အခန်း ၃၄၁
Vol. 35 Ch. 341
အခန်း (၃၄၁)
အစိုးရက စည်းမျဉ်းစည်းကမ်းဆိုင်ရာ ကိစ္စရပ်တွေမှာ နောက်ဆုတ်ပေးလေ့ရှိတာ ရှားပါတယ်။
အထူးသဖြင့် ဝန်ကြီး ရှင်ဂျွန်မီကို ရာထူးကနေ ထုတ်ပယ်လိုက်တာက တကယ့်ကို အံ့ဩစရာ ဖြစ်ခဲ့ရတာပါ။ ဘာလို့လဲဆိုတော့ သူက သမ္မတရဲ့ ယုံကြည်မှုကို အပြည့်အဝ ရရှိထားသူ ဖြစ်ပြီး အခုအစိုးရရဲ့ ကျား၊ မ တန်းတူညီမျှရေး မူဝါဒတွေမှာ အဓိကကျတဲ့ အရေးပါသူတစ်ဦးအဖြစ် လူသိများလို့ပါပဲ။
ဒါကြောင့် သူ ရာထူးကနေ ဖယ်ရှားခံရပြီးနောက်မှာ မိဘများအသင်းနဲ့ အမျိုးသမီးအဖွဲ့အစည်းတွေလို အစုအဖွဲ့တွေက အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပြီး ဂိမ်းလုပ်ငန်းစုရဲ့ ဖိအားကို အရှုံးပေးလိုက်တာလို့ စွပ်စွဲခဲ့ကြတယ်။
လွတ်လပ်သောပြည်သူများပါတီရဲ့ ခေါင်းဆောင် ယွန်နာကျောင်းက လွှတ်တော်ထဲမှာ အသံကျယ်ကျယ်နဲ့ ပြောဆိုခဲ့တယ်။
“ဒါက အစိုးရအနေနဲ့ ကုမ္ပဏီကြီးတွေရဲ့ ဖိအားကို ဦးညွှတ်ပြီး လူငယ်တွေနဲ့ အမျိုးသမီးတွေကို ကာကွယ်ဖို့ တာဝန်ဝတ္တရားကို စွန့်လွှတ်လိုက်တာပဲ။ အခု သမ္မတက OTK Company နဲ့ ဂိမ်းလောကရဲ့ အဓိက ပြောရေးဆိုခွင့်ရှိသူ ဖြစ်သွားပြီလား”
အာဏာရပါတီက ဒီပြောကြားချက်အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပြီး လူတိုင်း စောင့်မျှော်နေတဲ့ လွှတ်တော် အစည်းအဝေးကတော့ ရုန်းရင်းဆန်ခတ် ဖြစ်သွားခဲ့ရတယ်။
ဝန်ကြီးရာထူးကနေ ဖယ်ရှားခံခဲ့ရပြီး အခုတော့ လွှတ်တော်အမတ်အဖြစ် ပြန်ရောက်သွားတဲ့ ရှင်ဂျွန်မီက အမျိုးသမီး အမှုဆောင်အရာရှိတွေနဲ့ စီစဉ်ထားတဲ့ အစည်းအဝေးတစ်ခုကို တက်ရောက်ခဲ့တယ်။
အဲဒီနေရာမှာ သူက အစိုးရကို ဝေဖန်ပြောဆိုခဲ့တယ်။
“ကျွန်မက အမျိုးသမီးတစ်ယောက် ဖြစ်လို့ အချိုးကျကိုယ်စားလှယ် ဖြစ်လာခဲ့တာပါ။ အမျိုးသမီးတစ်ယောက် ဖြစ်လို့ ဝန်ကြီး ဖြစ်လာနိုင်ခဲ့တာလေ။ အမျိုးသမီး ဖြစ်တဲ့အတွက် အကျိုးကျေးဇူးတွေ အများကြီး ရရှိခဲ့တဲ့သူတစ်ယောက်အနေနဲ့ အမျိုးသမီးဖြစ်တာက ဘယ်လောက်အရေးကြီးလဲဆိုတာ ကောင်းကောင်းနားလည်ပါတယ်။ အမျိုးသမီး ဖြစ်လို့ပဲ ဒီရာထူးနေရာအထိ ရောက်လာနိုင်ခဲ့တာပါ။ ဒါပေမဲ့ ကျား၊ မ တန်းတူညီမျှရေးကို ဦးစားပေးပါတယ်ဆိုတဲ့ အခု အစိုးရက အမျိုးသမီးတွေကို ဒီလို ရာထူးကြီးတွေကနေ ဖယ်ထုတ်တာက မှားယွင်းနေပြီး ခေတ်ရေစီးကြောင်းနဲ့ ဆန့်ကျင်နေပါတယ်”
အဲဒီနောက်မှာ Golden Gateရဲ့ ကိုရီးယားရုံးခွဲက အမျိုးသမီးအမှုဆောင်တစ်ဦးက ထပြောတယ်။
“ရှင်ပြောတဲ့အချက်ကို ကျွန်မ သိပ်နားမလည်ဘူး။ ကျား၊ မ တန်းတူညီမျှရေးနဲ့ မိသားစုဝန်ကြီးနေရာမှာ အမျိုးသား တစ်ယောက်ကို ခန့်အပ်မှာ မဟုတ်တဲ့အတွက် အဲဒီနေရာက နောက်ဆုံးတော့ တခြားအမျိုးသမီးတစ်ယောက်နဲ့ပဲ အစားထိုးမှာပဲလေ။ ဒါဆို ရှင့်ကို ရာထူးက ထုတ်ပယ်လိုက်တာက အစိုးရက အမျိုးသမီးတွေကို ရာထူးကြီးတွေကနေ ဖယ်ထုတ်နေတယ်ဆိုတာနဲ့ ဘာမှမဆိုင်ဘူး မဟုတ်ဘူးလား”
