အခန်း ၃၅၄
Vol. 36 Ch. 354
အခန်း (၃၅၄) ချန်ဇီကျိန်း
ထိုအမျိုးသား၏ ပါးစပ်မှ သူမ၏အမည်ကို ကြားလိုက်ရသောအခါ ယောင်ရန်သည် လုံယုနှင့် အကြည့် ချင်း ဖလှယ်လိုက်လေသည်။
"မင်း သူတို့ကို သိလား..." လုံယုက မေးလိုက်၏။
ယောင်ရန်က ခေါင်းခါပြကာ ပြန်ဖြေလိုက်လေသည်။
"ဟင့်အင်း... မသိပါဘူး..."
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူမသည် သက်ပြင်းတစ်ချက်ချကာ ပြောလိုက်လေသည်။
"သူတို့ ဘာလိုချင်လဲဆိုတာ သွားကြည့်ကြစို့..."
လုံယုက ခေါင်းငြိမ့်ပြသဖြင့် သူတို့နှစ်ဦးသည် ထိုလူစုထံသို့ ချဉ်းကပ်သွားခဲ့ကြလေတော့သည်။
ယောင်ရန်သည် ထိုလူစုကို ကြည့်လိုက်ရာ ခေါင်းဆောင်ဖြစ်ပုံရသော အမျိုးသားအား တစ်နေရာရာ တွင် တွေ့ဖူးသကဲ့သို့ ရင်နှီးနေသော်လည်း မည်သည့်နေရာတွင် မြင်ဖူးခဲ့သည်ကိုမူ သူမ စဉ်းစား၍ မရ နိုင်ခဲ့ပေ။
သူမသည် စစ်သည်များဘက်သို့ လှည့်ကာ မေးမြန်းလိုက်လေသည်။
"ရဲဘော်... ဒီမှာ ဘာဖြစ်လို့လဲဟင်..."
စစ်သည်များအနက်မှ တစ်ဦးက သူမအား ဗီလာပိုင်ရှင်တစ်ဦးအဖြစ် မှတ်မိသဖြင့် ပြန် ဖြေလိုက်လေ သည်။
"ဒီလူတွေက ယောင်ရန်ဆိုတဲ့သူကို ရှာဖို့ အထဲဝင်ချင်နေကြတာပါ... မိန်းကလေးက သူဘယ်မှာနေလဲ ဆိုတာများ သိလားခင်ဗျ..."
ယောင်ရန်က ခေါင်းငြိမ့်ပြရင်း ပြန်ပြောလိုက်လေသည်။
"ကျွန်မက ယောင်ရန်ပါ..."
ထိုစကားကို ကြားသောအခါ ထိုအမျိုးသားက အလျင်အမြန်ပင် ပြောလိုက်လေတော့သည်။
"မိန်းကလေးယောင်... အစ်ကိုယွမ်က မင်း ဒီနေရာမှာ နေတယ်လို့ ပြောခဲ့လို့ပါ... သူက မကြာသေးခင် က အလုပ်ရှုပ်နေလို့ ကျွန်တော့်ကို မင်းဆီ လာရှာခိုင်းလိုက်တာပါ..."
သူ၏ ရှင်းပြချက်ကြောင့် ယောင်ရန်၏ မျက်ဝန်းများတွင် နားလည်သဘောပေါက်သွားသော အရိပ်အ ယောင်များ ဝင်းလက်သွားခဲ့ရလေသည်။ သူမက စစ်သည်များဘက်သို့ လှည့်ကာ ပြောလိုက်လေ၏။
"ရဲဘော်တို့... သူတို့က ကျွန်မရဲ့ ဧည့်သည်တွေပါ..."
စစ်သည်များသည် ထိုအမျိုးသားနှင့် သူ၏အပေါင်းအဖော်များကို ခဏမျှ ကြည့်ရှုပြီးနောက် ယောင်ရန် ကို ခေါင်းငြိမ့်ပြလိုက်ကြလေသည်။
"တကယ်လို့ အကူအညီ လိုအပ်တာရှိရင် အချိန်မရွေး လာပြောလို့ ရပါတယ်ရှင်..."
