အခန်း ၈၉၇
Vol. 60 Ch. 897
အခန်း (၈၉၇) ငှက်ဘိုးဘိုးနှင့် ကောင်းမိသားစု၏ မှီခိုရာ
ထိုက်ရွှီက သူမအား တစ်ချက် အကဲခတ်လိုက်၏။
"ဘာဖြစ်သွားတာလဲ ကောင်မလေး... ငှက်ဘိုးဘိုးရဲ့ ခမ်းနားတဲ့ အရှိန်အဝါကြောင့် လန့်သွားတာလား..."
ကောင်းနျန်အာမှာ လန့်ဖျပ်သွားရ၏။ သူမ၏ မျက်နှာလေး အနည်းငယ် ဖြူရော်သွားပြီး ခေါင်းကို ကမန်းကတန်း ငုံ့ကာ အထိတ်တလန့်ဖြင့်
"မဟုတ်... မဟုတ်ပါဘူး စီနီယာ... နျန်အာ မဝံ့ရဲပါဘူး..."
"ဟေ့... ရဲတာ မရဲတာတွေ မပြောပါနဲ့ ကောင်မလေး... သိပ်လည်း ကြောက်မနေနဲ့... ငှက်ဘိုးဘိုးက မင်းကို ကိုက်မစားပါဘူး..."
ထိုက်ရွှီက တောင်ပံများကို တဖျပ်ဖျပ် ခတ်လိုက်ပြီး ၎င်း၏ ငှက်မွှေးများကိုသာ ဆက်လက် သပ်ရပ်နေသည်။
ထိုစကားကို ကြားလိုက်ရမှသာ ကောင်းနျန်အာက ထိုက်ရွှီ၏ ရုပ်သွင်ကို အခွင့်ကောင်းယူ၍ ရဲရဲတင်းတင်း အကဲခတ်ရဲတော့၏။
သာမန် သားရဲငှက်များနှင့် မတူညီစွာပင် ခရမ်းရင့်ရောင် ငှက်မွှေးများကို ပိုင်ဆိုင်ထားသော ထိုက်ရွှီသည် ဝိညာဉ်မီးတောက် အမြုတေတစ်ခုကို ပေါင်းစပ်လိုက်ပြီးနောက် ပိုမို၍ပင် မြင့်မြတ် ထည်ဝါလာခဲ့လေပြီ။
၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ရုပ်သိမ်းထားသော်ငြား သာမန်ကာလျှံကာ ကြည့်လိုက်ရုံဖြင့်ပင် ထိုငှက်၏ ထူးကဲသော သဘာဝကို ကောင်းစွာ သိမြင်နိုင်ပေ၏။
"အဟွတ်... အဟွတ်..."
ကျောက်မိသားစု၏ ဘိုးဘေးမှာ ချောင်းအကြိမ်ကြိမ် ဆိုးနေရသည်။
ခရမ်းရင့်ရောင် မီးတောက် အရှိန်အဝါက သူ၏ မူလဝိညာဉ်ပေါ်တွင် အကျိတ်ဆိုး တစ်ခုအလား တွယ်ကပ်နေပြီး မရပ်မနား လောင်ကျွမ်းနေသဖြင့် သူ၏ မျက်နှာမှာ နာကျင်မှုကြောင့် ရှုံ့မဲ့နေ၏။
ပြင်းထန်လွန်းလှသော နာကျင်မှုကြောင့် သူ၏ ခန္ဓာကိုယ်မှာ အလိုအလျောက် တွန့်လိမ်တုန်ခါနေပြီး စူးစူးဝါးဝါးပင် မအော်ဟစ်နိုင်တော့ချေ။
ခဲယဉ်းပင်ပန်းစွာ အချိန်တန်ကြာ ဖြတ်သန်းပြီးနောက် ခရမ်းရင့်ရောင် မီးတောက်၏ စွမ်းအားများ တဖြည်းဖြည်း လျော့ကျသွားချိန်မှသာ ကျောက်မိသားစု၏ ဘိုးဘေးမှာ အသက်ဝဝ ရှူနိုင်တော့သည်။
သူက ကမန်းကတန်း ဒူးထောက်ချလိုက်၏။ သူ၏ မျက်နှာပေါ်တွင် အကြောက်တရားများ အပြည့်ဖုံးလွှမ်းနေလျက် စုယွီ၏ အရှေ့တွင် ဝပ်တွားကာ အသနားခံလိုက်၏။
"စီနီယာ... ကျွန်တော့်အသက်ကို ချမ်းသာပေးပါ... ချမ်းသာပေးပါ... ကျွန်တော် မျက်စိကန်းပြီး စီနီယာ့ကို အနှောင့်အယှက် ပေးမိသွားပါတယ်..."