ဒီလို ထိမိတဲ့ အမေးကြောင့် လွှတ်တော်အမတ် ရှင်ဂျွန်မီတစ်ယောက် ယောင်ချာချာ ဖြစ်သွားခဲ့ရတယ်။
“အာ... အဲဒါကတော့... ဘာပဲဖြစ်ဖြစ် အမျိုးသမီးတွေကို အခွင့်အရေးတွေ ပိုပေးရမယ်။ Startup ရန်ပုံငွေတွေမှာ အမျိုးသမီးတွေ ရရှိမယ့် အားသာချက်တွေကို တိုးမြှင့်ပေးဖို့ လိုအပ်သလို အမျိုးသမီးပိုင် စီးပွားရေးလုပ်ငန်းတွေအတွက် ဦးစားပေး အစီအမံတွေကိုလည်း ပိုပြီး တိုးချဲ့ရမယ်။ အမျိုးသမီး စီးပွားရေးလုပ်ငန်း ပံ့ပိုးကူညီမှု အက်ဥပဒေအရ လက်ရှိ ပံ့ပိုးပေးနေတဲ့ Startup အကူအညီတွေ၊ အမျိုးသမီး စီးပွားရေးထုတ်ကုန်တွေကို အစိုးရက ဦးစားပေး ဝယ်ယူတာတွေနဲ့ ဦးစားပေး ငွေကြေး ထောက်ပံ့မှုတွေက မလုံလောက်သေးဘူး။ ဒီနေရာကို ရောက်နေတဲ့ အမျိုးသမီးတွေအားလုံးလည်း ဒီလို ပံ့ပိုးကူညီမှုတွေနဲ့ အကျိုးကျေးဇူးတွေကြောင့် အမှုဆောင်ရာရှိ ရာထူးတွေကို ရောက်လာနိုင်ခဲ့ကြတာ မဟုတ်ဘူးလား”
အဲဒီအမှုဆောင်အရာရှိက ခေါင်းကို ပြတ်ပြတ်သားသား ခါယမ်းလိုက်တယ်။
“မဟုတ်ဘူး။ ကျွန်မက ကိုယ့်အရည်အချင်းနဲ့ ကိုယ့်ကြိုးစားမှု သက်သက်နဲ့ပဲ ဒီရာထူးအထိ တက်လှမ်းနိုင်ခဲ့တာ။ ဒီရာထူးကို တက်လှမ်းနိုင်ဖို့ အမျိုးသား၊ အမျိုးသမီး မခွဲခြားဘဲ ဘေးပတ်ဝန်းကျင်က လူတိုင်းနဲ့ ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး အမျိုးသမီး ဖြစ်နေလို့ဆိုတဲ့ အခွင့်ထူးခံမှုမျိုး ဘယ်တုန်းကမှ မရခဲ့ဖူးဘူး။ ကျွန်မတို့က အမျိုးသမီးတွေ ဖြစ်နေရုံနဲ့ အမှုဆောင်တွေ ဖြစ်လာနိုင်ခဲ့တာလို့ ပြောတာက တကယ်တော့ ရာထူးကြီးပိုင်းမှာရှိတဲ့ အမျိုးသမီးအားလုံးရဲ့ အရည်အချင်းကို နှိမ့်ချစော်ကားလိုက်တဲ့ စကားပဲ”
အဲဒီနေရာမှာ ရှိနေတဲ့ တခြားအမျိုးသမီး အမှုဆောင်တွေကလည်း သဘောတူတဲ့အနေနဲ့ အတူတူ ခေါင်းညိတ်ပြကြတယ်။
ဒါပေမဲ့လည်း လွှတ်တော်အမတ် ရှင်ဂျွန်မီက နောက်ပိုင်းမှာ အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ ဆက်လက်ပူးပေါင်းပြီး ပုဂ္ဂလိကကုမ္ပဏီတွေမှာ အမျိုးသမီးအမှုဆောင် ရာထူးအတွက် မဖြစ်မနေ ငါးဆယ်ရာခိုင်နှုန်း သတ်မှတ်ပေးဖို့ ဆက်ပြီး တောင်းဆိုခဲ့တာကြောင့် နိုင်ငံရေးသစ်ပါတီရဲ့ ထောက်ခံမှုနှုန်း ကျဆင်းသွားရပြန်တယ်။
အစိုးရရဲ့ ကြေညာချက် ထွက်လာပြီးနောက်မှာတော့ ဂိမ်းကုမ္ပဏီ အများစုက ပြည်ပကို ရွှေ့ပြောင်းမယ့် အစီအစဉ်တွေကို ပြန်ရုပ်သိမ်းခဲ့ကြပေမယ့် တချို့ကတော့ မူလက စီစဉ်ထားတဲ့အတိုင်း ကိုရီးယားကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
