ကျားတိ၏ ဖိတ်ကြားမှု
Vol. 15 Ch. 213
သရီးလော့ဂ်သည် ထိပ်တန်း နာမည်ကျော်များထဲမှ တစ်ယောက် ဖြစ်ပြီး ဝါရင့် စာရေးဆရာတစ်ယောက်လည်း ဖြစ်သည်။ သူသည် အွန်လိုင်း စာပေ အဖွဲ့အစည်း၌ ဆယ်နှစ်နီးပါး ကျင်လည်ခဲ့ပြီး မရေတွက်နိုင်သော ပရိသတ်များ ရှိလေသည်။
အစက ဤနာမည်ကျော် စာရေးဆရာများသည် အွန်လိုင်း စာပေ အဖွဲ့အစည်း၏ ထိပ်ဆုံး၌ ရပ်တည်နေသူများဟု ဆိုနိုင်ပြီး ပိုက်ဆံက သူတို့အတွက် ဘာမှမဟုတ်သလိုပင်။ အွန်လိုင်း စာပေ အဖွဲ့အစည်းများအတွင်းမှ အငြင်းပွားမှု အများစုက သူတို့နှင့် ဘာမှမသက်ဆိုင်ချေ။ သို့သော် နတ်ဘုရားများကို သုတ်သင်ခြင်းက အဖွဲ့အစည်းထဲ ဝင်လာသောအခါ နာမည်ကျော် စာရေးဆရာတစ်ယောက်က တွေ့သွားပြီး မနေနိုင်တော့ဘဲ ရှေ့ထွက်လာ၏။
သရီးလော့ဂ်သည် စိတ်ကူးယဉ် စာပေအမျိုးအစား၌ နာမည်ကျော် စာရေးဆရာ တစ်ယောက် ဖြစ်သည်။ လွန်ခဲ့သော ငါးနှစ်က သူ၏ တတိယမြောက် စာအုပ်က ပေါက်သွားပြီး သူ၏ အဆင့်အတန်းကလည်း မြင့်လာသည်။ သို့ရာတွင် ပြီးခဲ့သည့် နှစ်နှစ်က သူ ရေးခဲ့သော လက်ရာများက သိသိသာသာ လက်ရာ ကျဆင်းခဲ့ပြိး အကြောင်းအရာကလည်း ဆန်းသစ်မှု သိပ်မရှိတော့ချေ။ သူ နာမည်ကျလာမှန်း သိသာပေ၏။
သို့သော် ယင်းက သူသည် နာမည်ကြီး စာရေးဆရာတစ်ယောက် ဖြစ်နေဆဲဟူသည့် အချက်ကို မဖုံးထားနိုင်ပါ။
လူသစ်များ နာမည်ကြီးလာခြင်းက ဖြစ်နေကျအရာ ဖြစ်သော်လည်း ဤလူသစ်၏ ကလောင်နာမည်က တော်တော်များများကို မကျေမနပ် ဖြစ်စေသည်။
သရီးလော့ဂ်၏ စကားက အလွန် စေ့စပ်စိစစ်သည်။ ရဲ့လင်းချန်၏ ကလောင်နာမည်က သူသည် အွန်လိုင်း စာပေ အသိုင်းအဝိုင်းအတွင်း၌ နံပါတ်တစ်ဖြစ်ကြောင်း ပြောနေသည်ဟု တဲ့တိုး ပြောဆို၏။ ဤနည်းအားဖြင့် သူက ရဲ့လင်းချန်ကို အခြားနာမည်ကျော် စာရေးဆရာများနှင့် ရန်တိုက်ပေးလိုက်လေသည်။
ထိုမှတ်ချက်က မကြာခင်မှာပင် like လုပ်သူ ထောင်ချီ၍ ရရှိလာပြီး ပြန်လည်ဖြေကြားမှုများ ရာချီလာလေသည်။
ယင်းက သရီးလော့ဂ်၏ ကျော်ကြားမှုကို ပြသနေသည်။
[နောက်ဆုံးတော့ နာမည်ကြီးတစ်ယောက်က ရှေ့ထွက်လာပြီပေါ့၊ ငါကဝိုင်ဆိုတဲ့ နာမည်ကို ငါ လုံးဝ မကြိုက်ဘူး၊ သောက်ရမ်း အဓိပ္ပာယ် မရှိဘူး]
[ဘယ်နေရာမှာ ရပ်လိုက်သင့်လဲ မသိတဲ့သူပဲ]
