← Chapters

အခန်း ၈၈

Vol. 9 Ch. 88

အခန်း ၈၈

Vol. 9 Ch. 88

အခန်း (၈၈) မီးခြစ်များထဲမှ ရိုးစ်ရွိုက်စ်ကား

"အစ်ကိုလီ... ခင်ဗျား ခဏလောက် တိတ်တိတ်နေတာ ကောင်းလိမ့်မယ်..."

လျူအာကျူးက သူ့ကို စီးကရက်တစ်လိပ် ကမ်းပေးလိုက်သည်။ မူလက သူ့ကို ကျုံးဟွာ စီးကရက်ပေးရန် ရည်ရွယ်ထားသော်လည်း ကြင်ဖက်တွေ့ဆုံခြင်းအတွက် မိတ်ဆက်ပေးချင်သည်ဟု ကြားလိုက်ရသောအခါ အရည်အသွေးမှာ ချက်ချင်း ကျဆင်းသွားလေသည်။

လီရှန့်ရန်မှာ ဂျီးမများဘဲ ဝမ်းသာအားရ ယူလိုက်သည်။

"မင်းဆီမှာ ပစ္စည်းကောင်းတွေချည်းပဲ ရှိတာပဲကွ... နောက်ဆိုရင် မကြာခဏ လာခဲ့ရမယ်နော်..."

လျူအာကျူးက စိတ်ဆိုးဆိုးဖြင့် ပြောလိုက်သည်။

"အလကား အလုပ်လာလုပ်ပေးရတာကလွဲရင် ဒီနေရာကိုလာလို့ ကျွန်တော့်အတွက် ဘာအကျိုးအမြတ်ရှိမှာလဲ..."

"မင်းက ဘာတွေပြောနေတာလဲ... ငါ မင်းကို ယွမ်နှစ်ဆယ် ပေးခဲ့တယ် မဟုတ်လား..."

လီရှန့်ရန်၏ မျက်လုံးများက ပြူးကျယ်သွားလေသည်။

"အဲ့ယွမ်နှစ်ဆယ်ကို ကျွန်တော်က အသေအလဲ လိုချင်နေတာကျလို့..."

လျူအာကျူးက ပြောရင်း ကုလားထိုင်အချို့ကို ပူးကပ်ကာ သူ၏ စစ်အင်္ကျီရှည်ကြီးကို ခင်း၍ သက်သောင့်သက်သာ လှဲလျောင်းလိုက်သည်။ သူသည် မိုးလင်းသည်အထိ စောင့်ကာ ထောက်ပံ့ရေးနှင့်သမဝါယမအသင်းနှင့် အထည်အလိပ်စက်ရုံသို့ သွားရောက်၍ နောက်ထပ် အရောင်းအဝယ်တစ်ခုလုပ်ရန် စီစဉ်ထားလေသည်။

လီရှန့်ရန်မှာ လျူအာကျူး၏ ဓနအင်အားပြသမှုကြောင့် အနည်းငယ် စကားဆွံ့အသွားကြသည်။ ယွမ်နှစ်ဆယ်သည် လူအများအပြားအတွက် တစ်လစာ လစာငွေ လောက်ငသော်လည်း သူက ဂရုမစိုက်ဘူးလား ဟူ၍ တွေးမိလေသည်။ သို့သော်လည်း ဝက်တစ်ကောင်လျှင် ယွမ်တစ်ထောင်ကျော် ရောင်းရနိုင်သောကြောင့် ဤငွေကြေးပမာဏအနည်းငယ်ကို သူက အထင်သေးနေခြင်းမှာ သဘာဝကျလေသည်။

"ဟေး... မင်းကို ပစ္စည်းကောင်းတစ်ခု ပေးရဦးမယ်..."

