အခန်း ၁၅၂
Vol. 16 Ch. 152
အခန်း (၁၅၂)
လင်းယန်သည် ဟန်နီဘက်ဂျာ၏ လည်ပင်းကို ဆုပ်ကိုင်ထားဆဲဖြစ်သော်လည်း ခေတ္တမျှ စဉ်းစားပြီးနောက် ဤသည်မှာ ရေရှည်အတွက် ဖြေရှင်းနည်းမဟုတ်ကြောင်း သဘောပေါက်သွားသည်။
“ဒီအကောင်ကြီးကို လက်ထဲမှာ ဒီလိုပဲ အချိန်အကြာကြီး ကိုင်ထားလို့မှ မရတာ၊ ဘယ်လောက်တောင် ပင်ပန်းလိုက်မလဲ'
သို့သော် ဟန်နီဘက်ဂျာကို အောက်သို့ ချလိုက်သည်နှင့် ဤကောင်လေးက သူ့ကို ကိုက်ရန် ချက်ချင်း ပြေးအုပ်လာမည်မှာ သေချာသည်။
‘ဒါက ဟန်နီဘက်ဂျာ ဘယ်လောက်တောင် အငြိုးကြီးလဲဆိုတာကို ပြသနေတာပဲ'
လင်းယန်က မကျေမနပ်ဖြင့် ပြောလိုက်လေ၏။
“အဲဒီမှာ သွားဖြဲမပြနေနဲ့၊ မင်းကို ငါက နှစ်ချက်လောက်ပဲ ရိုက်လိုက်ရသေးတာ မဟုတ်ဘူးလား၊ ကြည့်စမ်း... မင်းက ဘယ်လောက်တောင် သဘောထား သေးသိမ်လိုက်လဲ”
အွန်လိုင်းအသုံးပြုသူများမှာ ဤစကားကို ကြားလိုက်ရသောအခါ အံ့အားသင့်စွာဖြင့် “ဘုရားရေ” ဟု ဥဒါန်းကျူးလိုက်ကြလေ၏။
“အခုခေတ်မှာ ဟန်နီဘက်ဂျာကို PUA (Psychological Manipulation) လုပ်တာက ရေပန်းစားနေတာလား”
“စထွင်းမာ၊ ခင်ဗျား ပြောတဲ့စကားတွေကို ကျွန်တော် နားထောင်လို့တောင် မရတော့ဘူး၊ ‘တစ်ဖက်လူကို နှစ်ချက်လောက်ပဲ ရိုက်လိုက်ရသေးတာ’ ဆိုတာက ဘာအဓိပ္ပာယ်လဲ”
“ဒါက အရင်တုန်းက နာမည်ကြီးခဲ့တဲ့ ‘မင်းဆုံးရှုံးသွားတာက မင်းရဲ့ အသက်လေးတစ်ခုပါ၊ ငါဆုံးရှုံးလိုက်ရတာက ငါ့ရဲ့ အချစ်တွေပါ’ ဆိုတဲ့ စကားကိုတောင် သွားသတိရစေတယ်”
“ဟားဟားဟားဟားဟား၊ စထွင်းမာ၊ ခင်ဗျားက ဟန်နီဘက်ဂျာကို ဘယ်လို ရန်စရမလဲဆိုတာ သိပ်သိတာပဲ”
လင်းယန်က ယန်အာဟူကို လှမ်းပြောလိုက်လေ၏။
“အာဟူ အရင်က ပတ်ခဲ့တဲ့ ကတော့ပုံစံ ကော်လံလေးကို သွားရှာလိုက်ပါဦး”
ယန်အာဟူသည် တစ်ဖက်လူ ဘာကိုဆိုလိုသနည်းဆိုတာ ချက်ချင်း သဘောပေါက်သွားပြီး အိမ်ထဲသို့ ဝင်ရှာလိုက်လေ၏။
“တွေ့ပြီ”
ဤကတော့ပုံစံ ကော်လံကို ယခင်က ဆရာဝန်ချင်သည် ဟွမ်မောင်နှင့် ပိုင်မောင်တို့ ကာကွယ်ဆေးထိုးစဉ်က ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ ပရော်ဖက်ရှင်နယ် အမည်မှာ အယ်လီဇဘက် ကော်လံဟု ထင်ရသည်။
