← Chapters

အခန်း ၁၅၃

Vol. 16 Ch. 153

အခန်း ၁၅၃

Vol. 16 Ch. 153

အခန်း (၁၅၃)

ရေချိုးပြီးနောက် လင်းယန်သည် သူ၏ ဆံပင်ကို သုတ်ရင်း ခြံဝင်းထဲသို့ လှမ်းကြည့်လိုက်ရာ သစ်ကိုင်းပေါ်ရှိ ရှောင်ကျွိဟွားလေးကို အငြိုးတကြီးဖြင့် စိုက်ကြည့်နေသော ဟန်နီဘက်ဂျာကို အချိန်ကိုက် တွေ့လိုက်ရလေ၏။

ဟန်နီဘက်ဂျာသည် ရှောင်ကျွိဟွားလေးကို မျိုချပစ်ချင်သည့် ဆန္ဒကို လုံးဝ စွန့်လွှတ်ရသေးပုံ မပေါ်ပေ။

ရှောင်ကျွိဟွားလေးသည် ဟန်နီဘက်ဂျာ သစ်ပင်မတက်နိုင်ကြောင်း သေချာသိနေသဖြင့် သစ်ကိုင်းပေါ်မှနေ၍ ၎င်း၏ အမြီးကို အောက်သို့ ခါချကာ ဟန်နီဘက်ဂျာကို ရန်စနေလေသည်။

ဤအပြုအမူက ဟန်နီဘက်ဂျာကို ပို၍ ဒေါသထွက်သွားစေပြီး ထိုနေရာတွင်ပင် ပေါက်ကွဲထွက်တော့မည့် အသွင်မျိုးကို ပြသနေလေ၏။

“ငါ့စားပွဲပေါ်က ဟင်းကျန်တွေ ဘယ်ရောက်သွားလဲ”

လင်းယန်က တမင်သက်သက် အသံကျယ်ကျယ်ဖြင့် မေးလိုက်လေ၏။

ဟန်နီဘက်ဂျာ၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် တောင့်တင်းသွားပြီး ဘာမှမကြားလိုက်ရသကဲ့သို့ ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်ရှုနေလေသည်။

“ရယ်ရလွန်းလို့ သေတော့မယ်၊ ဒီအမူအရာက ငါခိုးစားနေတုန်း အမေမိသွားတဲ့ အချိန်က ငါ့ရဲ့တုံ့ပြန်မှုနဲ့ အတိအကျပဲ၊ အပြစ်ရှိသလို ခံစားနေရတဲ့ တုံ့ပြန်မှုမျိုးလေ”

“မင်းရဲ့ အပြုအမူက အရမ်း သိသာလွန်းနေတယ် မလား၊ ငါ အစာခိုးစားရင်း အဖမ်းခံရတဲ့ နှစ်ရှည်လများ အတွေ့အကြုံတွေအရဆိုရင် ဒီအချိန်မှာ မင်းက ဘာတွေဖြစ်နေတာလဲဆိုတာ သွားကြည့်ဖို့ ပွင့်ပွင့်လင်းလင်း လျှောက်သွားလိုက်ရုံပဲ၊ အဲဒီလိုဆိုရင် မင်းက သဘောထားကြီးတဲ့ ပုံပေါ်တာပေါ့”

“ဟားဟားဟား၊ သူ့မျက်နှာပေါ်မှာ ‘အပြစ်ရှိတယ်’ လို့ ရေးထားသလိုပဲ”

လင်းယန်သည် မျက်လုံးများကို ကျဉ်းကာ ဟန်နီဘက်ဂျာကို စိုက်ကြည့်ရင်း မေးလိုက်လေ၏။

“ငါ ရေချိုးနေတုန်း မင်း စားပွဲပေါ်က အစားအသောက်တွေကို ခိုးစားလိုက်တာလား”

ဟန်နီဘက်ဂျာ၏ မျက်နှာပေါ်တွင် လုံးဝငြင်းဆန်သည့်အမူအရာ ပေါ်လာလေ၏။

“ဂတ်...”

