အခန်း ၈၉
Vol. 9 Ch. 89
အခန်း (၈၉) ရာထူးတိုးခြင်းသည် အာကျူးဇီအပေါ် မူတည်နေခြင်း
"ကျစ်... လီရှန့်ရန်... မင်းကတော့ တကယ့်ကို တစ်မူထူးခြားတာပဲ... အဲဒါ ဘယ်ကနေ ရလာတာလဲ..."
"ရန်ဇီ... ပစ္စည်းကောင်းရရင်တော့ ဝေမျှရမယ်လေ... ငါ ပိုက်ဆံနည်းနည်းပေးပြီး ဝက်နားရွက်တွေ ယူလို့ရမလား..."
"မင်း တစ်ယောက်တည်း အကုန်သိမ်းထားလို့ မရဘူးလေ... ငါတို့က လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာတာ နှစ်တွေတောင် အများကြီးရှိနေပြီကို..."
ရဲအရာရှိများစွာသည် တစ်ပြိုင်နက်တည်း ဝိုင်းပြောနေကြပြီး အချို့ဆိုလျှင် ငွေများကို ထုတ်ကာ လီရှန့်ရန်၏ လက်ထဲသို့ အတင်းထည့်ပေးနေကြသည်။
ဤမျှကြီးမားသော ဝက်ခေါင်းကြီးကို ထိုကောင်လေး လျူအာကျူးမှလွဲ၍ မည်သူကမျှ သူ့အားပေးနိုင်မည်မဟုတ်ကြောင်း လီရှန့်ရန် သဘောပေါက်သွားပေသည်။
သူသည် ဒေါသလည်းထွက်ကာ ရယ်လည်းရယ်ချင်နေမိတော့သည်။
ထိုကောင်လေးသည် ယွမ်ရာချီတန်သော သူ၏ မီးခြစ်ကို ယူသွားခဲ့ကြောင်း တွေးမိသည့်အခါ လီရှန့်ရန်သည် သူ့အား ကန်ကျောက်ချင်စိတ် ပေါက်သွားလေသည်။
သို့သော် ဤမျှကြီးမားသော ဝက်ခေါင်းကြီးမှာ တော်တော်လေး ဈေးကြီးပေသည်။ အမှန်တကယ် လက်ဆောင်တစ်ခုအနေဖြင့်ဆိုလျှင် အချို့သောအချက်များ၌ ယွမ်ငါးရာတန် မီးခြစ်ထက်ပင် ပို၍အဆင့်မြင့်နေသေး၏။
အဘယ်ကြောင့်ဆိုသော် မီးခြစ်ကို စားသောက်၍မရသကဲ့သို့ ဝက်ခေါင်းတစ်ခုကဲ့သို့ လက်တွေ့မကျသောကြောင့် ဖြစ်သည်။
လီရှန့်ရန်သည် လျူအာကျူး၏ ရည်ရွယ်ချက်ကို နားလည်သွား၏။ လူတိုင်းက သူ၏ဝက်ခေါင်းကို လိုချင်နေကြကြောင်း ကြားသည့်အခါ သူက အမြန်ပြောလိုက်သည်။
"အားလုံးပဲ... ငါက ဝေမစားချင်လို့ မဟုတ်ပါဘူး... ဒီဝက်ခေါင်းကို အခြားတစ်ယောက်အတွက် ဝယ်လာတာမို့လို့ပါ... ငါ့လစာနဲ့ ဝက်ခေါင်းတစ်လုံးလုံးကို ဝယ်နိုင်မယ်လို့ မင်းတို့ တကယ်ထင်နေကြတာလား..."
