အခန်း ၈၉၅
Vol. 60 Ch. 895
အခန်း (၈၉၅) ဆန်းမူနယ်မြေသို့ ပြန်လည်ရောက်ရှိခြင်း
ရွှေရောင် ရေနဂါး မိစ္ဆာ အရှင်သခင်သည် ထွက်ခွာသွားသော စုယွီ၏ နောက်သို့ လိုက်ပါသွားသည့် တာအိုဆရာ ထျန်းယွီကို ကြည့်ရင်း အံ့အားသင့်စွာဖြင့် တာအို သခင်ကြီး ဟုန်ယွဲ့အား မေးလိုက်၏။
“နင် တကယ်ပဲ သူ့ကို မမီဘူးလား”
တာအို သခင်ကြီး ဟုန်ယွဲ့သည် ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်ပြီး ပြောလိုက်၏။
“သူ့ရဲ့ ဟင်းလင်းပြင် တာအိုစွမ်းအားက ကျွန်တော့်ရဲ့ တံဆိပ်ခတ်နှိပ်မှုနဲ့ ဖိနှိပ်မှုကို လွယ်လွယ်ကူကူပဲ ထိုးဖောက်သွားနိုင်တယ်... သူ့ရဲ့ အမြန်နှုန်းက သိပ်မြန်လွန်းလို့ ကျွန်တော် လုံးဝ မလိုက်နိုင်ဘူး”
ထိုသို့ပြောနေစဉ် တာအို သခင်ကြီး ဟုန်ယွဲ့၏ မျက်နှာမှာ အနည်းငယ် နီရဲသွားသည်။
သူက အစောပိုင်းတုန်းက လှုပ်ရှားခဲ့စဉ်က နည်းဗျူဟာ အနည်းငယ်ကို အသုံးပြုခဲ့သော်လည်း... သူ၏ ဂျူနီယာညီလေး အပေါ်တွင်တော့ လုံးဝ အသုံးမဝင်ခဲ့ချေ။
တာအို သခင်ကြီး ဟုန်ယွဲ့သည် ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် အံ့အားသင့် ချီးကျူးစွာဖြင့် ပြောလိုက်၏။
“ကျွန်တော့်ဂျူနီယာညီလေးရဲ့ ဟင်းလင်းပြင် တာအိုအပေါ် နားလည်သဘောပေါက်မှုက အများကြီး တိုးတက်လာပြီ... သူ ဟင်းလင်းပြင်ထဲ ဝင်ရောက်တဲ့ နည်းလမ်းက ကျွန်တော်တို့နဲ့ လုံးဝကို ကွာခြားတယ်”
“သူက ဟင်းလင်းပြင်ထဲ ဝင်လိုက်တာနဲ့ တစ်ပြိုင်နက် ဟင်းလင်းပြင် စွမ်းအားတွေနဲ့ တစ်သားတည်း ဖြစ်သွားတယ်... ဟင်းလင်းပြင်ဆိုတာ သူ့ရဲ့ ကိုယ်ပိုင် နေရာလိုပဲ... ပြီးတော့ သူ အင်အား ယူတဲ့ နေရာလည်း ဖြစ်နေတယ်”
“ကျွန်တော်တို့က ဟင်းလင်းပြင်ထဲ ဝင်တဲ့အခါ ကျူးကျော်သူတွေလိုပဲ... ဟင်းလင်းပြင်ကို ဆွဲဆုတ်ဖို့ ကိုယ့်အင်အားကို အားကိုးပြီး မနည်း ထိန်းချုပ် ဝင်ရောက်ရတာ”
“ကျွန်တော်တို့ ဟင်းလင်းပြင်ထဲ ဝင်တဲ့အခါ ခုခံမှုတွေနဲ့ ကြုံတွေ့ရပေမယ့်..ကျွန်တော့် ဂျူနီယာညီလေး အတွက်ကတော့ သူ့ကို ပိုသန်မာစေတယ်၊ ပိုမြန်စေတယ်၊ ပြီးတော့ ဟင်းလင်းပြင်ကို လွှမ်းမိုးပြီး ကျွန်တော်တို့ကို ပြန်တိုက်ခိုက်ဖို့ ဟင်းလင်းပြင် တာအိုရဲ့ စွမ်းအားတွေကိုတောင် အသုံးပြုနိုင်တယ်”
“ကျွန်တော်.. သူ့ကို ဟင်းလင်းပြင်ထဲအထိ လိုက်သွားခဲ့ပေမယ့်... သူကတော့ ငါးရှဉ့်လို ချောကျိကျိနဲ့ ဟင်းလင်းပြင်ရဲ့ စတုတ္ထအလွှာထဲကို ထွက်ပြေးသွားနှင့်ပြီ”
ရွှေရောင် ရေနဂါး မိစ္ဆာ အရှင်သခင် ခေတ္တမျှ မှင်သက်သွားရသည်။...
