အခန်း ၉၀၀
Vol. 60 Ch. 900
အခန်း (၉၀၀) ပင်လယ်နယ်မြေအတွင်းသို့ ဝင်ရောက်ခြင်း၊ ဝိညာဉ် ခွဲထွက် ခြေရာများ
ဆန်းမူအင်မော်တယ်မြို့တော်ရှိ ကောင်းမိသားစုပိုင်ဆိုင်ခဲ့သော သုံးထပ် ကုန်သွယ်ရေးအဆောက်အအုံထက်တွင် မတ်တတ်ရပ်ရင်း စုယွီသည် အရှေ့ဘက်ရှိ ပင်လယ်နယ်မြေဆီသို့ အကြည့်ပို့လွှတ်လိုက်၏။
မွန်းကျပ်ဖွယ် ညအမှောင်ထုအောက်တွင် ပင်လယ်ပြင်ကြီးသည် ဖော်ပြ၍မရနိုင်သော ဖိအားတစ်ရပ်ကို သယ်ဆောင်ထားသလို ရှိနေ၏။
မကြာမီမှာပင် စုယွီ၏ အနောက်ဘက်ဆီမှ မိန်းမပျိုတစ်ဦး၏ သင်းပျံ့သော ရနံ့လေး လွင့်ပျံလာသည်။
ကောင်းနျန်အာသည် စုယွီ၏ အနီးသို့ ပို၍ မကပ်ရဲတော့ဘဲ ခြေလှမ်းများကို ရပ်တန့်လိုက်ကာ ခေါင်းကို အနည်းငယ် ငုံ့ညွှတ်လျက် တိုးညင်းစွာ ဆိုလိုက်၏။
"သခင်..."
စုယွီက တည်ငြိမ်သော လေသံဖြင့်...
"အင်မော်တယ်မြို့တော်တစ်ခုကို သိမ်းပိုက်ရတာ၊ အမြဲတမ်း အထက်စီးကနေ နေတတ်တဲ့သူတွေကို မင်းရှေ့မှာ ခေါင်းငုံ့သွားစေပြီး စကားကျယ်ကျယ်တောင် မပြောရဲအောင် လုပ်ရတာ..."
"ဘယ်လို ခံစားရလဲ..."
ကောင်းနျန်အာ၏ မျက်နှာပေါ်တွင် မိန်းမောတွေဝေနေသည့် အရိပ်အယောင်များ ပေါ်ထွက်လာ၏။
ယနေ့ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောင်း တွေးတောလိုက်မိသည့်အခါ အိပ်မက်မက်နေသလိုပင် ခံစားနေရဆဲ ပါပင်။
ရန်သူများကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့ရုံသာမက ဆန်းမူအင်မော်တယ်မြို့တော်မှ ကျင့်ကြံသူများကိုပါ ခေါင်းငုံ့သွားစေခဲ့သည် မဟုတ်ပါလော။
ထို ခံစားချက်က...။
ကောင်းနျန်အာက တိုးညှင်းသော လေသံဖြင့် ပြန်ဖြေလိုက်၏။
"အရမ်းကို... ထူးခြားဆန်းကြယ်လှပါတယ်..."