ရဲအရာရှိများသည် အနည်းငယ် စိတ်ပျက်သွားပုံရသော်လည်း သဘောတူသည့်အနေဖြင့် ခေါင်းများကို အသာအယာ ညိတ်လိုက်ကြသည်။
လီရှန့်ရန်သည် ဝက်ခေါင်းကို သူ၏ ကုတ်အင်္ကျီဖြင့် ပတ်ကာ အပြင်ဘက်သို့ အလျင်စလို ထွက်သွားပြီး ညွှန်ကြားရေးမှူးကို အဓိပ္ပာယ်ပါပါ အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်သည်။
ညွှန်ကြားရေးမှူးလျူသည်လည်း စိတ်ပျက်နေမိသော်လည်း လီရှန့်ရန်၏ အကြည့်ကို မြင်လိုက်ရသည့်အခါ အစပိုင်းတွင် အံ့သြသွားပြီးနောက် အလွန်ဝမ်းသာသွားသည်။
သူသည် အလျင်စလို နောက်မှ လိုက်မသွားပေ။ ထိုအစား လည်ချောင်းတစ်ချက်ဟန့်ကာ ပြောလိုက်သည်။
"ဒီနေရာမှာချည်း ရပ်မနေကြနဲ့... သန့်ရှင်းရေးလုပ်ပြီး အလုပ်လုပ်ဖို့ ပြင်ကြတော့... ငါ ငါ့ရုံးခန်းကို သွားတော့မယ်... ဟေ့... ငါ့သော့တွေ ဘယ်ရောက်သွားပါလိမ့်... ကျစ်... ရုံးခန်းသော့တွေ အိမ်မှာကျန်ခဲ့ပြီထင်တယ်..."
ညွှန်ကြားရေးမှူးလျူသည် ညည်းတွားရင်း ထွက်သွားရာ သူ၏ခြေလှမ်းများမှာ ခွေးလိုက်ကိုက်ခံရသည့်အလား အလွန်မြန်ဆန်နေလေသည်။
တာဝန်ကျအခန်းထဲရှိ လူများမှာ သာမန်နိုင်ငံသားများ မဟုတ်ကြပေ။ သူတို့သည် အမှုများကို ကိုင်တွယ်ဖြေရှင်းရာမှ ပါးနပ်လာကြသော ရဲအရာရှိများ ဖြစ်ကြသည်။ သူတို့သည် ညွှန်ကြားရေးမှူး၏ ဟန်ဆောင်မှုကို ချက်ချင်း ရိပ်မိသွားကြ၏။
ယခုလေးတင် လီရှန့်ရန် သယ်သွားသော ဝက်ခေါင်းကြီးနှင့် ဆက်စပ်တွေးတောလိုက်မိသည့်အခါ ရဲအရာရှိများသည် အခြေအနေကို အမြန်သဘောပေါက်သွားကြတော့သည်။
လီရှန့်ရန်အပေါ် မနာလိုဝန်တိုမှုများ ရှိနေသည်မှာ သေချာသော်လည်း မည်သူကမျှ ဝင်ရောက်စွက်ဖက်ရန် မကြိုးစားကြပေ။
မည်သို့ပင်ဆိုစေကာမူ ဝက်ခေါင်းတစ်လုံး ရနိုင်ခြင်းမှာ သူ၏ ကိုယ်ပိုင်အရည်အချင်းပင် ဖြစ်သည်။ ရာထူးတိုးခြင်းကို လူတိုင်း လိုချင်ကြမည်သာဖြစ်၏။
ညွှန်ကြားရေးမှူးလျူသည် အလျင်စလို ထွက်လာပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ လမ်းသွယ်တစ်ခု၏ အရိပ်ထဲတွင် ပုန်းနေသော လီရှန့်ရန်ကို မြင်လိုက်ရသည့်အခါ သူသည် အပြေးအလွှား သွားလိုက်လေသည်။
"ရှောင်လီ... မြန်မြန်... အဲဒီဟာကို ငါ့ကို ထပ်ကြည့်ခွင့်ပေးဦး..."
လီရှန့်ရန်သည် ပတ်ဝန်းကျင်ကို သတိထား၍ ကြည့်လိုက်သည်။ ထို့နောက် ရဲအရာရှိနှစ်ဦးသည် သူခိုးများကဲ့သို့ ထောင့်တစ်နေရာတွင် ဆောင့်ကြောင့်ထိုင်ကာ ဂုန်နီအိတ်ထဲမှ ဝက်ခေါင်းကို ဆွဲထုတ်လိုက်ကြသည်။
ဧရာမဝက်ခေါင်းကြီးကိုကြည့်ရင်း ညွှန်ကြားရေးမှူးလျူမှာ သူ၏ဝမ်းသာမှုကို ဖုံးကွယ်မထားနိုင်တော့ပေ။
"ပစ္စည်းကောင်းပဲ... အရင်က ဝက်ခေါင်းစတူး စားဖူးတယ်... ဝက်နှာခေါင်းက တော်တော်လေး မွှေးတာ..."
