အခန်း (၂၂၅-၂၂၆)
Vol. 23 Ch. 225-226
အခန်း။ ၂၂၅
ပြန်လာမည့်လမ်းခွဲတွင် ရှိနေသော ဝမ်ပင်းမှာမူ ဤအခြင်းအရာများကို လုံးဝ မသိရှိသေးချေ။ ယခုအခါ သူသည် ပျံသန်းရေးသင်္ဘောပေါ်၌ နယ်မြေအသစ်တစ်ခုကို ရှာဖွေတွေ့ရှိသွားသည့်အလား စိတ်လှုပ်ရှားစွာဖြင့် မေးခွန်းပေါင်းများစွာကို မရပ်မနား မေးမြန်းနေကြသော ဇန်ထိုင်ချင်ရွှမ်းနှင့် ဇန်ထိုင်ယဲ့တို့ မြေးအဘွားကြောင့် အတော်လေး ခေါင်းခဲနေရရှာသည်။
ဇန်ထိုင်ချင်ရွှမ်းကမူ အသက်အရွယ်ရနေပြီဖြစ်၍ အနည်းငယ် တည်ငြိမ်သော်လည်း ဇန်ထိုင်ယဲ့မှာမူ ပျံသန်းရေးသင်္ဘောပေါ်တွင် ဟိုခုန်သည်ခုန်ဖြင့် ပျော်ရွှင်မြူးထူးနေပြီး တစ်ခါတစ်ရံ၌ အံ့ဩတုန်လှုပ်စွာ အော်ဟစ်လိုက်သေးသည်။
ဝမ်ပင်း မသေမျိုးဂိုဏ်းသို့ ပြန်လည်ရောက်ရှိချိန်တွင် နေဝင်ရိုးရီ အချိန်ခန့် ရှိနေပြီ ဖြစ်သည်။ သူ ပျံသန်းရေးသင်္ဘောပေါ်မှ မဆင်းမီ စနစ်ကို လှမ်း၍ မေးမြန်းလိုက်၏။
"စနစ်... အဆင့်မြင့်နက်နဲသောအဆင့် ရှိတဲ့သူတစ်ယောက် ဂိုဏ်းထဲဝင်ဖို့အတွက် ဂိုဏ်းဝင်ကြေးက ဘယ်လောက်လဲ"
ရွှေဒင်္ဂါး တစ်သိန်း ဖြစ်သည်။
ထိုပမာဏကို အနည်းငယ် ထပ်မံဖြည့်စွက်လိုက်ပါက အဝါရောင်အဆင့် အဆင့်နိမ့် သွေးကြောသိုင်းကွက်တစ်ခုကို တိုက်ရိုက် ဝယ်ယူနိုင်ပေလိမ့်မည်။
ဝမ်ပင်းက ဆက်မေးလိုက်ပြန်သည်။
"ဒါဆို အလယ်အလတ်နက်နဲသောအဆင့်အတွက်ကကော"
စနစ်၏ ပြန်လည်ဖြေကြားသံကို ကြားလိုက်ရသောအခါ ဝမ်ပင်းသည် ထူးထူးခြားခြား တုံ့ပြန်ခြင်းမရှိဘဲ ရွှေဒင်္ဂါးတစ်သိန်းဆိုသည်မှာ သင့်တင့်လျောက်ပတ်သော ပမာဏတစ်ခုသာ ဖြစ်သည်ဟု ခံစားလိုက်ရသည်။
လက်ရှိတွင် သူ၏လက်ထဲ၌ အဖြူရောင်သလင်းကျောက် အလုံး ၁၀၀ နှင့် ရွှေဒင်္ဂါးလက်မှတ် နှစ်သိန်းကျော် ရှိနေသော်လည်း တင်းယွီမျှော်စင်ကို တစ်ကြိမ်အဆင့်မြှင့်တင်ရန်အတွက်ပင် အဖြူရောင်သလင်းကျောက် အလုံး ၁၀၀ ခန့် ကုန်ကျမည်ပင်။
ထို့အပြင် ဂိုဏ်းအတွင်းရှိ အဆောက်အအုံ အမျိုးမျိုးကို အဆင့်မြှင့်တင်ရန်မှာလည်း အလွန်တရာ အရေးကြီးနေသည်။ သို့မဟုတ်ပါက ဂိုဏ်းသားသစ် စုဆောင်းရေး လုပ်ငန်းစဉ်များ နောက်ကျကျန်ရစ်ပေလိမ့်မည်။
ထို့ကြောင့် ရွှေဒင်္ဂါးတစ်သိန်းဆိုသည်မှာ သမုဒ္ဒရာထဲသို့ ရေတစ်စက် ချလိုက်သကဲ့သို့ပင်။
သို့သော်ငြား ဘာမှမရှိသည်ထက်စာလျှင်တော့ အများကြီး ပိုမိုကောင်းမွန်သည်။
ညနေစောင်းအချိန် ဖြစ်သဖြင့် ဂိုဏ်းသားအားလုံးမှာ ရုပ်ရှင်ကြည့်ခန်းမဆောင်အတွင်း၌ ရှိနေကြသည်။
ပျံသန်းရေးသင်္ဘော ဆင်းသက်လိုက်သည်နှင့်တစ်ပြိုင်နက် ချင်ရှန်းသည် ထိုလှုပ်ရှားမှုကို ဦးစွာ သတိပြုမိလိုက်၏။ ချင်ရှန်း လှုပ်ရှားလိုက်သည်နှင့် အခြားသူများအားလုံးလည်း ရုပ်ရှင်ကြည့်ခန်းမဆောင်အတွင်းမှနေ၍ အလုအယက် ပြေးထွက်လာကြတော့သည်။
ရန်လီလီကမူ အမြဲတမ်းကဲ့သို့ပင် တက်ကြွမှုအရှိဆုံး ဖြစ်နေဆဲပင်။
သူသည် သက်ကြီးရွယ်အိုအမျိုးသမီးကြီးနှင့် ဇန်ထိုင်ယဲ့တို့ကို မြင်တွေ့လိုက်ရသောအခါ အံ့ဩသွားပြီး ရေရွတ်လိုက်မိသည်။
"ဝါး... ဂိုဏ်းသားအသစ်တွေ ရောက်လာတာပဲ။ ပြီးတော့ အင်မတန် ချောမောလှပတဲ့သူတွေပဲဗျာ"
သူ ထိုသို့ပြောလိုက်သည်နှင့်တစ်ပြိုင်နက် အဘွားအို၏ မျက်နှာရိပ်မှာ ရုတ်ချည်း ပြောင်းလဲသွားတော့သည်။
ပြင်းထန်လှသော ဖိအားလှိုင်းတစ်ခုသည် ရန်လီလီရှိရာသို့ တိုက်ရိုက် ဦးတည်၍ ရိုက်ခတ်သွားရာ ရန်လီလီမှာ ထိတ်လန့်တကြားဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားခဲ့ရရှာသည်။
ရန်လီလီက အလျင်အစလိုပင် တောင်းပန်လိုက်မှသာ ဇန်ထိုင်ချင်ရွှမ်းသည် သူမ၏ ဖိအားများကို ပြန်လည်ရုပ်သိမ်းလိုက်တော့သည်။