(ငါ ဘာမှ ခိုးမစားပါဘူးနော်)

လင်းယန်က ဟန်နီဘက်ဂျာ၏ ပါးစပ်တစ်ဝိုက်ရှိ အဆီအစွန်းအထင်းများကို ကြည့်ကာ ပြောလိုက်လေ၏။

“ဘယ်သတ္တဝါက ဒီလို ပါးစပ်တစ်ဝိုက်မှာ ပေပွနေတဲ့အထိ စားလေ့ရှိလို့လဲ၊ ဒါက သန့်ရှင်းမှုမရှိလွန်းတာ မဟုတ်ဘူးလား”

“မင်းက အလှူခံအစားအစာကို မစားဘူးလို့ ပြောထားတယ် မလား၊ အဲဒီတော့ ပွင့်ပွင့်လင်းလင်းတော့ မစားဘူး၊ ခိုးတော့ စားနိုင်တယ်ပေါ့လေ”

ဟန်နီဘက်ဂျာသည် ၎င်း ခိုးစားထားခြင်းကို ဤမျှ မြန်မြန်ဆန်ဆန် သိရှိသွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ထို့ကြောင့် ရှက်ရွံ့ခြင်းနှင့် ဒေါသထွက်ခြင်းတို့ ရောယှက်ကာ လင်းယန်ကို တိုက်ခိုက်ရန် ကြိုးပမ်းလေတော့သည်။

သို့သော် ၎င်းသည် လင်းယန်၏ အနီးသို့ မကပ်နိုင်သဖြင့် ဒေါသတကြီးဖြင့် သစ်ပင်ကို ခေါင်းဖြင့် ဆောင့်နေတော့သည်။

လင်းယန်မှာ ၎င်း၏ အပြုအမူကို ကြည့်ရင်း ဦးရေပြားများပင် ထုံကျဉ်လာသလို ခံစားလိုက်ရလေ၏။

“ကောင်းပါပြီ၊ ကောင်းပါပြီ၊ မင်းကိုယ်မင်း နာကျင်အောင် လုပ်နေတာကို အမြန်ရပ်လိုက်ပါတော့”

“မဟုတ်ရင် သစ်တောဦးစီးဌာနကလူတွေ ရောက်လာတဲ့အခါ ရှင်းပြရ ခက်နေလိမ့်မယ်”

လင်းယန်သည် မကြာသေးမီကမှ သစ်တောဦးစီးဌာနမှ ရှောင်ဝမ်ထံမှ ဖုန်းလက်ခံရရှိခဲ့သည်။ မနက်ဖြန်မနက်တွင် ဟန်နီဘက်ဂျာကို လာရောက်ခေါ်ဆောင်ရန် ကားတစ်စီး စေလွှတ်မည်ဟု ဆိုလေသည်။

‘နောက်ဆုံးတော့ ဒီပြဿနာကောင်ကြီးကို လွှတ်ပေးလို့ ရပြီပေါ့'

ဟန်နီဘက်ဂျာ သူ၏အိမ်သို့ ရောက်ရှိနေစဉ်အတွင်း အခြားတိရစ္ဆာန်လေးများ၏ သွားလာလှုပ်ရှားမှုမှာ အလွန်နည်းပါးသွားခဲ့သည်။

ဟန်နီဘက်ဂျာသည် တစ်နေကုန် လှောင်အိမ်ထဲတွင် ရှိနေလင့်ကစား အခြားတိရစ္ဆာန်လေးများမှာ အနီးသို့ မကပ်ရဲကြပေ။

မည်သို့ပင်ဆိုစေ ၎င်း၏ မျက်နှာတစ်ပြင်လုံးတွင် ‘ကြမ်းကြုတ်တယ်’ ဟူသော စကားလုံးကို ရေးသားထားသကဲ့သို့ ဖြစ်နေသည် မဟုတ်လော။

‘အခုဆိုရင် သူက အပြင်ဘက်ကိုပါ ရောက်နေပြီလေ'

“ပြောရမယ်ဆိုရင် ဒီကောင်လေးက တကယ်ကို ဒေါသထွက်လွယ်တာပဲ”

“ဒီလိုဒေါသမျိုးနဲ့ဆိုရင် အပြင်ကိုများ လွှတ်လိုက်ရင် တခြား တိရစ္ဆာန်တွေနဲ့ နေ့တိုင်း ရန်ဖြစ်နေမှာ မဟုတ်ဘူးလား”

“ဒီလို သတ္တဝါမျိုးကို သဘာဝတောတောင်ထဲ ပြန်မလွှတ်ပေးဖို့ သစ်တောဦးစီးဌာနကို ပြင်းပြင်းထန်ထန် အကြံပြုချင်ပါတယ်၊ ဒါက တခြား သက်ရှိတွေအတွက် အန္တရာယ်တစ်ခု မဟုတ်ဘူးလား”