လီရှန့်ရန်သည် လျူအာကျူးနှင့် ဆက်ဆံရေးကောင်း တည်ဆောက်လိုသဖြင့် ဂိုဒေါင်ဆီသို့ အပြေးအလွှား သွားခဲ့ပြီး တစ်စုံတစ်ရာကို လျှို့ဝှက်စွာ ကိုင်ဆောင်၍ ပြန်လာခဲ့လေသည်။

"ခင်ဗျားက ကိုယ်ပိုင်အဆက်အသွယ်တွေလုပ်ဖို့ နိုင်ငံပိုင်ပစ္စည်းတွေကို သုံးနေပြန်ပြီလား..."

လျူအာကျူးက ကုလားထိုင်ပေါ်တွင် ဘေးတစောင်း လှဲလျောင်းနေရင်း လီရှန့်ရန်၏ လက်တစ်ဖက် အိတ်ကပ်ထဲတွင် တစ်စုံတစ်ရာကို ဆုပ်ကိုင်ထားသည်ကို သတိပြုမိကာ မေးလိုက်လေသည်။

"ဒါက ဘယ်လို စကားမျိုးလဲ... ငါက မင်းကို ပစ္စည်းပေးမလို့လုပ်တာကို မင်းက လှောင်ပြောင်နေတယ်ပေါ့... ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ငါ အခု မပေးတော့ဘူး..."

ထိုသို့ပြောပြီးနောက် လီရှန့်ရန်သည် သူ၏ အိတ်ကပ်ထဲမှ ထိုပစ္စည်းကို ဆွဲထုတ်လိုက်သည်။ အက်စ်တီဒူးပွန့် မီးခြစ်တစ်ခု ဖြစ်လေသည်။

အနာဂတ်တွင် အက်စ်တီ ဒူးပွန့်သည် မီးခြစ်များထဲမှ ရိုးစ်ရွိုက်စ်ကားအဖြစ် လူသိများလာမည် ဖြစ်လေသည်။ ဤခေတ်ကာလတွင်ပင် ၎င်းသည် အတော်လေး လွှမ်းမိုးမှုရှိပြီး ထိပ်တန်း ဇိမ်ခံပစ္စည်းတစ်ခု ဖြစ်နေလေပြီ။ လျူအာကျူးသည် ရုတ်တရက် ထထိုင်လိုက်ပြီး မီးခြစ်ကို ယူကာ သေချာစစ်ဆေးကြည့်လိုက်လေသည်။

ဟုတ်ပေသည်၊ ၎င်းမှာ အက်စ်တီ ဒူးပွန့် အယ်လ်-စီးရီး၏ ပထမမျိုးဆက်ဖြစ်သော အယ်လ်-ဝမ်း ဖြစ်လေသည်။

အက်စ်တီဒူးပွန့် မီးခြစ်များအားလုံးကို လက်ဖြင့် ပြုလုပ်ထားပြီး အပြင်ဘက်တွင် တရုတ်ဘိုးဘေးများထံမှ လက်ဆင့်ကမ်းလာသော ယွန်းထည်နည်းပညာများကို အသုံးပြုထားသောကြောင့် အလွန်တရာ သေသပ်လှပပြီး အဆင့်အတန်းမြင့်မားပုံ ရလေသည်။ အထူးသဖြင့် ၎င်း၏ စတုဂံပုံသဏ္ဌာန်၊ ရှင်းလင်းပြတ်သားသော မျဉ်းကြောင်းများနှင့် ရွှေရည်စိမ်ထားသော ကြေးနီစစ်စစ် လက်မှုပညာတို့ကြောင့် သာမန်လူများ ဘယ်သောအခါမျှ မဝယ်နိုင်သော အရာတစ်ခု ဖြစ်လာစေသည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် နောက်နှစ်အနည်းငယ်ကြာသောအခါ ဤပစ္စည်းကို ထုတ်ပြရုံမျှဖြင့် လျူအာကျူးအား ပြည်သူလူထု၏ တရားမျှတသော ကျည်ဆန်များဖြင့် ငါးမိနစ်ခန့် ကွပ်မျက်ခံရရန် လုံလောက်နေပြီ ဖြစ်သော်လည်း သူသည် ထိုအရာကို အမှန်တကယ် သဘောကျနေပြီး လက်မှ မချရက်အောင် ဖြစ်နေသည်။

လျူအာကျူးက မီးခြစ်ကို ဟိုကိုင်ဒီကိုင် လုပ်နေသည်ကို မြင်သောအခါ လီရှန့်ရန်က အောင်ပွဲခံသည့်ဟန်ဖြင့် ပြောလိုက်သည်။

"ဘယ်လိုလဲ... ရှားပါးတယ် မဟုတ်လား... မင်းရဲ့ အစ်ကိုကြီးက မင်းအပေါ် ဘယ်လောက်ကောင်းသလဲဆိုတာ မြင်ပြီလား..."