ဖိအားများကို ရုပ်သိမ်းပြီးနောက် ဇန်ထိုင်ချင်ရွှမ်းသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကာ ကြည့်ရှုလိုက်၏။ သူမသည် ဤနေရာသို့ ကြယ်နှစ်ပွင့်အဆင့် ဝဲကရက်မြေပုံ ဖန်တီးမှုကျမ်းစာကြောင့် လာရောက်ခဲ့ခြင်း ဖြစ်သော်လည်း နောင်တစ်ချိန်တွင် ဤဂိုဏ်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာတော့မည်ဖြစ်ရာ ပတ်ဝန်းကျင်ကို အသေအချာ လေ့လာထားရန် လိုအပ်သည်ဟု သူမ ခံစားမိသည်။
ထိုခဏ၌ သူမသည် သူ၏ အာရုံခံစွမ်းအားကို စမ်းသပ်ထုတ်ဖော်ကြည့်လိုက်သော်လည်း အာရုံခံစွမ်းအားမှာ ပေသုံးရာခန့်အထိသာ ဆန့်တန်းနိုင်ပြီး ထိုထက်ကျော်လွန်ပါက မည်သည့်တုံ့ပြန်မှုမျှ မရှိတော့ချေ။
ဇန်ထိုင်ချင်ရွှမ်းသည် ထူးထူးခြားခြား အံ့ဩမနေတော့ပေ။
အကြောင်းမှာ ကြယ်သုံးပွင့်အဆင့်ရှိသော ဂိုဏ်းကြီးအများစုတွင် ဤကဲ့သို့သော စွမ်းအားကန့်သတ်ချက်များ ရှိစမြဲ ဖြစ်သည်။
မသေမျိုးဂိုဏ်းတွင် ဤသို့ရှိနေခြင်းမှာ ပုံမှန်ပင်။ အဆင့်မြင့်နက်နဲသောအဆင့် တစ်ဝက်ကျင့်ကြံသူများကို သတ်ဖြတ်နိုင်သည့် အစောင့်အရှောက်များ ရှိနေသည့်အတွက်ကြောင့် အာရုံခံစွမ်းအား ကန့်သတ်ချက် ရှိနေခြင်းမှာ အံ့သြစရာ မဟုတ်ချေ။
ရန်လီလီတစ်ယောက် စကားနာ လာပြောပြီးနောက် အငေါ့တူးခံလိုက်ရသည်ကို မြင်သောအခါ ဝမ်ပင်းသည် စိတ်ထဲမှ တိတ်တဆိတ် ရယ်မောလိုက်မိပြီးနောက် ပြောလိုက်၏။
"ကဲ... အားလုံးပဲ ဒါက စီနီယာ ဇန်ထိုင်ချင်ရွှမ်း ဖြစ်ပြီး ဒါကတော့ သူမရဲ့ မြေးမလေး ဇန်ထိုင်ယဲ့ပဲ။ နောက်ဆိုရင် သူတို့လည်း ငါတို့ဂိုဏ်းရဲ့ မိသားစုဝင်တွေပဲ ဖြစ်ကြလိမ့်မယ်"
ဝမ်ပင်းက သူတို့မြေးအဘွားကို လူတိုင်းနှင့် မိတ်ဆက်ပေးလိုက်သောအခါ ချင်ရှန်း၏ မျက်နှာထက်တွင် အံ့အားသင့်မှုများ အတိုင်းအဆမရှိ ထင်ဟပ်သွားတော့သည်။
သူသည် ဇန်ထိုင်ချင်ရွှမ်း၏ အမည်ကို ကြားဖူးနားဝ ရှိသည်။ သူမ၏ စွမ်းအားမှာ အရှေ့အိုင်ဒေသ၏ အထွတ်အထိပ်တွင် ရှိရုံမျှမက သူမတွင် အလွန်တရာ မြင့်မြတ်လှသော အဆင့်အတန်းတစ်ခုလည်း ရှိသေးသည်။
ယင်းမှာ ဝဲကယက်မှော်ဆရာ ဟူသောအချက်ပင်။
"ဘုရားရေ ဒီလို ဒဏ္ဍာရီလာ ဂန္ထဝင်ပုဂ္ဂိုလ်ကြီးက တကယ်ကြီး မသေမျိုးဂိုဏ်းထဲ ဝင်လာခဲ့ပြီပေါ့။ ငါတို့ဂိုဏ်းချုပ်ကတော့ အံ့ဩဖို့ကောင်းလိုက်တာ။ ဒီတစ်ခေါက် ခရီးမှာ သူ တကယ်ကြီး ဘာတွေသွားလုပ်ခဲ့လို့ ဒီလိုလူမျိုးကိုပါ ခေါ်လာနိုင်ရတာလဲ... ငါတော့ လုံးဝကို စဉ်းစားလို့ မရတော့ဘူး"
ဤခရီးစဉ်မှာ ရန်လီလီကို ပါရမီရှင်ဆယ်ဦး စမ်းသပ်ပွဲသို့ ခေါ်ဆောင်သွားခြင်းထက် ပိုမိုစိတ်ဝင်စားစရာ ကောင်းနေမည်မှာ အသေအချာပင်ဖြစ်ရာ သူသည် စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်မိသည်။
နောက်ကျရင်တော့ သခင်လေးဆီကနေ ဒီခရီးစဉ်အကြောင်းကို အသေအချာ ပြန်နားထောင်ရမယ်။
ဝမ်ပင်းက ဇန်ထိုင်မြေးအဘွားကို လူတိုင်းနှင့် မိတ်ဆက်ပေးပြီးနောက် အခြားသူများကလည်း တစ်ယောက်ပြီးတစ်ယောက် သူတို့ကိုယ်ကိုယ် မိတ်ဆက်ကြတော့သည်။
"ကြိုဆိုပါတယ် စီနီယာ... ကျွန်တော့်နာမည် ရန်လီလီပါ"
"ကြိုဆိုပါတယ် စီနီယာ... ကျွန်မနာမည် ကျောက်ချင်းပါ"
မိတ်ဆက်ခြင်းများ ပြီးဆုံးသွားသောအခါ အချို့လူများက ရုပ်ရှင်ကြည့်ခန်းမဆောင်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြပြီး အချို့ကမူ ဇန်ထိုင်ယဲ့အတွက် ဧည့်ခံကျွေးမွေးရန် မုန့်ပဲသရေစာများကို သွားရောက်ပြင်ဆင်ကြတော့သည်။
ဝမ်ပင်းကမူ ဇန်ထိုင်ချင်ရွှမ်းကို လူနေဆောင်နယ်မြေဘက်သို့ ခေါ်ဆောင်သွားပြီး လမ်းလျှောက်ရင်းနှင့်ပင် ပြောလိုက်၏။
"ဒါနဲ့... မင်း ဂိုဏ်းဝင်ကြေး ပေးဆောင်ဖို့ လိုအပ်တယ်"
ဇန်ထိုင်ချင်ရွှမ်းမှာ ဆွံ့အသွားရတော့သည်။
"ဘာ... ဂိုဏ်းထဲဝင်တာတောင် ပိုက်ဆံပေးရဦးမယ် ဟုတ်လား။
ဒါက ဘယ်လို ထူးဆန်းထွေပြားတဲ့ စည်းကမ်းကြီးလဲ။
