← Chapters

အခန်း ၈၉၈

Vol. 60 Ch. 898

အခန်း ၈၉၈

Vol. 60 Ch. 898

အခန်း (၈၉၈) ငှက်ဘိုးဘိုးနှင့် ကောင်းမိသားစု၏ မှီခိုရာ (အပိုင်း - ၂)

ထို့အပြင် ကျောက်မိသားစု၏ သွေးစွန်းနေသော နှုတ်ခမ်းများကြားမှ သူတို့ကို ကယ်တင်ခဲ့သည်လေ။

လျှို့ဝှက်ဆန်းကြယ်ပြီး စွမ်းအားကြီးမားလှသော ထိုပုဂ္ဂိုလ်၏ ကျင့်ကြံမှုမှာ ကျောက်မိသားစုက ရန်စနိုင်သော အနေအထားမျိုးတွင် လုံးဝ မရှိခဲ့ပေ။ ပြီးတော့ ကောင်းမိသားစု၏ နောက်ကွယ်မှာ အင်အားကြီး ကျောထောက်နောက်ခံ ရှိသည် ဟုသော ကောလဟာလကလည်း တကယ်ကြီး မှန်ကန်နေခဲ့လေပြီ။

ကောင်းနျန်အာက သူမ၏ မိသားစုဝင်များကို ကယ်တင်ခဲ့ပြီး ကုန်းယွဲ့ အင်မော်တယ်မြို့တော်၏ ကိစ္စရပ်များကို ပြန်လည်ထိန်းချုပ်နိုင်ရန် စီစဉ်ပေးခဲ့သည်။

ထို့နောက် စုယွီ၏ ခြံဝင်းအတွင်းသို့ အလျင်အမြန် ပြန်သွားကာ သူ၏ နေ့စဉ် လိုအပ်ချက်များကို အလွန် ဂရုတစိုက်နှင့် အလုပ်အကျွေး ပြုတော့၏။

ကောင်းနျန်အာသည် စုယွီ၏ အိပ်ဆောင်အတွင်း၌ပင် ခစားပြုစုလိုသော်လည်း ကံမကောင်းစွာဖြင့် ထိုသို့ လုပ်ဆောင်ရန် အခွင့်အရေး တစ်ကြိမ်မျှ မရခဲ့ပေ။

သုံးရက်ကြာပြီးနောက် စုယွီက အဆင့် (၄) အလယ်အလတ်အဆင့် ရုပ်သေးတစ်ရုပ်ကို ကောင်းမိသားစုထံတွင် ထားရစ်လိုက်သည်။ ထို့နောက် ကောင်းနျန်အာကို ခေါ်ဆောင်ကာ ကောင်းမိသားစု စံအိမ်တော်မှ ထွက်ခွာ၍ ဆန်းမူ အင်မော်တယ်မြို့တော်ဆီသို့ ဦးတည်သွားတော့၏။

အဆင့် (၅) အထွတ်အထိပ်အဆင့် ပျံသန်းသည့် လှေပျံတစ်စင်းအတွင်းတွင် စုယွီက ကျင့်ကြံသူ အသေးအမွှားလေးများကြား မကြာခဏ ဖြစ်ပွားလေ့ရှိသော တိုက်ပွဲများကို ငုံ့ကြည့်ရင်း မေးလိုက်၏။

"ဆန်းမူ ပြည်နယ်က အခု ကသောင်းကနင်း ဖြစ်နေပြီလား..."

ကောင်းနျန်အာက နာခံမှုရှိစွာဖြင့် ခေါင်းညိတ်လိုက်၏။

"ဟုတ်... ဟုတ်ကဲ့ သခင်..."

"အခုဆို ပင်လယ်ပြင်ကို ပင်လယ်မျိုးနွယ်စုတွေက ပိတ်ဆို့ထားတော့ ဘယ်သူမှ ထွက်လို့မရဘူး... အဲဒီတော့ သူတို့က တခြားလမ်းကြောင်းတွေကိုပဲ စဉ်းစားနိုင်ကြတော့တာလေ..."

