← Chapters

အခန်း (၇၂၉-၇၃၀)

Vol. 61 Ch. 729-730

အခန်း (၇၂၉-၇၃၀)

Vol. 61 Ch. 729-730

အခန်း(၇၂၉)

မိုက်ကယ် မျက်လုံးတွေကို ဖွင့်လိုက်တဲ့အခါ မှိန်ဖျော့ဖျော့ အလင်းရောင်ရှိတဲ့ မျက်နှာကျက်ကို ငေးကြည့်နေမိတယ်။

'ဒီပုံစံက... ရင်းနှီးနေပါလား' သူ တွေးလိုက်မိတယ်။

"နိုးလာပြီပေါ့"

သူ ဘေးကို စောင်းကြည့်လိုက်တော့ သူ့ဘေးနားမှာ ထိုင်နေတဲ့ မရင်းနှီးတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရတယ်။ သူမက လိမ္မော်ရောင် တောက်တောက် အင်္ကျီလက်ပြတ်ကို ဝတ်ဆင်ထားပြီး ရှေ့မှာ အစိမ်းရောင် လက်ဝါးကပ်တိုင် ပုံနှိပ်ထားတဲ့ အဖြူရောင် ဦးထုပ်ကို ဆောင်းထားတယ်။

"အ... အရေးပေါ် ဆေးကုသရေးက လား" သူ တိုးတိုးလေး ရေရွတ်လိုက်တယ်။

"ဟုတ်ပါတယ်၊ ကျွန်မ အရေးပေါ် ဆေးကုသရေးဝန်ထမ်းပါ" အမျိုးသမီးက ပြန်ပြောတယ်။ "ရှင်ရဲ့ နာရီဆီကနေ ရတဲ့ အစီရင်ခံစာအရ ရှင် နှလုံးတုန်ရောဂါ အကြီးအကျယ် ခံစားလိုက်ရတယ်လို့ သိရပါတယ်။ အခု ရှင့်ကို လူနာတင်ယာဉ်ဆီ ခေါ်သွားပါတော့မယ်"

အဲဒီနောက် တံခါးပွင့်လာတာကို ကြားလိုက်ရပြီး လူနှစ်ယောက်က ကြီးမားတဲ့ လူနာတင်ခေါင်ကို ထမ်းပြီး သူ့ဘေးနားဆီ ရောက်လာကြတယ်။

ဟာ... ဒါ ဘာတွေ ဖြစ်နေတာလဲ။

သူ ပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့အခါ သူ့ကို နောက်ထပ် နှလုံးတုန်ရောဂါ ထပ်ဖြစ်သွားစေမယ့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရတယ်။

သူ့ဘေးနားမှာ သူ အမြတ်တနိုး သိမ်းဆည်းထားတဲ့ အန်နီမေး မန်ဂါစာအုပ်တွေနဲ့ အရုပ်တွေ ရှိနေတယ်။ အဲဒီဘေးမှာတော့ သူ့ရဲ့ ကွန်ပျူတာက ပွင့်နေဆဲဖြစ်ပြီး ဖန်သားပြင်ပေါ်မှာ သူ အကြိုက်ဆုံး ဂိမ်းတစ်ခုက 'ရှုံးနိမ့်' သွားတဲ့ မြင်ကွင်းမှာ ရပ်တန့်နေတယ်။

ဘာတွေ ဖြစ်ကုန်တာလဲ။

ဒါက ပြန်မဝင်စားခင်၊ သူ့ရဲ့ အရင်ဘဝက အခန်းပဲ။

"ဆရာ... ဆရာ၊ အဆင်ပြေရဲ့လား၊ ကျွန်တော်တို့ လူနာတင်ယာဉ်ဆီ အခုပဲ သွားကြမယ်" အရေးပေါ် ဆေးကုသရေးဝန်ထမ်း တစ်ယောက်က ပြောတယ်။

ဒါပေမဲ့ သူ ချက်ချင်း ခေါင်းခါလိုက်ပြီး "မလိုပါဘူး၊ ကျွန်တော် အဆင်ပြေပါတယ်" လို့ ပြောလိုက်တယ်။

သူ ထရပ်လိုက်ပြီး ခြေလှမ်းအနည်းငယ် ယိုင်နဲ့သွားပေမဲ့ နောက်ဆုံးမှာတော့ တည်ငြိမ်သွားခဲ့တယ်။

"သေချာရဲ့လား ဆရာ၊ ဆရာ့ကို ရှေးဦးသူနာပြုစုဖို့ လိုအပ်နေသေးပုံပါပဲ" လို့ အမျိုးသမီးက ပြောတယ်။

"ကျွန်တော် အဆင်ပြေတယ်" သူ အခိုင်အမာ ပြောလိုက်တယ်။

သူ့ကို ဘာတွေ ဖြစ်ပျက်နေသလဲဆိုတာကို သူ နားလည်အောင် ကြိုးစားနေဆဲပဲ။ သူ မှိုစားလိုက်တဲ့အချိန်မှာပဲ သူ ထွက်ခွာခဲ့တဲ့ သူ့ရဲ့ အရင်အခန်းထဲကို ချက်ချင်း ပြန်ရောက်လာလိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူး။

