ငတုံးမလေး
Vol. 13 Ch. 199
သတ္တမမြောက်တောင်ထိပ်၏ ပြိုင်ပွဲကြီးသည် သတ္တမမြောက်သခင်ကြီး၏ အိုမင်းရင့်ရော်သောအသံဖြင့် အဆုံးသတ်သွားသည်။
ယခုတစ်ခေါက် ရေသူမမျိုးနွယ်တွင် မဟာမိတ်များဖြစ်ခွင့်ရရန် အခွင့်အရေးများ မရခဲ့သည့်အပြင် ရွေးချယ်ရန် အရည်အချင်းလည်း မပြည့်မီခဲ့ပေ။
ရေသူမမျိုးနွယ်ဝင်တစ်ဝက်ကျော် သေဆုံးသွားခဲ့ပြီး ရေသူမမျိုးနွယ်၏ အဆင့်မြင့်ပညာရှင်များမှာလည်း ချုပ်နှောင်ခံရကာ ကျေးကျွန်အဖြစ် သွတ်သွင်းခြင်း ခံလိုက်ရသည်။ ကျွန်းလေးကျွန်းပေါ်ရှိ စည်းစိမ်ဥစ္စာများသည်လည်း လုယက်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။ သို့သော်လည်း မျိုးနွယ်စုတစ်စု၌ သိမ်းဆည်းထားသော ရတနာများစွာ ရှိနေမည်မှာ သေချာသည်။
သို့ပေမည့် ယင်းရတနာများသည် ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူများ ထိပါးခွင့်မရှိသည့်အရာများ ဖြစ်ပေသည်။
မန္တန်အစီအရင်ဖြင့် ဖိနှိပ်ထားပါသော်လည်း ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူများ အာရုံမခံနိုင်သည့် လျှို့ဝှက်အခန်းများနှင့် ရတနာတိုက်များစွာ ရှိနေသေးသည်။ ယခုပြိုင်ပွဲပြီးသည်နှင့် သတ္တမမြောက်တောင်ထိပ်၏ အခြေတည်အဆင့်ကျင့်ကြံသူများက စားသောက်ပွဲကြီး ကျင်းပကြမည်မှာ မှန်းဆကြည့်နိုင်သည်။
“ ဒီတစ်ခေါက် ချီရွှဲ့ထုံဂိုဏ်းက အလဲသိပ်သွားခဲ့တာကွ။ မြားတစ်စင်းတည်းနဲ့ ငှက်တွေအများကြီး ပစ်ချလိုက်တယ်လို့တောင် ပြောလို့ရတယ် ”
ကျန်းစန်း၏ ကျောပေါ်တွင် လှဲနေသော ခေါင်းဆောင်က တဟားဟား ရယ်မောလိုက်သည်။ သူ၏ ရယ်မောခြင်းသည် သူ့ဒဏ်ရာများအပေါ် သက်ရောက်သွားဟန်တူသည်။ လက်စမသတ်ရသေးသည့် ပန်းသီးကို သူ အလျင်အမြန် ထုတ်ယူလိုက်ပြီး တစ်ကိုက်ကိုက်လိုက်သည်။ ထို့နောက် နာကျင်မှု လျော့နည်းသွားသည့်အလား သူ့မျက်နှာပေါ်တွင် အားရကျေနပ်သည့်အမူအရာ ပေါ်လာသည်။
“ ဘယ်လောက်တောင်လဲ ”
ကျန်းစန်းက သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်သည်။
“ ရေသူမမျိုးနွယ်ပိုင်နက်ကို ပြိုင်ပွဲကြီး ကျင်းပမယ့်နေရာ သတ်မှတ်လိုက်တာက အပေါ်ယံအစီအစဉ်ပဲ။ ပထမအဆင့်အနေနဲ့ သာမန်ဂိုဏ်းသားတွေ လုယူတယ်။ ပြီးရင် အခြေတည်အဆင့်ကျင့်ကြံသူတွေက လုယူမယ်။ အဲဒါပြီးရင် အမြုတေအဆင့်ကျင့်ကြံသူတွေက ယူမယ်။ နောက်ဆုံးကျရင် မြေခွေးအိုကြီးတွေက လုယူမယ် ”
“ အဲဒါဆိုရင် ရေသူမမျိုးနွယ်ရဲ့ အမွေတွေအားလုံး ပြောင်သွားမှာပဲ။ ဒါက ပထမငှက် ”