"ဒါကြောင့်မို့လို့ အမျိုးမျိုးသော အရင်းအမြစ်နယ်မြေတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ဆန်းမူပြည်နယ်မှာ ပွတ်တိုက်မှုတွေနဲ့ ဆူပူအုံကြွမှုတွေ ပိုပိုပြီး များလာရတာပါ..."

စုယွီက အနည်းငယ် ခေါင်းညိတ်လိုက်သော်လည်း စကားဆက်မပြောတော့ပေ။

တကယ်တော့ ဆန်းမူ ပြည်နယ်သည် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ၏ အစွန်အဖျားတွင် တည်ရှိနေသောကြောင့် ကျင့်ကြံသူ သိပ်မများလှသလို စွမ်းအားကြီးမားသူများလည်း အများကြီး မရှိပေ။

အများဆုံးမှ ဩဇာလွှမ်းမိုးမှု ရှိသည့် မူလဝိညာဉ်အဆင့် အရှင်သခင်ကြီး အနည်းငယ်မျှသာ ရှိသည်။

သူတို့က ဆန်းမူ ပြည်နယ် တစ်ခုလုံးကိုပင် အညီအမျှ မခွဲဝေနိုင်ကြဘဲ သူတို့၏ ဩဇာလွှမ်းမိုးမှုများမှာ အလွန် ပြန့်ကျဲနေကြ၏။

ဤအခြေအနေက ဆန်းမူ ပြည်နယ်တွင် လက်ရှိ ဖြစ်ပေါ်နေသော ကသောင်းကနင်း အခြေအနေ၏ အဓိက အကြောင်းရင်းပင် ဖြစ်တော့သည်။

သို့သော်လည်း ဆန်းမူ ပြည်နယ်သည် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ၏ အစွန်အဖျားတွင် ရှိနေသောကြောင့်ပင် ပင်လယ်မျိုးနွယ်စု သို့မဟုတ် မိစ္ဆာသားရဲများ၏ ဝင်ရောက်တိုက်ခိုက်မှု ဒဏ်ကို ကြီးကြီးမားမား ခံစားရမည် မဟုတ်ပေ။

တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ၏ အရှေ့ဘက်မျက်နှာစာ၊ ယွီလုံ ပင်လယ်နယ်မြေ၏ ပင်လယ်နှင့် ကမ်းရိုးတန်းကို မျက်နှာမူထားသော နေရာများမှာ အင်မော်တယ် ဂိုဏ်းကြီး သုံးခုဖြစ်သော ယွီလုံ နန်းတော်၊ ကွမ်ယွမ် ခန်းမဆောင်နှင့် ရှန်းဖန် စံအိမ်တို့၏ နယ်မြေများ ဖြစ်သင့်သည်။

ထို့ကြောင့် ပင်လယ်မျိုးနွယ်စု၏ ဖိနှိပ်မှုနှင့် ရင်ဆိုင်ရချိန်တွင် အကြီးမားဆုံးသော ဖိအားမှာ ဤအင်မော်တယ် ဂိုဏ်းကြီး သုံးခုအပေါ်သို့သာ ကျရောက်လာမည် ဖြစ်၏။

'ဝီ...'

စုယွီ၏ စိတ်အာရုံ တစ်ချက် လှုပ်ရှားလိုက်သည်နှင့် ဝိညာဉ်လှေပျံ၏ ပတ်လည်ရှိ ဟင်းလင်းပြင်တွင် လှိုင်းဂယက်များ ထလာ၏။

နောက်တစ်စက္ကန့်တွင် ဝိညာဉ်လှေပျံမှာ ကောင်းကင်ယံ တိမ်တိုက်များကြားမှ ပျောက်ကွယ်သွားကာ မိုင်သောင်းချီ ကွာဝေးသော နေရာတွင် ပြန်လည် ပေါ်ထွက်လာတော့သည်။

အကြိမ်ကြိမ် နေရာရွှေ့ပြောင်းပြီးနောက် နာရီဝက်ပင် မကြာလိုက်ဘဲ စုယွီက မတ်တတ်ထရပ်ကာ ပြောလိုက်၏။

"ငါတို့ ရောက်ပြီ... အောက်ဆင်းပြီး သွားကြည့်ရအောင်..."

အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်နေသော ကောင်းနျန်အာနှင့်အတူ လှေပျံပေါ်မှ ထွက်လာချိန်တွင် ဧရာမ အင်မော်တယ်မြို့တော်ကြီး တစ်ခုက အောက်ဘက်တွင် ရုပ်လုံးပေါ်လာတော့သည်။

သည်အချိန်မှာတော့ ဆန်းမူ အင်မော်တယ်မြို့တော်သည် ၎င်း၏ ကာကွယ်ရေးများကို စတင် တင်းကျပ်နေပြီ ဖြစ်၏။ မြို့တော်ပတ်လည်တွင် ပင်လယ်မျိုးနွယ်စုနှင့် မိစ္ဆာသားရဲများ၏ ကြမ်းကြုတ်သော ဒီရေလှိုင်းများကို ကာကွယ်ရန်အတွက် ကျင့်ကြံသူ အများအပြားက ကင်းလှည့်စောင့်ရှောက်နေကြသည်။

စုယွီနှင့် ကောင်းနျန်အာတို့ ဆန်းမူ အင်မော်တယ်မြို့တော်အနီးသို့ ချဉ်းကပ်လာချိန်တွင် ကျင့်ကြံသူ သုံးဦးက သူတို့ကို ချက်ချင်း လာရောက်တားဆီးလေ၏။

"ရပ်လိုက်စမ်း..."

"မင်းတို့ နှစ်ယောက်က ဘယ်သူတွေလဲ... အင်မော်တယ်မြို့တော်အတွက် ကိုယ်ပိုင် အမှတ်အသား တံဆိပ်ပြား ပါသလား..."

ကောင်းနျန်အာက သူမ၏ တံဆိပ်ပြားကို ထုတ်ယူကာ လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီး ထိုလူသုံးဦးထံသို့ ပစ်ပေးလိုက်၏။

အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်ရှိ ဦးဆောင်သူ ကျင့်ကြံသူက တံဆိပ်ပြားကို ဖမ်းယူလိုက်ပြီး ၎င်းပေါ်ရှိ အမည်ကို မြင်လိုက်ရချိန်တွင် သူ၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားကာ ကောင်းနျန်အာအား နောက်ထပ် တစ်ချက် ထပ်ကြည့်လိုက်မိ၏။

‘ကောင်းမိသားစုရဲ့ မိသားစု ခေါင်းဆောင်။

ခေါင်းဆောင်က ဘာလို့ ဒီကို ရောက်နေရတာလဲ။

ငါတို့ မျိုးနွယ်က အခု ကောင်းမိသားစုကို ဝင်တိုက်နေတာ မဟုတ်ဘူးလား’

သူ၏ စိတ်ထဲတွင် အတွေးများ လျင်မြန်စွာ ပြေးလွှားနေသော်လည်း သူက အသံမထွက်ဘဲ ကိုယ်ပိုင် အမှတ်အသား တံဆိပ်ပြားကို ကောင်းနျန်အာထံသို့ ရိုသေစွာ ပြန်ပေးလိုက်ပြီး ပြောလိုက်၏။

"တောင်းပန်ပါတယ် စီနီယာ... ပင်လယ်မျိုးနွယ်စုနဲ့ မိစ္ဆာသားရဲ ဒီရေလှိုင်းတွေ ရောက်လာမှာကို ကာကွယ်ဖို့အတွက် အင်မော်တယ်မြို့တော်ကို မကြာသေးခင်ကမှ တင်းတင်းကျပ်ကျပ် စောင့်ကြပ်နေလို့ပါ... စီနီယာတို့ကို အနှောင့်အယှက် ပေးဖို့ မရည်ရွယ်ပါဘူး... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ..."

"စီနီယာ... ကျေးဇူးပြုပြီး ဝင်ပါ..."

သို့သော် စုယွီက သူတို့ သုံးယောက်ကို ကြည့်ကာ တစ်ချက် ရယ်လိုက်၏။

"အဟင်း..ဒီသုံးယောက်က စောစောက မင်းမိသားစုကို ဝင်တိုက်တဲ့ မိသားစုကပဲ ဖြစ်ရမယ်..."

အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ၏ မျက်နှာမှာ သိသိသာသာ ညှိုးငယ်သွားပြီး အချက်ပေးသံ ထုတ်လွှင့်ရန် ပြင်လိုက်၏။

နောက်တစ်စက္ကန့်မှာပင် သူ၏ ပတ်ဝန်းကျင်ရှိ ကမ္ဘာကြီး ပြောင်းလဲသွားသလို ခံစားလိုက်ရပြီး သတိလစ်သွားတော့သည်။

သူတို့က ကျောက်မိသားစုမှ ဖြစ်ကြောင်း ကောင်းနျန်အာ ကြားလိုက်ရချိန်တွင် သူမ၏ လက်ထဲရှိ ထက်ရှလှသော အထွတ်အထိပ်အဆင့် မှော်ဓားပျံက တစ်ဖန် ပြန်လည် ပေါ်ထွက်လာပြီး ကျောက်မိသားစုမှ ထိုသုံးယောက်ကို သတ်ဖြတ်ရန် အသင့်ဖြစ်နေလေပြီ။

သို့သော် သူမ မလှုပ်ရှားနိုင်မီ စုယွီက တားဆီးလိုက်၏။

စုယွီက သူမ၏ ပခုံးပေါ်သို့ လက်တစ်ဖက် ညင်သာစွာ တင်လိုက်ရာ ထိုအထိအတွေ့နှင့်အတူ ကောင်းနျန်အာ၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားရ၏။ မျက်လုံးများ ပြူးကျယ်သွားကာ သူမ၏ မျက်နှာနှင့် မျက်လုံးများထဲတွင် စုစည်းနေသော အေးစက်သည့် အရှိန်အဝါများမှာ လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွား၏။

ရှက်ရွံ့မှုနှင့် မသက်မသာ စိုးရိမ်ပူပန်မှု အရိပ်အယောင်လေးသာ ကျန်ရစ်ခဲ့သည်။

ဒါက စုယွီက သူမကို ပထမဆုံးအကြိမ် ထိတွေ့ခြင်းပင် ဖြစ်၏။

ကောင်းနျန်အာက ရှုပ်ထွေးစွာဖြင့် မေးလိုက်၏။

"သခင်..."

စုယွီက ပြောလိုက်၏။

"မူလဝိညာဉ်အဆင့် အရှင်သခင်ကြီး တစ်ပါးရဲ့ စွမ်းအားကို မင်း ခံစားကြည့်ချင်လား..."

ကောင်းနျန်အာ စကားပြောရန်ပင် မစောင့်လိုက်ချေ။

စုယွီ၏ လက်များမှ ကျင့်ကြံစွမ်းအား လှိုင်းတစ်ခုက သူမ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားပြီး ကောင်းနျန်အာမှာ သူမ၏ ခွန်အားများ လျှပ်တစ်ပြက်အတွင်း ထိုးတက်သွားသည်ကို ပုံရိပ်ယောင်တစ်ခုအလား ခံစားလိုက်ရသည်။

စုယွီ၏ ပြီးပြည့်စုံသော ဓာတ်ကြီးငါးပါး တာအိုနယ်မြေအောက်တွင် စုယွီက သူ၏ ကိုယ်ပိုင် ဓာတ်ကြီးငါးပါး ကျင့်ကြံစွမ်းအားများကို ကောင်းနျန်အာအပေါ်သို့ ချိတ်ဆက်ပေးလိုက်ခြင်းပင်။

ဖော်ပြ၍ မရနိုင်လောက်အောင် ကြီးမားလှသော ကျင့်ကြံစွမ်းအားများကြောင့် ကောင်းနျန်အာ၏ စိတ်အာရုံမှာ ပြာဝေသွားသည်။

"သခင်ကြီး..."

"ဒီစွမ်းအားက အရမ်းကို အားကြီးလွန်းတယ်..."

သူမစကားကြောင့် စုယွီက အသာအယာ ရယ်လိုက်ပြီး လက်ကို ပြန်ရုပ်သိမ်းကာ ပြောလိုက်၏။

"သွား... မင်း လုပ်ချင်တာကို လုပ်လို့ရပြီ..."

