အခန်း ၁၂၀၀
Vol. 113 Ch. 1200
အခန်း ၁၂၀၀ အမှန်တရားကို ဖော်ထုတ်ခြင်း
"ငါ့မိဘတွေက သေကုန်ပြီ။ သူတို့က ငါ့အတွက် ဆေးဝါးတွေ သွားရှာရင်း နဂါးတစ်ကောင်ရဲ့ အစာဖြစ်သွားခဲ့တာ" လုံချန်းက ဝမ်းနည်းဟန်ဆောင်ကာ ရှင်းပြလိုက်သည်။
"ဒါဆို မင်းက နဂါးတွေ ဒီနေရာမှာ ရှိတုန်းက ဒီမှာ ရှိနေတာပေါ့။ ပြောစမ်း၊ သူတို့ ဒီဗိမာန်တော်ကနေ ဘယ်အချိန်က ထွက်သွားကြတာလဲ" မြောက်ပိုင်းဗိုလ်ချုပ်က မျက်မှောင်ကြုတ်ရင်း စုံစမ်းသည်။ သူက ရုပ်တုကြီး မည်သည့် အချိန်လောက်က ကွဲသွားနိုင်ကြောင်း သိချင်နေခြင်း ဖြစ်သည်။
"သူတို့ မနေ့ကပဲ ထွက်သွားကြတာပါ။ အခုသာ လိုက်သွားရင် သူတို့နောက်ကို မှီအောင် လိုက်နိုင်မှာ" လုံချန်းက အပြစ်ကင်းစင်သူလေးလို ပြန်ဖြေသည်။
ဤအချိန်တွင်တော့ မြောက်ပိုင်းဗိုလ်ချုပ်သည် လုံချန်း လိမ်ညာနေမှန်း သေချာသွားတော့သည်။ သူတို့သည် ဤနေရာသို့ အရင်က ရောက်ဖူးပြီးသားဖြစ်ကာ နဂါးများ မရှိကြောင်းလည်း သိထားပြီးသား ဖြစ်သည်။
"ကစားနေတာ တော်တော့။ မင်း ဘယ်သူလဲ ဆိုတာကို အခုချက်ချင်း ပြော။ ဒါ မင်းအတွက် နောက်ဆုံး အခွင့်အရေးပဲ။ အခု မပြောဘူးဆိုရင် ငါ မင်းကို ပစ်သတ်ရလိမ့်မယ်" မြောက်ပိုင်းဗိုလ်ချုပ်က လုံချန်းကို ဒေါသတကြီးဖြင့် နောက်တစ်ကြိမ် သတိပေးလိုက်သည်။
သူက လုံချန်း ရှိနေသော အမြင့်ပေနှင့် တူညီအောင် လေထဲသို့ တက်လာခဲ့သည်။
"ကောင်းပါပြီ။ ငါ အမှန်အတိုင်း ပြောပြပါ့မယ်။ ဒီနေ့ ဒီအချိန်မျိုး ရောက်လာပြီး အမှန်တရားကို ပြောပြရလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ ဒါပေမဲ့ အဲဒီ အမိုက်စားနေ့က နောက်ဆုံးတော့ ရောက်လာခဲ့ပြီ" လုံချန်းက ကောင်းကင်ကို ငေးကြည့်ရင်း ပြောသည်။
သူ့မျက်နှာမှာ တကယ်ကို ဝမ်းနည်းနေသလို စိတ်မကောင်းစရာ အမူအရာများ ပေါ်လွင်နေသည်။
မြောက်ပိုင်းဗိုလ်ချုပ်က လုံချန်း၏ အဖြေကို စောင့်မျှော်နေရင်း လုံချန်း မည်သို့ ပြောလာမည်ကို သိချင်စိတ်ဖြင့် စိုက်ကြည့်နေသည်။ လုံချန်း၏ အပြုအမူများက သူ့အထောက်အထားမှာ တကယ်ကို ထူးခြားနေသလို ခံစားရစေသည်။
"ငါက..." လုံချန်းက ပြောလိုက်ပေမည့် စကားကို မဆုံးသတ်ပေ။ သူက တစ်ခုခုကို ဝေခွဲမရဖြစ်နေသလို အချိန်အတော်ကြာအောင် ရပ်တန့်နေသည်။