"စီနီယာ... ကျေးဇူးပြုပြီး အသက် ချမ်းသာပေးပါ... ကျွန်တော့်လူတွေကို ခေါ်ပြီး ထွက်သွားပါ့မယ်... ကုန်းယွဲ့ အင်မော်တယ်မြို့တော်ထဲကို နောက်ထပ် ခြေတစ်လှမ်းတောင် မချတော့ပါဘူး..."
ကျောက်မိသားစု ဘိုးဘေး၏ အရှိန်အဝါမှာ အလွန်အမင်း အားနည်းကျဆင်းနေခဲ့လေပြီ။
ထိုက်ရွှီ၏ မီးတောက်အောက်တွင် သူ၏ မူလဝိညာဉ်မှာ ပြာကျမလို ဖြစ်သွားခဲ့ရသည် မဟုတ်ပါလော။
စုယွီက.. ကျောက်မိသားစု ဘိုးဘေးအား တစ်ချက်ပင် လှည့်မကြည့်တော့ချေ။
ထိုအစား သူက ကောင်းနျန်အာကိုသာ လှမ်း၍ အမိန့်ပေးလိုက်၏။
"သူတို့ကို မင်းပဲ စီစဉ်လိုက်တော့... အရင်ဆုံး ကောင်းမိသားစုကို သေချာနေရာချထားလိုက်... ပြီးရင် ဒီလူတွေကို ရှင်းလိုက်ပါ..."
"မင်း..အလုပ်တွေ ပြီးသွားရင် မင်းကို ပင်လယ်ပြင်ဆီ ငါ ခေါ်သွားမယ်..."
ကောင်းနျန်အာက အလျင်အမြန် လေးစားစွာ ဦးညွှတ်လိုက်၏။
"ကျေးဇူးတင်ပါတယ် သခင်..."
“ဝီ…”
သူမ၏ အသိစိတ် တစ်ချက်ဖြင့် အထွတ်အထိပ်အဆင့် မှော်လက်နက် ဓားပျံတစ်လက်.. လက်ထဲတွင် အလိငအလျောက် ပေါ်ထွက်လာ၏။ သူမက လက်ဟန် ဖော်ဆောင်ကာ လမ်းကြောင်း တစ်ခု ရေးဆွဲလိုက်၏။
အထွတ်အထိပ်အဆင့် မှော်လက်နက် ဓားပျံက ကောင်းကင်ယံကို ဖြတ်သန်းခုတ်ပိုင်းသွားပြီး အေးစက်သော အလင်းတန်း တစ်ခု ဖြာထွက်လာတော့သည်။
"ဒုတ်..."
