အခန်း ၈၃
Vol. 9 Ch. 83
အခန်း (၈၃) လျူအာကျူးက ညွှန်ကြားရေးမှူးကြီး၏ ဆွေမျိုးဖြစ်နေသလား
ထိုအဖွဲ့သည် မကြာမီ ခရိုင်မြို့သို့ ရောက်ရှိလာပြီး ပျက်စီးယိုယွင်းနေသော ခြံဝင်းငယ်တစ်ခုရှေ့တွင် ရပ်တန့်လိုက်ကြသည်။
"သမ္မတခေတ်ကာလတုန်းက ဒီနေရာက ပြည့်တန်ဆာရုံဖြစ်ခဲ့တယ်လို့ ဆိုကြတယ်... လွတ်မြောက်ရေးကာလရောက်တော့ ဘယ်သူမှ ဆက်မယူချင်ကြတာနဲ့ ဒီအတိုင်း စွန့်ပစ်ထားလိုက်ကြတာ..."
ကောမင်က မိတ်ဆက်ပေးလိုက်သည်။
လျူအာကျူး၏ မျက်နှာထက်တွင် မေးခွန်းထုတ်ချင်သည့် အရိပ်အယောင်များ ပေါ်လွင်နေလေသည်။
“မင်းက ငါတို့ကို ဒီနေရာကို ဘာလုပ်ဖို့ ခေါ်လာတာလဲ... သန်းခေါင်ယံကြီးမှာ ပြည့်တန်ဆာရုံကို လာလည်ကြတာလား... အဲဒါကလည်း လူမရှိတဲ့ အိမ်ဗလာကြီးကိုလေ..."
ကောမင်က လည်ချောင်းဟန့်လိုက်လေသည်။
"ငါတို့ ဒီနေရာမှာ ဒီနေ့ည မွေးနေ့ပွဲ ကျင်းပကြမလို့..."
"..."
လူတိုင်းမှာ စကားမဆိုနိုင်အောင် ဆွံ့အသွားကြသည်။
လင်းယိုချိုက်ပင်လျှင် လေးနက်စွာဖြင့် ပြောလိုက်လေသည်။
"ကောမင်... တစ်ခါတလေ မင်းနဲ့ရင်ဆိုင်ရရင် ငါ့နာမည်ကိုတောင် ငါရှက်လာတယ်... မင်းက တကယ်ပဲ တော်လွန်းနေပါလား... မွေးနေ့ကို ဒီနေရာမှာ လာလုပ်တယ်ပေါ့လေ..."
ကောမင်က ကူကယ်ရာမဲ့စွာဖြင့် ပြောလေသည်။
"ဒါဆိုရင် ငါတို့ ဘယ်ကိုသွားရမလဲ... ဒီလောက်နောက်ကျနေပြီဆိုတော့ နေရာတိုင်းက ပိတ်နေပြီလေ... ကျောင်းက စုပေါင်းထမင်းစားဆောင်ကိုလည်း သွားလို့မရသလို ကိုယ့်အိမ်တွေကိုလည်း ပြန်လို့မရဘူး... အဲဒီတော့ မီးဖိုပါတဲ့ အိမ်ဗလာတစ်လုံးကို ရှာရတော့မှာပဲ... ဒီနေရာကလွဲပြီး တခြားမရှိတော့ဘူး..."
