အခန်း ၃၅၆
Vol. 36 Ch. 356
အခန်း (၃၅၆) သူမကို ရှာဖွေတွေ့ရှိခြင်း
ဧည့်ခန်းအတွင်း၌ ချန်ဇီကျိန်းနှင့် အခြားသူများကို တွေ့လိုက်ရသောအခါ ရှီရွှမ်းက ပြောလိုက်လေ သည်...။
"ဒီနေ့ ငါတို့ဆီမှာ ဧည့်သည်တွေ ရောက်နေမှန်း ငါမသိလိုက်ဘူး..."
လုံယုက သူ့ကို တစ်ချက်ကြည့်ကာ ပြန်လည်ဖြေလိုက်လေသည်...။
"အာရွှမ်း... သူတို့က ငါတို့ရဲ့ အဖွဲ့ဝင်သစ်တွေလေ..."
ရှီရွှမ်းသည် စိတ်ဝင်စားသွားဟန်ဖြင့် မျက်ခုံးကို အသာအယာ ပင့်လိုက်ရင်း ချန်ဇီကျိန်းနှင့် သူ၏ အပေါင်းအဖော်များကို ကြည့်ရှုလိုက်မိလေသည်...။
သူ ထပ်မံမေးမြန်းခြင်း မပြုနိုင်ခင်မှာပင် လုံယုက ထပ်လောင်းပြောကြားလိုက်လေသည်။
"ငါ နောက်မှ ရှင်းပြမယ်... အခုတော့ လူနာတွေကို စစ်ဆေးဖို့အတွက် ဆင်းရဲသားရပ်ကွက်ထဲကို သွား ကြမလို့လေ..."
အဖွဲ့ဝင်သစ်များ၏ မပြည့်စုံသော အခြေအနေကို သတိပြုမိလိုက်သဖြင့် ရှီရွှမ်းက ခေါင်းငြိမ့်ပြလိုက် လေသည်...။
"ဟုတ်ကဲ့ ခေါင်းဆောင်... မင်းတို့ ပြန်မလာခင်အထိ ကျွန်တော် အိမ်မှာပဲ စောင့်နေပါ့မယ်..."
"ကောင်းပြီ..."
လုံယုက ခေါင်းငြိမ့်ပြရင်း ပြောလိုက်ပြီးနောက် ချန်ဇီကျိန်းဘက်သို့ လှည့်ကာ ပြောလိုက်လေသည်...။
"လမ်းပြပေးပါဦး..."
ချန်ဇီကျိန်း လမ်းပြမှုနှင့်အတူ ထိုလူစုသည် ဗီလာအတွင်းမှ အလျင်အမြန်ပင် ထွက်ခွာလာခဲ့ကြ လေတော့သည်...။
ဆင်းရဲသားရပ်ကွက်၏ အပြင်ဘက်အဝိုင်းသို့ ရောက်ရှိလာသောအခါ လမ်းဘေးဝဲယာ၌ ပစ္စည်း အမျိုး မျိုးဖြင့် ဆောက်လုပ်ထားသော တဲအိမ်များ တန်းစီနေသည်ကို တွေ့လိုက်ရသော်လည်း ယောင်ရန် သည် အံ့သြခြင်းမရှိခဲ့ပေ...။
လူစု၏ ရှေ့မှ လျှောက်လှမ်းနေသော ချန်ဇီကျိန်းက အသံကိုနှိမ့်၍ ပြောလိုက်လေသည်...။
"ဒီဘက်ပါ..."
သူမသည် သူ၏နောက်မှ ကပ်လျက် လိုက်ပါလာရင်း မိမိ၏ နောက်ကျောသို့ ပြင်းထန်သော အကြည့် တစ်ချက် ကျရောက်နေသည်ကို ခံစားလိုက်ရလေ၏...။ သူမသည် နောက်သို့ လှည့်ကြည့်လိုက် သော်လည်း မည်သူ့ကိုမျှ မတွေ့ရသဖြင့် မျက်မှောင်ကြုတ်သွားခဲ့လေသည်...။
သူမ၏ ဘေးတွင် လျှောက်လှမ်းနေသော လုံယုက သူမ၏ အမူအရာကို သတိပြုမိသွားပြီး တိုးတိုး လေးကပ်မေးလိုက်လေ၏...။
"ဘာဖြစ်လို့လဲ..."
