← Chapters

အခန်း (၂၂၇-၂၂၈)

Vol. 23 Ch. 227-228

အခန်း (၂၂၇-၂၂၈)

Vol. 23 Ch. 227-228

အခန်း ၂၂၇

"မနက်ဖြန် ဟုတ်လား..."

"အခုချက်ချင်း လုပ်တာက ပိုကောင်းပါတယ်"

ဇန်ထိုင်ချင်ရွှမ်းအတွက် အိပ်စက်ခြင်းဆိုသည်မှာ အမှန်တကယ် မလိုအပ်သော အရာတစ်ခု ဖြစ်သည်။

ထို့ကြောင့် ဇန်ထိုင်ယဲ့တစ်ယောက် အခန်းထဲသို့ ပြန်လည်ဝင်ရောက်သွားပြီးနောက် သူမသည် လူနေဆောင်နယ်မြေရှိ သစ်သားတံတားအတိုင်း ချက်ချင်းပင် လှမ်းထွက်ခဲ့တော့သည်။ သို့သော်လည်း ဤလမ်းကို ရင်းနှီးကျွမ်းဝင်မှု မရှိသဖြင့် သူမသည် မှောင်မိုက်နေသော ညအမှောင်ထုထဲတွင် စမ်းတဝါးဝါးဖြင့်သာ လျှောက်လှမ်းနေခဲ့ရရှာသည်။

အထူးသဖြင့် သူမ၏ အာရုံခံစွမ်းအားက အပြင်သို့ ဆန့်တန်း၍ မရနိုင်သောကြောင့် မည်သည့်ဘက်သို့ သွားရမည်ကို လုံးဝ မသိရှိချေ။

နောက်ဆုံးတွင်မူ ပြန်လှည့်လာခဲ့ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ချေ။

ထိုသို့ဖြင့် ညတာတစ်ခုမှာ အလွန်တရာ တိုတောင်းစွာ ဖြတ်သန်းသွားခဲ့ပြီး နောက်တစ်နေ့သို့ ရောက်ရှိလာသောအခါ နံနက်ခင်း၏ အရုဏ်ဦးအလင်းတန်းများက မသေမျိုးဂိုဏ်းကြီးကို ဝတ်စုံအသစ်တစ်ခုကဲ့သို့ လွှမ်းခြုံပေးလိုက်တော့သည်။

ထုံးစံအတိုင်းပင် ဂိုဏ်းသားသစ်များအားလုံးသည် အများသုံး မီးဖိုချောင်ဆောင်၌ စုံညီစွာ နံနက်စာ သုံးဆောင်ကြရမည်ပင်။

ဟွမ်ယီသည် နံနက်စောစောထ၍ နွေးထွေးပြီးအီဆိမ့်နေသော နံနက်စာကို အလှပဆုံး ပြင်ဆင်ထားပြီးနောက် လူတိုင်းကို သွားရောက်အကြောင်းကြားရန် ရန်လီလီကို စေခိုင်းလိုက်၏။

ဇန်ထိုင်ချင်ရွှမ်း မီးဖိုချောင်သို့ ရောက်ရှိလာပြီး စီတန်းစိုက်ပျိုးထားသော လရောင်မြက်ပင်များကို မြင်တွေ့လိုက်ရသောအခါ သူမ၏ ခြေလှမ်းများ တုန့်ခနဲ ရပ်တန့်သွားခဲ့ရသည်။ ထို့နောက် ရှေ့သို့ ချဉ်းကပ်ကာ အသေအချာ စူးစိုက်ကြည့်ရှုလိုက်ပြီးနောက် လွန်ခဲ့သော အချိန်က လင်းခယ်ဝူ ဤလရောင်မြက်ပင်များကို ပထမဦးဆုံး မြင်တွေ့ခဲ့ရစဉ်ကကဲ့သို့ပင် အံ့ဩတုန်လှုပ်သွားသည့် အရိပ်အယောင်များ သူမ၏မျက်နှာထက်၌ ထင်ဟပ်သွားတော့သည်။

"အကြီးအကဲဇန်ထိုင်... အမှန်တော့ ကျွန်တော်တို့ ဂိုဏ်းချုပ်က ဝိညာဉ်ဆေးဖက်ဝင်ကျွမ်းကျင်သူပညာရှင်တစ်ဦးပါ။ ဒါကြောင့်လည်း ဒီလရောင်မြက်ပင်တွေကို စိုက်ပျိုးထားတာပါ"

ဇန်ထိုင်ချင်ရွှမ်း ငေးငိုင်နေသည်ကို မြင်သောအခါ ချင်ရှန်းက အလျင်အစလို ရှင်းပြလိုက်၏။

ဇန်ထိုင်ချင်ရွှမ်းသည် စိတ်ထဲမှ အကြီးအကျယ် တုန်လှုပ်သွားရတော့သည်။

"ဝိညာဉ်အစားအစာကျွမ်းကျင်သူ ဟုတ်လား... သူက ဒီလောက်အရွယ်လေးနဲ့..."

ဤအချိန်တွင် သူမသည် အမှန်တကယ်ပင် မည်သို့ ပြောဆိုရမည်ကို မသိတော့ချေ။

သူမသည် ဝမ်ပင်းကို အတော်လေး အထင်သေးခဲ့မိသည်။

"ခက်တာပဲ... ငါ မထင်မှတ်ဘဲ သူ့ကို အမြဲတမ်း လျှော့တွက်ခဲ့မိတာပဲ။ ဒီလောက် ငယ်ငယ်လေးနဲ့ ဝမ်ပင်းက ဝိညာဉ်အစားအစာကျွမ်းကျင်သူကြီး ဖြစ်နေတာကိုး။ ပြီးတော့ ဒီဂိုဏ်းထဲမှာ လရောင်မြက်ပင်တွေကို လမ်းဘေးက အလှစိုက်ပင်တွေလို အလကားနေရင်း စိုက်ထားတာ ကြည့်ရုံနဲ့တင်... ဝမ်ပင်းရဲ့ စွမ်းအားနဲ့ စည်းစိမ်က ဘယ်လောက် ကြီးကျယ်လဲဆိုတာ မြင်သာပါတယ်။

ငါ့အိတ်ထဲက သလင်းကျောက် အစုတ်အပြဲလေးတွေကို သူ မက်မောနေမှာပဲလို့ တွေးခဲ့တဲ့ ငါ့အတွေးက တကယ်ကို ရယ်စရာကောင်းပြီး အဓိပ္ပာယ်မရှိတာပဲ။ ငါ့မှာရှိတဲ့ ပစ္စည်းတွေအကုန် စုပုံလိုက်ရင်တောင် ဒီက လရောင်မြက်ပင် တစ်ပင်တည်းရဲ့ တန်ဖိုးကို ဖြတ်နိုင်မှာ မဟုတ်ဘူး"

"ဂိုဏ်းချုပ်"

"ဂိုဏ်းချုပ်... မင်္ဂလာနံနက်ခင်းပါဗျာ"

...

