အခန်း (၃၃၈)
Vol. 34 Ch. 338
အခန်း (၃၃၈) လျှို့ဝှက် အရောင်းအဝယ်
ခါမဲဒါအီချီရိုက ယိုချွမ်၏ မေးခွန်းကို မဖြေချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူက ဦးဆောင်မှုကို ယူကာ စမ်းသပ်မေးမြန်းလိုက်၏။
"တာအိုမိတ်ဆွေတို့က ကျွန်တော်တို့ နောက်ကို လိုက်လာတာ... ကျွန်တော်တို့ဆီက တစ်ခုခုလိုချင်လို့ပဲ ဖြစ်ရမယ်။ ဘာလို့ တိုက်ရိုက်မပြောတာလဲ။ အကယ်၍... ကျွန်တော်တို့ အရောင်းအဝယ်တစ်ခု လုပ်လို့ရရင်ကော..."
ယင်းကို ကြားသောအခါ ကွေ့ရှို့ နှင့် ရွှမ်ကူက အချင်းချင်း ကြည့်လိုက်ကြပြီး သူတို့၏ မျက်ဝန်းများတွင် အံ့သြသွားသော အရိပ်အယောင်လေးများ လင်းလက်သွားရသည်။
သူတို့က အစပိုင်းတွင် သူ့ကို လောဘကြီးပြီး အသုံးမကျသူ တစ်ယောက်ဟု ထင်ထားခဲ့သော်လည်း သူက တကယ်တော့ အနည်းငယ်လိမ္မာပါးနပ်ပြီး ရဲရင့်ကာ သူတို့၏ ရည်ရွယ်ချက်များကိုပင် ပြန်လည် စမ်းသပ်မေးမြန်းရဲကြောင်းကို အံ့သြစွာ တွေ့ရှိလိုက်ရခြင်းပင်။
ယိုချွမ်၏ အပြုံးက ပိုမို နက်ရှိုင်းသွားသော်လည်း ထိုအပြုံးက မျက်လုံးများအထိ မရောက်ချေ။
"တာအိုမိတ်ဆွေက တော်တော် အကဲခတ်ကောင်းတာပဲ။ ဒါပေမယ့်... စီးပွားရေးလုပ်မယ်ဆိုမှတော့ စိတ်ရင်းမှန် ရှိဖို့ လိုတယ်လေ။ အရောင်းအဝယ်ကို စတင်ခဲ့တာ မင်းပဲဆိုတော့ ငါတို့ကို ဘာပေးနိုင်လဲ... ပြီးတော့ အလဲအလှယ်အနေနဲ့ ဘာပြန်လိုချင်လဲဆိုတာကို အရင် ပြောပြသင့်တာ မဟုတ်ဘူးလား..."
အခြားငါးဦးက တိတ်ဆိတ်နေကြသော်လည်း ရေခဲဓားများကဲ့သို့ စူးရှသော သူတို့၏အကြည့်များက ခါမဲဒါအီချီရိုအပေါ်သို့ ကျရောက်နေပြီး မမြင်ရသော ဖိအားတစ်ခုကို ထုတ်လွှတ်ကာ သူ၏ ဝှက်ဖဲကို အရင် ထုတ်ပြရန် အတင်းအကျပ် ဖိအားပေးနေခဲ့သည်။
ခါမဲဒါအီချီရိုက လေးလံသောဖိအားကို ခံစားလိုက်ရပြီး သူ၏ လက်ဖဝါးများမှ ချွေးများ စတင် ထွက်လာသော်လည်း ယခုအချိန်တွင် လုံးဝအားနည်းချက် ပြလို့ မရကြောင်းကို သူ ကောင်းကောင်း သိပေသည်။
သူ၏ ရည်ရွယ်ချက်ကို မဖွင့်ဟဘဲ တစ်ဖက်လူ၏ အမှန်တကယ် ရည်ရွယ်ချက်များကို ဘယ်လိုထုတ်ယူရမလဲ.... ပြီးတော့ သူကိုယ်တိုင်အတွက် အကြီးမားဆုံး အကျိုးအမြတ်ကို ဘယ်လိုရယူရမလဲဆိုတာကို သူ၏ စိတ်က လျင်မြန်စွာ စဉ်းစားတွေးတောနေလေသည်။
ခါမဲဒါအီချီရိုက ခေါင်းရှင်းရှင်းဖြင့် စဉ်းစားကာ သူ၏ ကိုယ်ပိုင်အားနည်းချက်များကို သိထားခဲ့သည်။
တကယ်လို့ သူတို့ရဲ့အရှိန်အဝါနောက်ကို လိုက်ပြီး မေးခွန်းပေါင်းစုံ မေးခွင့်ပြုလိုက်မယ်ဆိုရင်... နောက်ဆုံးမှာ သူတို့က သူ့ရဲ့ လျှို့ဝှက်ချက်တွေနဲ့ ရည်ရွယ်ချက်တွေ အားလုံးကို ရှာတွေ့သွားမှာ ဖြစ်ပြီး သူက သူတို့ရဲ့ကရုဏာပေါ်မှာသာ လုံးဝမှီခိုနေရတဲ့ အသတ်ခံရတော့မယ့် သိုးပေါက်လေး တစ်ကောင် ဖြစ်သွားမှာပဲ...
