အခန်း ၃၅၇
Vol. 36 Ch. 357
အခန်း (၃၅၇) လျှို့ဝှက်ချက်
လုံယုက နားလည်ကြောင်း ခေါင်းငြိမ့်ပြပြီးနောက် ယောင်ရန်၏ နဖူးပေါ်မှ ချွေးစများကို အသာအယာ သုတ်ပေးလိုက်လေသည်။ တဲအိမ်အတွင်းမှ သူတို့ ထွက်လာကြသောအခါ ချန်ဇီကျိန်းက သူတို့ထံသို့ ချဉ်းကပ်လာပြီး သူတို့၏ လူအများရှေ့ သံယောဇဉ်ပြသမှုကို ကြည့်ကာ နေရခက်စွာဖြင့် ချောင်းဟန့် လိုက်လေ၏။
သူ၏ အသာအယာ ချောင်းဆိုးသံကို ကြားသောအခါ ယောင်ရန်နှင့် လုံယုတို့သည် လှည့်ကြည့်လိုက် ကြလေသည်။
ချန်ဇီကျိန်း သူတို့အနားသို့ ရောက်လာသောအခါ ယောင်ရန်က မေးလိုက်လေသည်။
"ကုသဖို့ လိုအပ်တဲ့ တခြားလူနာတွေ ရှိသေးလို့လား..."
ချန်ဇီကျိန်းက ပြန်လည်ဖြေ လိုက်လေသည်။
"အဖွဲ့ဝင်အချို့ ဖျားနေကြတာ ရှိပါတယ်... ဒါပေမဲ့ သိပ်တော့ မပြင်းထန်ပါဘူး..."
ထိုစကားကို ကြားသောအခါ ယောင်ရန်သည် မျက်မှောင်အသာအယာ ကြုတ်လိုက်ရင်း ပြောလိုက်လေ သည်။
"အခုလို အချိန်မျိုးမှာ သာမန် အအေးမိတာတောင် လူကို သေစေနိုင်တယ်လေ... သူတို့အားလုံးကို ဒီကို ပဲ ခေါ်လာခဲ့ပါလား... ကျွန်မ သူတို့ရဲ့ အခြေအနေကို ကြည့်ပေးပါ့မယ်... ရောဂါ ပိုဆိုးလာတဲ့အထိ စောင့်နေမယ့်အစား ကြိုတင်သတိထားတာက ပိုကောင်းပါတယ်..."
သူမ၏ အကြံပြုချက်ကြောင့် ချန်ဇီကျိန်း၏ မျက်ဝန်းများမှာ ဝင်းလက်သွားခဲ့ရသော်လည်း သူ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်ရင်း မေးလိုက်လေသည်။
"မိန်းကလေးယောင်... ဒါက မင်းအတွက် ဆေးဝါးတွေ အများကြီး ကုန်မသွားဘူးလား..."
ယောင်ရန်သည် သူ၏ စိုးရိမ်ပူပန်မှုကို သိလိုက်သဖြင့် တည်ငြိမ်စွာပင် ပြန်ဖြေလိုက်လေ၏...။
"ကျွန်မဆီမှာ လူတိုင်းအတွက် လုံလောက်တဲ့ ဆေးဝါးတွေ ရှိပါတယ်... နောက်ပြီး ရှင်က ကျွန်မတို့အဖွဲ့ ထဲဝင်ဖို့ သဘောတူထားပြီးပြီဆိုတော့ ရှင်နဲ့ ရှင့်ရဲ့ အပေါင်းအဖော်တွေက အခုဆိုရင် ကျွန်မတို့ရဲ့ အစိတ်အပိုင်းတွေ ဖြစ်နေပါပြီ... ရှင်တို့ကို ကူညီတာက ကျွန်မတို့အဖွဲ့ကို ပိုမိုအင်အားတောင့်တင်း လာအောင် ကူညီပေးတာနဲ့ အတူတူပါပဲ..."
သူ ဆက်လက်၍ ဝေခွဲမရဖြစ်နေသည်ကို မြင်သောအခါ ယောင်ရန်က ထပ်လောင်းပြောလိုက်လေ သည်။
"အဖိုးအခ မပေးရဘဲ ဆေးဝါးတွေကို လက်ခံဖို့ စိတ်ထဲမှာ ခက်ခဲနေတယ်ဆိုရင်... နောင်ကျရင် အလုပ် ကို ပိုပြီး ကြိုးစားရုန်းကန်ပေးရုံပါပဲ..."
