အခန်း ၁၅၁
Vol. 16 Ch. 151
အခန်း (၁၅၁)
ဒါရိုက်တာဝမ်သည် တုံ့ပြန်မှုများကို လက်ခံရရှိပြီးနောက် ချက်ချင်းပင် အွန်လိုင်း အစည်းအဝေးတစ်ခုကို ခေါ်ယူလိုက်လေ၏။
နောက်ဆုံး ဆွေးနွေးဆုံးဖြတ်ချက်အရ ပြိုင်ပွဲဝင်တစ်ဦးစီ၏ နေ့စဉ် လိုက်ဖ်လွှင့်ချိန်သည် သုံးနာရီထက် မနည်းရဟု သတ်မှတ်လိုက်သည်။
လင်းယန် ဤသတင်းကို ကြားလိုက်ရသောအခါ ကောင်းကင်ကြီးပြိုကျလာသကဲ့သို့ ခံစားလိုက်ရသည်။
ထို့အပြင် သူသည် ဒါရိုက်တာလီကို ဖုန်းဆက်၍လည်းမရတော့ပေ။
‘ဒီနေ့ ဟန်နီဘက်ဂျာကို လာခေါ်မယ်လို့ သူ ပြောထားခဲ့တယ် မဟုတ်ဘူးလား'
‘သူ ကတိဖျက်သွားတာတော့ မဟုတ်ပါဘူးနော်'
လင်းယန်သည် လှောင်အိမ်ထဲရှိ ဟန်နီဘက်ဂျာကို စိုက်ကြည့်လိုက်လေ၏။
“ဘာလို့ ငါ့စိတ်ထဲမှာ တစ်ခုခု လွဲချော်နေတယ်လို့ ခံစားနေရတာလဲ”
ယခုအချိန်တွင် ဟန်နီဘက်ဂျာသည် အစာမစားရသည်မှာ တစ်ရက်ပင် ကြာမြင့်နေပြီဖြစ်ရာ ယုတ္တိအရဆိုလျှင် အားအင်ကုန်ခမ်းနေသင့်ပေပြီ။
သို့သော် ၎င်းသည် လင်းယန်ကို ခြိမ်းခြောက်သည့် အမူအရာဖြင့် စူးရဲစွာ စိုက်ကြည့်နေဆဲဖြစ်ပြီး တစ်ဖက်လူကို အပိုင်းပိုင်း ဆွဲမဖြဲရသရွေ့ အရှုံးမပေးမည့် ပုံစံမျိုးကို ပြသနေလေသည်။
လင်းယန်က မတတ်သာသည့် အမူအရာဖြင့် ဆိုလိုက်လေ၏။
“အစ်ကိုကြီး... ငါ မေးပါရစေ၊ ငါ့ကို ဒီလိုကြီး စိုက်ကြည့်နေရတာ မပင်ပန်းဘူးလား”
“မင်း ဗိုက်မဆာဘူးလား၊ ဘာပဲဖြစ်ဖြစ် ငါကျွေးတာ ဘာမှမစားဘူးဆိုရင်လည်း မင်းဘာသာမင်း ဆက်ပြီး အစာငတ်ခံနေလိုက်၊ နောက်မှ ဗိုက်ဆာလွန်းလို့ သတိလစ်သွားပြီး ငါ့ကို အစာလာမတောင်းနဲ့နော်၊ မင်းအတွက် ပိုနေတဲ့ အစာ မရှိဘူး”
ယင်းကို ကြားလိုက်ရသောအခါ ဟန်နီဘက်ဂျာမှာ ပို၍ပင် ဒေါသထွက်သွားခဲ့သည်။
သူများပေးသော အလှူခံအစားအစာကို လုံးဝလက်ခံမည်မဟုတ်ကြောင်း ဟန်နီဘက်ဂျာ၏ နာမည်ကိုတိုင်တည်၍ ၎င်း ကျိန်ဆိုထားပြီးဖြစ်သည်။
