အခန်း ၉၄
Vol. 10 Ch. 94
🍅 Chapter 94
စကားပြောနေရင်း သူမသည် ယုန်သားများပါသော ပန်းကန်လုံးကြီးကို ဧည့်ခန်းမကြီးထဲသို့ သယ်ဆောင်လာခဲ့၏။
ချွမ်းနီ သူမမိခင်၏ အင်္ကျီလက်စကို ဆွဲလိုက်သည်။
“အမေ၊ မွှေးလိုက်တာ”
လီရှို့ယွင်ကမူ သူမ၏နှာခေါင်းလေးကို ပွတ်သပ်ပေးလိုက်၏။
“နင့်နှာခေါင်းက အရမ်းစူးရှတာပဲ၊ ခဏစောင့်ဦး၊ ခဏနေရင် စားရတော့မယ်”
ဝူယွီလန်သည် ထိုကောင်မလေး မျက်လုံးထောင့်မှ သွားရည်ကျနေသည်ကို မြင်လိုက်လေ၏။
ထို့ကြောင့် ပန်းကန်လုံးငယ်လေးတစ်လုံး ယူကာ သူမအတွက် ယုန်သားအနည်းငယ်ကို အရင်ဆုံး ထည့်ပေးလိုက်သည်။
ချွမ်းနီသည် ပန်းကန်လုံးလေးကို ကိုင်ကာ ယုန်သားတစ်ဖတ်အား မြည်းစမ်းရန် ဟန်ပြင်နေစဉ်မှာပင် တံခါးဝမှ ရုတ်တရက် အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာလေသည်။
“ဘုန်း”
ထိုအသံကြောင့် သူမ လန့်ဖျပ်သွားသည်။
“ခလွမ်”
ချွမ်းနီသည် ဝူယွီလန်ကို အလိုအလျောက် လှမ်းကြည့်လိုက်မိပြီး သူမ၏လက်ကလေးများကို ကြောက်လန့်တကြား ဆုပ်ကိုင်ထားလိုက်သည်။
“အဖွား... သမီး... သမီး တမင်လုပ်တာမဟုတ်ပါဘူး”
ဝူယွီလန် ယုန်သားတစ်ဖတ်ကို ကောက်ယူကာ ကောင်မလေး၏ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။
“ကွဲသွားရင်လည်း ကွဲပါစေပေါ့၊ ပန်းကန်တစ်လုံးလောက်တော့ ကိစ္စမရှိပါဘူး”
ဝူယွီလန်၏ နှစ်သိမ့်ပေးမှုကြောင့် နီရဲနေသော ချွမ်းနီ မျက်၀န်းလေး နောက်ဆုံးတွင် အနည်းငယ်ပြေလျော့သွားလေသည်။
သူမသည် ပါးစပ်ထဲရှိယုန်သားကို ဝါးလိုက်ရာ မျက်လုံးများ တောက်ပသွားသည်။
“ယုန်သား... အရမ်းစားလို့ကောင်းတာပဲ”
ဝူယွီလန်လည်း တစ်ဖတ်ခန့် မြည်းစမ်းချင်သော်လည်း အပြင်ဘက်မှ အော်ဟစ်သံများကို ကြားလိုက်ရသဖြင့် တူအား အရင်ချထားလိုက်ရသည်။
“ဝူယွီလန်၊ အပြင်ထွက်ခဲ့စမ်း”
ဟောင်ချန်သည် ပေါက်ပြားတစ်လက်ကို ကိုင်ဆောင်ကာ ဒေါသတကြီးအော်ဟစ်သံနှင့်အတူ ယိုယွင်းနေသော ခြံတံခါးကို ဒိုင်းခနဲ မြည်အောင် ရိုက်ချလိုက်လေသည်။
ဝုန်းခနဲ အသံနှင့်အတူ ခြံတံခါးမှာ အလေးချိန်ကို မခံနိုင်တော့ဘဲ ပြိုကျသွားလေတော့သည်။
