အခန်း ၃၅၃
Vol. 36 Ch. 353
အခန်း (၃၅၃) ရုန်းရင်းဆန်ခတ်ဖြစ်ခြင်း
ဆိုင်ပိုင်ရှင်၏ မေးခွန်းကို ကြားသောအခါ ယောင်ရန်က တည်ငြိမ်စွာဖြင့် ပြန်လည်ဖြေလိုက်လေသည်။
"ဟုတ်ကဲ့... စားဖူးပါတယ်..."
သူမ၏ ယုံကြည်မှုရှိသော မျက်နှာအမူအရာကို ကြည့်ရင်း ဆိုင်ပိုင်ရှင်က ပြုံးကာ ပြောလိုက်လေသည်။
"ငါ့ကို ဒီအချက်အလက်တွေ မျှဝေပေးတဲ့အတွက် ငါ မင်းကို ဈေးလျှော့ပေးပါ့မယ်..."
အမြဲတမ်း ဈေးကောင်းရသည်ကို သဘောကျတတ်သော ယောင်ရန်ကလည်း ပြန်ပြောလိုက်၏။
"သူဌေး... ကျေးဇူးတင်ပါတယ်ရှင်..."
ထိုသို့ပြောပြီးနောက် ဆိုင်ပိုင်ရှင်သည် နှင်းဖြူပြွန်ပင်များကို အလျင်အမြန်ပင် ချိန်တွယ်ပေးလိုက်လေ တော့သည်။ ချိန်တွယ်ပြီးစီးသွားသောအခါ သူက အပင်များကို စနစ်တကျ ထုပ်ပိုးလိုက်ရင်း ပြောလိုက် လေတော့သည်။
"စုစုပေါင်း ငါးဆယ့်ကိုးကီလို ရှိပါတယ်ဗျာ... အခြေစိုက်စခန်းသုံး ဒင်္ဂါးပြား တစ်ရာပဲ ပေးပါ..."
ယောင်ရန်၌ အခြေစိုက်စခန်းသုံး ဒင်္ဂါးပြားများ အလျှံပယ် ရှိနေသော်လည်း ယခုအရောင်းအဝယ်တွင် ဒင်္ဂါးပြား တစ်ဆယ့်ရှစ်ပြား သက်သာသွားသဖြင့် သူမ စိတ်ထဲ၌ ပျော်ရွှင်မိသည်မှာ အမှန်ပင်။
အရောင်းအဝယ်အတွက် စိတ်ကျေနပ်သွားပြီးနောက် သူမသည် နှင်းဖြူပြွန်ပင်များကို နေရာလွတ်ထဲသို့ သိမ်းဆည်းလိုက်ရင်း ပြောလိုက်လေသည်။
"ကျွန်မတို့ ဆိုင်ခန်းကိုသွားပြီး ငွေရှင်းကြစို့လေ..."
နှင်းဖြူပြွန်ပင်များမှာ လေထဲတွင်ပင် တစ်ခဏချင်း ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသဖြင့် ဆိုင် ပိုင်ရှင်မှာ အံ့ဩသွားခဲ့ရလေသည်။ သူက ယောင်ရန်ကို ကြည့်ကာ မေးလိုက်လေသည်။
"မိန်းကလေးက နေရာလွတ် စွမ်းအားရှင်လားဟင်..."
ယောင်ရန်က တည်ငြိမ်စွာဖြင့် ပြန်လည်ဖြေလိုက်လေသည်။
"ဟုတ်ပါတယ်..."
ထိုစကားကို ကြားသောအခါ ဆိုင်ပိုင်ရှင်၏ မျက်ဝန်းများ ဝင်းလက်သွားခဲ့ရ၏။ သူက သူ၏ဆိုင်ခန်းကို အလျင်အမြန် သိမ်းဆည်းလိုက်ရင်း စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်လေသည်။
"မိန်းကလေး... ကျွန်တော်တို့အဖွဲ့ထဲကို ဝင်ချင်လားဟင်... ကျွန်တော်တို့ဆီမှာ နေရာလွတ် စွမ်းအားရှင် တစ်ယောက် တကယ်လိုအပ်နေလို့ပါ..."