ချန်ဇီကျိန်းသည် မျက်လွှာချလိုက်ရင်း သူမ၏ စကားများကို လေးလေးနက်နက် စဉ်းစားနေမိ၏။ သူ၏ အပေါင်းအဖော်များ ရောဂါဝေဒနာ ခံစားနေရခြင်း သို့မဟုတ် သေဆုံးခြင်းကို သူက ဒီအတိုင်း စောင့် ကြည့်မနေနိုင်သော်လည်း တစ်စုံတစ်ရာ ပြန်လည်မပေးဆပ်နိုင်ဘဲ ယခုကဲ့သို့ အကူအညီကို လက်ခံ ရယူရန် စိတ်ထဲ၌ မချင့်မရဲ ဖြစ်နေမိခြင်းပင်ဖြစ်ချေသည်။
ခဏမျှ စဉ်းစားပြီးနောက် သူက နောက်ဆုံးတွင် ပြောလိုက်လေသည်။
"ဒါဆိုရင် သူတို့ကို စစ်ဆေးပေးဖို့အတွက် ကျွန်တော် ဒုက္ခပေးရပါဦးမယ်..."
"အင်း..."
ယောင်ရန်က ခေါင်းငြိမ့်ပြရင်း အသိအမှတ်ပြုလိုက်၏။
ဆုံးဖြတ်ချက်ချပြီးနောက် ချန်ဇီကျိန်းသည် လူနာများကို သွားရောက်ခေါ်ယူခဲ့လေသည်။ မကြာမီမှာပင် သူသည် လူစုတစ်စုနှင့်အတူ ပြန်လည်ရောက်ရှိလာခဲ့၏။ သူတို့၏ ချောင်ကျနေသော ပါးပြင်များ၊ ဖြူ လျော်နေသော မျက်နှာအမူအရာများ၊ ဝါကျင်ကျင်မျက်ဝန်းများနှင့် အားနည်းလှသော ခန္ဓာကိုယ်များကို ကြည့်ရုံမျှဖြင့် သူတို့၏ အခြေအနေမှာ ချန်ဇီကျိန်း သူမအား ပြောပြထားသည်ထက် များစွာ ပိုမိုဆိုးရွား နေခဲ့ကြောင်း ယောင်ရန် သိရှိလိုက်လေသည်။
သူ့ကို ကြည့်ရင်း ယောင်ရန်က ပြောလိုက်လေသည်။
"ကျွန်မအတွက် နေရာတစ်ခု ပြင်ဆင်ပေးပါဦး..."
"ရပါတယ်..."
ချန်ဇီကျိန်းက ပြန်ဖြေလိုက်ပြီးနောက် စားပွဲနှင့် ကုလားထိုင်များ သွားရောက်ယူဆောင်ရန် ထွက်ခွာသွား ခဲ့လေသည်။
မကြာမီမှာပင် အသက်ရှင်ကျန်ရစ်သူများသည် ရိုးရှင်းသော ယာယီဆေးကုသရေး နေရာတစ်ခုကို ဖန်တီးပေးခဲ့ကြပြီး ယောင်ရန်သည် လူနာများကို တစ်ယောက်ပြီးတစ်ယောက် စတင်စစ်ဆေးပေး ခဲ့တော့လေသည်။ သူမ အလုပ်လုပ်နေစဉ်အတွင်း လုံယုသည် သူမ၏ ဘေးတွင် မတ်တပ်ရပ်နေရင်း လူတိုင်းကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့လေသည်။
နာရီအနည်းငယ် ကြာပြီးနောက်တွင်မူ ယောင်ရန်သည် နောက်ဆုံးလူနာအား အအေးမိပျောက်ဆေး တစ်ထုပ်နှင့် ရောစပ်ထားသော ရေကန်ရေ ပုလင်းအသေးတစ်ပုလင်းကို ပေးကမ်းကာ ပြန်လွှတ်လိုက် လေသည်။
အခြားသော အသက်ရှင်ကျန်ရစ်သူများ၏ ကူညီမှုဖြင့် လူနာ ထွက်ခွာသွားပြီးနောက် ချန်ဇီကျိန်းသည် ယာယီဆေးကုသရေးခန်းအတွင်းသို့ လှမ်းဝင်လာကာ မေးလိုက်လေသည်။
"မိန်းကလေးယောင်... သူတို့ ဘယ်လိုနေလဲဟင်..."
