အခန်း (၃၃၄)
Vol. 34 Ch. 334
အခန်း (၃၃၄) တံခါးဝအရောက် လာပို့ခြင်း
ကြီးမားသော အရှိန်အဟုန်များ ပါဝင်နေသည့် လွင့်စင်လာသော ကျောက်စရစ်ခဲများနှင့် သစ်သားစများမှာ ကျန်းယဲ့၏ အဖွဲ့ကို ဝင်တိုက်မိတော့မည့် အချိန်လေးမှာပင်... လုံးဝ မမြင်ရသော နံရံတစ်ခုကို ဝင်တိုက်မိသွားသကဲ့သို့ ဖြစ်သွားလေသည်။
တုံးတိတိ ဘုန်းဆိုသည့် အသံများ ဆက်တိုက် ထွက်ပေါ်လာပြီးနောက် ၎င်းတို့က ရုတ်တရက် ရပ်တန့်သွားကာ မြေကြီးပေါ်သို့ အကူအညီမဲ့စွာ ကျဆင်းသွားပြီး စက်ဝိုင်းငယ်လေး တစ်ခုပုံစံ စုပုံသွားခဲ့သည်။
ဤထူးဆန်းပြီး တုန်လှုပ်ဖွယ်ကောင်းသော မြင်ကွင်းကို သူတို့၏ လှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်နေခဲ့သော အစီရင်ထောင်ချီဂိုဏ်းမှ တပည့် လေးဦးက ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသည်။
အကြောက်တရားများ လွှမ်းမိုးနေသော်လည်း ဝမ့်ကျန့်ရှင်း၏ အသက်ရှင်သန်လိုစိတ်က အခြားအရာအားလုံးထက် ချက်ချင်း သာလွန်သွားချေသည်။
သူက မိုးပြာရောင်ရေဖားပြုတ်၏ တိုက်ခိုက်မှုများကို ရှောင်ရှားရင်း ကျန်းယဲ့နှင့် အခြားသူများအား ကျယ်လောင်စွာ အော်ပြောလိုက်၏။
"ရှေ့က တာအိုမိတ်ဆွေတို့... ကျေးဇူးပြုပြီး ကူညီပါဦး။ ကျွန်တော်တို့က အစီရင်ထောင်ချီဂိုဏ်းက တပည့်တွေပါ။ တကယ်လို့ ခင်ဗျားတို့က ကျွန်တော်တို့ အသက်ကို ကယ်ပေးမယ်ဆိုရင် ဆုကြေးအကြီးကြီး ပေးပါ့မယ်။ ဝိညာဉ်ကျောက်တုံးတွေ... အစီအရင်တွေ... ရတနာတွေ... ဘာမှမချန်ဘဲ ပေးပါ့မယ်..."
ကမ်းလှမ်းထားသော ဆုကြေးက တစ်ဖက်လူကို သွေးဆောင်နိုင်မည် မဟုတ်ဟု စိုးရိမ်သဖြင့် သူတို့က နောက်ထပ်ကြီးမားသော ဖြားယောင်းမှုတစ်ခုကို ချက်ချင်း ထပ်မံ ထုတ်ဖော်လိုက်ပြန်သည်။
"ဒီသားရဲနှစ်ကောင်ရဲ့ အသိုက်ထဲမှာ တန်ဖိုးကြီး ကျောက်စိမ်းရည်ရှိတယ်။ ကျွန်တော်တို့သာ သူတို့ကို ရှင်းပစ်နိုင်ရင်... အဲဒီ ကျောက်စိမ်းရည်ကို တာအိုမိတ်ဆွေတို့ကို ပေးဖို့ ဆန္ဒရှိပါတယ်..."
ကျောက်စိမ်းရည်...