ယနေ့တွင် သူမသည် အတွေ့အကြုံများစွာကို ရရှိခဲ့လေပြီ။ ခွန်အား၊ အဆင့်အတန်း၊ ဩဇာအာဏာ စသည်တို့ကို စုယွီ၏ ကျောထောက်နောက်ခံဖြင့် တစ်ခုပြီးတစ်ခု ဆုပ်ကိုင်နိုင်ခဲ့သည်။
သည်အခြေအနေက သူမ တစ်ခါမှ မြည်းစမ်းမကြည့်ဖူးခဲ့သော အရသာများပင် ဖြစ်တော့၏။
ယခု စုယွီက ၎င်းတို့အကြောင်းကို ထပ်မံ ပြောဆိုလာသည့်အခါ ကောင်းနျန်အာ၏ နှလုံးသားထဲတွင် ထူးဆန်းသော မှော်စွမ်းအားတစ်ခု ပေါ်လာသလို ခံစားလိုက်ရသည်။
ခွန်အား၊ အဆင့်အတန်းနှင့် ဆန်းမူအင်မော်တယ်မြို့တော်ရှိ လူတိုင်းကို ခေါင်းငုံ့သွားစေနိုင်သော ဩဇာအာဏာတို့က သူမအား ဖမ်းစားညှို့ယူနေလေပြီ။
သူမ၏ စိတ်အာရုံထဲတွင် ထိုကဲ့သို့သော ခွန်အား၊ ထိုကဲ့သို့သော အဆင့်အတန်းမျိုးကို ပြင်းပြစွာ တောင့်တလာမိသည်။
စုယွီက အနောက်သို့ လှည့်ကာ သူမအား ကြည့်လိုက်ပြီး မျက်နှာပေါ်တွင် အပြုံးရိပ်တစ်ခု သန်းသွား၏။
"မင်းရဲ့ ဘိုးဘေးမှာက ပါရမီအကန့်အသတ် ရှိနေတယ်... သက်တမ်းကုန်ဆုံးမယ့် ကံကြမ္မာကနေ မင်းရဲ့ ဘိုးဘေး လွတ်မြောက်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ..."
"ဒါပေမဲ့ မင်းကတော့ ကွာခြားတယ်... ကြိုးကြိုးစားစား ကျင့်ကြံပါ... တစ်နေ့ကျရင် မင်းက မင်းရဲ့ ဘိုးဘေးနေရာကို ဆက်ခံပြီး ကောင်းမိသားစုကို ထွန်းတောက်အောင် ဦးဆောင်နိုင်လိမ့်မယ်..."
"အဲဒီအချိန်ကျရင် ဆန်းမူပြည်နယ်ကို အုပ်ချုပ်ပြီး ဆန်းမူအင်မော်တယ်မြို့တော်ကို ထိန်းချုပ်နိုင်ဖို့ဆိုတာ မခက်ပါဘူး..."
မြေကမ္ဘာအဆင့် သစ်သားဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ထားပြီး အသက် လေးဆယ်ကျော်ရုံသာ ရှိသေးသော ကောင်းနျန်အာမှာ အံ့မခန်း ပါရမီရှင်ပင်။ မြေတောင်မြှောက်ပေးရန် ထိုက်တန်သူတစ်ဦး ဖြစ်သည်။
ထို့ကြောင့် စုယွီ၏ စကားများထဲတွင် တာအိုတေးသံ အသက်သွင်းထား
ခဲ့လေသည်။
တာအိုတေးသံ ကိုယ်တိုင်က ကောင်းနျန်အာ၏ နှလုံးသားထဲသို့ နက်ရှိုင်းစွာ စွဲထင်သွားသလိုပင် သူမ၏ အတွင်းစိတ်မှ ခွန်အား၊ အဆင့်အတန်းနှင့် ဩဇာအာဏာအပေါ် ပြင်းပြသော ရည်မှန်းချက်များကို ပိုမို တောက်လောင်လာစေတော့၏။
ထို့ကြောင့် ကောင်းနျန်အာက စုယွီအား ကြည့်လိုက်ချိန်တွင် သူမ၏ အကြည့်များထဲ၌ ညှို့ယူဖမ်းစားခံထားရသည့် ရူးသွပ်မှု အလွှာတစ်ခု ထပ်တိုးလာသည်။
သို့သော်လည်း စုယွီ စကားပြောပြီးနောက် သူ၏ ပုံရိပ်မှာ ဝေဝါးသွားပြီး မည်သည့်အချိနါကမှ မတည်ရှိခဲ့သလို ပျောက်ကွယ်သွား၏။
"မနက်ဖြန်ကျရင် မင်းကို ပင်လယ်ထဲ ခေါ်သွားမယ်..."