ယောင်ရန်က ခေါင်းငြိမ့်ပြရင်း သူမ၏နေရာလွတ်ထဲမှ ပူပူနွေးနွေး အသားပေါင်းမုန့်အချို့ကို ထုတ်ယူ ကာ စစ်သည်များထံသို့ ကမ်းပေးလိုက်လေသည်။
"ဒီနေ့ ပင်ပန်းသွားကြပြီနော်... ရဲဘော်တို့..." သူမက ပြုံး၍ ပြောလိုက်၏။
"မိန်းကလေးယောင်... ကျွန်တော်တို့ ဒါတွေကို မယူပါရစေနဲ့ခင်ဗျာ..."
စစ်သည်များက ယဉ်ကျေးစွာ ငြင်းပယ်ခဲ့ကြလေသည်။
ထိုအခြင်းအရာကို မြင်သောအခါ လုံယုက ဝင်ရောက်ပြောဆိုလိုက်လေ၏။
"ဒါက ကျွန်တော်တို့ရဲ့ လူနေရပ်ကွက်ကို ကာကွယ်ပေးတဲ့အတွက် ကျေးဇူးတင်တဲ့အနေနဲ့ ပေးတာပါ... ကျေးဇူးပြုပြီး လက်ခံပေးပါ..."
စစ်သည်များသည် လုံယုကို မှတ်မိကြသဖြင့် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် ၎င်း တို့၏ခေါင်းဆောင်က အသားပေါင်းမုန့်များကို လက်ခံလိုက်လေသည်။ သူက အလေးပြုလိုက်ရင်း ပြောလိုက်လေသည်။
"ကျေးဇူးတင်ပါတယ်... မိန်းကလေးယောင်..."
ယောင်ရန်က ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ထိုအမျိုးသားဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။
"ကျွန်မနောက်က လိုက်ခဲ့ကြပါ..."
ထိုအမျိုးသားနှင့် သူ၏အပေါင်းအဖော်များသည် ယောင်ရန်နှင့် လုံယုတို့၏နောက်မှ လိုက်ပါရင်း ဗီလာ ဇုန်အတွင်းသို့ ဝင်ရောက်လာခဲ့ကြလေတော့သည်။
သူတို့သည် အလယ်ဗဟိုအဝိုင်းရှိ ယောင်ရန်၏ ဗီလာသို့ လျှောက်လှမ်းလာကြစဉ် ထိုအမျိုးသား၏ အပေါင်းအဖော်တစ်ဦးက တိုးညင်းစွာ ရေရွတ်လိုက်လေသည်။
"ဝိုး... ဒီဗီလာတွေကို ကြည့်ပါဦး... တကယ့်ကို အံ့ဩစရာကောင်းတာပဲ..."
ထို့နောက် သူက ထိုအမျိုးသားဘက်သို့ လှည့်ကာ ထပ်လောင်းပြောလိုက်ပြန်လေသည်။
"အစ်ကိုဇီကျိန်း... ဒီမိန်းကလေး ယောင်ရန်က ဘယ်သူလဲဟင်... အစ်ကိုက သူ့ကို ဘယ်လိုလုပ်ပြီး သိတာလဲ... အစ်ကိုက အရမ်းကို အံ့ဩဖို့ကောင်းတာပဲ... အစ်ကို့မှာ ဒီလိုမျိုး ချမ်းသာတဲ့ သူငယ်ချင်း တွေ ရှိမှန်း ကျွန်တော် လုံးဝမသိခဲ့ဘူး..."
ချန်ဇီကျိန်းက သူ့ကို စူးရှစွာ ကြည့်လိုက်ရင်း တိုးညင်းသောအသံဖြင့် ပြန်လည်ပြောဆိုလိုက်လေသည်။
"မေးခွန်းတွေ အများကြီး မမေးနဲ့... ငါတို့က ဒီကို အလည်လာတာ မဟုတ်ဘူး... စကားပြောရင် သတိ ထား... ဒီကလူတွေကို စိတ်အနှောင့်အယှက် ဖြစ်စေလိမ့်မယ်..."
