← Chapters

အခန်း (၃၃၅)

Vol. 34 Ch. 335

အခန်း (၃၃၅)

Vol. 34 Ch. 335

အခန်း (၃၃၅) ဆုကြေးများ ပေးအပ်ခြင်း

​သူတို့၏ ဝိညာဉ်စွမ်းအင်များ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသော်လည်း ဤအခိုက်အတန့်တွင် သူတို့မှာ ဝမ်းသာမနေဘဲ ခြေဖဝါးမှနေ၍ ဦးခေါင်းထိပ်အထိ နက်ရှိုင်းသော ချမ်းစိမ့်မှုတစ်ခုကို ခံစားလိုက်ကြရ၏။

​သူက ဘယ်လိုလုပ်ပြီး အဲဒီလို လုပ်နိုင်ခဲ့တာလဲ...

​ဒီလောက်တောင် အသံတိတ်ပြီး... ဒါက... ဒါက အရိပ်အယောင်မကျန် သတ်ဖြတ်ခြင်းနဲ့ အတူတူပဲ။

​လူလေးယောက်က ကျန်းယဲ့ကို အံ့သြမှုနှင့် နက်ရှိုင်းသော အကြောက်တရားများ ရောယှက်နေသည့် အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

​"ဟုတ်... ဟုတ်ကဲ့ပါ စီနီယာ..." ဝမ့်ကျန့်ရှင်းက တစ်စက္ကန့်မျှပင် မတုံ့ဆိုင်းရဲဘဲ အလျင်အမြန် ဦးညွှတ်ကာ ပြန်ဖြေလိုက်ပြီး သူ၏ နဖူးမှ ချွေးအေးများ စီးကျလာလေသည်။

​သူက ကြောက်လန့်နေသော အခြား ညီငယ်သုံးဦးကို အလျင်အမြန် ခေါ်လိုက်ပြီး သူတို့၏ ထက်မြက်သော ဓားများကို ဆွဲထုတ်ကာ မျှော်လင့်ချက်မဲ့နေသော မျက်လုံးများဖြင့် ကြည့်နေသည့် မိုးပြာရောင် ရေဖားပြုတ် နှစ်ကောင်ဆီသို့ လျှောက်သွားလိုက်ကြသည်။

​မိုးပြာရောင်ရေဖားပြုတ်နှစ်ကောင်က သူတို့၏ သေဆုံးရတော့မည့် အခြေအနေကို အာရုံခံမိပုံရပြီး ပို၍ပင် ဝမ်းနည်းဖွယ်ကောင်းပြီး မခံမရပ်နိုင်ဖြစ်နေသော ဟိန်းဟောက်သံကြီးများကို ပြုလုပ်လိုက်ကြသည်။ သူတို့၏ ဧရာမခန္ဓာကိုယ်ကြီးများက အသည်းအသန် ရုန်းကန်နေကြသော်လည်း မမြင်ရသော ဖိနှိပ်ထားမှုကို အနည်းငယ်မျှပင် မလှုပ်ရှားနိုင်ခဲ့ချေ။

​ဘာပဲဖြစ်ဖြစ် ဝမ့်ကျန့်ရှင်းနှင့် ဂိုဏ်းသားသုံးယောက်မှာ အစီရင်ထောင်ချီဂိုဏ်း၏ အထက်တန်းစား တပည့်များ ဖြစ်ကြပြီး မိစ္ဆာသားရဲများ၏ ပစ္စည်းများကို ကိုင်တွယ်ဖြေရှင်းရာတွင် အတော်လေး ကျွမ်းကျင်ပြီး ပရော်ဖက်ရှင်နယ် ဆန်ကြလေသည်။

​အရေခွံခွာခြင်း၊ အရွတ်ထုတ်ခြင်း၊ အရိုးနွှာခြင်း၊ အနှစ်သာရကို ထုတ်ယူခြင်း...