ညွှန်ကြားရေးမှူး သဘောကျနေသည်ကို မြင်လိုက်ရသောအခါ လီရှန့်ရန်က ဝက်ခေါင်းကို ဂုန်နီအိတ်ထဲသို့ အမြန်ပြန်ထည့်ကာ ကမ်းပေးလိုက်သည်။
"ညွှန်ကြားရေးမှူး... ဒါက ခင်ဗျားအတွက်ပါ... ကျွန်တော် ရဲအရာရှိဖြစ်လာကတည်းက ခင်ဗျားက ကျွန်တော့်ကို သေချာစောင့်ရှောက်ပေးခဲ့တာ... ကျေးဇူးဆပ်ဖို့ အခြားနည်းလမ်းမရှိလို့ ခင်ဗျားအာသီသပြေအောင် အသားနည်းနည်းပဲ ယူလာပေးနိုင်တယ်... ကံမကောင်းစွာနဲ့ပဲ ကျွန်တော့်ရာထူးက သိပ်မမြင့်သေးတော့ လောလောဆယ် ဒီဝက်ခေါင်းကိုပဲ ရနိုင်သေးတယ်..."
ညွှန်ကြားရေးမှူးလျူသည်လည်း ပါးနပ်သူတစ်ဦးဖြစ်ရာ လီရှန့်ရန်၏ အဓိပ္ပာယ်ကို နားလည်သည်။
ယင်းမှာ အခြေခံအားဖြင့် သူ့အား ပြောနေခြင်းဖြစ်၏။ ခင်ဗျားက ကျွန်တော့်ကို ရာထူးတိုးပေးနေသရွေ့ အမြဲတမ်း စားစရာအသား ရနေမှာပါဟူ၍ ဖြစ်လေသည်။
"မင်းကတော့ လူလည်လေးပဲ..."
ညွှန်ကြားရေးမှူးလျူသည် ပြုံးလျက် ခေါင်းရမ်းကာ ပြောလိုက်သည်။ ထို့နောက် သူက ရုတ်တရက် မေးလိုက်လေသည်။
"ဒီဟာရဲ့ ရင်းမြစ်ကကော စိတ်ချရရဲ့လား..."
"ကျူးဇီက ကျွန်တော့်ကို ပေးတာပါ... သူက မနေ့ညက ဒီနေရာမှာ သူ့အတန်းဖော်တစ်ယောက်နဲ့ မွေးနေ့ပွဲကျင်းပနေတာ... ကျွန်တော်တို့ စကားကောင်းကောင်းပြောဖြစ်ခဲ့ပြီး သူက ကျွန်တော့်ကို ဝက်ခေါင်းတစ်လုံး ပေးလိုက်တာ..."
လီရှန့်ရန်မှာ လိမ်ပြောရာတွင် သိပ်မတော်လှပေ။ သူ၏ မျက်နှာပေါ်ရှိ နာကျင်နေသော အမူအရာက သူသည် အဖိုးတန်သည့် တစ်စုံတစ်ရာဖြင့် သေချာပေါက် လဲလှယ်ခဲ့ကြောင်း ညွှန်ကြားရေးမှူးလျူကို ချက်ချင်း ရိပ်မိသွားစေသည်။
"ကျူးဇီက မင်းကိုပေးတာဆိုရင်တော့ ပြဿနာမရှိပါဘူး..."
ညွှန်ကြားရေးမှူးလျူသည် ဝက်ခေါင်းကို ကျေနပ်စွာ လက်ခံလိုက်ပြီး လီရှန့်ရန်၏ ပခုံးကို ပုတ်လိုက်လေသည်။
"မကြာခင် ဒုညွှန်ကြားရေးမှူး ပြောင်းရွှေ့ခံရမယ့်အကြောင်း မင်း ကြားပြီးပြီလား..."
"ဟီးဟီး... ဒီနေရာမှာ အဲဒါက လျှို့ဝှက်ချက်မှ မဟုတ်တော့တာ..."
လီရှန့်ရန်က ဝန်ခံလိုက်သည်။
"ကဲ... ငါလည်း မင်းကို ဖုံးကွယ်မထားတော့ပါဘူး... စခန်းအတွက် အသားရနိုင်တာမို့လို့ ငါက မူလက အဲ့ရာထူးအတွက် ဝမ်ကျန့်ကျွင်းကို စဉ်းစားထားတာ..."