ယင်းက ဝိညာဉ်ကို အာဟာရ ဖြည့်တင်းပေးနိုင်ပြီး ကျင့်ကြံမှုကို အထောက်အကူ ပြုနိုင်ကာ မှော်လက်နက်၏ အရည်အသွေးကိုပင် မြှင့်တင်ပေးနိုင်သည့် အံ့ဖွယ် အရာတစ်ခုပင်။
ကျောက်စိမ်းရည်ဟူသော စကားလုံးကို ကြားသောအခါ ခရီးသည်အများအပြား၏ မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် လင်းလက်သွားကြသော်လည်း မည်သူမှ ဝင်မပြောရဲကြချေ။ အကြည့်များအားလုံးက ကျန်းယဲ့ထံသို့ ရောက်ရှိနေပြီး သူ၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေလိုက်ကြသည်။
ကျန်းယဲ့က မည်သည့် အမူအရာမှ မပြဘဲ ငြိမ်သက်စွာ ရပ်နေခဲ့သည်။
သူက သဘောတူခြင်းလည်း မရှိသလို၊ ငြင်းဆန်ခြင်းလည်း မရှိဘဲ သူတို့ မိုးပြာရောင်ရေဖားပြုတ်၏ လိုက်လံတိုက်ခိုက်ခြင်းကို ခံနေရသည်ကိုသာ ရိုးရိုးလေး ကြည့်နေလိုက်သည်။
တစ်ဖက်လူများက ဘာတုံ့ပြန်မှုမှ မရှိသည်ကို မြင်သောအခါ ဝမ့်ကျန့်ရှင်းနှင့် သူ၏ လုပ်ဖော်ကိုင်ဖက် သုံးဦးမှာ ပို၍ပင် မသေချာ မရေရာ ဖြစ်လာကြရသည်။
မိုးပြာရောင်ရေဖားပြုတ်၏ တိုက်ခိုက်မှုများက ပို၍ ပြင်းထန်လာသည်ကို မြင်သောအခါ သူတို့က အံကိုကြိတ်လိုက်ကြပြီး ဝမ့်ကျန့်ရှင်းက နောက်တစ်ကြိမ် အော်ပြောလိုက်ပြန်၏။
"တာအိုမိတ်ဆွေက တိတ်ဆိတ်နေတယ်ဆိုတော့... တာအိုမိတ်ဆွေ သဘောတူတယ်လို့ပဲ မှတ်ယူလိုက်တော့မယ်။ ကူညီပေးတဲ့အတွက် တာအိုမိတ်ဆွေကို ကျေးဇူးတင်ပါတယ်..."
သူတို့က ကျန်းယဲ့နှင့် အခြားသူများကို ပြဿနာထဲသို့ အတင်းအဓမ္မ ဆွဲသွင်းရန်အတွက် စကားလုံးများကို အသုံးချရန် ကြိုးစားလိုက်ခြင်းပင်။
သို့သော်လည်း ကျန်းယဲ့က တိတ်ဆိတ်နေဆဲဖြစ်ပြီး သူ၏ နောက်ရှိ လူငါးဆယ်ကလည်း လုံးဝ ငြိမ်သက်နေကာ သူတို့ကို တိတ်တဆိတ် ကြည့်နေကြရုံသာ ဖြစ်သည်။
သေမတတ်တိတ်ဆိတ်မှုနှင့် အဖွဲ့သားများ၏ မျက်နှာပေါ်ရှိ အလွန်အမင်းတည်ငြိမ်နေသော အမူအရာများက... ဤအသက်ရှင်ရေး၊ သေရေးတိုက်ပွဲကြီး၏ နောက်ခံတွင် အထူးတလည်ထူးဆန်းပြီး ချမ်းစိမ့်စရာ ကောင်းနေသဖြင့် ဝမ့်ကျန့်ရှင်းနှင့် သူ၏ လုပ်ဖော်ကိုင်ဖက်များ၏ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားစေလေသည်။
