← Chapters

အခန်း ၃၁၀

Vol. 31 Ch. 310

အခန်း ၃၁၀

Vol. 31 Ch. 310

အခန်း (၃၁၀) နံ့သာအိုးဖြင့် မိုင်ထောင်ချီ ခြေရာခံခြင်း

တန်ယန်မြို့၏ ဖရိုဖရဲ ဖြစ်နေသော အခြေအနေကို ဆက်လက် ဖုံးကွယ်ထား၍ မရတော့ဘဲ အပြင်သို့ ပျံ့နှံ့သွားခဲ့သည်။

အဆင့် ၇ သတ်မှတ်ချက်ရှိသော အဓိက အင်အားစုကြီး သုံးခုဖြစ်သည့် တာဖုန်း ကုန်သွယ်ရေး၊ သော့ခတ်နှလုံးသားဂိုဏ်းနှင့် လင်ရှောင်နန်းတော်တို့သည် သတင်းကို ကြားသိရသဖြင့် အခင်းဖြစ်ပွားရာ နေရာသို့ လူများ စေလွှတ်လိုက်ကြပြီး ထိုသူတို့သည် လမ်းခရီး၌ ရောက်ရှိနေကြပြီ ဖြစ်သည်။

ရိပ်ပြာလဂိုဏ်း၊ လူဝင်စားကျောင်းတော်နှင့် ထောင်ချောက်ဗြဟ္မာဂိုဏ်း ကဲ့သို့သော အဆင့် ၆ ကျင့်ကြံခြင်း အင်အားစုများသည်လည်း ဆက်လက် ငြိမ်မနေနိုင်ကြတော့ဘဲ လူများကို စေလွှတ်လိုက်ကြရာ ယခုအခါတွင် လမ်းခရီး၌ ရောက်ရှိနေကြပြီ ဖြစ်သည်။

တန်ယန်မြို့သည် တစ်ခုလုံးသော အပ်တစ်ထောင်ဒေသ၏ ဗဟိုချက်မ ဖြစ်လာခဲ့ပြီး အတိုင်းအဆမဲ့သော လူများကို ဆွဲဆောင်နေခဲ့တော့သည်။

သော့ခတ်နှလုံးသားဂိုဏ်းမှ အဖွဲ့ဝင် သုံးဦးသည် အလျင်အမြန် ပြေးဝင်လာခဲ့ကြသည်။

တစ်ယောက်မှာ စွမ်းအားများ အဟုန်ပြင်းစွာ တိုးတက်လာခဲ့ပြီး အခြေတည်စိတ်ဝိညာဉ်အဆင့် ထိပ်ဆုံးသို့ ရောက်ရှိနေသော ကျင်းဝူရှင်း ဖြစ်သည်။

ဒုတိယတစ်ယောက်မှာ ကောင်းကင်တံခါးအဆင့် ထိပ်ဆုံးဖြစ်သည့် တတိယအကြီးအကဲ ရှီမန်ချုံ ဖြစ်သည်။

တတိယတစ်ယောက်မှာမူ ကောင်းကင်ပြည့်စုံခြင်းအဆင့် အလယ်အလတ်အဆင့်ရှိသော သော့ခတ်နှလုံးသားဂိုဏ်း၏ ဘိုးဘေးကြီး ကျင်းရှန်းချွမ်း ဖြစ်ပေသည်။

သို့သော်လည်း အပ်တစ်ထောင်ဒေသတွင် အင်အားအကြီးဆုံးသူမှာ ဘိုးဘေး ကျင်းရှန်းချွမ်း မဟုတ်ဘဲ တာဖုန်း ကုန်သွယ်ရေးကုမ္ပဏီမှ ဘိုးဘေး ဖြစ်သူ ဘိုးဘေး ရှန်ပါထူ ဖြစ်သည်။

သူတို့၏ ကျင့်ကြံခြင်းအဆင့်မှာ အတူတူပင် ဖြစ်သော်လည်း ဘိုးဘေး ရှန်ပါထူမှာ ပိုမို အစွမ်းထက်ပြီး အပ်တစ်ထောင်ဒေသ၏ အစစ်အမှန် နံပါတ်တစ် ဖြစ်ပေသည်။

"ဝူရှင်း... ဒီကျိုးယွမ်က မင်းသိတဲ့လူဆိုတာ သေချာလား"