ဂိုဏ်းတစ်ခုထဲ ဝင်ဖို့ ဂိုဏ်းဝင်ကြေး ပေးရတယ်ဆိုတာမျိုး... ငါ့အသက်ရှင်လာတဲ့ တစ်သက်လုံးမှာ အခုမှပဲ ပထမဆုံးအကြိမ် ကြားဖူးတော့တယ်"
ဝမ်ပင်းက ဆက်ပြောလိုက်၏။
"ဒါက ဂိုဏ်းရဲ့ စည်းကမ်းပဲ ဇန်ထိုင်ယဲ့က ဂိုဏ်းသားတစ်ဦးအနေနဲ့ ဝင်ရောက်တာမို့ သူမရဲ့ ဂိုဏ်းဝင်ကြေးက ရွှေဒင်္ဂါး ၁,၀၀၀ ပါ"
ထိုစကားကို ကြားသောအခါ ဇန်ထိုင်ချင်ရွှမ်းသည် ဤမျှနည်းပါးလှသော ပမာဏကို ဂရုမစိုက်တော့ဘဲ ရယ်မောလျက် ပြောလိုက်၏။
"ဒါက ဘာမှမဟုတ်ပါဘူး"
ပြောပြောဆိုဆိုဖြင့် ဇန်ထိုင်ချင်ရွှမ်းသည် သူမ၏ သိုလှောင်လက်စွပ်အတွင်းသို့ လက်လှမ်းလိုက်တော့သည်။
သူမသည် လက်စွပ်၏ ထောင့်စွန်းများတွင် ကွယ်ပျောက်နေနိုင်သည့် ရွှေဒင်္ဂါးတစ်ထောင်တန် လက်မှတ်များကို လိုက်လံရှာဖွေနေခြင်း ဖြစ်ပေလိမ့်မည်။
ဝမ်ပင်းကမူ ခပ်အေးအေးပင် ပြုံးလိုက်ပြီးနောက် ဖြည်းညှင်းစွာ ပြောလိုက်၏။
"ကြိုတင်သတိပေးရဦးမယ်။ ဂိုဏ်းဝင်ကြေးတင်မကဘူး... မသေမျိုးဂိုဏ်းအတွင်းမှာရှိတဲ့ ကျင့်ကြံခြင်းနဲ့ နေထိုင်ခြင်း ကုန်ကျစရိတ်အားလုံးက ရွှေဒင်္ဂါးတွေ သုံးစွဲဖို့ လိုအပ်တယ်။ ပြီးတော့ အကြီးအကဲဇန်ထိုင်... မင်းရဲ့ ဂိုဏ်းဝင်ကြေးကတော့ အဖြူရောင်သလင်းကျောက် ၁၀ လုံးပါ"
"ဂိုဏ်းဝင်ကြေးက အဖြူရောင်သလင်းကျောက် ၁၀ လုံး ဟုတ်လား... ဘာလို့ ငါ့ကျမှ ဒီလောက်အများကြီး ကုန်ကျရတာလဲ"
"ကျင့်စဉ်အဆင့် မတူညီရင် သတ်မှတ်ချက် စံနှုန်းချင်းလည်း မတူညီဘူး"
ဝမ်ပင်း၏ ပွင့်လင်းပြတ်သားစွာ ပြောဆိုမှုကို ကြည့်ကာ ဇန်ထိုင်ချင်ရွှမ်းသည် သူ့ကို စူးစိုက်ကြည့်လိုက်ပြီးနောက် သံသယစိတ်ဖြင့် မေးမြန်းလိုက်တော့သည်။
"ဂိုဏ်းချုပ်ဝမ်... မင်းက ငွေကြေးအတွက်နဲ့ လူလိမ်မယ့် လူစားမျိုးတော့ မဟုတ်ပါဘူးနော်။ ဘယ်နေရာမှာမဆို အဆင့်မြင့်နက်နဲသောအဆင့် ကျင့်ကြံသူတစ်ယောက် ဂိုဏ်းထဲဝင်ဖို့အတွက် အဖြူရောင်သလင်းကျောက် ၁၀ လုံး ပေးဆောင်ရတာ ရှိလို့လဲ"
ဝဲကယက်မှော်ဆရာတစ်ဦး ဂိုဏ်းတစ်ခုသို့ ဝင်ရောက်မည်ဆိုပါက သူတို့ကို လက်ကမ်းကြိုဆိုမည့်သူများမှာ အစီအရီပင် ရှိနေပေလိမ့်မည်။
သူမအတွက်မူ အဖြူရောင်သလင်းကျောက် ၁၀ လုံးဆိုသည်မှာ သိပ်ပြီး မများလှချေ။
"ကြယ်သုံးပွင့်အဆင့်ရှိတဲ့ ဂိုဏ်းကြီးတွေထဲ ဝင်ရင်တောင် အဖြူရောင်သလင်းကျောက်တွေကို အပုံအပင် ပြန်ရတာ။ အခု ဒီမသေမျိုးဂိုဏ်းကျမှ ဘာတစ်ခုမှ ပြန်မရတဲ့အပြင် ငါ့အိတ်ကပ်ထဲက သလင်းကျောက် ၁၀ လုံးတောင် စိုက်ပေးရဦးမယ် ဟုတ်လား။ တကယ်ပဲ မတရားလိုက်တာ"
သူမသည် ဝမ်ပင်းက သူမ၏လက်ထဲတွင်ရှိသော သလင်းကျောက်များကို လိုချင်သဖြင့် ဤသို့ လိမ်လည်လှည့်ဖြားနေခြင်း ဖြစ်နိုင်ကြောင်း အနည်းငယ် သံသယဝင်မိသွားသည်။
သူမသည် သူ၏ ဝဲကယက်မှော်ဆရာဟူသော ဂုဏ်ပုဒ်ကို လုံးဝ လျစ်လျူရှုထားခြင်းပင်။
အကြောင်းမှာ ဝမ်ပင်းတွင် ထူးခြားဆန်းပြားသော သွေးကြောစွမ်းအားများ အစောကြီးကတည်းက ရှိနေပြီးဖြစ်သောကြောင့်ပင်။
သို့သော်လည်း ဝမ်ပင်းက ဤမေးခွန်းကို ပြန်လည်ဖြေကြားခြင်းမရှိဘဲ ခပ်အေးအေးပင် ပြောလိုက်သည်။
"အကယ်၍ မင်း ဂိုဏ်းထဲမဝင်ချင်ဘူးဆိုရင်လည်း ငါ အတင်းအကျပ် မတိုက်တွန်းပါဘူး"
"ကဲပါ... ကောင်းပါပြီ ဆယ်လုံးလည်း ဆယ်လုံးပေါ့"
ကြယ်နှစ်ပွင့်အဆင့် ဝဲကရက်မြေပုံ ဖန်တီးမှုကျမ်းစာကို မြင်တွေ့နိုင်ရေးအတွက် သူမအနေဖြင့် လိုက်လျောညီထွေဖြစ်အောင် အလျှော့ပေးလိုက်ရုံသာ တတ်နိုင်တော့သည်။
အဖြူရောင်သလင်းကျောက်များကို လက်ခံရရှိပြီးနောက် ဝမ်ပင်းသည် သူမအား လူနေဆောင်နယ်မြေအတွင်းသို့ ခေါ်ဆောင်လာပြီး ပြောလိုက်၏။
"ဒီအခန်းမှာပဲ တည်းခိုလိုက်ပါ။ တစ်ရက်ကို ရွှေဒင်္ဂါး ၅၀ ကျသင့်မယ်"
ဇန်ထိုင်ချင်ရွှမ်းတစ်ယောက် မည်သို့ ပြန်လည်ပြောဆိုရမည်ကိုပင် မသိတော့ချေ။ ထို့နောက်တွင်မှ သူမသည် ဝမ်ပင်းပြောခဲ့သော စကားကို ပြန်လည်သတိရမိသွားသည်။