“ လျှို့ဝှက်အစီအစဉ်ကတော့ ရေသူမမျိုးနွယ်ကို ငါးစာအနေနဲ့ အသုံးချပြီး အဏ္ဏဝါရုပ်အလောင်းမျိုးနွယ် ထွက်လာအောင် လုပ်တယ်။ အဲဒီကနေ ကျင့်ကြံခြင်းအဆင့်တက်တာ မကြာသေးလို့ ဆာလောင်နေတဲ့ ဘိုးဘေးကို အစားအစာရစေတယ်။ ဒါက ဒုတိယငှက်ပဲ ”
“ ပြီးတော့ ဒီလိုတိုက်ခိုက်လိုက်တာက ဘေးပတ်လည်က လူသားမဟုတ်တဲ့ မျိုးနွယ်တွေကို ခြိမ်းခြောက်လိုက်သလိုဖြစ်သွားပြီးတော့ ချီရွှဲ့ထုံဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို တိုးပွားသွားစေတယ်။ ဒါကတော့ တတိယငှက်ပေါ့ ”
“ စတုတ္ထမြောက်ငှက်ကတော့ ရေသူမမျိုးနွယ်က ချီရွှဲ့ထုံဂိုဏ်းနဲ့ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကြားက ဗျူဟာကျတဲ့နေရာမှာ ရှိနေတာ။ ဒီနေရာမှာ နေပြီး ဖားခုန်နည်းဗျူဟာနဲ့ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကို တိုက်ခိုက်လို့ရတယ်။ ငါ ထင်တာတော့ သိပ်မကြာခင် စစ်ပွဲစလောက်မယ် ”
ဘေးမှ ခေါင်းဆောင်က ဝေဖန်သုံးသပ်နေပြီး ရွှီချင်းက နားထောင်နေသည်။ အစောပိုင်းက အဓိကအချက်အလက်များစွာ မရှိ၍ သူနားမလည်ခဲ့သော်လည်း ခေါင်းဆောင်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ချက်ချင်း နားလည်လာရသည်။ သို့သော်လည်း သူ အနည်းငယ် စိတ်ရှုပ်ထွေးသွားကာ မေးမြန်းလိုက်သည်။
“ ဘာလို့ဘိုးဘေးက အဆင့်တက်ပြီးတော့ ဆာနေရတာတုံး ”
“ မင်း မသိချင်လောက်ဘူး ”
ခေါင်းဆောင်က ရွှီချင်းကို အဓိပ္ပာယ်ရှိသောအကြည့်ဖြင့် ကြည့်လိုက်သည်။
ကောင်းကင်ဝေဟင်ပြင်ရှိ သတ္တမမြောက်သခင်ကြီးက အားရကျေနပ်နေဟန်ဖြင့် မြေပြင်ကို ဝေ့ကြည့်လိုက်ပြီး လက်ကိုဝှေ့ယမ်းပြလိုက်သည်။ ရုတ်တရက် သူ့အောက်မှ အတောင်ပံကြီးက အော်ဟစ်ကာ ခရမ်းရောင်အလင်းတန်းတစ်တန်းကို ထွေးထုတ်လိုက်သည်။
ထိုအလင်းတန်း ဆင်းသက်လာသောအခါ ပြန့်ကားသွားပြီး အလင်းပင်လယ်ကြီး ဖြစ်သွားသည်။ ၎င်းက ကျွန်းလေးကျွန်းကို ဖုံးလွှမ်းသွားပြီးနောက် တည်နေရာရွှေ့ပြောင်းခြင်း အသက်ဝင်လာသည်။
ရွှီချင်းသည် စိတ်သက်သာရာရသွားဟန်ဖြင့် ကြိတ်၍ သက်ပြင်းချလိုက်သည်။ ထို့နောက် သူနှင့် တခြားလူများအားလုံး အစအနရှာမရအောင် ပျောက်သွားပြီး ချီရွှဲ့ထုံဂိုဏ်း၏ တောင်ဂိတ်တံခါးသို့ ပြန်လည်ရွှေ့ပြောင်းနေသည်။
သူတို့ ထွက်သွားပြီးနောက် ကောင်းကင်ယံရှိ အခြေတည်အဆင့်ကျင့်ကြံသူများ၏ မျက်လုံးများ ဝင်းလက်သွားသည်။
