← Chapters

အခန်း ၈၈၇

Vol. 60 Ch. 887

အခန်း ၈၈၇

Vol. 60 Ch. 887

အခန်း (၈၈၇) အခြေအနေကို နားလည်သော ပညာရှိ၊ ယွဲ့ အင်မော်တယ် မျှော်စင်သစ် (အပိုင်း ၂)

ကျားသံတမန်တော်သည် နည်းလမ်းပေါင်းစုံကို အသုံးပြုခဲ့၏။

သို့သော်ငြားလည်း သူ့အား စောင့်ကြည့်နေသူကို လုံးဝ ရှာမတွေ့ခဲ့ပေ။ မြင်လည်း မမြင်တွေ့ခဲ့ရချေ။

ထိုအခြေအနေကြောင့် ကျားသံတမန်တော်အား ကြက်သီးမွေးညှင်းများ ထသွားစေတော့သည်။ ကြောက်ရွံ့မှုကို တိတ်တဆိတ် မြိုချလိုက်ရလေ၏။

'ဘယ်သူကများ... ငါ့ကို စောင့်ကြည့်နေတာလဲ'

အချိန်အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ကောင်းကင်အပျက်အစီးခန်းမ၏ ခန်းမသခင်က သက်ပြင်းတစ်ချက် ချလိုက်၏။

“ကျားသံတမန်တော်... ငါ့ကို အဲ့ဒီမှာပဲ စောင့်နေ... ငါ သွားပြီးတော့ ဒီဧည့်သည်တော်ကြီးနဲ့ တွေ့ဆုံလိုက်ဦးမယ်”

တစ်နာရီကျော် ကြာပြီးနောက် အကျယ်အဝန်းအားဖြင့် သုံးမိုင်ခန့် ရှိသော လျှို့ဝှက်နယ်မြေ တစ်ခုအတွင်း လူရိပ်တစ်ခု တိတ်တဆိတ် ပေါ်ထွက်လာသည်။

ထိုသူသည် အရပ် သိပ်မရှည်လှဘဲ သိမ်မွေ့ နူးညံ့သော မျက်နှာသွင်ပြင် ရှိသည်။ သူဝတ်ဆင်ထားသော မီးခိုးရောင် ဝတ်ရုံက သေမျိုး လောကနှင့် ကင်းကွာနေသော အငွေ့အသက် ဖြာထွက်နေလေ၏။

သူက မျက်နှာဖုံး တပ်ဆင်ထားခြင်း မရှိချေ။

ထိုသူသည် ကျားသံတမန်တော် လေးစားစွာ စောင့်ဆိုင်းနေသော ဂူစံအိမ်ရှေ့သို့ ရောက်ရှိလာသည်။

ကျားသံတမန်တော်က ကမန်းကတန်း အရိုအသေပေးလိုက်၏။

“ခန်းမသခင်”

ထိုအမျိုးသားက ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်၏။ သူက ကျားသံတမန်တော်၏ ဂူစံအိမ်ထဲသို့ မဝင်ခဲ့ပေ။ လျှို့ဝှက်နယ်မြေ၏ ပတ်ဝန်းကျင်ကို အကဲခတ် လေ့လာလိုက်လေ၏။

သို့သော် အံ့အားသင့်စရာ ကောင်းစွာပင် သူသည်လည်း စောင့်ကြည့်ခံနေရသည့် အရိပ်အယောင်ကို လုံးဝ အာရုံမခံနိုင်ခဲ့ပေ။

သူက ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပြီး ရှာဖွေမှုကို လက်လျှော့လိုက်တော့၏။

ကျားသံတမန်တော်၏ ဂူစံအိမ်ရှေ့တွင် ထိုင်လိုက်ရင်း သူက တည်ငြိမ်စွာဖြင့် ပြောလိုက်၏။

“တာအိုမိတ်ဆွေ... ကျုပ် ဒီကို ရောက်နေပါပြီ... ခင်ဗျား ကိုယ်ထင် မပြတော့ဘူးလား”

