အခန်း ၁၆၀
Vol. 14 Ch. 160
အခန်း ၁၆၀
ကျူးဂွေးကျန်းမှာ ရဲများ၏ လက်ထိတ်ခတ်ခြင်းကို ခံလိုက်ရပြီး တိုက်ရိုက်ပင် ခေါ်ဆောင်သွားခြင်း ခံလိုက်ရသည်။
အားလုံး ပြစ်ဒဏ်ချမှတ်ခံလိုက်ရပြီဖြစ်သည်။
ကျူးဂွေးကျန်း မည်မျှပင် ရုန်းကန်ပါစေ အချည်းနှီးသာ ဖြစ်သည်။
တိုက်ရိုက်ထုတ်လွှင့်မှုကြည့်ရှုသူများမှာလည်း ဝမ်းသာအားရဖြင့် အော်ဟစ်နေကြသည်။
[ဟားဟားဟား တရားရုံးကတော့ အမိန့်ချတာ တကယ့်ကို မှန်ကန်တယ်]
[ရှေ့နေဂူ ခင်ဗျားက ကျွန်တော့်ရဲ့ သူရဲကောင်းပဲ]
[ဒီလူမိုက်တွေကို နောက်တစ်ခါ အကွက်ဆင်ကြည့်ပါဦး။ အခုတော့ မိသွားပြီပေါ့ ဟုတ်တယ်မလား]
[ဥပဒေဆိုတာ မတော်တဆမှု ဟန်ဆောင်ပြီး လိမ်လည်တဲ့သူတွေကို အပြစ်ပေးရမယ် သူတို့အားလုံးကို ဖမ်းရမယ်]
[တရားရုံးတွေက လူဆိုးတွေအတွက် ပြစ်မှုကျူးလွန်တဲ့ ကုန်ကျစရိတ်ကို မြင့်ပေးရမယ်။ လူကောင်းတွေက အပြစ်မရှိကြောင်း အမြဲတမ်း သက်သေပြနေစရာ မလိုသင့်ဘူး။ မဟုတ်ရင် ဘယ်သူကများ ကူညီရဲတော့မှာလဲ]
[ရှေ့နေဂူက တကယ့်ကို ထူးချွန်တာပဲ။ အောင်မြင်မှုတွေ ဆက်တိုက်ပဲ။ အခုဆို ရှေ့နေဂူက အမှု ၇ မှု စလုံးကို ၁၀၀ ရာခိုင်နှုန်း အောင်နိုင်ထားတာ မဟုတ်လား]
[ကျွန်တော်လည်း ရှေ့နေဂူကို အမှုလိုက်ပေးစေချင်တယ် မဟုတ်ရင် ရှေ့နေဂူရဲ့ ကုမ္ပဏီကို သွားမယ်]
[တရားစွဲဖို့ လိုအပ်ရင် ရှေ့နေဂူဆီပဲ သွားမယ် သူ အမှုတွေကို ကိုင်တွယ်ပုံက တကယ်ကို ထက်မြက်လွန်းတယ်]
....