ထို့နောက် သူက အလွန် ရဲရင့်သော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်၏။ အလောင်းအစား လုပ်ရန်ပင်။
တစ်ဖက်လူက သူ့ဆီမှ အချက်အလက်များ ရယူလိုခြင်းအပေါ် ပို၍ စိတ်ဝင်စားသလား သို့မဟုတ် သူက သူတို့ထံမှ ကျင့်ကြံခြင်းအရင်းအမြစ်များ ရယူရန် အလွန်အမင်း လိုအပ်နေသလားဆိုတာကို အလောင်းအစား လုပ်ခြင်းပင်။
သူက တည်ငြိမ်ဟန်ဆောင်ထားသော အပြုံးတစ်ခုကို အတင်းဖန်တီးလိုက်ပြီး သူ၏ အကြည့်က ယိုချွမ်တို့ ခြောက်ယောက်အပေါ်သို့ ဝေ့ကြည့်လိုက်သည်။ သူ၏ လေသံမှာ ပေါ့ပါးဟန်ဆောင်ထားသော်လည်း မသိမသာ ခိုင်မာနေချေသည်။
"တာအိုမိတ်ဆွေတို့... ကျွန်တော်က တစ်ယောက်တည်း... ခင်ဗျားတို့က ခြောက်ယောက်လေ။ ကျွန်တော် ဒီမှာတစ်ယောက်တည်း ရပ်ရဲတာကပဲ ကျွန်တော့်ရဲ့ အကြီးမားဆုံး စိတ်ရင်းမှန်ပဲ။ တကယ်လို့ ခင်ဗျားတို့က ဒီလို ရိုးရှင်းတဲ့ မေးခွန်းလေးကိုတောင် ရိုးရိုးသားသား မဖြေချင်ဘူးဆိုရင်... ကျွန်တော်တို့ကြားမှာ အရောင်းအဝယ် လုပ်စရာ မလိုတော့ဘူးလို့ ထင်တယ်..."
ဒီလိုပြောပြီးနောက် ခါမဲဒါအီချီရိုက သူတို့၏ အတွင်းစိတ် လှုပ်ရှားမှုကို အရိပ်အယောင်လေး တစ်ခုလောက်ဖြစ်ဖြစ် မြင်နိုင်ရန် ကြိုးစားလျက် သူ၏ မျက်နှာချင်းဆိုင်ရှိ လူခြောက်ယောက်၏ အမူအရာများကို စူးစိုက်ကြည့်နေလိုက်သည်။
သို့သော်လည်း ဤလူခြောက်ယောက်က အတွေ့အကြုံရင့် ကျက်နေသူများ ဖြစ်ကြောင်း သိသာထင်ရှားလှသည်။ သူတို့၏ မျက်နှာအမူအရာများကို ပြီးပြည့်စုံစွာ ထိန်းချုပ်ထားပြီး စိတ်ခံစားမှု ပြောင်းလဲသည့် အရိပ်အယောင် လုံးဝမရှိသဖြင့် သူ့ကို စတင် စိုးရိမ်လာစေလေသည်။
တစ်ဖက်လူက တကယ်ပဲ ဒေါသထွက်ပြီး အစွန်းရောက်သည့် လုပ်ရပ်များ လုပ်လာမည်ကို စိုးရိမ်သဖြင့် သူက ယုံကြည်မှုရှိပြီး အကြောက်အလန့်မရှိသော အမူအရာကို အတင်းအကျပ် ထိန်းသိမ်းထားလိုက်သည်။ ထို့နောက် သူက ထွက်သွားမည့်ဟန်ဖြင့် ခြေတစ်ဝက်ခန့် နောက်ဆုတ်လိုက်ကာ အေးစက်စွာ ပြောလိုက်၏။
"ခင်ဗျားတို့က အရောင်းအဝယ်လုပ်ဖို့ ရည်ရွယ်ချက် မရှိမှတော့... ဒါဆိုရင်လည်း ကျွန်တော်တို့ နောက်မှ ပြန်တွေ့ကြတာပေါ့..."
