အခန်း ၉၅
Vol. 10 Ch. 95
🍅 Chapter 95
စုန့်ချန်တွင် အပေါ်ယံအမြင်အရ သန်မာကြံ့ခိုင်ပြီး ချိန်းချောက်နိုင်စွမ်းရှိဟန်ရသော ကြွက်သားများရှိသော်လည်း တကယ်တမ်းတွင် သူသည် အခွံသက်သက်သာ ဖြစ်သည်။
တံခါးချပ်ဖြင့် အရိုက်ခံလိုက်ရပြီးနောက် အသံပင်မထွက်နိုင်ဘဲ လွင့်စင်သွားလေတော့၏။
“အစ်ကိုချန်”
ခင်ပွန်းဖြစ်သူအရိုက်ခံရသည်ကို မြင်သောအခါ ကျန်းရှီသည် သူ့ကိုထူပေးရန် အလျင်အမြန် ပြေးသွားလေသည်။
စုန့်ချန်သည် ခေါင်းမူးဝေလျက် ကမန်းကတန်းထရပ်ပြီး လှည့်ကြည့်လိုက်၏။
သူ့အား ရိုက်လိုက်သူမှာ စုန့်ကျစ်ချုံးဖြစ်နေသည်ကို မြင်သောအခါ သူ့ခန္ဓာကိုယ်မှာ ချက်ချင်းပင် ကျုံ့ဝင်သွားလေတော့သည်။
ငယ်စဉ်က သူသည် စုန့်ကျစ်ချုံးထံမှ ပစ္စည်းများကို လုယူလေ့ရှိသော်လည်း ဤကောင်က ဒေါသထွက်လာလျှင် အလွန်ကြောက်စရာကောင်းသည်။
ရန်ဖြစ်သည့်အခါတိုင်း အသေအကြေတိုက်ခိုက်လေ့ရှိသည်။ သူ၏ ခြေလက်များ အချိုးခံရသည်မှာ တစ်ကြိမ်ထက်မကတော့ပေ။
စုန့်ကျစ်ချုံးနှင့် ရင်ဆိုင်ရချိန်တွင် စုန့်ချန်၏အရိုးထဲတွင် ကြောက်ရွံ့မှုတစ်ခုက ကိန်းအောင်းနေပြီဖြစ်သည်။
“မင်း... မင်းက ဘာလို့ စကားတစ်ခွန်းမှမပြောဘဲ လူကို စရိုက်တာလဲ”
စုန့်ကျစ်ချုံးသည် တံခါးချပ်ကို ပစ်ချလိုက်ပြီး အင်္ကျီလက်များ ခေါက်တင်ကာ စုန့်ချန်ဆီသို့ တစ်လှမ်းချင်း လျှောက်သွားလေသည်။
“စုန့်ချန်၊ မင်းအရိုးတွေ ပျော့သွားပြီထင်တယ်၊ ငါ့မိန်းမကိုတောင် အနိုင်ကျင့်ရဲတယ်ပေါ့လေ”
စုန့်ချန်သည် သူ့ခန္ဓာကိုယ်ကို ဖက်ထားပြီး စုန့်ကျစ်ချုံး ရှေ့တစ်လှမ်းတိုးလာတိုင်း နောက်တစ်လှမ်း ဆုတ်သွားလေသည်။
“အစ်ကိုချုံး၊ ကျွန်တော်ပြောတာနားထောင်ပါဦး၊ ကိစ္စတွေက အစ်ကိုမြင်နေရသလိုမဟုတ်ပါဘူး...”
စုန့်ကျစ်ချုံးသည် သူ့လည်ပင်းသူ အကြောလျှော့ကာ လက်ကောက်ဝတ်နှင့် ခြေကျင်းဝတ်များကို လှုပ်ရှားလိုက်သည်။
သူ၏အဆစ်များမှ မြည်သံများကြောင့် စုန့်ချန်တစ်ယောက် ကြက်သီးမွေးညင်းများပင် ထသွားလေတော့သည်။
“အစ်ကိုချုံး...”