ယန်အာဟူသည် သူ၏ ဖုန်းကို အတန်ကြာ ပျော်ရွှင်စွာ ပွတ်ကြည့်နေပြီးနောက် ပြောလိုက်လေ၏။
“သူဌေး၊ ကျွန်တော်တို့ရဲ့ ငွေတွင်းကြီးကို နည်းနည်းလောက် သဘောကောင်းကောင်းနဲ့ ဆက်ဆံပေးလို့ မရဘူးလား”
“အခုဆို ဟန်နီဘက်ဂျာလေးက ကျောက်ကျောက်၊ ရှောင်ရွှေ၊ ဟွမ်မောင်၊ ပိုင်မောင်တို့ထက်တောင် အများကြီး ပိုပြီး နာမည်ကြီးနေပြီ၊ သူတို့အားလုံးက ဟန်နီဘက်ဂျာရဲ့ အနောက်မှာပဲ နေရတော့မယ်”
“သူဌေး မသိလို့၊ ကျွန်တော်တို့တင်လိုက်တဲ့ ဗီဒီယိုကြောင့် အင်တာနက် တစ်ခွင်လုံးမှာ လိုက်တုပနေကြတာ၊ ဒါပေမဲ့ အခုအချိန်အထိ ဘယ်ဘလော့ဂါမှ ကျွန်တော်တို့ကို မကျော်တက်နိုင်သေးဘူး၊
ဘာလို့လဲဆိုတော့ သူတို့ရဲ့ ဗီဒီယိုတွေက ဟိုဘက်ဒီဘက်က ပုံတွေကို ဖြတ်ဆက်ပြီး တည်းဖြတ်ထားတာလေ၊ ကျွန်တော်တို့ဆီမှာက အသက်ရှင်နေတဲ့ အစစ်အမှန် ဟန်နီဘက်ဂျာကြီးကိုး”
“ဒီဟန်နီဘက်ဂျာက အင်တာနက်မှာ အထူးနာမည်ကြီးတဲ့ အကောင်လေး ဖြစ်လာတော့မယ်လို့ ကျွန်တော် ကြိုမြင်နေတယ်”
ယန်အာဟူက မျက်စိစောင်းထိုးကြည့်လိုက်ပြီး မေးလိုက်လေ၏။
“အစီအစဉ် ထုတ်လုပ်ရေးအဖွဲ့ရဲ့ စည်းမျဉ်းသစ်က နေ့တိုင်း သုံးနာရီ လိုက်ဖ်လွှင့်ရမယ်ဆိုတာ ခင်ဗျား အခုလေးတင် ပြောလိုက်တယ်မဟုတ်လား”
လင်းယန်က ခေါင်းညိတ်ပြလိုက်လေ၏။
“အရင်ကတည်းက အချိန်မလောက်ပါဘူးဆိုနေမှ၊ အခု နေ့တိုင်း သုံးနာရီ အချိန်ပေးရဦးမယ်”
ထိုစကားကို ကြားသောအခါ ယန်အာဟူသည် အဓိပ္ပာယ်မဲ့နေသကဲ့သို့ ခံစားလိုက်ရပြီး ဆိုလေ၏။
“သူဌေး၊ ခင်ဗျားမှာ ဘယ်လိုလုပ် အချိန်မလောက်တာလဲ၊ နေ့တိုင်း အလုပ်မရှိရင် ကုတင်ပေါ်မှာ အိပ်နေတာပဲ မဟုတ်ရင် ဖုန်းပွတ်နေတာလေ၊
အပြင်က အလုပ်တွေကလည်း အခြေခံအားဖြင့် ပြီးနေပြီ၊ နေ့တိုင်း သွားဖို့လည်း မလိုတော့ဘူး၊ ဒါတွေ အကုန်လုံးက ဆင်ခြေတွေချည်းပဲ၊ ခင်ဗျား လိုက်ဖ်မလွှင့်ချင်လို့ပဲမလား”
