အခန်း ၁၆၃
Vol. 14 Ch. 163
အခန်း ၁၆၃
ဂူချန်က ဆက်ပြောပြသည်။
"အဲ့ဒီ အမျိုးသားက သူ့ဇနီးကို အလုပ်ဖော်တစ်ယောက်က အိမ်ပြန်ပို့ပေးတာကို တွေ့လိုက်ရတယ်။ သူတို့နှစ်ယောက်လုံးက အိပ်ရာထဲမှာ အတူတူ ရှိနေကြတာပေါ့"
တိုက်ရိုက်ထုတ်လွှင့်မှုကြည့်ရှုသူများမှာ "….."
"ဒါက တကယ့်ကို နှလုံးသားပေါက်ကွဲမတတ် ပြင်းထန်တဲ့ အခြေအနေပဲ"
ဂူချန်က ဆက်ပြောသည်။
"အဲ့ဒီဖြစ်စဉ်အပြီးမှာ အမျိုးသားက ချက်ချင်းပဲ ရဲစခန်းကို ဖုန်းဆက်တယ်။ သူ့ဇနီးက စိတ်ဝေဒနာရှင်ဖြစ်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက် မချနိုင်တဲ့အတွက် အလုပ်ဖော်က မုဒိမ်းကျင့်တယ်ဆိုပြီး တိုင်ကြားလိုက်တယ်။ ရဲတွေကလည်း အမှုကို ချက်ချင်း လက်ခံလိုက်တယ်"
"ဒါပေမဲ့ အမှုဖွင့်ပြီးနောက်မှာတော့ အလုပ်ဖော်က သူ အပြစ်မရှိကြောင်း ငြင်းဆိုတယ်။ အဲ့ဒီအမျိုးသမီးကပဲ သူ့ကို လိုက်ပြီး သွေးဆောင်နေတာ။ သူက မနည်းထိန်းထားရတာလို့ ပြောတယ်။ ရဲတွေလည်း ဘာလုပ်ရမှန်း မသိအောင် ဖြစ်ကုန်ကြတယ်။ ဒါနဲ့ပဲ စုံစမ်းစစ်ဆေးမှုတွေ စလုပ်ကြတယ်"
"စုံစမ်းချက်အရ အဲ့ဒီအမျိုးသမီးရဲ့ စိတ်ဝေဒနာမှာ ဆယ်ကျော်သက်အရွယ် စိတ်ရောဂါအမျိုးအစား ဖြစ်နေတယ်။ ရိုးရိုးပြောရရင် သူက အမျိုးသားတစ်ယောက်ယောက်ကို မြင်တာနဲ့ စွဲလမ်းသွားတတ်တဲ့ သဘောမျိုးပါ။ ဒါကြောင့် အလုပ်ဖော်က သူ သွေးဆောင်ခံနေရတယ်လို့ ထင်သွားတာပါ။ နောက်ဆုံးတော့ အလုပ်ဖော်က အမျိုးသမီးကို လိင်ဆက်ဆံခဲ့ပေမဲ့ မုဒိမ်းကျင့်ရန် ရည်ရွယ်ချက် မရှိတဲ့အတွက် ပေါ့ဆမှုဖြင့် မုဒိမ်းကျင့်ခြင်းလို့ တရားစွဲဖို့ ကြိုးစားပေမဲ့ ရာဇသတ်ကြီးမှာ အဲ့ဒီလို ပုဒ်မ မရှိတဲ့အတွက် အဲ့ဒီလူကို ဘာအပြစ်မှ မယူဘဲ ပြန်လွှတ်ပေးလိုက်ရတယ်"
တိုက်ရိုက်ထုတ်လွှင့်မှုကြည့်ရှုသူများမှာ အံ့သြမဆုံး ဖြစ်နေကြသည်။
[ဝိုး... မယုံနိုင်စရာပဲ]
[ဒီနေ့တော့ တကယ့်ကို အသစ်အဆန်းတွေ သင်ယူလိုက်ရပြီ။ ဒီလိုအမှုမျိုးလည်း ရှိတာပဲ]
[ရှေ့နေဂူ ရှင်းပြသွားတာက တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းတယ်ဗျာ]
ဒီလောကမှာ အရေးကြီးတဲ့ အမှုအခင်းတွေကို တရားခွင်မှာ တိုက်ရိုက်ထုတ်လွှင့်လေ့ရှိပြီး ဂူချန် ကိုင်တွယ်သမျှ အမှုတိုင်းကလည်း လူအများရဲ့ စိတ်ဝင်စားမှုကို အလွန်အမင်း ရရှိနေတတ်သည်။
ယခုလက်ရှိတွင်တော့ အင်တာနက်ပေါ်တွင် လူအများ စိတ်ဝင်စားမည့် သတင်းကြီးများ မရှိသေးသဖြင့် ဂူချန်လည်း အနားယူနိုင်မည့် အခြေအနေရှိသည်။
[ဥပဒေမဲ့မိုက်ရူးရဲ တရားခွင်ကို ဘယ်တော့မှ ပြန်တွေ့ရမလဲမသိဘူး]
