← Chapters

အခန်း ၈၉၆

Vol. 60 Ch. 896

အခန်း ၈၉၆

Vol. 60 Ch. 896

အခန်း (၈၉၆) ဆန်းမူစံအိမ်သို့ ပြန်လည်ရောက်ရှိခြင်း (၂)

ဟွမ်လင်းကျွန်းနှင့် ကောင်းမိသားစု၏ ဘိုးဘေး ကောင်းယွမ်ယွမ်တို့၏ ဩဇာလွှမ်းမိုးမှုများကြောင့် ကျောက်မိသားစုက ကောင်းမိသားစုအပေါ် အစဉ်အမြဲ ယဉ်ကျေးပျူငှာစွာ ဆက်ဆံခဲ့၏။

မည်သို့ပင်ဆိုစေ ကောင်းမိသားစု၏ အင်အားက လျှော့တွက် ရနိုင်သော အနေအထားတွင် မရှိပေ။

သို့သော် မကြာသေးမီက အခြေအနေများ ပြောင်းလဲသွားခဲ့ချေပြီ။

ဖူလင်းပင်လယ်နယ်မြေ အောက်ခြေတွင် ပင်လယ်မျိုးနွယ်စုနှင့် မိစ္ဆာသားရဲများ ပုန်ကန်ထကြွခဲ့ကြပြီး ဆန်းမူပြည်နယ်အထိ မကူးစက်သေးသော်လည်း ဟွမ်လင်းကျွန်းဆီသို့ ရိုက်ခတ်သွားခဲ့၏။

ဟွမ်လင်းကျွန်းသည် ရက်စက်ကြမ်းကြုတ်သော မိစ္ဆာသားရဲဒီရေလှိုင်းများကို အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရပြီး ဘိုးဘေး ကောင်းယွမ်ယွမ်မှာလည်း ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။

အသက်ရှင်သလား သေဆုံးသွားပြီလား ဆိုသည်ကိုပင် အတိအကျ မသိရတော့ပေ။

ဟွမ်လင်းကျွန်းမှာမူ ဆက်လက်တောင့်ခံထားနိုင်စွမ်း မရှိတော့ဘဲ ဗဟိုခံတပ်၏ လျှို့ဝှက်နယ်မြေဆီသို့သာ ဆုတ်ခွာသွားခဲ့ရလေပြီ။

ဆန်းမူပြည်နယ်ရှိ လူများမှာလည်း ကုန်းမြေပေါ်တွင်သာ ခြေကုပ်ယူထားနိုင်ကြပြီး ပင်လယ်ပြင်သို့ လုံးဝ မထွက်နိုင်ကြတော့ပေ။

ထိုသို့သော အခြေအနေမျိုးအောက်တွင် ကောင်းမိသားစုနှင့် အစဉ်အမြဲ မဟာမိတ်ဖြစ်ခဲ့သော ကျောက်မိသားစုက ရုတ်တရက် အစွယ် ထုတ်ပြလာပြီး ကောင်းမိသားစုအပေါ် ပြန်လည်လှည့်စား သစ္စာဖောက်လာတော့၏။

လအနည်းငယ်အတွင်းမှာပင် ကောင်းမိသားစု၏ ပြင်ပခံတပ်များ၊ ဆက်သွယ်ရေးလမ်းကြောင်းများနှင့် အရင်းအမြစ်နယ်မြေများ အားလုံးကို သိမ်းပိုက်လိုက်ကြသည်။

ယခုအခါ သူတို့က ကောင်းမိသားစု၏ ပင်မစံအိမ်တော်ကိုပင် ချိုးဖောက်ဝင်ရောက်ကာ ကောင်းမိသားစုတစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်လိုက်လေပြီ။

ကောင်းယွမ်ယွမ်နှင့် ရုပ်ချင်းဆင်တူသည်ဟု ဆိုကြသော ကောင်းမိသားစု၏ ခေါင်းဆောင်သစ်လေးကို ကျောက်ခိုင်ယွမ်က စိတ်ဝင်တစား စေ့စေ့စပ်စပ် အကဲခတ်နေမိ၏။ အရပ်ခုနစ်ပေခန့် ရှိကာ အတော်လေး မြင့်မားခန့်ညား၏။ သူမ၏ ကျင့်ကြံမှုမှာလည်း အမြုတေ ဖွဲ့စည်းခြင်း အဆင့် ပထမအလွှာသို့ ရောက်ရှိနေကာ အနည်းငယ် လွင့်မျောနေသော ဝိညာဉ်အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။