လင်းယန်သည် ဆံပင်သုတ်ပြီးနောက် ရှောင်ရွှေကို စတင် ပွတ်သပ်ပေးနေလေ၏။

ဤအရာမှာ ယခုအခါ နေ့စဉ်လုပ်နေကျ အလုပ်တစ်ခု ဖြစ်လာခဲ့သည်။

ရှောင်ရွှေ ဆိုသော ဤမြေခွေးမလေးသည် အလွန်ပင် ကပ်ချွဲတတ်လှသည်။ သူမသည် နေ့တိုင်း လင်းယန်၏ ဘေးတွင် အိပ်စက်ရုံသာမက ညဘက်တွင် လင်းယန်ကို မတွေ့ပါက ဆူညံစွာ အော်ဟစ်တော့သည်။

သူမသည် ကျောက်ကျောက်နှင့် ခွေးကြီးတို့ကိုပါ လင်းယန်ကို အတူတကွ လိုက်ရှာရန် စည်းရုံးလှုံ့ဆော်လေ့ရှိသည်။

တစ်ခါတစ်ရံ လင်းယန် အပြင်ဘက်တွင် အလုပ်လုပ်နေ၍ အနည်းငယ် နောက်ကျသွားပါက ရှောင်ရွှေ၊ ကျောက်ကျောက်နှင့် ခွေးကြီးတို့ သုံးကောင်စလုံး သူ၏ရှေ့တွင် တစ်ပြိုင်နက် ပေါ်လာသည်ကို တွေ့ရတတ်သည်။

ဘာမှ ဆက်ပြောနေစရာ မလိုဘဲ ရှောင်ရွှေသည် သူ့ကို အိမ်ပြန်ရန် လာခေါ်ခြင်းဖြစ်ကြောင်း သူ သိရှိလေသည်။

ဟွမ်မောင်သည် အစပိုင်းတွင် ရှောင်ရွှေက သူ၏ နေရာကို လုယူသွားသဖြင့် မကျေမနပ် ဖြစ်ခဲ့၏။

နောက်ပိုင်းတွင် လင်းယန်၏ အာရုံစိုက်မှုမှာ သူ၏အပေါ်တွင် မရှိတော့ကြောင်း သဘောပေါက်သွားသဖြင့် အပြင်ဘက်တွင် လွတ်လပ်စွာ လျှောက်လည်နိုင်ခွင့် ရသွားတော့သည်။

ထို့ကြောင့် သူသည် ဤကိစ္စအပေါ်တွင် များစွာအာရုံမထားတော့ပေ။

ခြံဝင်းငယ်လေးအတွင်းရှိ မှိန်ပျပျ အဝါရောင်မီးရောင်သည် လင်းယန်အပေါ်သို့ ကျရောက်နေပြီး မှုန်ဝါးဝါးနှင့် နွေးထွေးသော ခံစားချက်ကို ဖန်တီးပေးနေလေသည်။

ကျောက်ကျောက်သည် လင်းယန်၏ ခြေရင်းတွင် လှဲလျောင်းနေပြီး ရှောင်ရွှေမှာမူ သူ့ရင်ခွင်ထဲတွင် မှီတွယ်နေလေ၏။

မလှမ်းမကမ်းတွင်တော့ ဟွမ်မောင်က ခုန်ပေါက်ဆော့ကစားနေဆဲပင်။

မျောက်အိုကြီးသည် ယန်အာဟူ၏ အပိုဖုန်းကို ယူကာ သစ်ပင်ပေါ်တွင် ဗီဒီယိုတိုလေးများကို ကြည့်ရှုနေလေသည်။

ရှောင်ကျွိဟွားလေးသည် သစ်ကိုင်းပေါ်တွင် ယိမ်းနွဲ့နေလေ၏။

ပိုင်မောင်သည် မြေကြီးပေါ်တွင် လှဲလျောင်းကာ ၎င်း၏ ခြေဖဝါးများကို လျက်နေလေသည်။

ခြံဝင်းထဲရှိ မြင်ကွင်းမှာ အလွန်ပင် အေးချမ်းသာယာသော ဘဝတစ်ခုကို ပုံဖော်ပေးနေလေ၏။

ဤမြင်ကွင်းလေး အနှောင့်အယှက် ဖြစ်သွားမည်စိုးသဖြင့် အွန်လိုင်းအသုံးပြုသူများမှာ အသက်ရှူပင် မှားသွားခဲ့ကြရသည်။