လူတိုင်းက ရိုသေစွာဖြင့် ဆီးကြိုနှုတ်ဆက်ကြပြီးနောက် ဝမ်ပင်းသည် မီးဖိုချောင်၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။

ဝမ်ပင်းက ဇန်ထိုင်ချင်ရွှမ်းကို ပြုံးပြလိုက်ပြီး မေးလိုက်၏။

"အကြီးအကဲဇန်ထိုင်... လူနေဆောင်က အိပ်ရာနဲ့ အသားကျရဲ့လား"

ဇန်ထိုင်ချင်ရွှမ်းက ပြန်ဖြေလိုက်သည်။

"ဒီအဘွားကြီးကတော့ တစ်ညလုံး အိပ်လို့မပျော်ပါဘူး။ ဖန်တီးမှုကျမ်းစာကို လက်ထဲမထည့်ရသေးသရွေ့ အိပ်ပျော်နိုင်မှာ မဟုတ်ဘူး"

"ဖန်တီးမှုကျမ်းစာဆိုတာ အသေးအဖွဲလေးပါ။ ငါတို့ ကြိုဆိုပွဲ အခမ်းအနား ပြီးမှပဲ ဆက်ပြောကြတာပေါ့"

ပြောပြောဆိုဆိုဖြင့် ဝမ်ပင်းသည် မီးဖိုချောင်အတွင်းသို့ လှမ်းဝင်ခဲ့တော့သည်။

သူ မီးဖိုချောင်အတွင်းသို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် ရန်လီလီနှင့် အခြားသူများမှာ ပျားပန်းခတ်မျှ တိုးဝှေ့ဝင်ရောက်လာကြတော့သည်။

လူတိုင်းက သတင်းအချက်အလက်များကို လာရောက်အတည်ပြုလိုကြခြင်းပင်။

"ဂိုဏ်းချုပ်... ဂိုဏ်းချုပ်တို့က အဆင့်မြင့်ကျိတ်ကျဲဘုံတောင်တန်းဆီကို အမှန်တကယ် သွားပြီး ပြဿနာရှာခဲ့တာလားဟင်"

ဦးစွာ မေးမြန်းလိုက်သူမှာ ကျောက်ချင်း ဖြစ်သည်။

"ဂိုဏ်းချုပ်... စီနီယာအစ်ကို ချင်မိုက ဒီတစ်ခေါက် ခရီးစဉ်ကနေ ပြန်လာတာနဲ့ ကျင့်စဉ်အဆင့် နှစ်ဆင့်တောင် ဘယ်လိုလုပ်ပြီး တက်သွားတာလဲ။ ဂိုဏ်းချုပ်က သူ့ကို သီးသန့် ပညာတွေ သင်ပေးလိုက်တာလား"

ဒုတိယမြောက်အဖြစ် လင်းခယ်ဝူက မေးလိုက်ပြန်သည်။

"ဂိုဏ်းချုပ်... လျှို့ဝှက်ဆန်းကြယ်နယ်မြေထဲမှာ တိုက်ပွဲတွေ တကယ်ပဲ ပြင်းထန်ခဲ့တာလား"

တတိယမြောက်အဖြစ် ရန်ရှီးက စိတ်လှုပ်ရှားစွာ မေးလိုက်၏။

...

ဝမ်ပင်းသည် သူတို့၏ မေးခွန်းများကို တစ်ခုချင်းစီ ပြန်လည်ဖြေကြားရန် အချိန်မရသဖြင့် ပြုံးလျက်သာ ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။

"အားလုံး အမှန်တွေချည်းပဲ"

ကျောက်ချင်းက အံ့ဩတုန်လှုပ်စွာ အော်ဟစ်လိုက်မိသည်။

"ဝါး... ဒီတစ်ခေါက် ဂိုဏ်းချုပ်နဲ့အတူ လိုက်သွားတဲ့သူတွေကတော့ တကယ့်ကို ကံထူးတာပဲ။ ချင်မိုက နှစ်ဆင့်တောင် တက်သွားတယ်။ အကြီးအကဲ ယွီမိုကလည်း အလယ်အလတ်နက်နဲသောအဆင့်ကို ရောက်သွားပြီ။ ကျွန်မလည်း နောက်တစ်ခေါက်ကျရင် ဂိုဏ်းချုပ်နဲ့အတူ အပြင်ကို လိုက်ချင်လိုက်တာ"

အပြင်ကမ္ဘာကြီးက အမှန်တကယ်ပင် သာယာလှပနေသည်ဟု မည်သူမျှ မတွေးမိကြချေ။

ပြင်ပလောကကြီးက မည်မျှတရာ အန္တရာယ်များလှသည်ကို လူတိုင်း သိရှိကြသော်လည်း ဂိုဏ်းချုပ်နှင့်အတူ အပြင်သို့ လိုက်ပါသွားခွင့်ရပါက သေချာပေါက် ကောင်းကျိုးများ ရရှိနိုင်မည်ဟူသည်ကိုမူ လူတိုင်း ကောင်းကောင်းကြီး နားလည်ထားကြသည်။

ထိုအချိန်၌ လူအုပ်ကြီး၏ နောက်ကွယ်မှနေ၍ ဟွမ်းရှန်းက အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။

"အမှန်အတိုင်းပြောရရင်... ကျွန်တော်ကတော့ စီနီယာအစ်ကို ချင်မိုကို နည်းနည်းလေးမှ မနာလိုပါဘူးဗျာ"

ပြောပြောဆိုဆိုဖြင့် ဟွမ်းရှန်းသည် သူပိုးတုံးလုံးလို ချီထားသော အဝတ်ထုတ်ကြီးကို နောက်ဆုံးတွင် ဖြည်ချလိုက်တော့သည်။

ဟွမ်းရှန်းတစ်ယောက် ဘာကြောင့် ဤအဝတ်ထုတ်ကြီးကို သယ်ဆောင်ထားရတာလဲဟူသည်ကို လူတိုင်း သိချင်နေကြသော်လည်း မည်သူမျှ ဝင်ရောက်မမေးမြန်းခဲ့ကြချေ။

သူ သယ်ချင်လို့ သယ်တာပဲပေါ့။ အတွင်းထဲမှာ ဘာရှိရှိ ဘယ်သူက ဂရုစိုက်မှာလဲ။

သို့သော်လည်း ဟွမ်းရှန်းက ထိုအဝတ်ထုတ်ကို ဖွင့်လိုက်ပြီး အလျား တစ်မီတာခန့်ရှိသော လေးလံလှသည့် ဧရာမဓားကြီးတစ်စင်းကို ထုတ်ဖော်ပြသလိုက်ချိန်တွင်မူ လူတိုင်း၏ မျက်နှာရိပ်များမှာ ရုတ်ချည်းပင် အံ့အားသင့်စွာ ပြောင်းလဲသွားကြရတော့သည်။

ရွှေရောင်တောက်ပနေသော ဓားသွားပေါ်တွင် ဆန်းကြယ်လှသော သွေးကြောလိုင်းများစွာ ထင်ဟပ်နေပြီး ဓားတစ်စင်းလုံးမှ ပြင်းထန်လှသော ဖိအားများကို ထုတ်လွှတ်နေ၏။ ယင်းသည် မီးလျှံတုတ်ကဲ့သို့ပင် ဤကမ္ဘာရှိ မည်သည့်လက်နက်တွင်မျှ မရှိနိုင်သော ထူးခြားဆန်းပြားသည့် စွမ်းအားမျိုးကို ပိုင်ဆိုင်ထားသည်။

ရန်လီလီသည် အရင်ဆုံး ထိတ်လန့်တကြား အော်ဟစ်လိုက်မိသူ ဖြစ်သည်။

"ဘုရားရေ... ဒါ... ဒါက နဂါးသတ်ဓားမဟုတ်လား"

"ဘာကြီးလဲဟ... မသေမျိုးလူသတ်သမားထဲက လင်းကျင်းယွီကို ဆရာကြီးချန်းစုန်း လက်ဆောင်ပေးခဲ့တဲ့ နဂါးသတ်ဓားကြီးလား"

လူတိုင်းသည် ဟွမ်းရှန်း၏ လက်ထဲတွင်ရှိသော လက်နက်ကို မျက်စိတစ်မှိတ်အတွင်းမှာပင် မှတ်မိသွားကြတော့သည်။ ယင်းသည် မသေမျိုးလူသတ်သမားရုပ်ရှင်ထဲမှ ဓားကြီးပင်။

ရန်လီလီသည် ဟွမ်းရှန်း၏ ဘေးနားသို့ ချက်ချင်းပြေးကပ်သွားပြီး နဂါးသတ်ဓားကြီးကို မျက်တောင်မခတ်တမ်း စူးစိုက်ကြည့်ကာ မျက်နှာထက်မှ အပြုံးကို မထိန်းနိုင်တော့ချေ။