အတန်းဖော်များကလည်း ကောမင်၏စကားမှာ အဓိပ္ပာယ်ရှိကြောင်း သိကြသည်။ ညဉ့်နက်သန်းခေါင်အချိန်တွင် အုပ်စုလိုက် ထမင်းစားရန် နေရာအမှန်တကယ် မရှိပေ။
သို့သော် ဤနေရာမှာမူ အနည်းငယ် လွန်လွန်းနေလေသည်။
ယောက်ျားလေးများချည်းသာဆိုလျှင် အဆင်ပြေနိုင်လောက်ပေသည်။ သူတို့အချင်းချင်း နောက်ပြောင်ကာ ပျော်ရွှင်စွာ ဝင်ရောက်သွားနိုင်သည်။
သို့သော် မိန်းကလေးအတန်းဖော်များလည်း ပါဝင်နေသည်။ မိန်းကလေးအချို့သည် ညဉ့်နက်သန်းခေါင်အချိန်တွင် ယောက်ျားလေးအတန်းဖော်များနှင့်အတူ ပြည့်တန်ဆာရုံထဲသို့ ဝင်သွားသည်ဟု သတင်းထွက်သွားပါက သူတို့မည်သို့ မျက်နှာပြဝံ့တော့မည်နည်း။
အထူးသဖြင့် စုန့်အန်ရင်းပင်ဖြစ်သည်။ သူမ၏ လှပသော မျက်နှာလေးမှာ အေးစက်သွားပြီး ပြောလိုက်သည်။
"ယန်ဇီ... ယွမ်ယွမ်... ငါ အဝတ်အစား လုံလုံလောက်လောက် မဝတ်လာမိလို့ နည်းနည်းချမ်းနေပြီ... ငါတို့ ပြန်ကြရအောင်..."
ယန်ဇီကလည်း အနည်းငယ် အနေရခက်သွားသည်။ သူမသည် ချစ်သူဖြစ်သော ကောမင်အား စူးရဲစွာ ကြည့်လိုက်ပြီး စုန့်အန်ရင်းနှင့်အတူ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
သူတို့ဘေးရှိ မိန်းကလေးငယ်သည်လည်း နောက်မှလိုက်ကာ သူမ၏ စက်ဘီးပေါ်သို့ တက်လိုက်၏။
ကောမင်သည် ရုတ်တရက် အထိတ်တလန့် ဖြစ်သွားသည်။ သူ၏ စေတနာဖြင့် ပြင်ဆင်ထားသော မွေးနေ့ပွဲသည် မအောင်မြင်သည့်အပြင် ချစ်သူနှင့် သူမ၏သူငယ်ချင်းများကိုပါ စိတ်ဆိုးစေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
ဤကိစ္စကြောင့် အထင်အမြင်လွဲမှားသွားပါက အနာဂတ်တွင် လက်ထပ်နိုင်မည်လားဆိုသည်မှာပင် မသေချာတော့ပေ။
မလွှဲမရှောင်သာဘဲ ကောမင်သည် မိန်းကလေးသုံးယောက်ကို တားဆီးကာ တောင်းပန်လိုက်လေသည်။
"မသွားကြပါနဲ့... မွေးနေ့ပွဲကို နေရာပြောင်းလုပ်လို့ ရမလား... မင်းတို့ ပြောတဲ့နေရာကို သွားကြမယ်လေ..."
စုန့်အန်ရင်းက စကားမပြောဘဲ ယန်ဇီကိုသာ ကြည့်နေလေသည်။ မည်သို့ပင်ဖြစ်စေ ယနေ့မှာ သူမ၏မွေးနေ့ဖြစ်ပြီး သူမ၏ချစ်သူက တားဆီးနေခြင်း ဖြစ်လေသည်။
ယန်ဇီသည် ပြည့်တန်ဆာရုံတွင် မွေးနေ့ပွဲကျင်းပမည့် အကြံအစည်ကို မကျေမနပ် ဖြစ်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ယခုအခါ သူမက စိတ်အိုက်စွာဖြင့် ပြောလိုက်သည်။
"ဒီလောက်နောက်ကျနေမှ ဘယ်ကို သွားလို့ရမှာလဲ... စားသောက်ဆိုင်တွေတောင် ပိတ်နေပြီ... သွားစရာနေရာကို မမြင်ဘူး... အိပ်ဖို့ပဲ ပြန်ကြရအောင်..."
"မဟုတ်ဘူး... မဟုတ်ဘူး... သွားစရာ နေရာတစ်ခုတော့ ရှိရမယ်... သေချာပေါက် ရှိတယ်..."
"သူငယ်ချင်းတို့... ငါ့ကို တစ်ခုခု ကူစဉ်းစားပေးကြပါဦး..."