ခဏတာလောက်မှာပဲ တော်ဝင်တိုက်ကြီးမှာ သူ ကြုံတွေ့ခဲ့သမျှ အရာအားလုံးက အိပ်မက်တစ်ခုသာ ဖြစ်နေမလားလို့ သူ တွေးမိသွားတယ်။ ဒီအခြေအနေရဲ့ လက်တွေ့ဆန်မှုက သူ အသက်သေဆုံးခါနီးမှာ ဖြစ်ပေါ်တတ်တဲ့ အိပ်မက်ဆန်ဆန် အတွေ့အကြုံမျိုးကိုသာ ခံစားနေရတာလို့ သူ့ကို ထင်မှတ်သွားစေတယ်။

ရီနေးတား၊ မက်ထရိုပိုလစ်၊ သူ့ မိသားစု... အရာအားလုံးက အိပ်မက်တစ်ခုပဲဆိုတာကို ယုံကြည်ရတာ အလွန် ထူးဆန်းလွန်းတယ်။

ဆေးရုံကို သွားတာကတော့ အခုချိန်မှာ သူ့အတွက် ဘာမှ အထောက်အကူ ဖြစ်မှာ မဟုတ်ဘူး။ ဘာပဲပြောပြော မှော်ပညာတွေ၊ မိစ္ဆာတွေ ရှိနေတဲ့ တခြားကမ္ဘာတစ်ခုမှာ သူ ၁၃ နှစ်တာ ဖြတ်သန်းခဲ့ရတယ်လို့ ပြောရင် ဘယ်သူကမှ ယုံမှာ မဟုတ်ဘူးလေ။

ဒါက မှိုကြောင့်ဖြစ်တဲ့ စိတ်ကယောင်ချောက်ချားမှု အတွေ့အကြုံသက်သက်ပါပဲလို့ သူ ကိုယ့်ကိုယ်ကို ယုံကြည်အောင် ကြိုးစားလိုက်တယ်။

| ငါ ပျောက်ကွယ်သွားပြီလို့ မတွေးနဲ့ |

ရုတ်တရက် သူ့စိတ်ထဲမှာ ဟာဘင်ဂျာရဲ့ အသံ ပဲ့တင်ထွက်လာတယ်။ ဒီအချိန်မှာ သူ့အသံကို ကြားလိုက်ရတာကိုပဲ သူ အတော်လေး သက်သာရာရသွားမယ်လို့ မထင်ထားခဲ့ဘူး။

မင်း ရှိနေသေးတာပဲ။

| ရှိတာပေါ့၊ ဒါတွေအားလုံးက အိပ်မက်တစ်ခုလို့ မင်း ထင်နေတာလား။ |

သူ အဲဒီလို ခဏတာ တွေးမိခဲ့တာကို ဝန်ခံရမှာ ရှက်စရာကောင်းပေမဲ့ ဟာဘင်ဂျာ ပေါ်လာတာနဲ့အမျှ စွမ်းရည်တွေ၊ မှော်ပညာတွေ အားလုံးက တော်ဝင်တိုက်ကြီးမှာ ဖြစ်ပျက်ခဲ့တာတွေက တကယ်ပါပဲ။ ဒါ အိပ်မက် မဟုတ်ဘူး။

နိုဗာ၊ မင်း ရှိလား။

ဒါပေမဲ့ သူ့ရဲ့ ယုံကြည်ရတဲ့ အေအိုင်လက်ထောက် ရှိမနေတာကိုတော့ သူ သိလိုက်ရတယ်။

သူမ ဘာလို့ ပျောက်သွားပြီး မင်းက ဘာလို့ ရှိနေသေးတာလဲ၊ သူ ဟာဘင်ဂျာကို မေးလိုက်တယ်။

| ငါလည်း မသိဘူး။ ဒါပေမဲ့ သူ မရှိတာ ကောင်းတာပေါ့၊ မဟုတ်ဘူးလား။ |

မိုက်ကယ်က သူ ဘာလို့ ဒီမှာ ရှိနေရသလဲဆိုတာကို လုံးဝ နားမလည်ဘူး။ ဒါက စိတ်ကယောင်ချောက်ချားမှု ဟုတ်မဟုတ်တောင် သူ မသိဘူး။

အရေးပေါ် ဆေးကုသရေး ဝန်ထမ်းတွေက သူ့အခြေအနေ ပိုကောင်းလာဖို့ ဆေးပေးလိုက်တဲ့အခါ အပ်နဲ့ ထိုးလိုက်သလို ခံစားလိုက်ရတာကတော့ အမှန်တကယ်ပါပဲ။

သူတို့က သူ အန္တရာယ်ကင်းသွားပြီလို့ သေချာသွားတဲ့အခါ သူ့အခန်းကနေ အမြန်ဆုံး ထွက်ခွာသွားကြပြီး သူ့ကို တစ်ယောက်တည်း ထားခဲ့ကြတယ်။

အခု ဘာလုပ်ရမလဲ။ စိတ်ကယောင်ချောက်ချားမှု သက်ရောက်မှု ပျောက်သွားတဲ့အထိ စောင့်ရမလား။

| အဲဒါ ဘာများ ပျော်စရာကောင်းလို့လဲ၊ ငါကတော့ လေ့လာကြည့်ချင်တယ်လေ |

တကယ်တမ်းတော့ မိုက်ကယ်က အပြင်ထွက်ဖို့ နည်းနည်းလေး တွန့်ဆုတ်နေမိတယ်။ သူ အပြင်ထွက်ပြီး ကမ္ဘာလောကကို မြင်လိုက်ရရင် တော်ဝင်တိုက်ကြီးကို ပြန်သွားနိုင်တော့မှာ မဟုတ်ဘူးလို့ သူ့စိတ်ရဲ့ အစိတ်အပိုင်းတစ်ခုက ထင်နေမိတယ်။