သူတို့ကို မနားတမ်း လိုက်လံတိုက်ခိုက်နေသော မိုးပြာရောင်ရေဖားပြုတ်နှစ်ကောင်မှာ အသိဉာဏ်များ ပွင့်နေပြီဖြစ်ပြီး လူသားများ၏ သဘာဝကို သဘာဝအလျောက် နားလည်နိုင်စွမ်း ရှိကြ၏။
ဤစက်ဆုပ်ရွံရှာဖွယ်ကောင်းသော လူသားလေးယောက်က ထိုအဖွဲ့ထံမှ အကူအညီ တောင်းခံနေပုံရကြောင်းကို မြင်သောအခါ ထိုအဖွဲ့က လွင့်စင်လာသော အပျက်အစီးများကိုပင် တားဆီးထားနိုင်ကြောင်းကို တွေ့ရှိရသဖြင့် ၎င်းတို့က သူတို့၏ ဒေါသအချို့ကို ကျန်းယဲ့နှင့် အခြားသူများဆီသို့ ချက်ချင်း လမ်းကြောင်းပြောင်းလိုက်ကြသည်။
ဖားပြုတ်အဖိုကြီးက နက်ရှိုင်းသော ဟိန်းဟောက်သံကြီး ပြုလုပ်လိုက်ပြီး ၎င်း၏ ဧရာမဗိုက်ကြီးက ရုတ်တရက် ဖောင်းကားလာခဲ့သည်။ အေးစက်သော မိစ္ဆာစွမ်းအင်များ ပါဝင်နေသည့် ယခင်ကထက် ပိုမို ကြီးမားသော ရေတိုင်ကြီးတစ်ခုက ဖိအားမြင့်ရေပိုက်ကြီးတစ်ခုကဲ့သို့ လွင့်စင်ထွက်လာပြီး လမ်းကြောင်းပြောင်းကာ ကျန်းယဲ့နှင့် သူ၏ လုပ်ဖော်ကိုင်ဖက်များဆီသို့ တည့်တည့်မတ်မတ် ပစ်လွှတ်လိုက်ချေသည်။
မိုးပြာရောင်ရေဖားပြုတ်က ကျန်းယဲ့နှင့် သူ၏ အဖွဲ့ကို စတင် တိုက်ခိုက်လိုက်သည်ကို မြင်သောအခါ ဝမ့်ကျန့်ရှင်းနှင့် သူ၏ လုပ်ဖော်ကိုင်ဖက်များမှာ အစပိုင်းတွင် အံ့သြသွားကြသော်လည်း နောက်ပိုင်းတွင် တိတ်တဆိတ် မျှော်လင့်ချက်များ ဖြစ်ပေါ်လာကြရသည်။
အခုတော့ မင်းတို့တွေ လှုပ်ရှားရတော့မှာပေါ့... မဟုတ်ဘူးလား...
သို့သော်လည်း ဤရုတ်တရက်တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် ကျန်းယဲ့မှာ လုံးဝ တုန်လှုပ်မသွားချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ၏ မျက်ဝန်းများတွင် မှိန်ပျပျ အလင်းရောင်တစ်ချက် လင်းလက်သွားပြီး နှုတ်ခမ်းထောင့်များပင် အနည်းငယ် ကွေးတက်သွားခဲ့သည်။
အခြေတည် အထွတ်အထိပ်အဆင့်၏ မှော်ရေတိုင်ကြီးက လူအုပ်ကြီးကို ဝင်တိုက်တော့မည့် အချိန်လေးမှာပင်... ထို့အပြင် အစီရင်ထောင်ချီဂိုဏ်းမှ တပည့် လေးဦးနှင့် မိုးပြာရောင်ရေဖားပြုတ်နှစ်ကောင်တို့က ကျန်းယဲ့ကို ဗဟိုပြုထားသည့် မီတာ ၅၀၀ အချင်းဝက်ရှိ ဧရိယာအတွင်းသို့ ရောက်ရှိလာချိန်လေးမှာပင်...