ကျားသံတမန်တော်သည် ကောင်းကင်အပျက်အစီးခန်းမ၏ ခန်းမသခင် နောက်တွင် တိတ်ဆိတ်စွာ မတ်တပ်ရပ်နေ၏။ သူ၏ မျက်လုံးများက နေရာအနှံ့ကို စူးစမ်းရှာဖွေနေဆဲ ပင်။

သူ၏ မျက်လုံးများထဲတွင် သံသယများ ပြည့်နှက်နေသည်။

ထိုအခိုက်အတန့်တွင် ခန်းမသခင်သည် အလွန်အမင်း စိုးရိမ်လွန်နေခြင်းများလားဟုပင် သူ စတင် တွေးတောလာမိတော့သည်။

သို့သော် ထိုအခိုက်မှာပင်။

သူတို့နှစ်ဦး၏ ရှေ့ရှိ ဟင်းလင်းပြင်မှနေ၍ သိမ်မွေ့သော လှိုင်းဂယက်များ ရုတ်တရက် ဖြာထွက်လာတော့၏။

၎င်းက ရေမျက်နှာပြင်ပေါ်တွင် မှန်တစ်ချပ် ဖြစ်ပေါ်လာသလို ပင်။

ပုံရိပ်တစ်ခုက ဟင်းလင်းပြင် အတွင်းရှိ လှိုင်းဂယက်များကို ဖြတ်ကျော် လျှောက်လှမ်းလာခဲ့သည်။ ကောင်းကင်အပျက်အစီးခန်းမ၏ ခန်းမသခင် နှင့် ကျားသံတမန်တော် တို့၏ ရှေ့မှောက်တွင် ပေါ်ထွက်လာလေ၏။

အသစ်ရောက်ရှိလာသူမှာ အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသည်။ ပခုံးပေါ်တွင် ဖြာကျနေသော ဆံပင်ရှည်များက လေထဲတွင် တဟူးဟူး လွင့်နေလေ၏။

အဖြူရောင် ငှက်မွှေးယပ်တောင် တစ်ချောင်းကိုလည်း လက်ထဲတွင် ကိုင်ဆောင်ထားသေးသည်။

သူသည် အလွန် ငယ်ရွယ်ပုံရသည်။ ကောင်းကင်အပျက်အစီးခန်းမ၏ ခန်းမသခင် နှင့် ကျားသံတမန်တော် တို့၏ ရှေ့ ပေသုံးဆယ်ပင် မကွာဝေးသော နေရာတွင် ရပ်နေ၏။ ဟင်းလင်းပြင် လှိုင်းဂယက်များ ထဲမှ ထွက်ပေါ်လာခြင်းပင်။

သူ၏ မျက်နှာထက်တွင် အပြုံးယောင်ယောင် တစ်ခုကို ချိတ်ဆွဲထား၏။ သူ၏ မျက်ဝန်းများက သူတို့နှစ်ဦးကို တည်ငြိမ်စွာ အကဲခတ်နေသည်။

ကျားသံတမန်တော်၏ မျက်လုံးများ ရုတ်တရက် ကျုံ့ဝင်သွား၏။ သူ၏ မျက်နှာအမူအရာက အံ့အားသင့် ထိတ်လန့်သွားကာ နှလုံးသားထဲတွင် အလွန် ကြောက်ရွံ့သွားသည်။

'ငါ့ကို တကယ်ပဲ တစ်ယောက်ယောက်က စောင့်ကြည့်နေခဲ့တာလား... ပြီးတော့ ခုနက ပညာရပ်က ဘာကြီးလဲ... ဟင်းလင်းပြင် စွမ်းအားများ ဖြစ်နေမလား'

သူသည် အံ့အားသင့်စရာ ကောင်းလောက်အောင် ငယ်ရွယ်နေသော သူ့ရှေ့ရှိ လူကိုလည်း အသေအချာ အကဲခတ် လေ့လာနေသည်။

ကျင့်ကြံဆင့် အတွက်တော့...