ကောမင်သည် သူတို့ကို တားဆီးထားရင်း အခြားယောက်ျားလေးများကို အသနားခံသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
ရင်းနှီးမှုမရှိသော အခြားယောက်ျားလေး အတန်းဖော်နှစ်ယောက်က ခေါင်းငုံ့ထားကြပြီး ကောမင်ကို ကြည့်ရန်ပင် ရှက်ရွံ့နေကြလေသည်။
လင်းယိုချိုက်ပင်လျှင် လက်နှစ်ဖက်ကို ဖြန့်ကာ ကူကယ်ရာမဲ့နေကြောင်း ပြသလိုက်သည်။
ဤသည်မှာ ၁၉၆၀ ခုနှစ်ကာလ ခရိုင်မြို့လေးတစ်မြို့ ဖြစ်သည်။ မှောင်သွားသည်နှင့် လမ်းပေါ်တွင် လူသူကင်းမဲ့သွားတတ်လေသည်။ ညဉ့်နက်သန်းခေါင်ယံအချိန်တွင် မည်သည့်နေရာမှ ဖွင့်ထားရန်ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ပေ။
ကျောင်းသားအနည်းငယ်အတွက် ကောင်းမွန်သောနေရာတစ်ခု ရှာဖွေရန် မည်သို့သော စွမ်းဆောင်ရည်မျိုး ရှိနိုင်မည်နည်း။
တခြားနေရာတစ်ခုသာ ရှာတွေ့နိုင်ခဲ့မည်ဆိုပါက ကောမင်သည်လည်း အရူးမဟုတ်သည့်အတွက် ပြည့်တန်ဆာရုံကို ဘာကြောင့် ရွေးချယ်မည်နည်း။
ကောမင်၏ သနားစရာအခြေအနေကို မြင်သောအခါ လျူအာကျူးက သူ့ကို ကူညီပေးရန် ဆုံးဖြတ်လိုက်သည်။ သူက ဝင်ပြောလိုက်၏။
“သေချာပေါက် ဖွင့်ထားပြီး လူလည်းရှိတဲ့ နေရာတစ်ခုကို ငါသိတယ်..."
"ဘယ်နေရာလဲ..."
ကောမင်၏ မျက်လုံးများ အရောင်လင်းလာပြီး လျူအာကျူးကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်လေသည်။
"ရဲစခန်းလေ... အဲဒီမှာ သေချာပေါက် တာဝန်ကျတဲ့သူရှိတယ်..."
လျူအာကျူးက ပြောလေသည်။
"..."
တစ်အုပ်စုလုံးက လျူအာကျူးကို ပို၍ပင် ဆွံ့အသွားသော အမူအရာများဖြင့် ကြည့်လိုက်ကြသည်။
လင်းယိုချိုက်က သက်ပြင်းချလိုက်သည်။
"မင်းတို့နှစ်ယောက်က တကယ်ပဲ တစ်ယောက်ထက်တစ်ယောက် ပိုပြီး တော် နေကြတာပဲ... မင်းတို့နှစ်ယောက် တိုင်ပင်ပြီး ငါ့နာမည်ကို ခွဲယူလိုက်ကြပါလား..."
ကောမင်သည်လည်း လျူအာကျူးအား ခါးသက်သက် ပြုံးပြလိုက်သည်။
“ဘယ်အချိန်ရှိနေပြီလဲ... ငါ့ကို နောက်မနေပါနဲ့... ရဲစခန်းက ငါတို့ အုပ်စုလိုက် ထမင်းသွားစားလို့ရတဲ့ နေရာမျိုးလား..."
"ဘာလို့ မရရမှာလဲ... ရဲစခန်းမှာ ငါသိတဲ့လူရှိတယ်... သူတို့ရဲ့ ထမင်းစားဆောင်ကို ငှားတာက အဆင်ပြေနိုင်ပါတယ်..."