အဓိကအားဖြင့် အိမ်မွေးတိရစ္ဆာန်များကို သန်ချဆေးတိုက်သည့်အခါ သို့မဟုတ် ကာကွယ်ဆေးထိုးသည့်အခါ သူတို့၏ အမွေးများကို မလျက်စေရန် ကာကွယ်ရန်အတွက် ဖြစ်သည်။ ယခုအခါ ၎င်းကို ဟန်နီဘက်ဂျာ၏ လည်ပင်းတွင် ပတ်ပေးရန်မှာ အတိအကျပင် ဖြစ်သည်။
လင်းယန်သည် အယ်လီဇဘက်ကော်လံ ပတ်ထားသော ဟန်နီဘက်ဂျာကို ကြည့်ကာ အားရကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်လေ၏။
“ဒီလိုဆိုရင်တော့ လူတွေကို ထပ်ပြီး မကိုက်နိုင်တော့ပါဘူး”
တစ်ချိန်တည်းမှာပင် ဟန်နီဘက်ဂျာမှာ အကြောင်းပြချက်မရှိဘဲ ကော်လံ ပတ်ခံလိုက်ရသဖြင့် တစ်ကိုယ်လုံး နေမထိထိုင်မသာ ဖြစ်နေလေ၏။
(ဒီကျိန်စာသင့် လူသားက ငါ့ကို အချိန်အတော်ကြာအောင် အလှဆင်ပေးနေတာက တစ်ပိုင်း၊ အခု ဒီအရာကြီးကိုပါ ငါ့လည်ပင်းမှာ ပတ်ပေးလိုက်သေးတယ်ပေါ့လေ)
ဟန်နီဘက်ဂျာဟူသည် မာနကြီးသော သတ္တဝါတစ်ကောင် ဖြစ်သည်။ ဤကဲ့သို့ ဝတ်စားဆင်ယင်ထားမည်ဆိုပါက အခြားသူများက ရယ်မောလှောင်ပြောင်ကြမည် မဟုတ်ပါလော။ သို့သော် ဟန်နီဘက်ဂျာက မည်မျှပင် ရုန်းကန်နေစေကာမူ ထို အယ်လီဇဘက် ကော်လံကို ဖယ်ရှား၍ မရနိုင်ပေ။
၎င်းသည် ဒေါသတကြီးဖြင့် စူးရဲစွာ စိုက်ကြည့်ကာ ကြီးမားသော သွားများကို ဖြဲပြလျက် လင်းယန်ထံသို့ ခုန်အုပ်လာလေ၏။
သို့သော် လင်းယန်နှင့် ထိခိုက်မိသည်နှင့်တစ်ပြိုင်နက် ၎င်းမှာ အနောက်သို့ ပြန်လည်လွင့်စဉ်သွားတော့သည်။
တင်ပါးဖြင့် မြေကြီးပေါ်သို့ ပြုတ်ကျသွားပြီးနောက် တစ်ဖက်လူကို အမှန်တကယ်ပင် မထိလိုက်ရပါလားဟူသော မယုံကြည်နိုင်သည့် အမူအရာဖြင့် ကြောင်အမ်းအမ်း ကြည့်နေမိလေ၏။
“ရက်ရက်စက်စက် ရယ်မိတဲ့အတွက် ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ”
“စထွင်းမာက ဒီအရာကိုတောင် ရလာခဲ့ပြီဆိုတော့ သူက ဟန်နီဘက်ဂျာကို ခွေးတစ်ကောင်လို ဆော့ကစားဖို့ စီစဉ်နေတာလား”
“တော်ပါတော့ စထွင်းမာရာ၊ ဟန်နီဘက်ဂျာကြီးက ခင်ဗျားကြောင့် ခွေးတစ်ကောင်လို လေ့ကျင့်ခံရတော့မယ်”
“စထွင်းမာရဲ့ ခွေးလေ့ကျင့်ရေး သင်ခန်းစာကို တောင်းဆိုပါတယ်”
လင်းယန်က အားရကျေနပ်စွာဖြင့် လက်ခုပ်တီးလိုက်လေ၏။
“မင်းက ကိုက်ရတာ ကြိုက်တယ်မလား၊ လာလေ၊ ဆက်ကိုက်ကြည့်ပါဦး၊ ငါ့ကို ဘယ်လိုများ ကိုက်မလဲလို့ ကြည့်ရသေးတာပေါ့”