"ဝါး... ဂျူနီယာညီလေး ဟွမ်းရှန်း မင်းရဲ့ ကံတရားက ဘာလို့ ဒီလောက်တောင် ကောင်းနေရတာလဲဗျာ။ မင်းက အမှန်တကယ်ပဲ နဂါးသတ်ဓားကြီးကို ရရှိခဲ့တာပဲ"

ဝမ်ပင်းကမူ သူတို့အား လွန်ခဲ့သော အချိန်ကတည်းက မှာကြားထားခဲ့ဖူးသည်။

မသေမျိုးလူသတ်သမားရုပ်ရှင်ကို ကြည့်ရှုခြင်းအားဖြင့် အတွင်းထဲမှ အစွမ်းထက်လက်နက်များကို ရရှိနိုင်မည့် အခွင့်အရေး ရှိသည်ဟူသောအချက်ပင်။

သို့သော်လည်း ဇာတ်လမ်းတွဲကြီးမှာ ဇာတ်သိမ်းပိုင်းသို့ ရောက်ရှိလုနီးပါး ဖြစ်နေပြီဖြစ်သော်ငြား မည်သူမျှ လက်နက်တစ်ခုမျှ ရရှိသည်ကို မမြင်တွေ့ခဲ့ရဖူးချေ။

ဟွမ်းရှန်းက အားရပါးရ ရယ်မောလျက် ပြောလိုက်၏။

"မြင်ကြပြီမလား... ဒါကြောင့် ကျွန်တော်က စီနီယာအစ်ကို ချင်မိုကို လုံးဝ မနာလိုပါဘူးလို့ ပြောတာပေါ့"

"ဝါး... မင်းကိုတော့ ငါတို့တွေ အားလုံး မနာလိုဖြစ်နေကြပြီဟေ့"

"အား... ရင်နာလွန်းလို့ ငါတော့ မေ့လဲတော့မှာပဲ"

ထိုအခြေအနေကို ကြည့်ပြီး ဝမ်ပင်းက စိတ်ထဲမှ တိတ်တဆိတ် ရယ်မောလိုက်မိသည်။

ဒီကောင်လေး တော်တော်အောင့်အီးထားနိုင်တာပဲ အခုမှ ထုတ်ပြတော့တယ်။

ဟွမ်းရှန်းသည် ချင်မို၏ အရှိန်အဝါကို လွှမ်းမိုးနိုင်ရန်အတွက် ချင်မို ပြန်လာမည့်အချိန်ကို သေချာစောင့်ဆိုင်းပြီးမှသာ ဤဓားကြီးကို ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်ပုံပင်။။

ဇန်ထိုင်ချင်ရွှမ်းမှာမူ သူတို့၏ စိတ်လှုပ်ရှားမှုကို နားမလည်နိုင်သော်လည်း ထိုဓားကြီးထံမှ ထူးခြားဆန်းပြားသော စွမ်းရည်အချို့ကို ခံစားမိသဖြင့် ထပ်မံ၍ မမေးမြန်းတော့ချေ။

သူမသည် ဝမ်ပင်း၏ နောက်မှလိုက်ကာ မီးဖိုချောင်၏ ဒုတိယထပ်သို့ တက်လှမ်းခဲ့ပြီး ကြိုဆိုပွဲစားပွဲကို စတင်သုံးဆောင်ကြတော့သည်။

ဧည့်ခံပွဲ၌ သုံးကြိမ်တိုင်တိုင် ဝိုင်ခွက်များ လှည့်လည်ပြီးနောက် လူတိုင်းမှာ အဝအပြဲ သုံးဆောင်ပြီးစီးသွားကြပြီ ဖြစ်သည်။

ဝမ်ပင်းက အချိန်ကိုက်ပင် လှမ်း၍ ပြောလိုက်၏။

"ဒီမနက် ထပ်ဆင့်မျှော်စင်ဆယ်လွှာဖွင့်လှစ်မယ်။ သွားမယ့်သူ ရှိလား"

ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် အဆင့် ၁၀ သို့ ရောက်ရှိထားသူများအားလုံး ချက်ချင်းပင် ထရပ်လိုက်ကြတော့သည်။

လင်းခယ်ဝူက ပထမဦးဆုံးအဖြစ် ရွှေဒင်္ဂါး ၅၀၀၀ ဟု ထင်ရှားစွာ ရေးသားထားသော ဂိုဏ်းဝင်လက်မှတ်ကို စားပွဲပေါ်သို့ ပစ်ချလိုက်၏။

ထို့နောက်တွင်မူ ယွီမို၊ ယွန်းလျောင်နှင့် အခြားသူများကလည်း တစ်ယောက်ပြီးတစ်ယောက် လက်မှတ်များ ထုတ်လိုက်ကြသည်။

"ဒါက ဘာလဲ..."

ဇန်ထိုင်ချင်ရွှမ်းသည် ဇဝေဇဝါဖြစ်လျက် တုန့်ခနဲ ဖြစ်သွားရသည်။ သူတို့ ဘာလုပ်နေကြသည်ကို သူမ လုံးဝ နားမလည်ချေ။

ထပ်ဆင့်မျှော်စင်ဆိုတာ ဘာကြီးလဲ။

ယခုတစ်ကြိမ်တွင်မူ ဇန်ထိုင်ချင်ရွှမ်းသည် စိတ်မထိန်းနိုင်တော့ဘဲ လှမ်း၍ မေးမြန်းလိုက်တော့သည်။

"ဂိုဏ်းချုပ်... ဒါက ဘာကို ဆိုလိုတာလဲ"

ဝမ်ပင်းက ပြန်မဖြေဘဲ သူ၏ဘေးနားရှိ ချင်ရှန်းကပင် ဝင်ရောက်ရှင်းပြပေးလိုက်၏။

"အကြီးအကဲဇန်ထိုင်... ဒီထပ်ဆင့်မျှော်စင်ဆိုတာ မသေမျိုးဂိုဏ်းရဲ့ အဓိကကျင့်ကြံတဲ့ နယ်မြေတွေထဲက တစ်ခုပဲဗျ။ စုစုပေါင်း အလွှာတစ်ထောင်တောင် ရှိတာ။ အကယ်၍ အပေါ်ဆုံး အထွတ်အထိပ်အထိ တက်နိုင်ခဲ့ရင်တော့ ဂိုဏ်းချုပ်တို့လို ကြောက်စရာကောင်းတဲ့ မီးလျှံသွေးကြောစွမ်းအားမျိုးကို ပိုင်ဆိုင်ခွင့်ရမှာပါ"

"ဘာ... အပေါ်ဆုံးကို ရောက်တာနဲ့ သွေးကြောစွမ်းအားကို ရမယ် ဟုတ်လား။ တကယ်ပဲလား..."

ဇန်ထိုင်ချင်ရွှမ်း မှင်တက်သွားရတော့သည်။

ချင်ရှန်းက ဆက်လက်၍ ပြောလိုက်သည်။

"ထပ်ဆင့်မျှော်စင်က ခုနစ်ရက်တစ်ကြိမ် ဖွင့်တာပါ။ ဝင်ကြေးအနေနဲ့ တစ်ကြိမ်ကို ရွှေဒင်္ဂါး ၅၀၀၀ ကျသင့်ပါတယ်"

ဇန်ထိုင်ချင်ရွှမ်းသည် မယုံကြည်နိုင်ဟန်ဖြင့် ချင်ရှန်းကို စူးစိုက်ကြည့်နေဆဲပင်။

"အထွတ်အထိပ်ကို ရောက်တာနဲ့ သွေးကြောစွမ်းအား တကယ်ပဲ ရမှာလား"

မဖြစ်နိုင်တာ... သူတို့အားလုံး ပေါင်းပြီး ငါ့ကို ဝိုင်းလိမ်နေကြတာများလား...