လျူအာကျူးက ယုံကြည်မှုအပြည့်ဖြင့် ပြောလေသည်။
ဤစကားများကြောင့် အနီးအနားရှိ လူတိုင်းက အံ့ဩတကြီးဖြင့် လှမ်းကြည့်လာကြသည်။
ကောမင်၏ စိုးရိမ်မှုမှာ ဝမ်းသာမှုအဖြစ် ပြောင်းလဲသွားလေသည်။
"တကယ်လား... ကျူးဇီ... မင်းက ရဲစခန်းက လူတွေကို သိလို့လား..."
"ငါက ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းကို ဘာလို့ လိမ်ရမှာလဲ..."
လျူအာကျူးက စိတ်တိုတိုဖြင့် ပြန်ပြောလိုက်ပြီးနောက် ယန်ဇီကို ကြည့်လိုက်သည်။
"ယန်ဇီ... သူ့ကို မျက်နှာလေး နည်းနည်း ပေးလိုက်ပါ... ဒီကောင်က မင်းအတွက် ကိတ်မုန့်လုပ်ပေးဖို့ မှောင်ခိုဈေးကွက်မှာ ဓားနဲ့ အထိုးခံရမလိုတောင် ဖြစ်ခဲ့တာ... သူ အစွမ်းပြဖို့ အခွင့်အရေးလေးတော့ မင်းပေးသင့်တယ်..."
ဤသည်ကို ကြားသောအခါ ယန်ဇီမှာ လန့်သွားပြီး ကောမင်၏ ခန္ဓာကိုယ်အထက်အောက်ကို ချက်ချင်း စစ်ဆေးကြည့်လိုက်သည်။
"နင့်ဘာမှမဖြစ်ဘူးမလား... တစ်နေရာရာ ထိခိုက်သွားသေးလား... မှောင်ခိုဈေးကွက်မှာ လူတွေနဲ့ ဘာလို့ ရန်ဖြစ်ရတာလဲ..."
ယန်ဇီက သူ့အပေါ် ဤမျှစိုးရိမ်နေသည်ကို မြင်သောအခါ ကောမင်မှာ အလွန်ဝမ်းသာသွားပြီး သူ အဆင်ပြေကြောင်း ပြသရန် အကြိမ်အနည်းငယ်မျှ လျင်မြန်စွာ ခုန်ပြလိုက်သည်။
သို့တိုင်အောင် ယန်ဇီက ကောမင်ကို ခံစားချက်အပြည့်ဖြင့် မျက်ရည်ဝဲကာ ကြည့်နေဆဲပင် ဖြစ်သည်။
ဤယောက်ျားသည် သူမ၏ မွေးနေ့ပွဲ ကျင်းပပေးရန်အတွက် မှောင်ခိုဈေးကွက်တွင် လူများနှင့် ရန်ဖြစ်ရန်ပင် ရဲဝံ့ခဲ့လေသည်။ သူ သူမကို မည်မျှပင် ချစ်လိုက်မည်နည်း။
လျူအာကျူးသည် ယန်ဇီကိုကြည့်ရင်း သူ၏စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
ဤမိန်းကလေးမှာ ဤခေတ်ကာလတွင် မွေးဖွားလာခြင်းက ကံကောင်းလှပေသည်။
အကယ်၍ သူမသာ နောက်ထပ် နှစ်နှစ်ဆယ် သို့မဟုတ် သုံးဆယ်ခန့် နောက်ကျပြီးမှ မွေးဖွားလာပါက လူဆိုးလူမိုက်အချို့၏ အသုံးချခံရပြီး စွန့်ပစ်ခံရမည့် အမျိုးအစားမျိုး သေချာပေါက် ဖြစ်ပေလိမ့်မည်။
စုန့်အန်ရင်းနှင့် ယွမ်ယွမ်အမည်ရှိ မိန်းကလေးတို့သည် မူလက ထွက်သွားရန် ပြင်ဆင်နေသော်လည်း ယန်ဇီက ကောမင်၏လက်ကို အချစ်ကြီးစွာဖြင့် ဆုပ်ကိုင်ထားသည်ကို မြင်လိုက်ရသောအခါ ထွက်သွားမည့်အကြောင်းကို ထပ်မပြောရက်တော့ပေ။ ထို့ကြောင့် သူတို့နောက်သို့ လိုက်ကြည့်ရန်သာ စီစဉ်လိုက်ကြလေသည်။
"သွားကြရအောင် သူငယ်ချင်းတို့... စက်ဘီးပေါ်တက်ပြီး ငါ့နောက်က လိုက်ခဲ့ကြ..."