သတ္တမမြောက်သခင်ကြီးက သူတို့ကို ကြည့်၍ ပြုံးလိုက်သည်။
“ သွားတော့ ”
သူ့စကားဆုံးသည်နှင့် အခြေတည်အဆင့်ကျင့်ကြံသူတစ်ရာက အလင်းတန်းတစ်ရာအဖြစ် ပြောင်းလဲသွားပြီး ကျွန်းလေးကျွန်းသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။ ထိုအခြေတည်အဆင့်ကျင့်ကြံသူများသည် ကိုယ်ကျိုးသာမရှိပါက ဤနေရာသို့ ရောက်လာမည် မဟုတ်ပေ။
မကြာသေးခင်က ပြိုင်ပွဲကျင်းပနေပြီး ပြိုင်ပွဲဝင်များအားလုံးက ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်နေသည်ကို သူတို့ စိတ်ထဲမရှိကြဘဲ ယခုအခါ သာမန်ဂိုဏ်းသားများအားလုံး ထွက်သွားပြီဖြစ်၍ သူတို့မျက်လုံးများ ဝင်းလက်နေကာ ကျွန်းလေးကျွန်းပေါ်တွင် ပိုက်စိပ်တိုက်လိုက်ရှာလိုက်ကြလေသည်။
တချိန်တည်းမှာပင် ချီရွှဲ့ထုံဂိုဏ်းပင်မမြို့ကြီး၏ အလယ်ဗဟိုယဇ်ပလ္လင်အထက်ရှိ လေထဲတွင် ခရမ်းရောင်အလင်းပင်လယ်ကြီးက ဧရာမစက်ဝိုင်းတစ်ခုအသွင်ဖြင့် ရုတ်တရက် ပေါ်ထွက်လာသည်။ ချီရွှဲ့ထုံဂိုဏ်းသားများ ရုပ်လုံးပေါ်လာပြီး မြေပြင်သို့ ဆင်းသက်သွားကြသည်။
ပြန်ရောက်လာသည့်လူများက နှစ်ထောင်အောက်နည်းနေပြီး ထိုလူများတွင်လည်း ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါများ ထွက်နေသည်ကို ရွှီချင်း သတိထားမိလိုက်သည်။
“ ငါတို့ သွားတုန်းက လေးထောင်ကျော်ပဲ။ အခုကျ တစ်ဝက်ကျော်လောက် မရှိတော့ဘူး ”
တည်နေရာရွှေ့ပြောင်းခံရစဉ်က ရွှီချင်းသည် ကျန်းစန်း၊ ခေါင်းဆောင်တို့နှင့် ကွဲသွားသည်။ သူက ဘေးပတ်လည်ကို ဝေ့ကြည့်လိုက်ပြီး ချီရွှဲ့ထုံဂိုဏ်းပြိုင်ပွဲကြီး၏ ရက်စက်ကြမ်းကြုတ်မှုကို ပို၍ နားလည်သွားသည်။
ထိုပြန်ရောက်လာသော ဂိုဏ်းသားများ၌ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များအပြင် စိတ်လှုပ်ရှားနေသည့်အရိပ်အယောင်များလည်း ရှိနေသည်ကို သူ သတိထားမိလိုက်သည်။ ယခုတစ်ခေါက် ရခဲ့သည့် အကျိုးအမြတ်က ကြောက်ခမန်းလိလိပင် မဟုတ်ပါလား။ လူအုပ်ထဲတွင် ဖက်တီးလေးကိုပင် သူ မြင်လိုက်ရသည်။
ပြိုင်ပွဲအတွင်း ဖက်တီးလေး သွားခဲ့သည့် ကျွန်းက ရွှီချင်း ရောက်သွားသည့်ကျွန်းနှင့် ကွဲပြားသည်။ ထိုအချိန်၌ ဖက်တီးလေး၏ မျက်နှာတွင် ပျော်ရွှင်ခြင်းများ ဝေဆာနေသည်။ သူ့ခါးမှာ သိုလှောင်အိတ် ခုနစ်အိတ်၊ ရှစ်အိတ်ခန့်ရှိပြီး သူ့ပုံစံက ဆောင့်ကြွားကြွား ဖြစ်နေသည်။
ရွှီချင်း၏အကြည့်ကို သူ သတိထားမိလိုက်ပြီးနောက် ရွှီချင်း၏ဘေးသို့ သူ စိတ်လှုပ်တရှား ပြေးသွားသည်။