ထိုလွင့်မျောနေသော ဝိညာဉ်အရှိန်အဝါအောက်တွင် ညို့ငင်ဖမ်းစားနိုင်သော ဆွဲဆောင်မှုအချို့လည်း ကိန်းအောင်းနေ၏။ ပန်းရောင်ဝတ်စုံကို ဆင်မြန်းထားပြီး ဒေါသအရိပ်အယောင်လေး စွန်းထင်းနေသော ထိုမျက်နှာလေးက ဝိညာဉ်စွမ်းအားများဖြင့် အထူးတလည် တောက်ပနေသည်။

ကိုယ်ခန္ဓာ အချိုးအစားကျနလှပြီး အခုထက်ထိ တာအို လက်တွဲဖော် မရှိသေးဘူးဟုလည်း ကြားသိထားရ၏။

ဤမိန်းကလေးကိုသာ အနည်းငယ် ပြုစုပျိုးထောင်လိုက်မည်ဆိုပါက သေချာပေါက် ဖမ်းစားညို့ငင်နိုင်မည့် မိန်းမချောလေးတစ်ဦး ဖြစ်လာပေလိမ့်မည်။

"ကောင်းနျန်အာ... နာမည်လေးက နားထောင်လို့ တော်တော်ကောင်းတာပဲ..."

"ဒီလိုလုပ်ပါလား... မင်းသာ ဒီအရှင်သခင်ရဲ့ တာအို လက်တွဲဖော် လုပ်ဖို့ သဘောတူမယ်ဆိုရင် ကျန်တဲ့ ကောင်းမိသားစုဝင်တွေရဲ့ အသက်ကို ချမ်းသာပေးမယ်... ဘယ်လိုလဲ..."

"ဒီနေ့ကစပြီး မင်းတို့ ကောင်းမိသားစုက ကျောက်မိသားစုရဲ့ လက်အောက်ခံ ဖြစ်သွားပြီ..."

ကျောက်ခိုင်ယွမ်က မေးစေ့ကို လက်တစ်ဖက်ဖြင့် ထောက်ကာ ကောင်းနျန်အာအား ငြင်းဆန်ခွင့် မရှိသော လေသံဖြင့် အမိန့်ပေးလိုက်၏။

ကောင်းနျန်အာမှာ ကျောက်ခိုင်ယွမ်က သူမအား မျက်စိကျနေမှန်း သိလိုက်ရသဖြင့် တစ်ကိုယ်လုံးရှိ အရေပြားမှ အမွှေးများပင် ထောင်ထသွားရကာ ဒေါသထွက်နေသော ကြောင်ပေါက်လေး တစ်ကောင်အလား ဖြစ်သွားရသည်။

သူမက စကားတုံ့ပြန်ရန် ပြင်လိုက်စဉ် ခန်းမဆောင်အတွင်း၌ အသက်နှစ်ဆယ် အရွယ်ခန့်ရှိ အပြာရောင် ဝတ်ရုံနှင့် လူငယ် တစ်ဦး၏ ပုံရိပ်က ရုတ်တရက် ကိုယ်ထင်ပြလာ၏။ သူ၏ ပခုံးပေါ်တွင် ခရမ်းရင့်ရောင် ငှက်တစ်ကောင်လည်း နားခိုနေသည်။

ထိုသူ မည်သို့ ရောက်ရှိလာသည်ကို မည်သူကမျှ မမြင်လိုက်ကြချေ။

ကျောက်ခိုင်ယွမ်၊ ကောင်းနျန်အာနှင့် ခန်းမဆောင် အနီးတစ်ဝိုက်ရှိ ကျောက်မိသားစုမှ ကျင့်ကြံသူများ အားလုံး တစ်ခဏမျှ မှင်သက်သွားကြသည်။

ကျောက်ခိုင်ယွမ်၏ ရင်ထဲတွင် ရုတ်တရက် ထိတ်ခနဲ ဖြစ်သွားကာ ထိုင်ခုံမှ မတ်တတ်ထရပ်လိုက်၏။ သူ၏ ကျင့်ကြံစွမ်းအားများ တဟုန်းဟုန်း မြည်ဟည်းသွားပြီး အမြုတေ ဖွဲ့စည်းခြင်း အဆင့် အထွတ်အထိပ်၏ အရှိန်အဝါများ လျှပ်တစ်ပြက်အတွင်း စုစည်းသွားသည်။

'ဝုန်း...'