ချန်ဇီကျိန်း၏ တည်ကြည်လေးနက်သော လေသံကို ကြားသောအခါ ထိုလူသည် ချက်ချင်းပင် ပါးစပ် ပိတ်သွားခဲ့ပြီး ငြိမ်သက်စွာဖြင့်သာ နောက်မှ လိုက်ပါလာခဲ့တော့သည်။ နာရီဝက်ကျော်ခန့် လမ်း လျှောက်ပြီးနောက် သူတို့သည် နောက်ဆုံးတွင် အလယ်ဗဟိုအဝိုင်းသို့ ရောက်ရှိလာခဲ့ကြလေသည်။
ယောင်ရန်က သူတို့ကို သူမ၏ဗီလာသို့ ခေါ်ဆောင်လာရင်း ပြောလိုက်လေ၏။
"ဒါ ကျွန်မရဲ့ ဗီလာပါ... အထဲကို ဝင်ခဲ့ကြပါ..."
လုံယုက သူတို့အတွက် တံခါးဖွင့်ပေးလိုက်ပြီး ယောင်ရန်က လူအုပ်စုကို အထဲသို့ ဦးဆောင်ခေါ်သွားခဲ့ လေတော့သည်။
ခြောက်သွေ့နေသော ဥယျာဉ်နှင့် မြင့်မားလှသော သုံးထပ်ဗီလာကြီးကို ကြည့်ရင်း ချန်ဇီကျိန်း၏ မျက် ဝန်းများတွင် စူးစမ်းလိုစိတ်များ ဝင်းလက်သွားခဲ့ရတော့သည်။
ယွမ်ရီဟွေး၏ ပြောပြချက်အရ ယောင်ရန်ဟု အမည်ရသော အမျိုးသမီးတစ်ဦးက သူ့ကို လိုက်ရှာနေ ခြင်း ဖြစ်ပေသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူသည်လည်း သူမ၏ချစ်သူဖြစ်ပြီး လေကြောင်းရန် ကာ ကွယ်ရေး ခိုလှုံရာစခန်း၏ ပိုင်ရှင်ဖြစ်သော လုံယုကို ရှာဖွေနေခြင်း ဖြစ်လေ၏။
သူတို့သည် အလယ်ဗဟိုအဝိုင်းတွင် ဗီလာတစ်လုံး ပိုင်ဆိုင်ထားသည်ကို ထောက်ချင့်ခြင်းဖြင့် ယောင်ရန်နှင့် လုံယုတို့သည် များပြားလှသော ရိက္ခာများနှင့် သြဇာတိက္ကမရှိသော နောက်ခံများ ရှိနိုင်ကြောင်း ခန့်မှန်းနိုင်ပေသည်။ ထိုကဲ့သို့သော လူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းက သူ၏အဖွဲ့ အတွက် ဝမ်းဗိုက်ဝရုံသာမက စိတ်ချရသော ခိုလှုံရာတစ်ခုကိုပါ ရရှိစေနိုင်မည် ဖြစ်လေသည်။
ထိုအတွေးများဖြင့် ချန်ဇီကျိန်းသည် ယောင်ရန်နှင့် လုံယုတို့၏နောက်မှ လိုက်ပါရင်း ဧည့်ခန်းအတွင်းသို့ ဝင်ရောက်လာခဲ့လေတော့သည်။
ထိုင်ခုံနေရာများကို ညွှန်ပြရင်း ယောင်ရန်က ပြောလိုက်လေသည်။
"ကျေးဇူးပြုပြီး ထိုင်ကြပါဦး..."