ထိပ်သီး ဂိမ်းကုမ္ပဏီကြီး ငါးခုထဲက တစ်ခုဖြစ်တဲ့ RoanSoft အပါအဝင် ကုမ္ပဏီ စုစုပေါင်း လေးခုက ထွက်ခွာမယ့်အကြောင်း ကြေညာခဲ့တယ်။
ဒီဆုံးဖြတ်ချက်က စည်းမျဉ်းစည်းကမ်းတွေအပေါ် မကျေနပ်တာကြောင့်တင် မဟုတ်ဘဲ တခြားအချက်တွေ ကြောင့်လည်း ပါဝင်ပါတယ်။
RoanSoft ရဲ့ စီအီးအို ယွန်ဂျွန်ဘတ်က အခုလို ပြောခဲ့တယ်။
“OTK Company ရဲ့ ဒုတိယဥက္ကဌနဲ့ OTK Games ရဲ့ ဥက္ကဌ အိချီကာဝါတို့နဲ့ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက်မှာ ကျွန်တော့်ရဲ့ အိပ်ပျော်နေတဲ့ Gamer ဗီဇတွေ ပြန်နိုးထလာခဲ့တယ်။ တစ်ကမ္ဘာလုံးက လူတွေ ခံစားပျော်ရွှင်နိုင်မယ့် virtual reality ဂိမ်းတစ်ခုကို ဖန်တီးဖို့ဆိုတာ Developer တိုင်းရဲ့ အိပ်မက်ဖြစ်မှာပါ။ ကျွန်တော်တို့လည်း အဲဒီထုတ်လုပ်ရေးမှာ ပါဝင်ချင်တယ်”
တက်ဂယူရဲ့ အဆိုအရ ကိုရီးယားဂိမ်းကုမ္ပဏီတွေရဲ့ စီအီးအို အများစုက Developer ဘဝကနေ စတင်ခဲ့ကြသူတွေဖြစ်ပြီး ဂိမ်းကို တကယ်နှစ်သက်ကြသူတွေ ဖြစ်ကြတာပါ။
ပျော်စရာကောင်းတဲ့ ဂိမ်းတွေကို ဖန်တီးချင်တဲ့ ဆန္ဒက Developer အားလုံးရဲ့ ဘုံအိပ်မက် ဖြစ်နေလို့ ထင်ပါတယ်။
ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနဲ့ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်တွေက တားဆီးဖို့ ကြိုးစားခဲ့ကြပေမယ့် အဲဒီကုမ္ပဏီတွေက သူတို့ရဲ့ ရုံးချုပ်တွေကို ဒီထရိုက်သို့ ပြောင်းရွှေ့ဖို့ ဆက်လက်လုပ်ဆောင်ခဲ့ပြီး စီစဉ်ထားတဲ့အတိုင်း ရှယ်ယာရှင်များ အစည်းအဝေးကို ကျင်းပခဲ့ကြတယ်။
[RoanSoft ရုံးချုပ်ကို ဒီထရိုက်သို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်]
[ရှယ်ယာရှင်များ အစည်းအဝေးတွင် ကုမ္ပဏီခွဲထုတ်မည့် အစီအစဉ်ကို အတည်ပြု]
[ဂိမ်း Hallyu(ကိုရီးယားလှိုင်း) လှိုင်းလုံးကြီးရဲ့ မှောင်မိုက်တဲ့ အနာဂတ်...]
[အစိုးရအနေနဲ့ တာဝန်ယူမှုကို ရှောင်လွှဲလို့မရ]
ဒီကုမ္ပဏီတွေမှာ တိုက်ရိုက်အလုပ်လုပ်နေတဲ့ ဝန်ထမ်းပေါင်း နီးပါး တစ်သောင်းလောက် ရှိတာပါ။
ဒီဝန်ထမ်းတွေ အားလုံးကို ချက်ချင်း အလုပ်ထုတ်တာ ဒါမှမဟုတ် အမေရိကကို တစ်ပြိုင်ထဲ ရွှေ့ပြောင်းတာမျိုး မလုပ်ပေမယ့် ဒီအခြေအနေက အစိုးရအတွက်တော့ တကယ့်ကို စိတ်အနှောင့်အယှက် ဖြစ်စရာပါပဲ။
ဝေဖန်မှုတွေက အစိုးရနဲ့ ကျား၊ မ တန်းတူညီမျှရေးနဲ့ မိသားစုဝန်ကြီးဌာနအပေါ် နောက်တစ်ကြိမ် ကျရောက်လာခဲ့ပြီး ဒုတိယဝန်ကြီး ချာယွန်ဟဲကတော့ အကျိုးဆက်တွေကို ဖြေရှင်းဖို့ ရုန်းကန်နေရတယ်။
ကိုယ်စားလှယ် ယွန်နာကျောင်းက နောက်တစ်ကြိမ် ပြင်းပြင်းထန်ထန် ပြောဆိုလိုက်ပြန်တယ်။
“စည်းမျဉ်းစည်းကမ်းတွေကိုပဲ တတွတ်တွတ်ရွတ်နေပြီး မပြည့်စုံတဲ့ စီးပွားရေးမူဝါဒတွေကြောင့် ကုမ္ပဏီတွေ ပြည်ပကို ထွက်ပြေးနေကြရပြီ။ အခုတော့ ဒီလက်ဝဲသမားတွေရဲ့ မှားယွင်းတဲ့ အုပ်ချုပ်မှုကို အဆုံးသတ်ရမယ်”