ဤနေရာတွင် ပြုလုပ်သမျှအရာအားလုံးက ငွေကြေးလိုအပ်သည်ဟူသောအချက်ပင်။ ရွှေဒင်္ဂါး ၅၀ ဆိုသည်မှာ သိပ်ပြီးမများလှသော်လည်း တစ်ညတာ တည်းခိုခအတွက် ဤမျှပေးဆောင်ရခြင်းမှာ လူလိမ်ခံလိုက်ရသည့် ခံစားချက်မျိုးကို အနည်းငယ် ပေါ်ပေါက်စေသည်။
သူမသည် အကောင်းဆုံးသော တည်းခိုခန်းများတွင်ပင် တည်းခိုဖူးခဲ့ရာ ထိုနေရာများ၌ မိစ္ဆာကြီးများ၏ ဦးချိုများဖြင့် ပြုလုပ်ထားသော စန္ဒကူးနံ့သာတုံးများကို အသုံးပြုထားသော်လည်း တစ်ညလျှင် ရွှေဒင်္ဂါး ၂၀ မျှပင် မကျသင့်ဖူးချေ။
သို့သော်ငြားလည်း အဖြူရောင်သလင်းကျောက် ၁၀ လုံးကိုပင် ပေးဆောင်ခဲ့ပြီးပြီဖြစ်ရာ ဤရွှေဒင်္ဂါး ၅၀ ဆိုသည်မှာ သူမအတွက် ပြောပလောက်သည့် ပမာဏမဟုတ်တော့ချေ။
သူတို့မြေးအဘွားနှစ်ဦးအား အခန်းအတွင်း၌ သေချာစွာ နေရာချပေးပြီးနောက် ဝမ်ပင်းသည် သားရေလိပ်စာချွန်တစ်ခုကို လှမ်း၍ ပစ်ပေးလိုက်၏။
"အကြီးအကဲဇန်ထိုင်... ဒါက သေတ္တာအမည်းရောင်ထဲမှာ ရှိနေခဲ့တဲ့ မင်းတို့မိသားစုရဲ့ စာချွန်လွှာပဲ"
အဘွားအိုသည် သားရေလိပ်ကို လက်ခံရရှိပြီးနောက် တစ်ချက်မျှ လှမ်းကြည့်လိုက်သည်။
ဝမ်ပင်းက ဤအရာကို အမှန်တကယ်ပင် ဖွင့်ဖတ်ခဲ့လိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ချေ။
သို့သော် သားရေလိပ်စာချွန်ပေါ်ရှိ အကြောင်းအရာများကို ဖတ်ရှုပြီးနောက်တွင်မူ သူမသည် အရာရာကို ရိပ်မိနားလည်သွားခဲ့ပြီး ဝမ်ပင်း အဘယ်ကြောင့် လျှို့ဝှက်ဆန်းကြယ်နယ်မြေအတွင်းသို့ ရောက်ရှိလာရသနည်းဟူသည်ကို သဘောပေါက်သွားတော့သည်။
"သောက်ကျိုးနည်း ငါ့လက်နဲ့ပဲ ဒီအခွင့်အရေးကြီးကို သူ့ဆီ သွားအပ်မိလိုက်တာ မဟုတ်လား။ အဲဒီလိုသာမဟုတ်ရင် အဲဒီကောင် လျှို့ဝှက်ရတနာကို ဘယ်လိုနည်းနဲ့မှ ရသွားနိုင်စရာ အကြောင်းမရှိဘူး"
ဇန်ထိုင်ချင်ရွှမ်းနှင့် ဇန်ထိုင်ယဲ့တို့ကို အဆင်ပြေအောင် စီစဉ်ပေးပြီးနောက် ဝမ်ပင်းသည် စားစရာတစ်ခုခု ရှာဖွေရန်နှင့် ဟားဟားကို အစာကျွေးရန်အတွက် မီးဖိုချောင်သို့ ထွက်လာခဲ့သည်။ ထို့နောက်တွင်မူ သူသည် တောင်ကုန်းနောက်ဘက်သို့ သွားရောက်ကာ သူ စိုက်ပျိုးထားသော ကျန့်မုကမ္ဘာသစ်ပင်မျိုးစေ့များကို သွားရောက်စစ်ဆေးလိုက်၏။
ရက်ပေါင်း ၂၀ အချိန်ကာလ ကုန်ဆုံးသွားပြီးနောက် ဝိညာဉ်ရေများဖြင့် ရက်ရက်ရောရော လောင်းရိပ်ပေးခဲ့မှုကြောင့် ကျန့်မုပင် ရှစ်ပင်စလုံးမှာ အမြင့် တစ်မီတာခန့်အထိ အသီးသီး ကြီးထွားလာခဲ့ကြသည်။
မျက်လုံးနီဧရာမမျောက်ဝံကြီးမှာမူ ဟေးဇီနှင့် လင်ယွန်းတို့ကို အလုပ်သမားများကဲ့သို့ စေခိုင်းလျက် စိုက်ပျိုးရေးအဖွဲ့၏ ခေါင်းဆောင်အဖြစ် ဆက်လက်လုပ်ကိုင်နေဆဲပင်။
ဝမ်ပင်းသည် ကျန့်မုမျိုးစေ့ ရှစ်စေ့ကို စနစ်ထံမှ ထပ်မံ၍ သာမန်ကာလျှံကာ ဝယ်ယူလိုက်ပြီးမျက်လုံးနီဧရာမမျောက်ဝံကြီးထံသို့ ကမ်းပေးကာ ဆက်လက်စိုက်ပျိုးရန် ညွှန်ကြားလိုက်၏။ သူ၏ မျှော်မှန်းချက်မှာ ရိုးရှင်းသည်။ တစ်နေ့သောအခါတွင် ဤကျန့်မုကမ္ဘာသစ်ပင်ကြီးများဖြင့် တောင်ကုန်းတစ်ခုလုံးကို ပြည့်နှက်သွားစေချင်ခြင်းပင်။ သို့သော်လည်း မျိုးစေ့ရှစ်စေ့ကို ထပ်မံဝယ်ယူလိုက်ခြင်းက သူ၏ရင်ကို အနည်းငယ် နာကျင်စေခဲ့သည်။
ဤမျှ တန်ဖိုးကြီးလှသော ရွှေဒင်္ဂါးများမှာ မြေကြီးထဲသို့ တိုက်ရိုက် နစ်မြုပ်သွားခဲ့ရပြန်သည်။
သို့သော် ရင်နာနေစဉ်အတွင်းမှာပင် လွန်ခဲ့သော ရက်ပေါင်း ၂၀ က ရရှိထားခဲ့သော ဂိုဏ်း၏ ဝင်ငွေများကို ပြန်လည်စစ်ဆေးကြည့်လိုက်ရာ ၎င်းပမာဏမှာ ဤကျန့်မုမျိုးစေ့ ရှစ်စေ့၏ ကုန်ကျစရိတ်ကို ချက်ချင်းပင် ကာမိသွားစေခဲ့သည်။
ညဉ့်နက်သန်းခေါင်အချိန်သို့ ရောက်ရှိလာသောအခါ ဝမ်ပင်းသည် တင်းယွီမျှော်စင်သို့ ပြန်လည်ရောက်ရှိလာခဲ့၏။
"စနစ်... ဆုလာဘ်တွေကို ထုတ်ယူမယ်"
[ငရဲမီးလျှံအား အဆင့်မြှင့်တင်နေဆဲပါ...]
