်လာခဲ့သည်။
အင်မော်တယ်မြို့တော် ကြီး တစ်ခုလုံး တုန်လှုပ် သွား၏။
နားကွဲမတတ် ပေါက်ကွဲသံကြီးကြောင့် မြို့တော် အတွင်းရှိ မြောက်များစွာသော အဆင့်နိမ့် ကျင့်ကြံသူများ မှာ ယာယီ နားကန်းသွားကြပြီး သူတို့ ရပ်နေသည့် နေရာမှာပင် ကြောက်လန့်တကြား အေးခဲသွားသည်။
အချိန်အတော်ကြာ ပြီးနောက် သူတို့သည် အပျက်အစီးများ အဖြစ်သို့ ပြောင်းလဲသွားသော အင်မော်တယ်မြို့တော် ၏ အနက်ရှိုင်းဆုံး နေရာများကို ငါးမိနစ် တိတိတိုင်အောင် ထုံထိုင်းစွာ ငေးကြည့်နေမိသည်။
ဘာတွေ ဖြစ်သွားခဲ့တာလဲ။
ခပ်လှမ်းလှမ်း နေရာ တစ်ခုတွင်
တာအိုသခင်ကြီး ယန္တရားတစ်ထောင် ၏ အစစ်အမှန် ခန္ဓာကိုယ် ပေါ်ထွက်လာပြီး သူ၏ မျက်လုံးများ အနက်ပိုင်းတွင် ကြောက်ရွံ့မှု အရိပ်အယောင် တစ်ခု လင်းလက်သွားသည်။ ထိုကြောက်ရွံ့မှု နှင့်အတူ ချုံခို တိုက်ခိုက်ခံရခြင်း အတွက် ဒေါသတရား များလည်း ရောယှက်နေကာ သူက ဟိန်းဟောက်လိုက်တော့၏။
“ဘယ်သူကများ ဒီလောက်တောင်... ရိုင်းစိုင်းရဲတာလဲ”
အလွန် သီသီလေး လွတ်သွားခြင်းပင်။ သူ သေဆုံးသွားနိုင်လောက်အောင် အလွန်တရာ သီသီလေး လွတ်သွား၏။
အကယ်၍ သူ့တွင်သာ ဖုံးကွယ်ထားသော လျှို့ဝှက်နည်းလမ်း အချို့ မရှိခဲ့ပါက... ထို မြားက...။
ထိုအချိန်မှာပင် အေးဆေးသော အသံတစ်ခုက သူ၏ နားထဲသို့ ရောက်ရှိလာသည်။
“ငါတို့ ထျန်းပေါင်ဂိုဏ်းကို စော်ကားတဲ့အတွက်... မင်းတို့ရဲ့ ယန္တရားတစ်ထောင်ဂိုဏ်း လည်း ဘယ်တော့မှ ငြိမ်းချမ်းခွင့် ရမှာ မဟုတ်ဘူး”
တာအိုသခင်ကြီး ယန္တရားတစ်ထောင် ၏ မျက်လုံးအိမ်များ ရုတ်တရက် ကျုံ့ဝင်သွားပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ယန္တရားတစ်ထောင်ဂိုဏ်း ၏ တောင်တံခါး အတွင်းသို့ ထွက်ပြေး ဝင်ရောက်သွားသည်။
ထိုမြားတစ်စင်းက သူ့ကို အရိုးထဲထိ စိမ့်ဝင်သွားလောက်အောင် ကြောက်လန့်သွားစေခဲ့ပြီ မဟုတ်ပါလား။
*
လအနည်းငယ် ကြာပြီးနောက် အပျက်အစီးတစ်ရာ ကျင့်ကြံခြင်းကမ္ဘာ သည် ပြန်လည် ငြိမ်းချမ်းမှု ရရှိသွားခဲ့လေပြီ။
ယန္တရားတစ်ထောင် အင်မော်တယ်မြို့တော် ၏ တောင်ဘက် ဆင်ခြေဖုံး ရပ်ကွက်တွင် ထိုက်ချင် ဓားဂိုဏ်း အခြေစိုက်ရာ ချင်းလျို ဟု လူသိများသော ရှေးဟောင်း စစ်မြေပြင် တစ်ခု ရှိသည်။ ၎င်း၏ အပျက်အစီးများသည် ထူထပ်လှသော မိစ္ဆာချီ များဖြင့် ဖုံးလွှမ်းနေပြီး သဘာဝ ဝိညာဉ်စွမ်းအားများ ရှားပါးလှ၏။
ရှေးဟောင်း စစ်မြေပြင် ရှိ အခွင့်အရေးများ အားလုံးကို ရှင်းလင်း ယူဆောင်ပြီးနောက် လူသား ကျင့်ကြံသူများကို မဆိုထားဘိ၊ မိစ္ဆာ သားရဲများပင် ဤနေရာ၌ တွေ့ရခဲသည်။
စစ်မြေပြင် အလယ်ရှိ လျှို့ဝှက် နယ်မြေ တစ်ခု အတွင်း၌..
