မင်း ကျွန်တော့်ချစ်သူ ဖြစ်ပေးနိုင်မလား
Vol. 15 Ch. 214
“ဖက်ရှင်ရှိုးလား”
ရဲ့လင်းချန် တောင့်ခနဲ ဖြစ်သွားသည်။
*မဟုတ်မှလွဲရော တီဗွီထဲကလို မော်ဒယ်လ်တွေက လှလှပပ ဝတ်စားပြီး catwalk လျှောက်တာမျိုးများလား*
“သခင်လေးရဲ့ ကျုပ်တို့ ဖက်ရှင်ရှိုးက သာမန်ဖက်ရှင်ရှိုးတွေနဲ့ မတူပါဘူး၊ ဒါက ဂီတဖက်ရှင်ရှိုးပါ၊ ပါဝင်မယ့်သူတွေ အားလုံးက ပထမအဆင့် ဂီတကြယ်ပွင့်တွေပါ၊ သူတို့က နာမည်ကျော် အမှတ်တံဆိပ်တွေရဲ့ နောက်ဆုံးပေါ် ဒီဇိုင်းတွေကို ဝတ်ပြီး သူတို့ရဲ့ အသွင်အပြင်ကို ပြမှာပါ၊ ဒါကို ပွဲကြီးတစ်ပွဲလို့ ပြောလို့ရတယ်၊ ကြည့်ရတာ တန်ပါတယ်”
ကျားတိက ပြောလာသည်။
ရဲ့လင်းချန် ခေါင်းညိတ်နေမိသည်။ ဖက်ရှင်ရှိုင်းသည် တကယ်ပင် ကြီးမားသော ပွဲတစ်ပွဲ ဖြစ်သည်။ အထူးသဖြင့် ဂီတကြယ်ပွင့်များသည် သာမန် မော်ဒယ်လ်များနှင့် အဆင့်မတူချေ။ ယင်းက ကျော်ကြားမှု တိုးတက်လိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်သဖြင့် ဂီတကြယ်ပွင့်များနှင့် နာမည်ကျော် ဖက်ရှင် အမှတ်တံဆိပ်များအတွက် ကျော်ကြားမှု ပိုတိုးလာပြီး နှစ်ဦးနှစ်ဖက် အကျိုးအမြတ် ရသော ပူးပေါင်းမှုပင်။
“ပွဲက မနက်ဖြန် ဘယ်အချိန်လောက်လဲ”
“ညရှစ်နာရီမှ စမှာပါ”
ရှစ်နာရီက ရဲ့လင်းချန်၏ တိုက်ရိုက်ထုတ်လွှင့်သော အချိန်နှင့် တိုက်နေသည်။ သို့သော် သူ မညှိနိုင်သည်တော့ မဟုတ်ပေ။ ကြာသပတေးနေ့ နေ့ခင်းတွင် ဘာအတန်းချိန်မှမရှိပါ။ ထို့ကြောင့် ရဲ့လင်းချန်က တိုက်ရိုက် ထုတ်လွှင့်မှုကို တစ်နာရီ စော၍ စလိုက်နိုင်သည်။
“ရပါတယ် ကျွန်တော် လာခဲ့မယ်၊ ကျွန်တော့်ဆီ လိပ်စာသာ ပို့ပေးထားပါ”
…
နောက်တစ်နေ့ ဗဟို စီးပွားရေး အဆောက်အဦး၌ …
၎င်းသည် မြို့တော်၏ အကြီးဆုံး စီးပွားရေး အဆောက်အဦးဖြစ်ပြီး အခမ်းနားဆုံး စင်မြင့် ရှိလေသည်။ မြို့တော်၏ ရှိုးပွဲအများစုကို ထိုနေရာ၌ ကျင်းပလေ့ ရှိသည်။
ရဲ့လင်းချန် ရောက်သွားသောအခါ ထိုနေရာ၌ လူတော်တော်များများ ရောက်နေလေပြီ။ အဆောက်အဦးတွင် ကားများဖြင့် ပြည့်နေပြီး အတွင်းဘက်တွင် မီးများ ထိန်ထိန်လင်းနေကာ ညကောင်းကင်ယံအောက်၌ ခမ်းနားလှပနေ၏။