လျူအာကျူးသည် ယခင်က လီရှန့်ရန်ကို ကိတ်မုန့်များ ပြုလုပ်နည်း သင်ပေးခဲ့ဖူးပြီး လီရှန့်ရန်မှာ သူ့ကို မည်သို့ ကျေးဇူးဆပ်ရမည်ကို စဉ်းစားနေခဲ့ရာမှ ဤမီးခြစ်ကို အမှတ်ရသွားခြင်း ဖြစ်လေသည်။ လျူအာကျူးက သူ့ကို ကြည့်လိုက်သည်။

"ဒီပစ္စည်းက ဘယ်လောက်တန်ဖိုးရှိလဲဆိုတာ ခင်ဗျား သေချာပေါက် မသိဘူးမလား..."

"ငါ့ကို ငတုံးလို့ ထင်နေတာလား... ငါ ကြွားပြောနေတာ မဟုတ်ဘူး... ဒါက အနည်းဆုံး ငါးယွမ်တောင် တန်တာကွ..."

လီရှန့်ရန်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် လက်ငါးချောင်း ထောင်ပြလိုက်လေသည်။

လျူအာကျူးသည် မီးခြစ်ကို သိမ်းဆည်းလိုက်ပြီး ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်လေသည်။

"တကယ်ပါပဲ... လူမိုက်မှာ လူမိုက်ကံ ပါလာတာပဲ... ခင်ဗျား ဒါကို ဘယ်ကနေ သိမ်းဆည်းလာခဲ့မှန်း ကျွန်တော် မသိပေမဲ့ ခင်ဗျားကို ပြောပြရရင် အခုလေးတင် ခင်ဗျားပြောလိုက်တဲ့ ဈေးနှုန်းနောက်မှာ သုညနှစ်လုံး ထပ်ထည့်လိုက်ပါ..."

ထိုဈေးနှုန်းဖြင့်ပင် လျူအာကျူးက နှိမ့်ချပြောဆိုနေခြင်း ဖြစ်လေသည်။ မည်သို့ပင်ဆိုစေကာမူ ရွှေရည်စိမ်ထားသော ကြေးနီစစ်စစ် တစ်ခုတည်းကပင် လူအများစု လက်လှမ်းမမီနိုင်သော အရာဖြစ်ပြီး ရိုးရာယွန်းထည်လက်ရာနှင့် ပေါင်းစပ်လိုက်သောအခါ အလွန်တရာ အဖိုးထိုက်တန်နေလေသည်။ အက်စ်တီ ဒူးပွန့် အမှတ်တံဆိပ်သည် စတင်တည်ထောင်ချိန်မှစ၍ နိုင်ငံခြားသား အထက်တန်းလွှာများအတွက် အဓိက ဖန်တီးထားခြင်း ဖြစ်သည်။ မီးခြစ်တစ်ခုကို ငါးရာဖြင့် ရောင်းချခြင်းမှာ ဈေးကြီးသည်ဟု မဆိုနိုင်ပေ။

လီရှန့်ရန်လည်း လန့်ဖြန့်သွားပြီး မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။

"ကျူးဇီ... ငါ့ကို လာမခြောက်ပါနဲ့... ဒီမီးခြစ်က ငါးရာကျော် တန်တယ်ပေါ့... ပေကျင်းမြို့မှာ မီးခြစ်ဈေးတွေကို ငါ မြင်ဖူးတယ်... အဈေးကြီးဆုံးကမှ ဆယ့်ငါးယွမ်ပဲ ရှိတာ..."