မျက်နှာပြင်ထက်တွင် အကြောင်းကြားစာ ပေါ်ထွက်လာသည်နှင့်အမျှ ဝမ်ပင်းသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသကဲ့သို့ ခံစားလိုက်ရပြီး အေးစက်လှသော စွမ်းအားလှိုင်းတစ်ခုက သူ၏ကိုယ်တွင်းသို့ ရုတ်တရက် တိုးဝင်လာခဲ့တော့သည်။
ထိုအေးစက်လှသော စွမ်းအားအလျင်က သူ၏သွေးကြောများအတွင်းသို့ ပုရွက်ဆိတ်အုပ်ကြီး တိုးဝှေ့ဝင်ရောက်လာသကဲ့သို့ မလွတ်တမ်း ဆက်တိုက် စီးဆင်းသွားခဲ့သည်။
ထို့အပြင် ၎င်းတို့၏ နောက်ဆုံးပန်းတိုင်မှာ သူ၏ မြေကမ္ဘာခွဲသွေးကြောတံခါးဆီသို့ ဖြစ်ပြီး အေးစက်လှသော စွမ်းအားလှိုင်းများကို ထိုနေရာသို့ အဆက်မပြတ် လောင်းထည့်နေတော့သည်။
မြေကမ္ဘာခွဲသွေးကြောတံခါးအတွင်း၌ ရှိနေသော မူလငရဲမီးလျှံများမှာ ယခုအခါတွင်မူ စွမ်းအားအသစ်များဖြင့် တဖြည်းဖြည်းချင်း အစားထိုးလဲလှယ်ခြင်း ခံနေရသည်။
အခန်း ၂၂၆
ဤသို့ ပြင်းထန်လှသော ခံစားချက်ကြီးမှာ တစ်နာရီခန့် ကြာမြင့်ပြီးနောက်တွင်မှ ဝမ်ပင်းသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ပြောင်းလဲမှုများကို အသေအချာ စတင်အာရုံခံကြည့်လိုက်တော့သည်။
မူလကတော့ ထူးထူးခြားခြား ပြောင်းလဲမှု မရှိလှဟု ထင်ရသော်လည်း သူ၏ သွေးကြောတံခါးကို ထပ်မံ၍ ဖွင့်လှစ်လိုက်ပြီး သွေးကြောသိုင်းကွက်ကို ထုတ်ဖော်လိုက်သည့်အခါတွင်မူ ငွေဖြူရောင် သွေးကြောချီအလျင်များက သူ၏ မျက်စိရှေ့မှောက်၌ ဖျတ်ခနဲ ပေါ်ထွက်လာခဲ့သည်။
နီရဲတောက်လောင်နေသော မြေကမ္ဘာခွဲသွေးကြောတံခါးကြီးမှာလည်း ယခုအခါတွင်မူ ငွေဖြူရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ ဖြစ်သည်။
ထို့အပြင် သူသည် သွေးကြောတံခါးကို အသုံးပြု၍ မီးကို ထိန်းချုပ်လိုက်သောအခါ ထွက်ပေါ်လာသည့် မီးလျှံများမှာလည်း ငွေဖြူရောင်များ ဖြစ်နေကြတော့သည်။
အတိအကျပြောရလျှင် လရောင်၏ အရောင်အသွေးကဲ့သို့ပင်။
ယင်းထက် ပိုမိုထူးဆန်းသည်မှာ ၎င်းမီးလျှံများထံမှ ပူပြင်းလောင်မြိုက်သည့် ခံစားချက်မျိုး လုံးဝ ထွက်ပေါ်မလာခြင်းပင်။
ဝမ်ပင်းက အလျင်အစလိုပင် မေးလိုက်၏။
"စနစ်... ဒါက ဘာဖြစ်တာလဲ"
စနစ်က ချက်ချင်းပင် ပြန်ဖြေပေးခဲ့သည်။
"ငရဲဘုံမှာ မီးလျှံအမျိုးအစားတွေက မရေမတွက်နိုင်အောင် ရှိတာ။ နီရဲနေတဲ့ ငရဲမီးလျှံဆိုတာက အနိမ့်ဆုံးအဆင့်ဖြစ်တဲ့ ငရဲဘုံအဝင်ဝက မီးလျှံသက်သက်ပဲ။ အခု ဒီငွေရောင်မီးလျှံကတော့ ငရဲဘုံရဲ့ အစွန်းနားမှာရှိတဲ့ ပြစ်ဒဏ်ခတ်မီးလျှံပဲ။ ဒီနှစ်ခုကြားက ကွာခြားချက်က မိုးနဲ့မြေလိုပဲ ကွာတယ်။ အကယ်၍ ဝိညာဉ်ခန္ဓာတွေနဲ့ နှိုင်းယှဉ်ပြီး အဆင့်သတ်မှတ်မယ်ဆိုရင် နီရဲတဲ့ငရဲမီးလျှံက အဆင့် ၃၀၀၀ မှာပဲ ရှိပေမဲ့ ဒီငွေရောင်မီးလျှံကတော့ အဆင့် ၁၈၀၀ အထိ ရှိတယ်။ ဒါက စင်ကြယ်ခြင်းခန္ဓာနဲ့ မီးလျှံဝိညာဉ်ခန္ဓာတို့ကြားက ကွာခြားချက်မျိုးနဲ့ အတူတူပဲ"
"သြော်... ဒါကြောင့်ကိုး။ ပြစ်ဒဏ်ခတ်မီးလျှံတဲ့လား။ နာမည်တင်ကိုပဲ အင်မတန် အစွမ်းထက်မယ့် ပုံပဲ"
ဝမ်ပင်းသည် ထိုငရဲမီးလျှံအသစ်ကို အသေအချာ ခံစားကြည့်ပြီးနောက် သူ၏ လက်ရှိစွမ်းအားဖြင့်ဆိုပါက အဆင့်မြင့်နက်နဲသောအဆင့် ရှိသည့် ပြိုင်ဘက်တစ်ဦးကို ရင်ဆိုင်ရန်မှာ မည်သို့မျှ ပြဿနာမရှိနိုင်တော့ဟု တွေးမိလိုက်သည်။
ဤပြစ်ဒဏ်ခတ်မီးလျှံကိုသာ အသုံးပြုမည်ဆိုပါက သာမန်အဆင့်မြင့်ဘုံ ရန်သူများကို အလွယ်တကူပင် အောင်နိုင်ပေလိမ့်မည်။
အကယ်၍ သူသည် မီးလျှံဝိညာဉ်ခန္ဓာကို အောင်မြင်မှုအသေးစားအဆင့်အထိ ထပ်မံမြှင့်တင်နိုင်ပြီး မီးနဂါးသိုင်းကွက်ကိုပါ အဆင့်မြှင့်တင်နိုင်မည်ဆိုပါက အဆင့်မြင့်နက်နဲသောအဆင့် တစ်ဝက်ကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်ရလျှင်ပင် အခက်အခဲရှိတော့မည် မဟုတ်ချေ။
ဤသို့ တွေးတောမြော်မြင်ပြီးနောက် ဝမ်ပင်းသည် သွေးကြောတံခါးကို ပြန်လည်ပိတ်သိမ်းလိုက်ပြီး သူ၏ စိတ်လှုပ်ရှားမှုများကို တည်ငြိမ်စေကာ ဒုတိယမြောက် တာဝန်ဆုလာဘ်ဖြစ်သော အဆောက်အအုံနယ်မြေအသစ် ဖွင့်လှစ်ခြင်းကို ထုတ်ယူလိုက်တော့သည်။
[ထုတ်ယူခြင်း အောင်မြင်ပါသည်]
