အခန်း ၉၁
Vol. 10 Ch. 91
🍅 Chapter 91
“ကျွန်မက ဒီအနီးအနားရွာကပါ၊ ဒါပေမဲ့ ဘယ်ရွာလဲဆိုတာ ပြောပြဖို့အဆင်မပြေလို့ပါ”
ဝူယွီလန်သည် ငွေများကို သူမ၏ ခြင်းတောင်းထဲသို့ ထည့်လိုက်သည်။
အပြင်ပန်း၌ ခြင်းတောင်းထဲသို့ ထည့်လိုက်သကဲ့သို့ ထင်ရသော်လည်း တကယ်တမ်းတွင်မူ သူမသည် ခြင်းတောင်းကို အကာအကွယ်ယူကာ ငွေများအား သူမ၏ သိုလှောင်ရုံအတွင်းသို့ တိတ်တဆိတ် သိမ်းဆည်းလိုက်ခြင်းဖြစ်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ သခင်လေးချန်ကျွင်း၏မျက်တောင်များ အနည်းငယ် လှုပ်ခတ်သွားပြီး ဝူယွီလန်သည် သူရှာဖွေနေသောသူဖြစ်ကြောင်း ရင်ထဲတွင် အပြည့်အဝယုံကြည်လက်ခံလိုက်လေသည်။
“ကျွန်တော် ရိုင်းစိုင်းသွားပါတယ်”
ဝူယွီလန် တောင်းပန်သည့်ဟန်ဖြင့် ပြုံးပြလိုက်သည်။
“ကျွန်မတို့က သာမန် ဆင်းရဲသားမိသားစုလေးပါ၊ အေးအေးချမ်းချမ်းပဲ နေချင်လို့၊ သခင်လေး နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”
သခင်လေးချန်ကျွင်း နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“စိတ်ချပါ အဒေါ်၊ ခင်ဗျားရဲ့ ခွင့်ပြုချက်မရှိဘဲ ကျွန်တော် ချန်ကျွင်း လုံးဝ အနှောင့်အယှက်မပေးပါဘူး”
ဤလူငယ်လေး၏နားလည်သဘောပေါက်လွယ်မှုကြောင့် ဝူယွီလန် အနည်းငယ် အံ့အားသင့်သွားရပြီး သခင်လေးချန်ကျွင်း၏ အပြုအမူအပေါ် အလွန်အမင်း ကျေနပ်အားရသွားသည်။
“ဒါက ကျွန်မကိုယ်တိုင် ဖော်စပ်ထားတဲ့ ဆေးတစ်မျိုးပါ၊ ယူသွားပြီး နှစ်ရက်သုံးရက်လောက် လိမ်းလိုက်ရင် ဒဏ်ရာကျက်သွားပါလိမ့်မယ်”
သခင်လေး ချန်ကျွင်းသည် ဆေးကိုလှမ်းယူကာ ယဉ်ကျေးစွာ ကျေးဇူးတင်စကားဆိုလိုက်၏။
“ကျေးဇူးတင်ပါတယ်အဒေါ်”
ဝူယွီလန်သည် ခြင်းတောင်းကို ကျောတွင်လွယ်ပိုးလိုက်သည်။
“အိမ်ပြန်ပြီး ထမင်းဟင်းချက်ရဦးမယ်၊ တခြားကိစ္စမရှိတော့ဘူးဆိုရင် ကျွန်မ အရင်သွားလိုက်ပါဦးမယ်”
သခင်လေး ချန်ကျွင်းက ခေါင်းညိတ်ပြလာ၏။
“အဒေါ်၊ တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင်... နောင်ကျရင် ဆေးကုသမှုခံယူဖို့ ကျွန်တော် လာခဲ့လို့ရမလား”
သခင်လေးချန်ကျွင်း၏ စကားများထဲမှ အဓိပ္ပာယ်တစ်ချို့ကို ဝူယွီလန် ဖမ်းဆုပ်မိလိုက်ပြီး သူ၏ထက်မြက်သော အကဲခတ်နိုင်စွမ်းကို အနည်းငယ် အံ့အားသင့်သွားမိသည်။
“မြို့ပေါ်မှာ ဆေးဆိုင်တစ်ဆိုင်ဖွင့်ဖို့ အစီအစဉ်တော့ ရှိပါတယ်၊ ရေစက်ပါရင်ပေါ့...”