​လုပ်ငန်းစဉ်တစ်ခုလုံးက စနစ်တကျ ရှိပြီး အလွန်တရာ မြန်ဆန်ထိရောက်ချေသည်။

​မကြာမီမှာပင် တောက်ပနေသော မိုးပြာရောင်ဖားပြုတ်အရေခွံ အပြည့်အစုံ နှစ်ခု၊ တုတ်ခိုင်ပြီး မာကျောသော ဖားပြုတ်အရွတ်လေးခု၊ ရေဝိညာဉ်စွမ်းအင်များ ပါဝင်နေသည့် တိရစ္ဆာန်အရိုးနှင့် အသားအမြောက်အမြား၊ တောက်ပသော မိုးပြာရောင်အလင်းများ ထုတ်လွှတ်နေသည့် ခိုဥအရွယ်အစားခန့်ရှိသော မိစ္ဆာအမြုတေနှစ်ခုကို သပ်ရပ်စွာ စီစဉ်ထားပြီး ကျန်းယဲ့ထံသို့ ရိုသေလေးစားစွာ ကမ်းပေးလိုက်ကြသည်။

​"စီနီယာ... မိစ္ဆာသားရဲကို ရှင်းလင်းလို့ ပြီးသွားပါပြီ။ ဒါတွေက တန်ဖိုးအရှိဆုံး ပစ္စည်းတွေပါ။ ကျေးဇူးပြုပြီး ကြည့်ရှုပေးပါ..." ဝမ့်ကျန့်ရှင်းက ခေါင်းငုံ့ကာ သတိထားပြီး မေးလိုက်၏။ "ကျေနပ်ရဲ့လား ခင်ဗျာ..."

​ကျန်းယဲ့က မြေကြီးပေါ်ရှိ ဝိညာဉ်စွမ်းအင်များ လွှမ်းခြုံထားသော ပစ္စည်းများကို... အထူးသဖြင့် အခြေတည် အထွတ်အထိပ်အဆင့်မှ မိစ္ဆာအမြုတေ နှစ်ခုကို တစ်ချက် ကြည့်လိုက်ပြီး မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးတစ်ခုဖြင့် ခေါင်းညိတ်လိုက်လေသည်။

​"မဆိုးဘူး... တာအိုမိတ်ဆွေလေးယောက်... ပင်ပန်းသွားပြီ..."

​သူ၏ စကားများက နူးညံ့နေဆဲဖြစ်သော်လည်း ဝမ့်ကျန့်ရှင်းနှင့် အခြားသုံးဦးအတွက်မူ လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သကဲ့သို့ ခံစားလိုက်ရပြီး အလျင်အမြန် ပြန်ဖြေလိုက်ကြ၏။

​"မပင်ပန်းပါဘူးခင်ဗျာ... စီနီယာကို အလုပ်အကျွေးပြုရတာ ကျွန်တော်တို့ရဲ့ ဂုဏ်ယူစရာပါ..."

​ကျန်းယဲ့က မိစ္ဆာသားရဲပစ္စည်းပုံကြီးကို ဂရုတစိုက် သိမ်းဆည်းလိုက်ပြီးနောက် ကြောက်လန့်တကြား တုန်ရီနေကြသော အစီရင်ထောင်ချီဂိုဏ်းမှ တပည့်လေးဦးဆီသို့ အကြည့်ပြန်ရောက်သွားပြန်သည်။ သူက ထိုလျှို့ဝှက်ဆန်းကြယ်သော အပြုံးကို ပြုံးထားဆဲဖြစ်ပြီး သာမန်ကာလျှံကာ မေးလိုက်၏။

​"ဒါနဲ့... ခင်ဗျားတို့က အစီရင်ထောင်ချီဂိုဏ်းက တပည့်တွေဆိုတော့... အစီအရင်တွေနဲ့ ပတ်သက်ရင် တော်တော်လေး ကျွမ်းကျင်မှာပဲနော်..."

​ဒါက သိသာထင်ရှားနေသည်ဖြစ်ရာ ဝမ့်ကျန့်ရှင်းနှင့် အခြားသုံးဦးမှာ မတတ်သာဘဲ ခေါင်းညိတ်လိုက်ရသည်။

​"စီနီယာရဲ့ ဒီလိုချီးကျူးစကားကို ကျွန်တော်တို့ လက်မခံရဲပါဘူး။ ကျွန်တော်တို့က အပေါ်ယံလောက်ပဲ နားလည်တာပါ..."

