← Chapters

အခန်း ၈၉၉

Vol. 60 Ch. 899

အခန်း ၈၉၉

Vol. 60 Ch. 899

အခန်း (၈၉၉) ပင်လယ်နယ်မြေအတွင်းသို့ ဝင်ရောက်ခြင်းနှင့် ဝိညာဉ် ခွဲထွက် ခြေရာများ

ကျောက်မိသားစုစံအိမ်တော်။

ကောင်းနျန်အာ၏ အင်မော်တယ်အရှိန်အဝါများက အရာအားလုံးကို ဖိနှိပ်လွှမ်းမိုးရန် ဆင်းသက်လာသည့် အခိုက်အတန့်တွင်... ကျောက်မိသားစု၏ ခမ်းနားထည်ဝါသော ခန်းမဆောင်ကြီးအတွင်း၌ စုရုံးနေကြသော အမြုတေ ဖွဲ့စည်းခြင်း အဆင့် အကြီးအကဲများနှင့် မျိုးနွယ်စု အကြီးအကဲများအားလုံး မျက်နှာများ အကြီးအကျယ် ပျက်ယွင်းသွားကြတော့၏။

အင်မော်တယ် တောင်ကြီးအလား လေးလံလှသော ထိုအရှိန်အဝါက သူတို့၏ နှလုံးသားများထက်သို့ ဖိစီးကျရောက်လာကာ အသက်ရှူရပ်မတတ် မွန်းကျပ်သွားစေသည်။

အချိန်အနည်းငယ်မတိုင်မီက မိသားစု၏ ဝိညာဉ်ခန်းမဆောင်ကို စောင့်ကြပ်ရသော အကြီးအကဲသည် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကိစ္စတစ်ခုကို တွေ့ရှိခဲ့ရလေ၏။

ကောင်းမိသားစုအား ရင်ဆိုင်ရန် ထွက်ခွာသွားကြသော ဘိုးဘေးတစ်ပါးနှင့် မိသားစုခေါင်းဆောင် အပါအဝင် မိသားစုဝင်အားလုံး၏ ဝိညာဉ်ကျောက်ပြားများမှာ ရုတ်တရက် အပိုင်းပိုင်းအစစ ကွဲကြေသွားခဲ့လေပြီ။

ဤသည်မှာ သူတို့၏ ဘိုးဘေးနှင့် မိသားစုခေါင်းဆောင်တို့သည် ဘေးအန္တရာယ်နှင့် ကြုံတွေ့ကာ ပြင်ပတွင် ကျဆုံးသွားပြီဖြစ်ကြောင်း သက်သေပြနေခြင်းပင်။

ဤတွေ့ရှိချက်ကြောင့် ထိုအကြီးအကဲမှာ အသိဉာဏ်များ လစ်ဟာသွားသလို ခေါင်းထဲတွင် ထူပူသွားရ၏။ သူက ထုံထိုင်းလျက် ရပ်နေမိတော့၏။

မကြာမီမှာပင် ကျောက်မိသားစုစံအိမ်တော်၏ ကြေးခေါင်းလောင်းသံ ထွက်ပေါ်လာသည်။

ခေါင်းလောင်း ကိုးချက်တိတိ တီးခတ်သံ။

ဒါက ကျောက်မိသားစုသည် မျိုးနွယ်စုပြုန်းတီးမည့် ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရပြီး အားလုံး အရေးပေါ် သတိဝီရိယဖြင့် အသင့်အနေအထား ရှိနေရမည့် အဓိပ္ပာယ်ပင်တည်း။

ထို့ကြောင့် ကျောက်မိသားစု၏ ကျန်ရစ်သော မူလဝိညာဉ်အဆင့် အရှင်သခင်ကြီး ဘိုးဘေးသည်လည်း တံခါးပိတ်ကျင့်ကြံနေရာမှ ထွက်ပေါ်လာရတော့၏။

ကျောက်မိသားစု၏ အမြုတေ ဖွဲ့စည်းခြင်း အဆင့် အကြီးအကဲများနှင့် မျိုးနွယ်စုအကြီးအကဲများ အားလုံးသည် ဤကိစ္စကို တိုင်ပင်ဆွေးနွေးရန် ခန်းမဆောင်ကြီးအတွင်း စုရုံးရောက်ရှိနေကြ၏။