“ဒီခြံဝင်းလေးက တကယ်ကို ငါ့ရဲ့ အိပ်မက်လေးပဲ”

“လင်းယန်ရေ၊ မင်းက ငါ့ရဲ့ အိပ်မက်လေးပါ”

“အလုပ်စလုပ်ကတည်းက ငါ့ရဲ့ အိပ်မက်က ခွေးတစ်ကောင်၊ ကြောင်တစ်ကောင် မွေးပြီး ယာတောအိမ်လေးမှာ အေးအေးဆေးဆေး နေဖို့ပဲ၊

အခုတော့ စထရင်းမာရဲ့ ဘဝက ငါ့အိပ်မက်ရဲ့ အဆင့်မြင့်ဗားရှင်းကြီး ဖြစ်နေတာကို သဘောပေါက်သွားပြီ”

“သူမွေးထားတာက ခွေးတွေ ကြောင်တွေတင် မကဘူး၊ ကြမ်းကြုတ်တဲ့ ကျားတွေနဲ့ နိုင်ငံတော်အဆင့် အကာအကွယ်ပေးထားတဲ့ တိရစ္ဆာန်တွေ အများကြီးကိုပါ မွေးထားတာလေ”

လင်းယန်သည် နောက်ဆုံးတွင် သူ၏ သတ်မှတ်ထားသော လိုက်ဖ်လွှင့်ချိန်ကို ပြီးမြောက်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး အားလုံးကို ကောင်းသောညပါဟု နှုတ်ဆက်ရန်ပင် မစောင့်နိုင်တော့ပေ။

နောက်တစ်နေ့နံနက်။

ဤတစ်ကြိမ်တွင်မူ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများသည် အလွန် အချိန်မှန်ပြီး အနည်းငယ်မျှပင် နောက်ကျခြင်း မရှိခဲ့ပေ။

ဒါရိုက်တာလီသည် လင်းယန် စိတ်မရှည်ဖြစ်လာမည်ကို စိုးရိမ်နေပုံရသည်။

သို့သော် ဟန်နီဘက်ဂျာကို ခေါ်ဆောင်သွားသည့် လုပ်ငန်းစဉ်မှာမူ အဆင်မပြေလှပေ။

အဘယ်ကြောင့်ဆိုသော် ဟန်နီဘက်ဂျာသည် လူတိုင်းအပေါ် ကြမ်းတမ်းပြီး ရန်ပြုလိုသော သဘောထားကို ပြသနေသောကြောင့်ပင်။

၎င်းသည် ယခုအခါ အယ်လီဇဘက် ကော်လာကို ပတ်ထားသဖြင့် လူကို မကိုက်နိုင်တော့သော်လည်း အနီးသို့ ချဉ်းကပ်လာသူ မည်သူ့ကိုမဆို အနည်းဆုံး ခြေသည်းဖြင့် နှစ်ကြိမ်ခန့်တော့ ကုတ်ဆွဲတတ်လေ၏။

ယင်းက ၎င်းကို တိရစ္ဆာန်ကာကွယ်ရေးစင်တာသို့ ပြန်လည်ခေါ်ဆောင်သွားရန် အနည်းငယ် အခက်အခဲ ဖြစ်စေခဲ့သည်။

ဆရာဝန်ချင်က စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ပြောလိုက်လေ၏။

“ခင်ဗျား ဒီအကောင်ကြီးကို ဘယ်လိုများ ပြန်ခေါ်လာနိုင်ခဲ့လဲဆိုတာ ကျွန်တော် တကယ်ကို စဉ်းစားလို့မရဘူး”

လင်းယန်သည် အနီးသို့ မကပ်ရဲသော တိရစ္ဆာန်ရုံမှ ပြုစုစောင့်ရှောက်သူ အချို့ကို ကြည့်ကာ သက်ပြင်းချလိုက်လေ၏။

“တစ်ခါတလေကျရင် ပြဿနာတွေကို ဖြေရှင်းဖို့ အင်အားနည်းနည်းလောက် သုံးဖို့လိုအပ်တယ်လေ”

မကြာမီမှာပင် သူသည် လက်သီးဖြင့် စကားပြောခြင်းဆိုသည်မှာ မည်သို့ဖြစ်ကြောင်း အားလုံးကို ပြသလိုက်လေတော့သည်။