လူအများ ရောက်လာပြီး အဆောက်အဦး၏ တံခါးဝသို့ လျှောက်လာနေကြသည်။ သူတို့အားလုံးက သားသားနားနား ဝတ်စားထားကြပြီး အောင်မြင်နေသောလူများ ဖြစ်ပုံရသည်။ သူတို့၏ အပြုအမူတိုင်းက သိမ်မွေ့၍ တင့်တယ်လှသည်။
ရဲ့လင်းချန်က ကျားတိ သူ့ကို ပို့ထားသော အွန်လိုင်းဖိတ်ကြားမှုကို ထုတ်ပြ၍ အထဲသို့ ဝင်သွားလိုက်သည်။
အတွင်းပိုင်းက အလွန် ကျယ်ဝန်းသော ခန်းမကြီး ဖြစ်သည်။ တစ်ချက်ကြည့်ရုံနှင့် တစ်နေရာလုံးကို မြင်နိုင်ပေသည်။
ခန်းမ၏ ရှေ့ဆုံးတွင် အနီရောင် စင်မြင့်ကြီးတစ်ခု ရှိသည်။ အလယ်၌ရှိသော အနီရောင်ကော်ဇောသည် တံခါးဝမှနေ၍ စင်မြင့်အထိ ခင်းထားပြီး အထက်တန်းလွှာ တော်တော်များများက ပျော်ရွှင်မြူးထူးစွာ စုဝေး နေကြသည်။
သူတို့ထဲမှ အချို့သည် လူသိများသော မော်ဒယ်လ်များ ဖြစ်ပြီး ချမ်းသာမှုတစ်ချို့ ရလိုရငြား မျှော်လင့်ချက်ဖြင့် နိုင်ငံတွင်းမှ သူဌေးတစ်ချို့ကို ရှာနေကြသည်။
တစ်ချို့သည် အဝတ်အထည် လုပ်ငန်းနယ်ပယ်အတွင်းမှ ဩဇာရှိသော သူဌေးကြီးများ ဖြစ်ပြီး ဖက်ရှင်နယ်ပယ် တစ်ခုလုံး၏ အနာဂတ်ကို ပြောင်းလဲနိုင်သည့် အလားအလာရှိလျင် ပူးပေါင်းလိုသော ဆုံးဖြတ်ချက်ဖြင့် ရောက်လာခြင်း ဖြစ်လေသည်။
အခြားသော လုပ်ငန်းနယ်ပယ်မှ သူဌေးကြီးများလည်း ရှိနေပြီး ဂီတနယ်ပယ်မှ တေးရေးဆရာများနှင့် တေးဂီတ ဆရာများလည်း ရှိနေကာ သူတို့အသိုက်အဝန်းကိုယ်စီဖြင့် ပျော်ရွှင်စွာ စကားပြောနေကြသည်။
ရဲ့လင်းချန် သူတို့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် တစ်ယောက်မှ သူ မသိသဖြင့် အံ့ဩခြင်း ဖြစ်မသွားပေ။ ယင်းအတွက် သူ စိတ်အနှောင့်အယှက် မဖြစ်မိပေ။ သူသည် တိတ်ဆိတ်စွာဖြင့် ထောင့်တစ်နေရာ၌ ထိုင်ကာ စားသောက်နေလိုက်သည်။
အစားအစာနှင့် သောက်စရာများကို ခန်းမပတ်လည်တွင် ခင်းကျင်းထားပြီး စားပွဲထိုးများက ဧည့်သည်တော် များကို တည်ခင်းနေသည်။