လျူအာကျူးက အော်ပြောလိုက်လေသည်။
အဖွဲ့သည် ချက်ချင်းပင် စက်ဘီးများပေါ်သို့ တက်လိုက်ကြပြီး အရှေ့ဂိတ်ရဲစခန်းဆီသို့ သူ၏နောက်မှ လိုက်သွားကြသည်။
သဘာဝကျကျပင် ရဲစခန်း၌ ညဆိုင်းတာဝန်ကျသူများ ရှိနေသည်။ အဝေးမှနေ၍ ညအချိန်တွင် မှိန်ပျပျ အဝါရောင်အလင်းတန်းလေး ထွက်ပေါ်နေသော အဆောက်အအုံငယ်လေးကို သူတို့ မြင်တွေ့နိုင်သည်။
ရဲစခန်းအဝင်ဝသို့ ရောက်ရှိလာသောအခါ အဖွဲ့မှာ ကျောင်းသားများသာ ဖြစ်ကြသည့်အတွက် တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ အလိုအလျောက် ကြောက်ရွံ့စိတ်များ ဖြစ်ပေါ်လာကာ အထဲသို့ မဝင်ရဲကြပေ။
ကောမင်သည်လည်း အနည်းငယ် စိုးရိမ်နေပြီး တိုးတိုးလေး ပြောလိုက်သည်။
“ကျူးဇီ... အဆင်ပြေပါ့မလား သေချာလို့လား... သူတို့က ငါတို့ကို ဆူပူပြီး အိမ်ပြန်လွှတ်တာမျိုးတော့ မဖြစ်စေနဲ့နော်... ငါ့အဖေက ငါ့ကို သေအောင် ရိုက်လိမ့်မယ်..."
လျူအာကျူးက အဖွဲ့ကို ကြည့်လိုက်ရာ လူတိုင်း နောက်ဆုတ်နေကြသည်ကို တွေ့လိုက်ရသည်။ စုန့်အန်ရင်း၏ မျက်နှာပေါ်တွင်ပင် တုံ့ဆိုင်းနေသော အမူအရာမျိုး ရှိနေသည်။
သူက ရိုးရှင်းစွာပင် ပြောလိုက်၏။
"ဒါဆို မင်းတို့က အပြင်မှာ ခဏစောင့်နေကြ... ငါအရင်ဝင်ပြီး အခြေအနေသွားကြည့်မယ်... အဆင်ပြေရင် မင်းတို့ကို ခေါ်လိုက်မယ်..."
ထိုသို့ပြောပြီးနောက် လျူအာကျူးက သူ၏စက်ဘီးကို ရပ်ကာ ရဲစခန်းထဲသို့ လမ်းလျှောက်ဝင်သွားလေသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ယနေ့ည တာဝန်ကျနေသော အရာရှိမှာ လျူအာကျူးနှင့် ယခင်က စကားပြောဖူးသော အရာရှိငယ် လီရှန့်ရန် ဖြစ်နေသည်။
လီရှန့်ရန်သည် ကုလားထိုင်အချို့ကို ပူးကပ်ထားကာ စစ်သုံးအပေါ်အင်္ကျီအောက်တွင် နှစ်ခြိုက်စွာ အိပ်မောကျနေသည်။
"အဟမ်း..."
လျူအာကျူးက လူတစ်ယောက် ရောက်လာကြောင်း အသိပေးရန်အတွက် လည်ချောင်းဟန့်လိုက်သည်။
မည်သူက ထင်မှတ်ထားမည်နည်း။ လီရှန့်ရန်မှာ အလွန်နှစ်ခြိုက်စွာ အိပ်မောကျနေသည့်အတွက် မည်သည့်အသံကိုမျှ မကြားခဲ့ပေ။
လျူအာကျူးတွင် ရွေးချယ်စရာမရှိတော့သဖြင့် အနီးသို့လျှောက်သွားကာ သူ့ကို လှုပ်နှိုးလိုက်ရသည်။
"အစ်ကိုလီ... ထပါဦး..."