-ဟာ... သူတို့က ငါတို့ကို ဘာလုပ်စေချင်နေတာလဲ။
-မနေ့ကတင် အစိုးရက ဂိမ်းလောကဘက်က ရပ်တည်ပေးခဲ့တယ်လို့ သူတို့ပဲ ညည်းညူနေခဲ့ကြတာ မဟုတ်ဘူးလား။
-လွတ်လပ်သောပြည်သူများပါတီကပဲ ပထမဆုံး စွဲလမ်းမှု ကုသရေးဥပဒေကို အဆိုပြုခဲ့တာလေ။ ဂိမ်းပိတ်ချိန်စနစ် ဖန်တီးတုန်းကလည်း အတူတူပဲ။
-ဟားဟား၊ လုပ်လည်း အပြောခံရ၊ မလုပ်လည်း အပြောခံရပဲ။
-ဒါပေမဲ့ သူတို့ပြောတာလည်း ပြောချင်စရာပဲ။ အခု ပစ္စည်းတွေသိမ်းပြီး ထွက်သွားတဲ့ ကုမ္ပဏီတွေက လူလည်တွေပဲ။
-ကျွန်တော် အာမခံတယ်၊ ရွေးကောက်ပွဲရာသီ နီးလာရင် မိဘတွေဆီက မဲတောင်းဖို့ ဂိမ်းကုမ္ပဏီတွေကို ပြန်ပြီး တိုက်ခိုက်ကြဦးမှာ။
-ရှင်ဂျွန်မီက အခုထိ သင်ခန်းစာမရသေးဘဲ ပြဿနာတွေ လိုက်ရှာနေတုန်းပဲဆိုတာ ကြည့်ရုံနဲ့ သိသာပါတယ်။
-သူက လွတ်လပ်သောပြည်သူများပါတီက လွှတ်လိုက်တဲ့ သူလျှိုလား မသိဘူး။
-အမေရိကကိုပဲ ထွက်ပြေးလိုက်ကြရအောင်။ သမ္မတ ရိုနယ် ပြောသလို အမေရိကမှာတော့ ကျား၊ မ တန်းတူညီမျှရေးနဲ့ မိသားစုဝန်ကြီးဌာန မရှိဘူးလေ။
ကုမ္ပဏီတွေ တကယ်ပဲ ထွက်ခွာသွားတဲ့အခါမှ ဆုံးရှုံးမှုကို ခံစားလိုက်ရလို့လား မသိဘူး၊ အစိုးရကော မီဒီယာတွေပါ ရုတ်တရက် ဂိမ်းလုပ်ငန်းရဲ့ အရေးပါမှုကို ထုတ်ဖော်ပြောဆိုလာကြတယ်။
ဂိမ်းတွေက ယဉ်ကျေးမှုဆိုင်ရာ တင်ပို့မှုမှာ ထိပ်ဆုံးက ရှိနေကြောင်း၊ ကိုရီးယားဂိမ်း လှိုင်းလုံးက အဓိက အထောက်အကူပြုနေကြောင်းနဲ့ မူပိုင်ခွင့် ကုန်သွယ်မှု လိုငွေပြမှုကို လျှော့ချရာမှာ ဘယ်လို ကူညီပေးခဲ့ကြောင်းတွေကို အလေးပေး ဖော်ပြလာကြတယ်။
အစိုးရက ဂိမ်းလုပ်ငန်း တိုးတက်ရေးအတွက် အစည်းအဝေးတွေ ကျင်းပခဲ့ပြီး မီဒီယာတွေကလည်း ဂိမ်းတွေကို ချီးမွမ်းတဲ့ ဆောင်းပါးတွေကို နေ့တိုင်း ဖော်ပြခဲ့ကြတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကတင် ဂိမ်းတွေကို အရက်၊ လောင်းကစား၊ မူးယစ်ဆေးဝါးတွေလို သဘောထားခဲ့ကြတာကို ပြန်စဉ်းစားရင် ဒီလို ဆက်ဆံတာက တကယ့်ကို မယုံနိုင်စရာပါပဲ။
အံ့ဩစရာကောင်းတာက အိုတက်ဂယူက ဒါတွေအားလုံးကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တာပါ။
“ဒီဖြစ်ရပ်ကြောင့် လူတွေက ဂိမ်းလုပ်ငန်း ဘယ်လောက်အရေးကြီးလဲဆိုတာ သဘောပေါက်သွားကြတာ ကံကောင်းတာပဲ”
ဒါပေမဲ့ တက်ဂယူက ခေါင်းခါပြတယ်။
“ဒီလို အခြေအနေက ဘယ်လောက်အထိ ခံမယ်လို့ မင်းထင်လဲ။ ပြဿနာတစ်ခုခု ဖြစ်လာတာနဲ့ အစိုးရနဲ့ မီဒီယာတွေက ဂိမ်းတွေကိုပဲ ပြန်အပြစ်ပုံချကြမှာ ထင်ရှားနေတာပဲလေ။ လူသတ်မှု၊ နိုင်ထက်စီးနင်းလုပ်မှု၊ ကျောင်းတွင်း အကြမ်းဖက်မှု၊ သေနတ်ပစ်မှု စတာတွေအားလုံးက ဂိမ်းတွေကြောင့် ဖြစ်ရတာဆိုပြီးတော့ပေါ့။ ဒါတွေကို မရေမတွက်နိုင်အောင် ငါတို့တွေ ကြုံဖူးနေပြီ မဟုတ်ဘူးလား”