ကျန်းယဲ့၏ စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွားခဲ့သည်။
သတ်ဖြတ်မှု ကင်းစင်ခြင်းနယ်မြေက အသံတိတ်နှင့် အပြည့်အဝ စွမ်းအားဖြင့် စတင် အလုပ်လုပ်သွားလေသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ထူးဆန်းသော အရာတစ်ခု ဖြစ်ပေါ်လာ၏။
ဒေါသတကြီးလာနေသော ရေတိုင်ကြီးမှာ နယ်မြေအတွင်းသို့ ဝင်ရောက်လာသည့် အချိန်လေးမှာပင် မမြင်ရသော လက်တစ်ဖက်ဖြင့် သုတ်သင်ခံလိုက်ရသည့်အလား အသံတစ်ချက် ရေစက်တစ်ပေါက်မျှပင် မကျန်ရစ်ဘဲ ပျောက်ကွယ်သွားတော့သည်။
တစ်ချိန်တည်းမှာပင် မူလက ဓားပျံများဖြင့် အနိမ့်ပျံသန်းနေပြီး သူတို့၏ နေရာကို ချိန်ညှိရန် ကြိုးစားနေကြသော အစီရင်ထောင်ချီဂိုဏ်းမှ ကျင့်ကြံသူလေးဦးမှာ အိုးထဲသို့ ဖက်ထုပ်များ ပြုတ်ကျသွားသကဲ့သို့ မည်သည့် သတိပေးချက်မှ မရှိဘဲ ဓားများပေါ်မှ ပြုတ်ကျသွားကြပြီး မြေကြီးပေါ်သို့ သနားစရာကောင်းလောက်အောင် ပြုတ်ကျသွားကြရသည်။
"ဘာဖြစ်တာလဲ..."
"ငါ့ဝိညာဉ်စွမ်းအင်တွေ... ငါ သုံးလို့မရတော့ဘူး..."
"ငါ့ဓားနဲ့လည်း အဆက်အသွယ် ပြတ်သွားပြီ..."
သူတို့ ကြောက်လန့်တကြား တွေ့ရှိလိုက်ရသည်က... သူတို့၏ ဝိညာဉ်စွမ်းအင်များမှာ လုံးဝ အေးခဲသွားပြီး လုံးဝ လည်ပတ်၍ မရတော့ခြင်းပင်။ သူတို့က အလွယ်ကူဆုံး လေထိန်းချုပ်မှုမန္တန်ကိုပင် အသုံးမပြုနိုင်တော့ဘဲ လုံးဝ သာမန်လူများ ဖြစ်သွားကြခြင်းပင်။
ဤစွမ်းအားမဲ့သွားသည့် ခံစားချက်က သူတို့ကို ချက်ချင်းပင် ကြီးမားလှသော အကြောက်တရားများဖြင့် လွှမ်းမိုးသွားစေဆလသည်။
မိုးပြာရောင်ရေဖားပြုတ်နှစ်ကောင်ကလည်း ထူးခြားမှုကို သတိထားမိသွားကြ၏။
ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များနှင့် သူတို့၏ အဆက်အသွယ်မှာ အလွန်တရာ ဝေဝါးသွားပြီး သူတို့ ခန္ဓာကိုယ်တွင်းရှိ မိစ္ဆာစွမ်းအင်စီးဆင်းမှုများမှာလည်း နှေးကွေးသွားကြောင်းကို ခံစားလိုက်ကြရသည်။
သူတို့က ရေချည်နှောင်ခြင်းမန္တန်များကို အသုံးပြုချင်ကြသော်လည်း သူတို့၏ လည်ချောင်းထဲမှ ထူးဆန်းသော ဂလု... ဂလုဟူသည့် အသံများကိုသာ ပြုလုပ်နိုင်ပြီး ရေငွေ့ အနည်းငယ်ကိုပင် မစုစည်းနိုင်တော့ချေ။
ထို့နောက် ကျန်းယဲ့က မျက်နှာတွင် နူးညံ့သော အပြုံးတစ်ခုဖြင့် ရှေ့သို့ ဖြည်းညင်းစွာ ထွက်လာပြီး မှင်တက်စွာ လဲကျနေသော ကျင့်ကြံသူလေးဦးနှင့် စွမ်းအားများ ကန့်သတ်ခံလိုက်ရသဖြင့် အနည်းငယ် တွေဝေနေပုံရသော မိုးပြာရောင်ရေဖားပြုတ် နှစ်ကောင်ကို ကြည့်လိုက်၏။
