အခန်း ၁၅၅
Vol. 16 Ch. 155
အခန်း (၁၅၅)
ဘေးပတ်လည်ရှိ တိရစ္ဆာန်ထိန်းသိမ်းရေးဝန်ထမ်းများ၏ မျက်နှာပေါ်တွင် ဆင်းရဲဒုက္ခရောက်နေသည့် အမူအရာများ အထင်းသား ပေါ်လွင်နေလေ၏။
“ဒီပန်ဒါက ဒီလောက်မြန်မြန် ပြေးနိုင်မယ်လို့ ဘယ်သူကများ ထင်မှာလဲ၊ ငါတို့ အာရုံစိုက်မှု လွတ်သွားတာနဲ့တစ်ပြိုင်နက် ပြေးသွားတာပဲ”
“ဝါးခြံလေးရဲ့တံခါးက သူ့ကို လုံးဝမထိန်းထားနိုင်ဘူး၊ သူက ခြံစည်းရိုးကိုတောင် ကျော်တက်နိုင်သေးတယ်”
“တောထဲမှာ ကြီးပြင်းလာတဲ့ ပန်ဒါပီပီ သူ့ရဲ့စွမ်းရည်တွေက အပြည့်အဝ ဖွံ့ဖြိုးနေတာပဲ”
ယင်းကို ကြားပြီးနောက် ဘင်ဘင်သည်လည်း အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။
“ပဉ္စမမြောက်အကြိမ် ထွက်ပြေးတာလား၊ သူက ဘာလို့ ထွက်ပြေးဖို့ချည်းပဲ ကြိုးစားနေရတာလဲ”
ဦးစွာ ပထမ တိရစ္ဆာန် ညှဉ်းပန်းနှိပ်စက်မှုကို ဖယ်ထုတ်ထားရမည်။ မည်သို့ပင်ဆိုစေ ရှန်စီး တိရစ္ဆာန်ကာကွယ်ရေးစင်တာသည် တစ်နိုင်ငံလုံး၏ စောင့်ကြည့်မှုကို ခံနေရခြင်းဖြစ်သည်။
အကယ်၍ တိရစ္ဆာန် ညှဉ်းပန်းနှိပ်စက်မှုသာ ရှိခဲ့မည်ဆိုပါက ရှန်စီးမြို့တစ်ခုလုံး၏ ခေါင်းဆောင်များ အားလုံး အကျိုးဆက်များကို ခံစားရပေလိမ့်မည်။
‘ဒါဆို ဘာကြောင့်များ ဒီလိုဖြစ်ရတာလဲ'
ဝမ်ကောက ခေါင်းခါယမ်းလိုက်လေ၏။
“ကျွန်တော်တို့လည်း မသိပါဘူး၊ အဓိကက သူ့ဗိုက်ထဲမှာ ကလေးတစ်ကောင် ရှိနေသေးတော့ ကျွန်တော်တို့က ဒီပန်ဒါကြီးကို သေသေချာချာ သတိထားပြီး ဆက်ဆံရတယ်”
ယင်းကို ကြားလိုက်ရသောအခါ ဘင်ဘင်မှာ ပို၍ပင် အံ့အားသင့်သွားတော့သည်။
အွန်လိုင်းအသုံးပြုသူများမှာလည်း အလွန်အမင်း တုန်လှုပ်သွားကြလေ၏။
“သုံးရက်အတွင်း ငါးကြိမ်တောင် ထွက်ပြေးတာလား၊ ဒီပန်ဒါကြီးက တကယ်ကို မလွယ်ဘူး၊ ကိုယ်ဝန်ဆောင်ထားရတဲ့ ကြားကတောင် ဒီလောက် စွမ်းဆောင်နိုင်သေးတာပဲ”
“နေပါဦး၊ အပြင်ဘက်မှာ ဘာတွေရှိနေလို့လဲ၊ သူက ဘာလို့ အပြင်ကိုပဲ ထွက်ချင်နေရတာလဲ”
“တိရစ္ဆာန်ထိန်းသိမ်းရေးဝန်ထမ်း ပြောတာ မကြားဘူးလား၊ သူက တောထဲမှာ ကြီးပြင်းလာတဲ့ ပန်ဒါမို့လို့ တိရစ္ဆာန်ကာကွယ်ရေးစင်တာရဲ့ ပတ်ဝန်းကျင်နဲ့ အသားမကျတာ ဖြစ်နိုင်တယ်လေ”
