← Chapters

အခန်း ၈၉၃

Vol. 60 Ch. 893

အခန်း ၈၉၃

Vol. 60 Ch. 893

အခန်း (၈၉၃) နေဝင်ဆည်းဆာခေတ်၊ ဟင်းလင်းပြင် စတုတ္ထအလွှာ

သုံးနှစ် ကြာမြင့်သွားခဲ့လေပြီ။

မြေအောက်နန်းတော် လျှို့ဝှက်နယ်မြေ။

“ဝီ...”

စုယွီသည် တည်ငြိမ်စွာ သန့်စင်လိုက်ပြီးနောက် မီးဖီးနစ် ကောင်းကင် ရုပ်သေး၏ နောက်ဆုံး အစိတ်အပိုင်းကို အောင်မြင်စွာ သွန်းလုပ်နိုင်ခဲ့သည်။ ထိုအရာက လေဝိညာဉ် သတ္တုရိုင်းများ ပေါင်းစပ်ထားပြီး အလွန်တရာ မြန်ဆန်သော အဟုန်ကို ပိုင်ဆိုင်ထားသည့် မီးတောက်သဖွယ် နီရဲနေသော အတောင်ပံတစ်စုံပင်။

စုယွီက ဤအတောင်ပံတစ်စုံကို ရေခဲဖီးနစ် လေဝိညာဉ် သိမ်းငှက်နှင့် တပ်ဆင် ပေါင်းစပ်လိုက်ပြီးနောက် အရပ်ကိုးပေခန့် မြင့်မားသော ပုံရိပ်တစ်ခု သူ၏ အရှေ့တွင် မားမားမတ်မတ် ရပ်တန့်သွားခဲ့၏။ ထိုရုပ်သေးသည် လိမ္မော်ရောင်ဖျော့ဖျော့ ဝတ်ရုံကို ဆင်မြန်းထားပြီး ခန့်ညားချောမောသော ရုပ်သွင်ရှိကာ နီရဲသော အတောင်ပံတစ်စုံကို ပိုင်ဆိုင်ထားသည်။ ထိုအတောင်ပံများကို ဖြန့်ကျက်လိုက်ပါက သုံးကျန်းမှ လေးကျန်းအထိ ကြီးမားကျယ်ပြန့်သွားမည် ဖြစ်သည်။

အရှေ့ရှိ ရုပ်သေးထံမှ ဖြာထွက်နေသော ပြီးပြည့်စုံလုနီးပါး အရှိန်အဝါကို ခံစားမိလိုက်သောအခါ စုယွီက လေကို ညင်သာစွာ မှုတ်ထုတ်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် ဝမ်းသာပီတိ အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။

“အဆင့် (၅) အဆင့်နိမ့် ရေခဲဖီးနစ် လေဝိညာဉ် သိမ်းငှက်... အောင်မြင်စွာ ပြီးစီးသွားပြီပဲ”

ရုပ်သေးထံမှ ထွက်ပေါ်လာသော အရှိန်အဝါသည် လုံးဝ အားနည်းခြင်း မရှိဘဲ သာမန် ဝိညာဉ်ခွဲထွက်အဆင့် တတိယအလွှာ ကျင့်ကြံသူ တစ်ဦးနှင့် နှိုင်းယှဉ်နိုင်စွမ်း ရှိသည်။

အကယ်၍ ၎င်းကသာ အလယ်အလတ်အဆင့် မှော်လက်နက် လေးရှည်ကို ကိုင်ဆောင်နိုင်ပြီး တာအို ရုပ်သေး အဖြစ်သို့ အသွင်ပြောင်းနိုင်ကာ...

မီးဖီးနစ်၏ ဘဝကိုးခု နတ်ဘုရား ပညာရပ်ကို ဖော်ဆောင်လိုက်မည် ဆိုပါလျှင်...

‘ဒီရုပ်သေးက ဝိညာဉ်ခွဲထွက်အဆင့် အလယ်အလတ် ကျင့်ကြံသူကိုတောင် ရင်ဆိုင်နိုင်ပြီး.. ဝိညာဉ်ခွဲထွက်အဆင့် ကနဦးအဆင့်ကို အသာလေး သတ်ပစ်နိုင်လောက်တယ်...’