ဒါပေမဲ့ လူကြီးသူမရဲ့ စကားတွေက အဲဒီလိုမျိုး ဖြစ်လာမှာ မဟုတ်ဘူးဆိုတာကို သူ့ကို အာမခံပေးနေတယ်။

ဒီမှာ ဘာမှ အစစ်အမှန် မရှိဘူး။

သူ တံခါးဆီ လမ်းလျှောက်သွားပြီး အပြင်ဘက်ကို ဖြည်းဖြည်းချင်း ထွက်သွားခဲ့တယ်။

သူ ထွက်သွားတာနဲ့ တစ်ပြိုင်နက် ကားဟွန်းသံတွေနဲ့ လမ်းသွားလမ်းလာတွေရဲ့ အော်ဟစ်သံတွေက သူ့နားထဲ ချက်ချင်း ပဲ့တင်ထွက်လာတယ်။

တချို့အရာတွေကတော့ ဘယ်တော့မှ မပြောင်းလဲဘူးပဲ။

သူ ပထမဆုံးအကြိမ် ပြန်လည်ဝင်စားတုန်းက တော်ဝင်တိုက်ကြီးရဲ့ ကမ္ဘာက ရိုင်းစိုင်းပြီး အခြေခံကျလွန်းတယ်လို့ သူ ထင်ခဲ့တယ်။ ဘာပဲပြောပြော သူတို့ဆီမှာ နည်းပညာ တိုးတက်မှု ဆိုတာ လုံးဝ မရှိခဲ့ဘူးလေ။

ဒါပေမဲ့ အခု ကမ္ဘာကို ပြန်မြင်လိုက်ရတဲ့အခါ သူ ပြန်တွေးမိသွားတယ်။

ရီနေးတားနိုင်ငံကတော့ ဒီနေရာထက် အများကြီး ပိုပြီး ယဉ်ကျေးသိမ်မွေ့တယ်။ လမ်းတွေပေါ်မှာ အမှိုက်တွေ ပြန့်ကျဲနေတာမျိုး မရှိဘူး၊ မိလ္လာမြောင်းတွေထဲမှာ ကြွက်တွေ ပြေးလွှားနေတာမျိုး မရှိဘူး၊ ပြီးတော့ ကြမ်းပြင်ပေါ်မှာ အိပ်ပျော်နေတဲ့ အရက်သမား ဆိုတာမျိုး လုံးဝ မရှိဘူး။

အဲဒီအချိန်မှာပဲ သူ့အိတ်ကပ်ထဲကနေ တုန်ခါသံကို ခံစားလိုက်ရတယ်။

ဘီးဇ်... ဘီးဇိ..။

သူ အိတ်ကပ်ထဲက ဖုန်းကို ထုတ်လိုက်တဲ့အခါ အတွင်းမှာ မဖတ်ရသေးတဲ့ မက်ဆေ့ခ်ျပေါင်းများစွာကို တွေ့လိုက်ရတယ်။

{မင်း အလုပ်ဆင်းချိန် မလာဘူးလား}

{ဒီမှာ အလုပ်တွေ အရမ်းရှုပ်နေလို့၊ လာပေးနိုင်မလား}

{မန်နေဂျာက အချိန်ပို ဆင်းပေးနိုင်မလားလို့ မေးနေတယ်}

အချိန်တွေ ကြာမြင့်ခဲ့ပြီမို့ သူ့အလုပ်အကြောင်းကိုတောင် သူ လုံးဝ မေ့သွားခဲ့ပြီ။

သူကတော့ မက်ဆေ့ခ်ျတွေကို လျစ်လျူရှုလိုက်တယ်။ ဒီနေရာမှာ တစ်နေ့တာလုံး အလုပ်စားပွဲမှာ ကွေးကွေးလေး ထိုင်နေဖို့ သူ စိတ်မကူးဘူး။

အဲဒီအချိန်မှာပဲ လမ်းတစ်ဖက်ခြမ်းကနေ အော်ဟစ်သံတွေကို ကြားလိုက်ရတယ်။ အဲဒါက ကြောက်လန့်တဲ့ အော်ဟစ်သံ မဟုတ်ဘူး၊ ပျော်ရွှင်တဲ့ အော်ဟစ်သံတွေပဲ။

လူတွေက သူတို့ရဲ့ ဖုန်းတွေကို ကိုင်ပြီး တစ်စုံတစ်ယောက်ဆီကနေ လက်မှတ်ထိုးခိုင်းဖို့ စာရွက်တွေကို ကိုင်ကာ လမ်းမတွေပေါ်မှာ ပြေးလွှားနေကြတာကို သူ မြင်လိုက်ရတယ်။

သူက ခြေဖျားထောက်ပြီး လူအုပ်ကြီးကြားထဲကနေ ဘယ်ဆယ်လီက လမ်းမတွေပေါ် ရောက်လာတာလဲဆိုတာကို မျှော်ကြည့်လိုက်တယ်။

ကံမကောင်းစွာနဲ့ပဲ လူတွေက အရမ်းများနေတာမို့ သူ သေချာ မမြင်လိုက်ရဘူး။

သူ ပိုနီးအောင် လျှောက်သွားလိုက်ပြီး နောက်ဆုံးမှာတော့ လူအုပ်ကြီးရဲ့ အစွန်းဘက်ကို ရောက်သွားတယ်။