“ဒါပေမဲ့ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်၊ ထွက်ပြေးဖို့ ကြိုးစားတဲ့ သူ့ရဲ့ ဇွဲလုံ့လကတော့ တကယ်ကို အထင်ကြီးစရာပဲ”
“ဒါဆို တိရစ္ဆာန်ကာကွယ်ရေးစင်တာက သူ့ကို ဘာလို့ တောထဲ ပြန်မလွှတ်ပေးလိုက်တာလဲ၊ ကိုယ်ဝန်ကြီးနဲ့ အခုလို ထပ်ခါတလဲလဲ ဒုက္ခမရောက်ရအောင်လို့”
“ဒါက သာမန်ကာလျှံကာ လွှတ်ပေးလိုက်လို့ရတဲ့ ကိစ္စငယ်လေး မဟုတ်ဘူး၊ အဓိကက သူ ကိုယ်ဝန်ဆောင်ထားရလို့ တောထဲမှာ အောင်အောင်မြင်မြင် မွေးဖွားနိုင်ပါ့မလားဆိုတာ ဘယ်သူမှ အာမမခံနိုင်ဘူးလေ”
“ဘုရားရေ၊ ဒါက နိုင်ငံခြားသားတွေ ပြောပြောနေတဲ့ ကွန်ဖူးပန်ဒါများလား၊ သူက ခြံစည်းရိုးကိုတောင် ကျော်တက်နိုင်သေးတယ်၊ ပြီးတော့ ကလေးကိုချီပြီး ကျော်တက်သွားတာနော်”
ပန်ဒါပေါက်စလေးကို ပြန်လည်ပို့ဆောင်လာသောအခါ ၎င်း၏ မျက်နှာပေါ်တွင် အလျှော့မပေးလိုသော အမူအရာ ပေါ်လွင်နေလေ၏။
ဝမ်ကောက ဘေးမှနေ၍ တောင်းပန်တိုးလျှိုးနေလေသည်။
“ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ ဘိုးဘေးကြီးရယ်၊ နောက်တစ်ခါ ပြဿနာ မရှာဘဲ နေပေးလို့ မရဘူးလား၊ မင်းသာ ပြဿနာတစ်ခုခု ရှာလိုက်ရင် ငါတို့အားလုံး အကျိုးဆက်တွေကို ခံစားရမှာ”
“ပြီးတော့ မင်းဗိုက်ထဲမှာ ကလေးတစ်ကောင် ရှိနေသေးတယ်လေ၊ အားအင်တွေကို နည်းနည်းလောက် ချွေတာထားလို့ မရဘူးလား၊ ကလေးလေး ပျက်ကျသွားတဲ့အထိ ပြဿနာရှာနေမှာလား”
ပန်ဒါကြီးက ဝမ်ကော၏ စကားကို လုံးဝ သဘောမတူကြောင်း ပြသသည့်အနေဖြင့် ဟိန်းဟောက်လိုက်လေ၏။
(ငါ့ကလေးက ငါ့လိုပဲ သန်စွမ်းပါတယ်၊ ဘယ်လိုလုပ် အလွယ်တကူ ပျက်ကျသွားနိုင်မှာလဲ)
အွန်လိုင်းအသုံးပြုသူများကလည်း ၎င်း၏ မျက်နှာအမူအရာမှတစ်ဆင့် ၎င်း၏ အတွေးများကို အဓိပ္ပာယ်ဖော် စတင်လာကြလေ၏။
“သူ့ကိုကြည့်ရတာ တော်တော်လေး အလျှော့မပေးချင်တဲ့ပုံပဲနော်”
“သူ့ကိုသာ တောထဲ မလွှတ်ပေးဘူးဆိုရင် သူ သေချာပေါက် နောက်တစ်ခါ ထပ်ပြီး ထွက်ပြေးဖို့ ကြိုးစားဦးမယ်လို့ ငါ ခံစားနေရတယ်”
“ဘင်ဘင်... မြန်မြန် လိုက်သွားပါဦး၊ ငါတို့ ပန်ဒါကို ဆက်ကြည့်ချင်သေးတယ်”
