အခန်း ၃၄၆
Vol. 35 Ch. 346
အခန်း (၃၄၆)
နီကိုလိုင်း ဆာဂီဗစ် ပက်ထရော့ဗ်ရဲ့အဖေက စစ်အေးကာလတုန်းက အမေရိကန်ကို ယှဉ်ဖို့ ဆိုဗီယက်ယူနီယံရဲ့ နျူကလီးယားလက်နက် တီထွင်ဆန်းသစ်မှုအပိုင်းကို ဦးဆောင်ခဲ့တဲ့ ပါရမီရှင် နျူကလီးယားရူပဗေဒပညာရှင်တစ်ယောက် ဖြစ်ပါတယ်။
သားကလည်း အဖေခြေရာနင်းပြီး ပက်ထရော့ဗ်က နျူကလီးယားရူပဗေဒပညာရှင် လမ်းကြောင်းကိုပဲ လိုက်ခဲ့ပေမဲ့ လုပ်တဲ့အလုပ်ကတော့ လုံးဝကွဲပြားပါတယ်။ အခုက စစ်အေးကာလကလည်း ပြီးသွားပြီဖြစ်သလို ဆိုဗီယက်ယူနီယံကလည်း ပြိုကွဲသွားခဲ့ပါပြီ။ သုံးခွင့်တောင်ရမှာမဟုတ်တဲ့ နျူကလီးယားလက်နက်တွေ တီထွင်ဖို့ ပိုက်ဆံအကုန်ခံနေစရာ အကြောင်းမရှိတော့ဘူးလေ။ ဒါပေမဲ့ စွမ်းအင်ကဏ္ဍမှာတော့ နျူကလီးယားစွမ်းအင်က အသုံးဝင်နေတုန်းပါပဲ။
ဓါတ်ရောင်ခြည်သင့်တာနဲ့ နျူကလီးယားစွန့်ပစ်ပစ္စည်း ပြဿနာတွေကို ခဏဖယ်ထားရင် နျူကလီးယားနဲ့ လျှပ်စစ်ထုတ်တာက တခြားနည်းလမ်းတွေနဲ့ယှဉ်ရင် ပိုသက်သာပြီး ပိုထိရောက်မှုရှိပါတယ်။
ပါမောက္ခ ကီရန်မိုဟန်က ဘီယာကိုတစ်ငုံသောက်ရင်း ပြောတယ်။
"ပါမောက္ခ ပက်ထရော့ဗ်က Traveling Wave Reactor (လှိုင်းစီးနျူကလီးယားဓာတ်ပေါင်းဖို) ကို တီထွင်နေတာ။ အဲဒီနယ်ပယ်မှာ သူ့ကို ရှေ့ဆောင်လမ်းပြလို့ ခေါ်လို့ရတယ်"
အနာဂတ်ကြိုမြင်တဲ့စွမ်းအားကနေ ကျွန်တော်မြင်ပြီးသားဖြစ်ပေမဲ့ မသိချင်ယောင်ဆောင်ပြီး အံ့ဩသွားသလိုမျိုး ဟန်လုပ်လိုက်တယ်။
"အာ… Traveling Wave Reactorလား။ ဟုတ်ကဲ့"
"မင်း အဲဒါက ဘာလဲဆိုတာ သိလို့လား"
"ကျွန်တော်က ဝိဇ္ဇာလိုင်းဘက်ပဲ ယူခဲ့တာဆိုတော့ အသေးစိတ်တော့ မသိပါဘူး၊ ဒါပေမဲ့ ယေဘုယျသဘောတရားတော့ နားလည်ပါတယ်"
လောလောလတ်လတ် ထွက်ထားတဲ့ စာတမ်းတွေနဲ့ ဆောင်းပါးတချို့မှာ ဖတ်ဖူးတာကို ကျွန်တော် မှတ်မိနေတာပါ။
ဘယ်နည်းပညာမဆို အချိန်နဲ့အမျှ တိုးတက်ပြောင်းလဲလာတာပဲလေ။ ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ စတင်တည်ဆောက်ခဲ့တဲ့ နျူကလီးယားဓာတ်ပေါင်းဖိုတွေက ရာစုနှစ်ဝက်ကျော်အတွင်းမှာ အဆင့်ဆင့် ပြောင်းလဲလာခဲ့တယ်။
Traveling Wave Reactor (TWR) ဆိုတာက လက်ရှိသုံးနေတဲ့ ဓာတ်ပေါင်းဖိုတွေရဲ့ အားနည်းချက်တွေကို သိသိသာသာ အဆင့်မြှင့်တင်ထားတဲ့ နောက်မျိုးဆက်သစ် နျူကလီးယားနည်းပညာတစ်ခု ဖြစ်ပါတယ်။
အခုသုံးနေတဲ့ သမရိုးကျဓာတ်ပေါင်းဖိုတွေက ပုံမှန်လောင်စာ ဖြည့်ပေးဖို့ လိုအပ်သလို ဓာတ်ပေါင်းဖို အပူလွန်ကဲပြီး ပေါက်ကွဲတာမျိုးမဖြစ်အောင် အအေးပေးစနစ်ကို အမြဲတမ်း စောင့်ကြည့်စီမံနေရတာပါ။