ထိုအချိန်တွင် သူ၏အပြုံးက ဝမ့်ကျန့်ရှင်းနှင့် အခြား သုံးဦးအပြင် မိစ္ဆာသားရဲနှစ်ကောင်အတွက်ပါ အထူးတလည် ကြောက်မက်ဖွယ် ကောင်းနေခဲ့သည်။
"ပြီးသွားပြီ... အားလုံး ပြီးသွားပြီ..." ဝမ်ကျန်ရှင်း၏ စိတ်ထဲရှိ တစ်ခုတည်းသော အတွေးက ဤသည်သာဖြစ်ပြီး သူ၏ မျက်နှာမှာ ပြာနှမ်းနေ၏။
ပြဿနာကို လမ်းကြောင်းလွှဲမည့်အစား သူတို့က သူတို့ကိုယ်တိုင်နှင့် သူတို့၏ သားကောင်များကို ကျားသိုက်ထဲသို့ ပို့လိုက်မိသကဲ့သို့ ဖြစ်သွားပေသည်။
မိုးပြာရောင်ရေဖားပြုတ်နှစ်ကောင်က အလွန်တရာ ကြီးမားသော အန္တရာယ်ကို သဘာဝအလျောက် အာရုံခံမိသွားပြီး နောက်သို့လှည့်ကာ ထွက်ပြေးရန် ကြိုးစားကြသော်လည်း သူတို့၏ ဧရာမခန္ဓာကိုယ်ကြီးများကို မမြင်ရသော တောင်ကြီးတစ်လုံးက ဖိနှိပ်ထားသကဲ့သို့ ဖြစ်နေပြီး လုံးဝ လှုပ်ရှား၍ မရတော့ကြောင်း တွေ့ရှိလိုက်ကြရသည်။
၎င်းတို့က လည်ချောင်းထဲမှ မျှော်လင့်ချက်မဲ့ပြီး မခံမရပ်နိုင်သော ညည်းတွားသံများကိုသာ ပြုလုပ်နိုင်ပြီး ၎င်းတို့၏ မြစိမ်းရောင်မျက်လုံးများထဲတွင် ဒေါသနှင့် အကြောက်တရားများ ပြည့်နှက်သွားကြရသည်။
ကျန်းယဲ့က ယာယီ ခုခံနိုင်စွမ်း ကင်းမဲ့နေသော အရည်အသွေးမြင့် ကုန်ပစ္စည်းနှစ်ခုကို ကြည့်ကာ စိတ်ကောင်းဝင်နေလေသည်။
သူက လျှို့ဝှက်နယ်မြေထဲရှိ အခြားသော အဆက်အသွယ်ရှိသည့် ကျင့်ကြံသူများနှင့် စီးပွားရေး အသေးစားလေးလုပ်ရန်အတွက်... ဤအခြေတည် အထွတ်အထိပ်အဆင့်မှ မိစ္ဆာသားရဲကြီး နှစ်ကောင်ကို အားကိုးနေဆဲပင်။
ဒီလောက် ကောင်းတဲ့ အရင်းအမြစ်တွေက ကိုယ့်ဆီ အလိုလို ရောက်လာမှတော့... ဘယ်လိုလုပ်ပြီး လက်လွတ်ခံနိုင်မည်နည်း။
ကျန်းယဲ့၏ မျက်နှာပေါ်ရှိ အန္တရာယ်ကင်းပုံရသော အပြုံးကို မြင်သောအခါ အစီရင်ထောင်ချီဂိုဏ်းမှ တပည့်လေးဦးမှာ မသိစိတ်မှနေ၍ တံတွေးမြိုချလိုက်ကြပြီး အနည်းငယ် တင်းမာသွားကြသည်။
ဝမ့်ကျန့်ရှင်းက သူ၏ အကြောက်တရားကို မြိုသိပ်ကာ နူးညံ့ပြီး ကျေးဇူးတင်သော အပြုံးတစ်ခုကို အတင်းဖန်တီးလိုက်ပြီး ကျန်းယဲ့ကို ဦးညွှတ်ကာ ပြောလိုက်၏။
"ကူညီပေးတဲ့အတွက် စီနီယာကို အများကြီး ကျေးဇူးတင်ပါတယ်။ အစီရင်ထောင်ချီဂိုဏ်းက တပည့်တွေအနေနဲ့ စီနီယာရဲ့ အသက်ကယ် ကျေးဇူးကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး..."