အွန်လိုင်းအသုံးပြုသူများက အတင်းအကျပ် တောင်းဆိုနေကြသည်ကို မြင်သောအခါ ဘင်ဘင်သည်လည်း သူတို့၏ နောက်မှ ဝါးခြံလေးထဲသို့ လိုက်ပါသွားခဲ့လေ၏။
တိရစ္ဆာန်ထိန်းသိမ်းရေးဝန်ထမ်းများက ပန်ဒါကြီးကို လတ်ဆတ်သော ဝါးများ ပေးကာ ပန်ဒါပေါက်စလေး၏ ဇလုံထဲသို့ နွားနို့များ လောင်းထည့်ပေးနေသည်ကို သူမ စောင့်ကြည့်နေလိုက်သည်။
သို့သော် ပန်ဒါကြီးသည် ဝါးများကို တစ်ချက်ပင် လှည့်မကြည့်ပေ။
ပန်ဒါပေါက်စလေးသည်လည်း အစာငတ်ခံ ဆန္ဒပြမှုတွင် ပါဝင်လာခဲ့သည်။
ဘေးရှိ တိရစ္ဆာန်ထိန်းသိမ်းရေးဝန်ထမ်းများမှာ အလွန်အမင်း စိုးရိမ်ပူပန်နေကြလေ၏။ တိရစ္ဆာန်ထိန်းသိမ်းရေးဝန်ထမ်း အချို့က အလှည့်ကျ ဝင်ရောက်ကာ သူတို့ကို အစာစားရန် ချော့မော့နေကြသည်။
သားအမိ နှစ်ကောင်စလုံး အနည်းငယ်မျှဖြစ်စေ စားစေလိုသော မျှော်လင့်ချက်ဖြင့်ပင်။
သို့သော် ဤဘိုးဘေးကြီး နှစ်ကောင်မှာ အစားအသောက်များကို လုံးဝ လှည့်မကြည့်လိုကြပေ။
ယင်းက အွန်လိုင်းအသုံးပြုသူများ၏ စိတ်ခံစားမှုများကိုပါ သက်ရောက်မှု ရှိသွားစေသည်။
“ဒီလို အစာမစားဘဲ နေတာက အဆင်မပြေဘူး၊ အထူးသဖြင့် ကိုယ်ဝန်ဆောင် မိခင်တစ်ယောက် ရှိနေတာဆိုတော့ ပိုဆိုးတာပေါ့”
“ဟုတ်တယ်၊ လူတွေတောင် အစာမစားဘဲ မနေနိုင်ကြတာ၊ တိရစ္ဆာန်တွေဆို ပိုဆိုးမှာပေါ့”
“ပန်ဒါကြီးက ဒီနေရာကနေ ထွက်သွားဖို့ ဒီလောက်တောင် စိတ်ပိုင်းဖြတ်ထားတာ အကြောင်းရင်း တစ်ခုခုတော့ ရှိရမယ်လို့ ငါထင်တယ်၊ သူက ပန်ဒါအဖေကို သွားရှာချင်နေတာများလား”
“အဲဒါ နည်းနည်းတော့ အဓိပ္ပာယ်ရှိတယ်၊ သူက ပန်ဒါအဖေကို သွားရှာဖို့ သူ့ကလေးကို ခေါ်သွားချင်နေတာ ဖြစ်ရမယ်၊ ဘာပဲဖြစ်ဖြစ် မိသားစုဆိုတာ အတူတူ ရှိနေသင့်တာပဲလေ”
“တိရစ္ဆာန်ကာကွယ်ရေးစင်တာက ကလေးလေးရဲ့ အဖေကိုပါ ဒီကို ခေါ်လာပေးလို့ မရဘူးလား၊ ဒီလောက်ကြီးတဲ့ တိရစ္ဆာန်ကာကွယ်ရေးစင်တာကြီးက ပန်ဒါ နောက်တစ်ကောင်ကို မမွေးနိုင်လို့လား”
“ကလေးလေးရဲ့ အဖေက တာဝန်မဲ့ပြီး သားမယားကို စွန့်ပစ်သွားတာများလား”
အွန်လိုင်းအသုံးပြုသူများ၏ မေးခွန်းများ ပိုမိုဆူညံလာသောအခါ ဘင်ဘင်သည်လည်း မေးမြန်းလိုက်လေ၏။