ယောင်ရန်သည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းခါပြလိုက်လေသည်...။
"ဘာမှမဟုတ်ပါဘူး..."
သူမက ထိုသို့ ပြန်ဖြေခဲ့သော်ငြားလည်း နောက်သို့ ဆက်လက်၍ လှည့်ကြည့်နေမိဆဲပင်...။ လုံယုကလည်း လှည့်လည်စစ်ဆေးကြည့်ရှုလိုက်သော်လည်း သံသယဖြစ်ဖွယ် တစ်စုံတစ်ရာကို မတွေ့ ရှိရပေ...။
သူ တစ်ခုခု ထပ်မံမပြောနိုင်ခင်မှာပင် ချန်ဇီကျိန်း၏ အသံက သူ၏အတွေးများကို ဖြတ်တောက်လိုက် လေသည်...။
"မိန်းကလေးယောင်... ရှေ့က လမ်းဆုံကို လွန်ပြီးရင် ကျွန်တော်တို့နေရာကို ရောက်ပါပြီ..."
ထိုစကားကို ကြားသောအခါ ယောင်ရန်က သူ့ဘက်သို့ လှည့်၍ ခေါင်းငြိမ့်ပြလိုက်လေသည်...။
သူတို့ ထွက်ခွာသွားပြီးနောက် မှောင်မိုက်သော လမ်းကြားတစ်ခုအတွင်းမှ အမျိုးသားနှစ်ဦး ထွက်လာခဲ့ကြလေသည်။ ထိုအထဲမှ တစ်ယောက်က သူ၏ ဘယ်ဘက်နားရှိ နားကြပ်ကို ဖိနှိပ် လိုက်လေသည်...။
စက္ကန့်အနည်းငယ် ကြာပြီးနောက် သူက သတင်းပို့လိုက်လေသည်...။
"တပ်ကြပ်... ကျွန်တော်တို့ မိန်းကလေး ယောင်ရန်ကို ရှာတွေ့ပါပြီ..."
သူ ထိုသို့ပြောပြီးနောက် နားကြပ်ထဲမှ ဝူယဲ့ဟောင်၏ အသံ ထွက်ပေါ်လာခဲ့၏...။
"ဘယ်နေရာမှာလဲ..."
"ဆင်းရဲသားရပ်ကွက်ရဲ့ အပြင်ဘက်အဝိုင်းမှာပါ... ကျွန်တော် တည်နေရာပြကိရိယာကို ဖွင့်ထားပြီး သူ့ ရဲ့နောက်ကို ဆက်လက် ခြေရာခံလိုက်သွားပါ့မယ်..."
ထိုအမျိုးသားက ပြန်ဖြေလိုက်ရင်း သူနှင့် သူ၏အပေါင်းအဖော်သည် ဘေးကင်းသော အကွာအဝေးမှ ယောင်ရန်၏နောက်သို့ မသိမသာ လိုက်ပါသွားကြလေသည်...။
"ကောင်းပြီ... ငါတို့ ခဏနေ လာခဲ့မယ်... မိန်းကလေး ယောင်ရန် ဘေးကင်းဖို့ သေချာအောင် လုပ်ထား ပါ..."
ဝူယဲ့ဟောင်က အမိန့်ပေးလိုက်လေ၏...။
"ဟုတ်ကဲ့ တပ်ကြပ်..."
ဖုန်းခေါ်ဆိုမှုကို အဆုံးသတ်ပြီးနောက် ဝူယဲ့ဟောင်သည် သူ၏လက်ပတ်နာရီမှတစ်ဆင့် အဖွဲ့လိုက် စကားဝိုင်းထံသို့ မက်ဆေ့ခ်ျတစ်စောင် ပေးပို့လိုက်လေသည်...
[ငါးမိနစ်အတွင်း ဆင်းရဲသားရပ်ကွက်ရဲ့ အပြင်ဘက်အဝိုင်းမှာ လူစုကြပါ...]