ဘိုးဘေး ကျင်းရှန်းချွမ်းက ကျင်းဝူရှင်းကို ကြည့်ပြီး တည်ငြိမ်စွာ မေးမြန်းလိုက်သည်။

ဤစကားကို ကြားရသည့် ချိန်တွင် ကျင်းဝူရှင်းသည် အကြိမ်ကြိမ် ခေါင်းညိတ်လိုက်ပြီးနောက် အော်ဟစ်ပြောဆိုလိုက်၏။

"ဘိုးဘေး... ကျွန်တော် သေချာပါတယ်၊

သူပဲ ဖြစ်မှာပါ "

"ကျွန်တော် ကျင့်ကြံဖို့ တံခါးပိတ်နေတဲ့ အချိန်တုန်းက အဆောင်သခင်အဖွဲ့ချုပ်က နေရာကူးပြောင်းခြင်းဝင်္ကပါကို သုံးပြီး အပ်တစ်ထောင်ဒေသကနေ ထွက်သွားခဲ့ကြတာ... ကျွန်တော် ဂိုဏ်းထဲက လူတွေကို သေသေချာချာ မေးကြည့်တော့ သူတို့က ကျိုးယွမ်ကို မြင်လိုက်ရတယ်လို့ ပြောတယ်... ဒါပေမဲ့ သူက တခြားလူတွေနဲ့အတူ ထွက်မသွားခဲ့ဘူး"

"ဘိုးဘေးလည်း သိပါတယ်... ဒေသနှစ်ခုကြား စစ်ပွဲဖြစ်ပွားနေတဲ့ အချိန်တုန်းက ကျိုးယွမ်က ကောင်းဖေး ဆိုတဲ့ နာမည်ဝှက်ကို သုံးပြီး တစ်ခုလုံးသော စုန့်ဟူဒေသကို ပြောင်းပြန်လှန်ပစ်ခဲ့တာလေ"

"ဒီကောင်က အရမ်း လျှို့ဝှက်ဆန်းကြယ်ပြီး ကျွန်တော် လုံးဝ ခန့်မှန်းလို့မရဘူး... တကယ်လို့ ကျွန်တော်သာ သူနဲ့ အတော်အတန် ရင်းနှီးမှု မရှိခဲ့ရင် ဒီလောက်အထိ သေချာမှာ မဟုတ်ဘူး"

ကျင်းဝူရှင်း၏ စကားကို ကြားပြီးနောက် ဘိုးဘေး ကျင်းရှန်းချွမ်းက ခေါင်းညိတ်လိုက်ပြီး ရေရွတ်လိုက်သည်။

"ငါတို့ အပ်တစ်ထောင်ဒေသမှာ ဒီလို ပါရမီရှင်မျိုး ထွက်ပေါ်လာလိမ့်မယ်လို့ ငါ တကယ် မထင်မှတ်ထားခဲ့ဘူး"

"ငါလည်း ကိုယ်တိုင် သွားကြည့်ချင်တယ်... ငါတို့ ဒီလိုလူမျိုးကို တခြားလူတွေ အနိုင်ကျင့်တာ ခွင့်မပြုနိုင်ဘူး"

ရှီမန်ချုံကလည်း ရယ်မောလိုက်ပြီး မေးလိုက်၏။

"ဘိုးဘေးက သူ့ကို တပည့်အဖြစ် လက်ခံချင်တဲ့ စိတ်ကူး ရှိနေတာလား"

ဘိုးဘေး ကျင်းရှန်းချွမ်းက ရယ်မောကာ ပြောလိုက်၏။

"ဘာလို့ မရှိရမှာလဲ... ဒါပေမဲ့ ဒီကောင်လေးက အဘိုးအို ရှီဖုနဲ့ ချင်ချန်တို့ရဲ့ တပည့် ဖြစ်နေတော့ ငါ ဝင်မရှုပ်တော့ပါဘူး"

"ဒါပေမဲ့ အခွင့်အရေး ရှိရင်တော့ ငါ သူ့ကို လက်တစ်ကမ်း ကူညီပေးရမယ်... ဒါမှ သူ ငါ့ရဲ့ သော့ခတ်နှလုံးသားဂိုဏ်းကို အကြွေးတင်မှာ"

"ဝူရှင်းနဲ့ တခြားလူတွေက နောက်ဆုံးတော့ အပ်တစ်ထောင်ဒေသကနေ ထွက်ခွာသွားကြမှာ... သူတို့ ဒီမှာ အမြဲတမ်း နေနိုင်မှာ မဟုတ်ဘူး... ငါ မင်းတို့အတွက် ကြိုတင်ပြီး လမ်းခင်းပေးထားတာပဲ"