"အဲဒီ ထူးခြားဆန်းပြားတဲ့ သွေးကြောစွမ်းအားကလည်း တကယ်ကို မိုက်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ ဂိုဏ်းချုပ်ရဲ့ မီးလျှံတုတ်က ပိုပြီး အံ့ဩဖို့ကောင်းတယ်ဗျ။ ဂိုဏ်းချုပ်က နက်နဲသောအဆင့်ရဲ့ အနိမ့်ဆုံးအဆင့်မှာပဲ ရှိသေးတာတောင် သွေးကြောတံခါးကို လုံးဝမဖွင့်ဘဲ အဆင့်မြင့်နက်နဲသောအဆင့်ကလူကို တစ်ချက်တည်းနဲ့ ဖုန်းခနဲ အလဲထိုးပစ်လိုက်တာ။ အဲဒီတုတ်က တကယ့်ကို တန်ဖိုးဖြတ်မရတဲ့ ဆန်းကြယ်ရတနာကြီးပဲ။ ကျွန်တော် တွေးကြညသလောက်တော့ အဲဒါက သွေးကြောစွမ်းအားထက်တောင် ပိုပြီး ကြောက်ဖို့ကောင်းသေးတယ်"

"ဘာ... ဆန်းကြယ်ရတနာ ဟုတ်လား..."

ဇန်ထိုင်ချင်ရွှမ်းသည် ပိုမို၍ ဝေဝါးသွားရတော့သည်။

ထိုအခြေအနေကို မြင်သောအခါ ချင်ရှန်းက သက်ပြင်းချလျက် မချိပြုံး ပြုံးလိုက်မိ၏။ သူ ရှင်းပြသည်ကို သူမ နားလည်နိုင်မည် မဟုတ်ကြောင်း ကောင်းကောင်းကြီး သိလိုက်ရသည်။

ဇန်ထိုင်ချင်ရွှမ်းအနေဖြင့် မသေမျိုးဂိုဏ်းအတွင်း၌ ဆယ်ရက် သို့မဟုတ် လဝက်ခန့် နေထိုင်ပြီးသွားပါက အရာရာကို အလိုအလျောက် နားလည်သွားပေလိမ့်မည်။

"ငါလည်း လိုက်မယ်"

ဇန်ထိုင်ချင်ရွှမ်းသည် သေချာစွာ နားမလည်သေးသော်လည်း အဖြူရောင်သလင်းကျောက် တစ်လုံးကို ထုတ်ယူကာ ပေးအပ်လိုက်တော့သည်။

...

စားသောက်ပြီးစီးသွားကြပြီးနောက် ထပ်ဆင့်မျှော်စင်၏ စမ်းသပ်မှုကို ခံယူမည့်သူများအားလုံး ထပ်ဆင့်မျှော်စင်၏ အောက်ခြေတွင် စုရုံးရောက်ရှိလာကြသော်လည်း ဇန်ထိုင်ချင်ရွှမ်းမှာမူ ဝေခွဲမရဖြစ်နေဆဲပင်။

သို့သော်လည်း ထပ်ဆင့်မျှော်စင်၏ ငရဲမုဒ်ကို စတင်အသက်သွင်းလိုက်ချိန်တွင်မူ သူမသည် ချက်ချင်းပင် သဘောပေါက်သွားတော့သည်။

ဤကျောက်တုံးလှေကားထစ်များမှာ သာမန်နေရာတစ်ခု မဟုတ်ဘဲ စမ်းသပ်ကွင်းကြီးတစ်ခု ဖြစ်နေသည်။

ကောင်းကင်ယောင်းကြီးတစ်ခုလုံး နီရဲကာ တောက်လောင်သွားခဲ့သည်။

ကျောက်တုံးလှေကားထစ်များမှာလည်း ရဲရဲတောက်နေသော ငရဲမီးလျှံများ ဖုံးလွှမ်းလျက် ဆန်းကြယ်လှသော လမ်းကြောင်းကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုအချိန်၌ ဝမ်ပင်း၏ အသံက သူမ၏ နားစည်အတွင်းသို့ ပျံ့လွင့်ကာ ဝင်ရောက်လာခဲ့၏။

"အကြီးအကဲဇန်ထိုင်... အထွတ်အထိပ်ကို ရောက်အောင် လှမ်းတက်လိုက်ပါ။ ဒါဆိုရင် ဝဲကရက်မြေပုံတွေ မလိုဘဲ သွေးကြောစွမ်းအားကို ရရှိနိုင်ပါလိမ့်မယ်"

ယခုတစ်ကြိမ်တွင်မူ ဇန်ထိုင်ချင်ရွှမ်းသည် အပြည့်အဝ ယုံကြည်သွားခဲ့သည်။

အကြောင်းမှာ သူမသည် ဝဲကရက်မြေပုံများ၏ သဘောတရားကို နားလည်နိုင်သော ဝဲကရက်

ဗိသုကာပညာရှင်ကြီးတစ်ဦး ဖြစ်သော်လည်း ယခုကဲ့သို့ ရုတ်တရက် အသွင်ပြောင်းလဲသွားသော ကျောက်တုံးလှေကားထစ်များ၏ လျှို့ဝှက်ချက်ကိုမူ မည်သို့မျှ တွေးတော၍ မရနိုင်သောကြောင့်ပင်။

ပျံသန်းနိုင်သော သင်္ဘောကြီးကဲ့သို့ပင် ဤအရာကိုလည်း သူမ လုံးဝ နားမလည်နိုင်ချေ။

"ဂိုဏ်းချုပ်ဝမ်... ရှင် ကျွန်မကို ဘာဖြစ်လို့ ဂိုဏ်းထဲကို သိမ်းသွင်းခဲ့တာလဲ"

ကြယ်တစ်ပွင့်အဆင့် ဝဲကရက်မြေပုံ၏ အစွမ်းထက်စွမ်းရည်များကိုပင် မလိုအပ်တော့ပါက သူမကို ဂိုဏ်းအတွင်းသို့ ခေါ်ယူထားခြင်းက ဂိုဏ်းအတွက် မည်သည့်အကျိုးကျေးဇူးမျှ ရှိလာနိုင်မည် မဟုတ်ပေ။

ဝမ်ပင်းသည် ခဏမျှ တိတ်ဆိတ်သွားခဲ့ရသည်။

"ခက်တာပဲ... ဒါတွေအကုန်လုံးက စနစ်ကပေးတဲ့ တာဝန်ကြောင့် ဖြစ်နေရတာပါလို့ သူမကို ငါ ဘယ်လိုနည်းနဲ့ သွားပြောပြလို့ ရမှာလဲ။ ပြောပြရင်လည်း ယုံမှာမှ မဟုတ်တာ"

ထို့ကြောင့် သူက သာမန်ကာလျှံကာပင် ပြန်ဖြေလိုက်၏။

"တစ်ခုခု လိုအပ်နေသလိုမျိုး ခံစားရလို့ပါ"

"တစ်ခုခု... လိုအပ်နေသလို ခံစားရလို့ ဟုတ်လား..."