“ဒီလိုလုပ်တာက ပရိသတ်တွေကို လုံးဝ စိတ်ပျက်သွားစေတာပဲ”
ယန်အာဟူက စိတ်ထိခိုက်သွားဟန်ဖြင့် ဆက်ပြောလိုက်လေ၏။
“ပရိသတ်တွေက ကျွန်တော်တို့ရဲ့ ထမင်းရှင်တွေဆိုတာ ခင်ဗျား မေ့သွားပြီလား”
လင်းယန် လည်ချောင်းတစ်ချက် ရှင်းလိုက်သည်။ သူ အနည်းငယ် အပြစ်ရှိသလို ခံစားရသော်လည်း နွားတစ်ကောင် မြင်းတစ်ကောင်လို ပင်ပင်ပန်းပန်း အလုပ်မလုပ်ရသော နေ့ရက်များမှာ တကယ့်ကို ကောင်းမွန်လွန်းလှသည်မဟုတ်ပါလော။
ယန်အာဟူက အားရပါးရ ပြောဆိုလိုက်လေ၏။
“အခုကစပြီး ခင်ဗျားကို ကျွန်တော် ကြီးကြပ်ပေးမယ်၊ ခင်ဗျား နေ့တိုင်း လိုက်ဖ်လွှင့်ချိန် သုံးနာရီ ပြည့်အောင် မဖြစ်မနေ လုပ်ရမယ်၊ ဆုကြေးငွေ မလိုချင်တော့ဘူးလား၊
ခင်ဗျားရဲ့ ယာတောအိမ်လေး ဆောက်ဖို့ ဒီဆုကြေးငွေ လိုအပ်တယ်ဆိုတာ မေ့သွားပြီလား၊ ဒီဆုကြေးငွေနဲ့ဆို ယာတောအိမ်ကို ပိုကောင်းအောင် စီမံခန့်ခွဲနိုင်မှာလေ”
လင်းယန်သည် ယန်အာဟူကို တွေဝေသော အကြည့်ဖြင့် စိုက်ကြည့်နေမိသည်။
‘ဘာလို့များ ငါတို့နှစ်ယောက်ရဲ့ နေရာတွေ ပြောင်းပြန်ဖြစ်သွားသလို ခံစားနေရတာလဲ'
‘သူဌေးဖြစ်တဲ့ ငါက ယန်အာဟူကို စိတ်ဓာတ်ခွန်အားပေးတဲ့ စကားတွေ ပြောရမှာ မဟုတ်ဘူးလား’
“ပြင်ဆင်ထားတော့၊ ခဏနေရင် ကျွန်တော်တို့ လိုက်ဖ်လွှင့်တော့မယ်”
“လိုက်ဖ်မလွှင့်ခင် အသေးစား အသုံးအဆောင် ပစ္စည်းတချို့ သွားပြင်ဆင်လိုက်ဦးမယ်”
ယန်အာဟူသည် လင်းယန်၏ လက်ထဲသို့ ဖုန်းကို ထိုးထည့်ပေးခဲ့ပြီးနောက် အိမ်ထဲသို့ ပြေးဝင်သွားလေ၏။
သူ ဘာလုပ်ရန် ကြိုးစားနေမှန်း လင်းယန် မသိခဲ့ပေ။
ယန်အာဟူ အိမ်ထဲမှ ရောင်စုံ မာဖလာတစ်ခုကို ယူဆောင်လာသည်ကို မြင်လိုက်ရသည့်အချိန်အထိပင်။
‘တကယ်လို့ ငါ မြင်တာ မမှားဘူးဆိုရင် ဒါက မာဖလာ မဟုတ်လား'
လင်းယန်က မေးမြန်းလိုက်လေ၏။
“ဒီအရာကြီးကို မင်း ဘယ်ကရလာတာလဲ၊ ရုပ်ဆိုးလွန်းလို့ တကယ် ရှားပါးတဲ့အရာပဲ”