ဘာပဲဖြစ်ဖြစ် လက်ရှိ သာယာနေတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး ဂိမ်းလောကက အစိုးရနဲ့ အပေးအယူလုပ်ကာ အခွင့်အရေးတွေ တတ်နိုင်သမျှ များများရအောင် ကြိုးစားခဲ့ကြတယ်။
တက်ဂယူကတော့ ကိုယ့်ဘာသာကိုယ် စည်းကမ်းထိန်းသိမ်းတဲ့ စနစ်ကနေ တိတ်တဆိတ် ဆုတ်ခွာဖို့ ကြိုးစားနေတဲ့ ဂိမ်းကုမ္ပဏီတွေအနေနဲ့ ဘာပဲဖြစ်ဖြစ် ဒီစည်းကမ်းကို မဖြစ်မနေ လိုက်နာရမယ်လို့ အခိုင်အမာ ပြောခဲ့တယ်။
ဒီလို အခြေအနေတွေကြားထဲမှာ Lost Fantasy Online က open beta ဝန်ဆောင်မှုကို အဆုံးသတ်ပြီး ကိုရီးယားနဲ့ ဂျပန်မှာ တစ်ပြိုင်ထဲ တရားဝင် မိတ်ဆက်ခဲ့တယ်။
အခုဆို ကစားသမားတွေအနေနဲ့ ဂိမ်းကစားဖို့ လစဉ်ကြေး ပေးရတော့မှာ ဖြစ်ပေမယ့်လည်း ပထမဆုံးနေ့မှာတင် ကိုရီးယားမှာတင် လစဉ်ကြေးပေးသွင်းသူ နှစ်သိန်းကျော် ရရှိခဲ့ပြီး အကြီးအကျယ် အောင်မြင်ခဲ့တယ်။
ဂိမ်းတွေက တခြား အကြောင်းအရာတွေထက်စာရင် အကြီးအကျယ် အောင်မြင်တာနဲ့ လုံးဝ ကျရှုံးတာဆိုပြီး ပြတ်ပြတ်သားသား ကွဲပြားလေ့ရှိတာပါ။
တကယ်လို့ ကျရှုံးခဲ့ရင် ထုတ်ဝေမှု ကုန်ကျစရိတ်တွေပါ ဆုံးရှုံးရမှာ ဖြစ်ပြီး အောင်မြင်ခဲ့ရင်တော့ လအနည်းငယ်အတွင်းမှာတင် ထုတ်လုပ်မှု ကုန်ကျစရိတ်အားလုံးကို ပြန်ရနိုင်ပါတယ်။
ဒီနှုန်းအတိုင်းဆိုရင် သူတို့တွေ တစ်နှစ်အတွင်းမှာ ထုတ်လုပ်မှု ကုန်ကျစရိတ်ထက် ပိုပြီး ပြန်ရလာမှာပါ။
Lost Fantasy Online က မျှော်မှန်းထားတာထက် ပိုတဲ့ ရလဒ်တွေ ရရှိခဲ့တာကြောင့် VRMMORPG တိုးတက်ရေး အစီအစဉ်က ပိုပြီးတော့ ချောမွေ့သွားခဲ့တယ်။ ထုတ်လုပ်မှု ကုန်ကျစရိတ်ရဲ့ တစ်စိတ်တစ်ပိုင်းကို ကိုယ့်ဘာသာကိုယ် ရန်ပုံငွေ ရှာဖွေနိုင်တာကြောင့် ရင်းနှီးမြှုပ်နှံမှု ရှာဖွေရမယ့် ဝန်ထုပ်ဝန်ပိုးကို လျှော့ချနိုင်ခဲ့တယ်။
ဒီအောင်မြင်မှုကြောင့် အိချီကာဝါ ရှီဂဲရုရဲ့ နာမည်ကျော်ကြားမှုက ပိုပြီး မြင့်တက်လာခဲ့တယ်။
ဒါပေမဲ့ သူ့မှာလည်း အကြပ်အတည်းတွေ ရှိခဲ့ဖူးပါတယ်။ သူက Lost Fantasy စီးရီးကို ဖန်တီးခဲ့တဲ့ နာမည်ကျော် Developer တစ်ယောက် ဖြစ်ပြီး နည်းပညာရဲ့ အကန့်အသတ်တွေကို ကျော်လွန်တဲ့ ဂိမ်းတွေကို အမြဲတမ်း ဖန်တီးကာ လူထုကို စိတ်လှုပ်ရှားစေခဲ့သူ ဖြစ်ပေမယ့် Linix နဲ့ Pentagon တို့ ပူးပေါင်းပြီးနောက်မှာတော့ စီမံခန့်ခွဲမှုပိုင်းနဲ့ ပဋိပက္ခတွေကြောင့် ဂိမ်းထုတ်လုပ်ရေးကို ရပ်တန့်ခဲ့ရပြီး ရေရှည် အကြပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရဖူးတယ်။