​ကျန်းယဲ့က သူတို့၏ နှိမ့်ချသော စကားများကို မကြားဟန်ဆောင်ကာ ဆက်ပြောလိုက်သည်။

​"ခုလေးတင် ခင်ဗျားတို့ ပြောတာက... ကယ်တင်ပေးရင် ဆုကြေးပေးမယ်ဆို။ ကျွန်တော်ကတော့ ခင်ဗျားတို့ ဂိုဏ်းရဲ့အစီအရင်တွေကို တော်တော်လေး စိတ်ဝင်စားတယ်။ အစီအရင်တွေ မှတ်တမ်းတင်ထားတဲ့ ကျောက်စိမ်းမှတ်တမ်းလိုမျိုး ပစ္စည်းတွေများ ရှိမလား မသိဘူး။ သေချာတာကတော့ ဝိညာဉ်ကျောက်တုံး ဘာညာတွေကိုလည်း ကျွန်တော် လိုအပ်တာပေါ့လေ..."

​သူ၏ စကားများက အလွန် ပွင့်လင်းနေပြီး အကျိုးအမြတ်ကို တိုက်ရိုက် တောင်းဆိုလိုက်ခြင်းပင်။

​ဝမ့်ကျန့်ရှင်းနှင့် အခြားသုံးဦးမှာ ချက်ချင်းပင် ရင်ကွဲမတတ် နာကျင်သွားကြရသည်။ အစီအရင် ကျောက်စိမ်းမှတ်တမ်းဆိုသည်မှာ ဂိုဏ်း အမွေအနှစ်၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး ဝိညာဉ်ကျောက်တုံးများ၊ ပင်ပင်ပန်းပန်း စုဆောင်းထားသော ဝိညာဉ်ဆေးပင်များနှင့် မိစ္ဆာသားရဲ ပစ္စည်းများအားလုံးကလည်း သူတို့၏ သွေးချွေးများပင်။

​သို့သော်လည်း အခြေအနေက သူတို့ထက် ပိုမို အားကောင်းနေသဖြင့် သူတို့က မပေးဘဲ မနေရဲကြချေ။ အကူအညီတောင်းခံစဉ်က သူတို့ကိုယ်တိုင် ကတိပေးခဲ့သည်ကို ဆိုစရာပင် မလိုတော့....

​ယခုအချိန်တွင် သူတို့သာ စကားကို ပြန်ရုပ်သိမ်းရန် သို့မဟုတ် ဖုံးကွယ်ထားရန် ကြိုးစားပါက တစ်ဖက်လူ၏ မှန်းဆ၍မရသော၊ သဘောပေါက်ရခက်သော စရိုက်လက္ခဏာဖြင့်ဆိုလျှင် သူတို့ကို စောင့်ကြိုနေသည်မှာ သေလမ်းတစ်ခုသာ ရှိကြောင်း သူတို့ ကောင်းစွာ သိရှိကြလေသည်။

​ထို့အပြင် သူတို့ သေသွားလျှင်လည်း သိုလှောင်အိတ်ထဲရှိ ပစ္စည်းများအားလုံးက တစ်ဖက်လူ၏ လက်ထဲသို့ ရောက်သွားမည်သာ ဖြစ်၏။

​ယခုအချိန်တွင် အများစုကို လိမ္မာပါးနပ်စွာ လွှဲပြောင်းပေးလိုက်ပြီး အခြေအနေကို နားလည်ကြောင်း ပြသလိုက်လျှင် အသက်ရှင်သန်ခွင့် ရနိုင်လောက်ပေသည်။

​သူတို့ လေးယောက်က အချင်းချင်း ခါးသီးသော အကြည့်များ ဖလှယ်လိုက်ကြပြီးနောက် အံကိုကြိတ်ကာ နာကျင်မှုကို မြိုသိပ်ပြီး သူတို့၏ သိုလှောင်အိတ်များထဲမှ ပစ္စည်းများကို စတင် ထုတ်ယူလိုက်ကြတော့သည်။

​နတ်ဆေးလုံး ပုလင်းများ၊ အစီအရင် အလံများနှင့် အစီအရင်ပြားအစုံများ၊ အခြေခံအစီအရင်များနှင့် လက်တွေ့ကျသော အစီအရင်အချို့ကို မှတ်တမ်းတင်ထားသည့် ကျောက်စိမ်းမှတ်တမ်းများ၊ ခုလေးတင် ကောက်ယူထားပြီး ယခင်က စုဆောင်းထားခဲ့သော ဝိညာဉ်ဆေးပင်အမြောက်အမြား၊ ယခင်က အခြား မိစ္ဆာသားရဲများကို သတ်ဖြတ်ကာ ရရှိထားသော အရေခွံနှင့် အရိုးပစ္စည်းများပင် ပါဝင်လေသည်။

