← Chapters

အခန်း ၃၀၆

Vol. 31 Ch. 306

အခန်း ၃၀၆

Vol. 31 Ch. 306

အခန်း (၃၀၆) ချိုးမိသားစုနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်း

တစ်ပြိုင်နက်တည်း၌ ကျိုးယွမ်က အပြင်သို့ ပစ်လွှတ်လိုက်သည့် အဆင့် ၆ မိုးကြိုးနှင့်မီး ပေါင်းစပ်မှော်အဆောင်နှစ်ခုသည် ကောင်းကင်ယံမှ ကျဆင်းလာသော လက်ဝါးကြီးနှင့် ပြင်းထန်စွာ ပေါက်ကွဲတိုက်မိသွားတော့သည်။

မိုးကြိုးများနှင့် မီးတောက်များ ဝန်းရံသွားသည့် ချိန်တွင် ထိုလက်ဝါးကြီးသည် ချက်ချင်းပင် မည်းတူးသွားပြီး ညည်းတွားသံတစ်ချက် ထွက်ပေါ်လာခဲ့သည်။

ပန်းတစ်ရာနတ်သမီး၏ မျက်နှာသည် အလွန်အမင်း ကြည့်ရဆိုးသွား၏။ သူမ၏ လက်ဝါးပေါ်တွင် ဒဏ်ရာအချို့ ပေါ်ပေါက်လာခြင်းကြောင့် ကျိုးယွမ်၏ စွမ်းဆောင်ရည်အပေါ် အံ့ဩသွားရသလို သူမ၏ သတ်ဖြတ်လိုစိတ်များသည်လည်း ပိုမိုပြင်းထန်လာခဲ့သည်။

"မင်းတို့တွေက ငါ့ကိုသတ်ဖို့ အရည်အချင်းမပြည့်မီသေးဘူး... နောက်တစ်ခေါက်မှပဲ မင်းတို့နဲ့ ကစားပေးတော့မယ်"

ကျိုးယွမ်သည် ကောင်းကင်ယံရှိ လူနှစ်ယောက်ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် ခန္ဓာကိုယ် လှုပ်ရှားလိုက်သည်နှင့် တစ်ခဏချင်းအတွင်း လုံးဝ ပျောက်ကွယ်သွားတော့သည်။

ယဲ့ဝမ်နှင့် ပန်းတစ်ရာနတ်သမီးတို့သည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ကြပြီး စိတ်ဝိညာဉ်အာရုံကို အရပ်မျက်နှာအနှံ့သို့ လျင်မြန်စွာ ဖြန့်ကြက်လိုက်ကြ၏။

သို့သော်လည်း ခေတ္တမျှ ကြာသည့်ချိန်တွင် သူတို့၏ မျက်နှာများမှာ ဖြူလျော်သွားကြရသည်။ သူတို့သည် ကျိုးယွမ်၏ အရိပ်အယောင်ကို လုံးဝ ပျောက်ဆုံးသွားခဲ့ရခြင်း ဖြစ်သည်။

ဤအခိုက်အတန့်တွင် ယဲ့ဝမ်နှင့် ပန်းတစ်ရာနတ်သမီးတို့၏ မျက်နှာပေါ်ရှိ သတ်ဖြတ်လိုစိတ်များသည် ရုပ်လုံးပေါ်လုနီးပါး ပြင်းထန်နေတော့သည်။

သန္ဓေပြောင်းဝိညာဉ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်သည် ကောင်းကင်ဖြစ်စဉ်အဆင့် ကျွမ်းကျင်သူနှစ်ယောက်၏ ပူးတွဲတိုက်ခိုက်မှုကို ရှောင်တိမ်းသွားနိုင်သည်ဟူသော သတင်းသာ ပျံ့နှံ့သွားပါက မည်သူမျှ ယုံကြည်ကြမည် မဟုတ်ပေ။

