အခန်း ၃၆၀
Vol. 36 Ch. 360
အခန်း (၃၆၀) အမှန်တရားတစ်ဝက်
ဝူယဲ့ဟောင် စကားမပြောနိုင်ခင်မှာပင် သူမက ထပ်လောင်းပြောကြားလိုက်လေသည်။
"ကျွန်မကို ခေါင်းဆောင်ခန့်ဖို့ဆိုတဲ့ အကြောင်းပြချက်လောက်နဲ့တော့ မဟုတ်တန်ရာဘူး... တကယ်လို့ ကျွန်မကို ခေါ်ချင်တယ်ဆိုရင် အမှန်တရားကို ပြောပြပါ... ဒါမှမဟုတ်ရင်တော့ ကျွန်မ လိုက်မလာနိုင် ဘူး..."
သူမသည် ဝူယဲ့ဟောင်ကို သေချာစွာ စိုက်ကြည့်ရင်း သူ၏တုံ့ပြန်မှုကို စောင့်ဆိုင်းနေခဲ့လေသည်။ သူမ ၏ ပြတ်သားမှုကို မြင်သောအခါ ဝူယဲ့ဟောင်သည် မျက်မှောင်ကြုတ်လိုက်ကာ တွေးတောခြင်းထဲသို့ နစ်မြုပ်သွားခဲ့လေသည်။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူက မျက်လုံးများ ပင့်ကြည့်လိုက်ရင်း ပြောလာလေသည်။
"ကျွန်တော့်ရဲ့ ရာထူးက မိန်းကလေး မေးနေတဲ့ အချက်အလက်တွေကို သိပိုင်ခွင့်ရှိလောက်အောင် မမြင့်သေးပါဘူး... ဒါပေမဲ့ ယောင်ယွဲ့ချွမ်ကတော့ မတူဘူး..."
"သူ မိန်းကလေးကို သူ့ရဲ့ ရင်ထိုးတံဆိပ်နဲ့ လက်ပတ်ပေးခဲ့တာ ကျွန်တော် မှတ်မိတယ်... အဲဒီတံဆိပ်ကို သုံးပြီး သူ့ဆီ ဆက်သွယ်လို့ရသလို လက်ပတ်နဲ့လည်း ကျွန်တော်တို့ လူတွေကို အမိန့်ပေးလို့ရတယ်... တကယ်လို့ အဖြေကို သိချင်တယ်ဆိုရင် သူ့ကို တိုက်ရိုက်မေးဖို့ ကျွန်တော် အကြံပြုချင်ပါတယ်..."
"ဘာဖြစ်လို့ သူလဲ..." ယောင်ရန်က မေးလိုက်လေသည်။
သူမ၏ မေးခွန်းကြောင့် ဝူယဲ့ဟောင်သည် မျက်မှောင်အသာ တွန့်သွားခဲ့၏...။ ယောင်ရန်က သူ ပြန်ဖြေ တော့မည်မဟုတ်ဟု ထင်မှတ်နေစဉ်မှာပင် ဝူယဲ့ဟောင်က ပြန်မေးလိုက်လေသည်။
"ယွဲ့ချွမ်က သူ့ရဲ့ နောက်ကြောင်းနဲ့ ဥက္ကဋ္ဌယောင်နဲ့ ပတ်သက်တဲ့ ဆက်နွှယ်မှုကို မိန်းကလေးကို မပြောပြ ခဲ့ဘူးလား..."
လင်ယွမ်တိုက်ခန်းအဆောက်အအုံ၌ ယောင်ယွဲ့ချွမ် ပြောပြခဲ့သည်များကို ပြန်လည်အမှတ်ရရင်း ယောင်ရန်က ပြောလိုက်လေသည်။
"သူက ကျွန်မအဘိုး ကယ်တင်ပြီး စောင့်ရှောက်ခဲ့တဲ့ မိဘမဲ့ကလေးတစ်ယောက်လို့ ပြောတယ်... ကျွန်မကို ကူညီဖို့အတွက် မွေးစားခဲ့တာတဲ့... ပြီးတော့ ကျွန်မအဘိုးက ဒီလိုရည်ရွယ်ချက်နဲ့ပဲ ကောက်ရှုဝေ အပါအဝင် တခြားကလေးတွေကိုလည်း မွေးစားခဲ့သေးတယ်လို့ ပြောခဲ့တယ်..."
ဝူယဲ့ဟောင်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်သဖြင့် သူမက မျက်လုံးများကို မှေးစိုက်လိုက်ရင်း မေးလိုက်လေသည်။
"သူ ကျွန်မကို လိမ်ပြောခဲ့တာလား..."