"ဒါပေမဲ့ မင်းကလည်း မကြာသေးခင်က တော်တော်လေး စွမ်းဆောင်ရည်ကောင်းနေတော့ ငါ့အတွက် ရွေးချယ်ရတာ အတော်လေး ခက်ခဲနေတယ်..."
"ဘာပဲဖြစ်ဖြစ် မင်းတို့ရဲ့ အရည်အချင်းတွေက တန်းတူလောက်ဖြစ်နေပြီး ကျူးဇီနဲ့ ဆက်ဆံရေးမှာလည်း တော်တော်လေး ဆင်တူနေကြတာကိုး..."
ညွှန်ကြားရေးမှူးလျူသည် လီရှန့်ရန်ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။ လျူအာကျူးထံမှ အသားပိုရအောင် ယူနိုင်သူမည်သူမဆို ခေါင်းဆောင်ဖြစ်လာမည်ဟု ပွင့်ပွင့်လင်းလင်း ပြောလိုက်ခြင်းပင်ဖြစ်၏။
ညွှန်ကြားရေးမှူးတစ်ဦးအနေဖြင့် သူသည် တစ်စုံတစ်ယောက်ကို ဒုညွှန်ကြားရေးမှူးအဖြစ် တိုက်ရိုက်ရာထူးတိုးပေး၍ မရသော်လည်း သူ၏ ထောက်ခံချက်မှာ အထက်လူကြီးများအတွက် အဓိက ရည်ညွှန်းချက် ဖြစ်လာမည်သာဖြစ်သည်။
သူ၏ ရာထူးတိုးရန်နှင့် လစာတိုးရန် နောက်ဆုံးမျှော်လင့်ချက်မှာ လျူအာကျူးအပေါ်တွင် မှီခိုနေရဦးမည်ဟု လီရှန့်ရန် မျှော်လင့်မထားခဲ့မိပေ။
သူသည် မီးခြစ်အတွက် ရုတ်တရက် စိတ်မကောင်းဖြစ်နေခြင်း အဆုံးသတ်သွားပြီး ညွှန်ကြားရေးမှူးလျူအား ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။
"ရိုးရိုးသားသားပြောရရင် ကျွန်တော် မနေ့က သိမ်းဆည်းခဲ့တဲ့ ယွမ်ငါးရာကျော်တန် မီးခြစ်ကို သူ့ကိုပေးလိုက်တာလေ... ပြီးတော့ သူက ဒီဝက်ခေါင်းကို ပြန်ပေးတာ... ကျွန်တော်တို့က အခုဆို ညီအစ်ကိုတွေလို ဖြစ်နေပြီဆိုတော့ ရှေ့လျှောက် သူ့ဆီက အသားရဖို့ မခက်ခဲလောက်တော့ပါဘူး..."
ညွှန်ကြားရေးမှူးလျူ၏ မျက်နှာပေါ်ရှိ အပြုံးမှာ ချက်ချင်း အေးခဲသွားတော့သည်။ သူသည် လီရှန့်ရန်အား စိုက်ကြည့်ကာ မေးလိုက်သည်။
"မင်း လျူအာကျူးကို ဘာပေးလိုက်တယ်လို့ ခုလေးတင် ပြောလိုက်တာလဲ..."
"ယွမ်ငါးရာကျော်တန်တဲ့ မီးခြစ်တစ်ခုလေ... ဪ... အဲဒါအဲ့လောက်ဈေးကြီးမှန်း ကျွန်တော် မသိခဲ့ဘူး... သုံးယွမ် ငါးယွမ်လောက်ပဲ တန်မယ်ထင်နေခဲ့တာ..."
"အဲ့ကောင်လေးက အဲဒါကို အက်စ်တီဒူးပွန့်လို့ ပြောပြီး နိုင်ငံခြားက အထက်တန်းလွှာတွေ သုံးတာလို့ ပြောမယ်ဆိုတာ ဘယ်သူက ထင်မှာလဲ..."
"အဲ့ကျိန်စာသင့် အရင်းရှင်တွေက မီးခြစ်တစ်ခုကို ဒီလောက်ဈေးကြီးကြီးနဲ့ ရောင်းနေကြတာ... သူတို့က တကယ် လူမဆန်ကြဘူး..."