သို့သော် ဤအကြောင်းရင်းကြောင့်ပင် သူတို့၏ သတ်ဖြတ်လိုစိတ်က ပိုမိုပြင်းထန်လာရခြင်း ဖြစ်သည်၊ အကြောင်းမှာ ဤကဲ့သို့သောသူမျိုး ကြီးထွားလာပါက သူတို့အတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်လာမည်မှာ သေချာသောကြောင့်ပင်။

ထိုချိန်တွင် ဟန်မိသားစု၊ ချိုးမိသားစု၊ ကျန်းမိသားစုနှင့် လျိုမိသားစုတို့မှ ဘိုးဘေးလေးယောက် ရောက်ရှိလာကြသည်။ ဤမြင်ကွင်းကို မြင်လိုက်ရသည့် ချိန်တွင် သူတို့၏ မျက်နှာအမူအရာများမှာ အလွန်အမင်း ခက်ထန်သွားကြတော့သည်။

စွန်းမိသားစု ဘိုးဘေး၏ အလောင်းကို မြင်လိုက်ရသည့် ချိန်တွင် အားလုံး၏ မျက်သူငယ်အိမ်များသည် မသိစိတ် အလျောက် ကျုံ့ဝင်သွားကြရ၏။

တစ်ဖက်လူအနေဖြင့် စွန်းမိသားစု ဘိုးဘေးကို သတ်ဖြတ်ရန် အသုံးပြုခဲ့သည့် အချိန်မှာ အလွန်တိုတောင်းလှပြီး အသက်ရှူရုံမျှ အချိန်သာ ကြာမြင့်ခဲ့သဖြင့် ထိုသူ၏ နည်းလမ်းများ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းကြောင်း ထင်ရှားနေသည်။

အကယ်၍ တစ်ဖက်လူက စွန်းမိသားစု ဘိုးဘေးကို သတ်နိုင်လျှင် သူတို့ကိုလည်း သတ်နိုင်သည်မှာ အမှန်ပင်။

အရေးကြီးဆုံးအချက်မှာ တစ်ဖက်လူသည် အဆောင်သခင်တစ်ယောက် ဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းသော မှော်အဆောင်များစွာကို ပိုင်ဆိုင်ထားခြင်းပင် ဖြစ်သည်။

ထိုအခိုက်အတန့်တွင် သူတို့သည် မိမိတို့၏ လုပ်ရပ်အတွက် အမှန်တကယ်ပင် နောင်တရမိသွားကြသည်၊ သူတို့အနေဖြင့် အဆောင်သခင်အဖွဲ့ချုပ်ကို ဒုက္ခမပေးခဲ့သင့်ပေ။

စွန်းမိသားစု ဘိုးဘေး သေဆုံးသွားခြင်းနှင့်အတူ စွန်းမိသားစုသည်လည်း ပျက်စီးသွားရပြီ ဖြစ်သည်။ လျန်မိသားစုနှင့် ပေါင်းလိုက်လျှင် တန်ယန်မြို့၏ ကြီးမြတ်သော မိသားစု ခြောက်ခုအနက် နှစ်ခုမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်သည်။

ယခုချိန်တွင် အားလုံး၏ စိတ်နှလုံးများမှာ အလွန်အမင်း လေးလံနေကြပြီး အချို့မှာ အသက်ပင် ဝဝမရှူနိုင်ကြတော့ပေ။

ပန်းတစ်ရာနတ်သမီးနှင့် ယဲ့ဝမ်တို့ ပေါ်လာသော်လည်း သူတို့တွင် ပုံမှန်ရှိနေကျ ပေါ့ပါးလွတ်လပ်သော အမူအရာများ မရှိတော့ဘဲ တည်ကြည်လေးနက်မှုများသာ ဖုံးလွှမ်းနေတော့သည်။

သူတို့ မသိရှိသည်မှာ ကျိုးယွမ်သည် ပေရာပေါင်းများစွာ ကွာဝေးသော လမ်းမပေါ်တွင် ရှိနေဆဲ ဖြစ်သော်လည်း ထိုအခိုက်အတန့်တွင် ထောင်ချီထင်ယောင်ထင်မှား လေဟာနယ်ကို အသက်သွင်းထားခြင်း ဖြစ်သည်။