ထို အခိုက်အတန့်တွင် ကျားသံတမန်တော် သည် သူ၏ လက်ထဲရှိ အရင်းအမြစ် အသီးသီးမှ ရရှိထားသော သတင်းအချက်အလက် များကို ကြည့်ရှုရင်း အနည်းငယ် မျက်ခုံးတန်းများ ကျုံ့လိုက်လေ၏။
အားလုံးက သတင်းဆိုး များသာ။
ယခင်က ခန်းမသခင် သည် ထိုက်ချင် ဓားဂိုဏ်း ထံမှ ဆုကြေးငွေ ကို လက်ခံရန်နှင့် ထိုက်ချင် ဓားဂိုဏ်း ကို ယန္တရားတစ်ထောင်ဂိုဏ်း ထံမှ အခွင့်အရေးများ လုယူရာတွင် အစွမ်းကုန် ကူညီပေးရန် အမိန့်ပေးခဲ့သည်။
ယခုအခါ တန်ပြန် သက်ရောက်မှုများ ရောက်ရှိလာပြီ ဖြစ်ပြီး ယန္တရားတစ်ထောင်ဂိုဏ်း က လက်စားချေရန် စတင် ကြိုးပမ်းနေပြီ ဖြစ်၏။
အချိန်တို အတွင်းမှာပင် ယန္တရားတစ်ထောင်ဂိုဏ်းသည် ကောင်းကင်အပျက်အစီးခန်းမ ၏ အခြေစိုက်စခန်း ခြောက်ခုကို ရှင်းလင်း ဖျက်ဆီးပစ်ခဲ့သည်။
ကောင်းကင်အပျက်အစီးခန်းမ အနေနှင့် မူလဝိညာဉ်အဆင့် အရှင်သခင် လေးပါး နှင့် အရှင်သခင် အဆင့် အောက်ရှိ လက်အောက်ခံ ရာနှင့်ချီ၍ ဆုံးရှုံးသွားခဲ့ရသည်။
အခြေစိုက်စခန်း များ ပျက်စီးသွားခြင်းက သိပ်ပြီး စိုးရိမ်စရာ မဟုတ်သော်လည်း ကျွမ်းကျင်သော လူအင်အားကို မွေးထုတ်ရန်မှာ ခက်ခဲလှသည်။
ထို့အပြင် ထိုဒေသရှိ ထောက်လှမ်းရေး ကွန်ရက်မှာ အချိန်တို အတွင်း ပြတ်တောက်သွားမည် ဖြစ်ရာ ကောင်းကင်အပျက်အစီးခန်းမ ၏ သတင်းအချက်အလက် စုဆောင်းနိုင်စွမ်း အပေါ် အကျိုးသက်ရောက်မှု ရှိပေလိမ့်မည်။
ထိုအချိန်မှာပင် ကျားသံတမန်တော် ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ဆက်သွယ်ရေး တံဆိပ်ပြား တစ်ခုကို ထုတ်ယူလိုက်၏။ သို့သော် သူ၏ နတ်ဘုရား အာရုံက ၎င်းအတွင်းသို့ ထိုးဖောက် ဝင်ရောက်သွားပြီး အတွင်းမှ သတင်းစကားကို ကြားလိုက်ရသည်နှင့် သူ၏ မျက်နှာမှာ ပြာနှမ်းသွားသည်။
“မြွေသံတမန်တော် ရဲ့ တည်နေရာ ပေါက်ကြားသွားပြီး... ယန္တရားတစ်ထောင်ဂိုဏ်း ရဲ့ ချုံခို တိုက်ခိုက်ခံလိုက်ရတယ်... ပြီးတော့ သူရဲ့ အစစ်အမှန် ခန္ဓာကိုယ်ကို ယန္တရားတစ်ထောင်ဂိုဏ်း က အရှင်လတ်လတ် ဖမ်းသွားတယ် ဟုတ်လား”
ဒုက္ခပါပဲ။