ယန်အာဟူက မျက်နှာကို ရှုံ့မဲ့လိုက်ပြီး ဖြေကြားလိုက်လေ၏။
“ကျွန်တော့်အမေ ကျွန်တော့်အတွက် ထိုးပေးထားတာပါ”
လင်းယန်မှာ အံ့အားသင့်သွားပြီး ပြန်ပြောလိုက်လေ၏။
“အိုကေ... ကောင်းပြီလေ၊ ဒါဆိုရင် ခုနက ငါပြောခဲ့တဲ့ စကားကို ပြန်ရုပ်သိမ်းတယ်၊ အန်တီက လက်မှုပညာ အတော်လေး ကျွမ်းကျင်တာပဲ၊”
ယန်အာဟူ၏ နဖူးပေါ်တွင် အမည်းရောင်မျဉ်းကြောင်းများ ထင်ဟပ်သွားလေ၏။
“ဒီမာဖလာက အရမ်းရုပ်ဆိုးတယ်ဆိုတာ ကျွန်တော်သိပါတယ်၊ အတင်းအကြပ်ကြီး ချီးကျူးမနေပါနဲ့”
“ကျွန်တော့်အမေက အစကတည်းက အပ်ချုပ်ပညာကို မကျွမ်းကျင်ဘူး၊ လွန်ခဲ့တဲ့ အချိန်အတန်ကြာက သူမက ဗီဒီယိုတိုလေးတွေကို စွဲလမ်းသွားပြီး အဲဒီကနေ မာဖလာထိုးနည်းကို အတင်း သင်ယူခဲ့တာလေ၊
ကျွန်တော့်အတွက်တစ်ထည်၊ အဖေ့အတွက်တစ်ထည် ထိုးပေးပြီး ရာသီဥတုအေးတဲ့အချိန်မှာ အတင်းပတ်ခိုင်းတာ၊ အခု ရာသီဥတုက အေးနေပေမဲ့ မာဖလာပတ်ရမယ့် ရာသီတော့ မရောက်သေးဘူးလေ၊
ဒီလို ရုပ်ဆိုးတဲ့အရာကို ပတ်ထားလို့ တခြားလူတွေက လှောင်ပြောင်မလားဆိုတာအသာထား၊
ဒီရာသီကြီးမှာ မာဖလာပတ်ထားတာကိုက လူတွေက ကျွန်တော့်ကို ဦးနှောက် တစ်ခုခု မှားနေတယ်လို့ ထင်ပြီး လှောင်ကြမှာပဲ”
“ကံကောင်းလို့ ကျွန်တော် ဒီမှာ ခင်ဗျားနဲ့အတူ ရှိနေတာ၊ အမေက ကျွန်တော့်ကို စောင့်မကြည့်နိုင်ဘူးလေ၊
ဒါပေမဲ့ ကျွန်တော့်အဖေကတော့ နည်းနည်း ဒုက္ခရောက်နေတယ်၊ ဒီလို ပူအိုက်တဲ့ ရာသီဥတုကြီးမှာ သူက မာဖလာကို ပတ်ပြီး မြို့ကို သွားရတာ”
ထိုမြင်ကွင်းကို တွေးမိသောအခါ လင်းယန်မှာ ရယ်ချင်စိတ်ကို မနည်းထိန်းထားရပြီး မှတ်ချက်ပေးလိုက်လေ၏။
“ဒါဆို ဦးလေးကတော့ နည်းနည်းဒုက္ခရောက်နေတာပေါ့”
“ဒါပေမဲ့ ပြီးခဲ့တဲ့အပတ်က ကျွန်တော့်အဖေ မာဖလာပတ်ပြီး မြို့ကို သွားတုန်းက အိမ်ပြန်ရောက်တော့ မာဖလာကို လမ်းဘေးလေလွင့်တစ်ယောက်က လုသွားတယ်လို့ အမေ့ကို ပြောပြတယ်၊