ကောင်းနျန်အာက ခါးညွှတ်ကာ အရိုအသေပေးလိုက်၏။
"ဟုတ်ကဲ့ပါ သခင်..."
ခဏအကြာတွင် ကောင်းနျန်အာသည် မတ်တတ်ပြန်ရပ်လိုက်ပြီး သူမ၏ အကြည့်များက ပင်လယ်နယ်မြေဆီသို့ ရောက်ရှိသွားသည်။ သူမ၏ မျက်ဝန်းများ တလက်လက် တောက်ပနေပြီး ထိုညှို့ယူဖမ်းစား
နိုင်သော အသံ၏ သွေးဆောင်မှုကို မည်သို့မျှ မတွန်းလှန်နိုင်တော့ပေ။
ကောင်းနျန်အာက တကိုယ်တည်း တီးတိုးရေရွတ်လိုက်၏။
'သခင့်ရဲ့ နောက်ကို လိုက်မှသာ ဒီလိုအရာတွေကို ရရှိနိုင်မှာပဲ...'
ယခင်ကဆိုလျှင် သူမ၏ ဘိုးဘေးသည် ကောင်းမိသားစုဝင်များ လိုက်နာရန် မိသားစု စည်းမျဉ်းများနှင့် ဘိုးဘေးသွန်သင်ချက်များကို အဘယ်ကြောင့် ချမှတ်သနည်း။ ဤလူအား သခင်အဖြစ် အဘယ်ကြောင့် အသိအမှတ်ပြုခိုင်းခဲ့သနည်းဆိုသည်ကို သူမ နားမလည်ခဲ့ပေ။
ယခုတော့...သူမတို့ မိသားစု၏ ဘိုးဘေး ကောင်းယွမ်ယွမ်၏ အမျှော်အမြင် ကြီးလှသော ရည်ရွယ်ချက်ကို ကောင်းနျန်အာ စတင် နားလည်လာခဲ့လေပြီ။
သခင်ကြီး၏ နောက်သို့ အနီးကပ် လိုက်ပါမှသာလျှင် ကောင်းမိသားစုအတွက် မျှော်လင့်ချက်ရှိပြီး ကြီးပွားတိုးတက်နိုင်မည့် အနာဂတ်အား ပိုင်ဆိုင်နိုင်မည် မဟုတ်ပါလော။
ထိုအခါမှသာ သူမနှင့် သူမ၏ ဘိုးဘေးတို့သည် ပိုမို မြင့်မားသော အင်မော်တယ်တာအို ကျင့်ကြံခြင်း အခွင့်အရေးကို ရှာဖွေနိုင်လေမည်။
ဤအချက်ကို သဘောပေါက်သွားသည်နှင့် ကောင်းနျန်အာ၏ အကြည့်များက ပို၍ ထက်ရှသွား၏။ သူမက အကြည့်များကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး သူမ၏ အောက်ဘက်ရှိ ဧရာမ အင်မော်တယ်မြို့တော်ကြီးကို စီးမိုးကြည့်လိုက်တော့၏။
'သခင် ရှိနေသရွေ့... တစ်နေ့ကျရင် ငါ ဆန်းမူပြည်နယ်ကို အုပ်ချုပ်ပြီး ဒီအင်မော်တယ်မြို့တော်ကြီးကို အမှန်တကယ် ထိန်းချုပ်နိုင်လိမ့်မယ်... ပြီးတော့ သခင် ပြီးရင် ဒီနေရာမှာ ငါဟာ တစ်ဦးတည်းသော အာဏာပိုင် ဖြစ်လာရမယ်...'