ကောင်းနျန်အာက သူမ၏ ခန္ဓာကိုယ်ကို လှုပ်ရှားကြည့်လိုက်ရာ သူမ၏ ကျင့်ကြံမှုမှာ ပြောင်းလဲမသွားသော်လည်း သူမအတွင်းရှိ ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံစွမ်းအားများကို သူမ ထိန်းချုပ်နိုင်နေပုံ၏။ ခွန်အား အဆင့်ခုန်တက်သွားစေသည်ကို ခံစားလိုက်ရသည်။

ကောင်းနျန်အာ၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် နီရဲသွားပြီး စုယွီကို နက်ရှိုင်းစွာ ဦးညွှတ်လိုက်ကာ ပြောလိုက်၏။

"ကျင့်ကြံစွမ်းအားတွေ ပေးသနားတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်..."

စုယွီက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။

"သွားပါ..."

ကောင်းနျန်အာက တစ်ချက် လက်ဝှေ့ယမ်းလိုက်ရာ ဓားပျံမှ အေးစက်သော အလင်းတန်း တစ်ခု..ပျံထွက်လာပြီး သူမအရှေ့ရှိ ကျောက်မိသားစု ကျင့်ကြံသူ သုံးဦး၏ ခေါင်းများကို ဖြတ်တောက်လိုက်၏။

ထို့နောက် ကောင်းနျန်အာက အောက်ဘက်ရှိ ဆန်းမူ အင်မော်တယ်မြို့တော်အတွင်းသို့ ပြေးဝင်သွားသည်။

သူမ၏ နတ်ဘုရား အာရုံက ကျောက်မိသားစု၏ စံအိမ်တော်ကို ဖြန့်ကျက်လိုက်၏။ တဆက်တည်း၌ အမြုတေ ဖွဲ့စည်းခြင်း အဆင့်ကို ကျော်လွန်နေသော အင်မော်တယ် အရှိန်အဝါ တစ်ခုက သူမ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာကာ ကျောက်မိသားစု၏ နယ်မြေကို ဖိနှိပ်သွားသည်။

"ကျောက်မိသားစု... ငါတို့ ကောင်းမိသားစုကို တင်နေတဲ့ သွေးကြွေးကို ဆပ်ဖို့ အချိန်တန်ပြီ..."

ကောင်းနျန်အာ၏ အေးစက်လှသော အသံက ဆန်းမူ အင်မော်တယ်မြို့တော် တစ်ခုလုံး ပဲ့တင်ထပ်သွားပြီး အားလုံးကို နာအူသွားစေ၏။

မြောက်များစွာသော ကျင့်ကြံသူများ၏ မျက်နှာများမှာ အကြီးအကျယ် အုံ့မှိုင်းသွားရသည်။

အဓိက အကြောင်းရင်းမှာ ကောင်းနျန်အာ၏ လက်ရှိ အရှိန်အဝါက သာမန် နှောင်းပိုင်း မူလဝိညာဉ်အဆင့် အရှင်သခင်ကြီးများထက် များစွာ သာလွန်ကာ အစွမ်းထက်

လွန်းနေသောကြောင့်ပင်။

အင်မော်တယ် အရှိန်အဝါက ဆန်းမူ အင်မော်တယ်မြို့တော် တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်ယံ၌ အရောင်အသွေးများ ပြောင်းလဲသွားကာ လေပြင်း တိမ်တိုက်များ ရွေ့လျားသွား၏။

တဆက်တည်း၌ အောက်ခြေအဆင့် ကျင့်ကြံသူများ အားလုံးအပေါ် တောင်တန်းကြီးများအလား ဖိနှိပ်လာသဖြင့် သူတို့ကို အသက်ရှူရ ခက်ခဲသွားစေတော့၏။

"ကျောက်မိသားစု... ကောင်းမိသားစု... အဲ့မိန်းကလေးက ကျောက်မိသားစုကို ကလဲ့စားချေဖို့ ဒီကို ရောက်လာတာလား..."

"အိုက်ယား... ဒီ အရှိန်အဝါက... ဘယ်လိုကြီးလဲ... အဲ့မိန်းကလေးက ငါတို့ မိသားစုရဲ့ ဘိုးဘေးထက်တောင် ပိုပြီး ကြောက်စရာကောင်းနေတယ်လို့ ဘာလို့ ခံစားနေရတာလဲ..."