ဇန်ထိုင်ချင်ရွှမ်းသည် စိတ်ပျက်လက်ပျက်ဖြင့် မချိပြုံး ပြုံးလိုက်မိတော့သည်။ သူမ၏ ဝဲကရက်ဗိသုကာပညာရှင်ကြီး ဖြစ်တည်မှုကို အခြားသူတစ်ဦးက တန်ဖိုးမထားသကဲ့သို့ ခံစားရသည်မှာ ဤတစ်ကြိမ်က ပထမဦးဆုံးပင်။

ဖုန်းယွမ်မြို့တွင် ရှိစဉ်က ဝမ်ပင်း ဤသို့ပြောခဲ့စဉ်က သူမ မယုံကြည်ခဲ့ချေ။

သို့သော် ယခုအခါတွင်မူ ဝမ်ပင်း၏ စကားကို သူမ အပြည့်အဝ ယုံကြည်သွားခဲ့ရပြီ ဖြစ်သည်။

"မဖြစ်နိုင်တာ... ဒီလောက် ကြောက်စရာကောင်းတဲ့ မီးလျှံသွေးကြောစွမ်းအားမျိုးကို ငါ့အရည်အချင်းနဲ့တောင် ဝဲကရက်မြေပုံအဖြစ် မဖန်တီးနိုင်တာ။ အခုတော့ ဒီထပ်ဆင့်မျှော်စင်ရဲ့ အပေါ်ဆုံးအလွှာကို ရောက်ရုံလေးနဲ့တင် အဲဒီလို အစွမ်းထက်တဲ့ စွမ်းအားကို အလွယ်လေး ရသွားနိုင်တယ် ဟုတ်လား။ ဒါ... တကယ်ပဲ ဖြစ်နိုင်လို့လား"

ဇန်ထိုင်ချင်ရွှမ်းတစ်ယောက် ထပ်ဆင့်မျှော်စင်အတွင်းသို့ လှမ်းဝင်သွားချိန်တွင်မူ ဝမ်ပင်းသည် ယွင်လန်တောင်တန်း၏ အထွတ်အထိပ်ဆီသို့ တိုက်ရိုက် ခြေလှမ်းလိုက်တော့သည်။

သူသည် တည်ကြည်လေးနက်သော မျက်နှာထားဖြင့် အဆောက်အအုံအသစ် ဖြစ်သော နိဗ္ဗာန်ဂေဟာဆီသို့ အရှိန်အဟုန်ဖြင့် လျှောက်လှမ်းသွားခဲ့တော့သည်။

အခန်း ၂၂၈

နိဗ္ဗာန်ဂေဟာသည် စာကြည့်ဆောင်၏ နောက်ကွယ်ရှိ မူလက သစ်တောထူထပ်ခဲ့သော နေရာတွင် တည်ရှိသည်။ နယ်မြေပြုပြင်မွမ်းမံပြီးနောက် စာကြည့်ဆောင်မှနေ၍ လမ်းကြောင်းတစ်ခု ဆန့်ထွက်လာခဲ့ပြီး ထိုလမ်းအတိုင်း လျှောက်လာပါက တံခါးနှစ်ချပ်ရှိသော အဆောက်အအုံတစ်ခုကို မျက်စိရှေ့မှောက်၌ မြင်တွေ့ရမည်ပင်။

ဘယ်ဘက်တွင် တံခါးတစ်ချပ်၊ ညာဘက်တွင် တံခါးတစ်ချပ်ရှိကာ ထိုတံခါးနှစ်ချပ်စလုံး၏ အထက်တွင် ရွှေစာလုံးများဖြင့် ကမ္ပည်းထိုးထားသော ဆိုင်းဘုတ်တစ်ခုစီ ချိတ်ဆွဲထားရာ ဘယ်ဘက်တံခါးတွင် အဝါရောင်အဆင့်ဟု ရေးသားထားပြီး ညာဘက်တံခါးတွင်မူ နက်နဲသောအဆင့်ဟု ရေးသားထားချေသည်။

မကြာမီမှာပင် စနစ်၏ အသံက တိုးညင်းစွာ ထွက်ပေါ်လာခဲ့၏။

"သခင်... အဝါရောင်အဆင့် နိဗ္ဗာန်ဂေဟာရဲ့ အသုံးပြုခက တစ်ကြိမ်ကို ရွှေဒင်္ဂါး ၁၀၀၀ ဖြစ်ပြီး တစ်နာရီ ကြာမြင့်မှာပါ။ နက်နဲသောအဆင့် နိဗ္ဗာန်ဂေဟာကတော့ တစ်ကြိမ်ကို အဖြူရောင်သလင်းကျောက် တစ်လုံး ကျသင့်မှာဖြစ်ပြီး ကြာမြင့်ချိန်ကတော့ တစ်နာရီချင်းစီ အတူတူပါပဲ"

"ဒါကတော့... ဟင်း"

ဝမ်ပင်း သက်ပြင်းချရင်း စိတ်ထဲက ညည်းလိုက်သည်။

တစ်ခုက ရွှေဒင်္ဂါး ၁၀၀၀ ပဲ ရှိပြီး အခြားတစ်ခုကျမှ အဖြူရောင်သလင်းကျောက် တစ်လုံးအထိ ဈေးက ဒုန်းခနဲ ခုန်တက်သွားတာလား။

ဒါက မိုးနဲ့မြေလိုပဲ ကွာခြားလွန်းတဲ့ ပမာဏကြီးပဲ။ ဒါပေမဲ့လည်း အဆင့်ချင်းနဲ့ တန်ဖိုးချင်း ကွာတာကို ပြန်တွေးကြည့်ရင်တော့ ဒီလောက် ကြီးမားတဲ့ ကွာဟချက်က သဘာဝကျပါတယ်လေ။

စနစ်က ဆက်လက် ရှင်းပြသည်။

"နိဗ္ဗာန်ဂေဟာမှာ ကျင့်ကြံရင် ကျင့်စဉ်ထဲက ဘယ်လို အမှားအယွင်းကိုမဆို အလိုအလျောက် ရှာဖွေပြီး တိုက်ရိုက် ပြုပြင်ပေးမှာပါ။ ဒါ့အပြင် ပိုပြီး ပြည့်စုံကောင်းမွန်တဲ့ လမ်းကြောင်းဆီ အရောက်ပို့ပေးနိုင်မှာပါ။ အဝါရောင်အဆင့် အဆင့်နိမ့်ကျင့်စဉ်တွေကို အဆင်မြင့် အဝါရောင်အဆင့်အထိ မြှင့်တင်ပေးနိုင်ပြီး နက်နဲသောအဆင့် နိဗ္ဗာန်ဂေဟာမှာဆိုရင်တော့ အဆင့်နိမ့်နက်နဲသောအဆင့် ကျင့်စဉ်တွေကို အဆင့်မြင့်နက်နဲသောအဆင့်အထိ မြှင့်ပေးနိုင်ပါတယ်"

ဝမ်ပင်းက လက်ကို ခါယမ်းရင်း ခပ်ပေါ့ပေါ့ မေးလိုက်သည်။

"ဒါဆို... ငါ့အတွက်ကော ဒီတစ်ခေါက်မှာ ဘာအခွင့်ထူးတွေ ရှိလဲ"

စနစ်က ပြောလိုက်သည်။

"ဘာအခွင့်ထူးမှ မရှိပါဘူး။ ချန်မိုကျင့်စဉ်ဆိုတာ စနစ်ရဲ့ ပင်ကိုယ်ဗီဇအတိုင်း တည်ဆောက်ထားတာမို့ လုံးဝ အပြစ်အနာအဆာကင်းတဲ့ ကျင့်စဉ်ပါ။ ပင်မတာဝန်တွေကို အောင်မြင်မှပဲ အဆင့်မြှင့်လို့ ရမှာပါ။ နိဗ္ဗာန်ဂေဟာအနေနဲ့ ဒီကျင့်စဉ်အတွက် ဘာပြုပြင်ပေးမှုမှ လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး"

"အေးပါ... နားလည်ပြီ"

ဝမ်ပင်း စိတ်ပျက်လက်ပျက်ဖြင့် ဆက်တွေးလိုက်သည်။

တစ်ခါသုံးရင် သလင်းကျောက် တစ်လုံးဆိုတော့... အခုလောလောဆယ် ငါ ဘယ်လိုမှ မတတ်နိုင်သေးဘူး။ ငါ့အတွက် အခွင့်ထူးမရှိတာကပဲ ကံကောင်းတယ်လို့ ပြောရမယ်။ မဟုတ်ရင် ရမယ့်အကျိုးကျေးဇူးတွေကို မျက်စိရှေ့မှာ ကွက်ကွက်ကွင်းကွင်း မြင်နေရပြီး သုံးခွင့်မရတော့ ရင်ထဲမှာ တစ်ကုတ်ကုတ်နဲ့ မချိတင်ကဲ ဖြစ်နေရဦးမယ်။