“ ဘယ်လိုလဲ။ မျိုးမျိုးမြတ်မြတ် ရခဲ့တယ်မလား။ ငါလည်း ဒီတစ်ခေါက် ပွလာတယ်ကွ ”
ရွှီချင်းက ခေါင်းညိတ်ပြလိုက်သည်။ သို့သော်လည်း သူ ခေါင်းတဆစ်ဆစ် ကိုက်နေဆဲ ဖြစ်ပြီး သူ့တစ်ကိုယ်လုံး ထိန်းမရအောင် အားနည်းလာကာ အနည်းငယ် မောပန်းနွမ်းနယ်နေသည်။
ဖက်တီးလေးက စကားဆက်ပြောမည်ပြုစဉ် ကောင်းကင်ယံရှိ အလင်းပင်လယ်ထဲမှ လူရိပ်တစ်ရိပ် ထွက်လာသည်။ ထိုလူရိပ်ပေါ်လာသည်နှင့် ဘေးပတ်ဝန်းကျင်သို့ ကျင့်ကြံခြင်းအငွေ့အသက်များ ချက်ချင်း သက်ရောက်သွားပြီး ဂိုဏ်းသားများ ငြိမ်သက်သွားကာ အပေါ်သို့ မော့ကြည့်လိုက်ကြသည်။
ရွှီချင်းသည်လည်း မော့၍ ကြည့်လိုက်ရာ ထိုလူရိပ်ကို မှတ်မိသွားသည်။ ယင်းမှာ ကျောက်ကျုံးဟန်၏ ဘိုးဘေးဖြစ်သော သတ္တမမြောက်တောင်ထိပ်၏ အမှတ်သုံးအကြီးအကဲ ဖြစ်သည်။
“ ရေသူမကျွန်းမှာ နောက်ဆက်တွဲလုပ်စရာတွေရှိသေးတယ်။ တောင်ထိပ်သခင်ကလည်း ဘိုးဘေး ပြန်ရောက်လာမှာကို စောင့်နေဦးမှာ။ ဒီတော့ ဒီအဘိုးကြီးက ပြိုင်ပွဲရလဒ်ကို ကြေညာမှာပဲ ”
“ ကိုယ်ရတဲ့လူသတ်အမှတ်တွေကိုတော့ ဂိုဏ်းတံဆိပ်ပြားက မှတ်တမ်းတင်ထားမှာ။ ကိုယ်ရခဲ့တဲ့ ပစ္စည်းတွေကိုတော့ ဂိုဏ်းတံဆိပ်ပြားက မှတ်တမ်းတင်ထားမှာ မဟုတ်ဘူး။ ဘယ်လောက်ရရ ဒါ ကိုယ့်ကိစ္စပဲ။ အရင် ပြိုင်ပွဲတုန်းကလိုပဲ ဂိုဏ်းက ဂရုမစိုက်ဘူး ”
“ အဲဒီအဘိုးကြီးက ပထမရတဲ့သူကိုပဲ ကြေညာမှာ ”
“ တင်းရှောင်ဟိုင်၊ ရှေ့တက်ခဲ့ ”
တတိယမြောက်အကြီးအကဲ၏ စကားဆုံးသည်နှင့် စုတ်ပြတ်နေသော တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ဒဏ်ရာများစွာ ရထားသည့် တင်းရှောင်ဟိုက်က ချက်ချင်းခေါင်းမော့၍ ပျံသန်းစေနိုင်သော အဆောင်ကို စီးကာ လေထဲသို့ ပျံတက်သွားသည်။
“ ဒီပြိုင်ပွဲမှာ ပထမနေရာ ရခဲ့တဲ့ တင်းရှောင်ဟိုင်ကို အဓိကဂိုဏ်းသားဆိုတဲ့ဘွဲ့ ချီးမြှင့်လိုက်တယ်။ ခရမ်းရောင်ဖျော့ဖျော့ တာအိုဝတ်ရုံကို ဝတ်ဆင်ပြီးတော့ တောင်ပေါ်မှာ နေခွင့်ရမယ်။ ဒါပေမဲ့ ကျင့်ကြံတဲ့ဂူက ဈေးကြီးလို့ ကိုယ်တိုင် ဝယ်ရမယ် ”
တတိယမြောက်အကြီးအကဲက တည်ငြိမ်စွာ ပြောလိုက်ရာ သူ့အသံက မိုးခြိမ်းသံအလား အရပ်မျက်နှာအနှံ့ ပဲ့တင်ထပ်သွားသည်။
တင်းရှောင်ဟိုင် စိတ်လှုပ်ရှားသွားပြီး လက်နှစ်ဖက်ကို ဆုတ်၍ ဝေဟင်သို့ လေးလေးနက်နက် အရိုအသေပေးလိုက်သည်။
“ ဂိုဏ်းကို ကျေးဇူးအများကြီး တင်ပါတယ် ”