ရှဲ့စီယုမှာ တရားခွင်တွင် အပြစ်မရှိကြောင်း ကြေညာခြင်းခံလိုက်ရပြီး လျော်ကြေးငွေများကိုလည်း ရရှိတော့မည်ပင်။
ရှဲ့စီယုက ဂူချန်ကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်ကာ
"ရှေ့နေဂူ ကျွန်မ အပြစ်ကင်းစင်သွားပြီ ကျေးဇူးတင်ပါတယ် ရှေ့နေဂူ။ ရှေ့နေသာ မကူညီရင် ကျွန်မ ဘာလုပ်ရမှန်းတောင် သိမှာမဟုတ်ဘူး။ တကယ်လို့ ၁၀ နှစ် ထောင်ကျသွားရင် ကျွန်မဘဝ ပျက်စီးသွားမှာ။ ကျေးဇူးတင်ပါတယ် ရှေ့နေဂူ"
"ရှေ့နေဂူ ကျွန်မ ရှေ့နေကို ညစာ ကျွေးချင်တယ်။ အကောင်းဆုံး ပွဲတော်တစ်ခုလိုမျိုးပေါ့။ ရှေ့နေကို ကျွန်မ တကယ့်ကို ကျေးဇူးတင်ချင်တာပါ" ဟု ဝမ်းသာအားရ ပြောသည်။
ရှဲ့စီယုမှာ သူမ၏ ပထမအဆင့် တရားရုံးတွင် ငှားရမ်းခဲ့သော ရှေ့နေ၏ အားနည်းချက်များကြောင့် အလွန်ပင် စိတ်သောကရောက်ခဲ့ရသည်။
ဂူချန်က ရယ်မောရင်း "ပထမအဆင့်တုန်းက ခင်ဗျား ငှားခဲ့တဲ့ ရှေ့နေက ဘယ်သူလဲ" ဟု မေးလိုက်သည်။
ရှဲ့စီယုက "အဲ့ဒီရှေ့နေနာမည်က ကျန်းဝေပါ။ သူက အရာအားလုံးကို ရှင်းပေးမယ်လို့ ပြောခဲ့ပေမဲ့ နောက်ဆုံးတော့ လျော်ကြေးငွေ ၂ သန်းကျော်ကနေ ၁ သန်းကျော်အထိပဲ လျော့သွားပြီး ထောင် ၁၀ နှစ် ကျဖို့ ဖြစ်သွားတာ... ရှေ့နေဂူ ကျန်းဝေကို သိလား" ဟု ပြန်မေးသည်။
ဂူချန် "ကျန်းဝေ"
ဂူချန်က "သူက ပထမအဆင့်မှာ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခံရတဲ့ အမှုမှာ သူဝင်ကာကွယ်ပေးပြီး ဒုတိယအဆင့်မှာ သေဒဏ် ဖြစ်သွားတဲ့သူ မဟုတ်လား" ဟု ပြောလိုက်သည်။
ရှဲ့စီယု "...."
သူမ ငှားခဲ့သော ရှေ့နေမှာ အဲ့ဒီလို ပုဂ္ဂိုလ်မျိုး ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဂူချန်က "တကယ်တော့ ခင်ဗျား တင်ပြလိုက်တဲ့ ဗီဒီယိုအထောက်အထားက အရေးအကြီးဆုံးပဲ။ ဗီဒီယိုမှတ်တမ်းထက် ပိုခိုင်လုံတဲ့ အထောက်အထား မရှိဘူး။ အဲ့ဒီ Dashcam အထောက်အထားကို စောစောကတည်းက တင်ပြနိုင်ရင် ကျွန်တော့်ကို ငှားဖို့တောင် လိုမှာမဟုတ်ဘူး။ အလွယ်တကူ အပြစ်မရှိကြောင်း အမိန့်ချခံရမှာပါ" ဟု ပြောသည်။
ရှဲ့စီယုက "4S ဆိုင်မှာ ပြင်ပေးထားပြီး ဗီဒီယိုအထောက်အထား ပါနေတာကို ကျွန်မ မသိခဲ့ပါဘူး... ဒါပေမဲ့ ရှေ့နေဂူကို အများကြီး ကျေးဇူးတင်ပါတယ်" ဟု ပြောသည်။
ဂူချန်အား အမှုလိုက်ပေးရန်အတွက် ရှဲ့စီယုမှာ ယွမ် ၂ သောင်းကျော်သာ ကုန်ကျခဲ့သည်။ သူမ၏ ဖခင်ဖြစ်သူ ရှဲ့ရီချောင်မှာလည်း ဂူချန်အား အလွန် ကျေးဇူးတင်နေသည်။
ထို့အပြင် တရားရုံး၏ စီရင်ချက်အရ ရှဲ့စီယု ပေးဆောင်ရမည့် ကုန်ကျစရိတ်များကို တရားလိုဘက်မှ ပြန်လည်ပေးဆောင်စေရမည်ဟု ဆုံးဖြတ်ထားသဖြင့် ရှဲ့စီယုမှာ ငွေကြေးအားဖြင့်လည်း ထိခိုက်မှုမရှိတော့ပေ။