ယောင်ရန်က ပြုံး၍ ယဉ်ကျေးစွာဖြင့် ငြင်းပယ်လိုက်လေသည်။
"ကမ်းလှမ်းတာကို ကျေးဇူးတင်ပါတယ်ရှင်... ဒါပေမဲ့ ကျွန်မမှာ အဖွဲ့ရှိပြီးသားမို့လို့ပါ..."
ထို့နောက် သူမသည် လုံယု၏လက်ကို ဆုပ်ကိုင်လိုက်ရင်း ပြုံး၍ ထပ်လောင်းပြောလိုက်လေသည်။
"ကျွန်မရဲ့ ချစ်သူနဲ့လေ..."
မျှော်လင့်မထားဘဲ ချစ်သူနှစ်ဦး၏ ကြည်နူးနေမှုများကို ကြည့်လိုက်ရသဖြင့် ဆိုင်ပိုင်ရှင်မှာ စကားမ ပြော နိုင်လောက်အောင် ဖြစ်သွားခဲ့ရလေသည်။
"..."
အချိန်စောမနေတော့သည်ကို သတိပြုမိလိုက်သဖြင့် ယောင်ရန်က ပြောလိုက်လေသည်။
"ကျွန်မတို့ ငွေရှင်းဖို့ အမြန် သွားလိုက်ရအောင်..."
"ကောင်းပါပြီ..."
ဆိုင်ပိုင်ရှင်သည် သူ၏ကျောပိုးအိတ်ကို လွယ်ကာ အရောင်းအဝယ်ကိစ္စ ပြီးစီးရန်အတွက် ယောင်ရန် နှင့် လုံယုတို့၏ နောက်မှ လိုက်ပါလာခဲ့လေတော့သည်။
ငွေလွှဲပြောင်းမှု ပြီးစီးသွားသောအခါ ယောင်ရန်က ပြောလိုက်လေသည်။
"တကယ်လို့ နောက်ပိုင်းမှာ ရောင်းဖို့အတွက် တခြားမျိုးရိုးဗီဇပြောင်းအပင်တွေ ဒါမှမဟုတ် အသား တွေ ရခဲ့ရင် ဗီလာဇုန်ဘက်မှာ ကျွန်မကို လာရှာလို့ရပါတယ်... ကျွန်မက အလယ်ဗဟိုအဝိုင်းထဲမှာ နေတာပါ... စစ်သည်တွေကို ယောင်ရန် ဒါမှမဟုတ် လုံယုကို ရှာနေတာလို့ ပြောလိုက်ရင် ရပါတယ်..."
ဆိုင်ပိုင်ရှင်က စိတ်အားထက်သန်စွာဖြင့် ခေါင်းငြိမ့်ပြကာ ကတိပေးလိုက်လေသည်။
"ဟုတ်ကဲ့ပါ... ကျွန်တော့်ဆီမှာ ပစ္စည်းအသစ်တွေ ရလာရင် မင်းကို လာရှာပါ့မယ်..."
"ကောင်းပါပြီ..."
ထိုသို့ပြောပြီးနောက် ယောင်ရန်နှင့် လုံယုတို့သည် စိတ်ကြည်လင်စွာဖြင့် ကုန်သွယ်ရေးဈေးကွက်မှ ထွက်ခွာလာခဲ့ကြလေတော့သည်။
သူတို့ ဗီလာဇုန်အနီးသို့ ချဉ်းကပ်လာချိန်တွင် ပင်မဝင်ပေါက်ကြီးအနီး၌ လူစုလူဝေးတစ်ခု ဖြစ်နေသည် ကို ယောင်ရန် လှမ်းမြင်လိုက်ရလေသည်။ စူးစမ်းလိုစိတ်ဖြင့် သူမသည် လုံယု၏ အင်္ကျီလက်စကို ဆွဲ ရင်း ပြောလိုက်လေသည်။
"ဟိုမှာ ဘာတွေဖြစ်နေလဲဆိုတာ သွားကြည့်ရအောင်..."