“ကျွန်တော်တို့ ညှိနှိုင်းကြတာပေါ့၊ စကားနဲ့ပဲ ပြောကြရအောင်”
ကျန်းရှီသည် ခင်ပွန်းဖြစ်သူအရှေ့တွင် ရပ်ကာ မိမိကိုယ်ကို ရဲရင့်ဟန်ဆောင်လိုက်သည်။
“စုန့်ကျစ်ချုံး၊ ရှင်က ဥပဒေကို နည်းနည်းလေးမှဂရုမစိုက်ဘူးလား၊ နေ့ခင်းကြောင်တောင်ကြီး လူရိုက်ရဲတယ်ပေါ့လေ”
“ရှင်... ရှင့်ကို အာဏာပိုင်တွေဆီတိုင်ပြီး ဖမ်းခိုင်းလိုက်မယ်ဆိုတာ ယုံလား”
စုန့်ကျစ်ချုံးက အေးစက်စက် နှာမှုတ်လိုက်သည်။
“မင်းတို့က ငါတို့အိမ်ထဲကို ကျူးကျော်ဝင်ရောက်လာပြီး ငါ့မိန်းမနဲ့ ငါ့အမေကို ရိုက်ချင်နေတာ၊ အခုကျမှ ဥပဒေအကြောင်း လာပြီးပြောနေတယ်ပေါ့”
သူသည် လက်မြှောက်ကာ သူမ၏မျက်နှာကို ဖြတ်ရိုက်လိုက်၏။
ကျန်းရှီသည် စုန့်ကျစ်ချုံးက အမျိုးသမီးတစ်ဦးအား ရိုက်ရဲလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူမသည် ယိမ်းယိုင်သွားပြီး မြေကြီးပေါ်သို့ လဲကျသွားလေတော့သည်။
“ရှင်... ရှင်က အမျိုးသမီးတစ်ယောက်ကို ဘယ်လိုလုပ်ရိုက်ရက်တာလဲ”
“အမျိုးသမီးဖြစ်နေတော့ရော ဘာဖြစ်လဲ၊ ငါ့မိန်းမ ဒါမှမဟုတ် ငါ့အမေကို ထိရဲရင် မင်းက ကလေးဖြစ်နေရင်တောင်မှ ငါ ရိုက်မှာပဲ”
စုန့်ကျစ်ချုံးက စကားပြောရင်း သူမကို နောက်တစ်ချက် ထပ်ရိုက်လိုက်သည်။
ဤရိုက်ချက်က စုန့်ချန်၏မျက်နှာပေါ်သို့ တည့်တည့်ကျရောက်သွားပြီး သူ့နှုတ်ခမ်းထောင့်မှ သွေးများ စိမ့်ထွက်လာလေသည်။
ဝူယွီလန်သည် ပြတ်သားလွန်းသော ဒုတိယသားကို ကြည့်ကာ လက်ခုပ်တီးပြီး အားပေးချင်စိတ်ပင် ပေါက်သွားလေသည်။
ယခုအခါ စုန့်ချန်မှာ အလွန်လိမ်မ္မာနေပြီဖြစ်ပြီး သူ့မျက်နှာကိုသူ ကာကွယ်ထားကာ တောင်းပန်နေလေသည်။
“အစ်ကိုချုံး၊ တကယ်ကို နားလည်မှုလွဲနေတာပါ၊ နားလည်မှုလွဲနေတာပါ၊ ကျွန်တော်ပြောတာ သေချာနားထောင်ပါဦး”
အိမ်သို့ ပြန်ရောက်ရောက်ချင်း မိမိ၏ဇနီးနှင့် ကလေးများ အနိုင်ကျင့်ခံနေရသည်ကို မြင်လိုက်ရသဖြင့် စုန့်ကျစ်ချုံး၏ရင်ထဲတွင် ဒေါသမီးများ တောက်လောင်နေလေသည်။