အကြောင်းကြားစာ ပေါ်ထွက်လာပြီးနောက် ယွင်လန်တောင်တန်း၏ အဓိကခန်းမဆောင်ကြီး၏ ဘေးနားတွင် နယ်မြေအသစ်တစ်ခု ပေါ်ထွက်လာခဲ့သည်။
ယခုတစ်ကြိမ်တွင်မူ ဝမ်ပင်းသည် အဆောက်အအုံစာရင်းကို ဖွင့်လှစ်လိုက်ပြီးနောက် တည်ဆောက်ရန်အတွက် တန်ဖိုးကြီးမားလှသည့် အရာများကိုသာ သီးသန့်ရွေးချယ်လိုက်တော့သည်။
လက်ရှိတွင် သူ၏လက်ထဲ၌ ရွှေဒင်္ဂါး ၁.၃ သန်းခန့် ရှိနေပြီး တင်းယွီမျှော်စင်ကို အဆင့်မြှင့်တင်ရန်အတွက် ၁ သန်း အသုံးပြုပြီးနောက် သုံးစွဲရန် ၃ သိန်း ကျန်ရှိနေသေးသည်။ လက်ရှိတွင် အဆင့်မြှင့်တင်ရန် လိုအပ်နေသော အဆောက်အအုံများစွာ ရှိနေပြီး ဥပမာအားဖြင့် ကြမ်းတမ်းသောသားရဲများ စမ်းသပ်ကွင်းကဲ့သို့သော နေရာမျိုး ဖြစ်သည်။
"စနစ်... ကြမ်းတမ်းသောသားရဲများ စမ်းသပ်ကွင်းကို နှစ်ဆင့်ဆက်တိုက် အဆင့်မြှင့်တင်ပြီးရင် စမ်းသပ်ကွင်းထဲက သားရဲတွေရဲ့ အမြင့်ဆုံး စွမ်းအားအဆင့်က ဘယ်လောက်အထိ ဖြစ်သွားမှာလဲ"
စနစ်က ပြန်ဖြေပေးခဲ့သည်။
"အဆင့်မြင့်နက်နဲသောအဆင့် တစ်ဝက်ပါ"
ဝမ်ပင်းက ဆက်မေးလိုက်၏။
"ဒါဆို အဲဒီအဆင့်မြှင့်တင်မှု နှစ်ခုအတွက် စုစုပေါင်း ရွှေဒင်္ဂါး ဘယ်လောက် ကုန်ကျမှာလဲ"
စနစ်က ပြောလိုက်သည်။
"ပထမအဆင့်အတွက် ၃၀,၀၀၀ ဖြစ်ပြီး ဒုတိယအဆင့်အတွက် ၇၀,၀၀၀ ပါ။ စုစုပေါင်း ၁၀၀,၀၀၀ ကျသင့်မှာ ဖြစ်ပါတယ်"
"ရွှေဒင်္ဂါး တစ်သိန်းဆိုရင် အဆင်ပြေပါတယ်"
ထိုပမာဏကို နှုတ်ပယ်ပြီးနောက်တွင်လည်း သူ၏လက်ထဲ၌ ရွှေဒင်္ဂါး နှစ်သိန်း ကျန်ရှိနေဦးမည်ပင်။
ကျန်ရှိနေသော ရွှေဒင်္ဂါးနှစ်သိန်းဖြင့်ဆိုပါက လူနေဆောင်နယ်မြေကိုလည်း တစ်ကြိမ်ခန့် အဆင့်မြှင့်တင်သင့်သည်။
လူနေဆောင်နယ်မြေ၏ တတိယအကြိမ် အဆင့်မြှင့်တင်မှုအတွက် ရွှေဒင်္ဂါး ၁၀၀,၀၀၀ ကျသင့်မည်ပင်။ လွန်ခဲ့သော အချိန်ကတည်းက လူနေဆောင်နယ်မြေကို အဆင့်မြှင့်တင်ပြီးပါက အဆင့်အတန်းအသစ်ရှိသော သွေးကြောသိုင်းကွက်များ ထပ်မံပေါ်ထွက်လာတတ်ကြောင်း သူ သိရှိထားခဲ့ပြီး ဖြစ်သည်။
ဤအရာသည် ဂိုဏ်းသားများ၏ ကျင့်ကြံခြင်းနှင့် နောင်တစ်ချိန်တွင် ရောက်ရှိလာမည့် နက်နဲသောအဆင့်အဆင့်အတွက် သေချာပေါက် လိုအပ်မည့်အရာ ဖြစ်သည်။
ထပ်ဆင့်မျှော်စင်ဆယ်လွှာကိုသာ အားကိုးပြီး မီးနဂါးသိုင်းကွက်နှင့် မီးလျှံဝိညာဉ်ခန္ဓာတို့ကို မြှင့်တင်ရန် ကြိုးစားခြင်းမှာ အချိန်အတော်ကြာ မြင့်မားနိုင်သဖြင့် ကြမ်းတမ်းသောသားရဲများ စမ်းသပ်ကွင်းမှာသာလျှင် အကောင်းဆုံးသော ရွေးချယ်မှု ဖြစ်ပေလိမ့်မည်။
ဤကဲ့သို့သော မျှော်လင့်ချက်များဖြင့် ဝမ်ပင်းသည် ကုန်ကျစရိတ်များကို ဆက်လက်၍ တွက်ချက်လိုက်တော့သည်။
ထိုနယ်မြေနှစ်ခု၏ အဆင့်မြှင့်တင်ခများကို နှုတ်ပယ်ပြီးနောက် ဝမ်ပင်း၏ လက်ဝယ်တွင် ရွှေဒင်္ဂါး ၁၀၀,၀၀၀ ကျန်ရှိနေသေးသည်။
အဆောက်အအုံအသစ် တည်ဆောက်ပြီးစီးသွားပါက အတွင်းပိုင်း အရောင်းဆိုင်တစ်ခု ပါဝင်လာမည်ဖြစ်ပြီး ထိုအချိန်တွင် ပစ္စည်းအချို့ ထပ်မံပေါ်ထွက်လာမည် ဖြစ်သဖြင့် ကျန်ရှိနေသော ရွှေဒင်္ဂါးတစ်သိန်းလုံးကို အဆောက်အအုံအသစ် ဆောက်လုပ်ရေးတစ်ခုတည်းတွင် အကုန်အစင် အသုံးပြု၍ မဖြစ်ချေ။
"ဒါဆို... ဒီတစ်ခုကိုပဲ ရွေးလိုက်တော့မယ်"
ဝမ်ပင်းသည် တည်ဆောက်ရန်အတွက် ရွှေဒင်္ဂါး ၇၀,၀၀၀ ကုန်ကျမည့် အဆောက်အအုံအသစ်တစ်ခုကို ရွေးချယ်လိုက်တော့သည်။ ယင်းမှာ နိဗ္ဗာန်ဂေဟာပင်။
ဖီးနစ်ငှက် နိဗ္ဗာန်စံပြီး မီးလျှံထဲမှနေ၍ တစ်ကျော့ပြန် အသက်ဝင် ရှင်သန်လာခြင်း
နိဗ္ဗာန်ဂေဟာဆိုသည်မှာ အလွန်တရာ ဝင့်ကြွားလှသောနာမည်တစ်ခုပင်။
"မင်း အသေအချာ ဆုံးဖြတ်ပြီးပြီလား"
"သေချာပါတယ်"
ဝမ်ပင်းသည် ဤ နိဗ္ဗာန်ဂေဟာဆိုသည်မှာ စူပါဂိုဏ်းကြီးတစ်ခုအတွက် မရှိမဖြစ် လိုအပ်သောအဆောက်အအုံတစ်ခု ဖြစ်သည်ဟု ခံစားမိသည်။
အကြောင်းမှာ ဤကမ္ဘာကြီးတွင် ကျင့်ကြံသူအများစုမှာ ကျင့်စဉ်များကို ပြန်လည်မွမ်းမံပြင်ဆင်ရာ၌ အခက်အခဲများနှင့် ကြုံတွေ့နေရဆဲ ဖြစ်သောကြောင့်ပင်။
သူကိုယ်တိုင် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်တွင် ရှိစဉ်က စနစ်၏ အကူအညီကို အားကိုး၍ ကျင့်စဉ်ကို ပြန်လည်ပြင်ဆင်ပြီးနောက် သူ၏ ကျင့်စဉ်အဆင့်ကို အရှိန်အဟုန်ဖြင့် ပြန်လည်ရယူနိုင်ခဲ့ခြင်းပင်။