[ရှေ့နေဂူက တရားလိုတွေကို ထောင်ပို့တယ်၊ ရှေ့နေတွေကို ဖြုတ်ချတယ်၊ တရားသူကြီးတွေပါ မကျန် အရေးယူခိုင်းတယ်... တကယ့်ကို ရက်စက်တဲ့ ရှေ့နေပဲ]
[ကျွန်တော်လည်း ဒီရက်ပိုင်း အနားယူလို့ ရပြီပေါ့]
ဂူချန်ကိုယ်တိုင်လည်း တကယ်ကို အနားယူချင်နေပြီဖြစ်သည်။
"ဒီရက်ပိုင်းတော့ အမှုကြီးကြီးမားမား မရှိပါဘူး။ ကုမ္ပဏီက တခြားရှေ့နေတွေနဲ့ပဲ ဖြေရှင်းခိုင်းလိုက်တော့မယ်။ သူဌေးအနေနဲ့ ဒီရက်ပိုင်း အနားယူချင်လို့ပါ။ တကယ်တော့ မကြာသေးမီက အမှု ၇ မှု၊ ၈ မှုလောက်ကို တစ်ဆက်တည်း ကိုင်တွယ်ခဲ့ရတာ တကယ်ကို ပင်ပန်းပါတယ်။ အမှုကို သေသေချာချာ ကိုင်တွယ်ဖို့ ကြိုးစားတိုင်း တရားလိုဘက်က ရှေ့နေမှာ ပြဿနာရှိနေတာ၊ ဒါမှမဟုတ် တရားသူကြီးမှာ ပြဿနာရှိနေတာမျိုးတွေနဲ့ ကြုံရပြီး နောက်ဆုံးတော့ အကုန်လုံးကို အရေးယူရတဲ့အထိ ဖြစ်သွားတာပါ။ သူတို့က ဥပဒေကို ချိုးဖောက်နေရင် ကျွန်တော် မကြည့်ရက်နိုင်ဘူးလေ။ အဲ့ဒီတော့ အမှုတိုင်းမှာပဲ အလုပ်ရှုပ်နေခဲ့ရတာပေါ့"
သူက သက်ပြင်းချရင်း ပြောသည်။
ပင်ပန်းသော်လည်း ဂူချန်အတွက် ငွေကြေးပိုင်းမှာ အဆင်ပြေသည်။
တရားရုံးစရိတ်များထက် အမှုကို အောင်နိုင်ခြင်းမှ ရရှိလာသော ဂုဏ်သတင်းနှင့်အတူ ကုမ္ပဏီမှာ အလျင်အမြန် တိုးချဲ့လာနိုင်ခဲ့ပြီး ဝန်ထမ်းအင်အားကိုလည်း တိုးမြှင့်ကာ ခန့်ထားနိုင်ခဲ့သည်။
သူသည် ကုမ္ပဏီ၏ တိုးတက်မှုကို အခါအားလျော်စွာ စောင့်ကြည့်နေလေ့ရှိသည်။
ဂူချန်က ပြုံးလျက် "ဒီတစ်ခါတော့ ကျွန်တော် ကောင်းကောင်း အနားယူတော့မယ်။ နေ့တိုင်း တိုက်ရိုက်ထုတ်လွှင့်မှုနည်းနည်းလွှင့်၊ ဂိမ်းနည်းနည်းဆော့ပြီး နောက် ၂ လလောက်နေရင်တော့ မြို့တော်ကို သွားပြီး ပီကင်းတက္ကသိုလ်မှာ စာသင်ပေးရဦးမယ်။ အဲ့ဒီအချိန်ကျရင်တော့ အလုပ်တွေ အရမ်းများတော့မှာမို့ တိုက်ရိုက်ထုတ်လွှင့်မှုလွှင့်ဖို့ အချိန်ရမှာ မဟုတ်တော့ဘူး" ဟု ပြောလိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်မှုကြည့်ရှုသူများမှာ တုန်လှုပ်သွားကြသည်။
[ဟား... ဥပဒေမဲ့မိုက်ရူးရဲက ပီကင်းတက္ကသိုလ်မှာ စာသင်ပေးတော့မှာလား]
[ရှေ့နေဂူက အနိုင်ရနှုန်း ၁၀၀ ရာခိုင်နှုန်းနဲ့ ဥပဒေလောကမှာ တကယ့်ကို ထိပ်တန်းပုဂ္ဂိုလ် ဖြစ်နေပြီပဲ]
[ပီကင်းတက္ကသိုလ် ပါမောက္ခတဲ့... တကယ့်ကို ဂုဏ်ယူစရာကောင်းလိုက်တာ]
[ကျွန်တော်တော့ သူ အနားယူနိုင်မယ်လို့ မထင်ဘူး။ မကြာခင်မှာပဲ အမှုတစ်ခုခုက သူ့ဆီ ရောက်လာတော့မှာ]