ဟန်နီဘက်ဂျာသည် အရှုံးမပေးဘဲ ထပ်မံ ကြိုးစားကြည့်သော်လည်း တင်ပါးဖြင့် မြေကြီးပေါ် ပြုတ်ကျရသည့် ရလဒ်မှာမူ ပြောင်းလဲမသွားပေ။
ယန်အာဟူမှာမူ ခါးပင် မဆန့်နိုင်တော့လောက်အောင် ရယ်မောနေလေပြီ။
ဟွမ်မောင်သည်လည်း ဤမြင်ကွင်းကို မြင်သောအခါ ဟန်နီဘက်ဂျာကို အသံတိတ် လှောင်ပြောင်လိုက်လေ၏။
ခွေးကြီးကပင် အားအင်များကို ချွေတာထားရန် သဘောကောင်းစွာဖြင့် အကြံပြုလိုက်သေးသည်။
“တစ်ခုခု လိုနေသလိုပဲနော်”
လင်းယန်သည် သူ၏ မေးစေ့ကို ပွတ်သပ်ရင်း ခေါင်းထဲတွင် အကြံတစ်ခု ရုတ်တရက် လင်းလက်သွားလေ၏။
“ဘာလိုနေလဲဆိုတာ ငါသိပြီ”
ထို့နောက် သူ အိမ်ထဲသို့ ဝင်သွားပြီး တစ်စုံတစ်ခုကို ယူဆောင်လာသည်ကို မြင်တွေ့လိုက်ရသည်။
“စထွင်းမာရဲ့ လက်ထဲမှာ ကိုင်ထားတာက ဖဲပြားကြီးတော့ မဟုတ်ပါဘူးနော်”
“အဲဒါက သိသာနေတာပဲလေ၊ ပြီးတော့ အဲဒါက ပန်းရောင်ဖဲပြားကြီးနော်”
“ဘာလို့ သူက အကြောင်းပြချက်မရှိဘဲ ဖဲပြားကြီးကို ကိုင်ထားရတာလဲ”
အွန်လိုင်းအသုံးပြုသူများမှာ လင်းယန်က ဟန်နီဘက်ဂျာ၏ ကိုယ်ပေါ်တွင် ထိုဖဲပြားကို တပ်ဆင်ပေးလိုက်သည်ကို မျက်လုံးအဝိုင်းသားဖြင့် ငေးကြည့်နေကြလေ၏။
“အခုတော့ ကြည့်ရတာ အများကြီး ပိုပြီး မျက်စိပသာဒဖြစ်သွားပြီ၊ အခုကစပြီး မင်းက ငါတို့မိသားစုရဲ့ အတောက်ပဆုံး မင်းသမီးလေးပဲ”
ဤတစ်ကြိမ်တွင်မူ ခွေးကြီးပင်လျှင် ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ဘဲ ဟန်နီဘက်ဂျာကို သနားကြင်နာသည့် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်လေ၏။
“ဝု... ဝု... ဝု”
(မင်း တခြားဘယ်သူ့ကိုမတို သွားပြီး ပြဿနာရှာလို့ရတဲ့ကြားကမှ ဘာလို့ သူ့ကိုမှ သွားပြီး ပြဿနာရှာရတာလဲ)
(အစ်ကိုကြီး၊ မင်းရဲ့ ရင်ထဲမှာ နာကျင်နေရတယ်ဆိုတာ ငါ သိပါတယ်၊ ဒါပေမဲ့ မင်းရဲ့ အခုပုံစံက တကယ်ကို ရယ်စရာကောင်းလွန်းနေတယ်)
ဟန်နီဘက်ဂျာသည် လင်းယန်ကို ဒေါသတကြီးဖြင့် ကြည့်နေသော်လည်း ဘာမှမတတ်နိုင်ခဲ့ပေ။
“အခြေအနေတွေက ဒီလိုဖြစ်လာပြီဆိုတော့ အရင်ဆုံး အစာစားဖို့ ကျွန်တော် အကြံပြုချင်တယ်”
ယန်အာဟူက သူ၏ နိဂုံးချုပ်စကားကို ပြောလိုက်လေ၏။