​ပူဇော်သက္ကာယ ပြုနေသည့်အလား ကျန်းယဲ့ရှေ့တွင် ပစ္စည်းများ အများအပြား စုပုံသွားပြီး မကြာမီမှာပင် တောင်ပူစာလေး တစ်ခုကဲ့သို့ ဖြစ်သွားခဲ့သည်။

​သူတို့က အရေးကြီးဆုံးဖြစ်သော ကိုယ်ပိုင်အစီအရင်ပြားများနှင့် အသက်ကယ်ရန်အတွက် ဆေးလုံးနှင့် ဝိညာဉ်ကျောက်တုံးအနည်းငယ်ကိုသာ တိတ်တဆိတ် ချန်ထားရဲကြပြီး အခြားအရာအားလုံး၏ ဆယ်ပုံ ခုနစ်ပုံ ရှစ်ပုံခန့်ကို လွှဲပြောင်းပေးလိုက်ကြ၏။

​ကျန်းယဲ့က သူ့ရှေ့ရှိ တောင်ပူစာလေးလို စုပုံနေသော ပူဇော်သက္ကာယများကို ကြည့်ကာ အနည်းငယ် မှင်တက်သွားရသည်။

​သူက အစီအရင်ဗဟုသုတများနှင့် ဝိညာဉ်ကျောက်တုံး အနည်းငယ်ကိုသာ လိုချင်ခဲ့သော်လည်း တစ်ဖက်လူက ဤမျှလောက် ရိုးသားနေပြီး သူတို့၏ ပစ္စည်း အများစုကို တိုက်ရိုက် ထုတ်ပေးလိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။

​ထိုအခါ သူ၏ မျက်နှာပေါ်ရှိ အပြုံးက မသိမသာ ပိုမို စိတ်ရင်းမှန်သွားပြီး သူ၏ လေသံကလည်း အနည်းငယ် နူးညံ့သွားခဲ့သည်။

(NT-မျက်နာများတဲ့ အကိုကျန်း... ဒါပေမဲ့ သူမကိုတော့ မမှီခဲ့ပါဘူးဗျာ...)

​"တာအိုမိတ်ဆွေလေးယောက်... တကယ်ကို အားနာတတ်တာပဲ။ ဘယ်လိုလုပ်ပြီး အားနာရမလဲတောင် မသိတော့ပါဘူး..."

​သူက ပါးစပ်ကနေ အားနာကြောင်း ပြောနေသော်လည်း သူ၏ လက်လှုပ်ရှားမှုများက အနည်းငယ်မျှပင် ရပ်တန့်မသွားချေ။ သူ၏ စိတ်ကူးတစ်ချက်ဖြင့် သူ့ရှေ့ရှိ တောင်ပူစာလေးလို စုပုံနေသော ရတနာများမှာ ချက်ချင်းပျောက်ကွယ်သွားပြီး သူ၏ ကိုယ်ပိုင်သိုလှောင်ရေး ဟင်းလင်းပြင်ထဲသို့ အားလုံး သိမ်းဆည်းခံလိုက်ရလေသည်။

​မှတ်သားစရာ တစ်ချက်မှာ... စနစ်က သူ့ကို ထူးချွန်သော ဝန်ထမ်းအဖြစ် သတ်မှတ်ပြီးနောက်တွင် သူ၏အကျိုးခံစားခွင့်များနှင့် လစာများက သိသိသာသာ တိုးတက်လာခဲ့ပြီး သူ၏ ကိုယ်ပိုင်သိုလှောင်ရေးဟင်းလင်းပြင်မှာလည်း အဆပေါင်းများစွာ ကျယ်ပြန့်သွားခဲ့ကာ ဤပစ္စည်းများအားလုံးကို ထည့်ရန် လုံလောက်ရုံတင်မကဘဲ အများကြီးပင် ပိုနေသေးချေသည်။

​အရာအားလုံးကို သိမ်းဆည်းပြီးနောက် ကျန်းယဲ့၏ စိတ်အခြေအနေမှာ အလွန် ကောင်းမွန်နေခဲ့သည်။ ထို့နောက် တစ်ဖက်လူက အစောပိုင်းတွင် ပြောခဲ့သော ကျောက်စိမ်းရည်ကို သတိရသွားသဖြင့် သူက ပြုံးကာ ပြောလိုက်၏။

​"တာအိုမိတ်ဆွေလေးယောက်... အခု ကျွန်တော်တို့ကို မိုးပြာရောင်ရေဖားပြုတ်ရဲ့ အသိုက်ကို သွားပြပါဦး..."