နောက်ဆုံးမှာတော့ သူ သူမကို မြင်လိုက်ရတယ်။

ညဉ့်ယံလို မည်းနက်တဲ့ ဆံပင်၊ ပုလဲလို အပြစ်အနာအဆာကင်းတဲ့ အရေပြား၊ ကြယ်ပွင့်တွေလို တောက်ပနေတဲ့ မျက်လုံးတွေနဲ့ ချယ်ရီသီးလို ဆွဲဆောင်မှုရှိတဲ့ နှုတ်ခမ်းတွေ။

ယူနာကင်ပဲ။

သူမက လက်ရှိမှာ ဗီနိုင်း အယ်လ်ဘမ်တွေကို လက်မှတ်ထိုးပေးနေပြီး သူမရဲ့ ပရိသတ်တွေနဲ့ ဆယ်လ်ဖီ ရိုက်နေတယ်။ လူတစ်ထောင်လောက်က သူမကို အာရုံစိုက်မိအောင် အော်ဟစ်နေကြတဲ့ကြားထဲကနေ သူမကတော့ တည်ငြိမ်မှုကို ထိန်းထားနိုင်ပြီး သူမနဲ့ တွေ့ဆုံသမျှ လူတိုင်းကို ပြုံးပြနေနိုင်တယ်။

ယူနာ...

သူ ပြန်လည်မဝင်စားခင်တုန်းကဆိုရင်တော့ သူမကို အဝေးကနေ ကြည့်ပြီး ကျေနပ်နေမှာပဲ။

ဒါပေမဲ့ အခုတော့ သူမကို သူငယ်ချင်းဟောင်းတစ်ယောက်လို သွားပြီး နှုတ်ဆက်ချင်တယ်။ တော်ဝင်တိုက်ကြီးမှာ သူတို့ နောက်ဆုံး တွေ့ဆုံခဲ့ကြတာ ကြာလှပြီလေ။

ကံမကောင်းစွာနဲ့ပဲ အဲဒီလိုမျိုး ခံစားနေရတဲ့ လူရာပေါင်းများစွာ ရှိနေတယ်။ သူတို့က သူမရဲ့ အာရုံစိုက်မှုကို ရဖို့ တောင့်တနေကြတာမို့ သူက လူအုပ်ကြားထဲ တိုးဝင်သွားဖို့ မဖြစ်နိုင်ဘူး။

ဘာပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ သူမက သူ ဒီနှစ်တွေအတွင်းမှာ ရင်းနှီးခဲ့တဲ့ ယူနာ မဟုတ်တော့ဘူးလေ။

သူ ဖြည်းဖြည်းချင်း လမ်းလျှောက် ထွက်ခွာလာခဲ့တယ်။

ဒါပေမဲ့ ရုတ်တရက် ပတ်ဝန်းကျင်မှာ ပြောင်းလဲသွားတာကို သူ ခံစားလိုက်ရတယ်။ ပျော်ရွှင်စွာ အော်ဟစ်သံတွေအစား အခုတော့ လူတွေရဲ့ တီးတိုးရေရွတ်သံတွေနဲ့ ဒီအခိုက်အတန့်ကို ရိုက်ကူးထားချင်တဲ့ ကင်မရာ ဓာတ်ပုံရိုက်သံတွေသာ ရှိတော့တယ်။

သူ နောက်ကို လှည့်ကြည့်လိုက်တဲ့အခါ ယူနာက သူ့ရဲ့ ရှေ့တည့်တည့်မှာ ရပ်နေတာကို မြင်လိုက်ရတယ်။

တစ်ချိန်တည်းမှာပဲ ဓာတ်ပုံ ရိုက်လိုက်တဲ့ ကင်မရာ အလင်းရောင်တွေကြောင့် သူမကို သူ သေချာ မမြင်နိုင်လုနီးပါး ဖြစ်သွားတယ်။ နောက်တစ်ရက်မှာတော့ သတင်းစာနဲ့ မဂ္ဂဇင်းတွေထဲမှာ သူ့ရဲ့ မျက်နှာကို သေချာပေါက် တွေ့ရတော့မှာပဲ။

ယူနာကင်က သူ့ကို ကြည့်လိုက်ပြီး သူမရဲ့ မျက်လုံးတွေကတော့ စိတ်ရှုပ်ထွေးနေပုံရတယ်။ သူမက သူ့ကို ဘယ်မှာ၊ ဘယ်လို တွေ့ဖူးသလဲဆိုတာကို နားလည်ဖို့ ကြိုးစားနေတယ်။

အဲဒီနောက် သူမရဲ့ နောက်ကနေ ကင်မရာ အလင်းရောင် တစ်ချက် လက်သွားတဲ့ အချိန်မှာပဲ သူမ သဘောပေါက်သွားတယ်။

"မိုက်ကယ်။"

* * * * * * * *

စာစဉ်(၆၁)

အခန်း(၇၃၀)

မိုက်ကယ် စကားတစ်ခွန်းမှ မဟနိုင်အောင် ဖြစ်သွားတယ်။ သူ ပြန်လည်မွေးဖွားလာမှသာ သူတို့ သိကျွမ်းခဲ့ကြတာမို့ သူမက သူ့ကို မှတ်မိလိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူးလေ။

ယူနာက ခေါင်းခါလိုက်ပြီး သူမရဲ့ နားထင်တွေကို နှိပ်နယ်လိုက်တယ်။ "ဒါက... ဒါက အိပ်မက်တစ်ခုများလား" လို့ သူမက မေးလိုက်တယ်။