“အဆင့် (၅) အဆင့်နိမ့် ရုပ်သေး သွန်းလုပ်ဖို့ ပစ္စည်း နှစ်စုံ ကျန်နေသေးတယ်... လာမယ့် အချိန်တွေကျရင် အဲဒါတွေကိုပါ တစ်ခါတည်း သွန်းလုပ်ရမယ်”

စုယွီက မဟာခန်းမဆောင်ကြီးကို ရှင်းလင်းလိုက်ပြီးနောက် ရေခဲဖီးနစ် လေဝိညာဉ် သိမ်းငှက်ကို ယွင်ချန် သိုလှောင်လက်စွပ် အတွင်းသို့ သိမ်းဆည်းလိုက်၏။

သူ၏ မှော်စွမ်းအားနှင့် စိတ်ဝိညာဉ်ကို ပြန်လည် ဖြည့်တင်းရန် တင်ပျဉ်ခွေ ထိုင်တော့မည့် အခိုက်တွင် သူ၏ မျက်နှာအမူအရာက ရုတ်တရက် အနည်းငယ် ပြောင်းလဲသွားခဲ့၏။

သူ၏ အသိစိတ်အာရုံသည် အဝေးတစ်နေရာရှိ ချန်ကု အင်မော်တယ်မြို့တော် အတွင်းမှ တာအို ရုပ်သေးထံသို့ ချက်ချင်း ရောက်ရှိသွားသည်။

...

ချန်ကု အင်မော်တယ်မြို့တော်။

လင်းလုံ အဆောင်လက်ဖွဲ့ စံအိမ်။

ဆိုင်တာဝန်ခံသည် စိုးရိမ်ပူပန်မှုနှင့် ဒေါသတို့ ရောယှက်နေသော မျက်နှာအမူအရာဖြင့် လင်းလုံ အဆောင်လက်ဖွဲ့ စံအိမ်သို့ ပြန်လည် ရောက်ရှိလာခဲ့၏။

ထို့နောက် အဆောင်လက်ဖွဲ့ဆရာပိုင် (ဝါ) စုယွီ၊ အဆောင်လက်ဖွဲ့ဆရာ ထူ နှင့် အဆောင်လက်ဖွဲ့ဆရာ ယွီ တို့ကို ခေါ်ယူလိုက်၏။

ဆိုင်တာဝန်ခံက သူ၏ လေသံကို နှိမ့်ချလိုက်ပြီး...

“ချန်ကု အင်မော်တယ်မြို့တော်နဲ့ မိစ္ဆာမျိုးနွယ်စု ကြားက ကိစ္စတွေမှာ ဝင်ရောက် စွက်ဖက်မယ့် စွမ်းအားကြီးမားတဲ့ လူသား ကျင့်ကြံသူ တစ်ယောက် ထွက်ပေါ်လာပြီ ဆိုပြီး... ကုန်းစွန်း မိသားစုက သတင်း ဖြန့်လိုက်တယ်”

ထိုစကားကို ကြားလိုက်ရသည်နှင့် အဆောင်လက်ဖွဲ့ဆရာ ထူ မှာ အလွန်အမင်း တုန်လှုပ်သွားပြီး လွှတ်ခနဲ အော်မေးလိုက်၏။

“စွမ်းအားကြီးမားတဲ့ လူသား ကျင့်ကြံသူ ဟုတ်လား... တာဝန်ခံကြီး... ဘယ်သူ့ကို ပြောချင်တာလဲ”

“ပြီးတော့ ချန်ကု အင်မော်တယ်မြို့တော်နဲ့ မိစ္ဆာမျိုးနွယ်စု ကြားက ကိစ္စတွေကို ဝင်ရောက် စွက်ဖက်မယ် ဆိုတာကရော ဘာကို ဆိုလိုတာလဲ”

ဆိုင်တာဝန်ခံသည် အနည်းငယ် ဒေါသထွက်နေပုံ ရသော်လည်း သူ၏ အသံကို တတ်နိုင်သမျှ တိုးတိတ်အောင် ထိန်းချုပ်ထားလိုက်၏။

“ဒါပေါ့... ချန်ကု အင်မော်တယ်မြို့တော်ရဲ့ အထက်မှာ ရှိနေတဲ့ တည်ရှိမှုကြီး တစ်ခုကို ပြောတာပေါ့”

“ဒါပေမယ့် ချန်ကု အင်မော်တယ်မြို့တော်ကို ဆင်းသက်လာတဲ့ သူက မိစ္ဆာမျိုးနွယ်စုကို ဆန့်ကျင်ဖို့ ငါတို့ကို လာကူညီတာ မဟုတ်ဘူး... အဲဒီအစား...”