"ကဲ... အတွင်းပိုင်း အရောင်းဆိုင်ကို ဖွင့်လိုက်စမ်း"

ဝမ်ပင်း၏ မျက်လုံးများက တောက်ပသွားသည်။

နောက်ထပ် အရေးကြီးတဲ့ အလှည့်အပြောင်း ရောက်လာပြီ။ တင်းယွီမျှော်စင်ကို အဆင့်မြှင့်တုန်းကတောင် ကျန့်မုကမ္ဘာသစ်ပင်မျိုးစေ့တွေ ထွက်လာသေးတာ အခု ဒီအဆောက်အအုံအသစ်မှာကျတော့ ဘယ်လို ရတနာဆန်းတွေ ထပ်ထွက်လာဦးမလဲ မသိဘူး။ စိတ်လှုပ်ရှားဖို့တော့ ကောင်းနေပြီ။

သူ၏စကား ဆုံးသွားသည်နှင့်တစ်ပြိုင်နက် အတွင်းပိုင်း အရောင်းဆိုင်သည် သူ၏မျက်စိရှေ့မှောက်၌ ပေါ်ထွက်လာခဲ့တော့သည်။

၎င်းပစ္စည်းမှာ အလွန်တရာ ထူးခြားဆန်းပြားလှပြီး ယင်းမှာ မျက်လုံးတစ်လုံး ဖြစ်နေချေသည်။

တစ်စုံမဟုတ်ဘဲ ရွှေရောင်သူငယ်အိမ်ရှိသော ထူးခြားလှသည့် မျက်လုံးတစ်လုံး ဖြစ်ကာ ၎င်းကို ရွှေရောင်ဗေဒင်မျက်လုံးဟု ခေါ်ဆိုပြီး ၎င်း၏ စွမ်းရည်မှာ အခြားသူများ၏ ကျင့်စဉ်များကို ထိုးဖောက်မြင်နိုင်ခြင်းပင်။

တန်ဖိုးမှာ ရွှေဒင်္ဂါး သုံးသောင်း ဖြစ်သည်။

"စနစ်... ဒီရွှေရောင်ဗေဒင်မျက်လုံးကို ဘယ်လို အသုံးပြုရမှာလဲ"

စနစ်က ပြန်ဖြေပေးခဲ့သည်။

"ဝယ်ယူမှု အောင်မြင်ပြီးတာနဲ့... အဲဒီအရာကို သခင့်ရဲ့ မျက်လုံးတစ်ဖက်ထဲ တိုက်ရိုက် ထည့်သွင်းပေးမှာဖြစ်ပြီး နတ်ဘုရားသိုင်းကွက်တစ်ခုအဖြစ် ဆင့်ကဲပြောင်းလဲသွားမှာပါ။ ရွှေရောင်ဗေဒင်မျက်လုံးကို အသက်သွင်းလိုက်တာနဲ့ ပြိုင်ဘက်ရဲ့ ကျင့်စဉ်တင်မကဘဲ အဲဒီကျင့်စဉ်ရဲ့ အားနည်းချက်နဲ့ အပြစ်အနာအဆာတွေကိုပါ ကွက်ကွက်ကွင်းကွင်း ထိုးဖောက်မြင်နိုင်မှာ။ ဒါက အိမ်ရှင်ကို ပိုပြီး ပြည့်စုံကောင်းမွန်တဲ့ ဂိုဏ်းချုပ်တစ်ဦး ဖြစ်လာအောင် အများကြီး အထောက်အကူပြုမှာပါ"

"အိုး... တကယ်ကို အဖိုးတန်တဲ့အရာပဲ။ ကောင်းလိုက်တာ"

သူကို ပိုမိုအစွမ်းထက်လာစေနိုင်မည့် အထောက်အကူပြုပစ္စည်းများနှင့် ပတ်သက်လာလျှင်မူ သူသည် ဝယ်ယူရန် အမြဲတမ်း အသင့်ရှိနေစမြဲပင်။

"ဝယ်ယူမယ်"

[ဝယ်ယူတာ အောင်မြင်ပါတယ်။ ခန္ဓာကိုယ်ထဲ ထည့်သွင်းနေပါတယ်...]

ထိုရွှေရောင်မျက်လုံးသည် ဝမ်ပင်း၏ ဘယ်ဘက်မျက်လုံးအတွင်းသို့ တိုက်ရိုက် တိုးဝင်သွားခဲ့ပြီး သူ၏ နက်မှောင်သော သူငယ်အိမ်ထံမှ ရွှေရောင်အလင်းတန်းတစ်ခု ဖျတ်ခနဲ ထွက်ပေါ်လာခဲ့တော့သည်။ အစကနဦးတွင် အစက်အပြောက်လေးတစ်ခုအဖြစ်မှ စတင်ကာ ထို့နောက် သူငယ်အိမ်၏ ထက်ဝက်၊ နောက်ဆုံးတွင်မူ သူငယ်အိမ်တစ်ခုလုံးကို ရွှေရောင်အဖြစ်သို့ ကူးစက်သွားစေခဲ့သည်။

တစ်ချက်မျှ လှမ်းကြည့်လိုက်ရုံမျှဖြင့် ဝမ်ပင်းသည် မွေးရာပါ ရွှေရောင်မျက်လုံးကို ပိုင်ဆိုင်ထားသည့်အလား ထင်မှတ်ရသည်။

"ဒါက သိပ်တော့ အထူးအဆန်းကြီး မဟုတ်ပါဘူး။ ငါတို့ မသေမျိုးဂိုဏ်းရဲ့ တပည့်တွေထဲမှာတောင် ဒီလိုလူမျိုး တစ်ယောက် ရှိဖူးသေးတာပဲ မဟုတ်လား။ လင်းခယ်ဝူကို ကြည့်ကြည့်

လေ... ဘယ်ဘက်မျက်လုံးက သူငယ်အိမ်က ဖြူစင်နေပြီး ညာဘက်မျက်လုံးကျတော့ နက်မှောင်နေတာ။ လူတွေကတော့ မျိုးရိုးလိုက်တာလို့ ပြောကြတာပဲ... ဒါပေမဲ့ တကယ်တမ်းကျတော့ ဘာထူးခြားတဲ့ စွမ်းအားမှ ရှိတာမဟုတ်ဘူး"

ဝမ်ပင်းအနေဖြင့် ၎င်းကို အသုံးမပြုသည့် အချိန်တွင်မူ ထိုရွှေရောင်မှာ ပျောက်ကွယ်သွားမည်ပင်။

အရာအားလုံးကို စီစဉ်ပြီးနောက် ဝမ်ပင်းသည် မြေပုံကို ချက်ချင်းဖွင့်လှစ်လိုက်ပြီး ကြမ်းတမ်းသောသားရဲများ စမ်းသပ်ကွင်း၏ အတွင်းပိုင်းအရောင်းဆိုင်ကို နှိပ်လိုက်၏။

ထိုအခါ ဆိုင်အတွင်း၌ မိစ္ဆာဘုရင်ကြီးနှစ်ကောင် ထပ်မံပေါ်ထွက်လာသည်ကို သူ တွေ့ရှိလိုက်ရသည်။

ပထမတစ်ကောင်မှာ တောင်ပံမျိုးနွယ်စုဝင် မင်ဖိန့်ဖြစ်ပြီး ၎င်းသည် ကျောပြင်မှနေ၍ ဧရာမဆူးချွန်များကို ပစ်လွှတ်နိုင်သော တောင်ပံမျိုးနွယ်စုဝင် မိစ္ဆာဘုရင်ကြီးတစ်ကောင် ဖြစ်ပြီး ငှက်ကလေးများ ကူကျူးနေသကဲ့သို့သော အသံမျိုးကို ပြုလုပ်တတ်သည်။