Lost Fantasy စီးရီး ပြီးဆုံးသွားပြီလို့တောင် ပြောဆိုမှုတွေ ရှိခဲ့ပေမယ့် သူက LinixPentagon ကနေ ထွက်ခွာပြီး OTK Games ကို တည်ထောင်ခဲ့ပြီးနောက် မိုဘိုင်းနဲ့ အွန်လိုင်းဂိမ်း နှစ်ခုစလုံးမှာ ဆက်တိုက် အောင်မြင်မှုတွေ ရယူကာ သူ့ရဲ့ အရည်အချင်းကို သက်သေပြခဲ့တယ်။
လူတွေက သူ့ကို 'ဂိမ်းဧကရာဇ် ပြန်လာခြင်း' လို့ အမွှမ်းတင် ချီးမွမ်းခဲ့ကြပြီး သူ့ရဲ့ နောက်ထပ် လှုပ်ရှားမှုကို စိတ်ဝင်တစား စောင့်ကြည့်နေကြတယ်။
OTK Games က သူတို့ရဲ့ ဂျပန်လက်အောက်ခံ ကုမ္ပဏီကို ခွဲထုတ်ခဲ့တယ်။ ရှယ်ယာအများစုကို OTK Company က ပိုင်ဆိုင်ထားပြီး ကျန်ရှိတဲ့ ရှယ်ယာတွေကိုတော့ အိချီကာဝါ ရှီဂဲရုနဲ့ ဂိမ်းထုတ်လုပ်ရေးအဖွဲ့က ပိုင်ဆိုင်ထားတာကြောင့် သီးခြား ရှယ်ယာရှင်များ အစည်းအဝေး ကျင်းပဖို့ မလိုခဲ့ပါဘူး။
နောက်တစ်ဆင့်အနေနဲ့ သူတို့က ရုံးချုပ်ကို ဒီထရိုက်သို့ ပြောင်းရွှေ့ဖို့ ဆက်လက် လုပ်ဆောင်ခဲ့ကြတယ်။ ဒီကိစ္စက မြို့တော်နဲ့ ညှိနှိုင်းနေဆဲပါ။ မြို့တော်ကောင်စီက အခွန်ခံစားခွင့်တွေနဲ့ မြေနေရာ ပေးအပ်ဖို့ ကိစ္စရပ်တွေကို စတင် သုံးသပ်နေပြီ ဖြစ်ပါတယ်။
VRMMORPG 'Seruana' ဖန်တီးမှုက ဂိမ်းသမိုင်းမှာ အကြီးမားဆုံး mega-project ကြီးပါ။
တချို့သော ကျွမ်းကျင်သူတွေကတော့ ဒါက တကယ်ဖြစ်နိုင်ပါ့မလားလို့ သံသယရှိနေကြဆဲ ဖြစ်ပြီး နည်းပညာပိုင်းဆိုင်ရာ အခက်အခဲတွေ အများကြီး ရှိလာနိုင်တယ်လို့ ခန့်မှန်းထားကြတယ်။ ဒါပေမဲ့ အိချီကာဝါ ရှီဂဲရုအနေနဲ့ ဒီအတားအဆီးတွေကို သေချာပေါက် ကျော်လွှားပြီး ဂိမ်းကို ဖန်တီးနိုင်လိမ့်မယ်လို့ ယုံကြည်မှုတွေ ရှိနေပါတယ်။
တကယ်လို့ အောင်မြင်ခဲ့ရင် ဒါက ဘယ်လောက်အထိ တန်ဖိုး တိုးပွားလာစေမလဲ။
အင်တာနက်ထဲမှာ ဘဏ်တွေ၊ ကုန်တိုက်တွေနဲ့ စာအုပ်ဆိုင်တွေ ရှိလာလိမ့်မယ်လို့ ဘယ်သူက တွေးမိခဲ့မှာလဲ။ virtual reality ဂိမ်းတွေ တကယ်ဖြစ်လာပြီဆိုရင် ဂိမ်းထဲမှာ ဒါမျိုးတွေ မဖန်တီးနိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။
တစ်နည်းအားဖြင့် ပြောရရင် ဒါက ဂိမ်းတစ်ခုတင်မကဘဲ ကမ္ဘာသစ်တစ်ခုလုံးကို ဖန်တီးနေတာ ဖြစ်ပါတယ်။
အစပိုင်းမှာ သတ်မှတ်ထားတဲ့ ထုတ်လုပ်ရေး ဘတ်ဂျက်တင် အမေရိကန်ဒေါ်လာ သန်းပေါင်း တစ်သိန်း ရှိတာပါ။
ဒါက ဂိမ်းသမိုင်းမှာ အကြီးမားဆုံး ထုတ်လုပ်ရေး ဘတ်ဂျက် ဖြစ်ပါတယ်။ အရင်က မရှိခဲ့ဖူးတဲ့ ဂိမ်းအသစ်ကို ဖန်တီးနေတာ ဖြစ်လို့ တကယ်တမ်း ကုန်ကျစရိတ် ဘယ်လောက်အထိ ပိုရှိလာမလဲဆိုတာ မသိနိုင်ပါဘူး။
တစ်ကမ္ဘာလုံးရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပြီး ရင်းနှီးမြှုပ်နှံသူတွေကလည်း အကြီးအကျယ် စိတ်ဝင်စားခဲ့ကြတယ်။
