← Chapters

အခန်း ၉၈

Vol. 10 Ch. 98

အခန်း ၉၈

Vol. 10 Ch. 98

🍅 Chapter 98

“ဟုတ်တယ်၊ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးဖို့ကြိုးစားနေတာ မလုံလောက်လို့ ငါတို့ကိုပါ ဆွဲချချင်နေတာပေါ့လေ”

လူအုပ်ကြီးက သူမ၏ဇာတ်လမ်းကို လုံးဝမယုံကြည်ကြောင်း မြင်သောအခါ ဟောင်ချန်က မြေကြီးပေါ်သို့ တံတွေးထွေးချလိုက်၏။

“ထွီ၊ ငါ့မှာ ငွေရှာဖို့ နည်းလမ်းရှိလို့ နင်တို့အားလုံးကိုပါ ခေါ်ပြီး ငွေရှာပေးချင်တာကို၊ ကျေးဇူးကန်းတဲ့အလုပ်တွေ မလုပ်ကြနဲ့”

ရွာသားတစ်ယောက်က ရှေ့သို့ထွက်လာပြီး ပြောလိုက်လေ၏။

“ဟောင်ချန်၊ ခင်ဗျား ကျွန်တော့်ကိုတော့ လိမ်လို့မရဘူး၊ အဲဒီနေ့က ကျွန်တော် မြင်လိုက်တယ်၊ ခင်ဗျား ဆေးပင်တွေပါတဲ့ ခြင်းတောင်းကိုသယ်ပြီး ဖျန်းကျန်းမြို့က ဆေးဆိုင်တွေအနှံ့ ပြေးလွှားနေတာ၊ ဒါပေမဲ့ သူတို့က လက်မခံကြဘူးလေ”

“ကျွန်တော် စုံစမ်းကြည့်တော့ ဆေးဖက်ဝင်ဂုဏ်သတ္တိတွေကို နားမလည်ဘဲ ဆေးပင်တွေကို ပြုပြင်မထားရင် ဆေးဆိုင်က တစ်ပင်တောင်လက်မခံဘူးတဲ့”

အခြားရွာသားများ ဤစကားကို ကြားသောအခါ ချက်ချင်းဆိုသလို ဒေါသထွက်သွားကြလေသည်။

“အလိုလေး၊ ကိုယ့်ဘာသာ ကိုယ်တောင် မရောင်းနိုင်ဘဲနဲ့ ငါတို့ကို လာလိမ်ချင်သေးတယ်ပေါ့လေ”

“ဟုတ်ပါ့၊ ကျွန်တော်တို့တွေ အဲ့အဘွားကြီးရဲ့ ထောင်ချောက်ထဲ ကျလုနီးပါးပဲ”

“ဒါက လူတွေကို ဒုက္ခရောက်အောင် လုပ်နေတာ မဟုတ်ဘူးလား၊ ရွာလူကြီး ကျွန်တော်တို့အတွက် တရားမျှတအောင် ဆောင်ရွက်ပေးရမယ်”

“မှန်တယ်၊ အဘွာကြီးဟောင် စကားကိုသာ နားထောင်ခဲ့မိရင် ငါတို့ရဲ့ လုပ်အားတွေ အလကားဖြစ်ကုန်မှာပဲ”

“ပြီးတော့ ငါတို့ ရှာလာတဲ့ ဆေးပင်တွေက အဆိပ်ရှိနေရင် လူသတ်မိသလိုတောင် ဖြစ်သွားနိုင်တယ်”

လူတိုင်းက သူမအား စွပ်စွဲနေကြသည်ကို မြင်သောအခါ ဟောင်ချန်က မြေကြီးပေါ်သို့ နောက်တစ်ကြိမ် တံတွေးထွေးချလိုက်ပြန်သည်။

“ထွီ”

“ကျေးဇူးကန်းတဲ့ကောင်တွေ၊ နင်တို့တွေ တစ်သက်လုံး ဆင်းရဲနေတာနဲ့ပဲ တန်တယ်”

မူလက ရွာလူကြီးစုန့်ကျန်းရှု ရောက်လာသည်ကို မြင်သောအခါ ဟောင်ချန်သည် ဝူယွီလန်ထံမှ ဆေးဖိုးဝါးခ သို့မဟုတ် တစ်ခုခု တောင်းဆိုလိုခဲ့သည်။