တကယ်တော့ သူက အဲဒါကို အမှိုက်ပုံးထဲ တိတ်တဆိတ် ပစ်ထည့်ခဲ့တယ်ဆိုတာ ကျွန်တော်သိတာပေါ့”
“အခု ကျွန်တော့်အမေက အဖေ့အတွက် ဒီဇိုင်းအသစ်နဲ့ မာဖလာထပ်ထိုးပေးဖို့ စဉ်းစားနေတယ်၊”
လင်းယန်မှာ ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ အားရပါးရ ရယ်မောလိုက်လေ၏။
“အန်တီ့ရဲ့ ဝါသနာက တော်တော်လေးကောင်းတာပဲ”
“ဒါနဲ့ အခု ဘာလို့ ဒီမာဖလာကို ထုတ်လာတာလဲ”
ယန်အာဟူက နှုတ်ခမ်းကို စူလိုက်ပြီး ဖြေကြားလိုက်လေ၏။
“ဟန်နီဘက်ဂျာကို အလှဆင်ပေးဖို့လေ၊ သူက ကျွန်တော်တို့ရဲ့ အင်တာနက် ကြယ်ပွင့်အသစ်ပဲဟာ၊ ဘယ်လိုလုပ်ပြီး အဝတ်အစားလေး ဘာလေး မရှိဘဲ နေလို့ဖြစ်မလဲ”
လင်းယန်၏နှုတ်ခမ်းများ တွန့်ကွေးသွားပြီး ဆိုလိုက်လေ၏။
“မင်းက ဒီမာဖလာကို မပတ်ချင်လို့ ရှင်းထုတ်ပစ်ဖို့ ဆင်ခြေရှာနေတာ မဟုတ်လား”
ယန်အာဟူက တရားမျှတဟန်ဖြင့် ပြန်လည်ချေပလိုက်လေ၏။
“အဲဒီလိုပြောတာ ကျွန်တော့်ကို အသရေဖျက်တာပဲ၊ ဒါက ကျွန်တော့်အပေါ်ထားတဲ့ အမေ့ရဲ့မေတ္တာအပြည့်အဝ ပါဝင်နေတာ၊
လိုက်ဖ်လွှင့်တဲ့နေရာမှာ အကျိုးသက်ရောက်မှု ရှိဖို့သာ မဟုတ်ရင် ဒီဟာကို ကျွန်တော် စွန့်လွှတ်မှာတောင်မဟုတ်ဘူး”
“ဟန်နီဘက်ဂျာကို မာဖလာ ပတ်ပေးရမယ့် တာဝန်ကတော့ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်၊ သူဌေး”
ယန်အာဟူသည် မာဖလာကို လင်းယန်၏ လက်ထဲသို့ ထိုးထည့်ပေးခဲ့ပြီးနောက် အိမ်အမိုးစွန်းအောက်သို့ အလျင်အမြန် ပြေးဝင်ပုန်းအောင်းနေလိုက်သည်။
ဟန်နီဘက်ဂျာ၏ မတော်တဆ ရန်ပြုတိုက်ခိုက်ခြင်းကို ခံရမည်ကို သူ စိုးရိမ်နေသောကြောင့်ပင်။
ထို့နောက် အခွင့်ကောင်းယူ၍ လိုက်ဖ်လွှင့်မှုကို စတင်လိုက်လေသည်။
“လိုက်ဖ်လွှင့်မှုထဲကို အသစ်ရောက်လာကြတဲ့ အချစ်လေးတို့ရေ၊ အားလုံးကို ကြိုဆိုပါတယ်၊”
“ကျွန်တော်တို့က အစီအစဉ် ထုတ်လုပ်ရေးအဖွဲ့ရဲ့ စည်းမျဉ်းသစ်ကိုလည်း တက်တက်ကြွကြွ လိုက်နာဆောင်ရွက်နေပါတယ်၊ အခုကစပြီး နေ့စဉ် လိုက်ဖ်လွှင့်ချိန်ဟာ သုံးနာရီထက် မနည်းစေရပါဘူး၊