'အိပ်မက် ဟုတ်လား'

ယူနာဆီက ထွက်လာတဲ့ ဒီစကားလုံးအနည်းငယ်က မိုက်ကယ်ရဲ့ ရှေ့မှာ ဗုံးတစ်လုံး ကျကွဲသွားသလိုပဲ။

ဒီအတွေ့အကြုံတစ်ခုလုံးက စိတ်ကူးယဉ်သက်သက်၊ လုံးဝ အတုအယောင်ဖြစ်ပြီး သူ့စိတ်ထဲမှာပဲ ဖန်တီးထားတဲ့ အရာတစ်ခု ဖြစ်သင့်တာလေ။

ဒါပေမဲ့ ယူနာတောင် ဒီကမ္ဘာထဲ ဆွဲသွင်းခံလိုက်ရပုံပေါ်တာကို ကြည့်ရင် လုံးဝ တခြားကိစ္စတစ်ခုခု ဖြစ်ပျက်နေတယ်ဆိုတာ သေချာနေတယ်။ ဒီကမ္ဘာက သူ ထင်ထားသလောက် အတုအယောင် မဟုတ်လောက်ဘူး။

"ယူနာ"

သူ သူမဆီ လှမ်းပြီး စကားပြောဖို့ ကြိုးစားလိုက်ချိန်မှာပဲ သူ့ကို အနောက်ဘက်ဆီ ဆွဲငင်နေတဲ့ အားတစ်ခုကို ရုတ်တရက် ခံစားလိုက်ရတယ်။ အဲဒါက သူ့ရဲ့ ဝိညာဉ်ကို ဆွဲငင်နေတဲ့ တွင်းနက်ကြီးတစ်ခုလို လုံးဝ လွတ်မြောက်လို့မရနိုင်တဲ့ အရာပဲ။

အဲဒီနောက် သူ့ပတ်ဝန်းကျင်က ကမ္ဘာကြီးက ရော်ဘာလိုမျိုး ရှေ့ကို ဆွဲဆန့်ခံရပြီး ကွေးကောက်သွားပုံပေါ်ကာ နောက်ဆုံးမှာတော့ လုံးဝ ကွဲပြားတဲ့ ပတ်ဝန်းကျင်တစ်ခုဆီ သူ ရောက်သွားခဲ့တယ်။

သူ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်တော့ လူစည်ကားနေတဲ့ လမ်းမတစ်ခုရဲ့ အလယ်မှာ ရပ်နေတာကို တွေ့လိုက်ရတယ်။

သူ့ဘေးနားမှာ မြင်းတွေဆွဲတဲ့ ရထားလုံးတွေ ရှိနေပြီး တချို့ကလည်း လက်ဆွဲရထားတွေကို အသုံးပြုနေကြတယ်။

'ရထားလုံးတွေ ဟုတ်လား'

သူ ပတ်ဝန်းကျင်အသစ်ကို အကဲခတ်နေစဉ်မှာပဲ တစ်ယောက်ယောက်က သူ့ပခုံးကို မတော်တဆ ဝင်တိုက်မိသွားခဲ့တယ်။

"ဆောရီးနော်" လို့ သူက တောင်းပန်လိုက်တယ်။

အဲဒီလူက စိတ်အနှောင့်အယှက်ဖြစ်သွားပုံရတယ်။ "ဒီတိုင်း ရပ်မနေနဲ့လေကွာ... ဒီမှာ လူတွေ အများကြီး သွားလာနေတာကို"

အဆူခံလိုက်ရပေမဲ့လည်း မိုက်ကယ်ကတော့ အဲဒီလူကို အံ့အားသင့်နေတဲ့ မျက်နှာနဲ့သာ စိုက်ကြည့်နေခဲ့တယ်။

သူ အခုလေးတင် ဝင်တိုက်မိသွားတဲ့လူက မှော်ပညာကို သုံးနိုင်တဲ့သူ ဖြစ်နေတာပဲ။ ရိုးရိုး မှော်ပညာတောင် မဟုတ်ဘဲ မှော်စွမ်းအင် ရှစ်မျိုးစလုံးကို သုံးနိုင်တာ။

ဘယ်လောက်ပဲ မဖြစ်နိုင်ဘူးလို့ ထင်ရပါစေ သူ ဝင်တိုက်မိသွားတဲ့ ရိုးရိုးပုံမှန်လူလို့ ထင်ရသူက သဟဇာတ ကိုပါ သုံးနိုင်တဲ့သူ ဖြစ်နေတယ်။

သူ ကိုယ်တိုင် လုပ်ဆောင်လိုက်ရင် ဖြစ်ပေါ်လာမယ့် တုံ့ပြန်မှုတွေအတိုင်း လေထုထဲက မှော်စွမ်းအင် ရွေ့လျားမှုတွေကို သူ ခံစားသိရှိနိုင်တာကြောင့် ဒါကို သိနေတာလေ။

ပြီးတော့ သူ့ဘေးနားက လူတွေကို ဝေ့ကြည့်လိုက်ချိန်မှာ ဒါက ထူးခြားတဲ့ ကိစ္စတစ်ခု လုံးဝမဟုတ်မှန်း သူ သဘောပေါက်သွားခဲ့တယ်။