ဒီလုပ်ငန်းစဉ်အတွင်းမှာ အမှားအယွင်းတစ်ခုခုရှိရင် ကြောက်စရာ ကောင်းတဲ့ မတော်တဆမှုတွေ ဖြစ်သွားနိုင်ပါတယ်။ အခုထက်ထိဖြစ်ခဲ့တဲ့ နျူကလီးယားမတော်တဆမှု အများစုက သဘာဝဘေးအန္တရာယ်ကြောင့် မဟုတ်ဘဲ လူတွေရဲ့အမှားကြောင့် ဖြစ်ခဲ့တာများပါတယ်။
ဒါပေမဲ့ Traveling Wave Reactor ကတော့ လောင်စာတစ်ကြိမ် ဖြည့်ရုံနဲ့ ဘာအနှောင့်အယှက်မှမရှိဘဲ အနှစ် ၅၀ ကျော် ဆက်တိုက်လည်ပတ်နိုင်ပါတယ်။
လူကိုယ်တိုင် ဝင်ရောက်ကိုင်တွယ်ရတာ နည်းသွားတဲ့အတွက် အမှားအယွင်းဖြစ်ဖို့ ရာခိုင်နှုန်းကလည်း တော်တော်လေး လျော့ကျသွားပါတယ်။ ပြီးတော့ အအေးပေးဖို့အတွက် ရေအစား အရည်ပျော်သတ္တုကို သုံးထားတာကြောင့် ဓာတ်ပေါင်းဖိုရဲ့ ဖိအားက အဆ ၁၀၀ ကျော်အထိ ပိုနည်းသွားပြီး ပေါက်ကွဲတာ ဒါမှမဟုတ် ဓာတ်ပေါင်းဖိုအူတိုင် အရည်ပျော်ကျတာမျိုး ဖြစ်ဖို့ မရှိသလောက်ပါပဲ။
Traveling Wave Reactor က လောင်စာအုပ်စုရဲ့ ၉၉ ရာခိုင်နှုန်းကျော်ကို လောင်ကျွမ်းစေတာကြောင့် ရေဒီယိုသတ္တိကြွ စွန့်ပစ်ပစ္စည်းတွေကို လျော့ကျစေပြီး အသုံးပြုပြီးသား လောင်စာတွေကို နျူကလီးယားလက်နက်အဖြစ် ပြန်သုံးတာမျိုး ကိုလည်း တားဆီးပေးပါတယ်။
ကျွန်တော့်ရဲ့ အနာဂတ်အမြင်အရ ပါမောက္ခ ပက်ထရော့ဗ်သာ ဒီ TWR စမ်းသပ်မှုကို အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့ရင် ပိုပြီးဘေးကင်းပြီး ပိုထိရောက်တဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ဖို့ လမ်းပွင့်သွားပါလိမ့်မယ်။
ဒီနည်းပညာက ဘယ်လောက်တောင် တန်ဖိုးရှိလောက်မလဲ။
ပိုက်ဆံအပြင် Nuclear Fusionလိုမျိုး နည်းပညာအသစ်တွေ ထွက်မလာခင်အထိ စွမ်းအင်ပြဿနာကို ကြီးကြီးမားမား ဖြေရှင်းပေးနိုင်မှာပါ။
ဘာပဲဖြစ်ဖြစ် အလုပ်တွေ ရှေ့ဆက်နိုင်ဖို့ ကျွန်တော် ပါမောက္ခ ပက်ထရော့ဗ်နဲ့ တွေ့ဖို့လိုပါတယ်။
ကျွန်တော် အလိုက်သင့်လေး မေးလိုက်တယ်။
"ပါမောက္ခတို့က ဘာကိစ္စနဲ့ တွေ့ကြမှာလဲ"
"သူငယ်ချင်းအချင်းချင်း တွေ့ကြတဲ့သဘောပါ။ ပါမောက္ခ ပက်ထရော့ဗ်က အရင်က Caltech ကို အလည်လာဖူးတယ်။ အဲဒီကတည်းက အဆက်အသွယ်ရှိနေတာ၊ ဒါပေမဲ့ နှစ်ယောက်လုံး အလုပ်ရှုပ်နေကြတာနဲ့ မတွေ့ဖြစ်တာ ကြာပြီ။ အခု ပါမောက္ခ ပက်ထရော့ဗ်က အားတဲ့အချိန်ရှိတယ်လို့ ပြောတာနဲ့ အခွင့်အရေးရတုန်း သွားတွေ့မလို့"
ဓာတ်ပေါင်းဖိုနည်းပညာကို တီထွင်နေတဲ့ နျူကလီးယားရူပဗေဒပညာရှင်တစ်ယောက်နဲ့ ငလျင်တွေကို လေ့လာတဲ့ ဘူမိဗေဒပညာရှင်တစ်ယောက်။