လင်းယန် ဟင်းချက်နေစဉ်အတွင်း ဟန်နီဘက်ဂျာ၏ စိတ်အခြေအနေမှာလည်း ပို၍ ပို၍ ဒေါသထွက်လွယ်လာသည်။
၎င်းမှာ အခြားကြောင့်မဟုတ်၊ အယ်လီဇဘက်ကော်လံ၏ ကန့်သတ်ချုပ်ချယ်မှုမှ မရုန်းထွက်နိုင်သောကြောင့်ပင်။
ထမင်းစားပွဲပေါ်မှ ထွက်ပေါ်လာသော မွှေးပျံ့သည့် ရနံ့ကို ရရှိလိုက်ချိန်ရောက်မှသာ ဟန်နီဘက်ဂျာသည် နှာခေါင်းရှုံ့ကာ ထိုအရပ်သို့ မရည်ရွယ်ဘဲ လှမ်းကြည့်လိုက်မိသည်။
မှတ်မိကြသေးလော။ ထိုအချိန်က လင်းယန် ၎င်းကို အစာကျွေးခဲ့သော်လည်း ၎င်းကိုယ်တိုင်ပင် ထိုအစာကို ရိုက်ချေဖျက်ဆီးခဲ့သည်မဟုတ်ပါလော။
လင်းယန်က ၎င်းကို အရေးမစိုက်သည့်ဟန်ဖြင့် တစ်ချက်စောင်းကြည့်လိုက်လေ၏။
“အခုမှ ဗိုက်ဆာတယ်ဆိုတာသိတာလား၊ နောက်ကျသွားပြီ”
“ညစာစားတဲ့အထဲမှာ မင်းအတွက် ဝေစု မပါဘူး”
ဟန်နီဘက်ဂျာက မျက်နှာကို အနေခက်စွာ လွှဲဖယ်လိုက်လေ၏။
“ဂတ်”
(ဒီအစာကို ဘယ်သူကများ ဂရုစိုက်လို့လဲ)
(ငါ ဟန်နီဘက်ဂျာက ဒီယုတ်မာတဲ့ လူသားဆီက ထမင်းတစ်စေ့ကို စားရမယ့်အစား ဒီနေရာမှာ အစာငတ်ခံပြီး သေသွားတာကမှ ပိုကောင်းဦးမယ်)
လင်းယန်က မနေနိုင်ဘဲ လက်မထောင်ပြလိုက်လေ၏။
“မင်းက တကယ်ကို သတ္တိရှိတာပဲ၊ ဒီနေ့ မင်းပြောခဲ့တဲ့ စကားတွေကို ဆက်ပြီး မှတ်မိနိုင်ပါစေလို့ ငါ မျှော်လင့်တယ်”
ဟွမ်မောင်ကမူ သူ၏ခေါင်းကို လှည့်ကာ ဟန်နီဘက်ဂျာကို တစ်ချက်ကြည့်လိုက်လေ၏။
“ဝေါင်း...”
(အစ်ကိုကြီး၊ ငါတို့ရဲ့ သေမလိုရှင်မလို ခင်မင်ရင်းနှီးမှုတွေအတွက် မင်းကို ငါ အကြံပေးပါရစေ၊ အရမ်းကြီး ခေါင်းမာမနေပါနဲ့တော့)
(အရသာရှိတဲ့ အစားအသောက်တွေရဲ့ သွေးဆောင်ဖြားယောင်းမှုကို မင်းက တောင့်ခံနိုင်မှာ မို့လို့လား)
ဟန်နီဘက်ဂျာက ၎င်းကို အထင်သေးစွာဖြင့် ငြင်းပယ်လိုက်လေ၏။
“ဂတ်... ဂတ်”
(ကျားတွေမှာ ကျောရိုးရှိတယ်လို့ အရင်က ငါ ထင်ထားခဲ့တာ၊ လူသားတွေ ကျွေးတဲ့ အစာနှစ်နပ်သုံးနပ်နဲ့ မင်းက အဝယ်ခံလိုက်ရလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး၊ အစာနှစ်နပ်သုံးနပ်လောက်နဲ့ မင်းက လူသားတစ်ယောက်ရဲ့ အိမ်မှာ အိမ်မွေးတိရစ္ဆာန်အဖြစ် လိုလိုလားလား နေချင်သွားတာလား)
