အခန်း ၉၉
Vol. 10 Ch. 99
🍅 Chapter 99
အခြားတစ်ယောက်က ဝင်ပြောလာသည်။
“ထွက်သွား”
“ထွက်သွား”
“ထွက်သွား”
“ထွက်သွား”
ခဏအတွင်းမှာပင် “ထွက်သွား” ဟူသော အော်ဟစ်သံများက လှိုင်းလုံးများအလား တစ်လုံးထက်တစ်လုံး ပိုမိုကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။
ဟောင်ချန်သည် ရွာသားများ တင်းကျပ်စွာဝိုင်းရံထားသော လူအုပ်ကြီး၏အလယ်တွင် ရပ်နေရ၏။
သူမ မျက်နှာမှာ ဒေါသကြောင့် နီရဲနေပြီး ပတ်ဝန်းကျင်ရှိလူများကို လက်ညှိုးထိုးကာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
“အော်…. ဒီလိုကိုး၊ နင်တို့အားလုံးက ပုံမှန်ဆို ရိုးသားပြီး ခရုတွေလိုငြိမ်ကုပ်နေတဲ့ဟန် ဟန်ဆောင်နေကြပေမယ့် ရင်ထဲမှာတော့ ငါ့ကို ဘယ်လိုဒုက္ခပေးရမလဲဆိုတာကိုပဲ တွေးနေကြတာမဟုတ်လား”
သူမသည် ခါးထောက်ကာ မျက်လုံးများကို ပြူးကျယ်ထားပြီး ဒေါသများပြည့်နှက်နေကာ ပေါက်ကွဲထွက်တော့မည့်ပုံဖြင့် ရပ်နေလေ၏။
“ငါ့ကို ရွာထဲက ထွက်သွားစေချင်တယ်ပေါ့လေ”
ဟောင်ချန်၏ အသံမှာ ပိုမိုစူးရှလာသည်။
“ထွီ…. လုံးဝ မဖြစ်နိုင်ဘူး”
“ငါက ဒီရွာမှာ ဆက်နေပြီး နင်တို့ရဲ့ ဘဝတွေကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် လုပ်ပစ်ဦးမှာ”
ထိုစကားကို ကြားသောအခါ ရွာသားများအားလုံး ဒေါသကြောင့် တုန်ယင်သွားကြလေသည်။
“ရွာလူကြီး၊ သူ့ကို ကြည့်ပါဦး”
လူအုပ်ထဲမှ ရုတ်တရက် ကျယ်လောင်သောအော်ဟစ်သံတစ်ခု ထွက်ပေါ်လာရာ လူတိုင်း၏အာရုံစိုက်မှုများက ထိုနေရာသို့ ရောက်ရှိသွားသည်။
“သူ့ကို ဒီလိုမျိုး ရွာထဲမှာ ဆက်ပြီး ပြဿနာရှာခွင့်ပေးထားမယ်ဆိုရင် နောင်ကျရင် ကျွန်တော်တို့ရွာက ဘယ်လို နာမည်ကောင်းကျန်တော့မှာလဲ”
အခြားတစ်ယောက်ကလည်း စိုးရိမ်တကြီး ထပ်ဖြည့်ပြောလိုက်သည်။
“ဟုတ်ပါ့၊ ဒီမိန်းမက ဒီလောက်တောင် ရန်တွေ့တတ်တာ၊ နောင်ကျရင် ရွာထဲက မိန်းကလေးတွေ အိမ်ထောင်မကျဘဲဖြစ်နေမှာ၊ ယောကျ်ားလေးတွေလည်း မိန်းမမရဘဲ ဖြစ်နေမှာကိုတောင် စိုးရိမ်ရတယ်”
လူတစ်ယောက်က စိုးရိမ်ပူပန်မှုများ အပြည့်ဖြင့် ပြောလိုက်သည်။