“အဲဒီ ပန်ဒါပေါက်စလေးရဲ့ ဖခင်အကြောင်း မေးလို့ ရမလား”
ဝမ်ကောက ခေါင်းခါယမ်းလိုက်လေ၏။
“သစ်တောဦးစီးဌာနက ဝန်ထမ်းတွေ ပန်ဒါကို ဒီကို ခေါ်လာတုန်းက ကျွန်တော်လည်း ဒီမေးခွန်းကို မေးခဲ့ပါတယ်၊ ဒါပေမဲ့ သူတို့လည်း ပန်ဒါဖခင် ဘယ်မှာရှိနေလဲဆိုတာ မသိကြဘူး၊ ဒီကိစ္စက နည်းနည်းတော့ ရှုပ်ထွေးတယ်”
“ပန်ဒါပေါက်စလေးက အခိုးခံလိုက်ရပြီး မိသားစု တစ်စုရဲ့ တံခါးဝမှာ စွန့်ပစ်ခံလိုက်ရတာ၊ အဲဒီ မိသားစုက နောက်ပိုင်းကျမှ သစ်တောဦးစီးဌာနကို သတင်းပို့လိုက်တော့ ပန်ဒါပေါက်စလေးက ကျွန်တော်တို့ရဲ့ တိရစ္ဆာန်ကာကွယ်ရေးစင်တာကို ရောက်လာတာပေါ့”
“အဲဒီနောက် ပန်ဒါမိခင်က အနံ့ခံပြီး အဲဒီမိသားစုရဲ့ တံခါးဝကို ပြန်ရှာတွေ့သွားပြီး သူ့ကလေးကို ပြန်တောင်းတာတဲ့လေ...”
အွန်လိုင်းအသုံးပြုသူများ သဘောပေါက်သွားကြလေ၏။
‘ဒါက ကလေး အခိုးခံလိုက်ရတဲ့ တစ်ကိုယ်တော်မိခင်တစ်ဦးရဲ့ ဇာတ်လမ်းလေးပဲ'
“ပန်ဒါမိခင်လေးက သနားစရာကောင်းလိုက်တာ၊ ဘယ်သူကများ ပန်ဒါကလေးလေးကို ခိုးသွားရတာလဲ”
“ဒါဆို အခု ပန်ဒါဖခင်က ဘယ်သူလဲဆိုတာ သူတို့ မသိကြဘူးပေါ့၊ ပန်ဒါမိခင်က ပန်ဒါဖခင်ကို ရှာဖို့ သဘာဝတောထဲကို ပြန်သွားချင်နေတာ သေချာတယ်”
“သူတို့ကို အမြန်ဆုံး တောထဲ ပြန်လွှတ်ပေးနိုင်ဖို့ တကယ် မျှော်လင့်မိတယ်၊ သူတို့ အစာငတ်ခံ ဆန္ဒပြနေတာကို ကြည့်ပြီး ငါ့ရင်ထဲမှာ နည်းနည်း နာကျင်ရတယ်”
ဝမ်ကောက ဘင်ဘင်ကို ပြောလိုက်လေ၏။
“ဒီက ပန်ဒါရဲ့ အခြေအနေက သိပ်မကောင်းလှဘူး၊ ကျွန်တော်တို့ သူ့ကို အရင်ဆုံး ငြိမ်သက်သွားအောင် ကြိုးစားရဦးမယ်၊ သတင်းထောက်ဝမ်က တခြား နေရာတွေကို အရင် သွားကြည့်ရင်ရော ဘယ်လိုလဲ”
ဘင်ဘင်သည် သူ ဘာကို ဆိုလိုသနည်းဆိုသည်ကို ချက်ချင်း သဘောပေါက်သွားလေ၏။
“ဟုတ်ကဲ့ပါ၊ ဒါဆိုရင် အွန်လိုင်းအသုံးပြုသူတွေကို မိကျောင်းတွေဆီ အရင် ခေါ်သွားပေးလိုက်မယ်”
သူမသည် အွန်လိုင်းအသုံးပြုသူများကို ခေါ်ဆောင်ကာ မိကျောင်းများကို ခေတ္တမျှ သွားရောက် ကြည့်ရှုလိုက်သည်။
ခြံထဲရှိ ယန်စီ မိကျောင်းများမှာ ဝဖြိုးနေအောင် အစာကျွေးခံထားရသဖြင့် ကန်ဘေးတွင် နေပူဆာလှုံကာ ပျင်းရိပျင်းတွဲ လှဲလျောင်းနေကြလေ၏။