ဆိုင်တာဝန်ခံက စုယွီ၊ အဆောင်လက်ဖွဲ့ဆရာ ထူ နှင့် အဆောင်လက်ဖွဲ့ဆရာ ယွီ တို့ကို လျှို့ဝှက် အသံလွှင့် နည်းလမ်းဖြင့် ဆက်သွယ် ပြောဆိုလိုက်၏။

“အဲဒီအစား... မိစ္ဆာမျိုးနွယ်စုနဲ့ စေ့စပ်ဆွေးနွေးဖို့ ငါတို့ကို တောင်းဆိုနေတာ... ပြီးတော့ သူတို့နဲ့ ဖြစ်နေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့အတွက် မိစ္ဆာမျိုးနွယ်စုရဲ့ တောင်းဆိုချက်တွေကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးရမယ်တဲ့”

“နောက်ထပ် ပြဿနာတွေ ဆက်မဖြစ်လာအောင် ငါတို့က လုံးဝ ခွင့်မပြုရဘူးတဲ့လေ”

ထိုစကားများ ပြောဆိုပြီးနောက် အဆောင်လက်ဖွဲ့ဆရာ ပိုင် အဖြစ် အသွင်ယူထားသော စုယွီမှာ အံ့အားသင့်သွားဟန် ဖော်ပြလိုက်၏။

အဆောင်လက်ဖွဲ့ဆရာ ထူ နှင့် အဆောင်လက်ဖွဲ့ဆရာ ယွီ တို့မှာလည်း အနည်းငယ် ကြောင်အသွားကြပြီး ဘာလုပ်ရမှန်း မသိဘဲ ခေတ္တမျှ ငြိမ်သက်သွားကြတော့၏။

ဆိုင်တာဝန်ခံက သူတို့ထံမှ ထူးခြားသည့် တုံ့ပြန်မှု တစ်စုံတစ်ရာကို မျှော်လင့်နေခြင်း မဟုတ်ချေ။ သူက သူ၏ ဒေါသများကို ဖွင့်ထုတ်ရန်အတွက် သတင်းလာပေးရုံ သက်သက်သာ ဖြစ်သည်။

ထို့နောက် သူက တိုးတိတ်စွာဖြင့် ပြောလိုက်၏။

“ချန်ကု အင်မော်တယ်မြို့တော်ရဲ့ အခြေအနေတွေက နောက်တစ်ကြိမ် ထပ်ပြီး ပြောင်းလဲသွားနိုင်တယ်... ဒါကြောင့် မင်းတို့ သုံးယောက်လုံး သတိထားနေကြတာ ပိုကောင်းမယ်”

ထိုသို့ ပြောဆိုပြီးနောက် ဆိုင်တာဝန်ခံသည် ညင်သာစွာ သက်ပြင်းချလိုက်ပြီး သူ၏ အဆောင်လက်ဖွဲ့ အခန်းဆီသို့ ပြန်သွားခဲ့သည်။

စုယွီ သည်လည်း သူ၏ ကိုယ်ပိုင် အဆောင်လက်ဖွဲ့ အခန်းဆီသို့ ပြန်လာခဲ့၏။

အခင်းအကျင်းကို အသက်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ မျက်ခုံးတန်းများ ရုတ်တရက် တင်းကြပ်စွာ တွန့်ကွေးသွားပြီး သူ၏ ရင်တွင်း၌ မငြိမ်သက်မှု လှိုင်းဂယက်များ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။

ချန်ကု အင်မော်တယ်မြို့တော်၏ အထက်မှ စွမ်းအားကြီးမားသော လူသား ကျင့်ကြံသူ တစ်ဦး...။

‘ဒါက လူသားမျိုးနွယ်စုရဲ့ ထိပ်တန်း အင်မော်တယ်ဂိုဏ်း မြင့်မြတ်သော နယ်မြေသုံးခုက စွမ်းအားရှင်တွေကို ပြောချင်တာများလား...’