သို့သော်လည်း... မည်သူက မျှော်လင့်ထားမည်နည်း။

မိသားစုအနေဖြင့် နောက်ထပ် မည်သို့ ရှေ့ဆက်ရမည်ကို သူတို့ မဆုံးဖြတ်ရသေးမီမှာပင် တစ်စုံတစ်ယောက်က သူတို့၏ တံခါးဝသို့ လာရောက်ခေါက်နေခဲ့ပြီ။

ထို့အပြင် ဤအင်မော်တယ် အရှိန်အဝါသည်… ကျောက်မိသားစု၏ ကျန်ရစ်သော မူလဝိညာဉ်အဆင့် အရှင်သခင်ကြီး ဘိုးဘေး၏ မျက်လုံးအိမ်များ ရုတ်တရက် ကျုံ့ဝင်သွား၏။ ကြီးမြတ်သော အင်မော်တယ်အရှိန်အဝါနှင့် ဖိနှိပ်မှုတို့က သူ့အပေါ်သို့ ဖိနှိပ်ကျရောက်လာချိန်တွင် ရေခဲတိုက်အတွင်း ကျဆင်းသွားသလို ခန္ဓာကိုယ်တစ်ခုလုံး ချမ်းစိမ့်တုန်ယင်သွားသည်။

ယခင်က ရှိနေခဲ့သော ဒေါသမီးတောက်များနှင့် သတ်ဖြတ်လိုစိတ်များမှာ လေထဲသို့ လွင့်ပါးသွားသော မီးခိုးငွေ့များအလား မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေ၏။

သူ၏ မျက်လုံးများနှင့် နှလုံးသားထဲတွင် တုန်လှုပ်ချောက်ချားမှုနှင့် ကြောက်ရွံ့မှုတို့သာ ကျန်ရစ်ခဲ့တော့သည်။

'မကောင်းတော့ဘူး…အခြေအနေ မကောင်းတော့ဘူး...'

ထို့အပြင် ကျောက်မိသားစု၏ အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်နှင့် ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူများမှာ ကြောက်မက်ဖွယ် အင်မော်တယ်အရှိန်အဝါ ဆင်းသက်လာချိန်တွင် မြေကြီးပေါ်သို့ ဖိချေခံရမတတ် ဖြစ်သွားကြ၏။ များစွာသော ကျင့်ကြံသူများမှာ ထိုနေရာတွင်ပင် သွေးများ ပန်းထုတ်လိုက်ကြရတော့သည်။

"အွတ်..."

"ဖူး..."

သူတို့၏ မျက်နှာများမှာ စက္ကူအလား ဖြူရော်နေကြပြီး မျက်လုံးများထဲတွင် ထိတ်လန့်တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုတို့ ပြည့်နှက်နေသည်။

"ကောင်းမိသားစု... ဟုတ်လား..."

"ဒါက ငါတို့ မိသားစုခေါင်းဆောင် သွားရှင်းတဲ့ ကောင်းမိသားစုပဲလား..."

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... ကောင်းမိသားစုမှာ ဒီလို ကြောက်စရာကောင်းတဲ့ ကျင့်ကြံသူ ရှိနေတယ် ဆိုတာက..."

ကျောက်မိသားစုဝင်များမှာ သွေးရူးသွေးတန်း အော်ဟစ်လိုက်မိကြ၏။

နောက်တစ်စက္ကန့်မှာပင်။

ကျောက်မိသားစုစံအိမ်တော်၏ မဟာအခင်းအကျင်းများ တစ်ခုပြီးတစ်ခု ပွင့်လာကြသည်။

ခန်းမဆောင်ကြီးအတွင်း၌ ကျောက်မိသားစု ဘိုးဘေးမှာ မတ်တတ်ထရပ်လိုက်၏။

သူက အက်ကွဲသော အသံဖြင့် ဆိုလာ၏။

"ဒီလူရဲ့ စွမ်းအားက ငါ ရင်ဆိုင်နိုင်တဲ့ အဆင့်မဟုတ်ဘူး... ဘိုးဘေးရှင်းနဲ့ မိသားစုခေါင်းဆောင်တို့လည်း ဒီလူ့လက်ချက်နဲ့ပဲ သေဆုံးသွားတာ ဖြစ်ရမယ်..."