ထို့နောက် သူသည် လူနေအဆောက်အအုံတစ်ခု၏ ခေါင်မိုးပေါ်မှ ခုန်ချလိုက်ကာ ဆင်းရဲသားရပ်ကွက် ဆီသို့ လျင်မြန်စွာ ဦးတည်လျှောက်လှမ်းသွားခဲ့လေတော့သည်....။
ထိုအတောအတွင်း ယောင်ရန်နှင့် သူမ၏လူစုသည် စက္ကူကတ်ထူပြားများနှင့် အစအနများကို စပ်၍ ဆောက်လုပ်ထားသော တဲအိမ်ကြီးတစ်လုံးရှေ့သို့ ရောက်ရှိလာခဲ့ကြလေသည်...။
အပြင်ဘက်တွင် မတ်တပ်ရပ်နေရင်း တဲအိမ်အတွင်းမှ ချောင်းဆိုးသံများကို ကြားလိုက်ရသဖြင့် ယောင်ရန်က "ဒါ မင်းတို့နေရာလား..." ဟု မေးလိုက်လေသည်...။
ချန်ဇီကျိန်းက တံခါးအဖြစ် အသုံးပြုထားသော အဝတ်စကို မတင်လိုက်ရင်း ခေါင်းခါပြလိုက်လေ သည်...။
"ဆင်းရဲသားရပ်ကွက်ထဲမှာ ဆေးရုံ ဒါမှမဟုတ် ဆေးပေးခန်းဆိုတာ မရှိဘူးလေ... ဒါကြောင့် ကျွန်တော် တို့ ဒီကို ပြောင်းရွှေ့လာတဲ့အခါ ဒီတဲကို ဆောက်လိုက်တာပါ... ဒါက ကျွန်တော့်အဖွဲ့နဲ့ အနီးနားက အသက်ရှင်ကျန်ရစ်သူတွေအတွက် ဆေးပေးခန်းအဖြစ် သုံးတာပါ..."
ယောင်ရန် အထဲသို့ လှမ်းဝင်လိုက်သောအခါ ညစ်ပတ်လှသော ပတ်ဝန်းကျင်နှင့် လူနာများ၏ ဆိုးရွား လှသော အခြေအနေများကို မြင်တွေ့လိုက်ရသဖြင့် သူမ၏ မျက်နှာမူအရာမှာ ပိုမိုညိုမှောင်သွားခဲ့ရ လေတော့သည်...။
လုံယုက သူမ၏နောက်မှ လိုက်ဝင်ရန် ကြိုးစားလိုက်သောအခါ သူမက သူ့အား တားဆီးလိုက်လေ သည်...။
"အာယု... အပြင်မှာပဲ ခဏ စောင့်ပေးပါဦး..."
လုံယုက အထဲသို့ တစ်ချက်ကြည့်လိုက်ပြီး သူမ၏ စိုးရိမ်ပူပန်မှုကို နားလည်သွားကာ သူမ၏လက်ကို အသာအယာ ဆုပ်ကိုင်လိုက်ရင်း တိုးတိုးလေး ပြောလိုက်လေသည်...။
"ဂရုစိုက်ပါနော်..."
ယောင်ရန်က ပြုံးပြလိုက်လေ၏...။
"ဟုတ်ကဲ့..."
သူမသည် နေရာလွတ် ထဲမှ အသက်ရှူလမ်းကြောင်းဆိုင်ရာ နှာခေါင်းစည်းနှင့် ခွဲစိတ်ခန်းသုံး လက် အိတ် များကို ထုတ်ယူကာ ဝတ်ဆင်လိုက်ပြီးနောက် ဆေးပေးခန်းအတွင်းသို့ ဝင်ရောက်သွားခဲ့ပြီး လုံယုကမူ အပြင်ဘက်တွင် ကင်းစောင့်ကာ ကျန်ရစ်ခဲ့လေသည်...။
အတွင်း၌ ယောင်ရန်က ချန်ဇီကျိန်းကို ကြည့်ကာ ပြောလိုက်လေ၏...။
"ဒီနေရာကို သန့်ရှင်းရေးလုပ်ဖို့ လိုအပ်တယ်..."