လီရှန့်ရန်မှာ အလှုပ်ခံလိုက်ရသဖြင့် နိုးလာပြီး မျက်စိမပွင့်တပွင့်ဖြင့် စိတ်ဆိုးမာန်ဆိုး ညည်းတွားလိုက်သည်။
“ဘယ်သူလဲ... သန်းခေါင်ယံကြီး လာပြီး ပြဿနာရှာနေရအောင် မင်းဦးနှောက်များ ချွတ်ယွင်းနေသလား..."
"ကျွန်တော်ပါ... ကျူးဇီလေ..."
လျူအာကျူးက ကျုံးဟွာ စီးကရက်တစ်လိပ်ကို ကမ်းပေးလိုက်သည်။
လီရှန့်ရန်သည် အလိုအလျောက်ပင် စီးကရက်ကို ပါးစပ်ဖြင့် ကိုက်လိုက်ပြီး တစ်ဖွာရှိုက်လိုက်မှ အသိဝင်လာသည်။
"ဒီစီးကရက်က... ကျုံးဟွာလား... အိုးဟိုး... ကျူးဇီ... ဘယ်သူများလဲလို့ တွေးနေတာ... ဟေး... နေပါဦး... သန်းခေါင်ယံကြီးမှာ မင်းက ဘာလို့ ဒီနေရာကို ရောက်နေတာလဲ... တစ်ယောက်ယောက်က မင်းကို အနိုင်ကျင့်လိုက်လို့လား... ဒါမှမဟုတ် မှောင်ခိုဈေးကွက် သွားလည်ရင်း အဖမ်းခံရတာလား..."
လီရှန့်ရန်၏ တွေဝေနေသော အခြေအနေကို မြင်သောအခါ လျူအာကျူးက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်လေသည်။
"ကျွန်တော့် အတန်းဖော်တစ်ယောက် မွေးနေ့ရှိလို့လေ... အဲဒါ ထမင်းစားဆောင်ကို ငှားချင်လို့ပါ..."
"ဟမ့်.. ဒါလေးပဲလား... ဒါနဲ့များ ငါ့ကို အလန့်တကြားဖြစ်အောင် လုပ်လိုက်သေးတယ်..."
လီရှန့်ရန်သည် စီးကရက်ကို တစ်ဝက်ခန့် သောက်လိုက်ပြီးနောက် နောက်ဆုံးတွင် အပြည့်အဝ နိုးကြားလာသည်။
"မင်းရဲ့ အတန်းဖော်တွေကို ဝင်လာခိုင်းလိုက်... ငါ မင်းတို့အတွက် ထမင်းစားဆောင် သော့သွားယူပေးမယ်..."
လျူအာကျူးက အတည်ပြုသော တုံ့ပြန်မှုတစ်ခု ပေးလိုက်ပြီးနောက် တံခါးပေါက်ဆီသို့ လျှောက်သွားကာ စိုးရိမ်တကြီး စောင့်ဆိုင်းနေသော ကောမင်နှင့် အခြားသူများကို လက်ယပ်ခေါ်လိုက်သည်။
"ဝင်လာခဲ့ကြ..."