မြွေသံတမန်တော် ၏ အစစ်အမှန် ခန္ဓာကိုယ် တည်နေရာကို ယန္တရားတစ်ထောင်ဂိုဏ်း က ဘယ်လိုလုပ် သိသွားတာလဲ။
ပင်ကိုယ် အသိစိတ် အရ ကျားသံတမန်တော် သည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားလိုက်ရ၏။
ယန္တရားတစ်ထောင်ဂိုဏ်း သည် ထောက်လှမ်းရေးတွင် ကျွမ်းကျင်ပြီး ရှေ့ဖြစ်ဟော တွက်ချက်မှု တွင်လည်း ကျွမ်းကျင်မှု အချို့ ရှိသော်လည်း ကောင်းကင်အပျက်အစီးခန်းမ တွင်လည်း ကိုယ်ပိုင် အခြေခံ အုတ်မြစ်များ ရှိ၏။ သို့ဖြစ်ရာ ထိုကဲ့သို့သော နည်းလမ်းများကို ဆန့်ကျင်ရန် သဘာဝကျစွာပင် ကြိုတင် ကာကွယ်မှုများ ပြုလုပ်ထားသည်။
အကယ်၍ မြွေသံတမန်တော် ၏ ကိုယ်ပွား များသာ ရှာဖွေ တွေ့ရှိခံရမည် ဆိုပါက ပုံမှန်သာ ဖြစ်သော်လည်း အစစ်အမှန် ခန္ဓာကိုယ် ကိုပါ ယန္တရားတစ်ထောင်ဂိုဏ်း က ဘယ်လိုများ ရှာဖွေနိုင်ခဲ့တာလဲ။
ကျားသံတမန်တော် ၏ မျက်နှာအမူအရာက ခန့်မှန်းရခက်စွာ ပြောင်းလဲသွား၏။ နောက်တစ်စက္ကန့်မှာပင် သူ၏ ပုံရိပ်က ဝေဝါးသွား၏။ နေရာရွှေ့ပြောင်း အခင်းအကျင်း မှတစ်ဆင့် လျှို့ဝှက် နယ်မြေ အတွင်းမှ ထွက်ခွာသွားသည်။ သူ ထွက်ခွာသွားပြီးသည်နှင့် တစ်ပြိုင်နက် နေရာရွှေ့ပြောင်း အခင်းအကျင်း ဖျက်ဆီး ခံလိုက်ရသည်။
သို့သော် ကျားသံတမန်တော် ထွက်ခွာသွားပြီး မကြာမီမှာပင် နေရာရွှေ့ပြောင်း အခင်းအကျင်း ရှိခဲ့သော ဟင်းလင်းပြင် တွင် လှိုင်းဂယက် အနည်းငယ် ထသွားပြီးနောက် မကြာမီမှာပင် ပုံရိပ်တစ်ခု ပေါ်ထွက်လာ၏။
စုယွီ မျက်လုံးအစုံ မှိတ်လိုက်ပြီး ဟင်းလင်းပြင် ၏ လှုပ်ရှားမှုများကို ခပ်ရေးရေး ခံစားကြည့်လိုက်၏။ နေရာရွှေ့ပြောင်း အခင်းအကျင်း ဖျက်ဆီး ခံလိုက်ရသော်လည်း သူက ၎င်း၏ ဟင်းလင်းပြင် ရွေ့လျားမှု လမ်းကြောင်းကို ဖမ်းယူနိုင်စွမ်း ရှိနေဆဲပင်။
နောက်တစ်စက္ကန့်မှာပင် စုယွီ၏ ပုံရိပ်က လိုက်လံ ဖမ်းဆီးရန် ပျောက်ကွယ်သွားသည်။
ထို နေရာ တစ်ဝိုက်တွင် ပြင်ဆင်ထားသော သတိပေး အခင်းအကျင်း အမျိုးမျိုး အတွက်မူ သူတို့ အားလုံးက အသုံးမဝင်ခဲ့ကြချေ။
ဟင်းလင်းပြင် တာအိုနယ်ပယ် ၏ အင်အားအောက်တွင် ဤသတိပေး အခင်းအကျင်း မည်သည့်အရာကမျှ စုယွီ၏ တည်ရှိနေမှုကို အာရုံမခံနိုင်ခဲ့ကြပေ။