"မင်းက ဘာလဲ။ ဆက်ပြောလေ ငါ့ကို ပြောစမ်း" မြောက်ပိုင်းဗိုလ်ချုပ်က လုံချန်းမှာ မည်သူဖြစ်ကြောင်း သိချင်စိတ်ဖြင့် ခိုင်မာစွာ ပြောသည်။
"ဒါက မင်းအတွက် တုန်လှုပ်စရာ ဖြစ်သွားနိုင်တယ်။ ဒါပေမဲ့ မင်း စိတ်အားတင်းထားနိုင်မယ်လို့ ကတိပေးပါ။ အမှန်တရားရဲ့ ဝန်ထုပ်ဝန်ပိုးကို မင်း ထမ်းနိုင်မယ်လို့ ကတိပေး" လုံချန်းက လေးနက်စွာ ပြောသည်။
"မင်း စကားတွေ တော်တော့။ ငါ့ကို အခုပြော၊ ငါ အမှန်တရားကို ခံနိုင်ရည်ရှိတယ်" မြောက်ပိုင်းဗိုလ်ချုပ်က ထပ်ပြောသည်။
"ငါက... တခြားနည်းလမ်းရှိရင် ကောင်းမှာပဲလို့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ အမှန်တရားကို ပြောပြရတော့မယ့်ပုံပါပဲ" လုံချန်းက သက်ပြင်းချရင်း ထပ်ပြောသည်။
"အား... တော်တော့။ ငါ့ကို အခုပြော" မြောက်ပိုင်းဗိုလ်ချုပ်က စိတ်ပျက်လက်ပျက်ဖြင့် အော်ဟစ်လိုက်သည်။ သူက အရူးတစ်ယောက်လို သူ့ဆံပင်တွေကို ဆွဲမိမတတ် ဖြစ်သွားသည်။ ထိုလူက ဤမျှ စိတ်လှုပ်ရှားစရာ ကောင်းအောင် လုပ်နေသည်ကို သူ မယုံကြည်နိုင်တော့ပေ။
"မင်း အဆင်ပြေရဲ့လား။ မင်း နေမကောင်းဖြစ်နေလား။ ခဏစောင့်၊ ငါ သမားတော် တစ်ယောက်လောက် သွားခေါ်ပေးမယ်။ ငါ့ရှေ့မှာတော့ မသေနဲ့ဦးနော်" လုံချန်းက စိုးရိမ်သော ပုံစံဖြင့် ပြောသည်။
"ငါ နေကောင်းတယ်။ နတ်ဘုရားကို တောင်းဆိုပါတယ်။ အမှန်အတိုင်း ပြောစမ်းပါ။ ဘာလို့ ဒီလောက်တောင် စိတ်လှုပ်ရှားစရာကောင်းအောင် လုပ်နေရတာလဲ။ ငါ့ကို တိုက်ရိုက်ပြော" မြောက်ပိုင်းဗိုလ်ချုပ်က ငိုတော့မလိုပုံစံဖြင့် ပြောသည်။
"ကောင်းပါပြီ။ ငါ အမှန်အတိုင်း ပြောပြမယ်။ မင်း အသင့်ဖြစ်ပြီလား" လုံချန်းက ထပ်မေးသည်။
"အာ... ငါက တစ်နာရီလောက်ကတည်းက အသင့်ဖြစ်နေတာ။ ငါ့ကို အခုချက်ချင်း ပြော" မြောက်ပိုင်းဗိုလ်ချုပ်က ပြန်ပြောလိုက်သည်။
သူ စိတ်တိုနေပေမည့် သူ မည်သည်မျှ လုပ်မရချေ။ လုံချန်းက အမှန်တရားကို ပြောပြဖို့ အသင့်ဖြစ်နေခြင်းကြောင့် သူ အင်အားသုံး၍ မရပေ။
"ကောင်းပါပြီ။ ဒီကြောက်စရာကောင်းတဲ့ အမှန်တရားကို ဘာလို့ ဒီလောက်တောင် သိချင်နေတာလဲဆိုတာ ငါ နားမလည်ဘူး။ ဒါပေမဲ့ မင်း သိချင်တယ်ဆိုရင် နောက်ဆုံးတော့ ပြောပြပါ့မယ်။ မင်း တကယ်ပဲ အသင့်ဖြစ်နေမယ်လို့ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါက ကြောက်စရာကောင်းတဲ့ အမှန်တရားမို့လို့ပါ" လုံချန်းက စိုးရိမ်ဟန်ဖြင့် ပြောသည်။