လူတွေ ရောက်လာသည့်တိုင်အောင် သူတို့တွင် ကြီးမားသော တုံ့ပြန်မှုများ မရှိကြပေ။
ယင်းက အွန်လိုင်းအသုံးပြုသူများကို အနည်းငယ် ပျင်းရိသွားစေသည်။
“ခုနက ပန်ဒါလောက် စိတ်ဝင်စားစရာ မကောင်းဘူး”
“ယန်စီ မိကျောင်းတွေက ဘယ်တုန်းက ဒီလောက် ပျင်းရိသွားကြတာလဲ၊ မိကျောင်းတွေဆိုတာ တောရိုင်းသဘာဝအပြည့် ရှိနေသင့်တာ မဟုတ်ဘူးလား”
“ဒီမိကျောင်းတွေက တိရစ္ဆာန်ထိန်းသိမ်းရေးဝန်ထမ်းတွေ အစာကျွေးလွန်းလို့ ပျင်းသွားကြတာနေမယ်”
“အရမ်း ပျင်းစရာကောင်းတာပဲ၊ ငါတို့ တခြားတစ်ခုခု သွားကြည့်လို့ မရဘူးလား”
ဘင်ဘင်သည် အားလုံးကို တောရိုင်းကျားများဆီသို့ ခေါ်ဆောင်သွားရန် ပြင်ဆင်နေစဉ် မိကျောင်းကန်နှင့် ဧရာမ ကျောက်တောင်တုကြီးဖြင့် ခြားထားသော နေရာမှ ဆူညံသော အသံတစ်ခု ထွက်ပေါ်လာသည်ကို ကြားလိုက်ရလေ၏။
သူမမှာ သိချင်စိတ်ကို မထိန်းနိုင်တော့ဘဲ မေးလိုက်လေ၏။
“ဘာကများ ဒီလောက် ဆူညံတဲ့အသံတွေ လုပ်နေတာလဲ”
“ဘယ်တိရစ္ဆာန်ကများ အဲဒီလို အသံတွေ လုပ်နေတာလဲဆိုတာ သွားကြည့်ရအောင်”
ယန်စီမိကျောင်းများ၏ အိမ်နီးချင်းအသစ်မှာ ယနေ့မှ ရောက်ရှိလာသော ဟန်နီဘက်ဂျာပင် ဖြစ်လေသည်။
ဟန်နီဘက်ဂျာသည် သံလှောင်အိမ်ငယ်လေးမှသည် ဧရာမ သံလှောင်အိမ်ကြီးထဲသို့ ရောက်ရှိသွားသော ၎င်း၏ ကိုယ်၎င်း ပြန်လည်ကြည့်ရှုလိုက်ပြီး ၎င်း၏ မကျေနပ်ချက်များမှာ ပို၍ပင် ကြီးမားလာခဲ့လေ၏။
၎င်းသည် လှောင်အိမ်ထဲတွင် ဟိုပြေးဒီလွှား ခုန်ပေါက်နေလေ၏။
တိရစ္ဆာန်ထိန်းသိမ်းရေးဝန်ထမ်းများမှာ အနီးသို့ မကပ်ရဲသဖြင့် သံတိုင်များကြားမှနေ၍ အစားအသောက်များကို အဝေးမှသာ ပစ်ထည့်ပေးနိုင်ကြသည်။
ဟန်နီဘက်ဂျာသည် အတော်လေး ပူးပေါင်းပါဝင်ပြီး အရာအားလုံးကို စားသောက်လေသည်။ သို့သော် ဗိုက်ဝသွားပြီးနောက်တွင်တော့ ပြဿနာရှာရန် အားအင်များ ပို၍ ပြည့်ဝလာခဲ့လေ၏။
၎င်း၏ ဆူညံလွန်းလှသော လုပ်ရပ်များကြောင့် အနီးအနားရှိ ကာကွယ်စောင့်ရှောက်ထားသော တိရစ္ဆာန်လေးများပင် မကျေမနပ် ဖြစ်လာကြလေသည်။