ဂူချန်နှင့် ရွှယ်ချင်းချင်းတို့သည် မနက်ဖြန်တွင် လေယာဉ်ဖြင့် ပြန်ကြရန် စီစဉ်ထားသည်။ အမှုကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပြီးနောက် မီဒီယာများ၏ အင်တာဗျူးများကို ငြင်းပယ်ကာ အနားယူရန် ပြင်ဆင်လိုက်ကြသည်။
သို့သော် မီဒီယာအများအပြားက ရှဲ့ရီချောင်နှင့် ရှဲ့စီယုတို့ကို အင်တာဗျူးခဲ့ကြသည်။
ရှဲ့ရီချောင်က "ရှေ့နေဂူကို ကိုယ်တိုင်ကိုယ်ကျ အမှုလိုက်ပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ ရှေ့နေသာ မပါဝင်ပေးရင် ကျွန်တော့်သမီးအတွက် အပြစ်ကင်းစင်ကြောင်း သက်သေပြဖို့ ဘယ်လိုလုပ်ရမလဲဆိုတာ မတွေးတတ်တော့ပါဘူး။ ရှေ့နေဂူက အမှုတွေကို ယုတ္တိရှိရှိနဲ့ တကယ်ကို လှပအောင် ကိုင်တွယ်သွားတာပါ။ တရားစွဲဆိုမှုတစ်ခုခု ရှိလာရင် ရှေ့နေဂူဆီပဲ သွားကြဖို့ အကြံပေးချင်ပါတယ်" ဟု ပြောကြားသည်။
ရှဲ့စီယုကလည်း "ရှေ့နေဂူကို တကယ် ကျေးဇူးတင်ပါတယ်။ ရှေ့နေဂူလိုမျိုး အရည်အချင်းရှိတဲ့ ရှေ့နေတွေ ရှိနေသရွေ့ ကျွန်မတို့နိုင်ငံက ပိုပြီး ကောင်းမွန်လာမယ်လို့ ယုံကြည်ပါတယ်။ အမှုအခင်းတွေအတွက် ဂူချန်ဥပဒေကုမ္ပဏီကို ဆက်သွယ်နိုင်ပါတယ်" ဟု ထပ်ပြောလိုက်သည်။
ရှဲ့ရီချောင်နှင့် ရှဲ့စီယုတို့က ဂူချန်အတွက် ကြော်ငြာပေးလိုက်သလို ဖြစ်သွားခဲ့သည်။
ဂူချန်ကိုယ်တိုင်ကတော့ ကြော်ငြာရန် စိတ်မဝင်စားသော်လည်း အမှုများကို ကိုင်တွယ်လိုက်တိုင်း လူအများ၏ အာရုံစိုက်မှုကို အလိုလို ရရှိနေသူ ဖြစ်သည်။ အထူးသဖြင့် ဤအမှုကဲ့သို့ လူစိတ်ဝင်စားမှု မြင့်မားသည့်အမှုမျိုးကို အနိုင်ယူလိုက်ခြင်းက Douyin၊ Bilibili စသည့် ပလက်ဖောင်းများတွင် အကြီးအကျယ် ပေါက်သွားခဲ့သည်။
အင်တာနက်အသုံးပြုသူများအပြင် ဥပဒေပညာရှင်များကြားတွင်ပါ ဤအမှုက ဆွေးနွေးစရာ ဖြစ်လာသည်။
[အံ့သြစရာပဲ ရှေ့နေဂူ နောက်တစ်ကြိမ် ထပ်နိုင်ပြန်ပြီ။ တရားခံဘက်ကနေ ကိုယ်စားလှယ်လိုက်ရင်းနဲ့ တရားလိုတွေကို ထောင်ထဲ ပို့လိုက်တာပဲ]
[ရှေ့နေဂူရဲ့ လက်စွမ်းပြမှု ကြည့်ရှုသူ ၅ ယောက်ကိုပါ ထောင်ထဲ ပို့လိုက်တယ်]
[အပြစ်မရှိကြောင်း အမိန့်ချ…..လူကြီးတွေကို ကူညီတာက အပြစ်မဟုတ်ဘူး]
[လူကောင်းတွေက လူကြီးတွေကို ကူညီလို့ ထောင်ကျရမှာလား။ ရှေ့နေဂူကတော့ လူတိုင်းကို စိတ်ချလက်ချ ကူညီဖို့ အားပေးသွားတယ်။ အမှုအခင်းရှိရင် သူ တာဝန်ယူပေးမယ်တဲ့]
ညနေခင်းတွင် ဂူချန်နှင့် ရွှယ်ချင်းချင်းတို့ ညစာစားရန် ထွက်ခွာမည့်အချိန်တွင် ဟိုတယ်အဝင်ဝ၌ စောင့်ဆိုင်းနေသော သတင်းထောက်များကို တွေ့လိုက်ရသည်။
ဂူချန် "...."