"အခု ငါတို့ ကျောက်မိသားစုမှာ ရွေးချယ်စရာ လမ်းနှစ်လမ်းပဲ ရှိတော့တယ်... ပထမတစ်ခုက မိသားစုနယ်မြေကို အားကိုးပြီး သေတဲ့အထိ တိုက်ခိုက်မယ်... ဒုတိယတစ်ခုက ခေါင်းငုံ့ပြီး စေ့စပ်ဆွေးနွေးမယ်... ဒါဆိုရင် ငါတို့ ကျောက်မိသားစု အသက်ရှင်ဖို့ အခွင့်အရေး ရနိုင်သေးတယ်..."

အမြုတေ ဖွဲ့စည်းခြင်း အဆင့် အကြီးအကဲ တစ်ဦး၏ မျက်နှာမှာ အကြီးအကျယ် ပျက်ယွင်းသွားပြီး ဒေါသတကြီး ငြင်းဆန်လိုက်၏။

"ဘိုးဘေး... ဘိုးဘေးရှင်းနဲ့ မိသားစုခေါင်းဆောင်တို့ အားလုံး ဒီလူ့လက်ချက်နဲ့ သေဆုံးခဲ့ရတာပါ... ဒီ သွေးကြွေးက..."

သူ၏ စကားပင် မဆုံးလိုက်။ သူ၏ဘေးမှ အခြားတစ်ယောက်က ဒေါသတကြီးဖြင့် ချက်ချင်း ဝင်ရောက် ငေါက်ငမ်းလိုက်၏။

"ဘာ သောက်သွေးကြွေးလဲ... မင်းက ဒီလူကို တားနိုင်လို့လား..."

သူတို့ ငြင်းခုံနေဆဲပင် ရှိသေး၏။

သို့သော် ကျောက်မိသားစု ဘိုးဘေး၏ မျက်နှာမှာ ရုတ်တရက် ဖြူရော်သွားသည်။

သူက အင်မော်တယ် အလင်းတန်းတစ်ခု ထိုးတက်လာသည့် စံအိမ်တော်အပြင်ဘက် ကောင်းကင်ယံသို့ အကြည့်ပို့လိုက်၏။

ထိုနေရာတွင် ပန်းရောင်ဝတ်စုံနှင့် ပုံရိပ်တစ်ခု။

မိန်းမပျို၏ ဓားပျံမှာ ဆန်းမူ အင်မော်တယ်မြို့တော်၏ ကောင်းကင်ထက်ဝက်ကိုပင် ခွဲဖြတ်ပစ်နိုင်မည့်အလား ထွက်ပေါ်လာလေပြီ။

သူက အသံကုန်ဟစ်၍ တားဆီးလိုက်၏။

"တာအိုမိတ်ဆွေ ခဏလောက် စောင့်ပါဦး... ကျုပ်တို့ ကျောက်မိသားစုဘက်က ဆန္ဒရှိပါတယ်..."

"ရွှစ်..."

ကောင်းနျန်အာ၏ အထွတ်အထိပ်အဆင့် မှော်ဓားပျံက တစ်ချက် ဝှေ့ယမ်းသွားသည်။ ကောင်းကင်ယံတွင် မြစိမ်းရောင် ဓားအလင်းတန်းတစ်ခု ဝင်းလက်၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကြီးမားလှသော အခင်းအကျင်း အတားအဆီးဖြင့် ကာကွယ်ထားသော ကျောက်မိသားစုစံအိမ်တော်ကြီးမှာ ထက်ပိုင်း ကွဲအက်သွားသည်။

မဟာအခင်းအကျင်းမှာ လုံးဝ ပျက်စီးသွားလေပြီ။

ကျောက်မိသားစု၏ ခန်းမဆောင်ကြီးပင်လျှင် နှစ်ပိုင်း ပိုင်း ခံလိုက်ရ၏။

ခန်းမဆောင်ကြီးအတွင်း

ကျောက်မိသားစု ဘိုးဘေး၏ မျက်နှာအမူအရာမှာ ကြောင်အမ်းအမ်း ဖြစ်သွား၏။ သူ၏ ဦးခေါင်းထက်တွင် သွေးစီးကြောင်းတစ်ခု ပေါ်လာသည်။