(ငါတို့က တောအုပ်ကြီးကို ကြီးစိုးပြီး သဘာဝတရားနဲ့ပဲ ပိုင်ဆိုင်သင့်တာ၊ ဒီနေရာမှာ တစ်ယောက်ယောက်ရဲ့ ခွေးတစ်ကောင် ဖြစ်နေဖို့ မဟုတ်ဘူး)
ဟွမ်မောင်သည် ဟန်နီဘက်ဂျာ၏ တွေးခေါ်ပုံကို ကောင်းစွာ နားမလည်နိုင်ပေ။
“ဝေါင်း”
(ငါတို့ အရင်က ခင်ခဲ့ဖူးတာလေးကို ထောက်ထားပြီး သဘောကောင်းကောင်းနဲ့ သတိပေးနေတာကို၊ မင်းက ဘာလို့ ကျေးဇူးကန်းရတာလဲ)
(ဒီအစားအသောက်တွေရဲ့ တန်ဖိုးကို မင်း နားမလည်သေးဘူးထင်တယ်၊ ဒါပေမဲ့ ရပါတယ်၊ နောက်မှ မင်း နားလည်လာမှာပါ၊ အဲဒီအချိန်ကျရင် သခင်ကို မင်းကို လက်ခံပေးဖို့ တောင်းပန်ရင်တောင် သူက မင်းကို ဒီမှာထားမှာမဟုတ်ဘူး)
ဟန်နီဘက်ဂျာက အရေးမစိုက်သည့် အမူအရာကို ပြသနေသည်။ သူအတွက် ထိုနေ့မျိုး ဘယ်တော့မှ ရောက်လာလိမ့်မည်မဟုတ်ဟု ယုံကြည်ထားလေ၏။
“ဒီကောင်လေးက တော်တော်လေး မာနကြီးတာပဲ၊ ဖြူကောင်လိုပဲ၊ တစ်ကိုယ်လုံး ဆူးတွေနဲ့ ပြည့်နေတာ”
“ချစ်စရာလေး မလား၊ ဒီကောင်က မင်းကို အချက်အနည်းငယ်လောက်နဲ့ ကိုက်သတ်ပစ်နိုင်တယ်”
“ချစ်စရာလေးဆို၊ သူ့ကို နည်းနည်းလောက်ပိုပြီး ဝေးဝေးလေး ခေါ်သွားပေးပါ”
“ဒီကောင်က ဖုန်းထဲမှာ ကြည့်ရတာတော့ တော်တော်လေး ချစ်စရာကောင်းပေမဲ့ အကယ်လို့ ငါ့ရှေ့မှာသာ ပေါ်လာရင်တော့ ခေါင်မိုးပေါ်တောင် ခုန်တက်သွားချင်စိတ် ပေါက်မိမှာပဲ”
ယန်အာဟူနှင့် လင်းယန်တို့ ထမင်းစားပြီးနောက် စားပွဲကို အလျင်အမြန် ရှင်းလင်းလိုက်ကြသည်။
“ဒီကျန်နေတဲ့ ဟင်းကျန်တွေကို ဘယ်လိုလုပ်ရမလဲ”
လင်းယန်က လေတစ်ချက် ချဉ်လိုက်ပြီး ဆိုလေ၏။
“စားပွဲပေါ်မှာပဲ ထားခဲ့လိုက်၊ မနက်ဖြန် ဝက်တွေကိုကျွေးဖို့ ချန်ထားတာ၊ တောဝက်ဘုရင်ကြီးကို ပေးလိုက်ပေါ့၊ တောဝက်တွေက ကြမ်းကြမ်းတမ်းတမ်း စားရတာ အဆင်ပြေပါတယ်”
အစပိုင်းက ဗိုက်ဝသွားပြီးနောက် သူသည် လဲလျောင်းအနားယူချင်ရုံသာဖြစ်ပြီး လိုက်ဖ်လွှင့်ခြင်းကို ဆက်လက် မလုပ်ချင်တော့ပေ။ သို့သော် တရားဝင် စည်းမျဉ်းများအရ နေ့စဉ် အနည်းဆုံး သုံးနာရီ လိုက်ဖ်လွှင့်ရမည်ဖြစ်ပြီး သုံးနာရီပြည့်ရန် နောက်ထပ် တစ်နာရီကျော်ခန့် လိုအပ်နေသေးသည်။
လင်းယန် သက်ပြင်းချလိုက်လေ၏။
“မင်းတို့ကို ခြံဝင်းထဲမှာပဲ ထားခဲ့မယ်၊ ငါ ရေသွားချိုးလိုက်ဦးမယ်”