သူမက ချန်ဇီကျိန်း၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်စဉ် လုံယုက မီးဖိုချောင်သို့ သွားခဲ့လေသည်။ မကြာမီမှာပင် သူသည် လက်ဖက်ရည်အိုးနှင့် ခွက်များ ပါရှိသော လင်ဗန်းကို ကိုင်ဆောင်ကာ ပြန်လည် ရောက်ရှိလာခဲ့လေသည်။ သူသည် လင်ဗန်းကို စားပွဲပုလေးပေါ်တွင် တည်ငြိမ်စွာ ချလိုက်ပြီးနောက် ဧည့်သည်များအတွက် လက်ဖက်ရည် ငှဲ့ပေးလိုက်ပြီးမှ ယောင်ရန်၏ခွက်ကို ဖြည့်ပေးလိုက်လေသည်။
အလုပ်များ ပြီးစီးသွားသောအခါ လုံယုသည် သူမ၏ဘေးတွင် ဝင်ထိုင်လိုက်ရင်း ဧည့်သည်များကို ကြည့်ကာ မေးလိုက်လေသည်။
"မင်းတို့ရဲ့ နာမည်တွေက ဘယ်လိုခေါ်လဲ..."
ချန်ဇီကျိန်းက ပြန်ဖြေလိုက်လေသည်။
"ကျွန်တော့်နာမည်က ချန်ဇီကျိန်းပါ... အစ်ကိုယွမ်က ခင်ဗျားတို့ ကျွန်တော့်ကို ရှာနေတယ်လို့ ပြောပြခဲ့ လို့ပါ..."
သူ၏နာမည်ကို ကြားလိုက်ရသောအခါ ယောင်ရန်၏ မျက်ဝန်းများမှာ အံ့ဩမှုကြောင့် ပြူးကျယ်သွား ခဲ့ရလေသည်။ သူမသည် ချန်ဇီကျိန်းကို ပိုမိုအနီးကပ် စိုက်ကြည့်လိုက်ရင်း စိတ်ထဲမှ တွေးတောနေ မိလေသည်။
*ငါ ဒီလိုမျိုး ထိပ်တန်းဆရာကြီးတစ်ယောက်ကို ဒီမှာ ရှာတွေ့ဖို့ ဘယ်လောက်တောင် ကံကောင်းလိုက် သလဲ... အတိတ်ဘဝတုန်းက သူက ကျွင်းချန်စစ်အခြေစိုက်စခန်းမှာ နေခဲ့တာလို့ ငါ မှတ်မိပါတယ်... သူ အခုအချိန်မှာ အဲဒီမှာ ရှိနေရမှာ မဟုတ်ဘူးလား...*
သူမ အတွေးကမ္ဘာထဲတွင် နစ်မြုပ်နေစဉ်မှာပင် ချန်ဇီကျိန်းက မေးလိုက်လေသည်။
"ကျွန်တော့်ကို ဘာလို့ ရှာနေတာလဲဆိုတာ သိပါရစေ..."
သူမ ငေးငိုင်နေသည်ကို သတိပြုမိလိုက်သဖြင့် လုံယုက စကားကို ဦးဆောင်၍ ပြောကြားလိုက်၏။
"အစ်ကိုချန်..."
သူက စကားကို စတင်လိုက်လေသည်။
"အစ်ကိုယွမ်က ခင်ဗျားကို ပြောပြထားလားတော့ မသိဘူး... ကျွန်တော်တို့အဖွဲ့ထဲကို ဝင်ဖို့အတွက် လူတွေကို စုဆောင်းနေတာပါ..."
ချန်ဇီကျိန်းက ခေါင်းငြိမ့်ပြလိုက်လေ၏။
"အစ်ကိုယွမ် ပြောပြလို့ သိပါတယ်... ကျွန်တော် ဒီနေ့ ဒီကိုလာတာကလည်း ဒီကိစ္စကို ဆွေးနွေးဖို့ အတွက်ပါ..."
ချန်ဇီကျိန်း၏ ပြန်ဖြေမှုကြောင့် လုံယုသည် သူတို့အဖွဲ့ထဲသို့ ထိုသူ ဝင်ရောက်လာမည့် အခွင့် အရေးမှာ မြင့်မားကြောင်း ယုံကြည်စိတ်ချသွားခဲ့ရလေတော့သည်။
"ဒါဆို... မင်းရဲ့ အဖြေက ဘာဖြစ်မလဲ..." လုံယုက မေးလိုက်လေသည်။
ချန်ဇီကျိန်းက စက္ကန့်အနည်းငယ်ခန့် စဉ်းစားပြီးနောက် ပြန်လည်ပြောလိုက်လေသည်။
"ကျွန်တော် ခင်ဗျားတို့ကို အဖြေမပေးခင်မှာ မေးခွန်းအချို့ မေးပါရစေ..."