သူသည် ဟန်နီဘက်ဂျာကို ပါးနှစ်ချက်ခန့်ရိုက်လိုက်ရာ ချက်ချင်းပင် ငြိမ်ကျသွားတော့သည်။

ထို့နောက် လင်းယန်သည် ဟန်နီဘက်ဂျာကို သစ်တောဦးစီးဌာနမှ ယူဆောင်လာသော သံလှောင်အိမ်ထဲသို့ တိုက်ရိုက်ပစ်ထည့်လိုက်လေ၏။

“အခုတော့ ဘိုင့်ဘိုင်ပါပဲ”

သံလှောင်အိမ်ထဲတွင် ပိတ်လှောင်ခံလိုက်ရပြီးနောက် ဟန်နီဘက်ဂျာ၏ မျက်နှာအမူအရာမှာ တုန်လှုပ်မှုမှသည် မယုံကြည်နိုင်မှုဆီသို့ တဖြည်းဖြည်း ပြောင်းလဲသွားခဲ့သည်။

‘ငါ ဘယ်လိုလုပ်ပြီး လှောင်အိမ်ထဲကို ထပ်ရောက်သွားရတာလဲ'

ဟန်နီဘက်ဂျာသည် လှောင်အိမ်ကို အဆက်မပြတ် ရိုက်ခတ်ကာ သူ့ကို လွှတ်ပေးရန် အော်ဟစ်နေလေ၏။

‘တကယ်လို့သာ ငါ အပြင်ထွက်ခွင့်ရခဲ့ရင် ဒီယုတ်မာတဲ့လူသားအားလုံးကို အသေသတ်ပစ်မယ်'

‘ငါ သတိလစ်နေတဲ့အချိန်မှာ သူတို့က ငါ့ကို ပိတ်လှောင်ရဲတယ်ပေါ့လေ'

လင်းယန်က ဆရာဝန်ချင်ကို သေချာမှာကြားလိုက်လေ၏။

“ဒီဟန်နီဘက်ဂျာက အရမ်း ဒေါသထွက်လွယ်တယ်၊ ခင်ဗျားတို့ တိရစ္ဆာန်ကာကွယ်ရေးစင်တာက ဝန်ထမ်းတွေကို သူ့လည်ပင်းမှာ ပတ်ထားတဲ့ အယ်လီဇဘက် ကော်လံကို မဖြုတ်ပေးမိဖို့ သေချာလေး မှာထားလိုက်ပါဦး”

“မဟုတ်ရင် သူက လူကိုကိုက်ဖို့ ရာခိုင်နှုန်းအရမ်းများတယ်”

ဆရာဝန်ချင်က ခေါင်းညိတ်ပြလိုက်လေ၏။

“မင်းက ဉာဏ်ကောင်းတဲ့ ကလေးပဲ၊ သူ့လည်ပင်းမှာ အယ်လီဇဘက်ကော်လံ ပတ်ပေးထားဖို့တောင် သိသေးတယ်”

လင်းယန်က ပြုံးလိုက်ပြီး ပန်ဒါနှစ်ကောင်၏ အခြေအနေကိုပါ မေးမြန်းလိုက်လေ၏။

“ဗျူရိုက အဲဒီပန်ဒါနှစ်ကောင်ကို တိရစ္ဆာန်ကာကွယ်ရေးစင်တာမှာပဲ ယာယီထားဖို့ စီစဉ်ထားတာလား၊ ဒါမှမဟုတ် တောထဲပြန်လွှတ်ပေးမှာလား”

ဆရာဝန်ချင်က ခေတ္တမျှ စဉ်းစားပြီးနောက် ဖြေကြားလိုက်လေ၏။

“ပန်ဒါကြီးရဲ့ စိတ်ခံစားမှုတွေက နည်းနည်း မတည်မငြိမ်ဖြစ်နေတယ်၊ မနေ့က ကျွန်တော် သူ့ကို သွားစစ်ဆေးကြည့်တော့ ဒီပန်ဒါကြီးရဲ့ ဗိုက်ထဲမှာ ကလေးတစ်ကောင် ရှိနေတယ်ဆိုတာ သိလိုက်ရတယ်”

လင်းယန်၏ ခေါင်းထဲတွင် ခေတ္တမျှ ဗလာကျင်းသွားခဲ့သည်။

“ဘာပြောလိုက်တာ၊ သူ့ဗိုက်ထဲမှာ ကလေးလေးတစ်ကောင် ရှိနေတယ်လို့ ပြောတာလား”