အဲ့ဒီနယ်ပယ်နှစ်ခုကြားမှာ ပတ်သက်မှုရှိလို့လားလို့ တွေးစရာဖြစ်နိုင်ပေမဲ့ တကယ်တော့ နယ်ပယ်နှစ်ခုက နီးနီးကပ်ကပ် ဆက်စပ်နေတာ။ နျူကလီးယားနည်းပညာမှာ ဘေးကင်းလုံခြုံရေးက အဓိကပါပဲ။ ဖူကူရှီးမား နျူကလီးယားမတော်တဆမှု ဖြစ်ပြီးနောက်ပိုင်း နျူကလီးယားစွမ်းအင်ရဲ့ အန္တရာယ်ကို ပိုသတိပြုမိလာကြပြီး ငလျင်ဒဏ်ခံနိုင်ရည် ဒီဇိုင်းစံနှုန်းတွေကို ပိုတင်းကျပ်လာခဲ့တယ်။
တကယ်လို့ ကျွန်တော်က ဘာအဆက်အသွယ်မှမရှိတဲ့ ရုရှားနျူကလီးယားရူပဗေဒပညာရှင်တစ်ယောက်ဆီ ရုတ်တရက် ဆက်သွယ်ပြီး ရင်းနှီးမြှုပ်နှံချင်တယ်လို့ သွားပြောရင် လူတွေက ဘယ်လိုတွေးမလဲ။
လူတွေ သံသယဝင်ကြမှာ အသေအချာပါပဲ။ ဒါပေမဲ့ ကြားထဲမှာ ပါမောက္ခ ကီရန်မိုဟန် ရှိနေရင်တော့ အခြေအနေက တခြားစီ ဖြစ်သွားပါပြီ။ တော်တော်လေးကို သဘာဝကျကျနဲ့ တွေ့ဆုံခွင့်ရသွားစေတာပေ့ါ။
"ကျွန်တော်လည်း လိုက်ခဲ့လို့ ရမလား"
ကျွန်တော့်စကားကြောင့် ပါမောက္ခ ကီရန်မိုဟန်က အံ့ဩသွားပုံရတယ်။
"မင်းလည်း လိုက်မယ်ဟုတ်လား"
"ကျွန်တော် အခုတလော အဲဒီနျူကလီးယားနယ်ပယ်ဘက်ကို စိတ်ဝင်စားနေလို့ပါ"
"ဓာတ်ပေါင်းဖိုတွေကို ပြောတာလား"
အခြေအနေကို ကျွန်တော် ဘာမှပြောစရာမလိုဘဲ ရိပ်မိသွားသလိုမျိုး တက်ဂယူက ကျွန်တော့်ပုခုံးကို ပုတ်ပြီး ပြောတယ်။
"ဒါပေါ့။ ကျွန်တော်တို့တွေ အခုလတ်တလော စွမ်းအင်လုပ်ငန်းဘက်ကို တော်တော်လေး အာရုံစိုက်နေတာ။ အခွင့်အရေးရတုန်းလေး ရုရှားကိုလည်း တစ်ခါထဲ အလည်သွားရအောင်"
ပါမောက္ခ ကီရန်မိုဟန်က ခဏလောက် စဉ်းစားပြီး ခေါင်းညိတ်လိုက်တယ်။
"ကောင်းပြီလေ၊ ဒါက သီးသန့်တွေ့ဆုံတာဆိုတော့ ဘာမှတော့မဖြစ်လောက်ပါဘူး။ ဒါပေမဲ့ ပါမောက္ခ ပက်ထရော့ဗ်ကိုတော့ အရင် ပြောပြထားရမယ်"
"အကူအညီပေးပါဦးခင်ဗျာ။ ကျေးဇူးတင်ပါတယ်"
တခြားတစ်နေရာမှာ ရှင်ယူရီနဲ့ စကားပြောနေတဲ့ အယ်လီက ကျွန်တော်တို့ဝိုင်းကို ပြန်ရောက်လာတယ်။ သူက နည်းနည်း သောက်ထားသလိုပဲ။ မျက်နှာလေးက ရဲနေပြီး မျက်လုံးတွေကလည်း အာရုံ သိပ်မစိုက်နိုင်တော့သလိုပါ။
"နင်တို့ ဘယ်သွားကြမလို့လဲ"
"ရုရှား"
"ဘာသွားလုပ်မှာလဲ"
ကျွန်တော်က အခြေအနေကို အကျဉ်းချုပ် ရှင်းပြလိုက်တယ်။
အယ်လီက နှုတ်ခမ်းလေးဆူပြီး ပြောတယ်။
"ဘာလဲဟာ။ ငါလည်း ရုရှားသွားချင်တာကို"
"ငါတို့နဲ့ တူတူလိုက်ခဲ့မလား"
"တကယ် လိုက်လို့ရလား"
"ရတာပေါ့"
အယ်လီက အစ်မ အိုဟျွန်းဂျူး ရှိတဲ့ဝိုင်းဆီ ချက်ချင်း ပြေးသွားတော့တယ်။ ခဏကြာတော့ ပုခုံးလေးတွဲကျပြီး ပြန်လာတယ်။
"ဟွန်း... ဂျက်စီကာက စိတ်တောင်မကူးနဲ့တဲ့"
"..."