ကျားသံတမန်တော် သည် ပုန်းအောင်းရာ နေရာကို သုံးကြိမ် ဆက်တိုက် ပြောင်းလဲခဲ့၏။ ထိုက်ချင် ဓားဂိုဏ်း ၏ ဒေသနှင့် ဝေးကွာအောင် အပျက်အစီးတစ်ရာ ကျင့်ကြံခြင်းကမ္ဘာ မြောက်ဘက်ရှိ ရှေးဟောင်း အင်မော်တယ်နန်းတော် နယ်မြေသို့ ရောက်ရှိသည်အထိ သွားရောက်ခဲ့သည်။ ထိုအချိန်ကျမှသာ သူ ရပ်တန့်လိုက်ပြီး မိမိကိုယ်ကို ဖုံးကွယ်ထားလိုက်တော့၏။
တစ်ချိန်တည်းမှာပင် ကျားသံတမန်တော် သည် ဆက်သွယ်ရေး တံဆိပ်ပြား တစ်ခုကို ထုတ်ယူလိုက်ပြီး ကောင်းကင်အပျက်အစီးခန်းမ ၏ ခန်းမသခင် နှင့် စတင် ဆက်သွယ်လိုက်၏။
မြွေသံတမန်တော် ပါဝင်နေသော ဤဖြစ်ရပ်ကို... မည်သို့ ကိုင်တွယ် ဖြေရှင်းရမည် ကို ခန်းမသခင် ထံသို့ သတင်းပို့ပြီး ဆုံးဖြတ်ချက် ချမှတ်ရမည်။
သို့သော်ငြားလည်း ကျားသံတမန်တော် သည် ကောင်းကင်အပျက်အစီးခန်းမ ၏ ခန်းမသခင် နှင့် ဆက်သွယ်မိချိန်မှာပင် အခြား တစ်ဖက်တွင် အချိန်အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် တည်ငြိမ်စွာ ပြန်လည် ဖြေကြားလာခဲ့သည်။
“မင်းကို တစ်ယောက်ယောက်... စောင့်ကြည့်နေတယ်”
ကျားသံတမန်တော် ၏ ဦးရေပြား ကျိန်းစက်သွားပြီး သူ၏ မျက်လုံးများ ပြူးကျယ်သွား၏။
‘ငါ့ကို တစ်ယောက်ယောက်က စောင့်ကြည့်နေတာလား။
ဘယ်သူလဲ’
အခြား တစ်ဖက်ရှိ ကောင်းကင်အပျက်အစီးခန်းမ ၏ ခန်းမသခင် က ညင်သာစွာ သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။
“ကျေးဇူးပြုပြီး... မိတ်ဆွေ ကိုယ်ထင်ပြပါ... ဖြစ်နိုင်ရင်တော့ သက်ဆိုင်သူ ဟာ... ငါတို့ ကောင်းကင်အပျက်အစီးခန်းမ ရဲ့ ဧည့်သည်တော် တစ်ယောက် ဖြစ်နေနိုင်ပါတယ်”
ကျားသံတမန်တော် ၏ မျက်နှာအမူအရာက မသေချာ မရေရာမှုများဖြင့် ပြောင်းလဲသွား၏။ သူ၏ ပတ်ပတ်လည်၌ ဝိညာဉ်ခွဲထွက်အဆင့် သတ္တမအလွှာ ၏ အင်မော်တယ် အရှိန်အဝါများ မြင့်တက်လာကာ ကျားသံတမန်တော်၏ မျက်လုံးများက ထက်ရှသွားပြီး ပတ်ဝန်းကျင်ကို စူးစမ်း ရှာဖွေလိုက်၏။
“မိတ်ဆွေ... ကျေးဇူးပြုပြီး ကိုယ်ထင်ပြပါ”
“ကျွန်တော့်ရဲ့ ခန်းမသခင် က... မိတ်ဆွေကို ဖိတ်ခေါ်နေပါတယ်”