ဝူယဲ့ဟောင်က ခေါင်းခါပြလိုက်ပြီး ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ပြောလိုက်လေ၏။
"သူ မလိမ်ခဲ့ပါဘူး... ဒါပေမဲ့ အမှန်တရားအားလုံးကိုတော့ မပြောပြခဲ့တာပါ..."
"ဘယ်လို အမှန်တရားလဲ..." ယောင်ရန်က မေးလိုက်လေသည်။
စက္ကန့်အနည်းငယ်မျှ စဉ်းစားပြီးနောက် ဝူယဲ့ဟောင်သည် ဖြေရန် ဆုံးဖြတ်လိုက်၏...။ သူက ယောင်ရန် ကို ကြည့်ရင်း မေးလိုက်လေသည်။
"သူ့ကိုယ်သူ မိန်းကလေးရဲ့ အစ်ကိုကြီးလို့ ပြောဖူးလား..."
ယောင်ရန်က ခေါင်းငြိမ့်ပြကာ ပြန်ဖြေလိုက်လေသည်။
"ဟုတ်တယ်... ဒါပေမဲ့ ကျွန်မမှာ ညီအစ်ကိုအရင်းမရှိတာ သေချာတော့ သူက ကျွန်မအဘိုးရဲ့ မွေးစား မြေးပဲ ဖြစ်ရမယ်..."
ဝူယဲ့ဟောင်က ခေါင်းခါပြလိုက်ရင်း ရှင်းပြလိုက်လေသည်။
"သူက ဥက္ကဋ္ဌယောင်ရဲ့ မွေးစားမြေး မဟုတ်ပါဘူး... မိန်းကလေးရဲ့ ဝမ်းကွဲအစ်ကိုပါ... သူ့ရဲ့ အဖေက မိန်းကလေး အမေရဲ့ မောင်အရင်းပါပဲ..."
ထိုစကားကို ကြားလိုက်ရသောအခါ ယောင်ရန်မှာ အံ့သြသွားရလေတာ့သည်...။ သူမက မျက်မှောင် ကြုတ်လိုက်ရင်း ပြောလိုက်လေသည်။
"ကျွန်မအမေက သူမရဲ့ မျိုးဆက်မှာ တစ်ဦးတည်းသော သမီးပါ... ဘယ်လိုဖြစ်ပြီး ဘာမဟုတ်တဲ့ ဦးလေးတစ်ယောက် ပေါ်လာရတာလဲ..."
သူမ၏ ဇဝေဇဝါဖြစ်နေသော မျက်နှာအမူအရာကို ကြည့်ရင်း ဝူယဲ့ဟောင်က ပြန်ဖြေလိုက်လေ၏။
"ဒီအကြောင်းကို ရှင်းပြဖို့ ကျွန်တော်က သင့်တော်တဲ့လူ မဟုတ်ဘူးလို့ ထင်ပါတယ်... မိန်းကလေး ယောင်ရန်... ဒီကိစ္စကို သိချင်ရင်တော့ ယွဲ့ချွမ်ကိုပဲ မေးသင့်ပါတယ်..."
ဝူယဲ့ဟောင်အနေဖြင့် ဤအကြောင်းကို ဆက်လက်ဆွေးနွေးလိုစိတ်မရှိသည်ကို မြင်သောအခါ ယောင်ရန်က သက်ပြင်းတစ်ချက်ချရင်း သူမ၏နားထင်များကို ပွတ်သပ်ကာ ပြောလိုက်လေသည်။
"ကောင်းပါပြီ... နောက်မှပဲ သူ့ကို မေးလိုက်တော့မယ်..."
သူမ ထိုသို့ပြောပြီးနောက် ဝူယဲ့ဟောင်က မေးလိုက်လေသည်။
"မိန်းကလေးယောင်ရန်... အခု ကျွန်တော်တို့နဲ့အတူ ပြန်လိုက်ခဲ့လို့ ရပြီလား..."
ယောင်ရန်က ခေါင်းခါပြကာ ငြင်းပယ်လိုက်ရင်း ပြောလိုက်လေသည်။
"ကျွန်မ မလိုက်နိုင်ဘူး... ကျွန်မမှာ ကိုယ်ပိုင်အိမ်နဲ့ မိသားစု ရှိပြီးသား..."
သူမ၏ စကားကြောင့် ဝူယဲ့ဟောင်က မျက်မှောင်ကြုတ်လိုက်ရင်း၊
"ဒါပေမဲ့..."
သူ စကားမဆုံးခင်မှာပင် ယောင်ရန်က လက်မြှောက်ပြကာ ကြားဖြတ်ပြောလိုက်လေသည်။
"ကျွန်မ ရှင်တို့ရဲ့ ဌာနချုပ်ကို လိုက်လည်လို့ရပေမဲ့... အဲဒီမှာ နေမှာတော့ မဟုတ်ဘူး..."