ဆွေးနွေးပြောဆိုသံများကြားတွင် ရွာလူကြီးစုန့်ကျန်းရှု၏ မျက်နှာအမူအရာမှာ လုံးဝအေးစက်သွားပြီး မျက်ခုံးများကို တင်းကျပ်စွာ ကြုတ်ထားလေသည်။
“ငါ နောက်ဆုံးအကြိမ်ပြောမယ်၊ အခုချက်ချင်း ငွေပေးပြီး လူပုံအလယ်မှာတောင်းပန်မလား၊ ဒါမှမဟုတ်ရင် ခဏနေကျရင် ငါ့လူတွေကို နင့်ပစ္စည်းတွေသိမ်းခိုင်းပြီး နင့်မိသားစုတစ်ခုလုံးကို ရွာထဲကနေ နှင်ထုတ်ပစ်ရမလား”
ရွာလူကြီးစုန့်ကျန်းရှု၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရသော်လည်း ဟောင်ချန်က ကြောက်ရွံ့သည့် အရိပ်အယောင် အနည်းငယ်မျှပင်မပြပေ။
သူမ ရွာထဲမှ မထွက်ခွာလိုသရွေ့ မည်သူကမျှ သူမကို အမှန်တကယ် နှင်ထုတ်ရဲမည် မဟုတ်ဟု ရင်ထဲတွင် တိတ်တဆိတ် တွေးတောနေမိသည်။
“လာလေ၊ သတ္တိရှိရင် ငါ့ကို နှင်ထုတ်ကြည့်စမ်း”
ဟောင်ချန် ရန်စသည့်ဟန်ဖြင့် အော်ဟစ်လိုက်၏။
သူမ၏အသံမှာ တိတ်ဆိတ်နေသော လူအုပ်ကြီးကြားတွင် အထူးပင် နားခါးစရာ ကောင်းနေလေသည်။
၎င်းကိုမြင်သောအခါ ရွာလူကြီးစုန့်ကျန်းရှု၏ ရင်တွင်းမှဒေါသမီးများ ချက်ချင်းပင် တောက်လောင်သွားလေသည်။
သူသည် မျက်လုံးများပြူးကျယ်လာကာ ဟောင်ချန်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး တုံ့ဆိုင်းနေခြင်းမရှိဘဲ လက်ဆန့်တန်းကာ လူအနည်းငယ်ကို လက်ညှိုးထိုးပြလိုက်သည်။
“ကျန်းပေမိသားစုက လူတွေရယ်၊ ချန်ချင်းမိသားစုက လူတွေရယ်၊ ငါနဲ့လိုက်ခဲ့၊ သူတို့ပစ္စည်းတွေကို သွားရွှေ့ကြမယ်”
အမည်ခေါ်ခံရသူများမှာ အနည်းငယ်တွန့်ဆုတ်သွားကြသော်လည်း ရွာလူကြီးစုန့်ကျန်းရှု၏ လေးနက်သောမျက်နှာအမူအရာကို မြင်သောအခါ လိမ္မာပါးမယ်စွာပင် ရှေ့သို့ ထွက်လာကြလေ၏။
“သူတို့ကို ရွာထဲက နှင်ထုတ်ပြီးသွားရင် သူတို့ရဲ့မြေတွေကို အားလုံးကြားမှာ ပြန်လည်ခွဲဝေပေးမယ်”
ရွာလူကြီးစုန့်ကျန်းရှု၏စကားများက လေးလံသော တူကြီးတစ်လက်အလား ဟောင်ချန်၏ရင်ဘက်ကို ပြင်းထန်စွာ ထုနှက်လိုက်လေသည်။
လူတိုင်းက ထိုသို့ပြုလုပ်ရန် အချိန်အတော်ကြာကတည်းက စိတ်အားထက်သန်နေခဲ့ခြင်းဖြစ်ကြသည်။