ချန်ဇီကျိန်းက သူမ၏စကားကြောင့် သက်ပြင်းတစ်ချက် ချလိုက်ရင်း ရှင်းပြလေသည်...။
"ကျွန်တော်တို့ဆီမှာ ပိုးသတ်ဆေးတွေ ရှိဖို့နေနေသာသာ အခြေခံ သန့်ရှင်းရေးအတွက် ရေတောင် မရှိ ပါဘူး... ဒီနေရာကို သန့်ရှင်းရေးလုပ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး..."
လူနာများထဲမှ တစ်ယောက်သည် လှုပ်ရှားလာပြီး မျက်လုံးများကို ဖွင့်ကြည့်လာလေသည်...။ သူသည် လှည့်ကြည့်လိုက်သောအခါ သန့်ရှင်းသော အဝတ်အစားများနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ နှာ ခေါင်းစည်းကို ဝတ်ဆင်ထားသော ယောင်ရန်ကို တွေ့လိုက်ရလေသည်...။
သူသည် မတ်တပ်ထိုင်ရန် ကြိုးစားရင်း အားနည်းသော အသံဖြင့် မေးလိုက်၏...။
"အစ်ကိုချန်... ဒီမိန်းကလေးက ဘယ်သူလဲဟင်..."
ချန်ဇီကျိန်းက သူ့ဘက်သို့ လှည့်ကာ မတ်တပ်ထိုင်နိုင်ရန် ကူညီပေးလိုက်ရင်း ပြန်လည်ဖြေလိုက် လေသည်...။
"ဒါက မိန်းကလေး ယောင်ရန်လေ..."
ထိုစကားကို ကြားသောအခါ လူနာ၏ မျက်ဝန်းများမှာ ဝင်းလက်သွားခဲ့ရပြီး ချန်ဇီကျိန်း၏ လက်မောင်း ကို ဆုပ်ကိုင်လိုက်ပြီး.. သူက အသံကိုနှိမ့်၍ မေးလိုက်ပြန်လေသည်...။
"အစ်ကိုချန်... သူမက ကျွန်တော်တို့ကို ကူညီဖို့ သဘောတူလိုက်ပြီလားဟင်..."
ချန်ဇီကျိန်းက ခေါင်းငြိမ့်ပြရင်း ရှင်းပြလိုက်လေသည်...။
"ငါ မိန်းကလေးယောင်ရဲ့ အဖွဲ့ထဲဝင်လိုက်ပြီ... သူမက ငါတို့အားလုံးကို လက်ခံဖို့ သဘောတူတယ်... ငါတို့က သူတို့ရဲ့ စည်းကမ်းတွေကို လိုက်နာသရွေ့ အစားအသောက်၊ ရိက္ခာတွေနဲ့ နေထိုင်စရာနေရာ ဖြည့်ဆည်းပေးမယ်လို့ သူမက ကတိပေးထားတယ်... သူမ ဒီနေ့ ဒီကိုလာတာ မင်းတို့ကို စစ်ဆေးပေးဖို့ ပဲ..."
သူ ထိုသို့ပြောပြီးနောက် အခြားသော လူနာများသည်လည်း မျှော်လင့်ချက်အရိပ်အယောင်များ ပြည့် နှက်နေသော မျက်ဝန်းများဖြင့် ယောင်ရန်ကို လှည့်ကြည့်လိုက်ကြလေသည်...။
သူတို့၏ စူးစိုက်ကြည့်ရှုမှုများအောက်တွင် ယောင်ရန်သည် အနီးဆုံးရှိ လူနာတစ်ဦးထံသို့ ချဉ်းကပ်သွား ကာ သူမ၏ ဆေးသေတ္တာကို ဖွင့်လိုက်လေသည်...။ လူနာများသည် ကြမ်းပြင်ပေါ်တွင် စက္ကူကတ်ထူ ပြားများကိုသာ အခင်းအဖြစ် ခင်း၍ လှဲလျောင်းနေကြရသဖြင့် သူမသည် လူနာတစ်ဦး၏ ဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်လေသည်...။
သူမ၏ နားကြပ်ကို ထုတ်ယူလိုက်ရင်း ပြောလိုက်လေသည်။
"ရှင့်ရဲ့ အခြေအနေကို အရင်ဆုံး စစ်ဆေးပေးပါ့မယ်..."