သူ ဒီရက်ပိုင်း တကယ် အလုပ်ရှုပ်နေတာ ဖြစ်ရမယ်။
ကျွန်တော်က သူ့ကို နှစ်သိမ့်ပေးနေတုန်း အယ်လီက မျက်မှောင်ကြုတ်ပြီး ကြည့်လာတယ်။
"နင် ရုရှားမအလှလေးတွေကို သွားချောင်းမလို့တော့ မဟုတ်ပါဘူးနော်"
"ဟင်"
အယ်လီ့မျက်နှာက ချက်ချင်း စိတ်ဆိုးသွားတဲ့ ပုံစံပြောင်းသွားတယ်။
"တကယ်လို့ သွားချောင်းရင် ငါ တကယ် စိတ်ဆိုးမှာနော်"
ကျွန်တော် သဘောကျပြီး ရယ်မိသွားတယ်။
"ဟာ... မဟုတ်တာ၊ ငါက ဘာလို့ အဲလိုလုပ်ရမှာလဲ။ စိတ်မပူပါနဲ့၊ ငါ တခြားမိန်းကလေးတွေကို ကြည့်မှာမဟုတ်ပါဘူး"
"တကယ်လား။ တကယ့် ရုရှားအလှပဂေးတစ်ယောက် နင့်ဘေးက ဖြတ်လျှောက်သွားရင်တောင် ခေါင်းလှည့်ကြည့်မှာ မဟုတ်ဘူး သေချာတယ်ပေါ့"
"မကြည့်ဘူး အသေအချာပဲ"
လူ့သဘာဝက မလုပ်နဲ့လို့ တားလေ ပိုလုပ်ချင်လေပဲ။ အခု မကြည့်ပါဘူးလို့ ကတိပေးလိုက်ရတော့မှ ရုတ်တရက် ပိုကြည့်ချင်လာသလိုပဲ။
ရုရှားမှာ မိန်းမလှလေးတွေ အများကြီးရှိတယ်လို့ ပြောကြတာလေ။
ကျွန်တော် အဲလိုတွေးနေတုန်းမှာပဲ အယ်လီ့ရဲ့ အေးစက်တဲ့ အကြည့်တွေက ကျွန်တော့်ဆီ ရောက်နေတာကို ခံစားလိုက်ရတယ်။
"ပြန်လာမှ တက်ဂယူကို အကုန်မေးမှာနော်"
"..."
ကျွန်တော် တတ်နိုင်သမျှ မမြင်ချင်ယောင်ဆောင်ရင်း ခိုးကြည့်ရတော့မှာပဲ။ ဒါမှမဟုတ် တက်ဂယူကို ပါးစပ်ပိတ်ထားဖို့ ကြိုပြောထားရမလား။
တက်ဂယူကတော့ ဘေးကနေ ယုံကြည်မှုအပြည့်နဲ့ ဝင်ပြောတယ်။
"ဟ... ဒါကြောင့် ရည်းစားရှိတဲ့ကောင်တွေက အဆင်မပြေတာ။ ငါကတော့ လွတ်လွတ်လပ်လပ် စိတ်ကြိုက်ကို ငေးမှာ"
ကျွန်တော်က ဘာမဟုတ်သလိုမျိုး ဖြတ်ပြောလိုက်တယ်။
" မင်ဟာယောင်း၊ ယန်ဟန်နာနဲ့ မင်းသမီး အန်နီကဲတို့ကို လှမ်းတိုင်မှာပေါ့ကွ"
"...ဟမ်"
ကုမ္ပဏီညစာစားပွဲ ပြီးတော့ ကျွန်တော် အိမ်ပြန်ရောက်လာတယ်။
အယ်လီက မူးနေလို့ ထင်တယ်၊ မျက်နှာတောင်မသစ်ဘဲ အိပ်ပျော်သွားခဲ့ပါပြီ။ ကျွန်တော်ကတော့ ဧည့်ခန်းထဲထွက်ပြီး တက်ဂယူနဲ့ တိုးတိုးတိတ်တိတ် စကားပြောဖြစ်တယ်။
"အဲတော့ အဲဒီရုရှားပါမောက္ခက Traveling Wave Reactor စမ်းသပ်မှုကို အောင်မြင်မှာပေါ့နော်"
"အေး"
လျှပ်စစ်ကားတွေ ခေတ်စားလာတာက စွမ်းအင်ပြဿနာနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်။ ဒီပြဿနာကို မဖြေရှင်းနိုင်ရင် လောင်စာအင်ဂျင်သုံးကားတွေကို လျှပ်စစ်ကားတွေနဲ့ ရာနှုန်းပြည့် အစားထိုးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ (ဒါကြောင့်ပဲ ဟိုက်ဒရိုဂျင်ကားတွေက ရေပန်းစားလာလိမ့်မယ်လို့ တစ်ချိန်က ပြောခဲ့ကြတာပါ။)
Nikola ရဲ့ တည်ထောင်သူ အယ်လန် အဲဗာဟတ်က ဒီပြဿနာကို ဖြေရှင်းဖို့ SolarLand လို့ခေါ်တဲ့ နေရောင်ခြည်စွမ်းအင်သုံး ကုမ္ပဏီတစ်ခုမှာ ရင်းနှီးမြှုပ်နှံခဲ့ပြီး နောက်ပိုင်းမှာ Nikola နဲ့ ပေါင်းလိုက်တယ်။
SolarLand ရဲ့ အဓိကထုတ်ကုန်က အိမ်ခေါင်မိုးတွေမှာ တပ်ဆင်နိုင်တဲ့ နေရောင်ခြည်စွမ်းအင်သုံး အမိုးပြားတွေ ဖြစ်ပြီး လျှပ်စစ်ကားအားသွင်းဖို့နဲ့ အိမ်သုံးစွမ်းအင်အတွက် ရည်ရွယ်တာပါ။