လူတိုင်းမှာ ဝမ်းသာအံ့ဩ ဖြစ်သွားကြလေသည်။ လျူအာကျူးတွင် ရဲစခန်း၌ တကယ်ပင် အဆက်အသွယ် ရှိနေလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြသောကြောင့် အဆောက်အအုံထဲသို့ အလျင်စလို ဝင်လာကြသည်။
မည်သို့ပင်ဆိုစေ အပြင်ဘက်တွင် အင်္ကျီထူထူများ ဝတ်ထားလျှင်တောင်မှ တော်တော်လေး ချမ်းအေးနေသည်။
သူတို့ အထဲသို့ ရောက်သည်နှင့် လီရှန့်ရန်သည် သော့များ ယူလာပြီး အဖွဲ့ကို အရင်ဆုံး အကဲခတ်ကြည့်လိုက်သည်။
အခြားသူများသည် သူ၏အကြည့်ကို ရင်မဆိုင်ရဲကြဘဲ တစ်ယောက်ပြီးတစ်ယောက် ခေါင်းငုံ့သွားကြလေသည်။
စုန့်အန်ရင်းတစ်ယောက်သာ သဘာဝကျကျ နေနိုင်ပြီး လီရှန့်ရန်အား နှုတ်ဆက်လိုက်လေသည်။
"နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်ရှင့်..."
လီရှန့်ရန်က အပြုံးတစ်ခု ဖော်ပြလိုက်ပြီး လျူအာကျူး၏ ပခုံးကို ဖက်ကာ နားနားကပ်၍ တိုးတိုးလေး ပြောလေသည်။
"မင်းလေးက ငါ့နယ်မြေကိုသုံးပြီး မိန်းကလေးကို ပရောပရည် လုပ်နေတာပေါ့လေ... ခြေတံရှည်ရှည်နဲ့ တစ်ယောက်ကိုလား..."
'ခြေတံရှည်' ဟူသည်မှာ စုန့်အန်ရင်းကို ရည်ညွှန်းခြင်း ဖြစ်လေသည်။ ယန်ဇီနှင့် ယွမ်ယွမ်တို့နှစ်ယောက်စလုံးမှာ အာဟာရချို့တဲ့နေသဖြင့် အရပ်မှာ ၁ ဒသမ ၅ မီတာခန့်သာ ရှိသော်လည်း သူမမှာမူ ၁ ဒသမ ၇ မီတာနီးပါး ရှိလေသည်။
ထိုလှပသော ခြေတံများမှာ ဖြောင့်တန်းသွယ်လျနေပြီး ကချေသည်တစ်ဦးထက်ပင် မညံ့လှပေ။
လျူအာကျူးက အလျင်အမြန် ခေါင်းခါပြလိုက်သည်။
"မဟုတ်ပါဘူး... ခင်ဗျား အထင်လွဲနေပြီ... ကျွန်တော့် အတန်းဖော်က သူ့ချစ်သူရဲ့ မွေးနေ့ကို ကျင်းပပေးတာပါ..."
"လာစမ်းပါ... မင်းရဲ့ အစ်ကိုလီက ဟိုးအရင်တုန်းက မိန်းကလေးတွေကို အများကြီး ပရောပရည် လုပ်ခဲ့ဖူးပါတယ်ကွာ... ငါ့မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး အတွေ့အကြုံတချို့ ရှိပါတယ်..."
"ကြည့်နေ... မင်းအစ်ကိုက မင်းကို ကူညီပေးမယ်..."
လီရှန့်ရန်သည် အခကြေးငွေအဖြစ် လျူအာကျူး၏ အိတ်ထဲမှ ကျုံးဟွာ စီးကရက် တစ်ဝက်ခန့်ကို နှိုက်ယူလိုက်ပြီးနောက် ခြေနှစ်လှမ်းခန့် နောက်ဆုတ်သွားကာ လျူအာကျူးကို ဖားယားသော အပြုံးများအပြည့်ဖြင့် ကြည့်လိုက်သည်။
"အိုး... ကျူးဇီ... မင်းက တော်တော် ယဉ်ကျေးတာပဲ... ထမင်းစားဆောင် ငှားရုံလေးကို ဘာလို့ ငါ့ကို ကျုံးဟွာ စီးကရက်တွေ ပေးနေရတာလဲ... မင်းက ငါတို့ ညွှန်ကြားရေးမှူးကြီးရဲ့ ဆွေမျိုးဖြစ်နေတာကို ထောက်ထားပြီးတော့ကို ငါက မင်းကို ထမင်းစားဆောင် ငှားပေးသင့်တာပါကွာ..."