[နာမည်ကျော်တွေတောင် သူတို့ကိုယ်သူတို့ ဝိုင်လို့ မခေါ်ရဲတာ၊ ငါ့မှာ မေးစရာတစ်ခု ရှိတယ်၊ ဘာလို့ သူလဲ]
[ဒါက နာမည်လေးတစ်ခုပဲကို၊ နှိုင်းယှဉ်တာတွေ လုပ်ဖို့ လိုလို့လား၊ နတ်ဘုရားများကို သုတ်သင်ခြင်းက ကောင်းတာပဲလေ]
[အပေါ်ကလူကို ထောက်ခံတယ်၊ ကလောင်နာမည်လေးတစ်ခုကြောင့်နဲ့ နတ်ဘုရားများကို သုတ်သင်ခြင်းရဲ့ အံ့ဩစရာကောင်းတဲ့ ရလဒ်ကို မသိချင်ယောင်ဆောင်မထားနဲ့]
…
[ငါ အခြားဘာမှ မပြောချင်ဘူး၊ ထုတ်ဝေတဲ့အချိန်ကျရင် စောင့်ကြည့်လိုက်ပေါ့၊ ဘာပဲဖြစ်ဖြစ် ငါ သူ့ကလောင်နာမည်ကို သဘောမကျဘူး]
သရီးလော့ဂ်က ထိုစကားကို ချန်ထားခဲ့ပြီးနောက် အလျင်စလို နောက်ဆုတ်သွားသည်။
ပိုစ့်က ဆက်လက်၍ ကြီးထွားလာသည်။ သရီးလော့ဂ်အပြင် လီကျန့်ချုံ၊ နဂါးငွေ့တန်း အရှင်သခင်နှင့် ရှောင်ရှစ်ရှစ် စသည့် နာမည်ကျော်များကလည်း တဖြည်းဖြည်း လူလုံးထွက်ပြလာသည်။ သူတို့က ဘာမှမပြော သော်လည်း သူတို့က ထိုစကားကို like လုပ်၍ သူတို့၏ အဆင့်အတန်းကို ဖော်ပြကြသည်။
အွန်လိုင်း စာပေ အဖွဲ့အစည်း၏ မကောင်းသောဘက်မှ လူများကလည်း လှုပ်ရှားလာကြပြီး တဖြည်းဖြည်းနှင့် ဆိုက်ဘာ တိုက်ခိုက်သူများ ပေါ်လာလေသည်။ သူတို့သည် နတ်ဘုရားများကို သုတ်သင်ခြင်း၏ မှတ်ချက် ပေးနိုင်သော ကဏ္ဍတွင် သံယောင်လိုက်၍ ဝေဖန်ကြပြီး အချို့သော အွန်လိုင်းဖိုရမ်များက နတ်ဘုရားများကို သုတ်သင်ခြင်း၏ စာရေးဆရာအပေါ် စတင်၍ မကောင်းကြောင်း ဝေဖန်လေတော့သည်။
ရဲ့လင်းချန်က ဘယ်အရာကိုမှ အရေးမစိုက်ချေ။ သူတို့ကို သူ တစ်ခါမှ အရေးမစိုက်ခဲ့ဟု ပြောလျင် ပိုမှန်ပေမည်။
သူသည် သူ့အပိုင်းများကို ရေးပြီးသည်နှင့် အချိန်ဇယားအတိုင်း တင်လိုက်သည်။ ထို့နောက် အချိန်တန်လျင် မီးအိမ်မှုတ်တစ္ဆေကို ထုတ်လွှင့်လိုက်သည်။ သူ့အချိန်က ပို၍ပူပင်ကြောင့်ကြမဲ့ကာ စိတ်ပြေလက်ပျောက် ရှိလှသည်။
လက်ရှိတွင် မီးအိမ်မှုတ်တစ္ဆေ၏ ကျော်ကြားမှုကလည်း ပျံ့နှ့့စပြုလာသည်။ ဂူသင်္ချိုုင်းဖောက်သူ၏ သမိုင်း မှတ်တမ်းက မီးအိမ်မှုတ်တစ္ဆေက ပို၍ အောင်မြင်အောင် ကူညီပေးခဲ့သည်ဟု ပြောနိုင်လေသည်။ ယင်းက ဂူသင်္ချိုင်း ဖောက်သူ၏ သမိုင်းမှတ်တမ်းကို လုံးဝ ကျော်တက်သွားပြီး သဘာဝလွန် အမျိုးအစားတွင် အကောင်းဆုံး အမျိုးအစား ဖြစ်လာလေသည်။