ယောင်ရန်သည် သူမ၏ ဆေးဘက်ဆိုင်ရာ ကိရိယာများကို ဆေးသေတ္တာထဲသို့ ပြန်လည်ထည့်သွင်းကာ ၎င်းတို့ကို သူမ၏ နေရာလွတ် အတွင်း၌ သိမ်းဆည်းလိုက်လေသည်။ ထို့နောက် သူမက ပြန်ဖြေလိုက် ၏...။
"သူတို့ထဲက အများစုက အာဟာရချို့တဲ့ပြီး ရေဓာတ်ခန်းခြောက်နေကြတာပါ... အားလုံးကို ဝေငှပေးဖို့ အတွက် ဗီတာမင်တချို့ကို ကျွန်မ ဖြည့်ဆည်းပေးပါ့မယ်..."
"ဒါပေမဲ့ သူတို့ထဲက သုံးယောက်ကတော့ ဆေးအကြောသွင်းဖျော်ရည် ချက်ချင်း လိုအပ်နေပါတယ်... သူတို့ရဲ့ အခြေအနေက တော်တော်လေး ဆိုးရွားနေပြီး ကုသမှုမခံယူရဘူးဆိုရင် ဒီနေ့ကိုတောင် ကျော် ဖြတ်နိုင်မယ်မထင်ဘူး... ဗီတာမင်တွေနဲ့ ဆေးအကြောသွင်းဖျော်ရည်တွေအပြင် သူတို့အတွက် အစား အသောက်နဲ့ ရေကိုလည်း ကျွန်မ ပေးပါ့မယ်..."
သူမက ထိုသို့ပြောလိုက်သောအခါ ချန်ဇီကျိန်းသည် သူမ၏ ရက်ရောမှုကြောင့် မှင်တက်သွားခဲ့ရလေ သည်။ သူက သူမ၏အဖွဲ့ထဲဝင်ရန် သဘောတူရုံမျှဖြင့် သူမက ယခုကဲ့သို့ အများအပြား ပေးကမ်းလိမ့် မည်ဟု သူ မမျှော်လင့်ထားခဲ့မိပေ ။ သူ စိတ်တည်ငြိမ်သွားသောအခါ မေးလိုက်မိလေသည်။
"မိန်းကလေးယောင်... အခုမှ စတွေ့ဖူးတဲ့ ကျွန်တော်တို့လို လူတွေအပေါ်မှာ မင်းက ဘာဖြစ်လို့ ဒီလောက်တောင် ကြင်နာရတာလဲဟင်..."
ယောင်ရန်သည် သူ၏ သံသယဖြစ်ဖွယ် အကြည့်ကို ရင်ဆိုင်ရင်း ရိုးသားစွာ ပြန်ဖြေလိုက်၏...။
"ကျွန်မ ရှင့်ရဲ့ စွမ်းအားကို လိုအပ်တယ်လေ... ကျွန်မ ဖြည့်ဆည်းပေးတဲ့ ရိက္ခာတွေနဲ့ အကူအညီတွေ က အလကားတော့ မဟုတ်ပါဘူး... နောင်ကျရင် ကျွန်မတို့အဖွဲ့အတွက် ရှင် အစွမ်းကုန် ကြိုးစားပေး လိမ့်မယ်လို့ မျှော်လင့်ပါတယ်..."
သူမ၏ ပွင့်လင်းလှသော အဖြေကြောင့် ချန်ဇီကျိန်း၏ သံသယများ ပြေပျောက်သွားဟန်ရှိသော်လည်း ရုတ်တရက် အတွေးတစ်ခုက သူ၏ စိတ်ထဲသို့ ဖြတ်သန်းသွားခဲ့ရလေသည်။ သူနှင့် အနီးကပ်ဆုံး အပေါင်းအဖော်များပင်လျှင် သူ၏ စွမ်းအားအကြောင်းကို မသိရှိကြကြောင်း သူ သတိပြုမိလိုက် ခြင်းပင်ဖြစ်ချေသည်။
သူသည် မျက်မှောင်ကြုတ်လိုက်ရင်း မေးလိုက်လေသည်။
"မင်းကို ကျွန်တော့်ရဲ့ စွမ်းအားအကြောင်း ဘယ်သူပြောလိုက်တာလဲ... မိန်းကလေးယောင်... တစ် ယောက်ယောက်က မင်းကို လှည့်စားလိုက်ပုံရတယ်..."