အခြားသော ကျင့်ကြံသူများမှာမူ ကျင့်စဉ်ကို ပြန်လည်ပြင်ဆင်ရမည့် အခြေအနေနှင့် ရင်ဆိုင်ရပါက အားနည်းချက်များ ပြည့်နှက်နေမည့် အချိန်ကာလ အရှည်ကြီးတစ်ခုကို ဖြတ်သန်းရန် ကြိုတင်ပြင်ဆင်ထားကြရစမြဲပင်။
အထူးသဖြင့် အဆင့်မြင့်နက်နဲသောအဆင့်တွင် ရှိနေသူများပင်။
"ရန်သူတွေသာ အများကြီးရှိနေလို့ကတော့ ရှေ့မှာ နက်နဲသောအဆင့် ကျင့်စဉ်ကြီး ရှိနေရင်တောင် ဘယ်သူမှ ဇွတ်မှိတ်ပြီး ပြန်မကျင့်ရဲကြဘူး။
ဘာလို့လဲဆိုတော့ အဲဒီလို ကျင့်စဉ်ပြောင်းလိုက်တာနဲ့ အနည်းဆုံး သုံးနှစ်ကနေ ဆယ်နှစ်လောက်အထိ ကိုယ်က အားအနည်းဆုံး အခြေအနေကို ရောက်သွားမှာမို့လို့ပဲ။ အဲဒီအချိန်ကျရင် မူလက ကိုယ့်ကို မနိုင်တဲ့ကောင်တွေကတောင် စိတ်ကြိုက် လာနှောက်ယှက်လို့ရပြီ။ ရန်သူမရှိရင်တောင်မှ ဘေးကလူတွေက အကြောင်းပြချက်အမျိုးမျိုးရှာပြီး လာနှိပ်စက်ဦးမှာ။ ဥပမာ... မွန်းတည့်ချိန်ကြီး နေပူလွန်းလို့ မင်းကို လာရိုက်တာဆိုတာမျိုး၊ ဒါမှမဟုတ် ညဘက်ကြီး ကြယ်တွေ တိမ်ဖုံးနေလို့ မင်းကို လာပညာပေးတာဆိုတာမျိုးတွေပေါ့။ အဲဒီလို အားအင်ချည်းနဲ့နေတဲ့ အချိန်မှာတော့ ထွက်ပြေးဖို့ နေနေသာသာ ရုန်းတောင် ရုန်းနိုင်မှာ မဟုတ်ဘူး"
တစ်ချိန်တည်းမှာပင် ဝမ်ပင်းသည် လက်ရှိတွင် မသေမျိုးဂိုဏ်းအနေဖြင့် ကျင့်စဉ်အသစ်များကို မသင်ကြားပေးသေးသဖြင့် ဂိုဏ်းသားများမှာ သူတို့၏ မူလကျင့်စဉ်များကိုသာ ဆက်လက်ကျင့်ကြံနေရဆဲ ဖြစ်သည်ဟူသောအချက်ကို ထည့်သွင်းစဉ်းစားလိုက်မိသည်။
နိဗ္ဗာန်ဂေဟာဆိုသည်မှာ ကျင့်စဉ်များကို အဆင့်မြှင့်တင်ပေးရန်အတွက် အထူးသီးသန့် ပြုလုပ်ထားသော နေရာတစ်ခု ဖြစ်သည်။
"စနစ်... နက်နဲသောအဆင့် ရှိတဲ့ ကျင့်စဉ်တစ်ခုကိုကော အဆင့်မြှင့်တင်လို့ ရနိုင်မလား"
"ရနိုင်ပါတယ် နိဗ္ဗာန်ဂေဟာကို အပိုင်းနှစ်ပိုင်း ခွဲခြားထားပါတယ်။ ပထမအပိုင်းက အဝါရောင်အဆင့် ကျင့်စဉ်တွေကို အဆင့်မြှင့်တင်ဖို့ဖြစ်ပြီး ဒုတိယအပိုင်းကတော့ နက်နဲသောအဆင့် ကျင့်စဉ်တွေကို အဆင့်မြှင့်တင်ဖို့ပါ"
[နိဗ္ဗာန်ဂေဟာအား တည်ဆောက်နေဆဲပါ...]
[ကျန်ရှိချိန် ၃ နာရီ]
တည်ဆောက်ရန် နှိပ်လိုက်ပြီးနောက် ဝမ်ပင်းသည် ကြမ်းတမ်းသောသားရဲများ စမ်းသပ်ကွင်းကိုလည်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းစဉ်အား ထပ်မံ၍ စတင်လိုက်တော့သည်။
ယခုအခါ ညအချိန်ဖြစ်သဖြင့် စမ်းသပ်ကွင်းအတွင်း၌ မည်သူမျှ ရှိမနေသောကြောင့် ယနေ့ညအတွင်းမှာတင် အပြီးသတ်နိုင်ရန် စနစ်အား နှစ်ဆင့်ဆက်တိုက် အဆင့်မြှင့်တင်ရန် သူ အမိန့်ပေးလိုက်ခြင်းပင်။
လူနေဆောင်နယ်မြေ၏ အဆင့်မြှင့်တင်မှုကိုမူ မနက်ဖြန်နံနက် လူတိုင်း ကျင့်ကြံခြင်းသို့ သွားရောက်မည့် အချိန်အထိ ဆိုင်းငံ့ထားရပေလိမ့်မည်။
တစ်ဖက်တွင်မူ ဇန်ထိုင်ချင်ရွှမ်းနှင့် ဇန်ထိုင်ယဲ့တို့မှာ အိပ်စက်အနားယူခြင်း မရှိကြသေးဘဲ လူနေဆောင်နယ်မြေရှိ ရေပန်းအနားတွင် ထိုင်လျက် ရေပန်းများ အပေါ်သို့ ပန်းထွက်ကာ ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းလဲနေသည်ကို ကြည့်ရှုနေကြသည်။
အမှန်အတိုင်း ပြောရလျှင် ဤမသေမျိုးဂိုဏ်းဆိုသည်မှာ သူမ မြင်တွေ့ဖူးခဲ့သော မြို့ပြကြီးတစ်ခုကဲ့သို့ ကြီးမားလှသည့် ဂိုဏ်းကြီးများနှင့် ယှဉ်ပါက အနည်းငယ် သေးငယ်လွန်းလှပြီး ရွာငယ်ဇနပုဒ်တစ်ခုကဲ့သို့ပင် ဖြစ်နေချေသည်။
ဂိုဏ်းတစ်ခု၏ ပုံသဏ္ဌာန် အရိပ်အယောင်မျှသာ ရှိနေခြင်းပင်။
ထိုအချိန်၌ ရန်လီလီသည် ရေနွေးကြမ်းများကို ကိုင်ဆောင်ကာ သူတို့ရှိရာသို့ လျှောက်လှမ်းလာခဲ့သည်။
လွန်ခဲ့သော အချိန်က သင်ခန်းစာရရှိထားခဲ့သဖြင့် ရန်လီလီသည် ဇန်ထိုင်ယဲ့ကို တိုက်ရိုက် စူးစိုက်ကြည့်ရန် မဝံ့ရဲတော့ချေ။ သူသည် ရေနွေးကြမ်း နှစ်ခွက်ကို ငှဲ့ပေးလိုက်ပြီးနောက် ပြောလိုက်၏။
"အကြီးအကဲဇန်ထိုင်၊ ဂျူနီယာညီမလေး... ဒီရေနွေးကြမ်းကို ဝိညာဉ်ရေတွေနဲ့ အထူးဖျော်စပ်ထားတာပါ။ အာရုံခံစားမှုတွေကို လန်းဆန်းစေပြီး လူကို အဆပေါင်းရာချီ တက်ကြွလန်းဆန်းသွားစေနိုင်ပါတယ်။ အရေးအကြီးဆုံးကတော့ အရသာ အင်မတန် ကောင်းမွန်တာပါပဲ"