ဤသည်ကို ကြားသောအခါ ကျင်းဝူရှင်းက ချက်ချင်းပင် ပြောလိုက်သည်။

"ဘိုးဘေးကို ကျေးဇူးတင်ပါတယ်"

ဘိုးဘေး ကျင်းရှန်းချွမ်းက ခေါင်းခါယမ်းလိုက်ပြီး ကျင်းဝူရှင်းကို ကြည့်သော သူ၏ မျက်ဝန်းထဲတွင် ချီးကျူးအသိအမှတ်ပြုသည့် အရိပ်အယောင်များ မကွယ်ဝှက်နိုင်ဘဲ ပေါ်ပေါက်နေခဲ့သည်။

တန်ယန်မြို့ရှိ ကျန်းမိသားစုမှာ ယနေ့တွင် အကောင်းဆုံး ထိန်းသိမ်းထားနိုင်သည့် မိသားစုများအနက် တစ်ခုဖြစ်ပြီး ဟန်မိသားစုနှင့် ကျန်းမိသားစုဝင် အားလုံး ဤနေရာ၌ စုဝေးနေကြသည်။

ယဲ့ဝမ်နှင့် ပန်းတစ်ရာနတ်သမီးတို့ပင်လျှင် ကျန်းမိသားစု အိမ်တော်၌ ကိုယ်တိုင်ကိုယ်ကျ ကြီးကြပ်ကွပ်ကဲနေကြ၏။

ကျန်းမိသားစု၏ ကာကွယ်ရေးဝင်္ကပါကို အသက်သွင်းထားရုံသာမက ပိုမို အားဖြည့်ထားခဲ့သည်။

ဤမျှလောက်များပြားသော ကျွမ်းကျင်သူများ စုဝေးနေခြင်းကြောင့် ပတ်ဝန်းကျင်မှာ ပျော်ရွှင်စရာ ကောင်းနေသင့်သော်လည်း လက်တွေ့တွင်မူ ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။ လူတိုင်း၏ မျက်နှာမှာ တည်ငြိမ် လေးနက်နေပြီး မိသားစုဝင် ကလေးငယ်များ၏ မျက်ဝန်းထဲတွင်ပင် ထိတ်လန့်မှုများ ပြည့်နှက်နေခဲ့ကာ လန့်ဖျတ်နေသော ငှက်ငယ်လေးများကဲ့သို့ ဖြစ်နေကြရသည်။

သူတို့သည် ကျင့်ကြံခြင်း မပြုရဲကြသလို အိပ်စက်ခြင်းလည်း မပြုရဲကြပေ၊ အကယ်၍ ကျင့်ကြံခြင်း သို့မဟုတ် အိပ်စက်ခြင်း ပြုလုပ်မိပါက ဘယ်သောအခါမျှ ပြန်လည်နိုးထလာတော့မည် မဟုတ်ဟု ကြောက်ရွံ့နေကြသောကြောင့်ပင်။

နှစ်ရက် ကြာပြီးနောက်တွင် လူအများအပြားမှာ မျက်ကွင်းညိုကာ အလွန်အမင်း မောပန်းနွမ်းနယ်နေသည့် ပုံစံမျိုး ဖြစ်နေခဲ့ကြသည်။

ဤသည်မှာ ကျင့်ကြံသူများအတွက် အစစ်အမှန် ​လှောင်ပြောင်မှုတစ်ခုပင် ဖြစ်သည်။

ဤသာမန် တပည့်များကို ထားလိုက်ပါဦး၊ ဟန်မိသားစု ဘိုးဘေးနှင့် ကျန်းမိသားစု ဘိုးဘေးတို့ပင်လျှင် မျက်လုံး မှိတ်မပြရဲကြဘဲ တင်းမာသော အမူအရာများ ရှိနေခဲ့ကြသည်။

သူတို့သည် လျိုမိသားစု မည်သို့ ပျောက်ကွယ်သွားခဲ့ပြီး ချိုးမိသားစု မည်သို့ ပျက်စီးသွားခဲ့သည်ကို ကောင်းစွာ သိရှိထားကြသည်။