"ဒါ ကောင်းမိသားစုရဲ့ မိသားစု ခေါင်းဆောင် ကောင်းနျန်အာ မဟုတ်ဘူးလား... သူက အမြုတေ ဖွဲ့စည်းခြင်း အဆင့်ကို အခုလေးတင်မှ ကျော်ဖြတ်ခဲ့တာ မဟုတ်ဘူးလား... ငါကပဲ ထင်ယောင်ထင်မှား ဖြစ်နေတာလား... ဒါမှမဟုတ် နှစ်ရာပေါင်းများစွာ အိပ်ပျော်သွားခဲ့လို့လား..."

"ဒါတော့ မကောင်းတော့ဘူး... ဒီအချိန်မှာ ကျောက်မိသားစုက ပြဿနာ အဖြစ်ခံလို့ မရဘူးလေ..."

များစွာသော ကျင့်ကြံသူများ ရုတ်တရက် မျက်နှာထား ပြောင်းလဲသွားကြ၏။

အထူးသဖြင့် ဆန်းမူ အင်မော်တယ်မြို့တော်ရှိ အခြားသော မူလဝိညာဉ်အဆင့် အရှင်သခင်ကြီးများ၏ အင်အားစုများမှ အဖွဲ့ဝင်များပင်။

ယခုအချိန်၌ ကျောက်မိသားစုဆီသို့ ဦးတည်နေသော ကောင်းနျန်အာ၏ အေးစက်လှသည့် လူသတ်စိတ်ဆန္ဒအား မြင်တွေ့လိုက်ရချိန်တွင် သူတို့ ချက်ချင်းပင် ရင်ပူလာကြတော့သည်။

ယခုအချိန်က ပင်လယ်မျိုးနွယ်စုနှင့် မိစ္ဆာသားရဲ ဒီရေလှိုင်းများကို ကာကွယ်ရန်အတွက် ဆန်းမူ အင်မော်တယ်မြို့တော်၏ အရေးပါသော အခိုက်အတန့်ပင် ဖြစ်၏။

အကယ်၍ ကျောက်မိသားစုသာ ပျောက်ကွယ်သွားပါက မြို့တော်၏ ကာကွယ်ရေး အင်အားမှာ အကြီးအကျယ် လျော့ကျသွားလေမည်။

ထို့ကြောင့် ကောင်းနျန်အာက ကျောက်မိသားစု၏ နယ်မြေဆီသို့ ဦးတည်သွားသည့် အခိုက်အတန့်တွင် ဆန်းမူ အင်မော်တယ်မြို့တော်၏ မတူညီသော အရပ်မျက်နှာ အသီးသီးမှ မူလဝိညာဉ်အဆင့် အရှင်သခင်ကြီးများ၏ အရှိန်အဝါ ငါးခုက ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာတော့၏။

သူတို့ထဲတွင် အင်အားအကြီးဆုံးသူမှာ မူလဝိညာဉ်အဆင့် ဆဋ္ဌမအလွှာသို့ ရောက်ရှိနေလေပြီ။

ထိုသူက အလျင်စလို လှမ်းအော်လိုက်၏။

"တာအိုမိတ်ဆွေ... ခဏလောက် စောင့်ပါဦး..."

"ဖူလင်း ပင်လယ်နယ်မြေက လက်ရှိမှာ အကြီးအကျယ် အပြောင်းအလဲတွေ ဖြစ်နေပါတယ်... ဆန်းမူ အင်မော်တယ်မြို့တော်ကလည်း ခန့်မှန်းလို့ မရနိုင်တဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရပါတယ်... ဒါက ကျွန်တော်တို့ အတူတကွ ပူးပေါင်းပြီး ပင်လယ်မျိုးနွယ်စုနဲ့ မိစ္ဆာသားရဲတွေကို ပူးပေါင်းတွန်းလှန်ရမယ့် အချိန်ပါပဲ..."