တတိယမြောက်အကြီးအကဲက တောင်ခြေ၌ နံပါတ်တစ်ဂိုဏ်းသားအဖြစ် နာမည်ကြီးနေသည့် တင်းရှောင်ဟိုင်ကို လေးစားသည့်မျက်လုံးများဖြင့် ငုံ့ကြည့်လိုက်သည်။
ဂိုဏ်း၏ အရှိန်အဝါအတွက် တိုက်ခိုက်ကြသည့် ဂိုဏ်းသားများကို သူ လေးစားပါသော်လည်း လေးစားခြင်းသက်သက်သာ ဖြစ်ပြီး မည်သည့်ကြင်နာသနားခြင်းမျှ မပါဝင်ပေ။ ထို့ပြင် ထိုဂိုဏ်းသားက သူ့ကို ကျေးဇူးတင်နေသည်မဟုတ်ဘဲ ဂိုဏ်းကိုသာ ကျေးဇူးတင်နေသည် မဟုတ်ပါလား။
ဂိုဏ်းဘက်မှကြည့်လျှင် ထိုကဲ့သို့ ဂိုဏ်းသားတစ်ယောက် ပိုင်ဆိုင်ထားရသည်မှာ အလွန် ကောင်းမွန်သည်။ ပထမနေရာကို ရရန် ထိုဂိုဏ်းသားက ရန်သူများကို ခွန်အားစိုက်၍ အစွမ်းကုန်သုတ်သင်ရန် ကြိုးစားမည်ဖြစ်သည်။
သို့သော်လည်း ပုဂ္ဂိုလ်ရေးရှုထောင့်မှကြည့်လျှင် ထိုဂိုဏ်းသား၏ အကျင့်စရိုက်က ခေါင်းမာပြီး နာမည်ကျော်ကြားလိုစိတ် အင်မတန် များသည်ဟု သူ ခံစားမိသည်။ ထို့ကြောင့်ပင် သူက အကျိုးအမြတ်များအား ရိတ်သိမ်းနိုင်မည့် ရှားရှားပါးပါး အခွင့်အရေးကို လက်လွှတ်ခဲ့ရသည်။ ဤလောကပျက်ကြီးထဲတွင် ထိုကဲ့သို့ လူတစ်ယောက် အသက်ရှင်ရပ်တန်ရန် လွန်စွာ ခဲယဉ်းပေသည်။
တင်းရှောင်ဟိုင်က အသက်ရှည်ရှည်မနေချင်ပေရာ ကြင်နာသနားပြနေလျှင်လည်း အသုံးဝင်မည် မဟုတ်ပေ။ ထို့ပြင် ဤလောကပျက်ကြီးထဲ၌ ကိုယ့်အရည်အချင်းများကို သိုဝှက်ထားရန် အရေးကြီးသည်။
အရည်အချင်းများစွာကို ထုတ်ဖော်ပြသသည့် လူအများစုမှာ ပျက်စီးကိန်းကြုံရတတ်သည်။ ထိုအချက်တွင် ရွှီချင်းဆိုသည့် ကလေးကို သူ များစွာ လေးစားမိသည်။ ထိုကလေးသည် အဆင့်တက်တော့မည့်အခြေအနေသို့ တိတ်ဆိတ်စွာ ရောက်နေပြီဖြစ်သည်။
တင်းရှောင်ဟိုင်၏ စိတ်လှုပ်ရှားသည့်အသံ ထွက်ပေါ်လာသောအခါတွင် ဘေးပတ်လည်မှ ဖောင်းကားနေသော အိတ်များနှင့် ဂိုဏ်းသားများက စိတ်အားထက်သန်စွာဖြင့် သူ့ကို ချီကျူးစကားများ ပြောလိုက်ကြသည်။
“ ဂုဏ်ယူပါတယ် ဂိုဏ်းတူအစ်ကိုတင်းရေ ”
“ ဂိုဏ်းတူအစ်ကိုတင်း၊ ဂုဏ်ယူပါတယ်ဗျာ ”
လူအုပ်ကြီးထဲမှ ခေါင်းဆောင်၏အသံကို ရွှီချင်း ကြားလိုက်ရသည်။ ဘေးမှ ဖက်တီးလေးသည်လည်း ဂုဏ်ပြုစကားများ အော်ပြောလိုက်သည်။ ပြီးသည်နှင့် သူက ခေါင်းငုံ့ကာ ရွှီချင်းကို ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။
“ ဂိုဏ်းတူအစ်ကိုတင်းက လူကောင်းတစ်ယောက်ကွ။ ရန်သူတွေ သတ်ဖို့ကိုပဲ သူက အာရုံစိုက်တာ။ ငါတို့ဆီက ပစ္စည်းတွေ ဘယ်တော့မှ လုမယူဘူး။ ဂိုဏ်းသားတွေအကုန်လုံးသာ ဂိုဏ်းတူအစ်ကိုတင်းလို ဆိုလို့ကတော့ … ”