ဒါက သိပ်ကို ကြောက်စရာ ကောင်းလွန်းလှသည်။
စောစောက စုယွီအပေါ် ပေါ်ထွက်လာခဲ့သော အရှိန်အဝါအရ ဆိုလျှင် သူသည် မူလဝိညာဉ်
အဆင့်တွင်သာ ရှိသေးသည် လေ။
‘မူလဝိညာဉ်အဆင့်ရှိသူ တစ်ယောက်က ပကတိဟင်းလင်းပြင်အဆင့် ရှိတဲ့သူရဲ့ လက်အောက်မှာတောင် သူ့ရဲ့ အရိပ်ကိုတောင် မမြင်ရအောင် လုပ်နိုင်တယ်တဲ့လား..
ဘယ်လို သတ္တဝါဆန်းမျိုးကများ ဒီလို လုပ်နိုင်ရတာလဲ’
အချိန်အတော်ကြာပြီးနောက်။
ရွှေရောင် ရေနဂါး မိစ္ဆာ အရှင်သခင်က လေးနက်သော လေသံဖြင့် ဆိုလိုက်၏။
“ဟင်းလင်းပြင် တာအိုဆိုတာ တကယ့်ကို အမြင့်မြတ်ဆုံး လမ်းစဉ်လို့ ကျော်ကြားဖို့ ထိုက်တန်ပါတယ်... အကယ်၍ မင်းရဲ့ ဂျူနီယာညီလေးက ပကတိဟင်းလင်းပြင်အဆင့် တာအိုသခင်ကြီး ဖြစ်လာမယ် ဆိုရင်... တာအို ပေါင်းစည်း အဆင့် တာအိုဘုရင်ကြီးတွေ ဒါမှမဟုတ် တာအို ပေါင်းစည်း အဆင့်ထက် ကျော်လွန်တဲ့ ကြီးမြတ်တဲ့ အစွမ်းထက် ပုဂ္ဂိုလ်တွေတောင် သူ့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး နော်”
ဖန်ရှောင်၏ စိတ်ခံစားချက်များက တက်လိုက်၊ ကျလိုက် ဖြစ်နေ၏။ စုယွီသည် ဟင်းလင်းပြင်၏ စတုတ္ထအလွှာထဲသို့ ထွက်ပြေးသွားကြောင်း သိလိုက်ရရုံမျှဖြင့် သူမကို သေလုမတတ် ထိတ်လန့်သွားစေခဲ့ပြီး သူမ၏ မျက်နှာမှာလည်း များစွာ ဖြူရော်သွားသည်။
သို့သော် စုယွီ ပြန်ရောက်လာပြီး သူ၏ ပုံရိပ်ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင်မူ ဖန်ရှောင်၏ မျက်ရည်များ ဝဲသွားခဲ့ရသည်။
အံ့အားသင့်မှု နှင့် စိတ်လှုပ်ရှားမှု တို့မှာ အမှန်တကယ်ပင် ဖော်ပြ၍ မရနိုင်အောင်ပင်။
ထို့နောက် သူမ၏ ဆရာ နှင့် ရွှေရောင် ရေနဂါး မိစ္ဆာ အရှင်သခင် တို့က စုယွီ အပေါ် အံ့အားသင့်ကာ ချီးကျူးနေကြသည်ကို ကြားလိုက်ရသောအခါ ဖန်ရှောင်၏ နှလုံးသားထဲတွင်လည်း ဖော်ပြ၍ မရနိုင်သော ဝမ်းသာပီတိအား ခံစားလိုက်ရသည်။
'ငါ့ရဲ့ ဦးလေးငယ် တကယ်ပဲ တော်ပါတယ်'
ဖန်ရှောင်က တီးတိုး ရေရွတ်လိုက်၏။