စုယွီက တကိုယ်တည်း တိတ်တဆိတ် ခန့်မှန်းလိုက်၏။

ထိုနေရာများမှ စွမ်းအားရှင်များမှ လွဲ၍ အခြား မည်သူကမျှ ချန်ကု အင်မော်တယ်မြို့တော်ကို မိစ္ဆာမျိုးနွယ်စု အရှေ့တွင် ဒူးထောက်ရန် အတင်းအကျပ် မတောင်းဆိုနိုင်သည်မှာ သေချာလှသည်။

အကယ်၍ ဆိုင်တာဝန်ခံ ပြောခဲ့သည့် စကားများသာ အမှန်တကယ် ဖြစ်နေခဲ့မည် ဆိုလျှင် ချန်ကု အင်မော်တယ်မြို့တော် နယ်မြေ၏ အခြေအနေက...

မဟုတ်သေး.. ချန်ကျိုး နယ်မြေ၏ ကျင့်ကြံခြင်း ကမ္ဘာ တစ်ခုလုံးက ကမ္ဘာမြေကို တုန်လှုပ်သွားစေနိုင်မည့် အပြောင်းအလဲများကို ကြုံတွေ့ရတော့မည်ဟု ဆိုရလေမည်။

မိစ္ဆာမျိုးနွယ်စုသည် အင်အားအပြည့်ဖြင့် ပြန်လည် ရောက်ရှိလာနိုင်၏။

သို့သော် စုယွီ၏ မျက်ခုံးတန်းများက တင်းကြပ်စွာ တွန့်ကွေးနေဆဲပင်။ လူသားမျိုးနွယ်စုမှ ထိုစွမ်းအားရှင်က ဘာကြောင့်များ ချန်ကု အင်မော်တယ်မြို့တော်ကို မိစ္ဆာမျိုးနွယ်စုနှင့် ပဋိပက္ခ မဖြစ်စေဘဲ စေ့စပ်ဆွေးနွေးကာ ပြန်လည် သင့်မြတ်စေချင်ရသနည်း။

‘ဒီကိစ္စရဲ့ အဓိက အကြောင်းရင်းက ဘာများ ဖြစ်နိုင်မလဲ။

ဒါမှမဟုတ် လူသားမျိုးနွယ်စုနဲ့ မိစ္ဆာမျိုးနွယ်စု ကြားမှာ အပြောင်းအလဲ တချို့ ရှိလာခဲ့လို့များလား။

ဒါက ချန်ကု အင်မော်တယ်မြို့တော် အတွက် ကောင်းကျိုး ဖြစ်စေဖို့လား... သို့မဟုတ် စွမ်းအားကြီးမားတဲ့ အဲဒီ လူသား ကျင့်ကြံသူရဲ့ ကိုယ်ကျိုးစီးပွား အတွက် သက်သက်ပဲလား... ဒါမှမဟုတ် လူသား ကျင့်ကြံသူတွေရဲ့ အထက်ပိုင်း အလွှာမှာ ပြဿနာ တစ်ခုခု ပေါ်ပေါက်နေလို့များလား’

မေးခွန်းပေါင်း မြောက်များစွာက စုယွီ၏ ခေါင်းထဲတွင် တစ်ခုပြီး တစ်ခု ပေါ်ထွက်လာပြီး အင်မော်တယ် တောင်ကြီး တစ်လုံး ဖိပိထားသလို အသက်ရှူရ ကြပ်လာစေကာ အလွန်တရာ မငြိမ်မသက် ဖြစ်လာစေတော့၏။

ဤမေးခွန်းများ၏ နောက်ကွယ်ရှိ အဓိပ္ပာယ်များမှာ အလွန်ပင် ကွာခြားလှသည်။

ဆိုင်တာဝန်ခံ ပြောခဲ့သော စွမ်းအားရှင်က ချန်ကု အင်မော်တယ်မြို့တော်ကို မိစ္ဆာမျိုးနွယ်စုနှင့် စေ့စပ်ဆွေးနွေးရန် တောင်းဆိုရသည့် အကြောင်းရင်းကို သူ နားလည်ရန် လိုအပ်သည်။