သခင်လေးချန်ကျွင်း အနည်းငယ်ပြုံးလိုက်မိသည်။ သူမ ငြင်းဆန်မသွားခဲ့ပေ။
အခွင့်အရေး ရှိနေသေးသည်ဟူသော အဓိပ္ပာယ်ဖြစ်သည်။
“ကျွန်တော် ဖျန်းကျန်းမြို့မှာ အချိန်အတန်ကြာ နေထိုင်ဖြစ်မှာပါ၊ အဒေါ်နဲ့ ထပ်တွေ့ရဖို့ မျှော်လင့်ပါတယ်”
ဝူယွီလန် ခေါင်းညိတ်ပြကာ ပစ္စည်းများကို သိမ်းဆည်းပြီးနောက် အခြားလမ်းကြောင်းတစ်ခုမှနေ၍ တောင်အောက်သို့ ဆင်းလာခဲ့သည်။
လမ်းတစ်လျှောက်လုံးတွင် သူမသည် အခြေအနေကို တိတ်တဆိတ်အကဲခတ်လာခဲ့သည်။
သခင်လေးချန်ကျွင်း၏ လူများ အနောက်မှလိုက်မလာသည်ကို မြင်သောအခါမှသာ သူမ သက်ပြင်းရှည်ကြီးတစ်ချက် ချနိုင်လေတော့၏။
သို့သော် သူမသည် လုံးဝ စိတ်မချသေးပေ။
နောက်မှ မည်သူမျှ လိုက်မလာကြောင်း သေချာသွားပြီးနောက် သူမသည် သိုလှောင်ရုံအတွင်းသို့ တစ်ဖန် ပြန်လည်ဝင်ရောက်ကာ အချိန်ခဏမျှ ပုန်းအောင်းနေလိုက်သည်။
တစ်နာရီနီးပါးခန့် စောင့်ဆိုင်းပြီးနောက်မှသာ သိုလှောင်ရုံထဲမှ ထွက်လာခဲ့ပြီး မိသားစုနှင့် ချိန်းဆိုထားသော နေရာဆီသို့ ဦးတည်သွားလေသည်။
ဤအချိန်တွင် ဝမ်ကွေ့ချင်တို့မှာ စိတ်မရှည်နိုင်အောင် ဖြစ်နေကြပြီဖြစ်သည်။
“လီကျွမ်၊ နေကိုကြည့်ရသလောက်တော့၊ နေ၀င်တော့မယ်ထင်တယ် အမေများ အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့နေရပြီလား မသိဘူး”
ကျောက်လီကျွမ်သည် ခဏမျှ တွေးတောလိုက်ပြီး ကလေးတစ်အုပ်ကို လှမ်းကြည့်လိုက်သည်။
“နင်တို့တွေ အရင်ပြန်နှင့်ကြ၊ ငါ အစ်မကြီးနဲ့အတူတူ အမေ့ကို သွားရှာလိုက်မယ်”
သူတို့နှစ်ယောက် ထွက်သွားရန် ဟန်ပြင်နေစဉ်မှာပင် အနီးနားရှိ ချုံပုတ်များကြားမှ တရှပ်ရှပ် လှုပ်ရှားသံတစ်ခု ထွက်ပေါ်လာ၏။
လူတိုင်းက ထိုအသံကို ကြားလိုက်ရပြီး ချုံပုတ်များဆီသို့ စူးစိုက်ကြည့်လိုက်ကြသည်။
၎င်းကိုမြင်သောအခါ ဝမ်ကွေ့ချင်နှင့် ကျောက်လီကျွမ်တို့သည် ကလေးများကို သူတို့၏ကျောနောက်သို့ အလျင်အမြန် ဆွဲယူကာ ကာကွယ်လိုက်ကြသည်။
အားလုံး စိုးရိမ်ထိတ်လန့်နေစဉ်မှာပင် အတွင်းမှ ဝူယွီလန်၏အသံ ထွက်ပေါ်လာသည်။