သူ လှည့်ထွက်တော့မည့်အချိန်တွင် တစ်စုံတစ်ရာကို သတိရသွားသည့်အလား ရပ်တန့်လိုက်ပြီး ခေါင်းလှည့်ကာ သူ၏အသံတွင် သတိပေးမှုနှင့် ခြိမ်းခြောက်မှုများ ပါဝင်လျက် ထပ်ပြောလိုက်ပြန်သည်။
"သြော်... ဟုတ်သားပဲ။ ကျွန်တော့်ကို တိုက်ခိုက်ဖို့လောက် အထိတော့ မမိုက်မဲကြဖို့ အကြံပြုပါရစေ။ ခင်ဗျားတို့က ကျွန်တော့်ကို မသတ်နိုင်တဲ့အပြင် အနည်းငယ်လေးတောင် ထိခိုက်အောင် လုပ်လို့မရဘူး။ ဒါပေမယ့် ခင်ဗျားတို့က ဆူညံသံတွေ လုပ်ပြီး ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို သတိပေးလိုက်မယ်ဆိုရင်... ခင်ဗျားတို့ လွတ်မြောက်နိုင်ဦးမယ်လို့ ထင်နေလား။ အဲဒီအချိန်ကျရင် ခင်ဗျားတို့ သေဖို့ပဲ ရှိတော့တယ်..."
ဤစကားများကို ကြားသောအခါ ယိုချွမ်၊ မော့ချန်၊ ရွှယ်ကျိုး နှင့် တုစုံတို့၏ မျက်လုံးများ ရုတ်တရက် မှောင်မိုက်သွားပြီး အေးစက်သော သတ်ဖြတ်လိုစိတ်များက သူတို့၏ မျက်ဝန်းနက်နက်တွင် မထိန်းချုပ်နိုင်အောင် တောက်ပလာချေသည်။
သို့သော်လည်း ခါမဲဒါအီချီရို၏ ထူးဆန်းသော ကာကွယ်ရေးနည်းလမ်းများကို ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသော ကွေ့ရှို့နှင့် ရွှမ်ကူက သူတို့၏ လုပ်ဖော်ကိုင်ဖက်များထံသို့ တစ်ပြိုင်နက်တည်းနီးပါး စိတ်ချင်းဆက်သွယ်၍ အသံပို့လွှတ်လိုက်ကြ၏။
ကွေ့ရှို့က အလျင်စလို ပြောလိုက်လေသည်။ "အစ်ကိုကြီးယိုချွမ်... စိတ်လျော့အုံး။ သူ့ဆီမှာ အဲဒီလို စွမ်းရည် တကယ်ရှိတယ်။ အဲဒီ အကာအကွယ်က ကြောက်စရာကောင်းလောက်အောင် အားကောင်းတယ်..."
ရွှမ်ကူကလည်း အလျင်အမြန် ထပ်ဖြည့်ပြောလိုက်၏။ "သူ အမှန်တိုင်း ပြောနေတာ... သူ လိမ်နေတာ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ တိုက်ခိုက်မှုက ချက်ချင်း ပြန်ကန်ထွက်သွားတယ်..."
လူခြောက်ယောက်မှာ လူတစ်ယောက်၏ ခြိမ်းခြောက်ခြင်းကို ခံလိုက်ရသဖြင့် အလွန်တရာ ဒေါသထွက်နေကြသော်လည်း ဖြစ်နိုင်ချေရှိသော ရတနာ နှင့် သူတို့၏ ပိုမိုကြီးမားသော အကြံအစည်အတွက် ဤခါးသီးမှုကို မြိုသိပ်ထားရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိချေ။
အဖွဲ့သားများက အချင်းချင်း ကြည့်လိုက်ကြပြီး သူတို့အားလုံး၏ မျက်လုံးများထဲတွင် တူညီသော ဆုံးဖြတ်ချက်တစ်ခုကို မြင်တွေ့လိုက်ကြရသည်။
အခုလောလောဆယ် စိတ်ရှည်ရှည် ထားကြတာပေါ့... ပြီးတော့ သူ့ရဲ့ အစစ်အမှန်ကို သိရပြီဆိုတာနဲ့ သူ သေချာပေါက် ဆိုးဆိုးရွားရွား သေရဖို့ ငါတို့ သေချာပေါက် လုပ်မယ်...