ဟူယွီ ထုတ်လွှင့်ရေးသည် မူလက မီးအိမ်မှုတ်တစ္ဆေ ထိုးကျသွားလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း နောက်ဆက်တွဲ ရလဒ်က သူတို့ကို ကြံရာမရ ဖြစ်စေခဲ့သည်။
မီးအိမ်မှုတ်တစ္ဆေ၏ အကြောင်းအရာက ပိုပို၍ စိတ်လှုပ်ရှားစရာ ကောင်းလာသည်။ နောက်ပိုင်း ဇာတ်ကြောင်းက ပြီးပြည့်စုံစွာ ချိတ်ဆက်နေပြီး ကျယ်ပြောသော လောကကြီးကို အသေးစိတ် တိတိကျကျ ရှင်းပြထားသည်။ ထိုပုံစံကြောင့် ပုံပြင်က စိတ်ကူးယဉ်သက်သက် မဟုတ်တော့ဘဲ တကယ့်လောကတွင် တည်ရှိသော အရာဟုပင် ခံစားစပြုလာသည်။
ထို့အပြင် ဟူယွီ ထုတ်လွှင့်ရေးက ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းကို အခကြေးငွေ ကောက်ခံသဖြင့် လူတော်တော်များများက ထိုပုံပြင်ကို လက်လျှော့၍ မီးအိမ်မှုတ် တစ္ဆေကိုသာ ပိုနှစ်သက်လာကြသည်။ ထိုအခြင်းအရာကြောင့် ဟူယွီ ထုတ်လွှင့်ရေး၏ ကျော်ကြားမှုက ပို၍ ကျဆင်းလာသည်။
ညအချိန် ရဲ့လင်းချန် တိုက်ရိုက် ထုတ်လွှင့်မှုပြီးသွားချိန်တွင် စုန့်ချမ်က သူ့အား ဖုန်းခေါ်လာပြီး တအံ့တဩ ပြောလာ၏။
“ဝိုင်နတ်ဘုရားရေ Tencent Animation က မီးအိမ်မှုတ်တစ္ဆေကို anime အဖြစ် အသက်သွင်းချင်နေတယ်”
“ရတယ်လေ”
ရဲ့လင်းချန်က တိုတိုတုတ်တုတ် ပြန်ဖြေသည်။
မီးအိမ်မှုတ်တစ္ဆေကို စထုတ်လွှင့်ကတည်းက animation ကုမ္ပဏီ တော်တော်များများက ရဲ့လင်းချန်အား ပူးပေါင်းလုပ်ဆောင်ရန် ဆက်သွယ်ခဲ့သည်။ သို့သော် သူတို့အားလုံး ငြင်းပယ်ခံခဲ့ရသည်။
ထို animation ကုမ္ပဏီများသည် မီးအိမ်မှုတ်တစ္ဆေ၏ မူပိုင်ခွင့်က အခမဲ့ ဖြစ်သည်ကိုသိပြီး အခွင့်ကောင်း ယူချင်သည်ထက် မပိုသောသူများ ဖြစ်သည်။ သို့သော် ရဲ့လင်းချန်က မူပိုင်ခွင့်ကို စိတ်ကူးပေါက်သလို ပေးလိုက်မည် မဟုတ်ပါ။
တစ်စုံတစ်ရာကို အလကားပေးခြင်းနှင့် စိတ်ကူးပေါက်သလို ပေးလိုက်ခြင်းက မတူညီသော အခြေအနေများပင်။ သူ့အတွက် အားထားရမည့် animation ကုမ္ပဏီ လိုအပ်သည်။ သူ့လက်ရာကို နစ်မြုပ်၍ လူအများ မေ့သွားခြင်းမျိုး အဖြစ်မခံနိုင်ပေ။
Tencent Animation သည် ဩဇာရှိသော ကုမ္ပဏီဖြစ်သဖြင့် ပူးပေါင်းခွင့် ပြုနိုင်ပေသည်။
“ဒါ … ဝိုင်နတ်ဘုရား၊ ငါတို့ မူပိုင်ခွင့်က အခမဲ့လား”