ယောင်ရန်သည် သူ၏စကားကြောင့် ခပ်ဖွဖွ ရယ်မောလိုက်ရင်း ပြန်ဖြေလိုက်လေသည်။
"ရှင့်မှာ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ စွမ်းအား ရှိတယ်ဆိုတာ ကျွန်မ သိတယ်... ရှင့်ရဲ့ အဲဒီလျှို့ဝှက်ချက်ကို ကျွန်မ ဘယ်လိုသိလဲဆိုတာကတော့... အဲဒါက ကျွန်မရဲ့ လျှို့ဝှက်ချက်ပေါ့..."
"..."
ချန်ဇီကျိန်းသည် သူမ၏ ဆန်းကြယ်လှသော အဖြေကြောင့် စကားမဲ့သွားခဲ့ရတော့၏။
သူမသည် သူ၏ ဇဝေဇဝါဖြစ်မှုကို ဂရုမစိုက်ဘဲ မေးလိုက်လေသည်။
"ရှင်တို့ဆီမှာ အစားအသောက်တွေနဲ့ ဆေးဝါးတွေကို သိမ်းဆည်းဖို့ ခြောက်သွေ့ပြီး ဘေးကင်းတဲ့ နေရာရှိလား..."
ချန်ဇီကျိန်းက ခေါင်းခါပြလိုက်လေ၏...။
"မရှိပါဘူး... ဆင်းရဲသားရပ်ကွက်က ပရမ်းပတာနိုင်ပြီး အဆောက်အအုံ တည်ဆောက်ပုံတွေကလည်း ရှုပ်ထွေးလွန်းတယ်... ကျွန်တော်တို့ဆီမှာ သင့်တော်တဲ့နေရာ ရှိရင်တောင် အဲဒီမှာ ရိက္ခာတွေကို မသိမ်း ဆည်းရဲပါဘူး..."
ထိုစကားကို ကြားသောအခါ ယောင်ရန်က ခဏမျှ စဉ်းစားလိုက်ပြီးနောက် အကြံပြုလိုက်လေသည်...။
"ဒါဆိုရင် ရှင်တို့က ရိက္ခာတွေ လာထုတ်ဖို့အတွက် ဗီလာဆီကို နေ့တိုင်း လာရလိမ့်မယ်... လူတိုင်းအ တွက် ဆန်ပြုတ် ပြုတ်နိုင်ဖို့ လုံလောက်တဲ့ ပမာဏကို ကျွန်မ ဖြည့်ဆည်းပေးမယ်... သူတို့ရဲ့ ကျန်းမာ ရေး ပြန်ကောင်းလာတာနဲ့အမျှ အစာ မာတာတွေကို ပြောင်းလဲပေးလို့ရတာပေါ့..."
ချန်ဇီကျိန်းက သဘောတူညီရင်း "ကောင်းပါပြီ..." ဟု ပြောလိုက်လေသည်။
လာရောက်ရသည့် ကိစ္စရပ်များ ပြီးဆုံးသွားပြီးနောက် ယောင်ရန်သည် လုံယု၏လက်ကို ဆုပ်ကိုင် လိုက်ရင်း ချန်ဇီကျိန်းအား ပြောလိုက်လေသည်။
"တခြားကိစ္စမရှိတော့ရင် ကျွန်မတို့ အခု ပြန်လိုက်ပါတော့မယ်..."
ချန်ဇီကျိန်းက သူတို့အား အပြင်ဘက်အထိ လိုက်လံပို့ဆောင်ပေးရင်း ပြောလိုက်လေသည်။
"မိန်းကလေးယောင်... ကျွန်တော် လူနာတွေကို ပြုစုစောင့်ရှောက်ဖို့ စီစဉ်ရဦးမှာမလို့ ဒီမှာပဲ ကျန်ခဲ့ ပါ့မယ်... ရိက္ခာတွေ သွားထုတ်ဖို့အတွက် ကျွန်တော့်ရဲ့ ညီအစ်ကိုတွေက မင်းတို့နဲ့အတူ လိုက်လာပါ လိမ့်မယ်..."