ဒီအချိန်ထိ သတင်းထောက်များ ရှိနေဦးမည်ဟု သူ မထင်ထားခဲ့ပေ။ သတင်းထောက်များက အင်တာဗျူးရန် အလျင်အမြန် ချဉ်းကပ်လာသည်။
ဂူချန်က "ရှေ့နေတစ်ယောက်အနေနဲ့ အမှုတွေကို တာဝန်ယူကိုင်တွယ်တာက ကျွန်တော့်တာဝန်ပါ။ လူကြီးတွေကို ကူညီတာက ကုသိုလ်ကောင်းမှုတစ်ခုပါ။ လူဆိုးတွေ ရှိနေပေမဲ့ သူတို့ကြောင့် ကျွန်တော်တို့တွေ အကူအညီလိုသူတွေကို မကူညီဘဲ နေလို့မရပါဘူး။ ကိုယ်တိုင် တိုက်မိတာမျိုး မဟုတ်ဘူးဆိုရင် လူကြီးတွေကို ကူညီတာက ချီးကျူးထိုက်တဲ့ လုပ်ရပ်တစ်ခုပါ။ တစ်စုံတစ်ယောက်ရဲ့ အသက်ကိုတောင် ကယ်တင်နိုင်ပါတယ်" ဟု ပြောကြားသည်။
"တကယ်လို့ ကံမကောင်းစွာနဲ့ လူဆိုးတွေနဲ့ ကြုံတွေ့ခဲ့ရရင် ဂူချန်ဥပဒေကုမ္ပဏီကို ဆက်သွယ်နိုင်ပါတယ်။ ဒီလိုအမှုမျိုးဆိုရင် ကျွန်တော်တို့က အခမဲ့ ဥပဒေရေးရာ ဝန်ဆောင်မှု ပေးပါ့မယ်။ ကောင်းမှုပြုတာတွေကိုပဲ အားပေးကြပါ"
ဂူချန်က ထိုသို့ပြောရင်း သူ့ကုမ္ပဏီကိုပါ ကြော်ငြာလိုက်သည်။ ရွှယ်ချင်းချင်းက သူမ၏ သူဌေးကို လက်မထောင်ပြလိုက်သည်။
"ကဲ ဒါနဲ့ပဲ အင်တာဗျူးကို အဆုံးသတ်ပါတော့မယ်။ ကျွန်တော် ညစာစားရတော့မယ်"
ဂူချန်က ပြောလိုက်သည်။
သတင်းထောက်တစ်ဦးက "ရှေ့နေဂူ နောက်ဆုံးမေးခွန်းတစ်ခုပါ။ လူတွေက ခင်ဗျားကို အမှုတိုင်းမှာ နိုင်တဲ့ ရှေ့နေလို့ ခေါ်နေကြတယ်။ ဒီအပေါ်မှာ ဘယ်လိုသဘောရပါသလဲ" ဟု မေးသည်။
ဂူချန်က ရယ်မောရင်း "ဘယ်သူကမှ အမှုတိုင်း နိုင်မယ်လို့ အာမမခံနိုင်ပါဘူး။ ကျွန်တော်ကတော့ ရှေ့နေတစ်ယောက် လုပ်သင့်တာကို လုပ်နေတာပါ။ ကျွန်တော့်ကုမ္ပဏီက ရှေ့နေတွေအားလုံးကလည်း ထူးချွန်ကြပါတယ်။ အကူအညီ လိုအပ်ရင် ဆက်သွယ်နိုင်ပါတယ်။ ကျွန်တော်တို့ ဖုန်းနံပါတ်ကတော့..." ဟု ပြန်လည်ဖြေကြားသွားသည်။