တိုက်ခန်းတွေမှာတပ်ဆင်တာထက် တစ်ကိုယ်ရေအိမ်မှာ တပ်ဆင်တာပဲ အဆင်ပြေမယ့် ကန့်သတ်ချက်ရှိပေမဲ့ ဒါက ကောင်းတဲ့စိတ်ကူးတစ်ခုဆိုတာ ထင်ရှားပါတယ်။
ကျွန်တော် တခြားအချက်အလက်တွေကို ထပ်ရှာကြည့်လိုက်တယ်။
နျူကလီးယားနည်းပညာက စွမ်းအင်တစ်ခုထဲတင် မဟုတ်ဘဲ နျူကလီးယားလက်နက်တွေနဲ့လည်း တိုက်ရိုက်ပတ်သက်နေတာပါ။ ဒါကြောင့် ဓာတ်ပေါင်းဖိုရှိတဲ့ ဘယ်နိုင်ငံမဆို စိတ်ကူးရှိရင် နျူကလီးယားလက်နက် တီထွင်နိုင်တဲ့ အလားအလာ ရှိတာပါ။
ဒီလို လက်နက်တွေ ပျံ့နှံ့မသွားအောင် NPT (နျူကလီးယားလက်နက်မပြန့်ပွားရေးစာချုပ်) လိုမျိုး အပြည်ပြည်ဆိုင်ရာ စည်းမျဉ်းတွေရှိသလို IAEA (အပြည်ပြည်ဆိုင်ရာ နျူကလီးယားစွမ်းအင်အေဂျင်စီ) ကလည်း သေချာစောင့်ကြည့် နေပါတယ်။
ဒါပေမဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်ထားပြီးသားဖြစ်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေကတော့ ကင်းလွတ်ခွင့်ရသလို ဖြစ်နေတာပါ။
ဥပမာပေးရရင် လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့ မဟာအဖွဲ့အစည်းကြီးတွေက ရပ်ကွက်ထဲက လူမိုက်တွေ လျှောက်မပစ်နိုင်အောင် သေနတ်ကိုင်ခွင့် ကန့်သတ်ထားသလိုမျိုးပေါ့။
ဒါက မှန်သလား မှားသလား ငြင်းခုံနေတာက အဓိပ္ပာယ်မရှိဘူး။ အရင်ကရော အခုပါ အပြည်ပြည်ဆိုင်ရာ အစီအစဉ်က အာဏာနဲ့အင်အားပေါ်မှာပဲ မူတည်ပြီး လည်ပတ်နေတာလေ။ ပြီးတော့ လူတိုင်း နျူကလီးယားလက်နက် တီထွင်နေကြတာထက်စာရင် ဒီနည်းလမ်းက ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ ပိုအဆင်ပြေတာလည်း အမှန်ပါပဲ။
ဘာပဲဖြစ်ဖြစ်၊ တင်းကြပ်တဲ့ စည်းမျဉ်းတွေရှိတဲ့ တခြားနိုင်ငံတွေနဲ့မတူဘဲ အမေရိကန်၊ တရုတ်နဲ့ ရုရှားတို့က နျူကလီးယားစမ်းသပ်မှုအပိုင်းမှာ ပိုပြီးလွတ်လပ်ခွင့်ရှိပါတယ်။ ဒါကြောင့် ဒီနိုင်ငံတွေမှာ နျူကလီးယားနည်းပညာ သုတေသနကို တက်တက်ကြွကြွ လုပ်ဆောင်နိုင်ခဲ့ကြတာပါ။
အမေရိကန်က ဒီနယ်ပယ်မှာ ဦးဆောင်သူလို့ ပြောလို့ရပါတယ်။ ဥပမာအားဖြင့် TerraPower ရဲ့ ဓာတ်ပေါင်းဖိုဆိုရင် စီးပွားဖြစ်ထုတ်လုပ်နိုင်ဖို့ စမ်းသပ်တဲ့အဆင့်ကို ရောက်နေပါပြီ။
အမေရိကန်က နျူကလီးယားစမ်းသပ်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ကန့်သတ်မှုကို သိပ်မခံရပေမဲ့ ပြည်တွင်းစည်းမျဉ်းတွေကတော့ တော်တော် တင်းကြပ်ပါတယ်။ အမေရိကန်တွေကလည်း ဓါတ်ရောင်ခြည်အန္တရာယ်ကို ကြောက်ကြတာကြောင့် ပြည်တွင်းမှာ စမ်းသပ်မှုတွေလုပ်ရင် ပြည်သူတွေရဲ့ ကန့်ကွက်မှုကို ရင်ဆိုင်ရဖို့ ရှိပါတယ်။
ဒါကြောင့် TerraPower က တရုတ်ကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းပြီး တရုတ်နိုင်ငံမှာ ဓာတ်ပေါင်းဖိုစမ်းသပ်မှုတွေလုပ်ဖို့ စီစဉ်ခဲ့တယ်။ ဒါပေမဲ့ စမ်းသပ်မှုတွေ မစတင်ခင်လေးမှာပဲ ပြဿနာတစ်ခု တက်လာခဲ့တယ်။
"ဘာပြဿနာလဲ"
"အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ ဖြစ်သွားတာ"
နျူကလီးယားနည်းပညာဆိုတာ ဘယ်နိုင်ငံမှာမဆို အမြင့်ဆုံး လုံခြုံရေးအဆင့် သတ်မှတ်ထားတာပါ။ တရုတ်နိုင်ငံမှာ ပူးပေါင်းစမ်းသပ်မှုတွေ လုပ်မယ်ဆိုရင် တရုတ်ကုမ္ပဏီတွေက နည်းပညာကို ခိုးမကူးဘူးလို့ ဘယ်သူမှ အာမခံချက် မပေးနိုင်ပါဘူး။