ရဲ့လင်းချန်က တစ်ယောက်တည်း ထိုင်နေပြီး အလွန် သာမန်ရိုးကျပုံ ပေါ်နေသည်။ သူသည် အခြားသော သာမန်လူများနှင့် တူနေပြီး မည်သူ၏ အာရုံစိုက်ခြင်းမှ မခံရပေ။ ငယ်ရွယ်သော မော်ဒယ်လ် တော်တော် များများက လက်ထဲတွင် ဝိုင်ခွက်ကို ကိုင်ထားကြပြီး ရဲ့လင်းချန်ကို တစ်ချက်လှမ်းကြည့်ပြီးနောက် အထင်သေးသလို အကြည့်လွှဲသွားသည်။
အချိန်ကုန်လွန်လာသည်နှင့်အမျှ လူများ ပိုပို၍ ရောက်လာသည်။ ရဲ့လင်းချန်၏ သူများနှင့်မတူသော ပုံစံက ပို၍ အာရုံစိုက်စရာ ဖြစ်လာသော်လည်း အများစုက အကြည့်သာ လွှဲသွားကြသည်။
လူတိုင်းက သူတို့သိသော အဖွဲ့ကိုယ်စီတွင်း၌ ရှိနေကြပြီး အချို့သော သခင်လေးများနှင့် ရင်းနှီးကြသည်။ ရဲ့လင်းချန်က လုံးဝ လူသစ်ဖြစ်နေပြီး ဘယ်လိုလုပ် အထဲကို ဝင်လာနိုင်သလဲ ဘယ်သူမှ မသိကြချေ။ ထို့ကြောင့် ဘယ်သူမှ သူ့ကို အရင် စကားလာမပြောသည်က မဆန်းပေ။
သို့သော် အဖွဲ့တစ်ဖွဲ့တွင်းမှ အမျိုးသမီးတစ်ယောက်သည် သူ့ကို တစ်ချက်ကြည့်ပြီးနောက် ရပ်သွားသည်။ သူမ အံ့ဩသွားပြီးနောက် ရဲ့လင်းချန်ထံ လျှောက်လာသည်။
“ဟဲလို ကျောင်းသားလေ၊ ငါတို့ အရင်က တွေ့ဖူးကြလား”
သူမအသံက အလွန် သိမ်မွေ့ပြီး ကြည်လင်သော စမ်းချောင်းရေလေး စီးလာသကဲ့သို့ ခံစားရစေသည်။
“ခင်ဗျားက … ဆရာမရှုလား”
ရဲ့လင်းချန် မှင်တက်သွားပြီးမှ အံ့အားသင့်သွားသည်။
ရှုဝမ်ချင်သည် ဟွာချင် တက္ကသိုလ်မှ ဘွဲ့ရခဲ့ပြီး ဘွဲ့ယူပြီးသည်နှင့် ကျောင်း၌ ဆရာမ ဝင်လုပ်ခဲ့သည်။ သူမသည် ဟွာချင် တက္ကသိုလ်၏ အလှဘုရင်မ ဖြစ်ပြီး သိမ့်မွေ့နူးညံ့သော အမူအကျင့်ရှိသည့် အမျိုးသမီး ဖြစ်သည်။ ဘတ်စကတ်ဘော ပြိုင်ပွဲရှိစဉ်က သူတို့ တစ်ခါသာ တွေ့ဖူးသော်လည်း သူမက ရဲ့လင်းချန်ကို တော်တော်လေး အထင်ကြီးသွားခဲ့သည်။
ယနေ့တွင် ရှုဝမ်ချင်က အနီရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး ယခင်ကကဲ့သို့ မျက်မှန်တပ်ထားဆဲပင်။ သူမမျက်နှာကို မျက်မှန်က ဖုံးနေသော်လည်း သူမ၏ ပြီးပြည့်စုံသော ကိုယ်ခန္ဓာနှင့် သူမတူသော အမူအကျင့်တို့က သူမအား လူကြားထဲ၌ ထင်ပေါ်နိုင်စွမ်း ရှိစေသည်။
ရှုဝမ်ချင်က ပြုံးနေပြီး ရုတ်တရက် မေးလာသည်။
“နင် ဘာလို့ ဒီရောက်နေတာလဲ”