ရွှီချင်းက ကောင်းကင်ယံရှိ တင်းရှောင်ဟိုင်ကို ကြည့်လိုက်သည်။
ဤလောကကြီး၌ လူတိုင်းတွင် ကိုယ်ပိုင်အသက်ရှင်သည့်နည်းလမ်းများ ရှိကြသည်။ တချို့က အကျိုးစီးပွားကို ရှာကြပြီး တချို့က နာမည်ဂုဏ်သိက္ခာကို ဦးစားပေးကြသည်။ ထိုအချက်နှင့် ပတ်သက်၍ အမှန်၊ အမှား မရှိပေ။ တင်းရှောင်ဟိုင်က အဆင့်တက်တော့မည်ဖြစ်ပြီး သူ အဆင့်တက်သည်နှင့် ခရမ်းရောင်ဝတ်ရုံကို ပြောင်းလဲဝတ်ဆင်နိုင်သည်။
သို့သော် အဓိကဂိုဏ်းသားဆိုသည့် ဂုဏ်ပုဒ်က သူ စွဲလမ်းသည့်အရာ ဖြစ်ကောင်းဖြစ်နိုင်သည်။
ရွှီချင်းက မှတ်ချက်မပေးပါသော်လည်း ထိုအရာများကို ဂရုမစိုက်ပေ။
ချီရွှဲ့ထုံဂိုဏ်း၌ သူ့ကို ဆွဲဆောင်စေသည့် တစ်ခုတည်းသောအရာမှာ အကျိုးအမြတ်သာ ဖြစ်ပေသည်။ သို့ဖြစ်၍ အခြေတည်အဆင့်ကျင့်ကြံသူဖြစ်ရန် သူ အလွန် စိတ်အားထက်သန်နေမိသည်။ တစ်ဖက်တွင် သူ ပို၍ အစွမ်းထက်လာပါက ကောင်းကောင်းနေနိုင်မည်ဖြစ်ပြီး တခြားတစ်ဖက်တွင် အခြေတည်အဆင့်သို့ ရောက်ပါက ရရှိလာမည့် လစဉ်အကျိုးအမြတ်များကို သူ အလွန် တပ်မက်သည်။
ယင်းအပြင် နာမည်ကြီးသည်ကို သူ သဘောမကျပေ။ ထိုသို့နာမည်ကြီးသည့်အတွက် ကြောက်ခမန်းလိလိ အကျိုးအမြတ်များ မရရှိလျှင် အမှောင်ထဲတွင် နေသည်က ပို၍ ဘေးကင်းလုံခြုံပေမည်။
တတိယမြောက်အကြီးအကဲသည် တင်းရှောင်ဟိုင်ကို ဆုချီးမြှင့်ပြီးနောက် အလယ်းပင်လယ်ထဲသို့ ပြန်ဝင်ကာ တည်နေရာရွှေ့ပြောင်းသွားသည်။ ယဇ်ပလ္လင်ပေါ်မှ ဂိုဏ်းသားများက တစ်ယောက်ပြီးတစ်ယောက် လူစုခွဲသွားပြီးနောက် ရွှီချင်းသည်လည်း လူစုခွဲသွားသည်။
ယခု သူ မောပန်းနေပါသော်လည်း ချီရွှဲ့ထုံဂိုဏ်းတွင် ကြာကြာမနေဝံ့ပေ။ ယခုတစ်ခေါက် သူ ရခဲ့သည့်ပစ္စည်းများက ကြောက်ခမန်းလိလိ တန်ဖိုးကြီးမားနေသည် မဟုတ်ပါလား။
ယင်းပစ္စည်းက တန်ဖိုးကြီးမားလွန်း၍ ချီရွှဲ့ထုံဂိုဏ်းတစ်ဂိုဏ်းလုံးပင် အံ့သြတုန်လှုပ်သွားပေမည်။
ယင်းက ဝမ်ကူးဒေသကြီး၏ ဂိုဏ်းကြီးများကိုပင် မနာလိုဖြစ်သွားစေနိုင်သည့် သက်စောင့်မီးအိမ် မဟုတ်ပါလား။
ရွှီချင်းက ဆိပ်ကမ်းရှိ ဈေးဆိုင်များစွာသို့ ချက်ချင်းသွားကာ သူ၏ပစ္စည်းများအားလုံးကို ရောင်းချ၍ ဝိညာဉ်ကျောက်တုံးများဖြင့် လဲလှယ်လိုက်သည်။
ထို့နောက် အဆောင်အနည်းအကျဉ်း ထပ်ဖြည့်ကာ မန္တန်အစီအရင်များ ရောင်းချသည့်ဆိုင်သို့ သွားလိုက်ပြီး ပြိုင်ပွဲတွင် ရေသူမများကို သတ်ဖြတ်ရာမှ ရခဲ့သည့် စွမ်းဆောင်မှုရမှတ် အမြောက်အမြားကို ဈေးခေါင်ခိုက်နေသည့် အကာအကွယ်မန္တန်အစီအရင်ငါးစုံဖြင့် လဲလှယ်လိုက်သည်။