၎င်းကိုမြင်သောအခါ ဟောင်ချန်သည် အနည်းငယ်မျှပင် တွန့်ဆုတ်မနေတော့ချေ။
သူမသည် သားနှစ်ယောက်၊ ချွေးမနှစ်ယောက်နှင့် မြေးသုံးယောက်တို့ကို ရန်လိုနေဟန်ဖြင့် ဦးဆောင်ကာ ဆာလောင်နေသော ကျားရိုင်းများအလား ခြံဝင်းအတွင်းသို့ အပြေးအလွှား ဝင်ရောက်လာကြလေသည်။
ခြံဝင်းထဲသို့ ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် ဟောက်ချန်သည် လေထဲတွင်လွင့်ပျံနေသော အသားနံ့များကို ရလိုက်၏။
သူမသည် မျက်လုံးများကို အနည်းငယ်မှေးကျဉ်းကာ ဆွဲဆောင်မှုရှိသောရနံ့ကို လောဘတကြီး ရှူရှိုက်လိုက်ပြီးနောက် ချွေးမအကြီးဖြစ်သူထံသို့ တိုးကပ်သွားကာ တီးတိုးပြောလိုက်သည်။
“ငါ ပြောသားပဲ၊ သူ့မိသားစုက နေ့တိုင်း အသားစားနေတာ၊ သူတို့ဆီမှာ ငွေတွေအများကြီးရှိတာ သေချာတယ်၊
ခဏနေရင် ငါတို့ ငွေပိုတောင်းရမယ်၊ ဒါမှ ငါတို့လည်း အသားသွားဝယ်စားလို့ရမှာ”
ယောက္ခမဖြစ်သူ၏စကားကို ကြားသောအခါ ကျန်းရှီက သဘောပေါက်ဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး ထိုအရသာရှိသောအသားအား မြည်းစမ်းကြည့်ချင်စိတ်ကို မစောင့်နိုင်တော့သည့်အလား အလိုအလျောက် နှုတ်ခမ်းသပ်လိုက်မိသည်။
ထိုအချိန်တွင် အိမ်ထဲရှိဝူယွီလန်သည် အပြင်ဘက်မှ ဆူညံသံများကို ကြားလိုက်ရပြီး လာရောက်သူများမှာ ရည်ရွယ်ချက်ကောင်းကောင်း မရှိကြောင်း သိရှိလိုက်သည်။
သူမသည် စုန့်အာ့လန်၏ နားနားကပ်ကာ စကားအနည်းငယ်ကို အလျင်အမြန် တီးတိုးပြောလိုက်ပြီး သူ အနောက်ဘက်မှထွက်ပြေးသွားသည်ကို မြင်သောအခါမှသာ သူမ စိတ်အေးသွားကာ လက်နက်တစ်ခု ကောက်ယူပြီး တံခါးအပြင်ဘက်သို့ ခြေလှမ်းကျဲကြီးများဖြင့် ထွက်လာခဲ့သည်။
“ဘာလဲ၊ အရိုက်ခံရတာ မမှတ်သေးဘူးလား”
ဝူယွီလန်သည် တံခါးဝတွင် ခါးထောက်ကာ ရပ်လိုက်ပြီး ဟောင်ချန်၏အုပ်စုကို အလျှော့ပေးမည့်အရိပ်အယောင် အနည်းငယ်မျှပင်မပြဘဲ စူးစိုက်ကြည့်နေကာ သူမ၏မျက်ဝန်းများထဲတွင် အထင်အမြင်သေးမှုများ ဖြတ်ပြေးသွားလေသည်။
ဟောင်ချန်က ခါးထောက်လိုက်လေ၏။