ယဲ့ဝမ်နှင့် ပန်းတစ်ရာနတ်သမီးတို့၏ စိတ်ဝိညာဉ်အာရုံများသည် ဤနေရာကို ရှာဖွေခဲ့ကြသော်လည်း မည်သည့်အရာကိုမျှ မတွေ့ရှိခဲ့ကြပေ။

ကျိုးယွမ်သည် ပါရမီရှင် သုံးယောက် လှုပ်ရှားလာမည့် အချိန်ကို စောင့်ဆိုင်းနေခဲ့သော်လည်း မိမိကိုယ်တိုင် ဘေးဒုက္ခကြုံရလုနီးပါး ဖြစ်ခဲ့ရသည်။ နောင်တွင် ပိုမိုဂရုစိုက်ရမည်ဟု သူ တွေးလိုက်မိသည်။

သို့သော်လည်း ယခုအခါတွင် တစ်ဖက်လူက မိမိ၏ မည်သူမည်ဝါဖြစ်ကြောင်း သိရှိသွားပြီဖြစ်ရာ ကျိုးယွမ်အနေဖြင့် နောက်ဆုတ်နေရန် မလိုတော့ဘဲ မိမိထံတွင် စုဆောင်းထားသော အဆင့် ၆ မှော်အဆောင်များကို အသုံးချနိုင်ပြီ ဖြစ်သည်။

ကျိုးယွမ်အနေဖြင့် အစောပိုင်းက မလှုပ်ရှားခဲ့ခြင်းမှာ နိမ့်ပါးသော ကျင့်ကြံခြင်းအဆင့်ရှိသည့် မိသားစုဝင်များကို အခွင့်အရေးပေးလိုသောကြောင့် ဖြစ်သည်။

အမှန်စင်စစ် ဤမှော်အဆောင်ကို အသုံးပြုလိုက်သည်နှင့် ဖျက်ဆီးနိုင်စွမ်းမှာ အလွန်တရာ ပြင်းထန်လှပြီး အခြေတည်စိတ်ဝိညာဉ်အဆင့်အောက်ရှိ မည်သည့်အရာကိုမဆို တစ်ခဏချင်းအတွင်း ပြာချပစ်နိုင်စွမ်း ရှိပေသည်။

ဤဘိုးဘေးများပင်လျှင် ဤမှော်အဆောင်၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

ထောင်ချီထင်ယောင်ထင်မှား လေဟာနယ်အတွင်း အချိန်ပြည့်သွားသည့် ချိန်တွင် ကျိုးယွမ်သည် မိမိကိုယ်ကို သာမန်တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်အဖြစ် အသွင်ပြောင်းလဲကာ တန်ယန်မြို့အတွင်း လှည့်လည်သွားလာခဲ့သည်။

ယခုအချိန်တွင် တန်ယန်မြို့၌ ပြောအများဆုံး အကြောင်းအရာမှာ စွန်းမိသားစုအကြောင်း ဖြစ်သည်။

စွန်းမိသားစု ဘိုးဘေးဟူသော ကျောထောက်နောက်ခံ မရှိတော့သည့် ချိန်တွင် တန်ယန်မြို့ရှိ ဒုတိယတန်းစား မိသားစုများသည် သွေးညှီနံ့ရသော ငါးမန်းများကဲ့သို့ အလုအယက် တိုးဝှေ့ဝင်ရောက်လာကြတော့သည်။

စွန်းမိသားစုသည် နာရီဝက်မျှအတွင်း လုံးဝ ခွဲဝေယူခြင်း ခံလိုက်ရပြီး မိသားစုဝင်များလည်း အကျအဆုံး များပြားခဲ့သည်။