'အမည်းရောင် ကျောက်တုံး အင်မော်တယ်မြို့တော် ဒေသမှာ ဖြစ်ဖြစ်၊ အရိုင်းနယ်မြေမှာ ဖြစ်ဖြစ်၊ အခု အချိန်မှာပဲ ဖြစ်ဖြစ်၊ ဦးလေးငယ်က ဘယ်တော့မှ စိတ်ပျက်အောင် မလုပ်ဘူး... အမြဲတမ်း ပျော်ရွှင်စရာ ကောင်းတဲ့ အံ့အားသင့်မှုတွေ ယူဆောင်လာပေးတတ်တယ်'
သို့သော်၊ သည်အခြေအနေက သူမ၏ ကိုယ်ပိုင် အင်အားသည် ယခင်ကထက် သူမ၏ ဦးလေးငယ် နှင့် နှိုင်းယှဉ်လျှင် ပို၍ပင် နောက်ကျကျန်ရစ်နေသည်ဟု ထင်ရစေကါသည်။
တာအိုဆရာ ထျန်းယွီသည် အချိန်အတော်ကြာအောင် လိုက်လံရှာဖွေခဲ့သော်လည်း စုယွီ၏ အရိပ်အယောင်ကို မတွေ့ရသဖြင့် ဒေါသတကြီးဖြင့် တာအို သခင်ကြီး ဟုန်ယွဲ့ နှင့် အခြားသူများကို ရှာဖွေရန် ပြန်လှည့်လာခဲ့ရ၏။
ပြန်ရောက်လာသောအခါ စုယွီသည် တာအို သခင်ကြီး ဟုန်ယွဲ့၊ ရွှေရောင် ရေနဂါး မိစ္ဆာ အရှင်သခင်၊ ဖန်ရှောင် တို့နှင့်အတူ ဝိညာဉ် လက်ဖက်ရည် သောက်ရင်း အင်မော်တယ်ဂိုဏ်း၏ နောက်ထပ် လုပ်ဆောင်ရမည့် အဆင့်များ အကြောင်းကို ဆွေးနွေးနေသည့် မြင်ကွင်းကို တွေ့လိုက်ရ၏။
တာအိုဆရာ ထျန်းယွီ၏ မျက်နှာ ရုတ်တရက် သုန်မှုန်သွားသည်။
“...”
'ငါးဆားနူ တပည့်လေး'
'ငါသာ သိခဲ့ရင် မင်းကို အစကတည်းက သေချာ သွန်သင်ပေးခဲ့မှာ'
'အခုတော့ မင်းကို သွန်သင်ဖို့ နောက်ကျသွားပြီ'
သူ၏ အင်အားသည် ဤ ငါးဆားနူ တပည့်လေး၏ ပြိုင်ဘက် မဟုတ်တော့ပေ။
သို့သော် စုယွီ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ မရထားသည်ကို မြင်သောအခါ တာအိုဆရာ ထျန်းယွီ၏ နှလုံးသားက ပို၍ ဝမ်းသာသွားသည်။
တာအို သခင်ကြီး ဟုန်ယွဲ့ က စုယွီသည် ဟင်းလင်းပြင်၏ စတုတ္ထအလွှာထဲသို့ ထွက်ပြေးသွားသည်ဟု ပြောလိုက်ချိန်တွင် သူ အလွန် ထိတ်လန့်သွားခဲ့ရသည် မဟုတ်ပါလား။
ထိုသို့မှ မဟုတ်လျှင် တာအို သခင်ကြီး ဟုန်ယွဲ့ကို သွားရောက် တိုက်ခိုက်မိမည်မှာ သေချာသည်။
'သေချာတာပေါ့...'
ဒါက ငါ့ရဲ့ တစ်ဦးတည်းသော အဖိုးတန် တပည့်လေးပဲ...