ရိုနယ်က အမျိုးသားလုံခြုံရေးကို အကြောင်းပြပြီး တရုတ်ကုမ္ပဏီနဲ့ ပူးပေါင်းလုပ်ဆောင်မှုရော၊ တရုတ်နိုင်ငံမှာ လုပ်မယ့် ဓာတ်ပေါင်းဖိုစမ်းသပ်မှုတွေကိုပါ လုံးဝရပ်ဆိုင်းပစ်လိုက်တယ်။
"ဟင်။ အဲ့ဒါဆို မင်းကြောင့် ဖြစ်သွားတာပေါ့"
"အင်း... ငါနဲ့ လုံးဝမပတ်သက်ဘူးလို့တော့ ပြောလို့မရဘူးပေါ့"
သူတို့က တရုတ်အစိုးရဆီကနေ ခွင့်ပြုချက်တောင် ရပြီးသားပါ။ ကုန်သွယ်ရေးစစ်ပွဲကသာ တစ်လလောက် နောက်ကျပြီးမှ စခဲ့ရင် စမ်းသပ်မှုတွေက စတင်နေလောက်ပါပြီ။
အမေရိကန်နဲ့ တရုတ်တို့ TWR တီထွင်မှုအပိုင်းမှာ အခက်တွေ့နေချိန်မှာ ရုရှားကလည်း ငြိမ်နေတာ မဟုတ်ပါဘူး။
သူတို့က အမေရိကန်နဲ့ယှဉ်ရင် ဘယ်လိုရှိမလဲဆိုတာ ပြတ်ပြတ် သားသားမပြောနိုင်ပေမဲ့ ရုရှားရဲ့ နျူကလီးယားနည်းပညာကလည်း ကမ္ဘာ့အဆင့်မီပါပဲ။ သေချာတာကတော့ သူတို့မှာ နည်းပညာဖွံ့ဖြိုးတိုးတက်မှု သမိုင်းကြောင်းအရှည်ကြီး ရှိတာပါ။ ဆိုဗီယက်ခေတ်ကတည်းက နျူကလီးယားစွမ်းရည်ကို မြှင့်တင်လာခဲ့တာဖြစ်ပြီး နျူကလီးယားဓာတ်အားပေးစက်ရုံတွေ စီးပွားဖြစ်ထုတ်လုပ်တာနဲ့ လည်ပတ်တဲ့အပိုင်းမှာ ရှေ့ဆောင် ဖြစ်ခဲ့ကြတာလေ။
သူတို့ရဲ့ TWR တီထွင်မှုကလည်း တော်တော်လေး အဆင့်မြင့်တယ်လို့ လူသိများပါတယ်။ အမေရိကန်နဲ့ တရုတ်ရဲ့ စမ်းသပ်မှုတွေ ရပ်တန့်သွားတာက ရုရှားသုတေသီတွေအတွက် ပြိုင်ဘက်တွေကို ကျော်တက်ဖို့ အခွင့်ကောင်းကြီး ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ ရုရှားရဲ့ သုတေသနကလည်း ရပ်တန့်သွားပြန်ရော။
"ဘာလို့လဲ"
"ဒါကလည်း လူကြီးတွေရဲ့ အခြေအနေကြောင့်ပေါ့"
ရုရှားရဲ့ လက်ရှိစီးပွားရေးအခြေအနေက အကောင်းကြီးမဟုတ်ပါဘူး၊ ပြောရရင် ခက်ခဲနေတာပါ။ အကြီးမားဆုံးပြဿနာက ရေနံဈေးနှုန်းတွေ ကျဆင်းသွားတာပါပဲ။ 'Big One' ဖြစ်စဉ်နဲ့ မြောက်ပင်လယ်ရေနံတွင်းတွေ ပျက်စီးသွားတာကြောင့် ဈေးနှုန်းတွေ ပြန်တက်လာခဲ့ပေမဲ့ ရေနံဈေးကောင်းခဲ့တဲ့ ခေတ်နဲ့ယှဉ်ရင်တော့ ဘာမှမဟုတ်သေးပါဘူး။
အမေရိကန်က ရှေးလ်ရေနံနဲ့ ရှေးလ်ဂက်စ်တွေကို တက်တက်ကြွကြွ ထုတ်လုပ်ပြီး တစ်ကမ္ဘာလုံးကို လျှောက်ရောင်းနေတာကြောင့် ရေနံဈေးက ကျဆင်းနေခဲ့တာပါ။
ဒါ့အပြင် ၂၀၁၄ ခုနှစ် ကရိုင်းမီးယား ပဋိပက္ခကလည်း ရှိပါသေးတယ်။ ရုရှားက ယူကရိန်းပိုင်နက်ဖြစ်တဲ့ ကရိုင်းမီးယားကို သိမ်းပိုက်လိုက်တဲ့အခါ အနောက်အုပ်စုက ပြင်းထန်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေ လုပ်ခဲ့တယ်။
ရလဒ်အနေနဲ့ ရူဘယ်ငွေကြေး တန်ဖိုးထိုးကျသွားပြီး စီးပွားရေးက အကြီးအကျယ် ထိခိုက်ခဲ့ရတယ်။ ထပ်ပြီးတော့ ငြိမ်သက်သွားပြီလို့ ထင်ရတဲ့ ကရိုင်းမီးယားအခြေအနေက ယူကရိန်းအရှေ့ပိုင်းအထိ ကူးစက်သွားပြီး စစ်ရေးအရ မကြာခဏ ထိပ်တိုက်တွေ့မှုတွေ ဖြစ်နေခဲ့တယ်။
ဒီလိုအခြေအနေတွေကြောင့် ရလဒ်မသေချာဘဲ ကုန်ကျစရိတ်များတဲ့ ဓာတ်ပေါင်းဖိုစမ်းသပ်မှုတွေက ဦးစားပေးအဆင့် နောက်နားကို ရောက်သွားခဲ့တာပါ။