သူတို့ အနားသို့ ချဉ်းကပ်သွားသောအခါ ယောင်ရန်သည် ရုန်းရင်းဆန်ခတ်ဖြစ်နေသော အသံများနှင့် ဒေါသတကြီး အော်ဟစ်သံများကို ကြားလိုက်ရလေသည်။ ထိုလူစုမှာ ဝင်ပေါက်ကို စောင့်ကြပ်နေသော စစ်သည်များနှင့် အငြင်းပွားနေကြခြင်း ဖြစ်ပုံရလေသည်။
"မင်းတို့ ဘာအချိုးချိုးတာလဲ..."
အမျိုးသားတစ်ဦးက စစ်သည်များကို အော်ဟစ်ပြောဆိုလိုက်လေသည်။
"ငါတို့ အရင်က ဒီနေရာကို အကြိမ်ကြိမ် လာဖူးတာပဲ... ဘာလို့ ဒီနေ့ကျမှ ပေးမဝင်ရတာလဲ... ငါ ဘယ်သူလဲဆိုတာ မင်းတို့ သိလို့လား..."
စစ်သည်တစ်ဦးက တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်လေသည်။
"လုံခြုံရေးအကြောင်းပြချက်ကြောင့် လူနေရပ်ကွက်တစ်ခုလုံးက သဘောတူ ဆုံးဖြတ်ထားကြတာပါ... ဒီရပ်ကွက်မှာ နေထိုင်သူမဟုတ်ရင် အထဲကို ပေးမဝင်တော့ပါဘူး... တကယ်လို့ အထဲကို ဝင်ဖို့လိုအပ် ရင် အိမ်ပိုင်ရှင်ကို ဆက်သွယ်ပြီး လာခေါ် ခိုင်းရပါမယ်..."
ထိုရှင်းပြချက်ကြောင့် လူအုပ်ကြီးမှာ ခဏမျှ ဆွံ့အသွားခဲ့ရလေသည်။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းဆောင်ဖြစ်ပုံရသော အမျိုးသားက ဒေါသတကြီးဖြင့် ထပ်မံ အော်ဟစ်လိုက်ပြန်လေသည်။
"လုံခြုံရေးအကြောင်းပြချက် ဟုတ်လား... မင်းတို့က ငါတို့ကို သူခိုးတွေ၊ ရာဇဝတ်ကောင်တွေလို့ စွပ်စွဲ နေတာလား..."
သူ၏စကားအဆုံးတွင် ထိုလူစုထဲမှ တခြားသူများကလည်း ထောက်ခံသောအားဖြင့် ဝိုင်းဝန်းအော် ဟစ်ကြလေတော့သည်။
အဖွားအိုတစ်ဦးက သူမ၏တုတ်ကောက်ဖြင့် စစ်သည်တစ်ဦးကို ချိန်ရွယ်ကာ ဆဲရေးတိုင်းထွာလေတော့ သည်။
"နင်တို့က ငါတို့ကို အထဲပေးမဝင်ရင် အိမ်ပိုင်ရှင်ကို ဘယ်လိုလုပ်ပြီး လာခေါ်ခိုင်းရမှာလဲ... ငါ့အထင် တော့ နင်တို့က လူကိုကြည့်ပြီး နှာခေါင်းရှုံ့တတ်တဲ့ ခွေးတွေပဲ"
သူမ အော်ဟစ်ဆဲဆိုနေစဉ် တံတွေးများမှာ လွင့်စင်လာသဖြင့် စစ်သည်များမှာ အခမဲ့ ရေချိုးရမည့် ဘေးမှ ရှောင်ရှားရန် နောက်သို့ ဆုတ်ခွာလိုက်ကြရလေသည်။ ထိုအခြင်းအရာကို မြင်သောအခါ အဖွားအိုမှာ ပိုမိုရဲတင်းလာခဲ့လေသည်။
သူမသည် တုတ်ကောက်ကို ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ ဆောင့်လိုက်ရင်း ဆက်ပြောလေသည်။
"နင်တို့က ဘာမို့လို့လဲ... အစိုးရက ကျွေးထားပြီး မင်းတို့ကိုယ်မင်းတို့ သိပ်အရေးကြီးလှပြီ မမှတ်လိုက် နဲ့..."