အကယ်၍ သူတို့အနေဖြင့် အမှားများကို ပြန်လည်ပြင်ဆင်နိုင်ခွင့် ရှိခဲ့ပါက အဆောင်သခင်အဖွဲ့ချုပ်ကို ဘယ်သောအခါမျှ ထိပါးရဲကြမည် မဟုတ်ဘဲ ဘိုးဘေးတစ်ယောက်ကဲ့သို့ တရိုတသေ ကိုးကွယ်ထားကြလိမ့်မည်။

အဘိုးအို ရှီဖု၏ ကလဲ့စားချေမှုကို မခံရဘဲ သူတို့ လုံးဝ ဂရုမစိုက်ခဲ့သော လူတစ်ယောက်၏ တုံ့ပြန်မှုကို ခံလိုက်ရခြင်း ဖြစ်သည်။

ဤလူသည် အလွန် ရက်စက်လွန်းလှသည်။ သူသည် သူတို့၏ မိသားစုများကို အမြစ်ပြတ်ချေမှုန်းနိုင်စွမ်း ရှိသော်လည်း ထိုသို့ မလုပ်ဆောင်ခဲ့ပေ။ ထိုအစား သူသည် ကြီးမြတ်သော မိသားစုကြီး ခြောက်ခုအကြား ပဋိပက္ခများ ဖြစ်ပွားအောင် လှည့်ဖြားခဲ့သည်။

ကြီးမြတ်သော မိသားစုကြီး ခြောက်ခုသည် အစပိုင်းတွင် ဤဘက်သို့ လုံးဝ တွေးမမိခဲ့ကြဘဲ အပြန်အလှန် သွေးချောင်းစီး တိုက်ခိုက်ခဲ့ကြသဖြင့် သူတို့၏ စွမ်းအားများ ကြီးမားစွာ ဆုတ်ယုတ်သွားခဲ့ရသည်။

တစ်ဖက်လူ၏ အစီအမံသည် တစ်ခုပြီးတစ်ခု ချိတ်ဆက်နေခဲ့သဖြင့် တန်ယန်မြို့ရှိ ကြီးမြတ်သော မိသားစုကြီး ခြောက်ခုလုံး နှာခေါင်းကိုင် ကြိုးဆွဲခြင်း ခံခဲ့ကြရသည်။

နောက်ဆုံးတွင် ကြီးမြတ်သော မိသားစုကြီး ခြောက်ခု ဘာဖြစ်နေသည်ကို သဘောပေါက်သွားသည့် ချိန်တွင်မူ သူသည် ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားပြီး အချို့ကို သုတ်သင်ရှင်းလင်းပစ်ခဲ့သည်။

ဤကဲ့သို့သော ပြိုင်ဘက်နှင့် ကလဲ့စားချေမှု နည်းလမ်းများသည် သူတို့၏ ကျောရိုးများကို စိမ့်တက်သွားစေခဲ့ပြီး ထိုအကြောင်းကို တွေးမိတိုင်း မျက်ဝန်းထဲတွင် ကြောက်ရွံ့မှုများ အလိုလို ပေါ်ပေါက်လာရတော့သည်။

သို့သော် လူတိုင်း ကျန်းမိသားစု အိမ်တော်၌ စုဝေးပြီးကတည်းက ဤလူသည် လေထုထဲ၌ ပျောက်ကွယ်သွားသကဲ့သို့ ထပ်မံပေါ်ပေါက်လာခြင်း မရှိတော့ပေ။

ဤနေ့တွင် ထူးဆန်းသော ဧည့်သည်တစ်ဦး ကျန်းမိသားစုထံသို့ ရောက်ရှိလာခဲ့သည်။ သူသည် အသက်လေးဆယ်ခန့် ရှိပုံရပြီး ယဲ့ဝမ်နှင့် ပန်းတစ်ရာနတ်သမီးတို့ ကိုယ်တိုင်ကိုယ်ကျ ထွက်ခွာကြိုဆိုခဲ့ကြကာ သူတို့၏ အမူအရာမှာ အလွန် ယဉ်ကျေးပျူငှာလှသည်။

ရောက်ရှိလာသူမှာ ယဲ့ချွေ ဖြစ်ပြီး ယဲ့မိသားစု၏ အပြင်စည်းအကြီးအကဲ တစ်ဦး ဖြစ်ကာ ကောင်းကင်ပြည့်စုံခြင်းအဆင့် အလယ်အလတ်အဆင့် ကျင့်ကြံခြင်း ရှိသည်။ ယဲ့မိသားစုအတွင်း သူ၏ အဆင့်အတန်းမှာ ယဲ့ဝမ်ထက် မနိမ့်ပါးပေ။