လုံယုက ခေါင်းငြိမ့်ပြလိုက်လေသည်။
"ရပါတယ်... မေးပါ..."
ချန်ဇီကျိန်းက ခဏမျှ တုံ့ဆိုင်းနေပြီးမှ မေးလိုက်လေသည်။
"တကယ်လို့ ကျွန်တော် မင်းတို့အဖွဲ့ထဲ ဝင်မယ်ဆိုရင် ကျွန်တော့်ရဲ့ အပေါင်းအဖော်တွေကိုပါ လက်ခံ ပေးမှာလားဟင်..."
"ဒါပေါ့..."
လုံယုက ပြတ်သားစွာ ပြန်ဖြေလိုက်လေသည်။
"ကျွန်တော်တို့ဆီမှာ မိသားစုတစ်ခုလုံးကို ခေါ်လာတဲ့ အဖွဲ့ဝင်တစ်ယောက် ရှိနှင့်ပြီးသားပါ... သူတို့က စွမ်းအားရှင်တွေ မဟုတ်ကြပေမဲ့ ချက်ပြုတ်တာ၊ အပင်စိုက်တာ၊ ကလေးထိန်းတာ၊ လူနေရပ်ကွက်ကို သန့်ရှင်းရေးလုပ်တာတွေ စတဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ကူညီပေးကြပါတယ်..."
ထိုစကားကို ကြားသောအခါ ချန်ဇီကျိန်းသည် သူ၏ပခုံးပေါ်မှ လေးလံသော ဝန်ထုပ်ဝန်ပိုးကြီး တစ်ခု ကျသွားသကဲ့သို့ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်မိလေသည်။ ခဏမျှ စဉ်းစားပြီးနောက် သူက နောက်ထပ်မေးခွန်းတစ်ခုကို မေးမြန်းလိုက်ပြန်လေ၏။
"ကျွန်တော့်ရဲ့ ဒုတိယမေးခွန်းကတော့... နောက်ပိုင်းမှာ ရှာဖွေလို့ရမယ့် ရိက္ခာတွေကို ဘယ်လိုမျိုး ခွဲဝေ ပေးမှာလဲဟင်..."
သူက ထိုသို့မေးမြန်းလိုက်သောအခါ ယောင်ရန်က ပြန်ဖြေလိုက်လေသည်။
"အဖွဲ့က ရှာဖွေလို့ရတဲ့ ရိက္ခာအားလုံးကို သိုလှောင်ရုံထဲမှာ သိမ်းဆည်းထားမှာပါ... ဒါပေမဲ့ ကျွန်မတို့က ရှင်တို့ကို နေ့စဉ်သုံးပစ္စည်းတွေ၊ အစားအသောက်၊ ဆေးဝါး ကုသမှုနဲ့ ရေတွေကို ထောက်ပံ့ပေးသွားမှာ ပါ..."
ချန်ဇီကျိန်း၏ အဖွဲ့ထဲမှ အမျိုးသမီးတစ်ဦးက ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်လိုက်ရင်း မေးလိုက်လေ၏။
"ဒါဆို... နောက်ဆုံးမှာ ကျွန်မတို့က ဘာမှ သိမ်းဆည်းထားခွင့် မရှိဘူးပေါ့... ဟုတ်လား..."
သူမ၏ စိုးရိမ်ပူပန်မှုကို သတိပြုမိလိုက်သဖြင့် ယောင်ရန်က သူမကို ကြည့်ကာ ရှင်းပြလိုက်လေသည်။
"သိုလှောင်ရုံထဲမှာ သိမ်းဆည်းထားမယ့် ရိက္ခာတွေဆိုတာ အဖွဲ့က တာဝန်ထမ်းဆောင်နေစဉ်အတွင်းမှာ ရှာဖွေလို့ရခဲ့တဲ့ ပစ္စည်းတွေကိုပဲ ဆိုလိုတာပါ..."