သူ အိမ်မှာမရှိခဲ့သော နေ့ရက်များကို ပြန်တွေးမိပြီး သူ၏ ဇနီးနှင့် ကလေးများ ဤမိသားစု၏အနိုင်ကျင့်ခြင်းကို မည်မျှများ ခံခဲ့ရမည်နည်းဟု တွေးတောမိကာ သူ့လက်သီးများ ထပ်မံယားယံလာလေတော့သည်။
“နားလည်မှုလွဲတာလား”
စုန့်ထုန်ဟွာက အပြေးအလွှားရောက်လာပြီး ဖခင်ဖြစ်သူ၏ နောက်ကျောဘက်တွင် ရပ်ကာ တစ်ခုမကျန် ပီပီသသ တိုင်တောလေတော့သည်။
“အဖေ၊ နားလည်မှုလွဲတာမဟုတ်ဘူး၊ ရှေ့ရက်ပိုင်းက အဲဒီအဘွားကြီးက စုန့်ဝမ်ချိုက်၊ စုန့်ကျောက်ချိုက်နဲ့ စုန့်လိုင်ချိုက်တို့ကိုခေါ်လာပြီး သမီးတို့ရဲ့ ဆေးပင်တွေကို လာလုတယ်၊ အဲဒါတင်မကဘူး သမီးတို့ကိုပါ ရိုက်သွားသေးတယ်”
စုန့်ထုန်ဟွာ စကားပြောရင်း သူမ၏လက်မောင်းပေါ်ရှိ ပွန်းပဲ့ရာများကို ပြသလိုက်သည်။
ရောင်းစားခံခဲ့ရသော သူ၏သမီးအကြီးဆုံးလေးကို ပြန်မြင်လိုက်ရသောအခါ စုန့်ကျစ်ချုံးမှာ အနည်းငယ် ကြောင်အမ်းအမ်းဖြစ်သွားလေ၏။
“ထုန်ဟွာ...”
“သမီး... ပြန်ရောက်လာပြီပေါ့...”
စုန့်ထုန်ဟွာ ဖခင်ဖြစ်သူ၏အင်္ကျီလက်ကို လှမ်ဆွဲးလိုက်သည်။
“အဖေ၊ သမီး အသေးစိတ်ကို နောက်မှပြောပြမယ်၊ အခုလောလောဆယ် သမီးတို့အတွက် အရင်လက်စားချေပေးပါဦး”
“အဲဒီအဘွားကြီးက အရမ်းယုတ်မာတယ်၊ သမီးတို့ရဲ့ ဆေးပင်တွေကို လုရုံတင်မကဘူး၊ သမီးတို့ကိုပါ ရိုက်သွားသေးတယ်၊ အဖေ၊ သမီးတို့အတွက် လက်စားချေပေးပါ”
ထိုစကားကို ကြားလိုက်ရသောအခါ စုန့်ကျစ်ချုံး၏အကြည့်များ စူးရှသွားပြီး ဟောင်ချန်ဘက်လှည့်ကာ စူးစိုက်ကြည့်လိုက်သည်။
စုန့်ကျစ်ချုံးက လူများအပေါ် မည်မျှရက်ရက်စက်စက် ရိုက်နှက်တတ်ကြောင်း သတိရသွားကာ ဟောင်ချန်က သိုးငယ်လေးတစ်ကောင်အလား အသံတိုးတိုးဖြင့် ရယ်မောလိုက်သည်။
“နားလည်မှုလွဲတာပါ၊ အားလုံးက နားလည်မှုလွဲတာပါ...”
စုန့်ကျစ်ချုံးက နှုတ်ခမ်းကိုတွန့်ကွေးကာ အေးစက်စက် နှာမှုတ်လိုက်သည်။
“နားလည်မှုလွဲတာဟုတ်လား”
သူက ခေါင်းလှည့်ကာ စုန့်ချန်၏မျက်နှာကို လက်သီးဖြင့် တိုက်ရိုက်ထိုးချလိုက်လေသည်။
“ဖုန်း”
ထို့နောက် သူသည် စုန့်ချန်ကို မြေကြီးပေါ်သို့ဖိချကာ အဆက်မပြတ် ထိုးကြိတ်ရိုက်နှက်လေတော့၏။
“အစ်ကိုချုံး...”