ကောင်းနျန်အာက စိတ်ထဲမှ တိတ်တဆိတ် တွေးတောလိုက်၏။
ဤတစ်ကြိမ် စုယွီ၏ ရည်ရွယ်ချက်မှာ ဆန်းမူပြည်နယ်သို့ လာလည်ဖို့ မဟုတ်သလို ကောင်းမိသားစု၏ အခြေအနေကို စစ်ဆေးရန်လည်း မဟုတ်ပေ။ ဟွမ်လင်းကျွန်းအတွက်လည်း မဟုတ်ပါ။
သူ၏ ရည်ရွယ်ချက်မှာ ရွှမ်လိပ်မျိုးနွယ်စုကို ပစ်မှတ်ထားကာ ပင်လယ် လွှမ်းမိုး တောင်တန်း နယ်မြေအတွင်းသို့ နက်ရှိုင်းစွာ ဝင်ရောက်ရန်သာ။
အကယ်၍ တာ့ချန် ကျင့်ကြံခြင်းကမ္ဘာက အရင်ဆုံး စတင် မလှုပ်ရှားချင်ဘဲ အေးချမ်းသော အချိန်ကာလတစ်ခုကို လိုလားနေမည်ဆိုလျှင်... အကောင်းဆုံး နည်းဗျူဟာမှာ ရွှမ်လိပ်မျိုးနွယ်စုကို သူတို့အား အာရုံမစိုက်နိုင်လောက်အောင် အလုပ်များနေစေရန် ပြုလုပ်ရမည်။
တာ့ချန် ကျင့်ကြံခြင်းကမ္ဘာကို ထပ်မံ မစော်ကားတော့ဘဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရန် ရွေးချယ်လာစေရန် ဖြစ်၏။
ဤသို့ ဖြစ်မြောက်ရန်အတွက်က...
'ရွှမ်လိပ်မျိုးနွယ်စု... အဆင့် ၅ ရွှမ်လိပ် ဘယ်နှစ်ကောင်တောင် ရှိနေမလဲ မသိဘူး...'
'ဆယ်ကောင်လောက်တော့ ရှိမလား...'
'ဆယ်ကောင် ရှိတယ်လို့ပဲ ထားပါတော့... ရုတ်တရက်ကြီး ငါးကောင် ခြောက်ကောင်လောက် သေသွားမယ်ဆိုရင်... ရွှမ်လိပ်မျိုးနွယ်စုက တာ့ချန် ကျင့်ကြံခြင်းကမ္ဘာနဲ့ ပင်လယ်မှောက် ရွှမ်လိပ်တို့ကို စောင့်ကြည့်ဖို့ အင်အား ရှိတော့မှာ မဟုတ်ဘူး...'
သူ၏ ဂူစံအိမ်အတွင်း၌ စုယွီက ပင်လယ်နယ်မြေအတွင်းသို့ ဝင်ရောက်ပြီးနောက် ဖြစ်လာမည့် ကိစ္စရပ်များကို စဉ်းစားတွေးတောနေခြင်းပါ။
ပင်လယ်မှောက် ရွှမ်လိပ်မျိုးနွယ်စု၏ မတည်ငြိမ်သော အကြောင်းရင်းကို ဖြေရှင်းမည့်အပြင် နတ်ဘုရား ဖြစ်တည်ခြင်း သိုင်းကျမ်းကို ဆက်လက် ကျင့်ကြံရန်အတွက် ပင်လယ်နယ်မြေအတွင်းသို့ ဝင်ရောက်လိုသော ရည်ရွယ်ချက်လည်း ရှိနေသေးသည်။
ဖြစ်နိုင်မည်ဆိုလျှင် ပင်လယ်နယ်မြေမှ သူ ပြန်လည်ရောက်ရှိလာချိန်တွင် ဝိညာဉ်ခွဲထွက် အဆင့်နှင့် သိပ်မဝေးတော့သည့် အနေအထားသို့ ရောက်ရှိနေနိုင်၏။