"အို... ငါ့ရဲ့ မဟာ အဖေရေ၊ ငါ့ကို အခု ပြောပြပါတော့။ ငါ တောင်းဆိုပါတယ်။ ငါ အသင့်ဖြစ်နေပြီလို့ ဘယ်နှစ်ခါလောက် ပြောရမလဲ" မြောက်ပိုင်းဗိုလ်ချုပ်က ခေါင်းခါရင်း ထပ်မေးသည်။
"ကောင်းပါပြီ။ ငါ အမှန်အတိုင်း ပြောပြမယ်။ ငါက အမှန်တော့..." လုံချန်းက ပြောလိုက်ပြီး နောက်တစ်ကြိမ် ရပ်တန့်သွားသည်။
"အား... မင်း ဒီအရူး စိတ်ဝေဒနာရှင်" ထိုလူက အရူးတစ်ယောက်လို ကောင်းကင်ကို မော့ကြည့်ပြီး အော်ဟစ်လိုက်သည်။
သူ အလွန် စိတ်တိုနေခြင်းကြောင့် လုံချန်းကို အာရုံစိုက်ဖို့ မေ့သွားပြီး အော်ဟစ်လိုက်သည်။ သူ့စိတ်များ လွင့်နေသည့် အချိန်တွင် လုံချန်းက အခွင့်အရေးကို ယူလိုက်သည်။
လုံချန်းက အာရုံမရှိသည့် မြောက်ပိုင်းဗိုလ်ချုပ်၏ နောက်ကွယ်ကို ချက်ချင်း ရွှေ့ပြောင်းသွားသည်။ သူ့လက်ထဲမှာ ရွှေရောင်ဓားတစ်လက် ပေါ်လာပြီး သူက ဓားကို ဝှေ့ယမ်းလိုက်သည်။
မြောက်ပိုင်းဗိုလ်ချုပ် လုံချန်း နေရာရွေ့သွားမှန်း သိလိုက်သည့် အချိန်တွင်မူ နောက်ကျသွားပြီဖြစ်သည်။ လုံချန်း၏ ဓားသွားက မြောက်ပိုင်းဗိုလ်ချုပ်၏ လည်ပင်းကို ထိသွားပြီ ဖြစ်သည်။
သူ မည်သို့မျှ မလုပ်နိုင်မီ ဓားက သူ့လည်ပင်းကို ဟင်းသီးဟင်းရွက် လှီးဖြတ်နေသလို လွယ်ကူစွာ ဖြတ်သွားသည်။
မြောက်ပိုင်းဗိုလ်ချုပ်၏ ခေါင်းက ကိုယ်နှင့် အဆက်ပြတ်သွားသည်။ မြေပြင်ပေါ်ကို ပြုတ်ကျသွားပြီး ကျန်ရှိသည့် ခန္ဓာကိုယ်ကလည်း မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။
လုံချန်းက သူ့ဓားပေါ်က သွေးတွေကို ကြည့်ရင်း လေထဲမှာ ပေါလောပေါ်နေသည်။
"ငါက မင်း အဖေပဲ..." သူ နောက်ဆုံးမှာ စကားကို အဆုံးသတ်ပြီး ခေါင်းခါလိုက်သည်။
သူ အောက်ကို ဆင်းသွားပြီး မြောက်ပိုင်းဗိုလ်ချုပ်၏ ခန္ဓာကိုယ်ကို သိုလှောင်လက်စွပ်ထဲ သိမ်းလိုက်သည်။
"သူ သေသွားပြီဆိုတော့ မြောက်ပိုင်းဧကရာဇ်လည်း ဒီကို လာလိမ့်မယ် ထင်တယ်။ အခုတော့ သူနဲ့ ကစားနေလို့ မဖြစ်တော့ဘူး။ ဒီနေရာက ငါ့အတွက် မလုံခြုံတော့ဘူး" သူက ဗလာကျင်းနေသည့် ဗိမာန်တော်ကို ကြည့်ရင်း တိုးတိုးလေး ပြောသည်။
သို့ဖြင့် သူ ထွက်ပေါက်ဆီကို ပျံသန်းသွားတော့သည်။
...