ထို့နောက် ၎င်းက သူ၏ ခန္ဓာကိုယ်နှင့် အတွင်းရှိ မူလဝိညာဉ်ဆီသို့ ပျံ့နှံ့သွားလေ၏။

ထို ဓားတစ်ချက်တည်းကပင်… မိသားစု၏ မဟာအခင်းအကျင်း အတားအဆီးကို ထက်ပိုင်းပိုင်းသွားရုံသာမက သူ၏ ခန္ဓာကိုယ်နှင့် အတွင်းရှိ မူလဝိညာဉ်ကိုပါ ထက်ပိုင်းပိုင်းပစ်လိုက်ခြင်းပင်။

"ဝီ..."

သူ၏ မူလဝိညာဉ်နှင့် ခန္ဓာကိုယ်အတွင်းမှ မြစိမ်းရောင် ဓားအလင်းတန်းများ ယှက်ဖြာလာတော့၏။

နောက်တစ်စက္ကန့်မှာပင် ကျောက်မိသားစု၏ ကျန်ရစ်သော မူလဝိညာဉ်အဆင့် အရှင်သခင်ကြီး ဘိုးဘေး၏ ခန္ဓာကိုယ်မှာ နွေဦးပေါက် နှင်းများအလား အရည်ပျော်ကျသွားကာ ကောင်းကင်နှင့် မြေကြီးကြားတွင် ပစ်လွင့်သွားသော ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။

ဓားတစ်ချက်တည်းဖြင့် ကျောက်မိသားစု ဘိုးဘေး ကျဆုံးသွားလေပြီ။

ထိုအချိန်၌ ကောင်းနျန်အာ.., ကျောက်မိသားစုစံအိမ်အပေါ်သို့ ဆင်းသက်လာ၏။ နောက်ထပ် ဓားတစ်ချက် ခုတ်ပိုင်းလိုက်ချိန်တွင် ကျောက်မိသားစု စံအိမ်တော်တစ်ခုလုံး မြစိမ်းရောင် ဓားအလင်းတန်းများ ဖုံးလွှမ်းသွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ကျောက်မိသားစု၏ အမြုတေ ဖွဲ့စည်းခြင်း အဆင့် အကြီးအကဲများနှင့် မျိုးနွယ်စုအကြီးအကဲများ အားလုံး အသက်မဲ့သွားတော့သည်။

တိတ်ဆိတ်ငြိမ်သက်သွားသော ကျောက်မိသားစုစံအိမ်တော်၏ အပျက်အစီးများကို ကြည့်ရင်း ကောင်းနျန်အာက သူမ၏ လက်ထဲရှိ အထွတ်အထိပ်အဆင့် မှော်ဓားပျံကို စူးစိုက်ကြည့်လိုက်မိ၏။

သူမ၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။

'ငါ့ရဲ့ ခွန်အားက... တကယ်ကြီး ဒီအဆင့်ထိ ရောက်သွားပြီလား...'

'ကျောက်မိသားစုရဲ့ မူလဝိညာဉ်အဆင့် အရှင်သခင်ကြီး ဘိုးဘေးတောင်... ငါ့ရဲ့ ဓားတစ်ချက်ကို မခုခံနိုင်ဘူး...'

ကောင်းနျန်အာက စိတ်လှုပ်ရှားစွာဖြင့် တီးတိုးရေရွတ်လိုက်၏။

"သခင့်ရဲ့ ကျင့်ကြံမှုက ဘယ်အဆင့်ထိများ ရောက်နေပြီလဲ..."