နောက်ထပ် ရောက်ရှိလာသော နေ့ရက်များတွင် ဆိုင်တာဝန်ခံ ပြောပြခဲ့သော ကောလဟာလများသည် ချန်ကု အင်မော်တယ်မြို့တော် အတွင်းသို့ စတင် ဂယက်ထလာ၏။ စွမ်းအားရှင် တစ်ပါး မြို့တော်သို့ ဆင်းသက်လာပြီး မိစ္ဆာမျိုးနွယ်စုနှင့် စေ့စပ်ဆွေးနွေးရန် တောင်းဆိုနေသည် ဟူသော သတင်းများကြောင့် မြို့တော်အတွင်းရှိ ကျင့်ကြံသူများ ကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတော့၏။

အံ့အားသင့်ခြင်း၊ ဒေါသထွက်ခြင်း နှင့် မယုံကြည်နိုင်ခြင်းများက နေရာအနှံ့ ကြီးစိုးသွားခဲ့သည်။

လောလောဆယ်တွင် ချန်ကု အင်မော်တယ်မြို့တော် ၏ နယ်မြေအတွင်း မိစ္ဆာများ၏ ရူးသွပ်သော ဝင်ရောက်တိုက်ခိုက်မှုများကို အပြည့်အဝ မနှိမ်နင်းနိုင်သေးသော်လည်း အခြေအနေများက တဖြည်းဖြည်း တိုးတက်လာနေပြီ ဖြစ်သည်။

မိစ္ဆာမျိုးနွယ်စုကို သူတို့၏ နေရာသို့ ပြန်လည် မောင်းထုတ်နိုင်မည့် အလားအလာများပင် ရှိနေခဲ့၏။

ထို့ကြောင့် ချန်ကျိုး နယ်မြေရှိ အနီးနားတဝိုက်မှ အင်အားကြီး မိစ္ဆာမျိုးနွယ်စု တစ်ခု ဖြစ်သော လုံမင် မျိုးနွယ်စုသည်ပင်လျှင် ချန်ကျိုး နယ်မြေအား တိုက်ခိုက်ရန် မလှုပ်ရှားသေးဘဲ ငြိမ်သက်စွာ စောင့်ကြည့်နေခဲ့ခြင်းပင်။

သို့တိုင်အောင် လူသားမျိုးနွယ်စုမှ စွမ်းအားရှင် တစ်ဦးက ချန်ကု အင်မော်တယ်မြို့တော်ကို မိစ္ဆာမျိုးနွယ်စု အရှေ့တွင် ဒူးထောက်ရန် တောင်းဆိုနေသည်တဲ့လား။

ရုတ်တရက်ပင် ချန်ကု အင်မော်တယ်မြို့တော်မှ ကျင့်ကြံသူများ ကြားတွင် ဆွေးနွေးသံများ ပွက်လောရိုက်သွား၏။

လူတိုင်းက စွမ်းအားကြီးမားသော လူသား ကျင့်ကြံသူ ဆိုသူအား ရှုံ့ချနေကြသည်။

သို့သော် သူတို့၏ ပြစ်တင် ဝေဖန်သံများက အဖြစ်အပျက်များ၏ လားရာကိုမူ ပြောင်းလဲနိုင်စွမ်း မရှိခဲ့ပေ။

“ဝေါင်း….”

တစ်နှစ် အကြာတွင်

ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေသည့် နဂါးဟိန်းဟောက်သံကြီးများနှင့် အတူ လုံမင် မျိုးနွယ်စုမှ စွမ်းအားရှင်များသည် မြို့တော်ရှိ မျိုးနွယ်စု ငါးခုနှင့် စေ့စပ်ဆွေးနွေးရန် ချန်ကု အင်မော်တယ်မြို့တော် သို့ ဆင်းသက်လာကြ၏။

နောက်ထပ် တစ်လ ကုန်ဆုံးသွားပြီးနောက် ချန်ကု အင်မော်တယ်မြို့တော်၏ မျိုးနွယ်စု ငါးခုက ပူးတွဲ ကြေညာချက် တစ်ရပ်ကို ထုတ်ပြန်လိုက်သည်။

မြို့တော်၏ နယ်နိမိတ် အတွင်း မိစ္ဆာမျိုးနွယ်စုကို တိုက်ခိုက်သူ မည်သူ့ကိုမဆို မြို့တော်၏ အပြစ်ပေး အရေးယူမှု ခံယူရမည် ဟူ၍။

All Chapters