ဓားတစ်ချက်။
ဓားချပ် တစ်ချက်ဖြင့် ကျောက်မိသားစု၏ ဘိုးဘေးနှင့် မိသားစု ခေါင်းဆောင် ကျောက်ခိုင်ယွမ်တို့၏ ခေါင်းများ လေထဲသို့ ပျံတက်ကာ ဘေးတစ်ဖက်သို့ ပြုတ်ကျသွားသည်။
ကျောက်မိသားစု ဘိုးဘေး၏ ပျက်စီးနေသော မူလဝိညာဉ်က သူ၏ ခေါင်းမဲ့ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာ၏။ ၎င်းမှာ တစ်ဝက်မျှ ပုံရိပ်ယောင် ဖြစ်နေပြီဖြစ်ကာ အချိန်မရွေး လေထဲတွင် လွင့်ပါ
ပျောက်ကွယ်သွားနိုင်သည့်အလား ဖြစ်နေသည်။
မူလဝိညာဉ်၏ မျက်နှာက မလိုမုန်းထားမှုနှင့် ရန်ငြိုးများကြောင့် ရှုံ့မဲ့နေ၏။ မူလဝိညာဉ်က ပျက်စီးနေသော ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာကာ ကောင်းနျန်အာထံသို့ ပြေးဝင်လာရင်း စူးစူးဝါးဝါး အော်ဟစ်လိုက်၏။
"ဒီဘိုးဘေး သေရမယ်ဆိုရင်တောင် မင်းကိုပါ အတူတူ ဆွဲခေါ်သွားမယ်..."
ထိုအခိုက်အတန့်၌ ထိုက်ရွှီက ခပ်ဖွဖွ တောင်ပံကယ တစ်ချက် ခတ်လိုက်ရာ ကောင်းကင်နှင့် မြေကြီး တုန်လှုပ်သွားစေသော မီးလှိုင်းကြ ပေါ်ထွက်လာတော့၏။
"ဝုန်း..."
မီးတောက်ဒီရေလှိုင်းအလား မီးတောက်စွမ်းအားများ တဟုန်းဟုန်း ရိုက်ခတ်လာပြီး ကျောက်မိသားစု ဘိုးဘေး၏ ကျန်ရှိနေသော မူလဝိညာဉ်ကို မျက်စိတစ်မှိတ်အတွင်း ပြာကျသွားစေတော့သည်။
ထိုက်ရွှီက အေးစက်စက် နှာမှုတ်လိုက်၏။
"ငှက်ဘိုးဘိုးရဲ့ အရှေ့မှာ လာပြီး ရိုင်းစိုင်းရဲတယ်ပေါ့လေ..."
ထို့နောက် ထိုက်ရွှီက ကောင်းနျန်အာကို လေးစားသဘောကျစွာ ကြည့်လိုက်၏။
‘ဒီကောင်မလေး မဆိုးဘူး။ သတ်ဖြတ်တဲ့ နေရာမှာ ပြတ်သားတယ်။ ဟိုကောင် နှစ်ကောင်ကို ရှင်းပစ်ဖို့ စကားတစ်ခွန်းမှ အပို မပြောခဲ့ဘူး’
သူမ၏ စိတ်နေသဘောထားက အတော်လေး သင့်လျော်သည်။ သခင်၏ ဘေးတွင် အစေခံ သို့မဟုတ် အလုပ်အကျွေး တစ်ယောက်အဖြစ် လိုက်ပါအမှုထမ်းရန်ပင် သင့်တော်လှ၏။
ကောင်းနျန်အာမှာမူ ကျောက်မိသားစု ဘိုးဘေး၏ ကျန်ရှိနေသော မူလဝိညာဉ်ထံမှ ထွက်ပေါ်လာသည့် ကြမ်းကြုတ်သော အရှိန်အဝါကြောင့် အနည်းငယ် လန့်ဖျပ်သွားခဲ့ရသည်။
ကျောက်မိသားစု၏ ဘိုးဘေးက ပြင်းထန်စွာ ဒဏ်ရာရထားသော်ငြား သူသည် မူလဝိညာဉ်အဆင့် အရှင်သခင်ကြီး တစ်ပါး ဖြစ်နေသည်။
အကယ်၍သာ စုယွီနှင့် ထိုက်ရွှီတို့ မရှိခဲ့ပါလျှင် အမြုတေ ဖွဲ့စည်းခြင်း အဆင့် ပထမအလွှာမျှသာ ရှိသေးသော သူမအနေဖြင့် ကျောက်မိသားစု ဘိုးဘေးကို အနည်းငယ်မျှပင် ထိခိုက်နာကျင်အောင် လုပ်နိုင်မည် မဟုတ်ချေ။
ကျောက်မိသားစု ဘိုးဘေး၏ ပျက်စီးနေသော မူလဝိညာဉ်ကြောင့် လန့်ဖျပ်သွားရမှုမှ ပြန်လည် တည်ငြိမ်လာစေရန် ကောင်းနျန်အာ အချိန်အနည်းငယ် ယူလိုက်ရသည်။
သူမက ကြောက်လန့်ရာမှ အရှိန် မပြေသေးဘဲ ထိုက်ရွှီအား ကျေးဇူးတင်စွာဖြင့် ဦးညွှတ်လိုက်၏။
"အချိန်မီ ကယ်ဆယ်ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ် စီနီယာ..."