"အဲဒါတွေက ပြည်တွင်းဖြစ်တွေလေ... ဒါက နိုင်ငံခြားဖြစ်... ဘယ်လိုလုပ် အတူတူ ဖြစ်နိုင်မှာလဲ..."

လျူအာကျူးက ပြန်လှဲချလိုက်ပြီး ခြေချိတ်ကာ သူ၏ စိတ်အာရုံနေရာလွတ်ထဲရှိ မီးခြစ်ကိုကြည့်ရင်း ပိုပို၍ သဘောကျလာတော့သည်။ လီရှန့်ရန်မှာ စိုးရိမ်လာပြီး ကပျာကယာ ပြောလေသည်။

"ကျူးဇီ... မီးခြစ်ကို ငါ့ဆီပြန်ပေးပါ... မင်းကို တခြားပစ္စည်းကောင်းတစ်ခုနဲ့ လဲပေးပါ့မယ်..."

ယွမ်ငါးရာကျော် တန်ဖိုးရှိသော အရာတစ်ခုကို သူ မရောင်းရဲသော်လည်း အထက်လူကြီးအား ပေးလိုက်ခြင်းက အနည်းဆုံးတော့ ရာထူးတိုးစေနိုင်သည် မဟုတ်ပါလား။ လျူအာကျူးက လီရှန့်ရန်ကို နားမလည်နိုင်သော အမူအရာဖြင့် ကြည့်လိုက်လေသည်။

"ဘာမီးခြစ်လဲ... ကျွန်တော်က တောသားတစ်ယောက်ပါ...အဲ့လို ဆန်းကြယ်တဲ့ ပစ္စည်းမျိုးအကြောင်း တစ်ခါမှ မကြားဖူးပါဘူး..."

"အစ်ကိုရာ... ငါ့ကို ဒုက္ခမပေးပါနဲ့... ဒီကိစ္စက ငါ့ရဲ့ အနာဂတ်နဲ့ ဆိုင်နေလို့ပါ... ငါ ရာထူးတိုးသွားရင် မင်းကို သေချာပေါက် မေ့မှာမဟုတ်ပါဘူး... လုံခြုံရေးဌာနမှာ မင်းအတွက် အလုပ်တစ်ခုရအောင် ဘယ်လိုပဲဖြစ်ဖြစ် ရှာပေးပါ့မယ်... ဘယ်လိုလဲ..."

လီရှန့်ရန်က သနားစရာကောင်းအောင် တောင်းပန်နေသည်ကို မြင်သောအခါ သဘောကောင်းသောသူဖြစ်သည့် လျူအာကျူးမှာ စိတ်ထားပျော့ပြောင်းသွားသဖြင့် မျက်လုံးများကိုမှိတ်ကာ အိပ်ချင်ယောင်ဆောင်နေရန် ဆုံးဖြတ်လိုက်သည်။ လီရှန့်ရန်မှာ ထပ်မံတောင်းပန်ချင်သော်လည်း လျူအာကျူး၏ ဟောက်သံကို စတင်ကြားလိုက်ရသောအခါ လုံးဝ အကူအညီမဲ့သွားသလို ခံစားလိုက်ရသည်။

သို့သော်လည်း ပစ္စည်းကို သူကိုယ်တိုင် ပေးခဲ့ခြင်းဖြစ်ရာ ပြန်တောင်းရမည်မှာ အတော်လေး ရှက်စရာကောင်းပြီး လျူအာကျူးကိုလည်း လုံးဝ ရန်မမူနိုင်ပေ။ အကူအညီမဲ့နေသော လီရှန့်ရန်သည် ကြီးမားသော နောင်တဖြင့် သက်ပြင်းချရင်း သူ၏နေရာသို့သာ ပြန်သွားနိုင်တော့သည်။