သို့သော် သူမ အနေဖြင့် မည်သည့်အကျိုးအမြတ်မှ ရရှိမည်မဟုတ်ကြောင်း သိသွားလေပြီ။

ဟောင်ချန်တစ်ယောက် ဤနေရာတွင် ဆက်မနေလိုတော့ချေ။

သူမသည် ခေါင်းလှည့်ကာ ထွက်ခွာရန်ပြင်လိုက်သည်။

“နေဦး”

ရွာလူကြီးစုန့်ကျန်းရှုက စကားပြောလိုက်သည်နှင့်တစ်ပြိုင်နက် ရွာသားများက တံခါးဝကို ချက်ချင်းပင် ပိတ်ဆို့လိုက်ကြသည်။

“နင် သူတို့ရဲ့ ဆေးပင်တွေကို လုယူပြီး သူတို့ကလေးတွေကို ရိုက်နှက်ခဲ့တဲ့ကိစ္စက မပြီးသေးဘူးနော်”

ဟောင်ချန်မှာ အသက်ရှူပင် မှားသွားမတတ် ဖြစ်သွားရသည်။ သူမက သူမ၏ နှာခေါင်းကို လက်ညှိုးထိုးကာ ပြောလိုက်၏။

“သူက ငါ့ကို နှစ်ကြိမ်တောင် ရိုက်ပြီးပြီလေ၊ အဲဒါ မလုံလောက်သေးဘူးလား”

ရွာလူကြီးစုန့်ကျန်းရှု အေးစက်စက်နှာမှုတ်လိုက်သည်။

“အဲဒါက နင်နဲ့ တန်လို့ပဲ”

“နင်က သူတို့ရဲ့ ဆေးပင်တွေကို လုယူပြီး ကလေးတွေကို ရိုက်တယ်၊ သူတို့ရဲ့ အချိန်တွေကို ဘယ်လောက်တောင် ဖြုန်းတီးလိုက်မိသလဲ”

“အဘွားကြီးဝူ၊ လျော်ကြေးအဖြစ် ငွေဘယ်လောက်ဆို သင့်တော်မလဲဆိုတာ ပြောပါ”

လူတစ်ယောက်ကို နှစ်ကြိမ်တိုင်တိုင် ရိုက်နှက်ပြီးနောက် သူမ အနေဖြင့် လျော်ကြေးတောင်းခံခွင့်ရရှိဦးမည်ဟု ဝူယွီလန် လုံးဝ မျှော်လင့်မထားခဲ့ပေ။

“ကလေးတွေက ဆေးပင်တွေ အလုခံရတော့ အချိန်အတော်ကြာတဲ့အထိ ဆေးပင်သွားရှာဖို့ ကြောက်နေခဲ့ကြတယ်၊ ဖြုန်းတီးမိသွားတဲ့ အချိန်တွေအတွက် ထည့်မပြောရင်တောင်…. သူတို့ရဲ့ဒဏ်ရာတွေကို ကုသဖို့ ငွေအတော်များများ ကုန်ကျခဲ့တယ်၊ အဲဒါကြောင့်...”

သူမက လက်ငါးချောင်း ထောင်ပြလာသည်။

“ပြားငါးရာဟုတ်လား၊ နင် သွားပြီး ဓားပြတိုက်ပါလား”

ဝူယွီလန် ခေါင်းလှည့်ကာ ဟောင်ချန်ကို လှောင်ပြောင်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

“ငါ ဆိုလိုတာက ငွေငါးချောင်း”

ထိုစကားကို ကြားသောအခါ အဘွာကြီးဟောင်သည် မြေကြီးပေါ်သို့ ဖင်ထိုင်လျက်ကျသွားလေတော့၏။

“နင် သွားပြီး ဓားပြတိုက်ပါလား”

ဝူယွီလန် အသံမထွက်ဘဲ ပါးစပ်လှုပ်၍ ပြောလိုက်သည်။

“အခု ငါ လုပ်နေတာ အဲဒါပဲ မဟုတ်ဘူးလား”