"တာအိုမိတ်ဆွေရဲ့ ဒေါသကို ငြိမ်းအေးဖို့ မျှော်လင့်ပါတယ်... ပြဿနာ တစ်ခုခု ရှိရင် အေးအေးဆေးဆေး ထိုင်ပြီး ဆွေးနွေးလို့ ရပါတယ်... ဘယ်လို နာကြည်းချက်မျိုးကိုမဆို ဒီအကျပ်အတည်းကို ဖြေရှင်းပြီးတဲ့နောက်မှ ဖြေရှင်းလို့ ရပါတယ်..."

"ဒီအခြေအနေမျိုးမှာ ဆန်းမူ အင်မော်တယ်မြို့တော်၊ ဆန်းမူ စံအိမ်တော်အတွင်းမှာ အတွင်းစစ် မဖြစ်ရပါဘူး..."

အထက်ကောင်းကင်ယံတွင်

စုယွီက ထိုမြင်ကွင်းကို စိတ်ဝင်တစား ကြည့်နေခဲ့၏။ သူက ပြီးပြည့်စုံအောင် ဖန်တီးထားပြီး ကောင်းနျန်အာကို ပေးသနားထားသော ဓာတ်ကြီးငါးပါး တာအိုနယ်မြေဆိုသည်မှာ ကျင့်ကြံစွမ်းအားများကို သူမ၏ ထိန်းချုပ်မှုအောက်တွင် လုံးလုံးလျားလျား ရှိနေစေသည်။

၎င်းက ကောင်းနျန်အာအပေါ်တွင်သာ တွယ်ကပ်နေပြီး သူမကို လွတ်လပ်စွာ အသုံးပြုခွင့် ပေးထားခြင်း ဖြစ်၏။

‘ကောင်းနျန်အာ ဘာကို ရွေးချယ်မလဲ။

ဆက်ပြီးတော့ တိုက်ခိုက်မလား။

ဒါမှမဟုတ် ဒီလူတွေရဲ့ သတိပေးစကားတွေကို နားထောင်ပြီး ရန်ပွဲကို ခဏလောက် ရပ်နားလိုက်မလား’

'ဝီ...'

ကောင်းနျန်အာ၏ ဓားပျံက လှုပ်ရှားသွားပြီး မျက်စိတစ်မှိတ်အတွင်း ကောင်းကင်ယံတွင် မြစိမ်းရောင် ဓားအလင်းတန်းများ စုစည်းသွား၏။ ကျောက်မိသားစုက သူတို့မိသားစု၏ မဟာ မှော်အခင်းအကျင်းကို ဖွင့်လှစ်လိုက်သည့် အခိုက်အတန့်မှာပင် သူမက ဓားတစ်ချက် ခုတ်ပိုင်းလိုက်၏။

"ဝှစ်..."

မူလဝိညာဉ်အဆင့် အရှင်သခင်ကြီး ငါးပါး ပေါ်လာပြီး သူတို့၏ ဖျောင်းဖျစကားများ ပြီးဆုံးသွားချိန်မှာပင် ကောင်းနျန်အာ၏ တိုက်ခိုက်မှုမှ ဓားအလင်းတန်းက ကျောက်မိသားစု၏ ကာကွယ်ရေး အခင်းအကျင်း အတားအဆီးပေါ်သို့ ကျရောက်သွား၏။

မျှော်လင့်ထားသည့် ပြင်းထန်သော တုန်ခါမှုမျိုး ဖြစ်မလာဘဲ ဓားအလင်းတန်းက ကျောက်မိသားစု၏ အဆင့် (၄) အလယ်အလတ်အဆင့် ကာကွယ်ရေး အခင်းအကျင်း အတားအဆီးပေါ်သို့ ကျရောက်သွားကာ တိုဟူးတုံးကို ခုတ်ပိုင်းလိုက်သလို ထက်ပိုင်းပိုင်းသွားသည်။

အားစိုက်ထုတ်ရခြင်း အလျဉ်းမရှိဘဲ အခင်းအကျင်းက ကောင်းနျန်အာ၏ မြစိမ်းရောင် ဓားအလင်းတန်းကြောင့် ချိုးဖောက်ခံလိုက်ရပြီး ကျောက်မိသားစု၏ နယ်မြေကို မျက်တောင်တစ်ခတ်အတွင်း နှစ်ပိုင်းကွဲသွားစေတော့၏။

All Chapters