ဂူချန်က "ကဲ ဒီနေ့တော့ ဒီလောက်နဲ့ပဲ ရပ်လိုက်ရအောင်။ မသွားခင်မှာ ပရိသတ်တစ်ယောက်ယောက်နဲ့ ချိတ်ဆက်ပြီး သီချင်းတစ်ပုဒ်လောက် ဆိုခိုင်းလိုက်ဦးမယ်။ အမှုတွေ ကိုင်တွယ်စရာမလိုဘဲ ခဏလောက် အနားယူချင်သေးတယ်" ဟု ပြောသည်။
ရွှယ်ချင်းချင်းလည်း အနားရတော့မည်ဟု တွေးကာ ဝမ်းသာနေသည်။
အမှုလိုက်ရန်၊ သက်သေရှာရန် နေ့တိုင်း လေယာဉ်စီးနေရသည့် ဒုက္ခမှ ခေတ္တလွတ်မြောက်တော့မည်။
ဂူချန်သည် [နွီရှကျွမ်း] ဆိုသည့် ပရိသတ်တစ်ဦးနှင့် တိုက်ရိုက်ထုတ်လွှင့်မှုချိတ်ဆက်လိုက်သည်။
"ဟယ်လို ကြားရလား သီချင်းဆိုတတ်လား"
ဂူချန်က မေးသည်။
ချိတ်ဆက်လိုက်ပြီးသည်နှင့် နွီရှကျွမ်း က "ရှေ့နေဂူ... ကျွန်မမှာ အမှုတစ်ခု ရှိနေလို့ပါ။ ဒါဟာ အသက်နဲ့ အသေအလဲ ကိစ္စပါ။ ရှေ့နေဂူ ကျွန်မကို ကူညီပေးပါနော် ကျေးဇူးပြုပြီး….." ဟု အရေးတကြီး ပြောလာသည်။
တိုက်ရိုက်ထုတ်လွှင့်မှုထဲမှလေထုမှာ ချက်ချင်းပင် လေးနက်သွားသည်။
အသက်နှင့်ဆိုင်သည့် ကိစ္စဆိုလျှင် ရာဇဝတ်မှုနှင့် ပတ်သက်နေသည့် အမှုကြီးဖြစ်နိုင်ခြေ များသည်။
ဂူချန်လည်း အနားယူရန် စိတ်ကူးထားသော်လည်း အကူအညီ လိုအပ်နေသူကို မြင်သောအခါ
"ဘာအမှုလဲ ဖြည်းဖြည်းချင်း ပြောပြပါ" ဟု ဂူချန်က မေးလိုက်သည်။
ရွှယ်ချင်းချင်းလည်း အရေးကြီးသည့် ကိစ္စဖြစ်မှန်း သိသဖြင့် အနားသို့ တိုးကပ်လာသည်။
နွီရှကျွမ်း က ငိုကြွေးရင်း "ကျွန်မသားကို ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်ပါတယ်။ သူ ထောင်ထဲမှာ ရှိနေပေမဲ့ သူ အပြစ်မရှိပါဘူး။ သူ အပြစ်မရှိဘဲနဲ့ တရားရုံးက ထောင်ဒဏ် ၁၅ နှစ် ချလိုက်တာပါ။ ရှေ့နေဂူရေ ကျွန်မသားကို ကယ်ပေးပါ။ ရှေ့နေဂူပဲ သူ့ကို ကယ်နိုင်မှာပါ။ ဘာလို့များ ထောင်ဒဏ် ၁၅ နှစ် ချလိုက်တာလဲ... ဘာလို့လဲ..." ဟု ပြောသည်။
"ခင်ဗျားသားကို ဘာလို့ ၁၅ နှစ် ထောင်ချရတာလဲ။ အစအဆုံး အသေးစိတ် ပြောပြပေးပါ" ဟု ဂူချန်က တောင်းဆို လိုက်သည်။
နွီရှကျွမ်း က "ဒီလိုပါ ရှေ့နေဂူ။ ကျွန်မရဲ့ ခင်ပွန်းက ဦးနှောက်သွေးကြောပေါက်ပြီး ဆေးရုံတက်ရတယ်။ ICU ထဲ ရောက်သွားတဲ့အတွက် အရေးပေါ် ခွဲစိတ်ဖို့ လိုအပ်လာတယ်။ ခွဲစိတ်ဖို့ ယွမ် ၃ သိန်း လိုပါတယ်။ ကျွန်မခင်ပွန်းမှာ ပိုက်ဆံရှိပေမဲ့ အကုန်လုံးက ဘဏ်ထဲမှာပဲ ရှိနေတာ။ ကျွန်မသားက ဘဏ်သွားပြီး ပိုက်ဆံထုတ်ဖို့ ကြိုးစားပေမဲ့ ဘဏ်က အကောင့်ပိုင်ရှင် ကိုယ်တိုင်လာမှ ထုတ်ပေးမယ်လို့ ပြောပါတယ်။ ကျွန်မသားက အကောင့်ပိုင်ရှင်က ICU ထဲမှာမို့လို့ လာလို့မရကြောင်း ပြောပေမဲ့ ဘဏ်က မရဘူးလို့ပဲ ပြောပါတယ်။ ပြီးတော့..." ဟု ပြောရင်း ငိုရှိုက်နေသည်။