ယဲ့ဝမ်က ယဲ့ချွေကို ဖိတ်ကြားရသည့် အကြောင်းရင်းမှာ ယဲ့ချွေ၏ ကျင့်ကြံခြင်းအဆင့်ကို အလေးထားသောကြောင့်သာမက ယဲ့ချွေ ပိုင်ဆိုင်ထားသော ထိပ်တန်း စိတ်ဝိညာဉ်လက်နက်တစ်ခုကို အလိုရှိနေသောကြောင့်လည်း ဖြစ်သည်။

ဤစိတ်ဝိညာဉ်လက်နက်ကို "မိုင်ထောင်ချီ ခြေရာခံ နံ့သာအိုး" ဟု ခေါ်ဆိုသည်။ လူတစ်ဦး၏ အသက်ရှူအရှိန်အဝါကို စုဆောင်းပြီး ခြေရာခံနိုင်သော ထိပ်တန်း စိတ်ဝိညာဉ်လက်နက်တစ်ခု ဖြစ်သည်။

မိုင်ထောင်ချီ ခြေရာခံနိုင်သည်ဟူသော စကားမှာ အနည်းငယ် ပိုကားနိုင်သော်လည်း မိုင်ရာဂဏန်းအတွင်း၌မူ လုံးဝ ထိရောက်မှု ရှိပေသည်။

တစ်ဖက်လူနှင့် ပတ်သက်သော အချက်အလက်ကို ရရှိထားသရွေ့ မိုင်ရာဂဏန်းအတွင်း၌ မိုင်ထောင်ချီ ခြေရာခံ နံ့သာအိုးသည် တစ်ဖက်လူကို အလိုအလျောက် အာရုံခံနိုင်ပြီး သော့ခတ်ထားနိုင်လိမ့်မည်။

လူတစ်ယောက်သည် ရုပ်ဖျက်ခြင်းဖြင့် မိမိ၏ ရုပ်သွင်ကို ပြောင်းလဲနိုင်ပြီး မိမိ၏ မူလဝိညာဉ်ကိုပင် ဖုံးကွယ်ထားနိုင်သော်လည်း မိမိခန္ဓာကိုယ်၏ အနံ့အသက်ကို ပြောင်းလဲရန်မူ အလွန် ခက်ခဲလှပေသည်။

လူတိုင်း၏ ခန္ဓာကိုယ် အနံ့အသက်မှာ ထူးခြားထင်ရှားပြီး ကောင်းမွန်ခြင်း သို့မဟုတ် ဆိုးရွားခြင်းမှာ တစ်ဦးချင်းစီ၏ ကိုယ်ခန္ဓာအခြေအနေပေါ်တွင် မူတည်သည်။

ယဲ့ချွေ၏ မိုင်ထောင်ချီ ခြေရာခံ နံ့သာအိုးမှာ ထိပ်တန်း စိတ်ဝိညာဉ်လက်နက်တစ်ခုသာ ဖြစ်သော်လည်း ယဲ့မိသားစုအတွင်း ကြီးမားသော အခန်းကဏ္ဍတွင် ရှိနေခဲ့သည်။

ယဲ့ချွေအနေဖြင့် ဤနံ့သာအိုးကို အသုံးပြုပြီး ခရီးဝေး လိုက်လံဖမ်းဆီးမှုများကြောင့် အကျိုးပြုမှု အမြောက်အမြား လုပ်ဆောင်နိုင်ခဲ့သဖြင့် ယဲ့မိသားစု၏ အဆင့်မြင့်လူကြီးအချို့မှာ ယဲ့ချွေကို အလွန်အမင်း လေးစားတန်ဖိုးထားကြသည်။

ယဲ့ချွေသည် အသက်လေးဆယ်ခန့် ရှိပုံရပြီး အလွန်အမင်း သန့်ပြန့်သော ရုပ်သွင် ရှိသည်။ သူသည် ဆုံတွေ့လိုက်ရသည်နှင့် တပြိုင်နက် လူကို အလိုလို ရင်းနှီးကျွမ်းဝင်သွားစေသည့် အရည်အချင်းမျိုး ရှိပေသည်။

"ဂါရဝပြုပါတယ် အကြီးအကဲ"