ကွီနွားကဲ့သို့ ထူးခြားမှုမျိုး မရှိသော်လည်း အလွန်တရာ ကိုင်တွယ်ရခက်ခဲသော မိစ္ဆာတစ်ကောင် ဖြစ်သည်။ တူညီသော ကျင့်စဉ်အဆင့်တွင်ဆိုပါက လူသားမျိုးနွယ်စုများအနေဖြင့် ၎င်း၏အနားသို့ ချဉ်းကပ်ရန်မှာ ယေဘုယျအားဖြင့် လုံးဝ မဖြစ်နိုင်ပေ။

ဒုတိယတစ်ကောင်မှာ ဓားကိုင်လူသားဖြစ်ပြီး ၎င်းသည် ခြေထောက်လည်းမရှိသလို မျက်နှာလည်းမပါဘဲ ခန္ဓာကိုယ်တစ်ခုနှင့် အမြဲတမ်း ဆုပ်ကိုင်ထားသော ဓားလက်တစ်ဖက်သာ ရှိသည့် မိစ္ဆာတစ်ကောင် ဖြစ်သည်။ ၎င်း၏ တိုက်ခိုက်မှုတိုင်းမှာ ဓားချက်များသာဖြစ်ပြီး ဓားချက်တစ်ခုချင်းစီမှာ လျှပ်စီးလက်သကဲ့သို့ မြန်ဆန်လွန်းလှသဖြင့် စက္ကန့်ပိုင်းမျှအတွင်းမှာတင် ကျရောက်လာတတ်သည်။

ထိုမိစ္ဆာနှစ်ကောင်စလုံး၏ အမြင့်ဆုံး စွမ်းအားအတားအဆီးမှာ အဆင့်မြှင့်နက်နဲသောအဆင့် တစ်ဝက်ပင်။

ဝမ်ပင်းက ဆက်မေးလိုက်၏။

"စနစ်... ငါ့အတွက်ကော တစ်ခုခု အခွင့်ထူးရှိသေးလား"

စနစ်က ပြန်ဖြေလိုက်သည်။

"၁၀၀ ရာခိုင်နှုန်း တိုက်ပွဲစိတ်ဆန္ဒအခြေအနေကို ရက်ပေါင်း ၁၀ ရက်စာ ပေးအပ်မှာ ဖြစ်ပါတယ်"

ဝမ်ပင်း၏ မျက်နှာထက်တွင် ကျေနပ် အားရလှသော အပြုံးရိပ်တစ်ခု ထင်ဟပ်သွားတော့သည်။ ဤအခွင့်အရေးများမှာ သူ့အတွက် အင်မတန် အထောက်အကူပြုသည်။

စိတ်လှုပ်ရှားမှုများ ပြီးဆုံးသွားပြီးနောက် ဝမ်ပင်းက အမိန့်ပေးလိုက်၏။

"တင်းယွီမျှော်စင်နဲ့ လူနေဆောင်နယ်မြေကို အဆင့်မြှင့်တင်ဖို့ ကူညီပေးစမ်း"

[တင်းယွီမျှော်စင်အား အဆင့်မြှင့်တင်နေဆဲပါ...]

[ကျန်ရှိချိန် - ၈၀ နာရီ]

[လူနေဆောင်နယ်မြေအား အဆင့်မြှင့်တင်နေဆဲပါ...]

[ကျန်ရှိချိန် - ၆ နာရီ]

...

"ဘာတွေ ဖြစ်နေတာလဲ"

ဇန်ထိုင်ယဲ့သည် သူမ လဲလှယ်ထားသော အဝတ်အစားများကို လျှော်ဖွပ်ရန် ပြင်ဆင်နေစဉ်မှာပင် ရုတ်တရက် ခန္ဓာကိုယ်တစ်ခုလုံး လူနေဆောင်၏ အပြင်ဘက် သစ်သားတံတားဆီသို့ အလိုအလျောက် ရောက်ရှိသွားခဲ့ရသည်။

သူမ ကြောင်အမ်းအမ်းဖြင့် ရပ်တန့်သွားရ၏။

သူမသည် သစ်သားတံတားနှင့် စီးဆင်းနေသော ရေလှိုင်းများကို ကြည့်ရင်း စဉ်းစားမိလိုက်သည်။

ငါ အခုလေးတင် အခန်းထဲမှာ ရှိနေတာ မဟုတ်ဘူးလား။

ထိုအချိန်မှာပင် သူမသည် ထူထပ်လှသော မြူခိုးဖြူကြီးများနှင့်အတူ သူမ၏ ဘေးနား၌ ရှိနေသော ရန်ရှီးကို မြင်တွေ့လိုက်ရသည်။

သူတို့နှစ်ဦးစလုံးမှာ မိန်းကလေးချင်း ဖြစ်ကြပြီး အင်မတန် ချောမောလှပကြသဖြင့် ယနေ့နံနက်ပိုင်းကတည်းကပင် ရင်းနှီးကျွမ်းဝင်နေခဲ့ကြပြီး သူငယ်ချင်းများ ဖြစ်လုနီးပါးပင်။

ရန်ရှီးက လှမ်း၍ ပြောလိုက်၏။

"ဒါက ကျွန်မတို့ မသေမျိုးဂိုဏ်းရဲ့အကြီးအကဲကြီးက တစ်ခုခု လုပ်ပြန်ပြီ ထင်တယ်။ ကိစ္စမရှိပါဘူး... နောက်ထပ် နာရီပိုင်းလောက်ဆိုရင် အဆင်ပြေသွားလိမ့်မယ်။ အဲဒီအစား မင်းကို ကြမ်းတမ်းသောသားရဲများ စမ်းသပ်ကွင်းဆီ သွားပြီး ကျင့်ကြံဖို့ လိုက်ပို့ပေးရမလား"

"ကောင်းပြီလေ"

ဇန်ထိုင်ယဲ့က မြူခိုးဖြူကြီးများကို ကြည့်လျက် ခေါင်းညိတ်ပြလိုက်တော့သည်။

ဒီမသေမျိုးဂိုဏ်းရဲ့ နောက်ကွယ်မှာ ဒီလောက်အထိ အစွမ်းထက်လှတဲ့ အကြီးအကဲတစ်ဦး ရှိနေပါလျက်နဲ့ ဘာဖြစ်လို့ အခုအချိန်အထိ အဆင့်မရှိသေးတဲ့ ဂိုဏ်းငယ်လေးတစ်ခုအဖြစ်နဲ့ပဲ တည်ရှိနေရတာလဲ။

...

ဆန်းဝူမြို့အတွင်း၌...

ရေကြည်လမ်း၏ အဆုံးပိုင်းရှိ တည်းခိုခန်းတစ်ခုအတွင်းတွင် ပိယွဲ့ပိုင်လင်သည် ဆီးနှင်းကဲ့သို့ ဖြူလျော်နေသော မျက်နှာထားဖြင့် ထိုင်နေခဲ့သည်။ အဆင့်မြင့်နက်နဲသောအဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်သော်ငြားလည်း ယခုအချိန်တွင်မူ တောင်ပံကျိုးနေသော ငှက်ငယ်တစ်ကောင်ကဲ့သို့ သေလုမြောပါး ခံစားနေရရှာသည်။

"ရှန်းဟွာ... ဂိုဏ်းချုပ်ဝမ် ပြန်ရောက်ပြီလားဆိုတာကို သွားပြီး ကြည့်ပေးစမ်းပါဦး..."

စကားပင် ဆုံးအောင်မပြောနိုင်ဘဲ ပိယွဲ့ပိုင်လင်သည် အဆက်မပြတ် ချောင်းဆိုးနေတော့သည်။

အဟွတ် အဟွတ်….