ခန်းမဆောင်အတွင်း လေပြင်းမုန်တိုင်းများ ရုတ်တရက် တိုက်ခတ်သွားပြီး ထိုအမြုတေ ဖွဲ့စည်းခြင်း အဆင့် အရှိန်အဝါက လေထုကို ဖိနှိပ်သွားကာ အရပ်မျက်နှာအနှံ့ လှိုင်းဂယက်များ ရိုက်ခတ်သွားစေ၏။

ကောင်းမိသားစု၏ မဟာခန်းမဆောင်ကြီးပင်လျှင် တသိမ့်သိမ့် တုန်ခါသွားရသည်။

ကျောက်ခိုင်ယွမ်၏ မျက်နှာက အေးစက်ခက်ထန်သွားပြီး အသံကုန် ဟိန်းဟောက်လိုက်၏။

"ဘယ်ကရောက်လာတဲ့ အကောင်မို့လို့ ကျောက်မိသားစုရဲ့ ကိစ္စတွေကို ဝင်စွက်ဖက်ရဲရတာလဲ..."

ကောင်းမိသားစု၏ ခန်းမဆောင်အတွင်းသို့ ရောက်ရှိလာသော စုယွီက အမြင်ကျဉ်းမြောင်းလှသော ထိုလူကို တစ်ချက်မျှ အကဲခတ်လိုက်ပြီးနောက် သူ၏ နောက်ကွယ်ရှိ မိန်းကလေးဆီသို့ အကြည့်ရောက်သွားရာ သူမကို မြင်လိုက်ရချိန်တွင် အနည်းငယ် ငေးကြောင်သွားမိသည်။

'ဒီ ကောင်းမိသားစုရဲ့ မျိုးဆက်က ကောင်းယွမ်ယွမ်နဲ့ တော်တော်လေး ရုပ်ဆင်တာပဲ...'

သူ၏ တာအိုရုပ်သေးကို ဟွမ်လင်းကျွန်းမှ မြေကမ္ဘာအင်မော်တယ်စံအိမ်ဆီသို့ ပြန်ဆင့်ခေါ်ပြီးကတည်းက ကောင်းယွမ်ယွမ်ကို မမြင်ရသည်မှာ အတော်လေး ကြာမြင့်ခဲ့ပြီပင်။

တာအိုဆရာ နဂါးနက်ကိုပင် ယွဲ့အင်မော်တယ်စံအိမ်တွင် အလုပ်လုပ်ရန်အတွက် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာသို့ သူ ခေါ်ဆောင်သွားခဲ့သေးသည် မဟုတ်ပါလော။

စုယွီ ကိုယ့်ကိုယ်ကိုယ် တိတ်တဆိတ် မေးခွန်းထုတ်လိုက်မိသည်။

'ကောင်းယွမ်ယွမ် အခု ဘယ်လိုများ နေနေမလဲ... ပြီးတော့ ဟွမ်လင်းကျွန်းကကော ဘယ်လို အခြေအနေ ရောက်နေပြီလဲ...'