ဝိညာဉ်ခွဲထွက် အဆင့်သို့ အဆင့်ချိုးဖြတ်ခြင်းကိုတော့ ပင်လယ်နယ်မြေအထက်တွင် လုံးဝ ပြုလုပ်၍ မဖြစ်နိုင်ပေ။
အဆင့်ချိုးဖြတ်ရန် အကောင်းဆုံး နေရာမှာ လူသူကင်းမဲ့သော ဝိညာဉ်ကင်းမဲ့မြေ ယွဲ့ အင်မော်တယ်မြို့တော် အပျက်အစီး နယ်မြေ ပင်။
ထိုအချိန်ကျလျှင် ယွဲ့ရှန်းအိမ်တော်၏ ဝိညာဉ်သစ်ပင် ဝူထုံကြီး ချန်ရစ်ခဲ့သော ခန္ဓာကိုယ်ကို ရွေးချယ်မည်လား... သို့မဟုတ် သူ၏ နတ်ဘုရား ခန္ဓာကိုယ်အတွက် သူ၏ လက်ထဲတွင်ရှိသော ရုပ်တုတစ်ပိုင်းကို ဝိညာဉ်ပစ္စည်းအဖြစ် ရွေးချယ်မည်လားဆိုသည်ကိုပါ သူ ဆုံးဖြတ်နိုင်လေမည်။
နောက်တစ်နေ့ နံနက်ခင်းဝယ်၊ လှေပျံတစ်စင်းသည် ဆန်းမူအင်မော်တယ်မြို့တော်မှ ပျောက်ကွယ်သွားပ
၏။ ပင်လယ်နယ်မြေပေါ်ရှိ နံနက်ခင်း နေမင်းကြီး၏ အလင်းရောင်ကို နှုတ်ဆက်လျက် အဝေးသို့ ထွက်ခွာသွားလေသည်။
ထိုအခိုက်အတန့်မှာ စုယွီနှင့် ကောင်းနျန်အာတို့ကို စေ့စေ့စပ်စပ် စောင့်ကြည့်နေခဲ့ကြသော ဆန်းမူအင်မော်တယ်မြို့တော်၏ မူလဝိညာဉ်အဆင့် အရှင်သခင်ကြီးများမှာ သက်ပြင်းချနိုင်သွားကြသော်လည်း မသိမသာ ရင်ပူလာရပြန်သည်။
ကျောက်မိသားစုကတော့ ပျက်သုဉ်းသွားခဲ့ပြီ ဖြစ်၏။
ဤစွမ်းအားရှင် နှစ်ဦး ဆန်းမူအင်မော်တယ်မြို့တော်မှ ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် ပင်လယ်မျိုးနွယ်စုနှင့် ရက်စက်ကြမ်းကြုတ်သော ပင်လယ်သားရဲလှိုင်းလုံးများကို ကာကွယ်ရမည့် အခက်အခဲမှာ သိသိသာသာ ကြီးမားသွားသည်။
"ကောင်းမိသားစု ခေါင်းဆောင်နဲ့ အတူတူရှိနေတဲ့သူက အတိအကျ ဘယ်သူများလဲ..."
"ကောလဟာလတွေ အရဆိုရင် ကောင်းမိသားစုရဲ့ တိုးတက်လာမှုက လွန်ခဲ့တဲ့ နှစ်ရာအနည်းငယ်လောက်က ကောင်းမိသားစုမှာ ပေါ်လာခဲ့တဲ့ ထူးဆန်းပြီး စွမ်းအားကြီးတဲ့ ကျင့်ကြံသူ တစ်ယောက်ကြောင့်လို့ ပြောကြတယ်... ကောလဟာလတွေထဲက လူက ဒီပုဂ္ဂိုလ်များ ဖြစ်နေမလား..."
"ဒါပေမဲ့ ဒီပုဂ္ဂိုလ်က အရမ်း ငယ်သေးတယ်... ပြီးတော့ ငါက သူ့ရဲ့ ကျင့်ကြံမှုအဆင့်ကိုတောင် အာရုံခံလို့ မရဘူး..."