ဒါပေမဲ့ လိုက်ဖ်လွှင့်မယ့် အချိန်ကတော့ အတိအကျ မရှိသေးပါဘူး၊ ဒါကြောင့် အားလုံးပဲ ကျွန်တော်တို့ရဲ့ လိုက်ဖ်လွှင့်မှုတွေကို မလွတ်တမ်း ကြည့်ရှုနိုင်ဖို့ စထွင်းမာကို ဖောလိုးလုပ်ထားဖို့ အကြံပြုချင်ပါတယ်”
“ဟုတ်ပါတယ်၊ ကျွန်တော်က သူဌေးလင်းရဲ့ လိုက်ဖ်လွှင့်ရေး လက်ထောက်ပါ”
“အခု အားလုံး မြင်တွေ့နေရတာကတော့ သူဌေးလင်းက ဟန်နီဘက်ဂျာကို မာဖလာပတ်ပေးဖို့ ပြင်ဆင်နေတာပါ၊
ဒါက သူ့ကို လှလှပပလေး အလှဆင်ပေးဖို့လေ၊ ဘာပဲဖြစ်ဖြစ် အရင်က ကျွန်တော်တို့နိုင်ငံမှာ ဒီမျိုးစိတ်မျိုးမှ မရှိခဲ့တာ၊”
“လူတိုင်းရဲ့ ကြိုဆိုမှုကို ရဖို့အတွက် သူ့ကို စတိုင်ကျကျလေး ဖြစ်အောင် အလှဆင်ပေးဖို့ သေချာပေါက် လိုအပ်ပါတယ်”
လင်းယန်သည် မာဖလာကို ကိုင်ဆောင်ထားပြီး သံလှောင်အိမ်ထဲရှိ ဟန်နီဘက်ဂျာကို စိုက်ကြည့်ကာ သတိပေးလိုက်လေ၏။
“ငါ မင်းကို အခု အပြင်ထုတ်ပေးမယ်၊ ဒါပေမဲ့ မင်း လျှောက်မပြေးတာ ပိုကောင်းမယ်နော်၊ မဟုတ်ရင် ငါ့လက်သီးတွေက ဘယ်လောက်တောင် မာကျောလဲဆိုတာ မင်းကို ပြရလိမ့်မယ်”
ဟန်နီဘက်ဂျာက ၎င်း၏ လည်ချောင်းထဲမှနေ၍ အလျှော့မပေးလိုသော ဟိန်းဟောက်သံကို ထုတ်လွှတ်လိုက်လေ၏။
လင်းယန်သည် သံလှောင်အိမ်ကို ဖွင့်လိုက်သည်။
ဟန်နီဘက်ဂျာသည် ယုန်တစ်ကောင်အလား ချက်ချင်း ပြေးထွက်သွားသော်လည်း လင်းယန်က အလျင်အမြန် ပြန်လည်ဖမ်းဆီးလိုက်သည်။
လင်းယန်သည် ဟန်နီဘက်ဂျာ၏လည်ပင်းတွင် မာဖလာကို ပတ်ပေးလိုက်ရင်း ဆူပူလိုက်လေ၏။
“မင်းကို လျှောက်မပြေးနဲ့လို့ ငါပြောထားတယ်မလား”
“မင်းက ထပ်ပြီး အရိုက်ခံချင်နေပြန်ပြီလား”
ပုံမှန်အားဖြင့် ကြမ်းတမ်းပြီး ရဲရင့်သော ဟန်နီဘက်ဂျာသည် ယခုအချိန်တွင် လင်းယန်၏လက်ထဲ၌ အလျှော့မပေးလိုသော အသံများကိုသာ ပြုလုပ်နိုင်တော့သည်။