ဆရာဝန်ချင်က ခေါင်းညိတ်ပြလိုက်လေ၏။

“ဒါကြောင့်လည်း သူ့ရဲ့ စိတ်ခံစားမှု အတက်အကျတွေက အရမ်းကြီးမားနေတာ ဖြစ်နိုင်တယ်၊ အစကတော့ သူ့ကို တောထဲ ပြန်လွှတ်ပေးဖို့ စီစဉ်ထားတာပါ၊

ဒါပေမဲ့ မနေ့က အစည်းအဝေးမှာ ဒီကိစ္စကို ဆွေးနွေးကြည့်တော့ ကိုယ်ဝန်ဆောင် ပန်ဒါကြီးကို တောထဲ ပြန်လွှတ်ပေးလိုက်ရင် မီးဖွားရခက်ခဲတဲ့ အခြေအနေတွေ ဖြစ်လာနိုင်တယ်လို့ ယူဆကြတယ်၊

ဒါကြောင့် သူ့ကို တိရစ္ဆာန်ကာကွယ်ရေးစင်တာမှာပဲ ဆက်ထားဖို့နဲ့ အောင်မြင်စွာ မီးဖွားပြီးမှပဲ နောက်ထပ် အစီအစဉ်တွေ ဆက်လုပ်ဖို့ ဆုံးဖြတ်လိုက်ကြတာပါ”

“ဒါပေမဲ့ ပန်ဒါကြီးက ဒီနှစ်ရက်အတွင်း အစာသိပ်မစားဘူး၊ ပန်ဒါပေါက်စလေးရဲ့ စိတ်ခံစားမှုကလည်း ကျဆင်းနေတယ်၊ အခု လောလောဆယ်တော့ တိရစ္ဆာန်ကာကွယ်ရေးစင်တာက ကျွမ်းကျင်သူတွေက ဒီကိစ္စကို ဆွေးနွေးနေကြတယ်၊

ဒါက ပတ်ဝန်းကျင် အပြောင်းအလဲကြောင့်များ ဖြစ်နေမလားလို့ပေါ့”

ဤကိစ္စသည်လည်း ဆရာဝန်ချင်အတွက် အလွန်ခေါင်းခဲစရာ ဖြစ်နေလေသည်။

ကျွမ်းကျင်သူ တစ်စု စုဝေးကာ ဆွေးနွေးနေကြသော်လည်း အချိန်အတော်ကြာသည်အထိ အသုံးဝင်မည့်အကြံဉာဏ်တစ်ခုမျှ ထွက်မလာခဲ့ပေ။

သို့သော် ဤအတိုင်း ဆက်သွားနေမည်ဆိုပါက ပန်ဒါကြီးနှင့် ပန်ဒါပေါက်စလေးတို့ စိတ်ဓာတ်ကျဆင်းမှုဆီသို့ ဦးတည်သွားနိုင်ခြေ ရှိပေသည်။

ပန်ဒါကြီးသည် ကိုယ်ဝန်ဆောင်မိခင်တစ်ဦး ဖြစ်နေလိမ့်မည်ဟု လင်းယန် တစ်ခါမျှ မတွေးထင်ထားခဲ့ပေ။

ထိုအချိန်က ၎င်းမှာ အစာမငတ်ခဲ့၍သာ တော်တော့သည်။

“အခု ဟန်နီဘက်ဂျာကိုလည်း လာခေါ်ပြီးပြီဆိုတော့ ကျွန်တော် တိရစ္ဆာန်ကာကွယ်ရေးစင်တာကို ပြန်သွားလိုက်ဦးမယ်၊

အဲဒီမှာ ဟန်နီဘက်ဂျာအတွက် သီးသန့်နေရာတစ်ခု စီစဉ်ပေးထားတယ်၊ သူ ပတ်ဝန်းကျင်အသစ်နဲ့ အဆင်ပြေပြေ နေသားကျနိုင်ဖို့ မျှော်လင့်ရတာပါပဲ”

ဆရာဝန်ချင်၏ ရင်ထဲတွင် မကောင်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်နေလေသည်။ ဟန်နီဘက်ဂျာ၏ ကြမ်းတမ်းသော

တောရိုင်းသဘာဝအရ ၎င်းသည် တိရစ္ဆာန်ကာကွယ်ရေးစင်တာတွင် သေချာပေါက် ပြဿနာများ ရှာလိမ့်မည်ဟု သူ ခံစားနေရသည်။