အချို့သောသူများသည် အခြေအနေ မဟန်သည်ကို မြင်သောအခါ အလျင်အမြန် ထွက်ပြေးခဲ့ကြသော်လည်း သူတို့၏နောက်တွင် တစ်ကိုယ်တော်ကျင့်ကြံသူများ ရှိနေကြသည်။

ထိုသူတို့၏ ကံကြမ္မာကိုမူ ခန့်မှန်းကြည့်နိုင်ပေသည်။

ကျိုးယွမ်သည် ထိုသူများအပေါ် မည်သည့်ဂရုဏာမျှ မရှိပေ။ အဆောင်သခင်အဖွဲ့ချုပ်တွင် လူတစ်ရာကျော် ရှိခဲ့သော်လည်း ဆယ်ဂဏန်းခန့်သာ အသက်ရှင်ကျန်ရစ်ခဲ့သည်။

မိမိ၏ဆရာ ဖြစ်သော ချင်ချန်နှင့် ဆရာကြီး ရှီဖူတို့သည်လည်း မတတ်သာဘဲ ထွက်ခွာသွားခဲ့ကြရပြီး သူတို့၏ ရာစုနှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုများသည်လည်း တစ်ခဏချင်းအတွင်း ပျက်စီးသွားခဲ့ရသည်။

မနေ့က စိုက်ခဲ့သော အကြောင်းတရားကြောင့် ယနေ့တွင် ဤအကျိုးတရားကို ခံစားရခြင်းပင်။

ကျင့်ကြံခြင်းလောကသည် ကလဲ့စားချေခြင်း၊ အသွားရှိလျှင် အပြန်ရှိခြင်းတို့ဖြင့်သာ လည်ပတ်နေပြီး သံယောဇဉ် ထားနေရန် နေရာမရှိပေ။

ကျိုးယွမ်သည် စိတ်ထဲတွင် ကျန်ရှိနေသော မိသားစုလေးခုဖြစ်သည့် ဟန်မိသားစု၊ ချိုးမိသားစု၊ ကျန်းမိသားစုနှင့် လျိုမိသားစုတို့ကို တွက်ချက်နေခဲ့သည်။

သူသည် ချိုးမိသားစုသည် ယခုအခါတွင် အင်အားအကြီးဆုံး ဖြစ်လာကြောင်း ရုတ်တရက် သဘောပေါက်သွားခဲ့၏။

ချိုးသုသုကို တွေးမိလေလေ ကျိုးယွမ်၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ပိုမိုပြင်းထန်လာလေလေ ဖြစ်သည်။

မိမိ၏ ဂိုဏ်းကို သစ္စာဖောက်သော ဤကဲ့သို့သောသူမျိုးကို ဤလောကတွင် လုံးဝအသက်ရှင်ခွင့် မပေးနိုင်ပေ။

ကျိုးယွမ်သည် ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်သည်။ သူသည် ချိုးမိသားစုမှ စတင်မည် ဖြစ်သည်။

ပန်းတိုင်ကို သတ်မှတ်ပြီးသည်နှင့် ကျိုးယွမ်သည် သူ၏ စီမံချက်ကို တရားဝင် စတင်ခဲ့သည်။ ဤတစ်ကြိမ်တွင် သူသည် ချိုးမိသားစုကို ပွင့်ပွင့်လင်းလင်းနှင့် သိက္ခာရှိရှိ ဖျက်ဆီးပစ်မည် ဖြစ်သည်။

ကျိုးယွမ်သည် ပထမဆုံးအနေဖြင့် ချိုးချီကို ဖမ်းဆီးထားရာ နေရာသို့ သွားရောက်ခဲ့သည်။

ဤလူသည် နောက်ထပ် မည်သည့်အသုံးမှ မဝင်တော့ရာ ဆက်လက်ထိန်းသိမ်းထားရန် အကြောင်းမရှိပေ။

ကျိုးယွမ် ပြန်လည်ထွက်ခွာလာသည့် ချိန်တွင် သူ၏လက်ထဲ၌ သေတ္တာတစ်လုံး ပါရှိလာခဲ့သည်။ ထို့နောက် သူသည် ချိုးမိသားစုရှိရာသို့ တည့်တည့်ဦးတည်သွားခဲ့ပြီး ခေတ္တမျှအတွင်း ရောက်ရှိသွားတော့သည်။