ရွာလူကြီးစုန့်ကျန်းရှု၏စကားကို ကြားသောအခါ သူတို့က တစ်ယောက်ပြီးတစ်ယောက် အရှေ့သို့ထွက်လာကြပြီး ရွာလူကြီး၏အနောက်မှနေ၍ ဟောင်ချန်၏အိမ်ဆီသို့ လိုက်ပါသွားကြလေသည်။
ရွာလူကြီးစုန့်ကျန်းရှုက သူမကို လုံးဝမျက်နှာမထောက်ထားဘဲ ဤမျှလောက်အထိ ပြုမူလိမ့်မည်ဟု ဟောင်ချန် မထင်ထားခဲ့ပေ။
ဤအခြေအနေကို မြင်သောအခါ လျိုမေဖန်မှာ ပိုပိုစိုးရိမ်ပူပန်လာလေသည်။
အကယ်၍ သူတို့သာ ရွာထဲမှ အမှန်တကယ် နှင်ထုတ်ခံရပါက သွားစရာနေရာ ရှိမည်မဟုတ်ကြောင်း သူမ ရင်ထဲတွင် ကောင်းစွာ သိရှိထားသည်။
မည်သို့ပင်ဆိုစေ စုန့်မိသားစုရွာမှလွဲ၍ သူတို့လို မိသားစုမျိုးကို ဘယ်နေရာက လက်ခံပေးနိုင်မည်နည်း။
သူမကို ပို၍ စိုးရိမ်စေသည်မှာ သူတို့၏မြေဧက (မူ) အနည်းငယ်မှာ ငွေချောင်း ဆယ်ဂဏန်းပေါင်းများစွာတန်ဖိုးရှိနေခြင်းပင် ဖြစ်သည်။ ၎င်းမှာ သေးငယ်သော ပိုင်ဆိုင်မှုတစ်ခု မဟုတ်ပေ။ သူတို့က တကယ်ပဲ ဒီအတိုင်း အလွယ်တကူ လက်လွှတ်လိုက်လို့ ဖြစ်ပါ့မလား။
ဤသို့တွေးမိသောအခါ လျိုမေဖန်မှာ သူမ ရင်တွင်းမှ စိုးရိမ်ပူပန်မှုများကို ဆက်လက်၍ မအောင့်အည်းထားနိုင်တော့ချေ။
သူမသည် ခင်ပွန်းဖြစ်သူကို ကန်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်လေ၏။
“တစ်ခုခုပြောလိုက်လေ၊ မြန်မြန်လုပ်၊ ကျွန်မတို့ မိသားစုတစ်ခုလုံး လမ်းဘေးမှာအိပ်ရတဲ့ဘဝမျိုး ရောက်သွားတာကို ရှင် တကယ်လိုလားနေတာလား”
“ကျွန်မ ရှင့်ကိုပြောမယ်၊ ကလေးတွေက မင်ကျစ်စာသင်ကျောင်းမှာ စာဆက်သင်ဖို့လိုသေးတယ်၊ ဘာပဲဖြစ်ဖြစ် ကျွန်မတို့ စုန့်မိသားစုရွာကနေ ထွက်သွားရလို့မဖြစ်ဘူး”
အနီးအနားရှိ စာသင်ကျောင်းများထဲတွင် မင်ကျစ်စာသင်ကျောင်းလောက် ဈေးသက်သာသောကျောင်းမရှိကြောင်း လျိုမေဖန် ကောင်းကောင်းသိရှိထားသည်။
အကယ်၍ သူတို့ အခြားနေရာသို့ သွားရမည်ဆိုပါက တစ်နှစ်လျှင် ငွေသုံးချောင်းမှ ငါးချောင်းခန့်မရှိဘဲ လုံးဝမဖြစ်နိုင်ချေ။
စုန့်ကန်မှာ သူ့ဇနီး၏ကန်ချက်ကြောင့် အနည်းငယ် ကြောင်အမ်းအမ်းဖြစ်သွားသော်ငြား လက်ရှိအခြေအနေ၏ ဆိုးရွားမှုကို သူလည်း သဘောပေါက်သွားလေသည်။
စုန့်ကန်သည် သူ့တင်ပါးကို သူ ကိုင်ကာ အလျင်အမြန် ပြေးထွက်သွားလေ၏။