သူ ဤသို့ အာရုံလွင့်နေသည့် အခိုက်အတန့်လေးက သူ၏ နောက်ကွယ်ရှိ ကျောက်ခိုင်ယွမ်အား အရှက်ရစေပြီး ဒေါသပေါက်ကွဲသွားစေ၏။

ကျောက်ခိုင်ယွမ်၏ အရှိန်အဝါများ တဟုန်ထိုး မြင့်တက်လာကာ သတ်ဖြတ်လိုသော အငွေ့အသက်များ ထင်ရှားလာ၏။ လျှပ်တစ်ပြက်ပင် ကန်းကျင်း ကောင်းကင်ဓား ကိုးလက်သည် ခန်းမဆောင်အတွင်း၌ စုစည်းသွားကာ စုယွီထံသို့ ပြေးဝင်လာတော့သည်။

"ဒီအရှင်သခင်ရဲ့ တာအို လက်တွဲဖော်ကိုတောင် လာပြီး မျက်စိကျရဲတယ်ပေါ့...ခွေးမသား သေချင်နေတာပဲ..."

ကျောက်ခိုင်ယွမ်က ဒေါသတကြီး ကြွေးကြော်လိုက်၏။

သို့သော် သူ၏ ဓားကိုးလက်က စုယွီအနီးသို့ ချဉ်းကပ်လာချိန်တွင် မိစ္ဆာစွမ်းအား တစ်ခု၏ ဖိနှိပ်ချုပ်နှောင်ခံလိုက်ရသည်။

စုယွီ၏ ပခုံးပေါ်ရှိ ခရမ်းရင့်ရောင် ငှက်ဝကြီးက သမ်းဝေလိုက်ပြီး ၎င်း၏ တောင်ပံကို လက်တစ်ဖက်အလား ဆန့်တန်းကာ ခပ်ဖွဖွလေး ပင့်ခတ်လိုက်၏။

မျက်တောင်တစ်ခတ်အတွင်းမှာပင် မီးတောက်မီးလျှံများက ကောင်းကင်ယံကိုပင် ဝါးမြိုသွားမည့်အလား ပေါ်ထွက်လာသည်။

ထိုဓားကိုးလက်မှာ ချက်ချင်းပင် အမှုန့်ကြိတ်ခံလိုက်ရတော့၏။

ထိုက်ရွှီ၏ အကြည့်က ကျောက်ခိုင်ယွမ်ထံသို့ ကျရောက်သွား၏။ ထိုလျှပ်တစ်ပြက်အတွင်းမှာပင် ကျောက်ခိုင်ယွမ်၏ စိတ်အာရုံထဲသို့ ဟင်းလင်းပြင်ကို ဖောက်ထွက်လာသော အော်မြည်သံတစ်ခု ဝင်ရောက်လာရာ ထိုအသံက နားကန်းမတတ် စူးရှလွန်းလှ၏။

ငှက်အော်သံတစ်ချက် ထွက်ပေါ်လာသည်နှင့် ကျောက်ခိုင်ယွမ်၏ ခေါင်းထဲ၌ မူးဝေသွားပြီး ငေးကြောင်ကြောင်ဖြင့် ရပ်နေမိတော့သည်။

ပကတိဟင်းလင်းပြင်အဆင့် စတုတ္ထအလွှာ အဆင့်မြင့် မိစ္ဆာသားရဲတစ်ကောင်၏ စွမ်းအားကြီး အရှိန်အဝါအောက်တွင် အမြုတေ ဖွဲ့စည်းခြင်း အဆင့် အထွတ်အထိပ်မျှသာ ရှိသေးသော ကျောက်ခိုင်ယွမ်မှာ ခုခံနိုင်စွမ်း လုံးဝ မရှိခဲ့ချေ။

သူသည် ချက်ချင်းပင် အကြောက်တရားဖြင့် လွှမ်းမိုးခံလိုက်ရပြီး မလှုပ်မယှက် ဖြစ်သွား၏။

ထိုက်ရွှီက မေးလိုက်၏။

"သခင်... ဒီလူမိုက်ကို ဘယ်လို ရှင်းပစ်ရပါမလဲ..."

ထိုအခါ စုယွီက ကောင်းနျန်အာထံမှ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ကျောက်ခိုင်ယွမ်ကို ကြည့်ကာ လက်ညှိုးတစ်ချောင်း ဆန့်ထုတ်၍ ဖွဖွလေး ထိုးချိန်လိုက်၏။

"ဖျောက်..."