ထိုမန္တန်အစီအရင်၏ ဈေးနှုန်းက အလွန် မြင့်မားပါသော်လည်း ၎င်းတို့က အလွန် အစွမ်းထက်ကြသည်။ ရွှမ်ယောက်အသွင်သဏ္ဍာန်သို့ မပြောင်းလဲနိုင်ကြသေးသည့် အခြေတည်အဆင့်သို့ ရောက်နေသည်မှာ ကြာမြင့်နေသော ကျင့်ကြံသူများ၏ တိုက်ခိုက်ခံရခြင်းမှ ကာကွယ်ပေးနိုင်သည်။
ထို့ပြင် ဝိညာဉ်ကျောက်တုံးအလုံအလောက်သာ ဖြည့်တင်းပေးပါက ၎င်းတို့၏ အစွမ်းက ကြာရှည်ခံပြီး အလိုအလျောက်ပင် ပြုပြင်လာနိုင်ကြသည်။
ထိုမန္တန်အစီအရင်ငါးစုံကိုသာ အတူတကွ အသုံးပြုပါက ပို၍ပင် ကောင်းမွန်သွားမည်ဖြစ်သည်။
ထိုမန္တန်အစီအရင်ငါးစုံကြောင့် ရေသူမများကို သတ်ခဲ့ရာမှရခဲ့သည့် စွမ်းဆောင်မှုရမှတ်များ၏ ကိုးဆယ်ရာခိုင်နှုန်းအထိ ကုန်သွားပါသော်လည်း တန်သည်ကို ရွှီချင်း သိသည်။ ထို့နောက် သူက ဆေးဆိုင်သို့သွားကာ ဆေးလုံးအမြောက်အမြားနှင့် အဆိပ်ပင်များ ဝယ်လိုက်သည်။
ပြီးစီးသည်နှင့် ပြင်ဆင်စရာအားလုံးနီးပါး လုပ်ပြီးသွားပြီဟု ရွှီချင်း ခံစားလိုက်ရသည်။ ယခုလောလောဆယ်တွင် မှော်လှေကို ပြုပြင်ရန်သာ လိုအပ်တော့သည်။
“ မှော်လှေကို ပြုပြင်တာ ဘယ်လောက်ကြာမှာတုန်း ကြည့်ရမယ်။ တစ်ရက်ဆိုရင် ငါ စောင့်လိုက်မယ်။ အဲဒီထက်ပိုကြာရင်တော့ ငါ စောင့်လို့မဖြစ်ဘူး ”
ရွှီချင်း၏မျက်လုံးများ မှေးသွားသည်။ အခြေတည်အဆင့်သို့ တတ်နိုင်သမျှ မြန်မြန် သူ တက်ချင်နေသည်။
လက်ထဲတွင် သက်စောင့်မီးအိမ်ရှိနေသည်ဖြစ်၍ အခြေတည်အဆင့်သို့ ရောက်ရန် တစ်ရက် ကြန့်ကြာနေခြင်းသည် စိုးရိမ်ပူပန်စိတ်များကို တစ်ရက်ပို၍ မြင့်တက်သွားစေသည်။
ထို့ပြင် အခြေတည်အဆင့်သို့ တက်နေစဉ်အတောအတွင်း သက်စောင့်မီးအိမ်မှ အငွေ့အသက်များအား အပြင်လူများ ခန့်မှန်းနိုင်မည်မှာ မသေချာသည့်အတွက်ကြောင့် ဂိုဏ်းထဲတွင် အခြေတည်အဆင့်သို့ တက်၍ ရမည်မဟုတ်ကြောင်း သူ သိသည်။
ယင်းသည် သေရေးရှင်ရေးတမျှ အရေးကြီးသော ကိစ္စဖြစ်၍ သူ အလောင်းအစား မလုပ်နိုင်ပေ။
အထူးသဖြင့် ကျူးယင်ကျွန်းပေါ်တွင် အခြေတည်အဆင့်သို့ ရောက်ရန် ကြိုးစားနေသည့် ရေသူမကျင့်ကြံသူတစ်ယောက် မတော်တဆဖြစ်ရပ်နှင့် ကြုံတွေ့လိုက်ရပြီး ကံဆိုးသွားရသည်ကို သူ ကိုယ်တိုင်ကြုံတွေ့လိုက်ရသောအခါတွင် ဖြစ်သည်။ ထိုကဲ့သို့ မတော်တဆဖြစ်ရပ်မျိုး ချီရွှဲ့ထုံဂိုဏ်းတွင် မဖြစ်နိုင်သလောက်ပင်။