စုန့်ချမ်က အင်တင်တင် ဖြစ်နေဆဲပင်။ ၎င်းသည် ကြီးမားသော မူပိုင်ခွင့် အမျိုးအစားဖြစ်ပြီး ရောင်းချပါက ရွှေထုပ်ကြီး ပိုက်မိသလို ဖြစ်သွားလောက်သည်။
“အခမဲ့လေ”
ရဲ့လင်းချန်က ခိုင်မာသော လေသံနှင့် ပြောလိုက်ပြီးနောက် ပြုံးလိုက်လေသည်။
“ရေတိုကိုပဲ မကြည့်နဲ့၊ မီးအိမ်မှုတ်တစ္ဆေကို အခမဲ့ထားလိုက်လို့ ကျွန်တော်တို့ ကျော်ကြားမှုတွေ အများကြီး ရလာတယ်မလား၊ ဒီလိုဆိုရင် ကျွန်တော့်ရဲ့ နောက်လာမယ့် လက်ရာရဲ့ မူပိုင်ခွင့်က သေချာပေါက်က ဈေးက ခေါင်ခိုက်နေမှာပဲ”
စုန့်ချမ် အသက်ရှူသံ ပြင်းလာပြီး ရဲ့လင်းချန်၏ လေသံတွင် ပြင်းပြသော ယုံကြည်ချက်ရှိကြောင်း ခံစားမိသွားသည်။
မီးအိမ်မှုတ်တစ္ဆေက လက်ရာကောင်း ဖြစ်သော်လည်း ရဲ့လင်းချန်က ကျော်ကြားမှုကို ဆွဲဆောင်သည့်အနေဖြင့် အခမဲ့ ထားခဲ့သည်။ သူ၏ နောက်လက်ရာများကလည်း လက်ရာကောင်းများ ဖြစ်လိမ့်မည်ဟု သူ ဘယ်လိုလုပ် ယုံကြည်မှု ရှိနေရသနည်း။ ယင်းကရော မီးအိမ်မှုတ်တစ္ဆေထက် သာနိုင်ပါမည်လော။
သူ့ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားသည်။ သေသေချာချာ စဉ်းစားကြည့်သောအခါ ဖြစ်နိုင်ချေရှိကြောင်း သူ သတိပြု မိသွားသည်။
“ဒါဆိုရင် … ရုပ်ရှင် မူပိုင်ခွင့်နဲ့ ဂိမ်းမူပိုင်ခွင့်အတွက် ပူးပေါင်းချင်တဲ့ ကုမ္ပဏီတွေလည်း ရှိသေးတယ်၊ သူတို့ကိုရော အခမဲ့ပဲလား”
“အဲ့ဒါလည်း အခမဲ့ပဲ၊ ဒါပေမဲ့ ယုံကြည်ရတဲ့ ရုပ်ရှင် ကုမ္ပဏီ ဖြစ်ရမယ်၊ သေချာဂရုတစိုက် ထုတ်လုပ်မယ်ဆိုတာကို အာမခံတဲ့ စာချုပ်လည်း လက်မှတ်ထိုးဖို့ လိုအပ်တယ်၊ မဟုတ်ရင် ကျွန်တော်တို့ မူပိုင်ခွင့်ကို အချိန်မရွေး ပြန်ရုတ်သိမ်းနိုင်ရမယ်”
ရဲ့လင်းချန် လိုရင်းတိုရှင်းသာ တုံ့ပြန်လိုက်သည်။
“ကောင်းပြီ၊ ငါ နားလည်ပြီ”
စုန့်ချမ်က ပြောသည်။
မီးအိမ်မှုတ်တစ္ဆေ၏ ပုံပြင်က တစ်ဝက်မျှသာ ပြောရသေးသော်လည်း ကျော်ကြားမှုက ချက်ချင်း မြင့်တက် လာခဲ့သည်။ မရေတွက်နိုင်သော ကုမ္ပဏီများက ၎င်း၏ မူပိုင်ခွင့်ကို မျက်စိကျနေခဲ့ပြီး မူပိုင်ခွင့်ကို ရချင်နေသည်က သဘာဝပင်။
နောက်တစ်နေ့တွင် ရဲ့လင်းချန်၏ ဆေးညွှန်းက လေပူလက္ခဏာ တုပ်ကွေး၏ အခြေအနေကို ထိရောက်စွာ ထိန်းချုပ်နိုင်ခဲ့သည်။ တစ်နိုင်ငံလုံးတွင် အကျိုးသက်ရောက်မှုက အံ့ဩစရာပင်။ သုံးရက်သာ ကျော်လွန်သွား သော်လည်း ဆေးညွှန်းအတိုင်း ဖော်စပ်ထားသည့် ဆေးဝါးများက ထုတ်လုပ်ပြီးဖြစ်ကာ နိုင်ငံတွင်းမှ ပြည်နယ် အားလုံးသို့ ပို့ဆောင်နိုင်ခဲ့သည်။