"အင်း... ဒီမှာပဲ ထားခဲ့လိုက်ပါ"
ဇန်ထိုင်ယဲ့က ခေါင်းညိတ်ပြလိုက်သော်လည်း ဤရေနွေးကြမ်း၏ အရသာ ကောင်းမွန်ခြင်း၊ မကောင်းမွန်ခြင်းကိုမူ ဂရုစိုက်ပုံမပေါ်ချေ။
ရန်လီလီသည် သူ့အား သူတို့က သိပ်ပြီး မကြိုဆိုကြောင်း ရိပ်မိလိုက်သဖြင့် လှည့်ထွက်သွားရန်သာ ပြင်ဆင်လိုက်တော့သည်။
ရန်လီလီ ခြေလှမ်းအနည်းငယ် ဖြတ်သန်းသွားချိန်မှာပင် ဇန်ထိုင်ချင်ရွှမ်းသည် သူ့ကို ရုတ်တရက် လှမ်း၍ ဖမ်းဆွဲလိုက်ပြီး ရန်လီလီ၏ ခန္ဓာကိုယ်ကို အထက်အောက် စူးစိုက်ကြည့်ကာ စတင်စစ်ဆေးလိုက်တော့သည်။
"လီလီ... မင်း အသက် ဘယ်လောက်ရှိပြီလဲ"
ရန်လီလီက ပြန်လည်ဖြေကြားလိုက်၏။
"အကြီးအကဲကို တင်ပြပါတယ်... ကျွန်တော့်အသက်က တစ်ဆယ့်ငါးနှစ် ရှိပါပြီ"
"တစ်ဆယ့်ငါးနှစ်... တစ်ဆယ့်ငါးနှစ်ပဲ ရှိသေးတာလား... ဒါဆို မင်းက ဘယ်အရပ်က လာတာလဲ"
"အကြီးအကဲ... ကျွန်တော်က တောင်အောက်မှာရှိတဲ့ ဆန်းဝူမြို့က လာတာပါ"
ထိုစကားကို ကြားရသောအခါ ဇန်ထိုင်ချင်ရွှမ်းသည် ပိုမို၍ အံ့ဩသွားပြီး ရန်လီလီကို သေချာစွာ စူးစိုက်ကြည့်ရှုလိုက်တော့သည်။
"ဘုရားရေ... စင်ကြယ်ခြင်းခန္ဓာနဲ့ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် အဆင့် ရှစ်ကြီးများတောင်။ ဒီကောင်ကသာ နတ်ဘုရားနက်နဲသောအဆင့် ကျင့်ကြံသူကြီးတစ်ယောက်ယောက်ရဲ့ တပည့်ဆိုရင်တော့ တစ်မျိုးပေါ့... အခုတော့ မဟုတ်ဘူး။ ဒီလို မြို့လေးထဲမှာ... ဒီလောက် ကြောက်စရာကောင်းတဲ့ ပါရမီနဲ့ အလားအလာမျိုး ရှိတဲ့ လူငယ်တစ်ယောက် ဘယ်လိုနည်းနဲ့ ရှိနေနိုင်မှာလဲ။ မဖြစ်နိုင်တာ"
ရန်လီလီမှာမူ ဇန်ထိုင်ချင်ရွှမ်း စိတ်ထဲမှ ဘာကို တွေးတောနေသည်ကို လုံးဝ မသိရှိချေ။ သူသည် ရေနွေးကရားကို အမြန်ချလိုက်ပြီး အဝေးသို့ အပြေးထွက်သွားတော့သည်။
သူသည် စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်မိလိုက်၏။
တကယ်ကို ထူးဆန်းတဲ့ အဘွားအိုကြီးတစ်ယောက် ရောက်လာတာပဲ
ရန်လီလီ ထွက်ခွာသွားသောအခါ ဇန်ထိုင်ချင်ရွှမ်းသည် ဝမ်ပင်း ပြောခဲ့သော စကားများကို ပြန်လည်အမှတ်ရမိသွားပြီး အထူးသဖြင့် ဤလူနေဆောင်နယ်မြေအတွင်း၌ ရှိနေစဉ် သူမ၏ စိတ်အာရုံထဲသို့ သွေးကြောသိုင်းကွက်များ၏ စွမ်းအားအသိဉာဏ်များ စီးဝင်လာသကဲ့သို့ ခံစားလိုက်ရသဖြင့် ဤနေရာသည် ဇန်ထိုင်ယဲ့အတွက် အမှန်တကယ်ပင် သင့်လျော်ကောင်း သင့်လျော်နိုင်ပေသည်ဟု သူမ တွေးမိလိုက်သည်။
"ဝမ်ပင်း ဖုန်းယွမ်မြို့တုန်းက ပြောခဲ့တာတွေက အလကား ကြွားလုံးထုတ်ခဲ့တာတော့ မဟုတ်လောက်ပါဘူး။ ဒါပေမဲ့... ဒီမျှော်လင့်ချက်ကြီးက တကယ်ရော ဖြစ်လာပါ့မလား။ ထားပါလေ... မနက်ဖြန်ရောက်ရင်တော့ အဖြူအမည်း သိရမှာပဲ။ ကျန်တဲ့ကိစ္စတွေမှာတော့ ငါ ဘာမျှော်လင့်ချက်မှ မထားပါဘူး။ အထူးသဖြင့် ဒီမသေမျိုးဂိုဏ်းက ငါ့ကို ပညာတွေအများကြီး သင်ပေးလိမ့်မယ်လို့ အိမ်မက်တောင် မမက်ဖူးဘူး။ ဂိုဏ်းချုပ်ဆိုတဲ့လူကိုယ်တိုင်ကမှ နက်နဲသောအဆင့်အဆင့်လေးပဲ ရှိသေးတာ ငါ့ကို ဘာတွေ လာသင်ပေးနိုင်မှာတဲ့လဲ။ ငါ သွားရမယ့် လမ်းပြပန်းတိုင်က နတ်ဘုရားနက်နဲသောအဆင့်... အဲဒီတစ်ခုတည်းပဲ"
သူမသည် သူမ၏ မြေးမလေးအတွက် နေ့စဉ်ကျင့်ကြံခြင်း လုပ်ငန်းစဉ်များကို သေချာစွာ စီစဉ်ပေးပြီးနောက် ဝမ်ပင်းထံမှ ကြယ်နှစ်ပွင့်အဆင့် ဝဲကရက်မြေပုံ ဖန်တီးမှုကျမ်းစာကို တောင်းခံရန်သာ ရည်ရွယ်ထားသည်။
ထို့နောက်တွင်မူ ထိုကျမ်းစာကို အပြည့်အဝ နားလည်သဘောပေါက်သွားသည့် အချိန်အထိ အပြင်သို့ လုံးဝမထွက်ဘဲ အမြဲတမ်း တံခါးပိတ်ကျင့်ကြံနေရန်သာ စိတ်ကူးထားတော့သည်။
အမှန်တကယ်ပင် အကယ်၍ သူမသည် ထိုဖန်တီးမှုကျမ်းစာကိုသာ အပြည့်အဝ နားလည်သဘောပေါက်သွားခဲ့မည်ဆိုပါက နောင်တစ်ချိန်တွင် ယခုထက် ပိုမိုမြင့်မားသော အဆင့်အတန်းရှိသည့် ဝဲကရက်မြေပုံများကို ဖန်တီးနိုင်ပေလိမ့်မည်။
လူသားများအား ထူးခြားဆန်းပြားသော သွေးကြောစွမ်းအားများ ပေးအပ်နိုင်ရုံမျှဖြင့်သာ ကန့်သတ်မနေတော့ဘဲ ပိုမိုကျယ်ပြန့်သော စွမ်းအားများကို ဖန်တီးနိုင်ပေလိမ့်မည်ပင်။