“ယုတ်မာညစ်ပတ်တဲ့ ကောင်မ၊ ငါ့သားတွေနဲ့ ချွေးမတွေ အိမ်မှာမရှိတာကို အခွင့်ကောင်းယူပြီး ငါနဲ့ ငါ့မြေးသုံးယောက်ကို နင်ရိုက်ခဲ့တယ်၊ အဲဒါကို နင်ကိုယ်တိုင်လည်း ဝန်ခံထားတယ်နော်”
ကျန်းရှီကလည်း ဝင်ပြောလာသည်။
“သိပ်ကောင်းတာပဲ၊ အဘွားကြီးဝူ၊ ငါတို့ အိမ်မှာမရှိတုန်း ငါ့ယောက္ခမနဲ့ ငါ့ကလေးတွေကိုတောင် အနိုင်ကျင့်ရဲတယ်ပေါ့လေ”
ဝူယွီလန်က မျက်ခုံးတစ်ဖက်ကို ပင့်တင်လိုက်သည်။
“နင်တို့တွေက တကယ်ကို တစ်အူတုံဆင်းတွေပဲ၊ ဘာလို့ နင့်ယောက္ခမ အရိုက်ခံရတာလဲဆိုတာ သူ့ကို ပြန်မမေးကြည့်ဘူးလား”
“သူက ငါတို့ကလေးတွေ ဆေးပင်သွားရှာတာကို နောက်ယောင်ခံလိုက်ရုံသက်သက်ဆိုရင် ကိစ္စမရှိပါဘူး၊ ဒါပေမဲ့ သူက အရှက်မရှိ ကလေးတွေဆီက ဆေးပင်တွေကို လုဖို့ ကြိုးစားခဲ့သေးတယ်၊ အဲဒီလောက်နဲ့ မပြီးသေးဘူး၊ ငါတို့ ကလေးတွေကိုပါ ရိုက်လိုက်သေးတယ်၊ ဘာလဲ၊ ငါ့ရဲ့ တခြားသားနှစ်ယောက် အိမ်မှာမရှိလို့ ငါက အနိုင်ကျင့်ရလွယ်တယ်လို့များ နင်ထင်နေတာလား”
“ငါ နင့်ကိုပြောလိုက်မယ် ဟောင်ချန်… အဲဒီလိုအရိုက်ခံရတာ နင်နဲ့ တန်တယ်”
ဟောက်ချန်က ဝူယွီလန်အား လက်ညှိုးထိုးရန် လက်ဆန့်တန်းလိုက်သော်လည်း ယခင်က သင်ခန်းစာကို သတိရသွားကာ လက်ပြန်ချလိုက်သည်။
“ချီးပဲ၊ ငါက သူတို့ဆီက ဆေးပင်တွေကို ဘယ်တုန်းကလုလို့လဲ၊ သူတို့ကို ဘယ်တုန်းကရိုက်လို့လဲ”
“နင်က ငါ ဆေးပင်သွားရှာတာကို ကြည့်မရလို့ ငါတို့ကိုရိုက်တာ သေချာနေတာပဲ”
“ငါ ဂရုမစိုက်ဘူး၊ ဆေးဖိုးအတွက်တင် ငွေဆယ်ချောင်း ကုန်သွားတယ်၊ ငါ့မြေးနှစ်ယောက်ရဲ့ ဒဏ်ရာတွေအတွက် နောက်ထပ် ငွေငါးချောင်း ထပ်ကုန်တယ်၊ ပိုက်ဆံပေးရင်ပေး၊ မပေးရင် ငါတို့ပြန်ရိုက်တာကိုခံ”
ဝူယွီလန်က အေးစက်စက် နှာမှုတ်လိုက်သည်။
‘စကားတွေ ဒီလောက်အများကြီးပြောနေတာ…. တကယ်တော့ သူတို့က ငွေလိုချင်နေတာကိုး'
“ငါ့ဆီမှာ ငွေတော့ရှိတယ်၊ ဒါပေမဲ့ နင်တို့ ယူနိုင်စွမ်းရှိ၊ မရှိဆိုတာကိုတော့ ကြည့်ရသေးတာပေါ့”
ဟောက်ချန်က တံခါးချပ်ကို အားပါးတရကန်လိုက်သည်။
“နင်ပဲ ပြောတာနော်”
“သားတို့၊ သူ့ကို ရိုက်ကြစမ်း”