လီရှန့်ရန်မှာ ညွှန်ကြားရေးမှူးလျူ၏ လူသတ်ချင်နေသော အကြည့်ကို သတိမထားမိဘဲ ညည်းတွားနေဆဲ ဖြစ်လေသည်။
ယွမ်ငါးရာကျော်တန်သော မီးခြစ်တစ်ခုပင် ဖြစ်သည်။
အကယ်၍ ယင်းသည် ညွှန်ကြားရေးမှူးလျူ၏ လက်ထဲသို့ ရောက်ရှိခဲ့ပါက သူသည် ကြိုးဆွဲကာ ဗျူရိုရှိ ဌာနမှူးရာထူးကိုပင် ရကောင်းရနိုင်ပေသည်။
ထိုသို့လုပ်မည့်အစား ဤငတုံးက တောသားကောင်လေးတစ်ယောက်ကို ပေးလိုက်သည်။
ညွှန်ကြားရေးမှူးလျူသည် သူ၏ရင်ဘတ်ကို အကြိမ်ကြိမ် ပွတ်သပ်ကာ ရင်ထဲမှ ဒေါသကို မြိုသိပ်လိုက်ပြီးနောက် မေးလိုက်သည်။
"အဲ့မီးခြစ်ကိုပြန်ရဖို့ နည်းလမ်းရှိသေးလား..."
လီရှန့်ရန်သည်လည်း သူ၏ ညွှန်ကြားရေးမှူး၏ မှားယွင်းနေသော သဘောထားကို သတိပြုမိသွားကာ သတိထား၍ ပြောလိုက်သည်။
"အဲ့ကောင်လေးက ပစ္စည်းအကြောင်းကို သိပြီး တော်တော်လေးလည်း ကောက်ကျစ်တယ်... မျှော်လင့်ချက် မရှိတော့ဘူးလို့ ထင်တာပဲ..."
"ရှောင်လီ..."
ညွှန်ကြားရေးမှူးလျူသည် အံကိုကြိတ်ကာ လီရှန့်ရန်၏ ပခုံးကို အားပြင်းပြင်းဖြင့် နှစ်ချက်ခန့် ပုတ်လိုက်လေသည်။
"မင်းကို နှစ်ရက် ခွင့်ပေးလိုက်မယ်... အိမ်ပြန်ပြီး ကောင်းကောင်း အနားယူလိုက်..."
"ရပါတယ်... ကျွန်တော် မပင်ပန်းပါဘူး..."
လီရှန့်ရန်က အလျင်အမြန် ပြောလိုက်သည်။
"မင်း ပင်ပန်းတာကို ဘယ်သူက ဂရုစိုက်နေလို့လဲ... ငါ မင်းကိုမြင်ရင် သတ်ချင်စိတ်ကို ထိန်းနိုင်မှာ မဟုတ်ဘူးလို့ စိုးရိမ်နေလို့ကွ ဒီဦးနှောက်မရှိတဲ့ ငတုံးကောင်ရဲ့..."
ညွှန်ကြားရေးမှူးလျူသည် လီရှန့်ရန်အား ဘေးသို့ ကန်ကျောက်လိုက်ပြီးနောက် ဝက်ခေါင်းကို သယ်ကာ ထွက်သွားလေတော့သည်။
ဤသည်မှာ လက်ဆောင်ရရှိစဉ်အတွင်း သူ ဤမျှလောက် ဒေါသထွက်ဖူးခြင်း ပထမဆုံးအကြိမ်ပင်ဖြစ်၏။
လီရှန့်ရန်သည်လည်း ညွှန်ကြားရေးမှူး အဘယ်ကြောင့် ဒေါသထွက်သွားသည်ကို နားလည်သွားကာ အလွန်အမင်း နာကြည်းသွားမိသည်။
သူသည် ယွမ်ငါးရာကျော်တန်သော တစ်စုံတစ်ရာကို ဆုံးရှုံးခဲ့ရခြင်းဖြစ်ရာ သူလည်း နာကျင်မှုကို ခံစားနေရသည်သာ ဖြစ်လေသည်။
သို့သော် သူသည် လျူအာကျူးကို ရန်စရန် မတတ်နိုင်သောကြောင့် အရှုံးကို လက်ခံကာ ဒုညွှန်ကြားရေးမှူးရာထူး ရရှိရေးကိုသာ ဦးစွာ အာရုံစိုက်ရတော့သည်။
တစ်ချိန်တည်းမှာပင် လျူအာကျူးသည် ညွှန်ကြားရေးမှူးကျိုး အလုပ်လုပ်သော ထောက်ပံ့ရေးနှင့်သမဝါယမအသင်းသို့ ရောက်ရှိလာခဲ့သည်။
လျူအာကျူးသည် ဆိုင်ထဲသို့ ဝင်သွားရာ လွန်ခဲ့သောတစ်ကြိမ်က ကုန်ပစ္စည်းများ ပို့ဆောင်ရာတွင် ကူညီပေးခဲ့သော လူရွယ်ကို ချက်ချင်းမြင်လိုက်ရသည်။ သူသည် အနီးသို့လျှောက်သွားကာ မေးလိုက်သည်။
"ညွှန်ကြားရေးမှူးကျိုးရှိလား..."