"အမေရိကန်နဲ့ တရုတ်က နည်းပညာပိုင်းဆိုင်ရာ အခက်အခဲတွေကြောင့် စမ်းသပ်မှုတွေကို ရပ်လိုက်တာလို့လည်း သူတို့ သံသယဝင်နေကြပုံရတယ်"
ဒါတွေကြောင့်ပဲ ကျွန်တော်တို့အတွက် အခွင့်အရေးကောင်းတစ်ခု ပေါ်လာခဲ့တာပါ။
တက်ဂယူက ခေါင်းညိတ်တယ်။
"ငါတို့ ရုရှားဝက်ဝံကြီးတွေ(ရုရှားတွေ)နဲ့ တစ်ခုခုလုပ်ဖို့ အချိန်တန်ပြီပဲ"
ပါမောက္ခ ကီရန်မိုဟန်က သူကြိုတင်မှာထားတဲ့ လေယာဉ်လက်မှတ်တွေကို ဖျက်သိမ်းလိုက်ပြီး ကိုရီးယားက သူ့အစီအစဉ်တွေပြီးရင် ကျွန်တော်တို့ရဲ့ ဂျက်လေယာဉ်နဲ့ပဲ တူတူသွားဖို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်တော်တို့က ပါမောက္ခ ကီရန်မိုဟန်နဲ့ ကာရီ ကော့ရိုက်တို့ကို ခေါ်ပြီး ရုရှားကို တိုက်ရိုက်ပျံသန်းခဲ့ကြတယ်။
ကာရီ ကော့ရိုက်ကတော့ စိတ်လှုပ်ရှားနေပုံရပါတယ်။
"ကိုယ်ပိုင်ဂျက်လေယာဉ်ကြီးဆိုပဲ။ ကျွန်မ ဓါတ်ပုံတွေရိုက်ပြီး သူငယ်ချင်းတွေကို ကြွားလို့ရမလား"
"ရတာပေါ့။ စိတ်ကြိုက်သာရိုက်ပြီး ကြိုက်သလောက် ကြွားလိုက်ပါ"
ကိုရီးယားမှာ ရာသီဥတုက နွေးစပြုနေပြီဆိုပေမဲ့ ရုရှားကတော့ ဆောင်းတွင်းအလယ်ကြီး ဖြစ်နေတုန်းပါပဲ။ ဒါကြောင့် ကျွန်တော်တို့တွေ ဆောင်းတွင်းဝတ်စုံတွေ အများကြီး ထုပ်ပိုးခဲ့ရတယ်။
မော်စကိုအထိ ပျံသန်းရမယ့်အချိန်က ကိုးနာရီလောက် ကြာပါတယ်။
လေယာဉ်ပေါ်မှာ ကျွန်တော် ရုရှားစကားပြောစာအုပ်ကို ဖတ်နေခဲ့တယ်။ အင်္ဂလိပ်၊ စပိန်၊ ပြင်သစ်နဲ့ ပေါ်တူဂီလိုမျိုး လက်တင်ကနေ ဆင်းသက်လာတဲ့ ဘာသာစကားတွေနဲ့မတူဘဲ ရုရှားစကားက ဆလပ်ဗစ်ဘာသာစကားအုပ်စုဝင် ဖြစ်ပြီး ဆီရီလစ်အက္ခရာကို သုံးတာပါ။
ဘာသာစကားစနစ်က လုံးဝကွဲပြားတာကြောင့် ဖတ်ဖို့နဲ့ အသံထွက်ဖို့က တော်တော်လေး ခက်ခဲပါတယ်။ နောက်ဆုံးတော့ ကျွန်တော် နှုတ်ဆက်စကား အနည်းငယ်လောက်ပဲ အလွတ်ကျက်ပြီး စာအုပ်ကို ပိတ်လိုက်တော့တယ်။
ဘေးမှာတော့ တက်ဂယူက 'စပါးစီးဗား' (ကျေးဇူးတင်ပါတယ်) ဆိုပြီး အဓိပ္ပာယ်မရှိ လျှောက်ရွတ်နေတယ်။
လေဆိပ်ကို ရောက်တဲ့အခါ စကားပြန်နဲ့ သက်တော်စောင့်တွေက စောင့်နေကြပါပြီ။ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးလုပ်ငန်းစုကြီးဖြစ်တဲ့ Golden Gate ကလည်း ရုရှားမှာ လည်ပတ်နေတာရှိတော့ အင်္ဂလိပ်လိုရော၊ ရုရှားလိုပါ ကျွမ်းကျင်တဲ့ ဝန်ထမ်းတစ်ယောက်ကို လွှတ်ထားပေးပါတယ်။
"တွေ့ရတာ ဝမ်းသာပါတယ်။ မစ္စတာကန်။ ကျွန်မက အန်ဂျလီနာ ရူဒါကိုဗာ ပါ"
သူက အရပ်ရှည်ရှည်၊ အသားဖြူဖြူ၊ ဆံပင်ရွှေဝါရောင်နဲ့ မျက်လုံးပြာပြာရှိတဲ့ ဆလပ်ဗစ်အလှလေးတစ်ယောက်ပါပဲ။
တက်ဂယူက ကျွန်တော့်ပုခုံးပေါ် လက်တင်ပြီး ပြောတယ်။
"ငါ အယ်လီ့ကို လှမ်းတိုင်မှာနော်"
"...ခုမှရောက်တာလေကွာ"
ကျွန်တော် သေသေချာချာတောင် မကြည့်ရသေးဘူးလေ။
ကျွန်တော်တို့က ပြင်ဆင်ထားတဲ့ ကားထဲ ချက်ချင်းဝင်ပြီး မော်စကိုတက္ကသိုလ်ဆီ ဦးတည်လိုက်တယ်။
ပထမဆုံးအကြိမ် မြင်ဖူးတဲ့ မော်စကိုတက္ကသိုလ်က တော်တော်လေး ကျယ်ဝန်းပြီး လှပပါတယ်။
တက်ရယူက အံ့ဩတကြီးနဲ့ အော်တယ်။
"သံမဏိစစ်သေနာပတိချုပ်ကြီးရဲ့ စိတ်ဓါတ်ကို ခံစားနေရပြီ။ အိုး... ရဲဘော် စတာလင်"
"..."