ဟောင်ချန်မှာ ဒေါသထွက်လွန်း၍ မျက်လုံးများပင် ပြူးကျယ်သွားလေသည်။

“ငါ့မှာ ငွေတစ်ပြားမှမရှိဘူး၊ နင် ငါ့အသက်ကိုလိုချင်ရင် လာသတ်သွားလိုက်”

“ငွေငါးချောင်းဆိုတာကတော့ တကယ်ပဲ နည်းနည်းများလွန်းပေမယ့် သင့်တော်ပါတယ်၊ ဒီလိုလုပ်…. ဟောင်ချန်၊ နင် ငွေငါးချောင်း ပေးလိုက်၊ အဲဒါဆို ဒီကိစ္စ ပြီးပြီလို့ သတ်မှတ်လိုက်မယ်”

ရွာလူကြီး စုန့်ကျန်းရှုက ဟောင်ချန်၏ သားနှစ်ယောက်ကို လှမ်းကြည့်လိုက်သည်။

“မင်းတို့ နှစ်ယောက် ကန့်ကွက်စရာရှိသေးလား”

စုန့်ချန်သည် အနီးနားတွင် ရပ်နေသော စုန့်ကျစ်ချုံးကို တစ်ချက်လှမ်းကြည့်လိုက်၏။

စုန့်ကျစ်ချုံးလက်ခုံပေါ်မှ သွေးကြောများ အနည်းငယ် ဖောင်းကြွလာသည်ကို မြင်သောအခါ အလျင်အမြန် ခေါင်းခါယမ်းပြလိုက်သည်။

စုန့်ကန်မှာ ငွေပေးရမည်ကို နှမြောနေပြီး စကားပြောရန် ဟန်ပြင်နေစဉ်မှာပင် ဇနီးသည်က သူ့နဖူးကို ဖြတ်ရိုက်လိုက်လေသည်။

ရွာလူကြီး စုန့်ကျန်းရှု : “...”

“မင်းတို့ ကန့်ကွက်စရာ မရှိဘူးဆိုတော့ ဒီကိစ္စကို အတည်ပြုလိုက်ပြီ”

ဟောင်ချန်ကို အကြွေးမပေးဘဲ လိမ်ပြေးခွင့်ပြု၍မရနိုင်ကြောင်း ဝူယွီလန် ပြောရန်ပြင်နေစဉ်မှာပင် ရွာလူကြီးစုန့်ကျန်းရှု ဆက်ပြောလာသည်ကို ကြားလိုက်ရသည်။

“အဘွာကြီးဟောင်၊ အိမ်ပြန်ပြီး ငွေသွားယူချေ”

‘ဒီရွာလူကြီးစုန့်ကျန်းရှုက ဒီလိုကိစ္စတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ တကယ်သိတာပဲ’ ဟု သူမ ရင်ထဲတွင် တိတ်တဆိတ် တွေးတောလိုက်မိသည်။

သို့သော် ဟောင်ချန်သည် မြေကြီးပေါ်တွင် လဲလျောင်းကာ သေချင်ယောင်ဆောင်နေလေသည်။

ဝူယွီလန်က သူမအား သေ‌ချင်ယောင်ဆောင်ရုံမျှဖြင့် ဒီအတိုင်း အလျှော့ပေးလိုက်ရမည်လော။

တံမြက်စည်းတစ်ချောင်းက ဟောင်ချန်အပေါ်သို့ ကျဆင်းလာသည်။

ဟောင်ချန်မှာ လန့်ဖျပ်သွားပြီး အပေါ်သို့ပင် ခုန်တက်သွားလေသည်။

သူမသည် မတော်တဆ ခါးကြောညပ်သွားသဖြင့် ခါးကို ကိုင်ကာ “အမလေး... အမလေး...” ဟု ကျယ်လောင်စွာ အော်ဟစ်ငိုယိုနေလေတော့သည်။

ရွာလူကြီးစုန့်ကျန်းရှုကလည်း သူမကို လုံးဝ အလျှော့မပေးချေ။

“ငွေမပေးရင် ပစ္စည်းတွေသိမ်းပြီး စုန့်မိသားစုရွာထဲက ထွက်သွားတော့၊ လူတိုင်းက နင့်ကို သည်းခံလာခဲ့တာ နှစ်ဆယ်နဲ့ချီ ကြာလှပြီ၊ ငါတို့လည်း သည်းခံရတာလုံလောက်ပြီ”