သူ့ပတ်ဝန်းကျင်က လူတိုင်းက ဒြပ်စင် ရှစ်မျိုးစလုံးကို ကျွမ်းကျင်ကြတယ်။

'ဘယ်လိုတွေဖြစ်ကုန်တာလဲ... ဒီလူတွေထဲက တစ်ယောက်ကိုမှ ငါ မသိဘူး၊ ပြီးတော့ ငါ ဘယ်ရောက်နေတာလဲ... ဒါက ရီနေးတားနိုင်ငံ မဟုတ်ဘူး'

မြင်းလှည်းတွေကို မြင်လိုက်ရပြီးနောက် သူ နောက်ဆုံးတော့ တော်ဝင်တိုက်ကြီးဆီ ပြန်ရောက်လာပြီလို့ သူ ထင်ခဲ့တာ။

ဒါပေမဲ့ ဒီနေရာကို သူ မမှတ်မိဘူး။ ဒီလူတွေထဲက ဘယ်သူကမှ သူ စွမ်းအားနိုးကြားပေးခဲ့တဲ့ ရီနေးတားသားတွေ မဟုတ်ကြဘူး။

သူ သိထားသလောက်ဆိုရင် သူက နောက်ထပ်လူတွေကို စွမ်းအားမနိုးကြားပေးနိုင်ခင်အချိန်ကတည်းက သဟဇာတကို အသုံးပြုနိုင်တဲ့သူတွေ မျိုးသုဉ်းပျောက်ကွယ်သွားတာ ကြာလှပြီလေ။

"တဆိတ်လောက်... ဒါ ဘယ်နေရာလဲခင်ဗျ" လို့ လမ်းလျှောက်လာတဲ့ ခရီးသွားတစ်ယောက်ကို သူ မေးလိုက်တယ်။

ကီမိုနိုဝတ်စုံလို့ ထင်ရတဲ့ အဝတ်အစားကို ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ဦးက ရပ်တန့်သွားပြီး သူ့ကို ထူးဆန်းသလို ကြည့်လာတယ်။

"မင်း လမ်းပျောက်နေတာလား ကောင်လေး" လို့ အမျိုးသမီးက ပြောလိုက်တယ်။

"လမ်းပျောက်တယ် ဟုတ်လား"

မိုက်ကယ် သူ့ကိုယ်သူ ငုံ့ကြည့်လိုက်မှ အသက် ၁၃ နှစ်အရွယ် ပုံစံကို ပြန်ရောက်နေမှန်း နောက်ဆုံးတော့ သဘောပေါက်သွားခဲ့တယ်။ သူ မိုက်ကယ် ဗန်ဒါဘစ် အဖြစ်ကို တစ်ဖန် ပြန်ရောက်သွားတာပဲ။

"ဒါက တဲရာ လေ" လို့ သူမက ဖြေလိုက်တယ်။ "မင်း လမ်းပျောက်နေရင် ဘုရားကျောင်းကို သွားသင့်တယ်... နတ်ဘုရားမက မင်းရဲ့ ဆုတောင်းတွေကို ဖြေကြားပေးမှာ သေချာတယ်"

သူမရဲ့ ရည်ရွယ်ချက်က ကောင်းမွန်ပုံရပေမဲ့ သူမရဲ့ အကြံပေးစကားကတော့ လုံးဝ အသုံးမဝင်ခဲ့ဘူး။ ဆုတောင်းတာက သူ လိုအပ်နေတဲ့ အဖြေတွေကို ရလာစေမှာ မဟုတ်ဘူးလေ။ သူက မြေပုံတစ်ခု လိုအပ်တာ။

"ဒီနေရာကို မြို့စား ဒါမှမဟုတ် မြို့စားကတော် တစ်ယောက်ယောက်က ပိုင်တာလား... ကျွန်တော် သူတို့ဆီက အကူအညီ တောင်းလို့ရလောက်တယ်" လို့ သူက အမျိုးသမီးကို ပြောလိုက်တယ်။

သူမက သူ့စကားတွေကို ရယ်မောလိုက်တယ်။ "ခစ် ခစ်... ရယ်စရာပဲ၊ ဘာလို့ ဒီနေရာကို လူသားတစ်ယောက်က ပိုင်ရမှာလဲ... ဒါက ယုတ္တိမရှိတာ၊ နတ်ဘုရားမ တစ်ပါးတည်းသာ ဒီနယ်မြေကို ပိုင်ဆိုင်နိုင်တာလေ"

'လူ့အဖွဲ့အစည်းရဲ့ သမားရိုးကျ စည်းမျဉ်းတွေကို မလိုက်နာဘူးဆိုရင် ဒီနေရာက တော်ဝင်တိုက်ကြီးနဲ့ အတော်လေး ဝေးလောက်မယ်လို့ ငါ ထင်တယ်'

"မင်းကို အဲဒီကို ခေါ်သွားပေးမယ်" လို့ သူမက ပြောရင်း သူ့လက်ကိုဆွဲကာ စည်ကားနေတဲ့ လမ်းမတွေကို ဖြတ်ပြီး ဖြူလွလွ ထုံးကျောက်တွေနဲ့ တည်ဆောက်ထားတဲ့ ဧရာမ ဘုရားကျောင်းကြီးတစ်ခုဆီ ခေါ်ဆောင်သွားခဲ့တယ်။

"ဒါက ဘာဘုရားကျောင်းလဲ" နံရံတွေပေါ်မှာ ထွင်းထုထားတဲ့ အမည်မသိ သင်္ကေတတွေကို လက်နဲ့ ပွတ်သပ်ရင်း သူက သူမကို မေးလိုက်တယ်။