သူ စဉ်းစားလေလေ ပို၍ဆိုးရွားလာလေလေ ဖြစ်လာသည်။ သူသည် နောင်တတရားများ လွှမ်းမိုးခံရလွန်းသဖြင့် အိပ်မပျော်နိုင်ဘဲ သူ၏ နှလုံးသားကို တစ်စုံတစ်ရာက ကုတ်ခြစ်နေသကဲ့သို့ ခံစားနေရသည်။ နောက်ဆုံးတွင် သူသည် လျူအာကျူးကို တစ်ချက်လှမ်းကြည့်ကာ စိတ်ကိုဒုံးဒုံးချ၍ စုပေါင်းထမင်းစားဆောင်ဆီသို့ ပြေးသွားကာ သူတို့နှစ်ယောက် သောက်လက်စ ကျန်ရစ်သော ပြင်းရှသော တရုတ်ရိုးရာအရက်ကို ယူ၍ တစ်ကျိုက်တည်း မော့သောက်လိုက်ပြီး မူးယစ်မေ့မြောကာ အိပ်ရာသို့ ပြန်သွားလေတော့သည်။

သူ အိပ်ပျော်နေသရွေ့ နှလုံးသားနာကျင်မှုကို ခံစားရတော့မည် မဟုတ်ပေ။

နောက်တစ်နေ့ နံနက်စောစောတွင် ဖြစ်သည်။

ရဲစခန်းမှ လူများ အလုပ်ဆင်းရန် ရောက်ရှိလာကြပြီး ညွှန်ကြားရေးမှူးလျူ လည်း ရောက်ရှိလာသည်။ သူသည် တာဝန်ကျအခန်းထဲသို့ ဝင်လိုက်သည်နှင့် ပြင်းထန်သော အရက်နံ့ကို ရလိုက်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော လီရှန့်ရန်ကို မြင်လိုက်ရသည်။ သူ၏ မျက်နှာမှာ ချက်ချင်း မှောင်မိုက်သွားပြီး ခြေတစ်ချက် ကန်ရန် ရှေ့သို့ တက်သွားလေသည်။

“ဘုန်း…”

လီရှန့်ရန်မှာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။ နာကျင်မှုကြောင့် သူ လန့်နိုးသွားလေသည်။ သူ၏ တင်ပါးနှင့် ခါးကို ဆုပ်ကိုင်ထားရင်း သူက အလိုအလျောက် ကျိန်ဆဲလိုက်၏။

"ချီးပဲ... ဘယ်ကောင်က ငါ့ကို ကန်ရဲတ... မင်္ဂလာပါ ညွှန်ကြားရေးမှူး..."

သူ့ကို မည်သူကန်လိုက်ကြောင်း လီရှန့်ရန် ရှင်းလင်းစွာ မြင်လိုက်ရသောအခါ ကပျာကယာ မတ်တတ်ရပ်၍ အလောတကြီး အလေးပြုလိုက်သည်။ ညွှန်ကြားရေးမှူးလျူက သူ့ကို အတုအယောင် အပြုံးဖြင့် ကြည့်လိုက်သည်။

"မင်း ဘာပြောမလို့လဲ... ဆက်ပြောလေ... အဆုံးထိ ပြောလိုက်ပါ..."

"မဟုတ်ပါဘူး... ကျွန်တော် ဘာမှ

မပြောချင်ပါဘူး..."

လီရှန့်ရန်သည် လျူအာကျူး အိပ်နေခဲ့သော နေရာကို ခိုးကြည့်လိုက်ရာ နေရာလွတ်ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။ သူပ စိတ်ထဲမှ ညည်းညူလိုက်လေသည်။

*မင်း ကောင်စုတ်လေးက ထွက်မသွားခင် ငါ့ကို အနည်းဆုံးတော့ နှိုးသွားသင့်တာပေါ့... ငါ့ရဲ့ ယွမ်ငါးရာတန် မီးခြစ်ကို ယူသွားပြီး ငါ အကန်ခံရအောင် ထောင်ချောက်ဆင်သွားသေးတယ်…*

ညွှန်ကြားရေးမှူးလျူက လီရှန့်ရန်ကို စူးရဲစွာ စိုက်ကြည့်လေသည်။

"အိမ်ပြန်ပြီး သွားအိပ်ချေ... မင်း တာဝန်ပြန်ကျတဲ့အခါကျမှ မင်းကို ငါ ရှင်းမယ်..."