ခုနက ဘင်ဘင် ကြားလိုက်ရသော အသံမှာ ဟန်နီဘက်ဂျာက သံတိုင်များကို ခေါင်းဖြင့် ထပ်ခါတလဲလဲ တိုက်နေသော အသံပင်။
ဘင်ဘင်မှာ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။
“ဒါက ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် လုပ်နေတာ မဟုတ်ဘူးလား”
ဘေးမှ တိရစ္ဆာန်ထိန်းသိမ်းရေးဝန်ထမ်းသည်လည်း ဤမြင်ကွင်းကို ကြည့်ရင်း ခေါင်းကိုက်လာလေ၏။
“ဒီဟန်နီဘက်ဂျာက နိုင်ငံခြားကနေ ခိုးသွင်းလာတာ၊ ကျွန်တော်တို့ တိရစ္ဆာန်ကာကွယ်ရေးစင်တာကို ဒီနေ့မှ ရောက်လာတာပါ၊
သူ့မှာ တောရိုင်းသဘာဝတွေ အပြည့်ရှိနေတယ်၊ ကျွန်တော်တို့ ဝန်ထမ်းတစ်ယောက်က သူ့ကို ငြိမ်အောင် သွားချော့ဖို့ ကြိုးစားတာ သူကုတ်တာခံရတော့မလို့”
“ပြီးတော့ ဒါက ကျွန်တော်တို့ နိုင်ငံရဲ့ ပထမဆုံး ဟန်နီဘက်ဂျာ ဖြစ်နေတော့ ကျွန်တော်တို့ စင်တာက ကျွမ်းကျင်သူတွေမှာ ဟန်နီဘက်ဂျာကို မွေးမြူဖူးတဲ့ အတွေ့အကြုံ မရှိဘူးလေ၊ သူ့ရဲ့ ဒေါသထွက်လွယ်တဲ့ အခြေအနေကို ကြည့်ရတာ လောလောဆယ်တော့ ငြိမ်သက်သွားမှာ မဟုတ်သေးဘူး”
ဟန်နီဘက်ဂျာသည် တစ်ခါတစ်ရံ သံတိုင်များကို ခေါင်းဖြင့် ဆောင့်တိုက်ပြီး တစ်ခါတစ်ရံ ခြေသည်းများဖြင့် ကုတ်ခြစ်လေသည်။
အလုပ်မဖြစ်ကြောင်း သိသွားသောအခါ လှောင်အိမ်ထဲတွင် ဟိုပြေးဒီလွှား ခုန်ပေါက်ကာ စူးရှသော အသံများကို အဆက်မပြတ် ပြုလုပ်နေလေ၏။
ယင်းက ပတ်ဝန်းကျင်ရှိ လူအားလုံးကို နားအူသွားစေလေသည်။
“ဒါကများ ဟန်နီဘက်ဂျာရဲ့ စွမ်းအားလား”
“ဟန်နီဘက်ဂျာက တကယ်ကို သူ့အသက်သူ တန်ဖိုးမထားတာပဲ”
“ဟန်နီဘက်ဂျာ - အားလုံးကို တန်းတူညီမျှ စိတ်ဒဏ်ရာ ရစေရမယ်”
“နေပါဦး... ဒီဟန်နီဘက်ဂျာရဲ့ လည်ပင်းမှာ ပတ်ထားတဲ့ ရုပ်ဆိုးဆိုး မာဖလာနဲ့ အယ်လီဇဘက် ကော်လံက နည်းနည်း ရင်းနှီးနေသလိုမထင်ဘူးလား”
“စထွင်းမာတစ်ယောက်ရဲ့ လိုက်ဖ်လွှင့်မှုမှာ ငါမြင်ဖူးသလိုပဲ”
“ဒါက သူဌေးလင်းအိမ်က ဟန်နီဘက်ဂျာ မဟုတ်ဘူးလား၊ သူက တိရစ္ဆာန်ကာကွယ်ရေးစင်တာကို တကယ်ရောက်လာတာကိုး”
ဟန်နီဘက်ဂျာသည် ဘင်ဘင်ကို ဒေါသတကြီး စူးရဲစွာ စိုက်ကြည့်ကာ ၎င်း၏ မျက်နှာအမူအရာဖြင့် ခြိမ်းခြောက်လေ၏။