၎င်းက ပြန်လည်မခုခံခဲ့သည်တော့ မဟုတ်ပေ။
‘ဒီလူသားရဲ့ လက်သီးတွေက တကယ်ကို နာလွန်းလို့ပါ'
‘ငါ ဘယ်လောက်ပဲ အရေထူပါစေ ဒီလို မာကျောတဲ့ လက်သီးမျိုးကိုတော့ ခံနိုင်ရည်မရှိဘူးလေ'
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသော အွန်လိုင်းအသုံးပြုသူများမှာ အသက်ရှူပင်ကြပ်လာသည်အထိ ရယ်မောလိုက်ကြလေ၏။
“ဟန်နီဘက်ဂျာတောင် တစ်နေ့ကျရင် တခြားလူတစ်ယောက်ရဲ့ လက်သီးတွေအောက်မှာ အညံ့ခံရတဲ့နေ့ ရောက်လာပြီလား”
“ဒါကများ ဒဏ္ဍာရီလာ မေတ္တာတရားနဲ့ လူတွေကို သိမ်းသွင်းတယ် ဆိုတာများလား”
“အပေါ်ကလူ မှားနေပြီ၊ ဒါက သိသိသာသာကို လက်သီးနဲ့ သိမ်းသွင်းနေတာလေ”
“ခြံပိုင်ရှင်ဘီလိုက် - ပြေးချင်တယ်ပေါ့လေ၊ မင်းရဲ့အရေပြားက ပိုမာလား ငါ့လက်သီးက ပိုမာလားဆိုတာ စမ်းကြည့်ကြမလား”
“တကယ် ပြောရရင် ဒီဟန်နီဘက်ဂျာရဲ့ မာဖလာက နည်းနည်းတော့ ရုပ်ဆိုးတယ်နော်”
“ဟန်နီဘက်ဂျာ အစ်ကိုကြီးက ဘာဖြစ်လို့ အရိုက်ခံရမှာကို ကြောက်နေတဲ့ ပုံစံပေါက်နေတာလဲ၊ သူက စထွင်းမာကို တကယ် ကြောက်နေပုံရတယ်”
လင်းယန်သည် ဟန်နီဘက်ဂျာကို ကင်မရာရှေ့သို့ မ,ချီပြလိုက်ပြီး နှုတ်ဆက်လိုက်လေ၏။
“အားလုံးပဲ မင်္ဂလာနေ့လယ်ခင်းပါ”
“အဟွတ် အဟွတ် အဟွတ်... ခုနက ဟာတွေ အကုန်လုံးက နားလည်မှုလွဲတာပါ၊ သူက ကျွန်တော့်ကို ဘယ်လိုလုပ် ကြောက်မှာလဲ၊ ကျွန်တော်တို့က ရင်းနှီးတဲ့ မိတ်ဆွေတွေအဖြစ် ဖလှယ်နေကြတာပါ”
အွန်လိုင်းအသုံးပြုသူများက သရော်လိုက်ကြလေ၏။
“စထွင်းမာ၊ ခင်ဗျားပြောတာကို ကျွန်တော်တို့ ယုံမယ်လို့ ထင်နေတာလား”
“လက်သီးတွေနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေအဖြစ် ဖလှယ်နေတယ် ဟုတ်လား”
“ဒီလို ဖလှယ်တာက နည်းနည်းလေး ရိုးရှင်းပြီး ကြမ်းတမ်းလွန်းမနေဘူးလား”
“ပြီးတော့ စထွင်းမာ၊ ခင်ဗျား ဟန်နီဘက်ဂျာကို မနှစ်မြို့ရင်တောင် ဒီလောက်ကြီး ရုပ်ဆိုးအောင် အလှဆင်ပေးစရာ မလိုပါဘူးနော်”