ထိုစကားကို ကြားသောအခါ ဟောင်ချန်၏ သားနှစ်ယောက်သည် ထမ်းပိုးများကို ကောက်ယူကာ ရှေ့သို့ တိုးလာကြသည်။
သူတို့သည် နှစ်ပေါင်းများစွာ ကုန်သည်အစောင့် လုပ်ခဲ့ကြသဖြင့် ကြွက်သားများ အတော်လေးတောင့်တင်းနေကာ အတော်လေး ခြိမ်းခြောက်နိုင်စွမ်းရှိပုံရ၏။
သူတို့နှစ်ယောက် တကယ်ရှေ့တိုးလာရဲသည်ကို မြင်သောအခါ ဝူယွီလန်၏အင်္ကျီလက်ထဲရှိ ငွေအပ်များက အနည်းငယ် လင်းလက်သွားလေသည်။
ဤငွေအပ်များ ထွက်သွားပြီဆိုလျှင် သူတို့ အနည်းဆုံး လဝက်ခန့် ထနိုင်တော့မည်မဟုတ်ပေ။
“အမေ၊ အိမ်ထဲကို မြန်မြန် ပြန်ဝင်ပုန်းနေ”
၎င်းကိုမြင်သောအခါ ကျောက်လီကျွမ်က ဝူယွီလန်ကို အိမ်ထဲသို့ဆွဲသွင်းရန် အလျင်အမြန်လက်လှမ်းလိုက်သည်။
ထိုနေ့က ကျောက်လီကျွမ်သည်လည်း အားရပါးရ ဝင်ရောက်ရိုက်နှက်ခဲ့ကြောင်း ဟောင်ချန် သတိရသွားကာ လည်ပင်းကြောထောင်လျက် အော်ဟစ်လိုက်သည်။
“သားကြီး၊ အဲဒီနှစ်ယောက်လုံးကို ပေါင်းရိုက်စမ်း”
ထိုစကားကို ကြားသောအခါ ကျောက်လီကျွမ်သည် ဝူယွီလန်အား သူမ၏ခန္ဓာကိုယ်ဖြင့် ကာကွယ်ရန် အလျင်အမြန် ပြေးဝင်သွားလေသည်။
၎င်းကိုမြင်သောအခါ ဤရက်ပိုင်းအတွင်း သူမ၏ကြိုးစားအားထုတ်မှုများ အလဟဿ မဖြစ်ခဲ့ကြောင်း ဝူယွီလန် ရုတ်တရက် ခံစားလိုက်ရသည်။
ထမ်းပိုးက ကျောက်လီကျွမ်ကို ထိလုနီးပါးအချိန်လေးတွင် ခြံဝင်းအပြင်ဘက်မှ ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာလေ၏။
“ငါ့မိန်းမကို ဘယ်သူရိုက်ရဲလဲဆိုတာ ကြည့်ရသေးတာပေါ့”
ထိုအသံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်းက ခြံဝင်းအပြင်ဘက်သို့ လှည့်ကြည့်လိုက်မိကြတော့သည်။
ရောက်လာသူကို မြင်သောအခါ စုန့်ချန်၏မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။
အကြောင်းမှာ ထိုသူသည်... သူ၏ရန်သူတော်ကြီး ဖြစ်နေသောကြောင့်ပင်။
ရောက်လာသူကို မြင်လိုက်ရသောအခါ ကျောက်လီကျွမ်၏မျက်ဝန်းများ ချက်ချင်းပင် နီရဲသွားလေသည်။
“ကလေးတို့အဖေ”
စုန့်ကျစ်ချုံးသည် သူ့ပခုံးပေါ်မှ အိတ်ကိုပစ်ချလိုက်ပြီး တံခါးချပ်အား ကောက်ယူကာ စုန့်ချန်အပေါ်သို့ တိုက်ရိုက်ရိုက်ချလိုက်လေသည်။
“ဘုန်း”