'မူလဝိညာဉ်အဆင့်မှာပဲ ရှိပုံရတယ်'

'သက်သက် မူလဝိညာဉ်အဆင့်လေးကများ ငါတို့ ကောင်းကင်အပျက်အစီးခန်းမ ရဲ့ လျှို့ဝှက် အခြေစိုက်စခန်းထဲကို ကျူးကျော်ဝင်ရောက်ရဲတယ်ပေါ့'

ကျားသံတမန်တော်၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်း တစ်ခု ယှက်သန်းသွား၏။ တဆက်တည်း၌ သူ၏ စွမ်းအားများက သူ့ရှေ့ရှိ လူ၏ အပေါ်သို့ တိတ်တဆိတ် ပိတ်လှောင်ထားလိုက်၏။

ခန်းမသခင် ထံမှ အမိန့်တစ်ခွန်း ရလိုက်သည်နှင့် သူက ဤလူကို ချက်ချင်း ဖမ်းဆီးနိုင်သည်။

သို့သော် ပေါ်ထွက်လာသော လူကို ကြည့်လိုက်ရသောအခါ... အထူးသဖြင့် ထို ဟင်းလင်းပြင် စွမ်းအားကြောင့်... ခန်းမသခင်၏ မျက်ဝန်းအိမ်များ အပြင်းအထန် ကျုံ့ဝင်သွားသည်။ သူ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ဖြစ်ပေါ်လာပြီးနောက် စဉ်းစား တွေးတောခြင်းများ ဆက်လက် ဖြစ်ပေါ်လာတော့၏။

စုယွီက သူ၏ ရှေ့ရှိ ခန်းမသခင်ကို ကြည့်ကာ ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်၏။

“တာအိုမိတ်ဆွေက ဧည့်သည်တော်ကြီးနဲ့ တွေ့ချင်တယ် ဆိုပြီးတော့... ခင်ဗျားရဲ့ အစစ်အမှန် ခန္ဓာကိုယ်နဲ့ ရောက်မလာခဲ့ဘူး မဟုတ်လား”

ကောင်းကင်အပျက်အစီးခန်းမ၏ ခန်းမသခင်က လက်တွေ့ဘဝသို့ ပြန်လည် သတိဝင်လာ၏။

သူက အနည်းငယ် အံ့အားသင့်စွာဖြင့် ပြန်လည် တုံ့ပြန်လိုက်၏။

“တာအိုမိတ်ဆွေက မျက်စိရှင်သားပဲ”

သူ၏ အနောက်တွင် ရပ်နေသော ကျားသံတမန်တော်မှာ အတော်လေး အံ့အားသင့်သွားသည်။

'ခန်းမသခင်က အစစ်အမှန် ခန္ဓာကိုယ်နဲ့ ရောက်နေတာ မဟုတ်ဘူးလား'

သူက လုံးဝ သတိမထားမိခဲ့ပါချေ။

ထို့နောက် ခန်းမသခင်က နောက်ထပ် ညင်သာသော သက်ပြင်း တစ်ချက် ချလိုက်၏။

“ဒါပေမယ့် တာအိုမိတ်ဆွေကလည်း အတူတူပဲ မဟုတ်ဘူးလား... အဲဒီ ရုပ်သွင်က ပုံရိပ်ယောင်ကိုတောင် ကျုပ် ထိုးထွင်း မမြင်နိုင်ဘူး... ခင်ဗျားမှာ မှတ်လောက်စရာ ပညာရပ်တွေ ရှိတယ်”

စုယွီ၏ မျက်ခုံးများက အနည်းငယ် တွန့်ကွေးသွား၏။ ခန်းမသခင်အား ပိုမို နက်ရှိုင်းစွာ ကြည့်ရှုလိုက်၏။

ဒီလူသည် အနည်းငယ်တော့ စိတ်ဝင်စားစရာ ကောင်းနေချေပြီ။

စုယွီက ကျားသံတမန်တော်ကို နောက်ယောင်ခံ လိုက်နေကြောင်း သိရှိရုံသာမကဘဲ စုယွီက သူ၏ မျက်နှာကို ပြောင်းလဲထားကြောင်းကိုပါ သူက သိမြင်နိုင်နေသည် မဟုတ်ပါလား။