ကျောက်မိသားစု... ဇာတ်သိမ်းသွားလေပြီ။

သူမ သခင်၏ အကူအညီဖြင့် သူတို့ ကောင်းမိသားစုကို သိမ်းပိုက်တော့မည့် ကျောက်မိသားစုမှာ ခဏတွင်းချင်း ပျက်စီးသွားခဲ့ပြီ ဖြစ်ကာ မူလဝိညာဉ်အဆင့် အရှင်သခင်ကြီး နှစ်ပါး ကျဆုံးသွားခဲ့လေပြီ။

အမြုတေ ဖွဲ့စည်းခြင်း အဆင့် အဖွဲ့ဝင်များအားလုံး သေဆုံးသွားခဲ့ပြီ။

ကျန်ရစ်ခဲ့သော ကျောက်မိသားစုဝင်များမှာ ထပ်ပြီး စိုးရိမ်စရာ မလိုတော့ပေ။

ကောင်းနျန်အာက သူမ၏ နှလုံးသားထဲမှ စိတ်လှုပ်ရှားမှုများကို ဖိနှိပ်လိုက်၏။ ထို့နောက် ကျောက်မိသားစု၏ အရင်းအမြစ်များနှင့် ရတနာတိုက်များကို သိမ်းဆည်းလိုက်၏။

သူမက ဆန်းမူ အင်မော်တယ်မြို့တော်မှ မူလဝိညာဉ်အဆင့် အရှင်သခင်ကြီး ငါးပါးကို လျစ်လျူရှုကာ စုယွီ၏ ဘေးသို့ ပြန်လာပြီး စစ်ပွဲမှ ရရှိလာသော အရင်းအမြစ်များအား ပျော်ရွှင်စွာ အပ်နှင်းလိုက်တော့သည်။

ထိုအချိန်တွင် ကောင်းနျန်အာကို ရပ်ဖို့ အော်ဟစ်ခဲ့သူ အပါအဝင် ဆန်းမူ အင်မော်တယ်မြို့တော်၏ မူလဝိညာဉ်အဆင့် အရှင်သခင်ကြီး ငါးပါးစလုံးမှာ ဆွံ့အငြိမ်သက်နေကြလေပြီ။

သူတို့၏ အကြည့်များက စုယွီ၏ ဘေးသို့ ပြန်သွားသော ကောင်းနျန်အာနောက်သို့ ကပ်ညှိသွား၏။

သူမ၏ စုယွီအပေါ် ပြသနေသော ရိုသေလေးစားမှုက သူတို့၏ နှလုံးသားများကို ပို၍ အေးစက်သွားစေသည်။

သူမ၏ ခွန်အားကပင် ဤမျှလောက် အံ့မခန်း ဖြစ်နေပြီဆိုလျှင်... သူမ ဤမျှ ရိုရိုသေသေ အလုပ်အကျွေး ပြုနေရသော ထိုလူ၏ ခွန်အားအဆင့်က ဘယ်လောက်တောင် ရှိနေမည်နည်း။

ဆန်းမူ အင်မော်တယ်မြို့တော်အတွင်းရှိ အခြားသော ကျင့်ကြံသူများမှာလည်း စကားတစ်ခွန်းမျှ မဟနိုင်တော့ဘဲ ထိုအချိန်တွင် ငြိမ်ကျသွားတော့၏။

သူတို့၏ စိတ်အာရုံများပင် အနည်းငယ် ရှုပ်ထွေးနောက်ကျိနေကြသည်။

'ကျောက်မိသားစုက... ဒီလိုပဲ ပြီးဆုံးသွားပြီလား...'

'ကောင်းမိသားစုရဲ့ ခွန်အားက... ဒီလောက်တောင် ကြောက်စရာကောင်းလာတာလား...'

အချိန်အတော်ကြာပြီးနောက် ဆန်းမူ အင်မော်တယ်မြို့တော်၏ မူလဝိညာဉ်အဆင့် အရှင်သခင်ကြီး ငါးပါး အတူတကွ ထွက်လာကြ၏။

"ဆန်းမူ အင်မော်တယ်မြို့တော်ကို ကြွချီလာတဲ့ ဆီနီယာ အရှင်သခင်ကြီးကို ကျုပ်တို့ ကြိုဆိုပါတယ်…”

သူတို့သည် အင်မော်တယ်မြို့တော်နှင့် မလှမ်းမကမ်းရှိ စုယွီထံသို့ သွားကာ ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။

ညအမှောင်ထု ကျဆင်းလာ၏။

ပင်လယ်၏ ငန်ကျိကျိ ရနံ့များ သယ်ဆောင်လာသော ညလေညင်းက ညင်သာစွာ တိုက်ခတ်နေလေ၏။

All Chapters