သူမ၏ တည်ငြိမ်သော မျက်နှာအမူအရာကို ကြည့်ရင်း ဝူယဲ့ဟောင်သည် ယောင်ရန်အနေဖြင့် ဆုံးဖြတ် ချက်ချပြီးသားဖြစ်၍ ဖျောင်းဖျနေလည်း အပိုပင်ဖြစ်လိမ့်မည်ကို သဘောပေါက်သွားခဲ့လေသည်။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူက ပြောလိုက်လေသည်။
"ဒီအတောအတွင်းမှာတော့ မိန်းကလေးကို ကာကွယ်ဖို့ ကျွန်တော် ဒီမှာပဲ နေပါ့မယ်... ကျွန်တော်တို့ တောင် မိန်းကလေးကို ရှာတွေ့နိုင်ခဲ့မှတော့ ကောက်ရှုဝေရဲ့ အနက်ရောင်ဝံပုလွေအဖွဲ့ကလည်း မကြာ ခင် ရှာတွေ့သွားနိုင်ပါတယ်... တကယ်လို့ သူ မိန်းကလေးကို ပစ်မှတ်ထားလာခဲ့ရင် ကျွန်တော်တို့က မမြင်ရတဲ့နေရာကနေ ကာကွယ်ပေးထားတာ ပိုပြီးတော့ ဘေးကင်းနိုင်ပါတယ်..."
သေတ္တာတော် သည် မည်မျှ ယုတ်မာကောက်ကျစ်ပြီး ရက်စက်ကြမ်းကြုတ်ကြောင်း သိထားသဖြင့် ယောင်ရန်သည် ဝူယဲ့ဟောင်၏ အကြံပြုချက်ကို သဘောတူလက်ခံလိုက်လေသည်။
"ကောင်းပါပြီ..."
သူမ၏ ခွင့်ပြုချက်ကို ရရှိပြီးနောက် ဝူယဲ့ဟောင်သည် သူ၏ကျောပိုးအိတ်ထဲမှ အနက်ရောင် နာရီ တစ်လုံးကို ထုတ်ယူကာ စားပွဲပုလေးပေါ်တွင် တင်ပေးလိုက်၏။
သူက ယောင်ရန်ကို ကြည့်ရင်း….၊
"ဒါက ကျွန်တော်တို့အဖွဲ့အစည်းက ထုတ်လုပ်ထားတဲ့ အထူးဆက်သွယ်ရေး ကိရိယာတစ်ခုပါ... ကျွန်တော်တို့ရဲ့ အဖွဲ့ဝင်တွေပဲ အသက်သွင်းလို့ရတာ... တပ်ကြပ်ကြီးဖုက မိန်းကလေးရဲ့ မည်သူမည်ဝါ ဖြစ်တယ်ဆိုတဲ့ ကုဒ်နံပါတ်ကို မှတ်ပုံတင်ထားပြီးသားမို့လို့... ဒီအထဲမှာ သွေးစစ်ဆေးမှုလုပ်ပြီး ဒီအန် အေ မှတ်ပုံတင်ခြင်းကို အောင်မြင်အောင် လုပ်ဆောင်ရုံပါပဲ..." ဟု ရှင်းပြလိုက်ပြီးနောက် မတ်တပ်ရပ် လိုက်လေသည်...။
"ကျွန်တော့်ရဲ့ ဆက်သွယ်ရန်နံပါတ်ကို ပထမဆုံးစာရင်းမှာ မှတ်ထားပါတယ်... တစ်ခုခု လိုအပ်ရင် ဘယ်အချိန်မဆို ကျွန်တော့်ဆီ ဆက်သွယ်ဖို့ ဝန်မလေးပါနဲ့..."
ထို့နောက် သူက လုံယုနှင့် ရှီရွှမ်းတို့ကို ခေါင်းငြိမ့်ပြလိုက်ရင်း ထပ်လောင်းပြောလိုက်လေသည်။
သူ ပြောလိုသည်များကို ပြောပြီးနောက် ရှီရွှမ်းသည် သူတို့ကို လိုက်ပါပို့ဆောင်ရန် မတ်တပ်ရပ်လိုက် လေသည်...။ သူ ပြန်လာသည့်အခါ မေးလိုက်လေသည်။
"ယောင်ရန်... မင်း တကယ်ပဲ ဒီတပ်ကြပ်ကြီးဖုနဲ့ မတွေ့ချင်ဘူးလား..."
ယောင်ရန်သည် စားပွဲပုလေးပေါ်မှ အနက်ရောင် နာရီကို ကောက်ယူ၍ စစ်ဆေးကြည့်ရှုလိုက်လေ သည်။
စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် သူမက ပြန်ဖြေလိုက်လေ၏။
"တွေ့မှာပါ... ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး... အခု ကျွန်မရဲ့ ပထမဦးစားပေးက အနာဂတ်မှာ ကျွန်မတို့ကို ကူညီပေးနိုင်မယ့် လူအချို့ကို ရှာဖွေဖို့ပဲ..."