​ယင်းကို ကြားသောအခါ ဝမ့်ကျန့်ရှင်းနှင့် အခြားသုံးဦးက လက်ကွက်များ ဖော်ကာ ဓားများပေါ်တွင် တက်၍ လမ်းပြရန် အလိုအလျောက် ပြင်ဆင်လိုက်ကြသည်။

​"ဟေး... ခဏစောင့်ပါဦး..." ကျန်းယဲ့က သူတို့ကို လှမ်းခေါ်လိုက်ပြန်သည်။ "ကျွန်တော်တို့က ဓားပေါ်မှာ မပျံသန်းနိုင်လို့... ခြေလျင်ပဲ လမ်းပြပေးပါ..."

​လူလေးယောက် - "....."

​ဝမ်ကျန်ရှင်းနှင့် အခြားသုံးဦး၏ မျက်နှာပေါ်ရှိ အမူအရာများ ချက်ချင်း အေးခဲသွားပြီး သွေးအန်လုမတတ်ပင် ဖြစ်သွာရသည်။

လခွီးပဲ.... ​ဓားပေါ်မှာ မပျံသန်းနိုင်ဘူး... ဟုတ်လား...

​ခင်ဗျားက ခုလေးတင် မျက်တောင်တောင် မခတ်ဘဲ ဒီလောက်များတဲ့ ပစ္စည်းတွေကို ခင်ဗျားရဲ့ သိုလှောင်ရေးဟင်းလင်းပြင်ထဲကို သိမ်းလိုက်ပြီးတော့... အခုမှ ဓားပေါ်မှာ မပျံသန်းနိုင်ဘူးလို့ လာပြောနေတာလား။

​ခင်ဗျားက ကျွန်တော်တို့ကို အရူးလုပ်နေတာလား...

​ဒါက ငါတို့ရဲ့ ဉာဏ်ရည်ကို ဗြောင်ကျကျ စော်ကားနေတာပဲကွ...

​လူလေးယောက်မှာ စိတ်ထဲတွင် ကျိန်ဆဲနေကြသော်လည်း မျက်နှာပေါ်တွင် မပြရဲကြချေ။ သူတို့က သြော်... အဲဒီလိုကိုး ၊ ကျွန်တော်တို့ မှားတွေးမိသွားတယ်.. ဟူသော ရိုသေလေးစားသည့် အမူအရာများကို အတင်းဖန်တီးကာ သဘောတူကြောင်း အကြိမ်ကြိမ် ခေါင်းညိတ်လိုက်ကြ၏။

​"ဟုတ်... ဟုတ်ကဲ့ပါ စီနီယာ ပြောတာ မှန်ပါတယ်။ ကျွန်တော်တို့ လစ်ဟင်းသွားတာပါ..."

​ထိုသို့ဖြင့် စိတ်ထဲတွင် ငိုကြွေးနေသော်လည်း အပြင်ဘက်တွင် အတင်းပြုံးထားရသော အစီရင်ထောင်ချီဂိုဏ်းမှ အထက်တန်းစား တပည့်လေးဦး၏ ဦးဆောင်မှုဖြင့် ကျန်းယဲ့နှင့် သူ၏အဖွဲ့က မိုးပြာရောင်ရေဖားပြုတ်၏ အသိုက်ဆီသို့ ခမ်းနားစွာ ချီတက်သွားလိုက်ကြသည်။

​ဤမြင်ကွင်းက ယုံကြည်နိုင်စရာ မရှိလောက်အောင် ထူးဆန်းနေချေသည်။

​ဝမ့်ကျန့်ရှင်း၏ ဦးဆောင်မှုဖြင့် အဖွဲ့က မိုးပြာရောင် ရေဖားပြုတ်၏ အသိုက်သို့ ရောက်ရှိသွားခဲ့ကြသည်။