ထိုက်ရွှီက ဆူညံစွာ အော်မြည်လိုက်၏။
"ကျွီ..ကျွီ..အခုကစပြီး ငါ့ကို ငှက်ဘိုးဘိုးလို့ပဲ ခေါ်လိုက်ပါ... မင်း နောက်ကွယ်မှာ ငါ ရှိတယ်..."
‘ငှက်ဘိုးဘိုး…’
ကောင်းနျန်အာက စုယွီကို တစ်ချက် အကဲခတ်လိုက်ရာ သူက ကန့်ကွက်ခြင်း မရှိသည်ကို မြင်လိုက်ရသဖြင့် နှုတ်ခမ်းကို ဖွဖွလေး စေ့ကာ ခေါင်းညိတ်လိုက်၏။
"နားလည်ပါပြီ... ကျေးဇူးတင်ပါတယ် စီနီယာ ငှက်ဘိုးဘိုး..."
စုယွီက ထိုက်ရွှီ၏ နာမည်ရင်းကို ထုတ်ဖော် မပြောထားခဲ့ပေ။ မည်သို့ပင်ဆိုစေ သူက လှုပ်ရှားသွားလာရာတွင် နာမည်ဝှက်ကိုသာ အသုံးပြုလေ့ရှိသည် မဟုတ်ပါလော။
အကယ်၍ ထိုက်ရွှီက သူ့ကိုယ်သူ ငှက်ဘိုးဘိုးဟု ခေါ်စေချင်လျှင်လည်း ငှက်ဘိုးဘိုးပဲ ဖြစ်ရမည်ပေါ့။
"မင်း သွားပြီး ကောင်းမိသားစုရဲ့ ကိစ္စတွေကို အရင် ရှင်းလင်းလိုက်ပါ...
အချိန် သုံးရက် ပေးမယ်..."
စုယွီက လောလောဆယ် ကောင်းမိသားစုတွင်သာ နေထိုင်ရန် ဆုံးဖြတ်လိုက်၏။ ကောင်းနျန်အာ မဖြေရှင်းနိုင်သော အသေးအမွှား ကိစ္စများကို ကိုင်တွယ်ရန်အတွက် ထိုက်ရွှီကို လိုက်ပါသွားစေလိုက်သည်။
ကောင်းနျန်အာက ကောင်းမိသားစုဝင် အားလုံးကို ကယ်တင်ပြီးနောက် ကျောက်မိသားစု၏ ဘိုးဘေးနှင့် မိသားစု ခေါင်းဆောင် ကျောက်ခိုင်ယွမ်တို့ အပါအဝင် အလောင်းများကို ကောင်းမိသားစု စံအိမ်တော် အပြင်ဘက်သို့ လွှင့်ပစ်လိုက်သောအခါ ကုန်းယွဲ့ အင်မော်တယ်မြို့တော် တစ်ခုလုံး တိတ်ဆိတ်
ငြိမ်သက်သွားသည်။
ကုန်းယွဲ့ အင်မော်တယ်မြို့တော်ရှိ ကျင့်ကြံသူ အားလုံး သူတို့၏ ကံကြမ္မာ အဆုံးသတ်ကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရလေပြီ။
အခြားသော အင်အားစုများမှ ကျင့်ကြံသူများစွာနှင့် သူလျှိုများမှာ ဤအဖြစ်အပျက်ကို ယုံကြည်ရန်ပင် ခက်ခဲနေခဲ့ကြ၏။
ကျောက်မိသားစုရဲ့ မူလဝိညာဉ်အဆင့် အရှင်သခင်ကြီးက ကောင်းမိသားစုရဲ့ လက်ချက်နဲ့ တကယ်ကြီး ကျဆုံးသွားခဲ့တာလား။
"ဟယ်..."