စိတ်ဝင်စားကြတာကလည်း အကြောင်းပြချက် သုံးခု ရှိပါတယ်။ ပထမအချက်ကတော့ နည်းပညာဆိုင်ရာ အခြေခံအုတ်မြစ် ဖြစ်တဲ့ VR နည်းပညာ၊ AI၊ machine learning ၊ ဒေတာ စီမံဆောင်ရွက်မှု စတာတွေ အဆင်သင့် ဖြစ်နေတာပါပဲ။ ဒုတိယအချက်ကတော့ အိချီကာဝါ ရှီဂဲရုရဲ့ ထူးချွန်တဲ့ ဂိမ်းဖန်တီးမှု အရည်အချင်း ဖြစ်ပြီး နောက်ဆုံးအချက်ကတော့ OTK Company က ကုန်ကျစရိတ်တွေကို ရင်းနှီးမြှုပ်နှံဖို့ ကတိပြုထားတာကြောင့်ပါ။
OTK Company က အခုထိ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု အားလုံးမှာ တစ်ကြိမ်မှ မကျရှုံးဘဲ ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိခဲ့တာပါ။
မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုမှာ ဝါရင် ဘတ်ဖတ်က ရင်းနှီးမြှုပ်နှံလိုက်ရင် အောင်မြင်ဖို့ ပိုပြီး နီးစပ်သွားသလိုမျိုးပေါ့။ ဒီလို အချိန်မျိုးမှာတော့ ရင်းနှီးမြှုပ်နှံသူရဲ့ နာမည်ဂုဏ်သတင်းက တကယ်ပဲ အထောက်အကူ ဖြစ်စေပါတယ်။
နေရာအနှံ့အပြားကနေ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားမှုတွေ ရှိလာခဲ့တယ်။
ဒေါ်လာ သန်းပေါင်းတစ်သိန်း ဆိုရင်တောင်မှ OTK Company အနေနဲ့ လိုချင်ရင် ကုန်ကျစရိတ်အားလုံးကို အလွယ်တကူ အကာအကွယ် ပေးနိုင်ပါတယ်။ ဒါပေမဲ့ မကြာသေးခင်က ဖြစ်ရပ်မှာ တွေ့ခဲ့ရသလို ဂိမ်းတွေက အစိုးရရဲ့ စည်းမျဉ်းစည်းကမ်းတွေရဲ့ လွှမ်းမိုးမှုကို အများကြီး ခံရပါတယ်။ ဒါကြောင့် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး တည်ဆောက်ဖို့အတွက် ဒေသခံ ကုမ္ပဏီတွေ ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေကို ထည့်သွင်းဖို့ လိုအပ်ချက် ရှိလာခဲ့တယ်။
တရုတ်နိုင်ငံက WeChant ရဲ့ ထုတ်ဝေသူ ကိုယ်စားလှယ်တစ်ဦး ရောက်လာခဲ့သလို အာရှရဲ့ အကြီးမားဆုံး ပုဂ္ဂလိက ရှယ်ယာ ရန်ပုံငွေအဖွဲ့ဖြစ်တဲ့ RCK Bros ကလည်း စိတ်ဝင်စားကြောင်း ပြသခဲ့တယ်။ နော်ဝေရဲ့ အချုပ်အခြာအာဏာပိုင် ရန်ပုံငွေအဖွဲ့ (GPFG) ရဲ့ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အကြီးအကဲ နီကိုးလပ်စ် ကားလ်ဆင် ကလည်း ကိုရီးယားကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ခဲ့တယ်။
နော်ဝေက IT နဲ့ ဂိမ်းလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ရင်းနှီးမြှုပ်နှံလေ့ရှိတာပါ။ ဘာလို့လဲဆိုတော့ အဲဒီလုပ်ငန်းတွေက ရေနံနဲ့ ဆက်စပ်မှု နည်းပါးပြီး တန်ဖိုးမြင့်မားတဲ့ လုပ်ငန်းတွေ ဖြစ်လို့ပါပဲ။
ဒါပေမဲ့ မျှော်လင့်မထားတဲ့ လူတစ်ယောက်က သူ့နဲ့အတူ လိုက်ပါလာခဲ့တယ်၊ သူကတော့ အသက် နှစ်ဆယ်ကျော် အရွယ်၊ အရပ် ၁၆၀ စင်တီမီတာလောက်ရှိပြီး နှာတံပေါ်မှာ မှဲ့ခြောက်လေးတွေ ရှိတဲ့ ချစ်စရာကောင်းတဲ့ အမျိုးသမီးငယ်လေးပါ။
အဲ့ဒီအမျိုးသမီးက နော်ဝေ တော်ဝင်မိသားစုရဲ့ မင်းသမီး အန်နီကဲ ဖြစ်ပါတယ်။ ဒါက သူ့ရဲ့ ပထမဆုံး ကိုရီးယား ခရီးစဉ်ပါ။