​၎င်းက နက်ရှိုင်းသော ရေကန်တစ်ခု၏ မျက်နှာချင်းဆိုင်ရှိ ကျောက်ကမ်းပါးယံ တစ်ဝက်တွင် တည်ရှိသော ဂူတစ်ခုပင်။

​ရေကန်က နက်ရှိုင်းပြီး အေးစက်ကာ မှိန်ပျပျ အအေးဓာတ်များကို ထုတ်လွှတ်နေခဲ့သည်။ မျက်နှာချင်းဆိုင်ရှိ ကျောက်ကမ်းပါးယံက မတ်စောက်ပြီး ချော်နေသဖြင့် သာမန်လူများအတွက် တက်ရန် မဖြစ်နိုင်ချေ။

​ကျန်းယဲ့က မြေမျက်နှာပြင်ကို တစ်ချက်ကြည့်လိုက်ပြီး ဝမ့်ကျန့်ရှင်းကို သဘာဝကျကျ ပြောလိုက်၏။ "တာအိုမိတ်ဆွေဝမ့်... ကျွန်တော့်ကို ခင်ဗျားရဲ့ ဓားပေါ် တင်ပြီး အဲဒီကို ခေါ်သွားဖို့ အကူအညီ တောင်းရတော့မယ် ထင်တယ်..."

​ဝမ့်ကျန့်ရှင်းမှာ စိတ်ထဲတွင် ကျိန်ဆဲ အော်ဟစ်နေတော့သည်။

​ခင်ဗျား သရုပ်ဆောင်လို့ မပြီးသေးဘူးလားဟ...

​သူက မျက်နှာပေါ်တွင် အနည်းငယ်မျှသော မလေးစားမှုများကို မပြရဲဘဲ အလျင်အမြန်နှင့် ရိုသေလေးစားစွာ ပြန်ဖြေလိုက်၏။ "စီနီယာကို အလုပ်အကျွေး ပြုရတာ ဂျူနီယာအတွက် ဂုဏ်ယူစရာပါ..."

​သူက ကျန်းယဲ့ကို တင်ဆောင်ထားသော ဓားကို ဂရုတစိုက်ထိန်းချုပ်ကာ ရေကန်ကို ချောမွေ့စွာ ဖြတ်ကျော်ပျံသန်းသွားပြီး မှိန်ပျပျဝိညာဉ်စွမ်းအင်များ ထုတ်လွှတ်နေသော ဂူထဲသို့ ဝင်ရောက်သွားလိုက်သည်။

​အခြား ခရီးသည်များနှင့် အစီရင်ထောင်ချီဂိုဏ်းမှ ကျန်တပည့်သုံးဦးမှာမူ ရေကန်ဘေးရှိ သူတို့၏ အသိုက်အပြင်ဘက်တွင် ကျန်ရစ်ကာ စောင့်ဆိုင်းနေကြလေသည်။

​ဂူက သိပ်မနက်ဘဲ မကြာမီမှာပင် အနက်ရှိုင်းဆုံး နေရာ၌ နူးညံ့သောအလင်းရောင်နှင့် လန်းဆန်းသော ရနံ့များ ထုတ်လွှတ်နေသည့် နို့နှစ်ရောင် ကျောက်စိမ်းရည် ကန်ငယ်လေးတစ်ခုကို တွေ့ရှိသွားလေသည်။

​ကျန်းယဲ့က ဝိညာဉ်အရည်များကို ထည့်ရန် သီးသန့်ဖြစ်သော ကျောက်စိမ်းပုလင်းတစ်လုံးကို စနစ်မှတစ်ဆင့် လဲလှယ်လိုက်ပြီး ကျောက်စိမ်းရည်အားလုံးကို ဂရုတစိုက် သိမ်းဆည်းလိုက်၏။

​ကျန်းယဲ့က ကျောက်စိမ်းရည်ကို ယူရန် ဂူထဲသို့ ဝင်သွားချိန်လေးမှာပင် အဝေးရှိ ထူထပ်သော သစ်ပင်များအောက်နှင့် ကျောက်တုံးများနောက်ကွယ်တွင် လောဘနှင့် သတိထားမှုများ ပြည့်နှက်နေသော မျက်လုံးခြောက်စုံက ပုန်းအောင်းနေကြောင်းကို မည်သူကမျှ သတိမထားမိကြချေ။

All Chapters