“ကျွန်တော့် မိတ်ဆွေတစ်ယောက်က ဖက်ရှင်ဒီဇိုင်းကို တအား စိတ်ဝင်စားတာလေ၊ သူက ကျွန်တော့်ကို အဖော်လုပ်ပေးဖို့ ဖိတ်ထားတာ”
ရဲ့လင်းချန် ပြန်ဖြေလိုက်သည်။
“ဒါဆိုရင် နင့်မိတ်ဆွေက သာမန်လူ မဟုတ်ဘူးပဲ”
ရှုဝမ်ချင်က အရွှန်းဖောက်လေသည်။
“မင်းက တော်တော်လေး ရိုးရိုးကုပ်ကုပ် နေတတ်တာပဲ၊ ဟုတ်တယ်မလား ကျောင်းသားရဲ့၊ မင်းက ဘတ်စကတ်ဘော တော်ရုံတင် မကဘူး သင်္ချာမှာလည်း သိပ်တော်တယ် ပြီးတော့ သိပ်စိတ်ဝင်စားစရာကောင်းတဲ့ မိတ်ဆွေလည်း ရှိတယ်”
“ကျွန်တော်က လူများအောင် လာဖြည့်ပေးရုံ သက်သက်ပါပဲ”
ရဲ့လင်းချန်က ပြုံးနေပြီးမှ ပြန်မေးလိုက်သည်။
“ရှုမိန်းကလေးကရော၊ ဘာလို့ ဒီကို ရောက်နေတာလဲ”
“ငါလား …”
ရှုဝမ်ချင်က ဆက်မပြောခင် တစ်ခဏမျှ ရပ်သွားလေသည်။
“ငါက အတင်းလာဖို့ ဖိအားပေးခံရတာ”
“ဖိအားပေးခံရတာလား”
ရဲ့လင်းချန် အံ့ဩသွားသည်။
“ဘာလို့လဲ”
“ငါ့မိသားစုက ငါ့ကို လာခိုင်းတာလေ၊ ပျင်းစရာကောင်းမယ်လို့ ငါ ထင်ခဲ့တာ၊ ဒါပေမဲ့ နင့်ကို ဒီနေရာမှာ တွေ့လိုက်ရတော့ အံ့ဩသွားတယ်၊ ကျောင်းသားရဲ့”
ရှုဝမ်ချင်က ရဲ့လင်းချန်ကို မျက်စိတစ်ဖက် မှိတ်ပြလေသည်။
“အရင်တစ်ခါက နင် သုံးသွားတဲ့ ဖော်မြူလာက တက္ကသိုလ်ကျောင်းသားတစ်ယောက် သိနိုင်တဲ့ဟာ မဟုတ်ဘူး၊ နင် သင်္ချာကို သုတေသန လုပ်တတ်လား”
“တစ်ခါတလေမှပါ”
ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။
“တစ်ခါတလေမှလား”
ရှုဝမ်ချင် မျက်မှောင်ကြုတ်သွားသည်။
“နင်က ပထမနှစ် ကျောင်းသားလေ၊ ဘယ်လိုလုပ် ဒီလို ရှုပ်ထွေးတဲ့ ဖော်မြူလာတွေကို သိနေတာလဲ”
“ပါရမီကြောင့်ပဲ ထင်ပါတယ်”
ရှုဝမ်ချင်က ရဲ့လင်းချန်ကို စိတ်ပျက်သလို အကြည့်လွှဲသွားသည်။
“ကျောင်းသားရဲ့ ကြွားတာ မကောင်းဘူးနော်၊ ငါ အခုတလော သင်္ချာမေးခွန်းတစ်ခု ပြင်နေတာ၊ နင် ဖြေနိုင်မယ်လို့ ငါ ယုံတယ်”
“ရတယ်လေ၊ လုပ်လိုက်”
ရဲ့လင်းချန် ရင်ဘတ်ကို ပုတ်ပြလိုက်ပြီးနောက် ရှုဝမ်ချင်ကို လိမ္မော်ရည်တစ်ခွက် ကမ်းပေးလိုက်သည်။
“ဒီက ဖျော်ရည်တွေအားလုံးက လတ်ဆတ်တယ်၊ သူတို့မှ သစ်သီးတော်တော်စုံတယ်၊ အရသာလည်း ကောင်းတယ်၊ သောက်ကြည့်ပါလား”