“စထွင်းမာ အငြိုးအတေး ထားတယ်ဆိုတာက ပုံမှန်ပါပဲ၊ ဒီဟန်နီဘက်ဂျာ ဘယ်လောက်တောင် မုန်းစရာကောင်းလဲဆိုတာ သိချင်ရင် စထွင်းမာရဲ့ ပရိုဖိုင်မှာရှိတဲ့ ဗီဒီယိုတွေကို သွားကြည့်လိုက်ကြ”
“ဟုတ်တယ်၊ သူက စထွင်းမာ အပင်ပန်းခံပြီး စီမံခန့်ခွဲထားတဲ့ သစ်သီးခြံကို ဒီလောက်အထိ ဖျက်ဆီးပစ်ခဲ့တာလေ”
လင်းယန်က ပြောစရာစကား မရှိတော့သည့်အမူအရာဖြင့် ရှင်းပြလိုက်လေ၏။
“ကောလာဟလတွေကို လျှောက်မဖြန့်ကြပါနဲ့၊ ဟန်နီဘက်ဂျာက အကာအကွယ်ပေးထားတဲ့ တိရစ္ဆာန်ပါ၊
သူ့ကို ကျွန်တော် လက်ဖျားနဲ့တောင် မထိရဲပါဘူး၊ အလွန်ဆုံးရှိလှ အဲဒီတုန်းက သူ့ကို ဖမ်းမိဖို့အတွက် လက်သီး နှစ်ချက်လောက်ပဲ ထိုးပေးလိုက်ရတာပါ”
“စထွင်းမာ၊ ရှင်းပြဖို့ မကြိုးစားပါနဲ့တော့၊ ကျွန်တော်တို့ အားလုံး နားလည်ပါတယ်၊ ခင်ဗျားက လူတွေကို မေတ္တာတရားနဲ့ သိမ်းသွင်းနေတာပါ၊ အင်အားသုံးနေတာ သေချာပေါက် မဟုတ်ပါဘူး”
“ဗီဒီယိုထဲက ရိုက်လိုက်တဲ့ နှစ်ချက်က တကယ်ကို အားရစရာပဲ၊ အဲဒါက ဟန်နီဘက်ဂျာကို ချက်ချင်းပဲ ကြောင်အမ်းအမ်း ဖြစ်သွားစေတာ”
“ဟန်နီဘက်ဂျာဘီလိုက် - ငါက ဘယ်သူလဲ၊ ငါ ဘယ်ရောက်နေတာလဲ”
“ဟန်နီဘက်ဂျာဘီလိုက် - မဟုတ်သေးပါဘူး၊ ဒီနိုင်ငံက လူတွေက ဒီလောက် ကြမ်းကြုတ်မယ်ဆိုတာ ငါ မလာခင်က ဘယ်သူမှ မပြောပြခဲ့ဘူးလေ”
“ဟန်နီဘက်ဂျာ ခြင်္သေ့တွေကို တိုက်ခိုက်တဲ့ တိရိစ္ဆာန်ကမ္ဘာက ဗီဒီယိုတွေကို အားလုံးသွားကြည့်ဖို့ အကြံပြုချင်ပါတယ်၊ ဒီကောင်လေးက တကယ်ကို ကြမ်းကြုတ်တာ၊ ဘာကိုမှ မကြောက်ဘူး”
“ဟားဟား၊ ဒီကောင်လေး တစ်နေ့ကျ သူ့ရဲ့သဘာဝရန်သူနဲ့ တွေ့လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”
“ဟန်နီဘက်ဂျာရဲ့ တစ်သက်တာ ရန်သူ - လင်းယန်”
“စထွင်းမာ၊ ခင်ဗျားက ဟန်နီဘက်ဂျာကိုတောင် သင်ခန်းစာပေးရဲတဲ့ တကယ့် အာဂအမျိုးသားပါပဲ”