ထို့နောက် ဤဆေးညွှန်းအတိုင်း ဖော်စပ်ခဲ့သည့် ဆေးက လေပူလက္ခဏာ တုပ်ကွေးအပြင် သာမန်တုပ်ကွေး အပေါ်တွင်လည်း ကောင်းမွန်သော သက်ရောက်မှုရှိသည်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုဆေးအား တုပ်ကွေး သတ်ဆေးဟုပင် ခေါ်နိုင်ပေ၏။
ထို့ကြောင့် ယင်းအား နိုင်ငံဆေးဝါးသိုလှောင်ရေးဌာနက ချက်ချင်း ထုတ်လုပ်သိမ်းဆည်းပြီး ဆေးအား ဝိုင်ဆေးတောင့်ဟု နာမည်ပေးခဲ့သည်။
ထိုနေ့တွင် ရဲ့လင်းချန်သည် သူ၏ တစ်နေ့တာ သင်ခန်းစာများ သင်ယူပြီးနောက် ဖုန်းကောတစ်ခု လက်ခံ ရရှိလေသည်။
*ကျားတိပါလား*
ရဲ့လင်းချန် မသိမသာ မျက်ခုံးပင့်မိသွားသည်။
ကျားသိသည် Vatti ၏ ခေါင်းဆောင် ဒီဇိုင်နာ ဖြစ်သည်။ ရဲ့လင်းချန်က ကျန်းယွင်ရှီကို အဖော်ပြု၍ အဝတ်အစားများ ဝယ်ပေးခဲ့စဉ်က သူတို့ တွေ့ခဲ့ကြခြင်းပင်။
ရဲ့လင်းချန်က ဒီဇိုင်းပညာတွင် ထူးချွန်ကြောင်း ပြခဲ့သဖြင့် ကျားတိက အလွန် ထိတ်လန့်သွားခဲ့ပြီး ရဲ့လင်းချန်အား တစ်သက်သာ အခမဲ့ ပေးခဲ့သည်။
ရဲ့လင်းချန်သည် Vatti ၏ ပုံမှန် ဧည့်သည်တော် ဖြစ်လာသည်။ သို့သော် သူသည် အလကားလိုချင်ရုံလောက်ဖြင့် ထိုသို့ မသွားပါ။ ထိုမှ အဝတ်အစား ဒီဇိုင်းများက သူ့အကြိုက်နှင့် ကွက်တိပင်။
တစ်ကြိမ်၊ နှစ်ကြိမ် သွားပြီးနောက် ရဲ့လင်းချန်နှင့် ကျားတိတို့က အချင်းချင်း ပို၍ ရင်းနှီးလာပြီး ရဲ့လင်းချန်က အချိန်နှင့်အမျှ အပြစ်အနာအဆာအချို့ကို ထောက်ပြခဲ့သည်။ ကျားတိက သူ့အရည်အချင်းကို ပို၍ ယုံကြည်လာသည်။ ထိုအချိန်အတောအတွင်း Vatti ၏ ရောင်းအားက သိသိသာသာ တိုးမြင့်လာပြီး တုံ့ပြန်ချက် များကလည်း ပိုကောင်းလာ၏။
ဌာနချုပ်က ကျားတိအား ချီးမွန်းပြီး အဝတ်အစား ဒီဇိုင်းများက အတော်လေး တိုးတက်လာသည်ဟု ဆိုသည်။
“ဟဲလို သခင်လေးရဲ့”
ကျားတိက အလွန် ယဉ်ကျေးစွာ စကားဆိုလာသည်။
“ဟဲလို ဆရာကျား၊ တစ်ခုခု ဖြစ်လို့လား”
ရဲ့လင်းချန် မေးလိုက်သည်။
“မနက်ဖြန်ညနေ ဖက်ရှင်ရှိုးပွဲ တစ်ပွဲ ကျင်းပမလို့၊ ကျုပ် သခင်လေးရဲ့ကို ကျုပ်နဲ့အတူ တက်နိုင်မလားလို့ ဖိတ်ချင်ပါတယ်၊ သခင်လေးရဲ့ မင်း အချိန်ရသလား”
…