ထိုစကားကြောင့် စစ်သည်များ၏ မျက်နှာသာမက ယောင်ရန်နှင့် လုံယုတို့၏ မျက်နှာများပါ ညိုမှောင် သွားခဲ့ရလေတော့သည်။
ယောင်ရန်သည် ထိုအဖွားအိုအား တိတ်တဆိတ် ပညာပေးရန် ပြင်လိုက်စဉ်မှာပင် လုံယုက သူမ၏ လက်ကောက်ဝတ်ကို အသာအယာဆုပ်ကိုင်ကာ ခေါင်းခါပြလိုက်လေသည်။ ထိုအခါမှ ယောင်ရန်သည် သူမ၏နွယ်ပင်များကို မကျေမချမ်းဖြင့် ပြန်လည်ရုပ်သိမ်းလိုက်ကာ သူမ၏အစီအစဉ်ကို စွန့်လွှတ်၍ တိတ်ဆိတ်စွာသာ စောင့်ကြည့်နေလိုက်တော့သည်။
အဖွားအို၏ ဆဲရေးတိုင်းထွာမှုများ ရှိနေသော်ငြားလည်း စစ်သည်များမှာ တည်ငြိမ်နေဆဲပင် ဖြစ်၏။ ၎င်းတို့အနက်မှ တစ်ဦးက ရှေ့သို့တစ်လှမ်းတက်ကာ ပြတ်သားစွာ ပြောလိုက်လေသည်။
"ကျွန်တော်တို့ စည်းကမ်းတွေကို ရှင်းပြပြီးပါပြီ... အဘွား... ဒီနေရာမှာ ပြဿနာမရှာပါနဲ့တော့..."
သို့သော်လည်း သူ၏စကားက အခြေအနေကို မငြိမ်းချမ်းစေနိုင်မီမှာပင် လူငယ်တစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်ပြန်လေသည်။
"ငါတို့က ပြဿနာရှာတော့ ဘာဖြစ်လဲ... ငါတို့ အရင်က နေ့တိုင်းလာနေတာ ဘာမှမဖြစ်ဘူး... အခုကျမှ ဘာလို့ တားတာလဲ... မင်းတို့က ငါတို့ကို အထင်သေးနေတာ သိသာတယ်... ပြောစမ်း... ငါတို့ကို အထဲပေးမဝင်ဖို့ ဘယ်သူက ခိုင်းတာလဲ..."
ထိုလူငယ်မှာ ပိုမိုစိတ်လှုပ်ရှားလာပြီး လက်ဟန်ခြေဟန် ပြင်းထန်စွာ ပြုလုပ်နေရင်း သူ၏လက်မှာ စစ်သည်တစ်ဦး၏ မျက်နှာကို ရိုက်မိလုနီးပါး ဖြစ်သွားခဲ့ရလေသည်။
ထိုလူငယ်၏ လက်က မျက်နှာကို မရိုက်မိခင်မှာပင် စစ်သည်သည် သူ၏လက်ကောက်ဝတ်ကို လျင် မြန်စွာ ဖမ်းဆုပ်ကာ လိမ်ချိုး၍ ကြမ်းပြင်ပေါ်သို့ တွန်းလှဲချလိုက်လေတော့သည်။
စစ်သည်က ထိုလူငယ်၏ကျောပေါ်သို့ ဒူးဖြင့် ဖိထားလိုက်သဖြင့် သူသည် လုံးဝ ထမရတော့ဘဲ အချည်းနှီးသာ ရုန်းကန်နေရလေတော့သည်။ ထိုအခြင်းအရာကို မြင်သောအခါ စစ်သည်သည် သူ၏ အင်အားကို ပိုမိုစိုက်ထုတ်လိုက်ပြီး လူငယ်၏ လက်ကောက်ဝတ်ကို မိမိရရ ဆုပ်ကိုင်ညှစ်လိုက်ရာ လက်မောင်း ရိုးကျိုးလုနီးပါး ဖြစ်သွားခဲ့ရတော့သည်။
"အား..."