“အမေ၊ ကျွန်တော်တို့မိသားစု ရွာထဲက နှင်ထုတ်ခံရတာကို အမေ တကယ်လိုချင်နေတာလား”
သားဖြစ်သူ၏မေးခွန်းထုတ်မှုကို ရင်ဆိုင်ရသောအခါ ဟောင်ချန်မှာ အနည်းငယ် အကူအညီမဲ့သွားလေသည်။
“သားလေး၊ အမေက အဲဒီသဘောပြောတာမဟုတ်ပါဘူး၊ သူတို့အားလုံးက ငါတို့ မိသားစုကို အနိုင်ကျင့်နေကြတာလေ”
“တော်ပါတော့”
စုန့်ချန်ကပါ သူ့မျက်နှာသူ အုပ်ကာ ရှက်ရွံ့နေဟန်ဖြင့် တိုက်တွန်းလာလေ၏။
“ငွေကို မြန်မြန်ပေးလိုက်ပါ၊ ဒါမှ ကျွန်တော်တို့ အိမ်ပြန်လို့ရမှာ”
သူသည် စကားပြောနေရင်းမှ ဇနီးဖြစ်သူ ကျန်းရှီကို တွဲခိုင်းကာ အပြင်သို့ ထွက်လာခဲ့သည်။ သူ အိမ်ကို အမြန်ပြန်ပြီး သူတို့ကို တားရပေမည်။
အကယ်၍ သူတို့မိသားစု၏ပစ္စည်းများကို ရွာထဲမှ တကယ်ကြီး ထုတ်ပစ်ခံရပါက ဒုက္ခကြီးသွားပေလိမ့်မည်။
စုန့်ကန် သူ့မိခင်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။
“အမေက ဒီပြဿနာတွေကို ဖန်တီးခဲ့တာ၊ အမေ့ဘာသာပဲ ဖြေရှင်းလိုက်တော့၊ တကယ်လို့ ကျွန်တော်တို့ အိုးမဲ့အိမ်မဲ့ဖြစ်ပြီး အမေ့မြေးသုံးယောက် စာသင်စရာ စာအုပ်တွေ မရှိတော့ရင် ကျွန်တော် ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး”
စကားပြောရင်း သူသည်လည်း ဇနီးဖြစ်သူ လျိုမေဖန်ကို ဂရုတစိုက် ဆွဲခေါ်ကာ ထွက်သွားလေသည်။
ဟောင်ချန်သည် ဂနာမငြိမ်ဖြစ်နေသော လူအုပ်ကြီးကို ကြည့်ကာ သူမ၏ပေါင်ကိုသူမ ပြန်ရိုက်လိုက်သည်။
“သေသင့်တဲ့အကောင်တွေ၊ နင်တို့အားလုံးက ငါလိုအဘွားအိုကြီးကို ဝိုင်းအနိုင်ကျင့်နေကြတာပဲ”
“တကယ့် အကုသိုလ်ပဲ၊ ဆေးပင်နည်းနည်းလေးအတွက် ငွေငါးချောင်းတောင် တောင်းနေတာ၊ ဒါက သက်သက်ဓားပြတိုက်နေတာပဲ”
“နတ်မင်းကြီးမှာ မျက်စိမပါဘူးလား”
“နတ်မင်းကြီး၊ မျက်စိမပါဘူးလား”
ရွာလူကြီးစုန့်ကျန်းရှုက သူတို့မိသားစုကို ရွာထဲမှ တကယ်နှင်ထုတ်ရဲကြောင်း သိထားသဖြင့် သူမသည် ကျိန်ဆဲရုံသာ တတ်နိုင်တော့၏။
ရင်ထဲတွင် မွန်းကျပ်ပြီး မကျေမနပ်ဖြစ်နေကာ သူမ ရင်ခွင်ထဲမှ ငွေအနည်းငယ်ကို ထုတ်ယူပြီး အကြိမ်ကြိမ်ရေတွက်နေသော်လည်း ပေးရန်နှမြောနေမိသည်။