လီရှန့်ရန်မှာ မိမိကိုယ်ကို ဝေဖန်ရေးစာ ရေးရခြင်းမှ ကင်းလွတ်မည်မဟုတ်ကြောင်း သိသဖြင့် စိတ်ထဲမှ ညည်းညူလိုက်သည်။ သူသည် အံကြိတ်၍ သူ၏ အင်္ကျီရှည်ကို ယူရန် သွားလိုက်ရတော့သည်။ သူ၏လက်က အင်္ကျီရှည်ကို ထိလိုက်သည်နှင့် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သူ ခံစားလိုက်ရသည်။ သူသည် အတွင်းသို့ ချောင်းကြည့်လိုက်ရာ အင်္ကျီဖြင့် ပတ်ထားသော ဂုန်နီအိတ်တစ်လုံးကို တွေ့လိုက်ရသည်။

သူ ဂုန်နီအိတ်ထဲသို့ ကြည့်လိုက်သောအခါ ဘုရားရေ... ဧရာမ ဝက်ခေါင်းကြီးတစ်ခုက သူ့ကို ပြန်လည် စိုက်ကြည့်နေသည်။

"ဘုရားရေ..."

လီရှန့်ရန်မှာ သရဲတစ္ဆေ မြင်လိုက်ရသကဲ့သို့ ထိတ်လန့်တကြားဖြင့် နောက်သို့ ခြေနှစ်လှမ်း ခုန်ဆုတ်သွားသည်။ ပတ်ဝန်းကျင်ရှိ လုံခြုံရေးအရာရှိများသည် လက်ဖက်ရည်သောက်ရန် ရေနွေးအိုးတည်နေကြခြင်း ဖြစ်၏။ လီရှန့်ရန်၏ အော်ဟစ်သံကြောင့် လန့်ဖြန့်သွားကာ သူတို့အားလုံးက စကားမပါသော သနားကြင်နာမှုဖြင့် လှမ်းကြည့်လိုက်ကြသည်။ လီရှန့်ရန်မှာ သေချာပေါက် ထပ်၍ အရိုက်ခံရတော့မည်ကို သူတို့ သိနေကြသည်။

ထင်သည့်အတိုင်းပင် ရုံးခန်းဆီသို့ သွားနေသော ညွှန်ကြားရေးမှူးလျူသည် လီရှန့်ရန် ထပ်မံ၍ ပြဿနာရှာနေသည်ကို ကြားလိုက်ရသည်။ ဒေါသထွက်သွားကာ သူသည် နောက်သို့ ပြန်လျှောက်လာပြီး ကန်ရန် ခြေထောက်ကို မြှောက်လိုက်သည်။

"မင်းလို ကောင်စုတ်လေးက ဘယ်တော့များမှ ရပ်တန်းက ရပ်မှာလဲ... မင်းရဲ့ ဦးလေးက ငါနဲ့ သိနေတာနဲ့ပဲ ငါ မလုပ်ရဲဘူးလို့ မထင်နဲ့နော်... ချီးပဲ... တကယ့် ဧရာမ ဝက်ခေါင်းကြီးပါလား..."

ဤစကားကို ကြားသောအခါ အခြားသော လုံခြုံရေးအရာရှိများသည်လည်း စပ်စုချင်စိတ်ဖြင့် ဝိုင်းအုံလာကြသည်။ လီရှန့်ရန်၏ အင်္ကျီရှည်အတွင်းတွင် ဂုန်နီအိတ်တစ်လုံးရှိနေပြီး ထိုဂုန်နီအိတ်ထဲတွင် မျက်လုံးကြီးများ ပြူးကာ လူတိုင်းကို ပြန်လည် စိုက်ကြည့်နေသည့် ဝက်ခေါင်းကြီးတစ်ခု ရှိနေသည်။

All Chapters