ကောင်းကင်အပျက်အစီးခန်းမ၏ ခန်းမသခင်က ပြောလိုက်၏။

“တာအိုမိတ်ဆွေက ကောင်းကင်အပျက်အစီးခန်းမကို လိုက်ရှာနေတာ... သေချာပေါက် လက်စားချေချင်တဲ့ ရည်ရွယ်ချက်နဲ့တော့ မဟုတ်ဘူးမလား”

အချိန်အတန်ကြာ စဉ်းစားပြီးနောက် စုယွီက ပြန်လည် ဖြေကြားလိုက်၏။

“ခန်းမသခင်... ခင်ဗျားရဲ့ အမြင်မှာဆိုရင်... အပျက်အစီးတစ်ရာ ကျင့်ကြံခြင်းကမ္ဘာ က အင်အားစုတွေ အများကြီး ကြားမှာ... ကောင်းကင်အပျက်အစီးခန်းမ က ဘယ်နေရာမှာ ရပ်တည်နေသလဲ”

ကောင်းကင်အပျက်အစီးခန်းမ၏ ခန်းမသခင်က မျက်မှောင်ကို အနည်းငယ် ကုတ်လိုက်၏။ စဉ်းစားပြီးနောက် ပြောလိုက်၏။

“တချို့ထက်တော့ သာပေမယ့်... တချို့လောက်တော့ မကောင်းသေးပါဘူး”

ကောင်းကင်အပျက်အစီးခန်းမ၏ အင်အားက တကယ်တမ်းတွင် အားနည်းလှသည်တော့ မဟုတ်ပေ။ တာအိုသခင်ကြီး မရှိသည့်တိုင် ကောင်းကင်အပျက်အစီးခန်းမ၏ အင်အားက ယန္တရားတစ်ထောင်ဂိုဏ်း ထက် များစွာ ပိုမို အားကောင်းနေသည်။

စုယွီက ခေါင်းညိတ်ပြလိုက်ပြီး...

“ကျုပ်ပြောမယ်... အကယ်၍ ကောင်းကင်အပျက်အစီးခန်းမ ကသာ ကျုပ်ကို အလုပ်အကျွေး ပြုမယ်ဆိုရင်... နှစ်တစ်ထောင် အတွင်းမှာပဲ သူ့ရဲ့ အင်အားက ချန်ကျိုးနယ်မြေ တစ်ခုလုံးကို အုပ်စိုးသွားစေရမယ်... ခင်ဗျား ယုံလား”

“ဟား...”

ခန်းမသခင်၏ နောက်ကွယ်ရှိ ကျားသံတမန်တော်မှာ အကြီးမားဆုံးသော ဟာသကို ကြားလိုက်ရသလို ရယ်မောလိုက်၏။ သူက ပေါက်ကွဲထွက်မတတ် ရယ်မောတော့မည့် ဆဲဆဲမှာပင် သူ၏ ရှေ့ရှိ ခန်းမသခင်က လက်ကို ဝှေ့ယမ်းလိုက်၏။ သူ၏ ပါးစပ်ကို မှော်စွမ်းအားဖြင့် ပိတ်ဆို့လိုက်တော့သည်။

ကျားသံတမန်တော်၏ မျက်လုံးများက နားမလည်နိုင်မှုများဖြင့် ပြူးကျယ်သွား၏။ သူ၏ ခန်းမသခင်ကို ပြန်ကြည့်လိုက်မိတော့သည်။

'ဘာတွေ ဖြစ်ကုန်တာလဲ...'

ဤအခိုက်အတန့်တွင် ခန်းမသခင်က သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်ပြီး...