ချိုးမိသားစု၏ ကာကွယ်ရေးဝင်္ကပါသည် ပွင့်နေပြီး အမြင့်ဆုံး သတိအနေအထားတွင် ရှိနေကြသည်။

ကျိုးယွမ်သည် မဲ့ပြုံးတစ်ချက် ပြုံးလိုက်မိသည်။ သူသည် ဤဝင်္ကပါကို မဖျက်ဆီးနိုင်သော်လည်း ရှေ့မှောက်ရှိ ကာကွယ်ရေးဝင်္ကပါကို တစ်ခဏမျှ ရပ်တန့်သွားအောင်မူ ပြုလုပ်နိုင်ပေသည်။

ဤသို့တွေးပြီး ကျိုးယွမ်သည် လက်နှိပ်ကွက်တစ်ခု ဖော်ဆောင်ကာ လက်ညှိုးတစ်ချက် ထိုးလိုက်၏။

"လေဟာနယ်ချိတ်ပိတ်ခြင်း!"

ကျိုးယွမ်က တိုးညှင်းစွာ ရွတ်ဆိုလိုက်သည်နှင့် ချိုးမိသားစု၏ ကာကွယ်ရေးဝင်္ကပါသည် ချက်ချင်းပင် အေးခဲသွားပြီး တစ်ပြိုင်နက်တည်းမှာပင် ဆက်တိုက်လိမ်တွန့်သွားတော့သည်။

ကာကွယ်ရေးဝင်္ကပါ လိမ်တွန့်သွားသည်နှင့်အမျှ အက်ကြောင်းတစ်ခု ပေါ်ပေါက်လာခဲ့သည်။

ကျိုးယွမ်သည် လက်တစ်ချက် ဝေ့ယမ်းလိုက်ပြီး အဆင့် ၆ မှော်အဆောင် သုံးခုကို ထိုအက်ကြောင်းအတွင်းသို့ တိုက်ရိုက် ပျံသန်းဝင်ရောက်သွားစေကာ ချိုးမိသားစုအတွင်းသို့ ကျရောက်သွားစေခဲ့သည်။

"ချိုးမိသားစု... မင်းတို့က မှော်အဆောင်ဆရာအသင်းကို မဟုတ်မမှန် စွပ်စွဲခဲ့တာအတွက် ငါ ကျိုးယွမ်က တရားမျှတမှု လာတောင်းတာ။ ပြီးတော့ ဒါက အပိုဆု... ချိုးချီရဲ့ ခေါင်းကို လက်ဆောင်ပေးလိုက်မယ်!”

ကျိုးယွမ်၏ စကားသံသည် ချိုးမိသားစုအတွင်းသာမက တန်ယန်မြို့တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်များနှင့်အတူ ဟိန်းထွက်သွားတော့သည်။

ကျိုးယွမ် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ဝေးလံသောနေရာမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါအချို့ လျင်မြန်စွာ ပြေးဝင်လာကြသော်လည်း ကျိုးယွမ်မှာမူ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

"ဒိန်း! ဒိန်း!"