ဟင်းလင်းပြင် လှိုင်းဂယက်တစ်ခုနှင့်အတူ ကျောက်ခိုင်ယွမ်၏ ဒန်တျန်မှာ တစ်စစီ ကွဲကြေသွား၏။

သူ၏ ကျင့်ကြံမှုနှင့် ကျင့်ကြံစွမ်းအားများ မျက်စိတစ်မှိတ်အတွင်း ပြန့်ကျဲသွားပြီး သူ၏ အရှိန်အဝါမှာလည်း ထိုးကျသွားသည်။

အကြောက်တရားနှင့် မျှော်လင့်ချက်မဲ့ခြင်းများ ပြည့်နှက်နေလျက် ကျောက်ခိုင်ယွမ်က မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။

သူ အော်ဟစ်လိုက်တိုင်း သွေးများ အန်ထွက်လာတော့သည်။

"အား..."

စုယွီက သူ၏ လက်ဝါးကို အောက်သို့ လှန်ချလိုက်ပြီး ညင်သာစွာ ဖိချလိုက်၏။

“အုန်း…”

ခန်းမဆောင်တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားပြီး ခန်းမဆောင်ပတ်လည်တွင် ရပ်နေသော ကျောက်မိသားစုမှ ကျင့်ကြံသူ ဒါဇင်နှင့်ချီကာ သွေးများအန်ထွက်လာပြီး မြေပြင်ပေါ်သို့ ပစ်လဲကျသွားကြသည်။

သူတို့၏ ကျင့်ကြံစွမ်းအား ပျောက်ကွယ်သွားပြီး ကျင့်ကြံမှု အရှိန်အဝါများလည်း ပျောက်ကွယ်သွား၏။

စုယွီ၏ စိတ်အာရုံ တစ်ချက် လှုပ်ရှားလိုက်ရုံဖြင့် သူတို့အားလုံး ဒုက္ခိတများ ဖြစ်သွားကြလေပြီ။

စုယွီက လက်ကို ခပ်ဖွဖွ တစ်ချက် ဝှေ့ယမ်းလိုက်ရာ ကျောက်ခိုင်ယွမ်၏ ခန္ဓာကိုယ်မှာ မမြင်နိုင်သည့် လက်တစ်ဖက်၏ ဆွဲယူခံလိုက်ရပြီး ကောင်းနျန်အာ၏ အရှေ့သို့ ပစ်လွင့်ကျသွားသည်။

ထို့နောက် စုယွီက ရှေ့သို့ အေးအေးဆေးဆေး လျှောက်သွားကာ ကောင်းမိသားစု ခေါင်းဆောင်၏ ထိုင်ခုံတွင် ဝင်ထိုင်လိုက်၏။

အေးချမ်းတည်ငြိမ်သော မျက်နှာထားနှင့် အပြုံးလေးတစ်ခုကို ဆင်မြန်းထားလျက် သူက ကောင်းနျန်အာကို ကြည့်လိုက်၏။

ကောင်းနျန်အာ၏ ရင်ထဲတွင် ပြင်းထန်စွာ တုန်ခါသွားပြီး စုယွီ၏ 'တာအိုဆရာ အရိပ်နီ' မျက်နှာကို ကြည့်ကာ သူမ၏ မျက်လုံးများထဲတွင် အံ့ဩဝမ်းသာမှု အရိပ်အယောင်များ ချက်ချင်း ထွက်ပေါ်လာတော့၏။ သူမက လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ပုံတူပန်းချီကား တစ်ချပ်က သူမ၏ လက်ထဲတွင် ပေါ်လာသည်။

ပန်းချီကားထဲမှ ပုံရိပ်က သူမအရှေ့ရှိ လူနှင့် တစ်ပုံစံတည်း တူညီနေသည်မှာ သေချာလှပေ၏။

ကောင်းနျန်အာက ပန်းချီကားကို ပြန်လည်သိမ်းဆည်းလိုက်ပြီး ရှေ့သို့ အလျင်အမြန် တိုးသွားကာ စုယွီ၏ အရှေ့တွင် ဒူးထောက်ချလိုက်၏။ ဝမ်းသာမျက်ရည်များ ကျဆင်းလာရင်း ခေါင်းငုံ့ကာ ပြောကြားလိုက်၏။

"သခင်... သခင် နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ..."