"ဒါက ဂိုင်ယာ ဘုရားကျောင်း ပေါ့"

အမျိုးသမီးက အတွင်းကို ဆက်လျှောက်သွားချိန်မှာ မိုက်ကယ်ကတော့ အကြီးအကျယ် မှင်တက်သွားပြီး အဲဒီနေရာမှာတင် ရပ်နေခဲ့တယ်။

'ဂိုင်ယာ... သူမ ပြောတာ ဗန်ပိုင်ယာတွေ ကိုးကွယ်တဲ့ ဂိုင်ယာကို ဆိုလိုတာလား'

ဂိုင်ယာအတွက် ရည်စူးပြီး အသစ်ဆောက်ထားပုံရတဲ့ ဘုရားကျောင်းတစ်ခု ရှိနေမယ်ဆိုတာကို သူ မယုံနိုင်အောင် ဖြစ်နေတယ်။ ဗန်ပိုင်ယာတွေရဲ့ အဆိုအရ အဲဒီဘာသာတရားရဲ့ ဘုရားကျောင်းတွေနဲ့ ဘာသာရေး အမွေအနှစ်အားလုံးက အချိန်ကာလကြာမြင့်စွာနဲ့အတူ ပျောက်ကွယ်သွားခဲ့တာ၊ ဖျက်ဆီးခံလိုက်ရတာ ဒါမှမဟုတ် မြေအောက်မှာ မြုပ်နှံခံလိုက်ရတာချည်းပဲလေ။

ဒီဘုရားကျောင်းသာ ဒီမှာ ရှိနေသေးရင် ဗန်ပိုင်ယာတွေက အခုလောက်ဆို ရှာတွေ့နေလောက်ပြီ။

'ဒါမှမဟုတ်...'

ခန့်မှန်းချက်တစ်ခုက သူ့ခေါင်းထဲမှာ စတင်ပုံပေါ်လာခဲ့တယ်။ ဒီထူးဆန်းတဲ့ မြို့သစ်လေးမှာ သူ မြင်တွေ့ခဲ့ရသမျှ အရာအားလုံးကို အဲဒါက ရှင်းပြပေးနိုင်လိမ့်မယ်။

သူ ဘုရားကျောင်းထဲ ဆက်လျှောက်ဝင်သွားချိန်မှာပဲ သူ့ရဲ့ ကောက်ချက်ချမှုကို ပိုပြီး ခိုင်မာသွားစေတဲ့ အရာတစ်ခုကို သူ မြင်လိုက်ရတယ်။

စစ်မှန်တဲ့ မီသရယ် မှော်ဝင်ပစ္စည်း ဆွဲကြိုးတစ်ကုံးကို ဆင်မြန်းထားပြီး နတ်ဘုရားမ ရုပ်တုဆီ ဆုတောင်းနေတဲ့ အမျိုးသမီး ဘုန်းတော်ကြီးတစ်ပါးကို သူ မြင်လိုက်ရတာပဲ။

အဲဒီ မီသရယ် မှော်ဝင်ပစ္စည်းကို သူ ဖန်တီးခဲ့တာ မဟုတ်ဘူး။ လက်နက်အားလုံးကို သူနဲ့ လူပုလေးတွေက တင်းတင်းကျပ်ကျပ် စောင့်ကြည့်ထားတာမို့ ဒီလိုဆွဲကြိုးမျိုး ရှိနေခဲ့ရင် သူ သိနေမှာ အသေအချာပဲ။

အခုတော့ မျိုးသုဉ်းပျောက်ကွယ်သွားပြီလို့ ယူဆရတဲ့ အရာတွေကို သူ မြင်တွေ့နေရတယ်။

ဖြစ်နိုင်ခြေ တစ်ခုပဲ ရှိတော့တယ်။

'ငါ ရှေးဟောင်းခေတ်ကို ပြန်ရောက်သွားတာလား'

သဟဇာတကို ကျွမ်းကျင်တဲ့လူတွေ၊ ဘုရားကျောင်းနဲ့ မီသရယ် မှော်ဝင်ပစ္စည်းတို့ အကြောင်းကို ရှင်းပြနိုင်မယ့် သူ စဉ်းစားလို့ရတဲ့ တစ်ခုတည်းသော အဖြေက ဒါပဲ။

အဲဒီအချိန်မှာပဲ အကူအညီပေးခဲ့တဲ့ အမျိုးသမီးက အမျိုးသမီး ဘုန်းတော်ကြီးဆီ လျှောက်သွားပြီး တစ်ခုခုကို တီးတိုးပြောလိုက်တယ်။ ပြီးတော့ မိုက်ကယ်ကို လက်ညှိုးထိုးပြလိုက်တယ်။

"အာ... သဘောပေါက်ပြီ၊ လမ်းပျောက်နေတဲ့သူတွေကို ငါတို့ သေချာပေါက် ကူညီပေးနိုင်ပါတယ်" လို့ အမျိုးသမီး ဘုန်းတော်ကြီးက ပြောလိုက်တယ်။ "လာပါ ကလေးလေး... မင်း ဘာတွေ အခက်အခဲဖြစ်နေလဲဆိုတာ ဂိုင်ယာကို ပြောပြလိုက်ပါ"