အွန်လိုင်းအသုံးပြုသူများမှာ ဤကဲ့သို့သော အပြုအမူမျိုးကို ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။
“အလုပ်လုပ်ရမှာကို ဒီလောက်တောင်ဝန်လေးနေတဲ့ စထွင်းမာကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ”
“အဲဒါ အမှန်ပဲ၊ ဘာပဲဖြစ်ဖြစ် ဘယ်သူမှတော့ နေ့တိုင်း အလုပ်မလုပ်ချင်ကြဘူးလေ”
“အစီအစဉ် ထုတ်လုပ်ရေးအဖွဲ့ရဲ့ ဆုကြေးငွေက သူ့ကို တကယ်ပဲ မဆွဲဆောင်နိုင်ဘူးများလား”
“ဘာလို့ ဒီစထွင်းမာက အခုတလော ပိုပိုပြီးတော့ ပျင်းလာတယ်လို့ ငါ ခံစားနေရတာလဲ”
“ကျေးဇူးပြုပြီး အားတင်းထားပါဦး သူဌေးရာ၊ အဆောက်အဦတွေ အားလုံး ပြီးသွားရင် ယာတောအိမ်ကို အများပြည်သူအတွက် တရားဝင် ဖွင့်လှစ်မယ်လို့ ခင်ဗျား ပြောထားတယ် မဟုတ်လား၊ ခင်ဗျားက ဒီလောက် ပျင်းနေမယ်ဆိုရင် ကျွန်တော်တို့ ဘယ်လောက်ကြာကြာ စောင့်ရဦးမှာလဲ”
“တခြား စထွင်းမာတွေက ဒီလို နာမည်ကြီးနေတဲ့အချိန်ကို အခွင့်ကောင်းယူပြီး စီးပွားရေးလုပ်ငန်းတွေ အမြန်ဖွင့်လှစ်ပြီး ဝင်ငွေရှာဖို့ လုပ်နေကြတာ၊ ဒါပေမဲ့ ဒီစထွင်းမာကတော့ ပိုက်ဆံမရှာချင်ဘူးဆိုတဲ့ ခံစားချက်ကို အမြဲတမ်း ပေးနေတယ်”
လင်းယန်သည် အွန်လိုင်းအသုံးပြုသူများ၏ ကွန်းမန့်များကို အဆုံးထိ ဖတ်မနေတော့ဘဲ အဝတ်အစားများကို ယူဆောင်ကာ ရေချိုးရန် ထွက်သွားလေ၏။
ယန်အာဟူက အပြင်ဘက်တွင် အနည်းငယ် အေးနေသည်ဟု ခံစားရသဖြင့် အိမ်ထဲသို့ ဝင်ကာ ဂိမ်းကစားရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် ခြံဝင်းထဲတွင် ဤတိရစ္ဆာန်လေးများ အစုအဝေးသာ ကျန်ရစ်ခဲ့တော့သည်။
ဟန်နီဘက်ဂျာသည် ဘယ်ညာသို့ လှည့်ပတ်ကြည့်ရှုလိုက်ပြီး မည်သူမျှ ၎င်းကို အာရုံမစိုက်ကြောင်း သေချာသွားသောအခါ စားပွဲပေါ်ရှိ ဟင်းကျန်များကို ကြည့်ကာ တံတွေးမျိုချလိုက်မိသည်။
‘ကောင်းပြီ၊ ငါ နည်းနည်းလောက် သွေးဆောင်ဖြားယောင်းခံနေရပြီဆိုတာ ဝန်ခံပါတယ်၊ ဒါက တော်တော်လေးကို ငါမမျှော်လင့်ထားတဲ့အပြုအမူပပဲ'
တောင်ပေါ်မှာ အချိန်အတော်ကြာ ပြေးလွှားပြီးနောက် မနေ့က စားခဲ့သော ပျားအနည်းငယ်မှာ အစာကြေသွားခဲ့သည်မှာ ကြာပြီဖြစ်သည်။
ဟန်နီဘက်ဂျာ၏ စိတ်ထဲတွင် ယခုအခါ စားရမလား၊ မစားရဘူးလား ဟူ၍ လွန်ဆွဲနေလေ၏။