ယဲ့ဝမ်သည် ပန်းတစ်ရာနတ်သမီးနှင့်အတူ ယဲ့ချွေကို ဦးညွှတ်ဂါရဝပြုလိုက်ပြီးနောက် အစေခံမိန်းကလေးအား လက်ဖက်ရည် တည်ခင်းခိုင်းလိုက်သည်။

ယဲ့ချွေသည် ပန်းတစ်ရာနတ်သမီးကို တစ်ချက်ကြည့်လိုက်ပြီး မပြုံးဘဲ မနေနိုင်တော့ဘဲ မေးလိုက်၏။

"ယဲ့ဝမ် ဂျူနီယာညီလေး... မင်း တကယ် ကံကောင်းတာပဲ... ဒါနဲ့ ဒီနေ့ ငါ့ကို ဘာကိစ္စများ ရှိလို့လဲ"

ယဲ့ချွေ၏ စကားကို ကြားသောအခါ ပန်းတစ်ရာနတ်သမီးသည် ယဲ့ဝမ်ကို မျက်စောင်းထိုးလိုက်ပြီး သူမ၏ မျက်ဝန်းထဲတွင် ချစ်စနိုး အမူအရာများ ပြည့်နှက်နေခဲ့သည်။

ယဲ့ဝမ်က အနည်းငယ် ပြုံးလိုက်ပြီး ပြောလိုက်သည်။

"စီနီယာအစ်ကိုကြီး... မသိသေးတာ ရှိတယ်... ကျွန်တော်က မိသားစုရဲ့ အမိန့်အရ စုန့်ဟူဒေသနဲ့ အပ်တစ်ထောင်ဒေသကို စီမံနေတာ...အစက တန်ယန်မြို့ကို ရွေးချယ်ခဲ့ပြီး ကြီးမြတ်သော မိသားစုကြီး ခြောက်ခုနဲ့ အရာအားလုံး အဆင်ပြေပြေ ဖြစ်နေခဲ့တာ... ဒါပေမဲ့ ရုတ်တရက် တစ်ယောက်ယောက် ပေါ်လာပြီး သူတို့ကို ရှင်းလင်းပစ်ခဲ့တယ်"

"ကျွန်တော်က စီနီယာအစ်ကိုကြီးရဲ့ ပြောင်လှောင်တာကို မကြောက်ပါဘူး... ဒီလူက သန္ဓေပြောင်းဝိညာဉ်အဆင့် ထိပ်ဆုံးပဲ ရှိသေးတယ်... ဒါပေမဲ့ သူက မှော်အဆောင်သခင် ဖြစ်နေသလို ရုပ်ဖျက်ခြင်းအတတ်မှာလည်း ကျွမ်းကျင်တယ်"

"ကျွန်တော်က ဒီလူကို အကြိမ်ကြိမ် ပစ်မှတ်ထားဖို့ ကြိုးစားခဲ့ပေမဲ့ အခုထိ မအောင်မြင်သေးဘူး... ဒါကြောင့် စီနီယာအစ်ကိုကြီးရဲ့ အကူအညီကို တောင်းခံရတာပါ"

ယဲ့ဝမ်သည် အခြေအနေကို အကြမ်းဖျင်း ရှင်းပြလိုက်သော်လည်း အသေးစိတ် အချက်အလက်များကိုမူ အလွန်အမင်း ပြောဆိုခြင်း မရှိပေ၊ အကြောင်းမှာ ထိုသို့လုပ်ရန် မလိုအပ်ဟု ခံစားရသောကြောင့်ပင်။

စီနီယာအစ်ကိုကြီးသည် ကောင်းကင်ပြည့်စုံခြင်းအဆင့် အလယ်အလတ်အဆင့် ဖြစ်သည်။ မိမိအနေဖြင့် ထိုအဆင့်သို့ မနည်း တက်လှမ်းနိုင်ခဲ့သော်လည်း နှစ်ပေါင်းများစွာ အတွေ့အကြုံများ စုဆောင်းထားခဲ့သော စီနီယာအစ်ကိုကြီးနှင့် နှိုင်းယှဉ်ပါက တိုးတက်ရန် နေရာအမြောက်အမြား ရှိနေဆဲ ဖြစ်သည်။

အကယ်၍ ကျိုးယွမ်သာ စီနီယာအစ်ကိုကြီး၏ ရှေ့မှောက်တွင် ပေါ်လာရဲပါက သူ သေဆုံးရမည်မှာ သေချာပေသည်။

All Chapters