ယခုအခါ စုယွီကို ကြည့်ရင်း တာအိုဆရာ ထျန်းယွီသည် အနည်းငယ် ဒေါပွလာပြန်၏။
'ဘာဖြစ်လို့ ဒီ ငါးဆားနူ တပည့်လေးက ဟင်းလင်းပြင် စတုတ္ထအလွှာမှာ လမ်းမပျောက်သွားရတာလဲ'
'အဲဒီလိုသာ ဆိုရင်... ဒီလောက်တောင် စိတ်ဆိုးနေစရာ မလိုတော့ဘူး'
ဆွေးနွေးမှုများ ပြီးဆုံးသွားပြီးနောက် မြေကမ္ဘာ အင်မော်တယ်စံအိမ် သည် ပြုပြင်မွမ်းမံမှုများနှင့် အပြောင်းအလဲ အချို့ကို ပြုလုပ်ခဲ့သည်။
တာအို သခင်ကြီး ဟုန်ယွဲ့သည် တာအိုသခင်ကြီး ကျိုလင် နှင့် တာအိုသခင်ကြီး ရှစ်ဝမ်တို့ကို ခေါ်ယူလိုက်သည်။ သဘောတူညီမှု ရရှိစေရန် ထိုနှစ်ဦးနှင့် ဦးစွာ သီးသန့် စကားပြောဆိုခဲ့၏။
တာအိုသခင်ကြီး ကျိုလင် သည် ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း ၏ ကျန်ရစ်သော တပည့်များနှင့် အင်အားစုများကို မြေကမ္ဘာ အင်မော်တယ်စံအိမ် သို့ ပေါင်းစည်းနေပြီ ဖြစ်သည်။
ယခုအခါ သူမသည် မြေကမ္ဘာ အင်မော်တယ်စံအိမ် ၏ အဖွဲ့ဝင် တစ်ဦး ဖြစ်နေလေပြီ။
ထို့ကြောင့် မြေကမ္ဘာ အင်မော်တယ်စံအိမ် ၏ မဟာဗျူဟာ ပြုပြင်မွမ်းမံမှုများကို သူမက သဘာဝကျကျပင် ကန့်ကွက်ခြင်း မရှိခဲ့ချေ။
တာအိုသခင်ကြီး ရှစ်ဝမ်သည် တာ့ချန် ကျင့်ကြံခြင်းကမ္ဘာအနေနှင့် လောလောဆယ်တွင် ကာကွယ်ရေးကို အာရုံစိုက်ပြီး ခေတ္တခဏ နှိမ်ချနေသင့်ကြောင်း တာအို သခင်ကြီး ဟုန်ယွဲ့က ပြောသည်ကို အစပိုင်းတွင် ကြားလိုက်ရသောအခါ အံ့အားသင့်သွားပြီး မကျေမနပ် ဖြစ်သွားရသည်။
သို့သော် ချန်ကု အင်မော်တယ်မြို့တော် ရှိ အပြောင်းအလဲများ အကြောင်းကို ကြားလိုက်ရသောအခါ သူ၏ မျက်နှာထား အကြီးအကျယ် ပျက်ယွင်းသွား၏။
တာအိုသခင်ကြီး ရှစ်ဝမ်က ချက်ချင်းပင် ပြန်ပြောလိုက်၏။
“မြေကမ္ဘာ အင်မော်တယ်စံအိမ် ရဲ့ ဆုံးဖြတ်ချက်ကို ကျုပ် ထောက်ခံပါတယ်... မဟာမိတ် ခေါင်းဆောင်ကြီး ပြောတာ မှန်တယ်၊ တာ့ချန် မှာ ကျုပ်တို့ ခဏလောက် အတွင်းပိုင်းကို အာရုံစိုက်ဖို့ လိုတယ်... ကျုပ်တို့က အရင်ဆုံး ခေါင်းထွက်ပြတဲ့သူ မဖြစ်စေရဘူး”
ထိုနှစ်ဦး၏ ထောက်ခံမှုဖြင့် တာအို သခင်ကြီး ဟုန်ယွဲ့သည် တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့ ၏ အင်အားစု အသီးသီးမှ ခေါင်းဆောင်များကို အစည်းအဝေး အတွက် ဖိတ်ခေါ်လိုက်၏။
အမြင်အမျိုးမျိုးကို ဖြေရှင်းပြီးနောက် တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့ ၏ စစ်ရေး ပြင်ဆင်မှုများ ပြောင်းလဲသွားခဲ့၏။