အင်အားစု အသီးသီးမှ လူများ ပွက်လောညံသွားကြတော့သည်။
"ကျောက်မိသားစုရဲ့ ဘိုးဘေးအိုကြီးက ဘယ်လိုလုပ် သေသွားတာလဲဟ... ခုနလေးတင် သူ အင်မော်တယ်မြို့တော်ထဲ ပေါ်လာတုန်းက ခရမ်းရင့်ရောင် မီးတောက် အလင်းတန်း တစ်ခုကို ငါ မြင်လိုက်သလိုပဲ... အဲဒီနောက်တော့ သူ ပျောက်သွားတာပဲ..."
"ကောင်းမိသားစုက ဘယ်တုန်းက ဒီလိုစွမ်းအားမျိုး ရသွားတာလဲ... အရင်တုန်းက ကျောက်မိသားစုက သူတို့ကို တိုက်ခိုက်တုန်းက ဘာလို့ ကောင်းမိသားစုက အခုလိုမျိုး ပြန်လည် မခုခံခဲ့တာလဲ..."
"ငါ ကြားဖူးသလောက်တော့ လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာက ကောင်းမိသားစု အင်အားကြီးလာခဲ့တဲ့ အကြောင်းရင်းက လျှို့ဝှက်ဆန်းကြယ်ပြီး စွမ်းအားကြီးမားတဲ့ ကျင့်ကြံသူ တစ်ယောက်ဆီမှာ သစ္စာခံခဲ့လို့တဲ့..."
“နောက်ပိုင်းကျတော့ အဲဒီ စွမ်းအားကြီးမားတဲ့ ပုဂ္ဂိုလ်က ကောင်းမိသားစုကို ပင်လယ်ပြင်က ဟွမ်လင်းကျွန်းဆီတောင် ခေါ်သွားခဲ့သေးတယ်လို့ ဆိုတယ်...
ဒါပေမဲ့ မကြာသေးခင် နှစ်တွေအတွင်းမှာတော့ အဲဒီ စွမ်းအားကြီး ကျင့်ကြံသူဆီကနေ ဘာသတင်းအစအနမှ မကြားရတော့ဘူးလေ…”
"မင်း ဆိုလိုချင်တာက ကောင်းမိသားစုရဲ့ နောက်ကွယ်မှာ ရပ်တည်နေတဲ့ အဲဒီ စွမ်းအားကြီး ကျင့်ကြံသူ ပြန်ရောက်လာပြီ ဆိုတဲ့ သဘောလား... အဲဒါကြောင့် ကျောက်မိသားစုက ဒီလို ကံကြမ္မာဆိုးနဲ့ ရင်ဆိုင်လိုက်
ရတာပေါ့လေ..."
ကုန်းယွဲ့ အင်မော်တယ်မြို့တော်မှ မြောက်များစွာသော ကျင့်ကြံသူများ ထင်ကြေးပေး ဝေဖန်နေကြစဉ် ကယ်တင်ခံလိုက်ရသော ကောင်းမိသားစုဝင်များမှာလည်း ဝမ်းသာပီတိ ဖြစ်နေကြသည်။
မိသားစု စည်းမျဉ်းများနှင့် ဘိုးဘေးတို့၏ သွန်သင်ချက်များကို ချမှတ်ပေးခဲ့သော အရှင်သခင်က ကောင်းမိသားစုဆီသို့ နောက်ဆုံးတွင် ပြန်လည် ရောက်ရှိလာပြီ ဖြစ်ကြောင်း သူတို့အားလုံး ကောင်းစွာ သိရှိနေကြသည် မဟုတ်ပါလော။