လင်းယန်သည် သူတို့၏ ကား တဖြည်းဖြည်း ထွက်ခွာသွားသည်ကို ကြည့်ရင်း သူ၏ စိတ်အခြေအနေမှာ အလွန်ပင် ရွှင်လန်းတက်ကြွလာခဲ့သည်။

“အာဟူ... သွားရအောင်၊ သစ်သီးခြံကို သွားရှင်းလင်းဖို့ ငါနဲ့ လိုက်ခဲ့၊ ပြဿနာကောင်ကိုတော့ လွှတ်ပေးလိုက်ပြီ၊ ဒါပေမဲ့ ရှုပ်ပွနေတာတွေကိုတော့ ရှင်းရဦးမယ်လေ”

သို့သော် သစ်တောဦးစီးဌာနက လျော်ကြေးပေးမည်ကို စဉ်းစားမိသောအခါ သူတို့အပေါ် များစွာ အပြစ်မတင်လိုတော့ပေ။

လင်းယန်သည် သစ်ပင်ပေါ်တွင် ဗီဒီယိုတိုလေးများကို ကြည့်ရှုနေသော မျောက်အိုကြီးကို တစ်ချက်စောင်းကြည့်လိုက်လေ၏။

“မင်းကောင်ကတော့ အခုတလော တကယ်ကို ပိုပိုပြီး အေးဆေးလာတယ်နော်၊ မြန်မြန်ဆင်းပြီး အလုပ်လာလုပ်စမ်း၊

ငါ့ရဲ့ လင်းမိသားစုက အလုပ်မရှိ အကိုင်မရှိတဲ့ လူတွေကို မမွေးထားဘူး... အဲလေ... အလုပ်မရှိ အကိုင်မရှိတဲ့ မျောက်တွေကို မမွေးထားဘူး”

မျောက်အိုကြီး၏ မျက်နှာအမူအရာမှာ သိသိသာသာကို တုန်လှုပ်သွားလေ၏။

သူ့အကြည့်များက မင်းက မျောက်တစ်ကောင်ကိုတောင် အလွတ်မပေးဘူးလားဟု ပြောနေသကဲ့သို့ပင်။

အခုအချိန်မှာ ၎င်းက အရင်ကလို အသိဉာဏ်ကင်းမဲ့နေသည့် မျောက်တစ်ကောင် မဟုတ်တော့ပေ။

သူသည် အင်တာနက်အသုံးပြုတတ်ပြီး အွန်လိုင်း ဗဟုသုတများကိုပါ လေ့လာသင်ယူထားသည့် မျောက်တစ်ကောင် ဖြစ်နေလေပြီ။

‘ဒီလို လူ့အသိုင်းအဝိုင်းမှာ မျောက်တစ်ကောင်က အလုပ်လုပ်ရမယ်ဆိုတဲ့ အကြောင်းပြချက်မှ မရှိတာ'

“အိုး... ဟိုး”

မျောက်အိုကြီးက လင်းယန်ကို ဆန္ဒပြလိုက်လေ၏။

(ငါက မေစန်းတောင်မှာ သွားပြီး မျောက်သွားလုပ်ချင်တယ်)

(အဲဒီမှာက စားစရာ သောက်စရာတွေ အပြည့်အစုံ ရှိရုံတင်မကဘူး၊ ကိုယ်မပျော်ရင် ခရီးသွားတွေကိုတောင် ရိုက်လို့ရသေးတယ်)

(ဒီမှာကတော့ အသုံးချခံတိရစ္ဆာန်တစ်ကောင်လိုပဲ ဆက်ဆံခံနေရတယ်)

လင်းယန်မှာ မတတ်သာသည့်ဟန်ဖြင့် သက်ပြင်းချလိုက်ပြီး သူ့နဖူးကိုသူ ပွတ်သပ်လိုက်လေ၏။

“အဲဒါတွေ အကုန်လုံးက အတုတွေ၊ အဲဒါတွေက မားကတ်တင်းသဘောတရားအရ ဖန်တီးထားတဲ့ ပုံရိပ်တွေပါကွ၊ မျောက်တွေလည်း အလုပ်လုပ်ရမှာပဲ၊ အလုပ်လုပ်မှသာ ဆုကြေးတွေရနိုင်မှာပေါ့”

All Chapters