စုယွီက မျက်ခုံးကို အနည်းငယ် ပင့်လိုက်ရာ စွမ်းအားတစ်ခုက ကောင်းနျန်အာကို မြေပြင်မှနေ၍ မတ်တတ်ရပ်စေလိုက်၏။

သူက တည်ငြိမ်စွာ တုံ့ပြန်လိုက်၏။

"မင်း ငါ့ကို သိနေတာလား... ငါ့ကို စီနီယာလို့ပဲ ဖြစ်ဖြစ် တာအိုဆရာ အရိပ်နီလို့ပဲ ဖြစ်ဖြစ် ခေါ်လို့ရပါတယ်..."

သို့သော် ကောင်းနျန်အာက ခေါင်းခါယမ်းလိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် ဝမ်းသာမှုနှင့် မျက်ရည်များ ပြည့်နှက်နေဆဲပင်။

သူမက စုယွီကို လေးစားစွာ ကြည့်၍ ရှင်းပြလာသည်။

"အဲဒီလို ခေါ်လို့ မဖြစ်ပါဘူးရှင်... ဘိုးဘေးက မိသားစု စည်းမျဉ်းတွေကို သတ်မှတ်ပေးခဲ့တာပါ... သခင်က ကျွန်မတို့ ကောင်းမိသားစုရဲ့ အရှင်သခင်ပါပဲ..."

"ကျွန်မတို့ ကောင်းမိသားစုဟာ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် သခင်..ဒါမှမဟုတ် သခင့်ရဲ့ မျိုးဆက်တွေအတွက် အစေခံအဖြစ် အမြဲတမ်း ရှိနေမှာပါ..."

စုယွီက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ထိုအကြောင်းအရာကို ဆက်လက် မငြင်းခုံနေချေ။

"ကောင်းယွမ်ယွမ်ကော ဘယ်မှာလဲ..."

ထိုစကားကို ကြားသည်နှင့် ကောင်းနျန်အာမှာ ချက်ချင်း စိုးရိမ်ပူပန်လာပြီး အသနားခံလိုက်၏။

"သခင်ကြီး... မကြာသေးခင် နှစ်တွေအတွင်း ပင်လယ်နယ်မြေမှာ အကြီးအကျယ် အပြောင်းအလဲတွေ ဖြစ်ခဲ့ပါတယ်... ပင်လယ်မျိုးနွယ်စုတွေနဲ့ မိစ္ဆာသားရဲတွေက မကြာခဏ ပေါ်လာပြီး မရေမတွက်နိုင်တဲ့ သားရဲဒီရေလှိုင်းတွေကို ဖန်တီးခဲ့ကြတာပါ... ဟွမ်လင်းကျွန်းက သေလုနီးပါး သားရဲဒီရေလှိုင်းတွေကို အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရပါတယ်... ဘိုးဘေးက ပြင်းထန်တဲ့ ဒဏ်ရာတွေ ရသွားပြီး အခြေအနေက သိပ်မကောင်းဘူးလို့ ကြားရပါတယ်..."

"အခုဆို ပင်လယ်မျိုးနွယ်စုနဲ့ မိစ္ဆာသားရဲတွေက ပင်လယ်ပြင်ကို ပိတ်ဆို့ထားတော့ ကျွန်မတို့လည်း အပြင်ထွက်လို့ မရတော့ပါဘူး... ဘိုးဘေးနဲ့ ဟွမ်လင်းကျွန်း ဘာဖြစ်သွားပြီလဲဆိုတာကို ကျွန်မတို့ လုံးဝကို မသိရတော့ပါဘူးရှင်..."

စုယွီက ဤကိစ္စအတွက် အံ့ဩမနေခဲ့ပေ။ အကယ်၍ ရွှမ်လိပ် ပင်လယ်မျိုးနွယ်စုက တာ့ချန်၌ စတင်လှုပ်ရှားနေပြီဆိုလျှင် ဖူလင်း ပင်လယ် နယ်မြေသည်လည်း ကသောင်းကနင်း ဖြစ်နေလောက်ပြီပင်။

ဟွမ်လင်းကျွန်းက ယခုအချိန်အထိ တောင့်ခံထားနိုင်ခြင်းကပင် တော်တော်လေး အထင်ကြီးစရာ ကောင်းနေပြီ ဖြစ်၏။