သို့သော်လည်း ရွှီချင်း စိုးရိမ်ပူပန်နေသေးသည်။
လင်းရှီမီးအိမ်အကာအကွယ်နှင့်ဆိုပါက အပြင်ဘက်တွင် တစ်ကိုယ်တည်း အခြေတည်အဆင့်သို့ တက်လှမ်းရန် အရည်အချင်းပြည့်မီကြောင်း သူ ခံစားမိသည်။ သူက အရှိန်တင်လိုက်ပြီး ကျန်းစန်းကို ရှာရန် သယ်ယူပို့ဆောင်ရေးဌာနသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။
ကောင်းကင်ကြီး တဖြည်းဖြည်း မှောင်မည်းလာသည်။ ရွှီချင်းက သယ်ယူပို့ဆောင်ရေးဌာနတစ်လျှောက် သတိကြီးကြီးထား၍ သွားလာနေစဉ် ပန်းချွမ်လမ်းရှိ တည်းခိုခန်းထဲ၌ အဘိုးအိုက မြွေအကြေးခွံများပေါ်ရှိ ဒဏ်ရာများကို သုတ်ပေးနေသည်။
“ မင်း ငါ မသိအောင် ရုပ်ပြောင်းရုပ်လွဲဆေးလုံးကို ဘာလို့ စားလိုက်ရတာတုံး။ အဲဒီလိုဆေးလုံးကို နမော်နမဲ့ သောက်လို့မရဘူးဟ။ အခုထိ မင်း အသွင်ပြောင်းဖို့ အချိန်မရောက်သေးဘူး။ အဲဒီဆေးလုံးစားပြီးရင် ရက်နည်းနည်းလောက်ပဲ ပြောင်းလို့ရတာ။ အများကြီးစားရင် တစ်သက်လုံး ကျင့်ကြံလို့ မရတော့ဘူး ”
“ ပြီးတော့ ငတုံးမလေး … သတ္တမမြောက်တောင်ထိပ်ရဲ့ ပြိုင်ပွဲထဲ ဝင်ဖို့ ရုပ်ပြောင်းရုပ်လွဲဆေးကို စားလိုက်တာပေါ့။ အဲဒီပြိုင်ပွဲက ဘယ်လောက်တောင် အန္တရာယ်များလဲ မင်း မသိဘူးလား ”
အဘိုးမှာ ခေါင်းတဆစ်ဆစ် ကိုက်ခဲနေရပြီး ဆေးလုံးပြီးနောက် ဒေါသတကြီး မာန်မဲလိုက်သည်။
“ ရွှီ ရွှီ ရွှီ ”
မြွေကြီးမှာ အလွန်ပျော်ရွှင်နေဟန်တူသည်။ ခန္ဓာကိုယ်ကို တွန့်လိမ်ကာ ခေါင်းမော့၍ အဘိုးအိုကို ဝင့်ကြွားစွာ ပြောနေသည်။
“ မင်းကို ငါ ညာနေတာ မဟုတ်ဘူးဟ။ အဲဒီသူခိုးလေးရွှီက မင်းသည်းခြေကို မျက်စိကျနေတာ။ အာ … ပြိုင်ပွဲတုန်းက သူ့ကို မင်း သွားရှာသေးတယ်မလား ”
အဘိုးအိုက ဆူလိုက်သည်။
“ ရွှီ ရွှီ ရွှီ ”
မြွေကြီးက မရေရာသည့်အော်သံများ ပြုလိုက်သည်။
အဘိုးအိုက ရှေ့မှ မြွေကြီးကို ကြည့်ကာ သက်ပြင်းရှည်ကြီးချလိုက်သည်။ ထို့နောက် မြွေကြီး၏ခေါင်းကို ပုတ်လိုက်၏။ အဖေအိုကြီးက သူ့သမီးပျိုအား ဆုံးမသွန်သင်သည့်အလား စိတ်အားထက်သန်စွာ ပြောလိုက်သည်။
“ ငတုံးမလေး၊ မြွေသည်းခြေက ခါးတယ်လို့ပဲ သူ ပြောတာလေ။ အရင်က မြွေသည်းခြေကို မစားဖူးဘူးလို့ ပြောတာမှမဟုတ်တာ။ ပြီးတော့ မြွေသည်းခြေတစ်လုံးထက်တောင် သူ ပိုစားခဲ့လောက်တယ် ”
မြွေကြီးမှာ စကားမပြောနိုင်လောက်အောင် ဖြစ်သွားပြီး ငိုင်ကျသွားသည်။ တဖြည်းဖြည်းနှင့် ငိုတော့မည့်အလား ၎င်း၏ မျက်လုံးများ နီမြန်းလာသည်။