မိုက်ကယ်က ခေါင်းယမ်းလိုက်တယ်။ "နေပါစေ ကျေးဇူးပါပဲ" လို့ သူက ပြောလိုက်တယ်။

တကယ်တော့ သူက ဘာသာတရားကို သိပ်ယုံကြည်သူ မဟုတ်ဘူး။ ဆုတောင်းတာက သူနဲ့ ကိုက်ညီတဲ့ ကိစ္စမျိုး မဟုတ်ဘူးလေ။

"ကောင်းပြီလေ" လို့ အမျိုးသမီး ဘုန်းတော်ကြီးက ပြောလိုက်တယ်။ "ဒါဆိုရင် အရာအားလုံးကို ဂိုင်ယာပဲ ဖြေရှင်းပါစေ"

ပြီးတော့ သူမက ယဇ်ပလ္လင်အလယ်မှာရှိတဲ့ နတ်ဘုရားမ ရုပ်တုဆီ လျှောက်သွားပြီး ရုပ်တုရှေ့မှာ ဒူးထောက်လိုက်တယ်။

သူမရဲ့ မီသရယ် မှော်ဝင်ပစ္စည်း ပုတီးစေ့ဆွဲကြိုးကို ဆုပ်ကိုင်လိုက်ပြီး နှုတ်ခမ်းနဲ့ နမ်းရှိုက်လိုက်တယ်။

"အို အရှင်မ ဂိုင်ယာ"

သူမက နတ်ဘုရားမဆီ တီးတိုး ဆုတောင်းစကားတွေ စတင် ရွတ်ဆိုတော့တယ်။

အဲဒီနောက် ရုတ်တရက်ပဲ မျက်နှာကြက်ဆီကနေ အဖြူရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ယဇ်ပလ္လင်ပေါ်ကို ထိုးကျလာခဲ့တယ်။

"နတ်ဘုရားမက မင်းရဲ့ ဆုတောင်းတွေကို ဖြေကြားပေးလိုက်ပြီ" လို့ အမျိုးသမီး ဘုန်းတော်ကြီးက ပြောလိုက်တယ်။ "မင်းရဲ့ မေးခွန်းတိုင်းကို သူမ ဖြေကြားပေးလိမ့်မယ်"

မိုက်ကယ်က မျက်နှာကြက်ကနေ ထိုးကျလာတဲ့ အလင်းတန်းကို နားမလည်နိုင်စွာနဲ့ ကြည့်လိုက်တယ်။

အဲဒါက မှော်စွမ်းအင်နဲ့ ဖန်တီးထားတာ မဟုတ်ဘူး။ တန်ခိုးစွမ်းရည် နဲ့တောင် ဖန်တီးထားတာ မဟုတ်ဘူး။ အဲဒါက သူ နားမလည်နိုင်တဲ့ လုံးဝ တခြားအရာတစ်ခုခုနဲ့ ဖန်တီးထားတာပဲ။

အလင်းတန်းဆီကနေ သူ ခံစားမိတဲ့ တစ်ခုတည်းသော အရာကတော့ အဲဒါရဲ့... နတ်ဘုရားအရှိန်အဝါ ပဲ။

'ဒါက အာရုံချောက်ချားမှု ဖြစ်နေတုန်းပဲလား'

ဒီအချိန်မှာ သူက မှိုရဲ့ အာနိသင်အောက်မှာ ရောက်နေတုန်းလားဆိုတာ တွေးတောနေမိတယ်။ သူ့စိတ်က ဖန်တီးထားတဲ့ အတုအယောင်တစ်ခု ဖြစ်ဖို့အတွက်တော့ အရာအားလုံးက အရမ်းကို လက်တွေ့ဆန်လွန်းနေတယ်လေ။

သူ အလင်းတန်းဆီ လျှောက်သွားလိုက်ပြီး သူ့ကို အပြည့်အဝ ဖုံးလွှမ်းသွားခွင့် ပြုလိုက်တယ်။

ထို့နောက် အလင်းရောင်က မှေးမှိန်သွားခဲ့တယ်။

သူ မျက်လုံးဖွင့်ကြည့်လိုက်ချိန်မှာ ကွဲပြားတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ နောက်တစ်ကြိမ် ရောက်နေပြန်တာကို တွေ့လိုက်ရတယ်။

အဖြူရောင် တိမ်တိုက်တွေကလွဲရင် ဘာမှမရှိတဲ့ မိုးကုတ်စက်ဝိုင်း အကျယ်အဝန်းကြီးကိုသာ သူ မြင်တွေ့ရတယ်။

ပြီးတော့ သူ့ရှေ့မှာ သူ့ကို ငုံ့ကြည့်နေတဲ့ ဧရာမ အမျိုးသမီးကြီး တစ်ဦးရဲ့ ပုံရိပ်ကို မြင်လိုက်ရတယ်။

"ဟီးဟီးဟီးဟီး... အချိန်အတော်ကြာခဲ့ပြီပဲ၊ ငါ့ကို လွမ်းနေတာလား"

မိုက်ကယ် ဒီစကားလုံးတွေကို ကြားလိုက်ရတာနဲ့ တစ်ပြိုင်နက် အဲဒါ ဘယ်သူလဲဆိုတာကို သဘောပေါက်သွားခဲ့တယ်။

"ခင်ဗျားပဲ"

သူမက ပထမဆုံးအကြိမ်မှာ သူ့ကို ဝင်စားလာအောင် လုပ်ခဲ့တဲ့ နတ်ဘုရားမ ပဲ။ သူ့ကို မတော်တဆ သေဆုံးအောင် လုပ်ခဲ့တာကလည်း သူမပဲလေ။

* * * * * * * *

All Chapters