စုယွီ စကားဆက်မပြောမီ.. ရုတ်တရက် အထက်သို့ မော့ကြည့်လိုက်မိ၏။

ထိုအချိန်၌ မူလဝိညာဉ်အဆင့် တတိယအလွှာ အရှင်သခင်ကြီး တစ်ပါး၏ အရှိန်အဝါက ကုန်းယွဲ့ အင်မော်တယ်မြို့တော်အပေါ်သို့ ဖိနှိပ်လာတော့သည်။

အေးစက်လှသော အသံ တစ်သံ စုယွီ၏ နားထဲတွင် ပဲ့တင်ထပ်လာ၏။

"တာအိုမိတ်ဆွေ... ဘာဖြစ်လို့ ကျောက်မိသားစုနဲ့ ကောင်းမိသားစုကြားက ကိစ္စတွေကို ဝင်စွက်ဖက်ရတာလဲ... ဒီ ကောင်းမိသားစုလေးတစ်ခုအတွက်နဲ့ ခင်ဗျားလို ဂုဏ်သရေရှိ တာအိုဆရာ တစ်ယောက်က ဒီလောက်တောင် ရက်ရက်စက်စက် လုပ်ဖို့ တန်လို့လား..."

စုယွီ၏ မျက်လုံးများထဲတွင် ရွှေရောင် နတ်ဘုရား အလင်းတန်းများ လင်းလက်သွားပြီး ကုန်းယွဲ့ အင်မော်တယ်မြို့တော်၏ အပြင်ဘက်မှနေ၍ ကောင်းမိသားစု စံအိမ်တော်ဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာသော ဆံဖြူ အဘိုးအို တစ်ဦးကို သူ မြင်တွေ့လိုက်ရသည်။

သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း သူ့ခန္ဓာကိုယ်ပတ်လည်ရှိ မူလဝိညာဉ်အဆင့် အရှင်သခင်ကြီး၏ အရှိန်အဝါက ပိုမို အားကောင်းလာတော့၏။

ထက်ရှလှသော သတ်ဖြတ်လိုသည့် အငွေ့အသက်များက ကောင်းကင်သို့ ထိုးတက်သွားပြီး ဖိအားတစ်ခုက သူ့ကို ပိတ်လှောင်ထားသည်။

စုယွီက ဘေးသို့ အနည်းငယ် စောင်းငဲ့ကြည့်လိုက်ပြီး သူ၏ ပခုံးပေါ်ရှိ ထိုက်ရွှီအား အမိန့်ပေးလိုက်၏။

"မင်း သွားလိုက်... အဲဒီလူကို ဒီကို ခေါ်ခဲ့..."

"ကျွီ...ကျွီ"

ထိုက်ရွှီက ခပ်တိုးတိုး အော်မြည်လိုက်ပြီး ခေါင်းကို အသာအယာ ညိတ်ပြလိုက်သည်။

ထို့နောက် ၎င်း၏ ပုံရိပ်က ရိပ်ခနဲ ဖြစ်သွားပြီး ခန်းမဆောင်အတွင်းမှ လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွား၏။ ကောင်းနျန်အာမှာ ထိုငှက်၏ အရိပ်ကိုပင် အသေအချာ မမြင်လိုက်ရချေ။

ဤမြင်ကွင်းကို ကြည့်ရင်း ကောင်းနျန်အာ၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

ဒီငှက်လေးက တကယ်ကို လန့်စရာ မိစ္ဆာကြီးပါလား။

သူမက ခန်းမဆောင် အပြင်ဘက်သို့ လှည့်ကြည့်လိုက်ပြီး ချဉ်းကပ်လာသော မူလဝိညာဉ်အဆင့် အရှင်သခင်ကြီး၏ ဖိအားကို အာရုံခံမိကာ အနည်းငယ် ထိတ်လန့်တကြားဖြင့် သတိပေးလိုက်၏။

"သခင်... အဲဒါ ကျောက်မိသားစုက အစစ်အမှန် မူလဝိညာဉ်အဆင့် အရှင်သခင်ကြီး ဘိုးဘေးပါ..."