“ကောင်းသားပဲ”
ရှုဝမ်ချင်က ပြုံးလိုက်ပြီး ရဲ့လင်းချန်ထံမှ လိမ္မော်ရည်ကို ယူလိုက်သည်။ တစ်ချိန်တည်းမှာပင် သူမက သင်္ချာမေးခွန်းကို စပြောလေသည်။
ရဲ့လင်းချန်က နားထောင်ရင်း ရှုဝမ်ချင်ကို ပြန်ဖြေနေ၏။ သူတို့ ပို၍ ရင်းနှီးလာလေသည်။
ရဲ့လင်းချန်နှင့် ရှုဝမ်ချင်တို့သည် ယခုမှ နှစ်ကြိမ်မျှသာ ရှိသေးသော်လည်း ရှုဝမ်ချင်တွင် ထူးခြားသော ပင်ကို အရည်အသွေး ရှိလေသည်။ သူမက အတော်လေး ထက်မြက်ပြီး အမျိုးမြင့်သော မိသားစုမှ အချစ်ခံရသော သမီးတစ်ယောက်၏ ဟန်ပန်လည်း ရှိသည်။ သူမ၏ ပင်ကိုစရိုက်က အခြားသူများအား သူမနှင့် အလွယ်တကူ ရင်းနှီးကျွမ်းဝင် သလို ခံစားရစေသည်။
ရဲ့လင်းချန်၏ သင်္ချာစွမ်းရည်က ရှုဝမ်ချင်အား အံ့အားသင့်သွားရစေသည်။ နှစ်ယောက်သား မတွေ့ရတာ အတော်ကြာနေသော မိတ်ဆွေဟောင်းများသကဲ့သို့ ဖြစ်လာပြီး တဖြည်းဖြည်း ပို၍ခင်မင်လာကြသည်။
ရှုဝမ်ချင်သည် အစက ပျင်းရိနေရုံမျှသာ ဖြစ်ပြီး ရဲ့လင်းချန်ကို တွေ့ပြီးနောက် အပျင်းပြေချင်သည့် ဆန္ဒသာ ရှိခဲ့သည်။ မမျှော်လင့်ဘဲ ရဲ့လင်းချန်က သူမကို အံ့အားသင့်စေခဲ့သည်။ ရဲ့လင်းချန်၏ တွေးခေါ်ပုံက ရှင်းလင်းပြတ်သား၍ ဖျတ်လတ်သည်။ ကိစ္စအများစုတွင် သူသည် တစ်ခြားနည်းလမ်းဖြင့် တွေးခေါ်တတ်ပြီး ရှုဝမ်ချင်အား တော်တော်လေး အသိအမြင် တိုးလာစေသည်။ တစ်ခါတရံတွင် သူ အသုံးပြုသော ဖော်မြူလာများက ရှုဝမ်ချင် သိသားသည်ထက် ကျော်နေတတ်သဖြင့် သူမ ပို၍ သင်ယူခွင့် ရလာသည်။
“နင်က အံ့ဩဖို့ကောင်းတာပဲ ကျောင်းသားရဲ့”
ရှုဝမ်ချင်က ရဲ့လင်းချန်ကို သဘောကျသလို ကြည့်နေသည်။
“ဟွာချင် တက္ကသိုလ်ကို လာပါလား၊ ငါ နင့်ကို သင်္ချာဌာနကို ဝင်ဖို့ ထောက်ခံပေးမယ်၊ နင့်အရည်အချင်းနဲ့ဆို နင် သင်္ချာမှာ တော်တော်လေး အောင်မြင်မှာ”
“ရပါတယ်၊ ဒါပေမဲ့ ကျွန်တော် မင်းကို တစ်ခုခု တောင်းဆိုလို့ ရမလား”
“ဘာများလဲ”
ရဲ့လင်းချန်က မဆိုစလောက် ရှက်နေသည်။
“ဒါက … မင်း ကျွန်တော့်ချစ်သူ ဖြစ်ပေးနိုင်မလား၊ ဆရာမရှုလို လူမျိုးက အကောင်းဆုံးပဲလေ”
ရှုဝမ်ချင်; “…”