ထိုစကားကို ကြားသောအခါ ရွာသားများက တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်ထောက်ခံကြလေသည်။

ဟောင်ချန်သည် ရန်တွေ့တတ်သူဖြစ်ကာ အခွင့်အရေးရလျှင် ရသလို အမြတ်ထုတ်တတ်ပြီး မရလျှင်လည်း အတင်းအဓမ္မ လုပ်ယူတတ်သည်။

ရက်အနည်းငယ်ခြားတစ်ခါ မြေကိစ္စနှင့် ရန်ဖြစ်လျှင်ဖြစ်၊ မဟုတ်ရင် ခိုးဝှက်တတ်၏။

တခြားသူများ၏ ကြက်ဘဲများ သူမ မြေပေါ်သို့ ရောက်လာလျှင်လည်း သူမ အပိုင်ဖြစ်သွားလေတော့သည်။

သူမ၏ အပြုအမူများက အလွန်ဆိုးရွားလွန်းသဖြင့် ရွာထဲရှိလူတိုင်းက သူမကို ရွံရှာမုန်းတီးကြသည်။

မူလခန္ဓာကိုယ်ပိုင်ရှင် (ဝူယွီလန်) က သူမ၏သားများ၊ ချွေးမများနှင့် မြေးများကို နှိပ်စက်ရန်သာ အာရုံစိုက်ခဲ့၏။

သို့သော် ဟောင်ချန်ကမူ ရွာသားများကို နှိပ်စက်ရန်သာ အပြည့်အဝအာရုံစိုက်ခဲ့ပြီး နှစ်များတစ်လျှောက် ရွာထဲရှိ မိသားစုများစွာနှင့် အငြိုးအတေးများရှိနေခဲ့သည်။

ယခင်က ဟောင်ချန်၏သားနှစ်ယောက်လုံးမှာ ကြွက်သားအမြှောင်းမြှောင်းနှင့် ကုန်သည်အစောင့်များ ဖြစ်ကြသဖြင့် သူတို့ကို ကြောက်မက်ဖွယ်ကောင်းသူများဟု လူတိုင်းက ထင်မှတ်ကာ ရမ်းကားစွာမလုပ်ရဲခဲ့ကြပေ။

တကယ်တမ်းကျတော့... စုန့်ချန်နှင့် စုန့်ကန်တို့မှာ သတ္တိကြောင်သူနှစ်ယောက်သာ ဖြစ်နေသည်။

ရွာလူကြီးက သူတို့ကို ရွာထဲမှနှင်ထုတ်ရန် ရည်ရွယ်ထားသည်ကို မြင်သောအခါ ဟောင်ချန်နှင့် အငြိုးအတေးရှိခဲ့သော ရွာသားများက တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ထွက်လာကြလေ၏။

“ဟုတ်တယ်၊ ငါတို့ရွာထဲက ထွက်သွားစမ်း၊ နင်က ဒီမှာ ငါတို့ရွာရဲ့နာမည်ကို ဖျက်ဆီးနေတာပဲ”

လူအုပ်ထဲမှ တစ်ယောက်က အော်ဟစ်လိုက်ရာ ဤစကားသည် ယမ်းကြိုးကို မီးရှို့လိုက်သကဲ့သို့ ရွာသားများ၏စိတ်ခံစားမှုများကို ချက်ချင်းပေါက်ကွဲသွားစေတော့သည်။

“မှန်တယ်၊ ရွာထဲက မြန်မြန်ထွက်သွားစမ်း၊ အမြဲတမ်း အချောင်ခို၊ လိမ်လည်လှည့်စားပြီး ရသမျှ အခွင့်အရေးတိုင်းကို အမြတ်ထုတ်တတ်တဲ့ နင့်လိုလူမျိုး ရွာထဲမှာနေပြီး အရာအားလုံးကို ဖရိုဖရဲဖြစ်အောင် လုပ်နေတာ ငါတို့ မလိုချင်ဘူး”

All Chapters