အကယ်၍ သူစားလိုက်ပြီး တစ်ယောက်ယောက်က တွေ့သွားမည်ဆိုပါက သူ့တွင် ကျောရိုးမရှိဘူးဟု ထင်သွားလိမ့်မည် မဟုတ်ပါလော။
သို့သော် အကယ်၍ သူမစားလျှင်လည်း ထိုအနံ့က အလွန် သွေးဆောင်ဖြားယောင်းလွန်းနေသည်။
ပြင်းထန်သော စိတ်တွင်းတိုက်ပွဲတစ်ခု ဆင်နွှဲပြီးနောက် ဟန်နီဘက်ဂျာသည် လေးစားမှု (အစားအစာအပေါ် လေးစားမှု) ကို ပြသသည့်အနေဖြင့် အရင်ဆုံးစားရန် ဆုံးဖြတ်လိုက်လေ၏။
ဘာပဲဖြစ်ဖြစ် အခုအချိန်မှာ ဘယ်သူမှ ရှိမနေဘူးလေ။
ထို့ကြောင့် အွန်လိုင်းအသုံးပြုသူများ၏ စောင့်ကြည့်မှုအောက်တွင် ဟန်နီဘက်ဂျာသည် စားပွဲပေါ်သို့ တိုက်ရိုက်ခုန်တက်သွားပြီး ဟင်းကျန်ပန်းကန်ကို စတင် စားသောက်နေသည်ကို မြင်တွေ့လိုက်ကြရသည်။ ၎င်းသည် ပန်းကန်ကိုပင် ပြောင်စင်သွားသည်အထိ လျက်နေသေး၏။
အွန်လိုင်းအသုံးပြုသူများမှာ မျက်ရည်များပင် ထွက်လာသည်အထိ ရယ်မောနေကြလေ၏။
“ထင်တဲ့အတိုင်းပဲ၊ ဟန်နီဘက်ဂျာ အပါအဝင် ဘယ်သူမှ ‘တကယ်ကို အရသာရှိတာပဲ (Truly Delicious)’ စီးရီးကနေ မလွတ်မြောက်နိုင်ကြဘူး”
“ ‘တကယ်ကို အရသာရှိတာပဲ’ စီးရီးက တိရစ္ဆာန်လောကအထိတောင် ပျံ့နှံ့သွားပြီလား”
“ခုနကတင် ဟန်နီဘက်ဂျာက ဘာဖြစ်ဖြစ် မစားဘူးဆိုပြီး ခေါင်းမာတဲ့ အမူအရာမျိုး ပြသနေခဲ့တာ၊ ဒါပေမဲ့ လူတွေ မရှိတဲ့အချိန်မှာ သူက တိတ်တဆိတ် ခိုးစားနေတာပဲ”
“ဟန်နီဘက်ဂျာ၊ မင်းရဲ့ ကျောရိုးက ဘယ်ရောက်သွားပြီလဲ”
“ကျောရိုးက အစားအသောက်စားရတာလောက် ဘယ်လိုလုပ် အရသာရှိနိုင်မှာလဲ”
“ငါတို့ လူတစ်အုပ်လုံး သူ ခိုးစားနေတာကို မြင်သွားတယ်ဆိုတာကိုသာ ဟန်နီဘက်ဂျာ သိသွားရင် ငါတို့ အားလုံးကို အပြတ်ရှင်းပစ်ချင်နေမလား မသိဘူး”
“ငါ မြင်ရုံတင်မကဘူး၊ မှတ်တမ်းပါ တင်ထားလိုက်သေးတယ်၊ နောက်မှ အားလုံး အတူတူ ရယ်ရအောင် ငါ တင်ပေးလိုက်မယ်”
“မင်းကတော့ အတော်ဆုံးပဲ သူငယ်ချင်းရာ၊ သူက ဘာလို့ ဒီလောက် ခိုးကြောင်ခိုးဝှက် လုပ်နေတာလဲလို့ ငါ တွေးနေတာ၊ တကယ်တော့ သူက အဲဒီ ဟင်းကျန်ပန်းကန်ကို မျက်စိကျနေခဲ့တာကိုး”
“စထွင်းမာက ဒီဟင်းကျန်ပန်းကန်ကို စားပွဲပေါ်မှာ တမင်တကာများ ချန်ထားခဲ့တာလားလို့ မင်းတို့ ထင်လား”
“ဒီဖြစ်နိုင်ခြေကိုတော့ ဖယ်ထုတ်လို့မရဘူး”