ယိုချွမ်၏ မျက်နှာပေါ်ရှိ ဒေါသများ ချက်ချင်း အရည်ပျော်သွားပြီး ဟန်ဆောင်ထားသော နွေးထွေးသည့် အပြုံးကို နောက်တစ်ကြိမ် ပြုံးလိုက်ကာ သူ၏ လေသံတွင် အလျှော့ပေးလိုက်သည့် အရိပ်အယောင်လေးပင် ပါဝင်နေလေသည်။
"တာအိုမိတ်ဆွေက ဘာလို့ ဒီလောက်တောင် စိတ်ကြီးနေရတာလဲ။ စီးပွားရေးလုပ်တယ်ဆိုမှတော့ အချင်းချင်း ဈေးဆစ်တာတွေ.. စမ်းသပ်တာတွေက ပုံမှန်ပဲလေ... မဟုတ်ဘူးလား။ ဘာလို့ သဘောထားလေး နည်းနည်း မတိုက်ဆိုင်တာနဲ့ ထွက်သွားဖို့ ဇွတ်လုပ်နေရတာလဲ..."
အနီးတွင် ရပ်နေသော ရွှယ်ကျိုးကလည်း ချက်ချင်း ပြုံးကာ အခြေအနေကို ဖြေလျှော့ရန် ကြိုးစားရင်း ပြောလိုက်၏။
"ဟုတ်တယ်... ဟုတ်တယ်... တာအိုမိတ်ဆွေ... ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့။ ကျွန်တော်တို့က မင်းတို့ရဲ့ ဂိုဏ်းအကြောင်းကို ပိုသိချင်ရုံပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီလျှို့ဝှက်နယ်မြေက ကျွန်တော်တို့ ဂိုဏ်းခုနစ်ဂိုဏ်းက ပူးပေါင်း ပိုင်ဆိုင်ထားတာလေ။ ရင်းနှီးမှုမရှိတဲ့ တာအိုမိတ်ဆွေတွေ တစ်စုတစ်ဝေးတည်း ရုတ်တရက် ပေါ်လာတာဆိုတော့ စမ်းသပ်မှုပြီးသွားရင် ဂိုဏ်းက အကြီးအကဲတွေကို သတင်းပို့ပြီး ရှင်းပြနိုင်အောင် ခင်ဗျားတို့အကြောင်းကို ကျွန်တော်တို့ နားလည်ထားဖို့ လိုတယ်လေ... မဟုတ်ဘူးလား..."
ခါမဲဒါအီချီရိုမှာ ရွှယ်ကျိုး၏ စကားများကို ကြားသောအခါ ဒါက သူတို့၏ အမှန်တကယ် ရည်ရွယ်ချက် လုံးဝမဟုတ်ကြောင်းကို သဘာဝကျကျ နားလည်သော်လည်း တစ်ဖက်လူက ဦးဆောင်၍ နောက်ဆုတ်ပေးကာ ထွက်ပေါက်တစ်ခု ပေးလိုက်ပြီဖြစ်သဖြင့် သူ အလွန် ဝမ်းသာသွားရသည်။
သူသာ ဆက်ပြီး မာနကြီးနေမယ်ဆိုရင် အနိုင်နိုင် ရထားတဲ့ ဒီအရောင်းအဝယ်အခွင့်အရေးက တကယ်ကြီး လွတ်ထွက်သွားနိုင်ပေသည်။
သူက အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် နေလိုက်ပြီး အစောပိုင်းက သူ၏မာနကြီးမှုနှင့် ခြိမ်းခြောက်မှုများ လုံးဝမဖြစ်ခဲ့သကဲ့သို့ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပြန်လည် ထွက်ပေါ်လာပြန်သည်။
"သြော်... အဲဒီလိုကိုး။ ကျွန်တော်က တာအိုမိတ်ဆွေတို့ကို အထင်လွဲသွားတာပဲ။ တာအိုမိတ်ဆွေတို့က စိတ်ဝင်စားမှတော့ ကျွန်တော်တို့ သေချာ ဆွေးနွေးကြတာပေါ့... ဘာကို သိချင်တာလဲ..."
ကွေ့ရှို့က အရေးမကြီးပုံရသော မေးခွန်းတစ်ခုကို အရင်မေးလိုက်၏။
"တာအိုမိတ်ဆွေက ဘယ်ဂိုဏ်း ဒါမှမဟုတ် ဘယ်အဖွဲ့အစည်းကလဲ။ ဂိုဏ်းနာမည်က ဘယ်လိုခေါ်လဲ..."