ယခုအခါ ဆန်းမူအင်မော်တယ်မြို့တော်၏ မူလဝိညာဉ်အဆင့် အရှင်သခင်ကြီးများသည် ပင်လယ်မျိုးနွယ်စုနှင့် ကြမ်းကြုတ်သော ပင်လယ်သားရဲလှိုင်းလုံးများကို မည်သို့ ရင်ဆိုင်ရမည်အပြင် ကျောက်မိသားစုနှင့် ကောင်းမိသားစု ကိစ္စများကို မည်သို့ ကိုင်တွယ်ရမည်ကိုပါ တိုင်ပင်ဆွေးနွေးရန် တိတ်တဆိတ် စုဝေးနေကြ၏။
အနှီပုဂ္ဂိုလ်က ကောင်းမိသားစုကို ကျောထောက်နောက်ခံ ပေးထားသရွေ့ အနည်းဆုံး လာမည့် နှစ်ရာအနည်းငယ်အတွင်း သူတို့၏ လုံခြုံရေးအတွက် ပြဿနာ ရှိမည်မဟုတ်ကြောင်း စိတ်ကူးကြည့်၍ ရနိုင်သည်။
ထို့အပြင် ယခင်က ကောင်းမိသားစု၏ ဩဇာလွှမ်းမိုးမှုနှင့် အရင်းအမြစ်များအရ...
ကောင်းမိသားစုနှင့် ပူးပေါင်းဆောင်ရွက်ပြီး သူတို့၏ အချိတ်အဆက်များကို ခိုင်မာအောင် တည်ဆောက်ရမည့် အချိန်ရောက်လာပေပြီ။
မူလဝိညာဉ်အဆင့် အရှင်သခင်ကြီးများ ဦးဆောင်သော အင်အားစု အများအပြားမှာ ကိုယ်ပိုင် တွေးခေါ်မှုများနှင့် အကြံအစည်များ ရှိနေကြလေပြီ။
....
လှေပျံပေါ်၌
သစ်သားဝိညာဉ်အမြစ် လျှို့ဝှက်ပညာရပ်အား ကောင်းနျန်အာထံသို့ စုယွီ လက်ဆင့်ကမ်းပေးလိုက်၏။
ရှေးဟောင်း ယွဲ့အင်မော်တယ် စံအိမ်၏ သိုင်းကျမ်းတစ်သောင်း မျှော်စင်မှ မြစ်ဖျားခံလာသော အလွှာ ငါးခု ဝိညာဉ် ခွဲထွက် လျှို့ဝှက်ပညာရပ် ဖြစ်သည့် ဖီးနစ်သစ်ပင် နတ်ဘုရား
သစ်သားကျင့်စဉ် ဖြစ်ပေ၏။
သို့သော်လည်း စုယွီ လက်ဆင့်ကမ်းပေးလိုက်သော ကျင့်စဉ်တွင် ပထမ အလွှာလေးလွှာသာ ပါဝင်သည်။
"သေသေချာချာ ကျင့်ကြံပါ... တစ်နေ့ကျရင် မင်း မူလဝိညာဉ် နှောင်းပိုင်း အဆင့် ရောက်လာခဲ့ရင် ဝိညာဉ် ခွဲထွက် အဆင့် အလွှာကို ငါ လက်ဆင့်ကမ်းပေးမယ်..."