“ကျွန်တော်မှားသွားပါတယ်၊ မရိုက်ပါနဲ့၊ မရိုက်ပါနဲ့တော့”
စုန့်ချန်သည် ရောင်ရမ်းနေသော သူ၏ဝက်မျက်နှာကြီးကို ကာကွယ်ရန် ခေါင်းအုပ်ထားလိုက်သည်။
“အား”
“မိန်းမရေ၊ ကယ်ပါဦး”
“အမေ၊ ကယ်... ကယ်ပါဦး”
ကျန်းရှီမှာ ယခုလေးတင် ပြင်းပြင်းထန်ထန်အရိုက်ခံထားရသဖြင့် သူမ၏ပါးပြင်မှာ ပူလောင်နာကျင်နေလေသည်။
စုန့်ကျစ်ချုံး၏ မျက်ဝန်းများထဲမှ ရက်စက်ပြီး ဒေါသထွက်နေသောအကြည့်ကို မြင်သောအခါ သူမ၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပြီး အနည်းငယ်မျှပင်မလှုပ်ရဲတော့ချေ။
ဟောင်ချန်မှာမူ အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူအား ကြောက်တတ်သူဖြစ်ရာ စုန့်ကျစ်ချုံး၏ ရက်စက်ကြမ်းကြုတ်ပုံကို မြင်သောအခါ သူမ၏ ခြေထောက်များမှာ ကြောက်ရွံ့မှုကြောင့် ပျော့ခွေသွား၏။
သူမသည်လည်း တစ်စက်မှ မလှုပ်ရဲတော့ပေ။
“သားငယ်၊ မြန်မြန်သွား၊ နင့် အစ်ကိုကြီးကို သွားကယ်ပါဦး”
ဟောင်ချန်က ငိုသံပါကြီးဖြင့် စုန့်ကန်ကို အလျင်အမြန် အော်ပြောလိုက်သည်။
သို့သော် စုန့်ကန်သည် အရပ်ရှည်ပြီး တောင့်တင်းသောခန္ဓာကိုယ် ရှိသော်လည်း တကယ်တမ်းတွင်မူ လုံးဝ သတ္တိကြောင်သူတစ်ဦးသာ ဖြစ်သည်။
သူ ကုန်သည်အစောင့် လုပ်ခဲ့စဉ်က ပုံမှန်အားဖြင့် အစောင့်ခေါင်းဆောင်၏အနောက်မှ လိုက်ကာ သူ့အရပ်အမောင်းကို အသုံးပြု၍ ကြောက်တတ်သူများကိုသာ ခြိမ်းခြောက်လေ့ရှိသည်။
တကယ့် ရန်ပွဲနှင့် ကြုံတွေ့ရပါက သူက ဘယ်သူ့ထက်မဆို ပိုမြန်အောင်ပြေးလေ့ရှိရာ သူ့အစ်ကိုကြီးကို မည်သို့လုပ်၍ သွားကယ်ရဲမည်နည်း။
“အမေ၊ အမေက ကျွန်တော့်ကို အသေသတ်ချင်နေတာလား၊ စုန့်ကျစ်ချုံးက ဘယ်လောက်ရက်စက်လဲဆိုတာ အမေလည်းသိတာပဲ၊ ကျွန်တော်သွားရင် သူ့ရဲ့ ရက်ရက်စက်စက်ရိုက်နှက်တာကို ခံရမှာပေါ့”
စုန့်ကန်ကမူ ဟောင်ချန်ကို ငိုမဲ့မဲ့မျက်နှာထားဖြင့် ပြောလိုက်သည်။
သူမ၏ဒုတိယသား မတ်တတ်ရပ်နေသည်ကို မြင်သောအခါ ဟောင်ချန်မှာ ပိုစိုးရိမ်ပူပန်လာသည်။
သူမသည် စုန့်ကန်အား အနောက်မှတွန်းကာ ကယ်တင်ပေးရန် တိုက်တွန်းလေတော့သည်။