သူမ အနက်ရောင် နာရီကို ဝတ်ဆင်လိုက်သည်ကို မြင်သောအခါ လုံယုက မေးလိုက်လေသည်။
"ရန်ရန်... မင်းမှာ ဘာအစီအစဉ် ရှိလဲ..."
ယောင်ရန်က ခေါင်းခါပြလိုက်ရင်း ပြောလိုက်လေ၏။
"လောလောဆယ်တော့ ဘာအစီအစဉ်မှ မရှိသေးဘူး... အခြေအနေအရပဲ ကြည့်ရှင်းကြတာပေါ့..."
ထိုသို့ပြောပြီးနောက် သူမက မတ်တပ်ရပ်လိုက်ရင်း ထပ်လောင်းမေးမြန်းလိုက်လေသည်။
"ကျွန်မ ချန်ဇီကျိန်းရဲ့ လူတွေကို သွားတွေ့လိုက်ဦးမယ်... သူတို့ အခု ဘယ်မှာလဲ..."
"သူတို့ ထမင်းစားခန်းထဲမှာ စားသောက်နေကြတယ်..." ရှီရွှမ်းက ပြန်ဖြေလိုက်၏။
သူ၏အဖြေကြောင့် ယောင်ရန်သည် ထမင်းစားခန်းဘက်သို့ လျှောက်လှမ်းသွားခဲ့တော့သည်။
ဧည့်ခန်းထဲ၌ လုံယုနှင့် နှစ်ဦးတည်း ကျန်ရှိနေခဲ့စဉ် ရှီရွှမ်းက သူ့ကိုကြည့်ကာ မေးလိုက်လေသည်။
"တပ်ကြပ်... သေတ္တာတော် ဆိုတဲ့ အဖွဲ့အစည်းက အရမ်း အန္တရာယ်များတယ်... ယောင်ရန်ကို သူတို့နဲ့ ပတ်သက်ခွင့်ပြုလိုက်တာ တကယ်ပဲ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဟုတ်ရဲ့လား..."
သူက ခဏမျှ ရပ်တန့်လိုက်ရင်း ထပ်လောင်းပြောကြားလိုက်လေသည်။
"ပြီးတော့ အော်ရီဂျင် ဆိုတဲ့ အဖွဲ့အစည်းအကြောင်းလည်း ကျွန်တော်တို့ ဘာမှ မသိရသေးဘူး... သူတို့ က သေတ္တာတော် ထက်တောင် ပိုပြီး အန္တရာယ်များနိုင်မယ်လို့ ကျွန်တော် ထင်တယ်..."
ရှီရွှမ်း၏ စကားများကို နားထောင်ပြီးနောက် လုံယုက သက်ပြင်းတစ်ချက်ချရင်း ပြောလိုက်လေသည်။
"ရန်ရန်နဲ့ ဒီအဖွဲ့အစည်းနှစ်ခုကြားက ပတ်သက်မှုက မင်းထင်တာထက် ပိုပြီး ရှုပ်ထွေးတယ်... ပြီးတော့ သူတို့နဲ့ ပတ်သက်ရမလား၊ မပတ်သက်ရဘူးလားဆိုတာ... သူမအတွက် ဆုံးဖြတ်ပေးဖို့ ငါ့မှာ အခွင့်အ ရေးမရှိဘူး..."
"ဒါဆို... ခေါင်းဆောင်က သူမ သဘောအတိုင်းပဲ လွှတ်ထားတော့မှာလား... သူမကိုယ်တိုင်နဲ့ တခြားလူ တွေကို အန္တရာယ်ကျရောက်စေနိုင်ရင်တောင်မှလား..."
ရှီရွှမ်းက မျက်မှောင်ကြုတ်လျက် မေးလိုက်လေ၏။
လုံယုက သူ့ကိုကြည့်ကာ တည်ငြိမ်စွာပင် ပြန်ဖြေလိုက်လေသည်။
"သူမ ဘာပဲ ဆုံးဖြတ် ဆုံးဖြတ်... ငါကတော့ သူမဘေးမှာ အမြဲတမ်း ရှိနေမှာပဲ... ဒါပေမဲ့ မင်းကိုဖြစ် ဖြစ်၊ ငါတို့ရဲ့ ညီအစ်ကို မောင်နှမတွေကိုဖြစ်ဖြစ် ငါတို့ကြောင့် အခက်အခဲ တွေ့စေမှာ မဟုတ်ပါဘူး... မင်း ဒီကိစ္စအတွက် စိတ်ပူစရာမလိုပါဘူး..."