စုယွီက အပြုံးလေး တစ်ခုဖြင့် တိုးညှင်းစွာ ပြောလိုက်၏။
*
ပင်လယ် လွှမ်းမိုး တောင်တန်းဟု ခေါ်တွင်သော ပင်လယ်နယ်မြေအတွင်းသို့ ဝင်ရောက်သွားချိန်တွင် ပုံမှန်မဟုတ်သည့် အခြေအနေအား ခံစားလိုက်ရသည်။
လေထုထဲတွင် သွေးနံ့သင်းသင်းလေး ပျံ့နှံ့နေလေ၏။
အောက်ဘက်ရှိ ပင်လယ်ပြင်မှာ တည်ငြိမ်နေသော်လည်း ပင်လယ်နယ်မြေအထက် ကောင်းကင်ယံတွင် နိမိတ်မကောင်းသော အရှိန်အဝါများ ရစ်ဝဲနေ၏။ ဖော်ပြ၍မရနိုင်သော မွန်းကျပ်ဖွယ် ဖိအားများကို ဖြစ်ပေါ်နေစေသည်။
အတိတ်ကာလများက ကမ်းရိုးတန်းဒေသများအနီးတွင် ပင်လယ်သားရဲများ၏ ခြေရာများကို ရှာတွေ့ရန် ရှားပါးလှ၏။
ပုံမှန်အားဖြင့် ဟွမ်လင်းကျွန်းဆီသို့ ဦးတည်သွားသော သာမန် ပင်လယ်ကူးသင်္ဘောတစ်စင်းသည် အနည်းဆုံး တစ်နှစ်ခန့် ကြာမြင့်လေမည်။
သို့သော် စုယွီက ဟင်းလင်းပြင် ကူးပြောင်းခြင်းအတွက် ဟင်းလင်းပြင် တာအိုကို မကြာခဏ အသုံးပြုလိုက်သောကြောင့် သူ၏ လှေပျံမှာ ဆယ်ရက်ပင် မပြည့်မီ ဟွမ်လင်းကျွန်းအထက်သို့ ရောက်ရှိလာခဲ့လေပြီ။
ထို့အပြင် လှေပျံပေါ်တွင် စုယွီ၏ အကူအညီဖြင့် ကောင်းနျန်အာမှာ ဖီးနစ်သစ်ပင် နတ်ဘုရားသစ်သားကျင့်စဉ် သို့ ကူးပြောင်းခြင်းကို အောင်မြင်စွာ ကျင့်ကြံပြီးသွား၏။
ယခင်က သူမ ကျင့်ကြံခဲ့သော ကျင့်စဉ်များနှင့် နှိုင်းယှဉ်ပါက ကောင်းနျန်အာ၏ အရှိန်အဝါမှာ အဆပေါင်းများစွာ ပိုမို အားကောင်းလာခဲ့၏။
ထို့အပြင် သူမ၏ သစ်သားဝိညာဉ်အမြစ် လျှို့ဝှက်ပညာရပ် ကျင့်ကြံမှုကို အထောက်အကူပြုရန် စုယွီ လက်ဆောင်ပေးထားသော အဆင့် ၃ ဝိညာဉ်အရည်များကြောင့် ကောင်းနျန်အာ၏ ကျင့်ကြံခြင်း အမြန်နှုန်းမှာ အလွန်တရာ တိုးတက်လာသည်။
ဟွမ်လင်းကျွန်းမှာ မသေးငယ်လှပေ။ ပင်လယ်ပေါ်ရှိ ကျွန်းတစ်ကျွန်းသာ ဖြစ်သော်လည်း ဟွမ်လင်းကျွန်း၏ အမှန်တကယ် အရွယ်အစားမှာ တာ့ယွဲ့ နယ်မြေ၏ တစ်ဝက်ခန့် ရှိသည်။
ယခုအချိန်တွင် ကျွန်းကို ဖျက်ဆီးနေသော ပင်လယ်သားရဲများ၏ ခြေရာများကို နေရာအနှံ့အပြားတွင် တွေ့မြင်နေရ၏။