တိရစ္ဆာန်ထိန်းသိမ်းရေးဝန်ထမ်းမှာ ဖရိုဖရဲ ဖြစ်နေသော အခြေအနေကို ကြည့်ရင်း အသံတိတ် သက်ပြင်းချလိုက်လေ၏။
ဘင်ဘင်သည်လည်း ဤနေရာရှိ အခြေအနေမှာ အနည်းငယ် ဆိုးရွားနေကြောင်း မြင်လိုက်ရသဖြင့် အွန်လိုင်းအသုံးပြုသူများကို အခြား ကာကွယ်စောင့်ရှောက်ထားသော တိရစ္ဆာန်များဆီသို့ ကိုယ်တိုင်ကိုယ်ကျ ခေါ်ဆောင်သွားခဲ့သည်။
ပန်ဒါကြီး၏ အစာငတ်ခံဆန္ဒပြမှုနှင့် ပတ်သက်၍ အထက်လူကြီးများက အလျင်အမြန် အမိန့်ထုတ်ပြန်ခဲ့ပြီး ဤပန်ဒါနှစ်ကောင်ကို မနက်ဖြန်တွင် တောထဲ ပြန်လွှတ်ပေးရန် ဆုံးဖြတ်လိုက်ကြသည်။
သူတို့၏ အစာငတ်ခံ ဆန္ဒပြမှုမှာ ဤနေရာတွင် ဆက်မနေလိုသောကြောင့်သာ ဖြစ်သည်မှာ သေချာလှသည်။ အကယ်၍ သူတို့ကို ဆက်လက်၍ မလွှတ်ပေးပါက အခြေအနေများ ပိုမိုဆိုးရွားလာနိုင်ပြီး အကျိုးဆက်များကို မည်သူမျှတာဝန်ယူနိုင်လိမ့်မည်မဟုတ်ပေ။
‘ပန်ဒါကြီးကို တောထဲ ပြန်လွှတ်ပေးလိုက်တာက ပိုကောင်းပါတယ်လေ၊ အများဆုံးလုပ်နိုင်တာက ဒရုန်းတွေ ပိုလွှတ်ပြီး သူတို့ရဲ့ သွားလာလှုပ်ရှားမှုတွေကို ခြေရာခံဖို့ပဲ'
‘ပြီးတော့ အန္တရာယ်ရှိလာတဲ့အခါ ကယ်ဆယ်ရေးကို ချက်ချင်း စေလွှတ်နိုင်တာပေါ့'
နောက်တစ်နေ့တွင် ပန်ဒါများကို တောထဲ ပြန်လွှတ်ပေးမည့် သတင်းနှင့် ပတ်သက်၍ အထက်လူကြီးများက ဘင်ဘင်ကိုလည်း အကြောင်းကြားခဲ့သည်။
မည်သို့ပင်ဆိုစေ မနေ့က ပန်ဒါ၏ အစာငတ်ခံ ဆန္ဒပြမှုသည် အွန်လိုင်းပေါ်တွင် အကြီးအကျယ် ဆွေးနွေးမှုများ ဖြစ်ပေါ်စေခဲ့သည်မဟုတ်လော။
ခေါင်းဆောင်များသည် ဤကိစ္စကို ဆွေးနွေးပြီးနောက် အပျက်သဘောဆောင်သည့် သက်ရောက်မှုများ မဖြစ်ပေါ်စေရန် ဘင်ဘင်ကို ဆက်လက်လိုက်ပါ သတင်းယူခိုင်းရန် ဆုံးဖြတ်လိုက်ကြသည်။
ပန်ဒါ သားအမိ နှစ်ကောင် တောအုပ်ထဲသို့ ပြန်လည်ရောက်ရှိသွားကြောင်းကို အွန်လိုင်းအသုံးပြုသူများ သိရှိစေရန်အတွက် ဖြစ်သည်။
ဘင်ဘင်သည်လည်း သတင်းကို ဆက်လက် လိုက်ပါတင်ဆက်ခွင့် ရရှိကြောင်း သိလိုက်ရသောအခါ အလွန်အမင်း ဝမ်းသာသွားခဲ့ပြီး နောက်တစ်နေ့တွင် အချိန်မီ သေချာပေါက် ရောက်ရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့လေသည်။