၎င်းသည် ကာကွယ်ရေး အနေအထားသို့ ပြောင်းလဲသွားပြီး အခင်းအကျင်း နှင့် ကာကွယ်ရေးလိုင်း တည်ဆောက်ခြင်းကို ပိုမို အာရုံစိုက်ကာ ပင်လယ် မျိုးနွယ်စု ကို တွန်းလှန်ရန်အတွက် အရင်းအမြစ်များကို ပိုမို ပြင်ဆင်လာကြသည်။
အခြား တစ်နေရာတွင်၊ စုယွီ သည် မြေကမ္ဘာ အင်မော်တယ်စံအိမ် မှ ထွက်ခွာလာခဲ့ပြီး ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကြီး နှင့်အတူ ထိုက်ရွှီ ယဉ်ပါးသားရဲ နှစ်ကောင်အား ခေါ်လာသည်။
ပထမဦးစွာ သူသည် ပိုင်ဟွာ ၏ ဂူကောင်းကင် လျှို့ဝှက်နယ်မြေ ၏ နေရာရွှေ့ပြောင်း အခင်းအကျင်း မှတစ်ဆင့် တာ့ယွဲ့ နယ်မြေသို့ ပြန်သွားသည်။ ထို့နောက် သူ၏ ဟင်းလင်းပြင် စွမ်းအားကို အသုံးပြု၍ ဆန်းမူ နယ်မြေသို့ ခရီးဆက်၏။
*
နှစ်ဝက် ကြာပြီးနောက်၊ ဆန်းမူ နယ်မြေ၊ ကုန်းယွဲ့ အင်မော်တယ်မြို့တော်။
ကောင်း မျိုးနွယ်စု ၏ အိမ်ရာဝင်း အတွင်း၌
ကောင်းယွမ်ယွမ် နှင့် ရုပ်ချင်း ဆင်တူသော အမျိုးသမီး တစ်ဦးသည် မျိုးနွယ်စု ခေါင်းဆောင် နေရာတွင် ထိုင်နေသော အမျိုးသားကို ရှက်ရွံ့မှု၊ ဒေါသထွက်မှုများ ရောယှက်နေသော အမူအရာဖြင့် ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။
“ကျောက်ခိုင်ယွမ်... ငါ့ ကောင်း မျိုးနွယ်စု က ဘာအခြေခံမှ မရှိတဲ့ သေးငယ်တဲ့ ကျင့်ကြံခြင်း မျိုးနွယ်စု မဟုတ်ဘူး... နင့်ရဲ့ လုပ်ရပ်တွေရဲ့ အကျိုးဆက်တွေကို နင် သေချာ စဉ်းစားသင့်တယ်”
ကောင်း မျိုးနွယ်စု ၏ မျိုးနွယ်စု ခေါင်းဆောင် နေရာတွင် ထိုင်နေသော အမျိုးသားမှာ အသက် သုံးဆယ် အရွယ်ခန့် ရှိပြီး အားမနည်းသော အရှိန်အဝါကို ပိုင်ဆိုင်ထား၏။
ကျင့်ကြံဆင့် အမြုတေ ဖွဲ့စည်းခြင်း အဆင့် နဝမအလွှာပင်။
သူသည် အမြုတေ ဖွဲ့စည်းခြင်း အဆင့် ပညာရှင် တစ်ဦး ဖြစ်၏။
သူ၏ အဆင့်အတန်းမှာ ဆန်းမူ အင်မော်တယ်မြို့တော် အတွင်းရှိ အဓိက အင်အားစုများ အနက် တစ်ခုဖြစ်သော ကျောက် မျိုးနွယ်စု ၏ မျိုးနွယ်စု ခေါင်းဆောင် ဖြစ်သည်။
ကျောက် မျိုးနွယ်စု ၏ နောက်ကွယ်တွင် မူလဝိညာဉ်အဆင့် အရှင်သခင် နှစ်ပါးက သူတို့၏ ကျောထောက်နောက်ခံ အဖြစ် ရှိနေကြောင်း ကောလဟာလ များ ထွက်ပေါ်နေသည်။
ယခင်က ကောင်း မျိုးနွယ်စု နှင့် ကျောက် မျိုးနွယ်စု တို့သည် ဟွမ်လင် ကျွန်း ၏ ရေကြောင်းလမ်းကို ပူးတွဲ လည်ပတ်ကာ အရင်းအမြစ်များ ဖလှယ်လျက် ပူးပေါင်းဆောင်ရွက်မှု အတော်များများ ရှိခဲ့ကြသည်။