ကျွန်း၏ အစွန်အဖျား ပတ်လည်ရှိ ကာကွယ်ရေးမျဉ်းမှာ ကြမ်းကြုတ်သော ပင်လယ်သားရဲလှိုင်းလုံးများ၏ ထိုးဖောက် ဝင်ရောက်ခံလိုက်ရသည်။ ကမ်းရိုးတန်းအစွန်အဖျားရှိ ဆိပ်ကမ်းများစွာမှာလည်း ယခုအခါ အပျက်အစီးများ ဘဝပြောင်းနေချေပြီ။
ဆိပ်ကမ်းများကို သိမ်းပိုက်ထားသော ပင်လယ်သားရဲအချို့မှာ ထိုနေရာတွင် ပျင်းရိပျင်းတွဲ လဲလျောင်းကာ အိပ်စက်နေကြ၏။
လှေပျံပေါ်မှနေ၍ စုယွီနှင့် ကောင်းနျန်အာတို့က အောက်ဘက်ရှိ ကျယ်ပြောလှသော ကျွန်း၏ မြေပြင်ကြီးကို ငုံ့ကြည့်လိုက်ကြသည်။
ကျွန်း၏ အလယ်ဗဟိုဘက်သို့ အကြည့်ပို့လိုက်ရာ မြောက်များစွာသော ပင်လယ်မျိုးနွယ်စုဝင်များနှင့် ပင်လယ်သားရဲများ၏ ကြမ်းကြုတ်သော အရှိန်အဝါများကို ဝိုးတဝါး အာရုံခံနိုင်သည်။ သောင်းနှင့်ချီသော ပင်လယ်သားရဲများ၏ တိုက်ခိုက်မှုကို ခုခံနေသည့် ကျွန်း၏ အစိတ်အပိုင်းတစ်ခု။ ၎င်းအား လွှမ်းခြုံထားသော အခင်းအကျင်း အတားအဆီး တစ်ခုကိုလည်း မြင်တွေ့ရသည်။
ကောင်းနျန်အာ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွား၏။ သူမက တိုးညှင်းသော လေသံဖြင့်...ပြောလိုက်သည်။
"သခင်... ပင်လယ်သားရဲတွေနဲ့ ပင်လယ်မျိုးနွယ်စုဝင်တွေ အရမ်းများပါတယ်..."
စုယွီ၏ အရှိန်အဝါက စူးစမ်းရှာဖွေလိုက်ရာ ဟွမ်လင်းကျွန်းပေါ်ရှိ အဆင့်လေး အထွတ်အထိပ် လျှို့ဝှက်နယ်မြေအတွင်း၌ ရင်းနှီးနေသော အရှိန်အဝါ နှစ်ခု ရှိနေကြောင်း အာရုံခံမိလိုက်၏။
အခြားသူ မဟုတ်ဘဲ သူ၏ လက်အောက်ခံများဖြစ်ကြသော ကောင်းယွမ်ယွမ်နှင့် တာအိုမိတ်ဆွေ ကျင်းဖုန်းတို့ နှစ်ဦးပင် ဖြစ်ကြ၏။
သူက ကောင်းနျန်အာကို ခေါ်ကာ ဟွမ်လင်းကျွန်းအား ကယ်ဆယ်ရန် ပြင်လိုက်၏။
ထိုအခိုက် စုယွီ၏ မျက်ခုံးတန်းများ ရုတ်တရက် တွန့်ကွေးသွားပြီး သူ၏ အကြည့်များက ပင်လယ်နယ်မြေ၏ အရှေ့ဘက်ခြမ်းသို့ ရောက်ရှိသွားသည်။
သူ၏ အာရုံခံနိုင်စွမ်းအောက်တွင် လူသားမျိုးနွယ် ဝိညာဉ် ခွဲထွက်အဆင့် အစောပိုင်း အရှင်သခင်တစ်ပါးနှင့် အဆင့် ငါး ပင်လယ်မျိုးနွယ်စု အရှင်သခင်တစ်ပါးတို့၏ အရှိန်အဝါများ.. ဟွမ်လင်းကျွန်းဆီသို့ အရှိန်အဟုန်ပြင်းစွာဖြင့် ချဉ်းကပ်လာနေကြလေပြီ။