“ဖြစ်နိုင်ပါတယ်”

ကျားသံတမန်တော်၏ နှလုံးသားထဲတွင် တုန်လှုပ်မှုများ ဖြစ်ပေါ်လာ၏။

သူက စုယွီအား မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေမိတော့သည်။

'ဖြစ်နိုင်တယ်... ဖြစ်နိုင်တယ် ဟုတ်လား'

ထို့နောက် ကောင်းကင်အပျက်အစီးခန်းမ၏ ခန်းမသခင်က ဆက်လက်၍...ပြောလာ၏။

“မကြာသေးခင်က ယန္တရားတစ်ထောင်ဂိုဏ်း မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ... နောက်ဆုံးက အဲဒီ မြားတစ်စင်းက... တာအိုမိတ်ဆွေ ပစ်ခတ်ခဲ့တာလား”

“ပြီးတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ချန်ကု အင်မော်တယ်မြို့တော် ရဲ့ ထျန်းပေါင်ဂိုဏ်း မှာ... မိစ္ဆာမျိုးနွယ်စု တွေနဲ့ ဖြစ်ခဲ့တဲ့ ပဋိပက္ခမှာလည်း... ခင်ဗျားက မိစ္ဆာ အရှင်သခင် လေးပါးကို မြားလေးစင်းနဲ့ ပစ်သတ်ခဲ့သေးတယ်”

“ခင်ဗျားရဲ့ ပြိုင်ဘက်ကင်းတဲ့ အရည်အချင်းနဲ့ ဆိုရင်... ကောင်းကင်အပျက်အစီးခန်းမ ရဲ့ အင်အားကို ချန်ကျိုးနယ်မြေ တစ်ခုလုံးကို တိုးချဲ့ဖို့ ဆိုတာ... တကယ်ပဲ ခက်ခဲတဲ့ ကိစ္စတော့ မဟုတ်ပါဘူး”

ကျားသံတမန်တော်မှာ မှင်သက်သွား၏။

သူ့ရှေ့ရှိ ကောင်လေးမှာ မူလဝိညာဉ်အဆင့် တွင်သာ ရှိသေးသည် မဟုတ်ပါလား။

'ယန္တရားတစ်ထောင်ဂိုဏ်း မှာ မြားပစ်ခဲ့တဲ့သူက... ဘယ်လိုလုပ် သူ ဖြစ်နိုင်မှာလဲ'

'ပြီးတော့ ထျန်းပေါင်ဂိုဏ်း မှာ မိစ္ဆာ အရှင်သခင် လေးပါးကို မြားလေးစင်းနဲ့ ပစ်သတ်ခဲ့တယ် ဆိုတာကကော ဘာလဲ'

ဤစကားများကို ကြားလိုက်ရသောအခါ စုယွီမှာလည်း အနည်းငယ် အံ့အားသင့်သွား၏။ ကောင်းကင်အပျက်အစီးခန်းမ၏ ခန်းမသခင်ကို ကြည့်ကာ...

“ခင်ဗျားက ဘာတွေ သိထားလို့လဲ”

ခန်းမသခင်က ပြောလိုက်၏။

“ကျုပ်က အကြမ်းဖျင်းလောက်ပဲ မှန်းဆနိုင်တာပါ... ဒါပေမယ့် ကျုပ်က ဒီလောက်တောင် မသိမြင်နိုင်ဘူး ဆိုရင်... တာအိုမိတ်ဆွေက ဒီနေရာကို လိုက်ရှာမှာ မဟုတ်ဘူးလို့ ကျုပ် ထင်တယ်”

ထိုအရာကလည်း မှန်ကန်သည်။ အကယ်၍ ကောင်းကင်အပျက်အစီးခန်းမ သည် တန်ဖိုးမရှိသော အင်အားစု တစ်ခုသာ ဖြစ်မည် ဆိုပါက စုယွီ၏ အားထုတ် ကြိုးပမ်းမှုများနှင့် ထိုက်တန်လိမ့်မည် မဟုတ်ပါချေ။

စုယွီသည် ကောင်းကင်အပျက်အစီးခန်းမ၏ ခန်းမသခင် နှင့် အတူ ရှိနေသည်မှာ မကြာသေးသလို သူတို့သည် စကား အနည်းငယ်မျှသာ ဖလှယ်ရသေးသော်လည်း သူသည် ခန်းမသခင်၏ နည်းလမ်းများနှင့် စွမ်းရည်များကြောင့် အတော်လေး အံ့အားသင့်သွားခဲ့ရသည်။

All Chapters