“ချွေးမအကြီး၊ လာပြီး ကူဆွဲပေးပါဦး”
“အမေ”
ဝူယွီလန်၏အသံကို ကြားလိုက်ရသဖြင့် ဝမ်ကွေ့ချင်သည် ချုံပုတ်များကြားသို့ အလျင်အမြန် တိုးဝင်သွားလေသည်။
ဝူယွီလန်သည် လမ်းတစ်လျှောက်လုံး ချုံပုတ်များကို တိုးထွက်လာခဲ့ရသဖြင့် သူမ၏ဆံပင်များပေါ်တွင် သစ်ရွက်များနှင့် ပင့်ကူအိမ်အမြောက်အမြား ကပ်ငြိနေလေသည်။
“အမေ၊ ဘယ်လိုဖြစ်ပြီး ဒီလိုပုံစံ ဖြစ်နေရတာလဲ၊ ချော်လဲသွားလို့လား”
ကျောက်လီကျွမ်လည်း အလျင်အမြန်ရောက်လာပြီး ဝူယွီလန်ကို ချုံပုတ်များကြားမှ ဆွဲထုတ်ရန် ကူညီပေးလိုက်သည်။
ဝူယွီလန်သည် အသက်ကို ဝဝရှူသွင်းလိုက်ပြီး လက်ဝှေ့ယမ်းပြလိုက်၏။
“မဟုတ်ပါဘူး၊ ကြားလမ်းဖြတ်ပြီး ပြန်လာရလို့ပါ”
ထိုအချိန်တွင် ကလေးများကလည်း ခြင်းတောင်းနောက်ကွယ်မှ လှုပ်ရှားမှုကို သတိပြုမိသွားကြသည်။
“အဖွား၊ ဘာလို့ ခြင်းတောင်းက လှုပ်နေတာလဲ”
ဝူယွီလန်က မြွေကြီးတစ်ကောင်ကို ဖမ်းလာခဲ့သည်ဟု စုန့်အာ့လန်၏ စိတ်ကူးထဲတွင် တွေးတောနေမိသည်။
ကောင်လေး၏ မျက်နှာပေါ်ရှိ သတိထားနေသော အမူအရာကို မြင်သောအခါ ဝူယွီလန်က တမင်သက်သက် နောက်ပြောင်လိုက်သည်။
“အာ့လန်၊ ဆေးပင်တွေကိုဖယ်ပြီး အထဲမှာ ဘာရှိလဲဆိုတာ ကြည့်လိုက်စမ်း၊ သတိထားနော်၊ အကိုက်မခံရစေနဲ့”
ဝူယွီလန် စကားကြောင့် စုန့်အာ့လန်၏မျက်နှာအမူအရာမှာ ပိုလေးနက်သွားလေသည်။
သူသည် လက်ဖြင့် တိုက်ရိုက် မကိုင်ရဲသဖြင့် သစ်ကိုင်းငယ်တစ်ခုကို ရှာဖွေကာ ဆေးပင်များအား ဘေးသို့ ဖယ်ရှားကြည့်လိုက်၏။
“အားးး”
“အမလေး”
စုန့်ထုန်ဟွာ ရုတ်တရက် အော်လိုက်ရာ စုန့်အာ့လန်မှာ လန့်ဖျပ်ပြီး ဖင်ထိုင်လျက် လဲကျသွားလေတော့သည်။
ထိုမြင်ကွင်းကြောင့် အခြားကလေးများအားလုံး ဝိုင်းဝန်းရယ်မောကြလေသည်။
စုန့်ထုန်ဟွာသည်လည်း ပါးစပ်ကိုအုပ်ကာ တခစ်ခစ်ရယ်မောနေလေသည်။
“အစ်မထုန်ဟွာ၊ ဘာလို့ ကျွန်တော့်ကို ခြောက်ရတာလဲ”
စုန့်အာ့လန် ဖင်ကိုပုတ်ကာ မြေကြီးပေါ်မှ လူးလဲထလာသည်။
“အသံကို မကြားဘူးလား၊ ယုန်လေ”