လျူအာကျူးကို မြင်လိုက်ရသည့်အခါ ထိုလူရွယ်သည် ရဲစခန်းရှေ့တွင် လှည့်လည်ပြသခံခဲ့ရသည့် မြင်ကွင်းကို သတိရသွားပြီး အလိုအလျောက် စိုးရိမ်ထိတ်လန့်သွားတော့သည်။
"သူ... သူ အပေါ်ထပ်မှာ ရှိတယ်..."
"ကျေးဇူးပဲ..."
လျူအာကျူးသည် သူ့ထံသို့ တာ့ချန်မင် စီးကရက်တစ်လိပ် ပစ်ပေးလိုက်ပြီး အပေါ်ထပ်သို့ တက်ရန် လှည့်လိုက်သည်။
ထိုလူရွယ်သည် တာ့ချန်မင် စီးကရက်ကို နမ်းကြည့်လိုက်ပြီး ချက်ချင်းပင် ပျော်ရွှင်သော အပြုံးတစ်ခု ပေါ်ထွက်လာတော့သည်။
"ဖြည်းဖြည်းသွားပါ အစ်ကိုကျူးဇီ... လှေကားတွေက ဟောင်းနေပြီဆိုတော့ မချော်ကျစေနဲ့ဦး..."
အနီးနားရှိ လူလတ်ပိုင်းအရွယ် အမျိုးသမီးနှစ်ဦးသည် သူ၏ ဖားယားမှုကို လှောင်ပြောင်ခြင်းမပြုကြဘဲ မျှော်လင့်တကြီးဖြင့်သာ ကြည့်နေကြလေသည်။
သူသည် အသားလာပို့ပြန်ခြင်းလောဟု တွေးနေကြခြင်း ဖြစ်ပေသည်။
အပေါ်ထပ်သို့ ရောက်သွားပြီးနောက် လျူအာကျူးက ယဉ်ကျေးစွာ တံခါးခေါက်လိုက်သည်။ ညွှန်ကြားရေးမှူးကျိုးက အရောင်းသမလေး တစ်ယောက်ယောက်ကို ရေခဲမုန့်ခွံ့ကျွေးနေခြင်း သို့မဟုတ် တစ်ခုခု လုပ်နေခြင်းအား အနှောင့်အယှက်ပေးမိမည်ကို အဓိက စိုးရိမ်နေသောကြောင့် ဖြစ်သည်။
"ဝင်လာခဲ့..." ဟု ကြားရမှသာ သူသည် တံခါးကို တွန်းဖွင့်လိုက်ပြီး စားပွဲအောက်သို့ မသိမသာ အကဲခတ်ကြည့်လိုက်လေသည်။
ထိုနေရာတွင် မည်သည့် အမျိုးသမီးအတွင်းရေးမှူး သို့မဟုတ် အရောင်းသမလေးမျှ ဆောင့်ကြောင့်ထိုင်မနေသည်ကို မြင်လိုက်ရမှသာ သူက စိတ်အေးလက်အေးဖြင့် ထိုင်ချလိုက်တော့သည်။
ညွှန်ကြားရေးမှူးကျိုးသည် အလွန်တက်ကြွနေပြီး လက်ဖက်ရည်ကို အမြန်ငဲ့ကာ ကိုယ်တိုင်
ယူလာပေးလေသည်။ ထို့နောက် သူက လျူအာကျူးအား ပြင်းပြသော စိတ်အားထက်သန်မှုဖြင့် ကြည့်လိုက်သည်။
"အကုန်လုံး အဆင်ပြေသွားပြီလား..."