လူငယ်က နာကျင်စွာဖြင့် အော်ဟစ်နေခဲ့လေသည်။
"လွှတ်ပေး... ငါက ဘယ်သူလဲဆိုတာ မင်းတို့ သိလို့လား..."
စစ်သည်က သူ့ကို ဂရုမစိုက်ဘဲ ရှိနေစဉ် တခြားစစ်သည်များက သေနတ်များကို မြှောက်ကာ လူအုပ် ကြီးထံသို့ ချိန်ရွယ်လိုက်ကြလေတော့သည်။ ထိုအခါမှ လူအုပ်ကြီးအတွင်းသို့ ကြောက်ရွံ့မှုများ လွှမ်းမိုးသွားခဲ့ရပြီး ထိတ်လန့်တကြား အော်ဟစ်ကြလေတော့သည်။
"အား... စစ်သည်တွေ လူသတ်နေကြပြီ..."
"မင်းတို့ ဘာလုပ်နေတာလဲ..." တစ်ဦးက အော်ဟစ်လိုက်လေသည်။
"ငါတို့ကို သတ်မလို့လား..."
လူအုပ်ကြီးမှာ ပရမ်းပတာ ဖြစ်နေသော်လည်း စစ်သည်များမှာ တည်ငြိမ်စွာ ရှိနေဆဲဖြစ်ပြီး ၎င်းတို့ အနက်မှ တစ်ဦးက အေးစက်စွာ ပြောလိုက်လေသည်။
"မင်းတို့ ဆက်ပြီး ပြဿနာရှာနေမယ်ဆိုရင်တော့ ငါတို့ အရေးယူရတာကို အပြစ်မတင်နဲ့..."
သူ၏စကားက ထိရောက်မှု ရှိလှပေသည်။ ထိုသို့ပြောလိုက်သည်နှင့်တစ်ပြိုင်နက် လူအုပ်ကြီးမှာ တုံ့ဆိုင်းသွားခဲ့ကြရပြီး တင်းမာမှုများ လျော့ကျသွားကာ ၎င်းတို့အနက်မှ အများစုမှာ အရှက်တကွဲဖြင့် ထွက်ခွာသွားကြလေတော့သည်။
သို့သော်လည်း အဖွားအိုမှာမူ မထွက်ခွာမီ စစ်သည်များထံသို့ တံတွေးဖြင့် ထွေးလိုက်ရင်း တိုးညင်းစွာ ကျိန်ဆဲသွားခဲ့သေးပေသည်။
"ကျေးဇူးကန်းတဲ့ အရိုင်းအစိုင်းတွေ..."
လူအုပ်ကြီး လူစုကွဲသွားသည့်တိုင်အောင် အချို့သောလူများမှာ ကျန်ရှိနေပေသေးသည်။ ၎င်းတို့ အနက်မှ တစ်ဦးက စစ်သည်များထံသို့ သတိကြီးစွာဖြင့် ချဉ်းကပ်လာပြီး ပြောလိုက်လေသည်။
"ရဲဘော်... ကျွန်တော်တို့ ယောင်ရန် ဆိုတဲ့အမျိုးသမီးကို လာရှာတာပါ..."