သူတို့နှစ်ယောက်စလုံး လေဆိပ်ကို ဆင်းသက်ပြီးနောက် OTK Company ရုံးချုပ်ကို တိုက်ရိုက် လာခဲ့ကြတယ်။ နော်ဝေမှာ တွေ့ခဲ့ရတဲ့ လူတွေကို အခုလို ကိုရီးယားမှာ ပြန်တွေ့ရတာ ပိုပြီးတော့ ဝမ်းသာစရာ ကောင်းပါတယ်။
အစ်မ ဟျွန်ဂျူးနဲ့ အယ်လီတို့လည်း နှုတ်ဆက်စကားတွေ ဖလှယ်ခဲ့ကြတယ်။
မင်းသမီး အန်နီကဲက အယ်လီကို မြင်တာနဲ့ ပြုံးရွှင်သွားခဲ့တယ်။
“ရှင့်အကြောင်းတွေ အများကြီး ကြားဖူးပါတယ်။ ရှင့်ရဲ့ ကြော်ငြာကိုလည်း ကြည့်ဖူးတယ်။ အပြင်မှာ မြင်ရတာ ပိုပြီးတော့တောင် လှသေးတယ်”
အယ်လီက ပြုံးပြတယ်။
“ကျေးဇူးတင်ပါတယ်”
ကျွန်တော်က ပေါ့ပေါ့ပါးပါး မေးလိုက်တယ်။
“ဘယ်ကြော်ငြာလဲဆိုတာ မေးလို့ရမလား... အား”
အယ်လီက ကျွန်တော့်နံဘေးကို အားပြင်းပြင်းနဲ့ ဆိတ်လိုက်တာကြောင့် ချက်ချင်းပဲ ပါးစပ်ပိတ်လိုက်ရတယ်။
မင်းသမီး အန်နီကဲက တက်ကြွတဲ့ အမူအရာနဲ့ အသံနဲ့ ပြောလာတယ်။
“Lost Fantasy Online အောင်မြင်သွားတဲ့အတွက် ဂုဏ်ယူပါတယ်။ ကျွန်မ အချိန်ရရင် ရသလို ကစားဖြစ်တယ်၊ တကယ်ကို ပျော်စရာကောင်းတာပါ။ မစ္စတာ အိချီကာဝါ ရှီဂဲရုက တကယ်ကို အံ့ဩစရာကောင်းတာပဲ”
တက်ဂယူက ပြောတယ်။
“ဒါပေမဲ့ အဲဒီဂိမ်းက နော်ဝေမှာ ဝန်ဆောင်မှု မပေးသေးဘူး မဟုတ်ဘူးလား”
“ကျွန်မက ဂျပန်ဆာဗာကို ချိတ်ဆက်ပြီး ကစားတာပါ”
မင်းသမီးက ဂျပန်စကားလည်း အနည်းငယ် ပြောတတ်ပုံရတယ်။ fandom လှုပ်ရှားမှုတွေအတွက် ဂျပန်စကားက မရှိမဖြစ် လိုအပ်တာလေ။
ကျွန်တော်တို့ အထွေထွေမန်နေဂျာ ကားလ်ဆင်နဲ့ ရင်းနှီးမြှုပ်နှံမှု အကြောင်း ဆွေးနွေးနေတုန်းမှာ မင်းသမီး အန်နီကဲက တက်ဂယူနဲ့ ဂိမ်းအကြောင်းတွေ ပြောနေခဲ့တယ်။
တောက်ပနေတဲ့ ညိုမှိုင်းမှိုင်း မျက်ဝန်းလေးတွေနဲ့ စကားတွေ တတွတ်တွတ် ပြောနေတဲ့ မင်းသမီး အန်နီကဲက တော်တော်လေး ချစ်စရာကောင်းနေတာပါ။
သူတို့ရဲ့ စကားဝိုင်းက ထမင်းစားနေချိန်အထိ ဆက်ပြောဖြစ်နေခဲ့တယ်။ တကယ်လို့ အကြောင်းအရာက ဂိမ်းသာ ဖြစ်မယ်ဆိုရင် တက်ဂယူက သုံးရက်နဲ့ လေးညတိုင်တိုင် မရပ်မနား ပြောနိုင်လိမ့်မယ် ထင်ပါတယ်။
သူတို့ကို ကြည့်ရင်း ကျွန်တော် ဝေခွဲမရ ဖြစ်နေမိတယ်။
“ဘာလို့ မိန်းကလေးတွေက သူ့ဆီပဲ ဒီလို တအုန်းအုန်း စုပြုံရောက်လာကြတာလဲ”
သူက ဆွဲဆောင်မှုရှိတဲ့ အိုတာကူတစ်ယောက်မလို့လား။ ဒါမှမဟုတ် သူ့ရဲ့ သန်းထောင်ပေါင်းများစွာသော ချမ်းသာကြွယ်ဝမှုက သူ့ရဲ့ နောက်ကွယ်မှာ အရှိန်အဝါတစ်ခု ဖန်တီးပေးထားလို့လား။
ကျွန်တော့်စကားကို ကြားတော့ အယ်လီက ဘေးစောင်းကြည့်လိုက်တယ်။
“နင် အားကျနေတာတော့ မဟုတ်ပါဘူးနော်”
“......သေချာတာပေါ့။ မကျပါဘူး”
ဒါပေမဲ့လည်း တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ အနည်းငယ် အားကျမိတာ အမှန်ပါပဲ။