လူနာက ခေါင်းငြိမ့်ပြရင်း ခက်ခက်ခဲခဲပင် ပြောရှာလေသည်...။
"ကျေးဇူးတင်ပါတယ်..."
ယောင်ရန်သည် သူ၏ အဆုတ်ကို စစ်ဆေးကြည့်ရှုလိုက်ပြီးနောက် ပြောလိုက်လေသည်။
"ရှင့်ရဲ့ အဆုတ်က ပျက်စီးနေပြီ..."
သူမ၏ စကားကြောင့် လူနာ၏ ဖြူလျော်နေသော မျက်နှာမှာ ပြာနှမ်းသွားခဲ့ရပြီး အားနည်းစွာ မေးလိုက်ရှာသည်....။
"ကျွန်တော် သေတော့မှာလားဟင်..."
ယောင်ရန်သည် သူမ၏ နေရာလွတ် ထဲမှ ရောစပ်ထားသော ရေကန်ရေ ပုလင်းတစ်ပုလင်းကို ထုတ် ယူလိုက်လေသည်။ သူမသည် ထိုပုလင်းကို လူနာအား ကမ်းပေးရင်း ညွှန်ကြားလိုက်လေသည်...။
"ဒီဆေးကို တစ်နေ့ နှစ်ကြိမ်၊ တစ်ခါသောက်ရင် တစ်ဖန်ခွက် သောက်ပေးပါ... ဒါကို အကုန်သောက် ပြီးရင် ရှင် ပြန်ကောင်းလာပါလိမ့်မယ်..."
သူမသည် ပုလင်းကို သူ၏ဘေးတွင် ချထားပေးခဲ့ပြီးနောက် မတ်တပ်ရပ်၍ နောက်ထပ်လူနာ တစ်ဦး ထံသို့ ရွှေ့သွားခဲ့လေသည်...
တစ်နာရီခန့် ကြာပြီးနောက်တွင်မူ ယောင်ရန်သည် ကုသမှုကို အဆုံးသတ်လိုက်လေသည်။ သူမသည် မိမိ၏ ဆေးသေတ္တာကို ပိတ်လိုက်ရင်း ၊
"ရှင်တို့အားလုံးက မြူနှင်းတွေကြောင့် ဖြစ်တဲ့ တူညီတဲ့ရောဂါကို ခံစားနေရတာပါ... ကျွန်မ ပေးခဲ့ တဲ့ ဆေးကို သောက်မယ်ဆိုရင် ရက်အနည်းငယ်အတွင်းမှာပဲ ပြန်ပြီးသက်သာလာပါလိမ့်မယ်..."
သူမ ထိုသို့ပြောလိုက်သောအခါ လူနာများသည် အလွန်အမင်း ဝမ်းမြောက်သွားကြပြီး သူတို့၏ ကျေးဇူးတင်စကားများကို ဖော်ထုတ်လိုက်ကြလေတော့သည်...။
"ကျေးဇူးတင်ပါတယ် မိန်းကလေးယောင်... ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်..."
ယောင်ရန် ဆေးပေးခန်းအပြင်ဘက်သို့ လှမ်းထွက်လိုက်သောအခါ အနီးနားတွင် ရှိနေသော လုံယုကို တွေ့လိုက်ရသဖြင့် ခေါ်လိုက်လေသည်...။
"အာယု..."
လုံယုက လှည့်ကြည့်လိုက်ပြီး သူမကို မြင်သောအခါ အနားသို့ လျင်မြန်စွာ ချဉ်းကပ်လာရင်း မေးလိုက် လေသည်...။
"ဒီမှာ အားလုံး ပြီးသွားပြီလား..."
ယောင်ရန်က ခေါင်းငြိမ့်ပြရင်း ရှင်းပြလိုက်လေသည်...။
"သူတို့အားလုံးက မြူနှင်းတွေကြောင့် ဖြစ်တဲ့ အဆုတ် ပျက်စီးတဲ့ရောဂါ ခံစားနေရတာပါ... ကျွန်မ သူတို့ကို ဆေးတွေပေးခဲ့တယ်... ညွှန်ကြားထားတဲ့အတိုင်း သောက်မယ်ဆိုရင် သူတို့ အဆင်ပြေသွား မှာပါ..."