လုံချန်းက နဂါးဗိမာန်တော်က ထွက်လာပြီး အနောက်ပိုင်း အင်ပါယာဆီကို ပျံသန်းသွားသည်။ အနောက်ပိုင်း အင်ပါယာက အနီးနားတွင် ရှိသည်။ မြောက်ပိုင်း အင်ပါယာတွင် ဆက်နေဖို့ မကောင်းတော့ကြောင်း သူ ယုံကြည်ပြီး မြေပုံရှိသည့် အနောက်ပိုင်း အင်ပါယာကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
အနောက်ပိုင်း အင်ပါယာ၏ နန်းတော်မြို့ကလည်း မြောက်ပိုင်း အင်ပါယာ၏ နန်းတော်မြို့လို နဂါးဗိမာန်တော်နှင့် အဝေးတွင် ရှိသည်။
သူ ပျံသန်းသွားရင်း မြွေဘုရင်ကို ခေါ်လိုက်သည်။
"ဘာတွေဖြစ်ကုန်တာလဲ။ မင်း လတွေကို ချီပြီး မခေါ်တော့ဘူးလို့ ပြောခဲ့တာ မဟုတ်လား။ ပြိုင်ပွဲအတွက် ငါ ဘယ်လောက်တောင် ကြိုးစားစီစဉ်ထားလဲဆိုတာ မင်း သိရဲ့လား။ အားလုံး သဘောတူအောင် ငါ ဘယ်လောက်တောင် လုပ်ထားရလဲဆိုတာ မင်း သိရဲ့လား" မြွေဘုရင်က လုံချန်းကို ဆူပူလိုက်သည်။
"မင်း ဘာပြောချင်လဲဆိုတာ ငါ သိပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲကတော့ စောင့်ရဦးမယ်။ သူတို့ နောက်ကျသွားပြီ။ နောက်တစ်ခါမှ လုပ်ကြတာပေါ့။ အခုတော့ မင်း ငါ့နဲ့ လိုက်ခဲ့ရမယ်" လုံချန်းက မြွေဘုရင်ကို ပြောသည်။
"အာ... မင်း ငါ့ကို သတိရသွားလို့လား" မြွေဘုရင်က ရယ်မောရင်း မေးသည်။ "ကောင်းပါပြီ၊ ငါ အဲဒါတွေကို ဖျက်သိမ်းလိုက်မယ်။ ငါ့ကို ခဏလောက် ပြန်ပို့ပေးပါ။ ငါ သူတို့ကို ပြောပြီးရင် ချက်ချင်း ပြန်လာခဲ့မယ်"
"ကောင်းပြီ" လုံချန်းက သဘောတူလိုက်သည်။ သူ မြွေဘုရင်ကို သားရဲနယ်မြေဆီ ပြန်ပို့လိုက်သည်။
ဆယ်မိနစ် အကြာတွင် လုံချန်း တစ်ယောက်တည်း ခရီးဆက်ပြီးနောက် မြွေဘုရင်ကို နောက်တစ်ကြိမ် ပြန်ခေါ်လိုက်သည်။
"ပြီးပြီလား" လုံချန်းက မေးသည်။
"အင်း ပြီးပြီ"
"ဒါဆို ကောင်းတာပေါ့။ အခု ကိုယ်ခန္ဓာကို ကြီးအောင် လုပ်လိုက်။ ငါတို့ သွားရတော့မယ်"
...
ငါးလ ကြာမြင့်သွားခဲ့ပြီ...
လုံချန်းက အမည်မသိ တောင်တန်း တစ်တန်းထဲက ဂူတစ်လုံး အတွင်း၌ ထိုင်ပြီး ကျင့်ကြံနေသည်။ သူက မူလစွမ်းအင်ကို ကုစားဖို့အတွက် ဤဂူထဲတွင် ငါးလတိုင်တိုင် ကျင့်ကြံရင်း အချိန်ကုန်ဆုံးခဲ့သည်။
မြွေဘုရင်ကမူ လုံချန်း ဘေးနားတွင် အိပ်ပျော်နေသည်။ ဤငါးလတာ အတွင်း သူ အလွန် ပျင်းရိနေခဲ့သည်။ အစတုန်းက သူနှင့် လုံချန်းတို့ စွန့်စားခန်းများ လုပ်ရမယ်ဟု ထင်ခဲ့ပေမည့် အခုတော့ စိတ်ပျက်စရာ ကောင်းနေချေပြီ။
မည်သည့် စွန့်စားခန်းမျှ မရှိပေ။ သူတို့ လုပ်ခဲ့သည်က ဂူထဲ၌သာ နေနေရသည်။ လုံချန်း မျက်လုံးဖွင့်သည့် တစ်ခုတည်းသော အချိန်က စားချိန်သာ ဖြစ်သည်။ ထိုသည်ကလွဲလျှင် သူက ကျောက်ရုပ်လို ထိုင်နေသည်။ မြွေဘုရင်အတွက်တူ သူက အစောင့်တစ်ယောက်ထက် ပိုမလာခဲ့ပေ။