ရုတ်တရက်ဆိုသလို ချိုးမိသားစု တည်ရှိရာနေရာ၌ ကမ္ဘာပျက်ကပ် ရောက်လာသကဲ့သို့ ဖြစ်သွားတော့သည်။ ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲမှုကြီးသည် ချိုးမိသားစု၏ ဝင်းအတွင်းမှ ထွက်ပေါ်လာခဲ့သည်။

ကာကွယ်ရေးအတားအဆီးအတွင်း၌ မိုးကြိုးများ သောင်းကျန်းနေပြီး မီးတောက်များ ကောင်းကင်သို့ မြင့်တက်နေကာ ရွှေရောင်ဓားချီများ ယှက်သန်းလျက် ဧရာမသစ်ပင်ကြီးများ ပြိုလဲပျက်စီးနေတော့သည်။

ဤသည်မှာ မိုးကြိုးမီးတောက်အဆောင်နှင့် ရွှေနှင့်သစ်သားမှော်အဆောင်တို့ကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်ခြင်း၏ ရလဒ်ပင် ဖြစ်သည်။

သွေးပျက်ဖွယ် အော်ဟစ်သံများသည် ချိုးမိသားစုအတွင်း၌ ပဲ့တင်ထပ်နေခဲ့သည်။ ကာကွယ်ရေးအတားအဆီး ရှိနေခြင်းကြောင့် မီးတောက်များနှင့် မိုးကြိုးများသည် အပြင်သို့ မထွက်နိုင်ဘဲ ချိုးမိသားစုအတွင်း၌သာ ဆက်လက်ဖျက်ဆီးနေခဲ့ကြသည်။

ချိုးမိသားစုဝင်များသည် တစ်ယောက်ပြီးတစ်ယောက် စူးစူးဝါးဝါး အော်ဟစ်ကြရင်း ပြာအဖြစ်သို့ ပြောင်းလဲသွားကြရတော့သည်။

"မလုပ်နဲ့!"

ချိုးမိသားစု ဘိုးဘေးနှင့် ချိုးဟယ်တို့သည် နောက်ဖေးဝင်းမှ တစ်ပြိုင်နက်တည်း ပေါ်လာကြပြီး သူတို့၏ ကြီးမားလှသော စိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်ကာ ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ကြသည်။

ချိုးဟယ်သည် သွေးတစ်ချက် အန်လိုက်ရသော်လည်း နောက်သို့ တစ်လှမ်းမျှပင် မဆုတ်ရဲပေ။

ချိုးမိသားစု ဘိုးဘေးသည်လည်း မျက်နှာ ဖြူလျော်နေသော်လည်း ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းကို ခုခံရန်အတွက် ကျယ်လောင်စွာ ဟိန်းဟောက်နေဆဲ ဖြစ်သည်။

ချိုးမိသားစု၏ အဆောက်အအုံများသည် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရပြီ ဖြစ်သည်။ အဆင့် ၆ မှော်အဆောင်၏ ဖျက်ဆီးမှုအောက်တွင် ချိုးမိသားစုတစ်ခုလုံးသည် နီးပါးမျှ အပျက်အစီးပုံ ဖြစ်သွားခဲ့ရသည်။

ဤကမ္ဘာပျက်ကပ်ကဲ့သို့ မြင်ကွင်းသည် ချိုးမိသားစုမှ အသက်ရှင်ကျန်ရစ်သူများကို အလွန်အမင်း ထိတ်လန့်သွားစေခဲ့ပြီး သူတို့၏ မျက်နှာများ ဖြူလျော်ကာ မျက်ဝန်းများ အလင်းပျောက်ဆုံးသွားကြရတော့သည်။

ယဲ့ဝမ်နှင့် ပန်းတစ်ရာနတ်သမီးတို့ ရောက်ရှိလာသည့် ချိန်တွင် ချိုးမိသားစုဝင် ရာပေါင်းများစွာသည် ပြာအဖြစ်သို့ လုံးဝ ပြောင်းလဲသွားခဲ့ရပြီ ဖြစ်သည်။

အကယ်၍ ချိုးဟယ်နှင့် ချိုးမိသားစု ဘိုးဘေးတို့သာ သူတို့၏ အသက်ကိုရင်း၍ မကယ်တင်ခဲ့ပါက ကျန်ရှိသော ချိုးမိသားစုဝင်များလည်း ယခုချိန်တွင် ရှိတော့မည် မဟုတ်ပေ။

All Chapters