"ရပါတယ်..."
ယောင်ရန်က သဘောတူလိုက်၏။
သူတို့၏ ဆွေးနွေးမှု ပြီးဆုံးသွားပြီးနောက် ယောင်ရန်သည် လုံယုနှင့်အတူ ချန်ဇီကျိန်း၏ လူအချို့ကို ခေါ်ဆောင်၍ ထွက်ခွာလာခဲ့ပြီး ချန်ဇီကျိန်းကမူ လူနာများ နေထိုင်ရန် နေရာများ စီစဉ်ပေးခြင်းနှင့် ချက်ပြုတ်ရန်အတွက် လူများ တာဝန်ချထားခြင်းတို့ကို အာရုံစိုက် လုပ်ဆောင်နေခဲ့လေသည်။
ထိုအတောအတွင်း ဝူယဲ့ဟောင်နှင့် သူ၏လက်အောက်ငယ်သားများသည် နာရီပေါင်းများစွာကြာအောင် စောင့်ဆိုင်းနေခဲ့ကြပြီ ဖြစ်သည်။ ယောင်ရန်သည် ယာယီဆေးပေးခန်းအတွင်းမှ ထွက်လာသည်ကို သူ မြင်လိုက်ရသောအခါ သူ၏ ဘယ်ဘက်နားရှိ နားကြပ်ကို ဖိနှိပ်လိုက်ရင်း ပြောလိုက်လေသည်။
"အဆင်သင့်ပြင်ထားကြ..."
စက္ကန့်အနည်းငယ် ကြာပြီးနောက် သူ၏ လက်အောက်ငယ်သားများက ပြန်ဖြေလိုက်ကြ၏။
"လက်ခံရရှိပါတယ်..."
ယောင်ရန်နှင့် လုံယုတို့ ဆင်းရဲသားရပ်ကွက်မှ ထွက်ခွာလာစဉ် ဝူယဲ့ဟောင်သည် သူတို့၏ ရှေ့မှောက်၌ ပေါ်လာခဲ့လေသည်။ သူ မိမိကိုယ်ကို မိတ်မဆက်နိုင်ခင်မှာပင် လုံယုသည် သူ၏ စစ်သုံးဓားမြှောင်ကို ဆွဲထုတ်လိုက်ကာ သူ၏ လေစွမ်းအင် ကို အသုံးပြု၍ သူ၏ အရှိန်အဟုန်ကို မြှင့်တင်လိုက်ပြီး ဝူယဲ့ဟောင်ထံသို့ ပြေးဝင်တိုက်ခိုက်လိုက်လေတော့သည်။
ကျရောက်လာသော အန္တရာယ်ကို သတိပြုမိလိုက်သဖြင့် ဝူယဲ့ဟောင်သည် နောက်ပြန်ဂျွမ်းထိုး လိုက် ကာ ဓားမြှောင်၏ ထက်မြက်လှသော ဓားသွားကို သီသီလေး ရှောင်တိမ်းလိုက်နိုင်လေသည်။ သူ၏ ခြေထောက်များ မြေပြင်ပေါ်သို့ နင်းမိသည့် တစ်ပြိုင်နက်တည်းမှာပင် လက်ညှိုးနှစ်ချောင်းခန့် ထူထဲ လှသော နွယ်ပင် လေးပင်သည် သူ၏ထံသို့ ပစ်လွှတ်လာခဲ့ပြန်လေ၏။
ထိုနွယ်ပင်များ သူ၏ခန္ဓာကိုယ်ကို မဖောက်ထွင်းနိုင်ခင်မှာပင် ဝူယဲ့ဟောင်သည် လေထဲသို့ ခုန်တက် လိုက်လေသည်။
"ဗုန်း... ဗုန်း... ဗုန်း... "
"ဝုန်း... "
ဝူယဲ့ဟောင် ငုံ့ကြည့်လိုက်သောအခါ နွယ်ပင်များသည် မြေပြင်အတွင်းသို့ နက်ရှိုင်းစွာ စိုက်ဝင်နေ သည်ကို မြင်တွေ့လိုက်ရလေတော့၏။