ထိုသို့ပြောရင်း စုန့်ထုန်ဟွာသည် လက်ဆန့်တန်းကာ ဆေးပင်များအား ဖယ်ရှားလိုက်ရာ အတွင်းရှိ ယုန်သိုက်ကြီး ပေါ်ထွက်လာလေသည်။
“တကယ်ပဲ”
စုန့်အာ့လန်သည် ခြင်းတောင်းကို ဆုပ်ကိုင်ကာ ယုန်များအား ကျီစယ်ရန် လက်လှမ်းလိုက်သည်။
အခြားကလေးများမှာလည်း တစ်ယောက်ပြီးတစ်ယောက် အနားသို့ဝိုင်းအုံလာကြသည်။
“သွားစို့၊ အချိန်လည်း လင့်နေပြီ၊ အိမ်ကိုအရင်ပြန်ကြရအောင်၊ ဒီညတော့ ယုန်သားစွပ်ပြုတ် သောက်ရမယ်”
ကျောက်လီကျွမ်သည် ဝူယွီလန်၏ဆံပင်ပေါ်မှ ပင့်ကူအိမ်နှင့် သစ်ရွက်များကို ဖယ်ရှားပေးပြီးနောက် သူမကို မတ်တတ်ရပ်ရန် တွဲကူပေးလိုက်သည်။
ဝမ်ကွေ့ချင်က ခြင်းတောင်းနှင့် လွယ်ခြင်းတို့ကို ကောက်ယူလိုက်လေ၏။
မိသားစုသည် တစ်ယောက်နောက် တစ်ယောက်လိုက်ပါလျက် တောင်အောက်သို့ ဆင်းလာခဲ့ကြသည်။
…….
“သခင်လေး၊ ကျွန်တော်တို့ လိပ်ခွံနွယ်ကိုရှာတွေ့ပါပြီ”
သခင်လေးချန်ကျွင်းသည် သူ့လက်အောက်ငယ်သား ကိုင်ဆောင်ထားသော လိပ်ခွံနွယ်ပင်ငယ်လေးကို ကြည့်ကာ မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိ၏။
သူ ဤဝေးလံခေါင်သီသော တောင်ကြားချိုင့်ဝှမ်းဆီသို့ ခရီးမိုင်ပေါင်းထောင်ချီ ဖြတ်သန်းလာခဲ့ရသည့် အကြောင်းရင်းမှာ ပထမအချက်အနေဖြင့် ဆေးဘုရင်တောင်ကြားမှလူများကို ရှာဖွေရန်ဖြစ်သည်။
ဒုတိယအချက်မှာ အိမ်ရှိ လူတစ်ယောက်အသက်ကို ရှည်စေရန် အထောက်အကူပြုမည့် လိပ်ခွံနွယ်ကို ရှာဖွေရန် ဖြစ်သည်။
သို့သော် ယခု မျက်စိရှေ့ရှိ လိပ်ခွံနွယ်ပင်ငယ်လေးမှာ သွားကြားညပ်ရန်ပင် လောက်မည်မဟုတ်ပေ။
“ယုတ္တိကျကျ တွေးကြည့်မယ်ဆိုရင် ဒီလိပ်ခွံနွယ်ပင်လေးရှိနေမှတော့ သူ့ပတ်ဝန်းကျင်မှာ နောက်ထပ် အပင်တွေအများကြီးပေါက်နေသင့်တယ်”
ချင်းဖုန်းက ခါးသီးစွာပြုံးလိုက်သည်။
“ကျွန်တော်မျိုး အဲဒီဧရိယာကို အကြိမ်ကြိမ်သေချာရှာကြည့်ပြီးပါပြီ၊ အရင်ကတော့ လိပ်ခွံနွယ်ပင်တွေ အများကြီးရှိခဲ့ပုံရပါတယ်၊ ဒါပေမဲ့ တစ်ယောက်ယောက်က အကုန်ခူးသွားခဲ့ပြီ၊ အမှတ်အသားတွေကိုကြည့်ရတာ အခုလေးတင်ခူးသွားတဲ့ပုံပဲ”