အဟွတ် အဟွတ်….

ရှန်းဟွာသည် အလျင်အစလို ရှေ့သို့ တိုးလာခဲ့သော်လည်း မည်သို့ နှစ်သိမ့်ပေးရမည်ကို မသိရှိချေ။ ကံကောင်းသည်မှာ အသစ်ဝယ်ယူထားသော အစေခံမိန်းကလေး ဆယ်ဦးစလုံးမှာ အခြေအနေကို ကောင်းစွာ နားလည်ထားကြခြင်းပင်။

"သခင်ကြီး... ရေအေးအေးလေး သုံးဆောင်ပါဦးရှင့်"

အစေခံမိန်းကလေးတစ်ဦးက ရေကြည်တစ်ခွက်ကို ကိုင်ဆောင်လျက် ပိယွဲ့ပိုင်လင်၏ ရှေ့၌ ရိုသေစွာ ရပ်နေခဲ့သည်။

သို့သော်လည်း ပိယွဲ့ပိုင်လင်သည် ထိုရေကို မသောက်သုံးနိုင်ဘဲ ရေပြင်ထက်တွင် ထင်ဟပ်နေသော သူ၏ ဖြူလျော်ခြောက်သွေ့နေသည့် မျက်နှာကို ကြည့်ရင်း ပိုမို၍ စိတ်ပျက်အားလျော့နေမိတော့သည်။

ရှန်းဟွာသည် အခန်းတွင်း၌ ခေါင်းညိတ်လျက် ဟိုဟိုဒီဒီ လျှောက်လှမ်းနေပြီးနောက် ချက်ချင်းပင် အပြင်သို့ ထွက်ရန် ပြင်လိုက်၏။

"ကောင်းပါပြီ... ကျွန်တော် အဘိုးအတွက် ဆေးအချို့ အရင်သွားယူပြီးတာနဲ့ တောင်ပေါ်ကို တိုက်ရိုက် တက်သွားလိုက်ပါမယ်"

"အခုချက်ချင်း သွားစမ်း"

ရုတ်တရက်ပင် အခန်းတံခါးအပြင်ဘက်မှနေ၍ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ထို့နောက်တွင်မူ ဒေါသတကြီး ကြိမ်းမောင်းသံတစ်ခု ဆက်တိုက် ထွက်ပေါ်လာတော့သည်။

"အဲဒီဆေးတွေက ဘာမှ အသုံးမဝင်ဘူးဆိုတာ မင်း မသိဘူးလား"

"သခင်လေး"

ရှန်းဟွာသည် မည်သူမည်ဝါဖြစ်သည်ကို လှမ်းမကြည့်ဘဲ ထိုအသံကို ကြားရုံမျှဖြင့် ချက်ချင်းပင် ဒူးထောက်လိုက်တော့သည်။

ထို့နောက်တွင်မူ ခါးတွင် စာပေပညာရှင်သုံးဓားတစ်စင်းကို ချိတ်ဆွဲထားသော လူငယ်တစ်ဦးသည် အခန်းတွင်းသို့ လှမ်းဝင်လာခဲ့၏။ သူသည် သပ်ရပ်လှပသော မျက်ခုံးတန်းများနှင့် ကြယ်တာရာကဲ့သို့ တောက်ပသော မျက်ဝန်းများကို ပိုင်ဆိုင်ထားပြီး ခြေလှမ်းတိုင်းတွင် နူးညံ့သိမ်မွေ့သော အရှိန်အဝါများကို ထုတ်လွှတ်နေကာ ခါးမှဓားကပင် သူ၏ ခန့်ညားထည်ဝါမှုကို ပိုမိုပေါ်လွင်စေသည်။

အမှန်တော့ ဤကမ္ဘာတွင် ဓားအမျိုးအစား နှစ်မျိုးရှိရာ စာပေပညာရှင်သုံးဓားနှင့် စစ်သည်တော်သုံးဓားဟူ၍ ဖြစ်ပြီး၊ တစ်ခုတွင် ဓားအိမ်အဆုံး၌ အမြိတ်အမွှာ ပါရှိကာ အခြားတစ်ခုတွင်မူ ပါရှိခြင်းမရှိချေ။

ကျောင်းတော်သားများနှင့် စာပေပညာရှင်များသာလျှင် ဓားရိုး၏အဆုံး၌ အမြိတ်အမွှာများကို ထည့်သွင်းလေ့ရှိကြသည်။ အကြောင်းမှာ သုတို့သည် လူသတ်ခြင်းအတတ်ပညာကို ကျင့်ကြံကြသူများ မဟုတ်သောကြောင့်ပင်။

"အဘိုး..."

လူငယ်သည် အခန်းထဲသို့ ဝင်လာပြီးနောက် ကုတင်ဘေးရှိ ပိယွဲ့ပိုင်လင်၏ အနားတွင် ချက်ချင်းပင် ဒူးထောက်လိုက်တော့သည်။

ပိယွဲ့မိသားစုအတွင်း၌ သူ၏အဘိုးမှာ ဆယ်စုနှစ်ပေါင်းများစွာ မိသားစုသို့ ပြန်လည်ရောက်ရှိလာခြင်း မရှိခဲ့သော်လည်း လက်ရှိ ပိယွဲ့မိသားစုကြီးမှာ မိသားစုကို ကာကွယ်ရန်အတွက် အဆင့်မြင့်နက်နဲသောအဆင့် ကျင့်ကြံသူတစ်ဦးတည်းအပေါ်တွင်သာ အားကိုးနေရခြင်းမျိုး မဟုတ်တော့ချေ။

သို့သော်လည်း အဘိုးကြီးမှာ သူတို့၏ သွေးရင်းသားရင်းဖြစ်ပြီး ပိယွဲ့မိသားစုကို ပိုမိုအစွမ်းထက်လာအောင် ကူညီပေးခဲ့သူတစ်ဦး ဖြစ်သည်။

ပိယွဲ့ပိုင်လင်အား စကားပြောခွင့်ပင်မပေးဘဲ လူငယ်က ဆက်လက်၍ ပြောလိုက်သည်။

"အဘိုး... ဘာမှ မပြောပါနဲ့ဦး။ ကျွန်တော် အခုပဲ ယွင်လန်တောင်တန်းပေါ်ကို သွားပြီး ရှန်းဟွာပြောတဲ့ ဝိညာဉ်အစားအစာကျွမ်းကျင်သူကို သွားရှာပါ့မယ်။ ကျွန်တော့်အဖေက အဲဒီလူရဲ့ အကူအညီကို လဲလှယ်ဖို့အတွက် အဖြူရောင်သလင်းကျောက် အမြောက်အမြား ပေးလိုက်ပါတယ်"

ပြောပြောဆိုဆိုဖြင့် ထိုလူငယ်သည် အခန်းပြင်သို့ အရှိန်အဟုန်ဖြင့် လှမ်းထွက်သွားခဲ့တော့သည်။

သူသည် ယွင်လန်တောင်တန်းဆီသို့ တိုက်ရိုက် ဦးတည်ကာ ထွက်ခွာသွားခဲ့သည်။

ထိုအချိန်တွင် တည်းခိုခန်း၏ အဝေးတစ်နေရာမှနေ၍ အခြေအနေများကို စောင့်ကြည့်နေသော ဟွမ်းချိန်သည် တည်းခိုခန်းပြင်ပရှိ ရုတ်ရုတ်သဲသဲ ဖြစ်ရပ်များကို ကြည့်ရှုလျက် မချိပြုံး ပြုံးကာ ရေရွတ်မိလိုက်၏။

"သူတို့တွေ ကံဆိုးမိုးမှောင်ကျတဲ့ လမ်းကြောင်းပေါ်ကို သွားပြီး မကြုံတွေ့ရပါစေနဲ့လို့ပဲ မျှော်လင့်ရတာပဲ"

All Chapters