တစ်ဖက်လူက ငယ်ရွယ်ပုံရသော်လည်း သူ၏ မှန်းဆ၍မရသော စွမ်းရည်များကြောင့် သူ၏ အင်အားက သူတို့ မျှော်လင့်ထားသည်ထက် များစွာ သာလွန်နေကြောင်း သိရှိသဖြင့် သူက စီနီယာဟူသော ဂါရဝပြု စကားလုံးကို တမင်တကာ သုံးနှုန်းလိုက်ခြင်းပင်။
ကျန်းယဲ့၏ အပြုံးက မပြောင်းလဲဘဲ သူတို့၏ တင်းမာနေမှုကို သတိမထားမိသည့်အလား သာမန်ကာလျှံကာ ပြောလိုက်၏။
"တာအိုမိတ်ဆွေလေးယောက်... အဲဒီလောက် အားနာနေစရာ မလိုပါဘူး။ ခင်ဗျားတို့က ကျေးဇူးတင်ချင်နေမှတော့... ကျွန်တော့်ကို အကူအညီလေးတစ်ခုလောက် ပေးပါလား..."
ထိုစကားကြောင့် ဝမ့်ကျန့်ရှင်း၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားသော်လည်း သူက အနည်းငယ်မျှပင် ပေါ့ဆရန် မရဲဘဲ အလျင်အမြန် ပြန်ဖြေလိုက်၏။ "စီနီယာ... ကျေးဇူးပြုပြီး ပြောပါခင်ဗျာ။ ကျွန်တော်တို့ လုပ်နိုင်သရွေ့ ဘယ်တော့မှ မငြင်းပါဘူး..."
ကျန်းယဲ့က မမြင်ရသော စွမ်းအားတစ်ခုကြောင့် ဖိနှိပ်ခံထားရပြီး မျှော်လင့်ချက်မဲ့စွာ ညည်းတွားနေရုံသာ တတ်နိုင်သော မိုးပြာရောင်ရေဖားပြုတ်နှစ်ကောင်ကို လက်ညှိုးထိုးပြကာ ပြုံးလျက် ပြောလိုက်သည်။
"ခင်ဗျားတို့ လေးယောက်က ဟိုမိစ္ဆာသားရဲနှစ်ကောင်ကို ဖျက်ဆီးပေးဖို့ ကူညီပေးနိုင်မလား။ သူတို့ရဲ့ အရေခွံတွေ၊ အရိုးတွေ၊ အရွတ်တွေ၊ အသားတွေနဲ့ မိစ္ဆာအမြုတေတွေကိုပါ သေချာ ခွဲခြားပေးပါ..."
ယင်းကို ကြားသောအခါ ဝမ့်ကျန့်ရှင်းမှာ မှင်တက်သွားပြီး မသိစိတ်မှနေ၍ ပြောလိုက်မိသည်။ "စီနီယာ... ကျွန်တော်တို့... ကျွန်တော်တို့က အခု ဝိညာဉ်စွမ်းအင်ကို သုံးလို့ မရဘူးလေ။ ဒါက..."
ဝိညာဉ်စွမ်းအင်မပါဘဲ ရုပ်ပိုင်းဆိုင်ရာခွန်အားသက်သက်ကိုသာ အားကိုးပြီး အခြေတည် အထွတ်အထိပ်အဆင့်ရှိ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာသားရဲကြီးနှစ်ကောင်ကို ခုတ်ထစ် ဖျက်ဆီးခြင်းက... အချိန်ကုန် လူပန်းဖြစ်ရုံသာမက အန္တရာယ်လည်း ရှိချေသည်။
ကျန်းယဲ့၏ မျက်နှာပေါ်တွင် နူးညံ့သော အပြုံးလေး ရှိနေဆဲဖြစ်ပြီး သူက တည်ငြိမ်စွာ ပြောလိုက်၏။ "အခု ရသွားပါပြီ..."
သူက အဲဒီစကားသုံးခွန်းကို သာမန်ကာလျှံကာ ပြောလိုက်ချိန်မှာပင် ဝမ့်ကျန့်ရှင်းနှင့် အခြားသုံးဦးက သူတို့၏ ဝိညာဉ်စွမ်းအင်များကို ချည်နှောင်ထားသည့် မမြင်ရသော သံကြိုးများ ချက်ချင်း ပျောက်ကွယ်သွားကြောင်း ရုတ်တရက် ခံစားလိုက်ကြရသည်။