သို့သော်လည်း သူမ စကားပြော၍ မဆုံးသေးခင်မှာပင် အပြင်ဘက်၌...

ခရမ်းရင့်ရောင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး ကုန်းယွဲ့ အင်မော်တယ်မြို့တော်အတွင်းသို့ ယခုလေးတင်မှ ဝင်ရောက်လာသော ဆံဖြူ အဘိုးအိုမှာ တစ်ကိုယ်လုံး ကြက်သီးမွေးညှင်း ထသွားရတော့သည်။

အေးစက်လှသော ခံစားချက်ကြီး ရိုက်ခတ်လာပြီး ရက်စက်ကြမ်းကြုတ်လှသော မိစ္ဆာသားရဲ၏ အရှိန်အဝါက သူ၏ အရှေ့မှ ရုတ်ချည်း ပေါက်ကွဲထွက်လာရာ သူ၏ နှလုံးသားမှာ ချက်ချင်း ရေခဲတမျှ အေးခဲသွားရလေ၏။

"ပြေးမှပဲ..."

ဆံဖြူ အဘိုးအိုက ရုတ်တရက် ရပ်တန့်သွားပြီး ထွက်ပြေးရန် နောက်သို့ လှည့်လိုက်၏။

“ဒုတ်”

သို့သော် နောက်တစ်စက္ကန့်မှာပင် ငှက်မွှေးများနှင့် တူသော ခရမ်းရင့်ရောင် မီးတောက် အလင်းတန်းတစ်ခုက ကောင်းကင်နှင့် မြေကြီးကို ပစ်ခွင်းလာပြီး သူ၏ ရင်ဘတ်ကို ဖောက်ထွင်းသွား၏။

"ဖျတ်..."

အနက်ရောင် မီးတောက်များ သူ၏ မူလဝိညာဉ်ပေါ်သို့ လောင်မြိုက်သွားရာ ဆံဖြူ အဘိုးအိုမှာ ကောင်းကင်ယံမှ မြေပြင်ပေါ်သို့ ဒလိမ့်ခေါက်ကွေး ပြုတ်ကျသွားရင်း စူးစူးဝါးဝါး အော်ဟစ်လိုက်ရတော့သည်။

"အား..."

“ဘုန်း”

ခရမ်းရင့်ရောင် အလင်းတန်းတစ်ချက် လက်သွားပြီးနောက် ဆံဖြူ အဘိုးအို၏ ပုံရိပ်မှာ ပျောက်ကွယ်သွားပြီး ထိုက်ရွှီ၏ ဖမ်းဆီးခေါ်ဆောင်ခံလိုက်ရကာ ကောင်းမိသားစု၏ ခန်းမဆောင်အတွင်းသို့ ပြန်လည်ရောက်ရှိလာတော့၏။

ဆံဖြူ အဘိုးအိုမှာ ကောင်းနျန်အာ၏ အရှေ့သို့ ပစ်လွှင့်ခံလိုက်ရပြီး ကျောက်ခိုင်ယွမ်၏ ဘေးတွင် ပြုတ်ကျသွားသည်။

ထိုက်ရွှီက အရိပ်တစ်ချက် ဝေဝါးသွား၏။ ထို့နောက် စုယွီ၏ ပခုံးပေါ်တွင် နားခိုနေသော လက်ဝါးအရွယ် ငှက်လေး တစ်ကောင်အဖြစ်သို့ ပြန်လည်ရောက်ရှိသွားကာ ၎င်း၏ ငှက်မွှေးများကို ခပ်ကြွားကြွား လျှာဖြင့် သပ်နေလေ၏။

တစ်ချိန်က ခန့်ညားထည်ဝါခဲ့ပြီး ယခုအခါတွင် ခွေးသေ လို လဲကျနေသော ကျောက်မိသားစု၏ အရှင်သခင်ကြီး ဘိုးဘေးကို ကြည့်ကာ ကောင်းနျန်အာမှာ မှင်သက်ငေးမောနေမိတော့သည်။

‘သ.. သခင့်ရဲ့ ငှက်လေးက ဒီအတိုင်း အလွယ်တကူ ရှင်းပစ်လိုက်တာလား’

All Chapters