ခါမဲဒါအီချီရို၏ စိတ်က လျင်မြန်စွာ အလုပ်လုပ်သွားပြီး သူတို့၏ ယာယီအဖွဲ့ကို အချိန်ကာလတံခါးပေါက်ဟု ခေါ်သင့်ကြောင်း အဖွဲ့မှ အခြားအဖွဲ့ဝင်များ ပေါ့ပေါ့ပါးပါး စကားပြောရင်း ရယ်စရာလုပ်ကာ ပြောခဲ့ကြသည်ကို သူ ချက်ချင်း သတိရသွားခဲ့သည်။
သူက ချက်ချင်း ပြန်ဖြေလိုက်၏။ "အချိန်ကာလ တံခါးပေါက်..."
"အချိန်ကာလ တံခါးပေါက်..." ယိုချွမ်တို့ ခြောက်ယောက်က အချင်းချင်း ကြည့်လိုက်ကြပြီး သူတို့၏ မျက်ဝန်းများတွင် ရှုပ်ထွေးမှုများ ပြည့်နှက်သွားရသည်။
ဤနာမည်က သူတို့အတွက် လုံးဝ အစိမ်းသက်သက် ဖြစ်နေချေသည်။ ကျင့်ကြံခြင်းလောကရှိ ကြီးငယ်မဟူသော ဂိုဏ်းအသီးသီးထဲတွင် မည်သူကမျှ အချိန်ကာလတံခါးပေါက်ဟူသော နေရာတစ်ခုအကြောင်းကို တစ်ခါမှ မကြားဖူးခဲ့ကြချေ။
ထို့နောက် မော့ချန်က ပို၍ အရေးကြီးသော မေးခွန်းတစ်ခုကို မေးလိုက်ပြန်သည်။
"မင်းတို့ကို ဦးဆောင်လာတဲ့ စီနီယာရဲ့ နာမည်က ဘယ်လိုခေါ်လဲ။ ပြီးတော့ သူ့ရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက်လဲ..."
မေးခွန်းကို ကြားသောအခါ ခါမဲဒါအီချီရိုက ချက်ချင်း မဖြေချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူက သူ၏ လက်တစ်ဖက်ကို ဖြည်းညင်းစွာ ဖြန့်ကာ အဖွဲ့ရှေ့သို့ ကမ်းပေးလိုက်ရာ... ၎င်း၏ အဓိပ္ပာယ်မှာ အလွန် ရှင်းလင်းလှသည်။ အခကြေးငွေ တောင်းခံခြင်းပင်။
သူက စကားမပြောဘဲ ထိုအနေအထားအတိုင်း သူတို့ကို တိတ်တဆိတ် ကြည့်နေလိုက်သည်။
ကွေ့ရှို့က အတင်းဖန်တီးထားသော အပြုံးဖြင့် မေးလိုက်၏။ "သြော်... တာအိုမိတ်ဆွေက ဘာလိုချင်လို့လဲ..."
ခါမဲဒါအီချီရိုက သူ၏ နှုတ်ခမ်းများကို သပ်လိုက်ရာ သူ၏ မျက်ဝန်းများတွင် လောဘများ တောက်ပလာပြီး ပြောလိုက်လေသည်။
"သွေးတိတ် ပေါင်ဒါတစ်ပုလင်း..."
ရေနက်စံအိမ်မှ အမျိုးသမီးကျင့်ကြံသူက ၎င်းက ဒဏ်ရာများကို ကုသရန်နှင့် သွေးတိတ်စေရန်အတွက် ပစ္စည်းကောင်းတစ်ခုဖြစ်ကြောင်း ပြောခဲ့သည်ကို သူ သတိရသွားခြင်းပင်။
"သွေးတိတ် ပေါင်ဒါတစ်ပုလင်း..." လူခြောက်ယောက်မှာ ဒေါသထွက်ပြီး ရယ်ချင်လုမတတ် ဖြစ်သွားကြရသည်။
ရွှယ်ကျိုးက လှောင်ပြောင်လိုက်၏။
"ဟက်... တာအိုမိတ်ဆွေက တကယ်ကို တောင်းရဲတာပဲ။ မေးခွန်းတစ်ခုအတွက် သွေးတိတ်ပေါင်ဒါတစ်ပုလင်းတောင် လိုချင်တာလား။ အဲဒါက လမ်းဘေးက မြက်ပင်လို့ ထင်နေလား။ လုံးဝ မရဘူး... အများဆုံး တစ်လုံးပဲ ရမယ်..."
ခါမဲဒါအီချီရိုက မျက်မှောင်ကြုတ်လိုက်ပြီး အလွန် နည်းလွန်းသည်ဟု ထင်ဟန်ဖြင့် ပြောလိုက်လေသည်။ "တစ်လုံးတည်း... အဲဒါက နည်းနည်း အရမ်း မနည်းလွန်းဘူးလား..."