သူပြောတာ မမှားပါဘူး။ ဒီလို အဆောက်အဦးတွေကို 'စတာလင်ပုံစံ' လို့ ခေါ်ကြပြီး မော်စကိုမှာ အဲဒီလိုအဆောက်အဦး ခုနစ်လုံး ရှိတယ်လို့ ပြောကြပါတယ်။
ပါမောက္ခ ပက်ထရော့ဗ်က ကျွန်တော်တို့ကို ဆီးကြိုဖို့ တက္ကသိုလ်အဆောက်အဦးအပြင်ဘက်မှာ စောင့်နေခဲ့တယ်။ သူနဲ့ ပါမောက္ခ ကီရန်မိုဟန်တို့က အကြာကြီးနေမှ ပြန်တွေ့ကြတာမလို့ ဝမ်းသာအားရ နှုတ်ဆက်ကြတယ်။
ဓါတ်ပုံထဲမှာ မြင်တုန်းကတော့ သူ့ခန္ဓာကိုယ်က ကြီးတယ်လို့ ထင်ခဲ့တာ၊ အပြင်မှာ လူကိုယ်တိုင် မြင်ရတော့ ပိုတောင် ထွားသေးတယ်။ အရပ်က ၁၉၀ စင်တီမီတာကျော်ပြီး ဆံပင်ရွှေဝါရောင်၊ မုတ်ဆိတ်မွေး ဗလပွနဲ့၊ ပုခုံးကလည်း ကျယ်၊ လက်မောင်းတွေကလည်း သံမဏိတုံးကြီးတွေလိုပါပဲ။ ကြည့်ရတာ ဝက်ဝံတစ်ကောင်ကို လက်ဗလာနဲ့ သတ်နိုင်မယ့် ပုံစံမျိုးပါ။
တက်ဂယူက လေသံတိုးတိုးနဲ့ မေးတယ်။
"နျူကလီးယားရူပဗေဒပညာရှင်ဖြစ်ဖို့ ဒီလောက်တောင် ကြွက်သားတွေ လိုတာလား"
"...လိုစရာလား"
သူကိုယ်တိုင် လောင်စာတောင့်တွေ လျှောက်ထမ်းနေရတာမှ မဟုတ်တာလေ။
ကံကောင်းတာက ပါမောက္ခ ပက်ထရော့ဗ်က အင်္ဂလိပ်လို ပြောတတ်ပါတယ်။
"မင်းတို့လည်း လိုက်လာမယ်လို့ ကြားထားပါတယ်။ တွေ့ရတာ ဝမ်းသာပါတယ်။ ငါက နီကိုလိုင်း ပက်ထရော့ဗ် ပါ"
"တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က ကန်ဂျင်ဟူ ပါ"
ကျွန်တော်တို့ ခဏလောက် လက်ဆွဲနှုတ်ဆက်လိုက်ကြတယ်။
"အရင်ဆုံး အထဲဝင်ကြရအောင်"
ကန်ဂျင်ဟူက ပါမောက္ခ ကီရန်မိုဟန်နဲ့အတူ ရုရှားကို သွားတယ်ဆိုတဲ့ သတင်းက မြန်မြန်ဆန်ဆန်ပဲ ပျံ့နှံ့သွားခဲ့တယ်။ ဒါက သူ့ရဲ့ ပထမဆုံး ရုရှားခရီးစဉ်ပါပဲ။
OTK ကုမ္ပဏီရဲ့ စီအီးအိုတင် မဟုတ်ဘဲ ဒုတိယစီအီးအိုပါ တူတူသွားကြတာဆိုတော့ လူတွေက သူတို့ ဘာကိစ္စနဲ့ သွားတာလဲဆိုတာကို သဘာဝကျကျပဲ အာရုံစိုက်လာကြတယ်။
ရုရှားသမ္မတရုံးစိုက်ရာ ကရင်မလင်နန်းတော်ကလည်း ကန်ဂျင်ဟူရဲ့ လှုပ်ရှားမှုတွေကို အနီးကပ် စောင့်ကြည့်နေခဲ့တယ်။ သမ္မတ ဗိုင်ဆော့စကီးက ပုံမှန် သတင်းပို့ချက်တွေကို ရရှိနေတာပါ။
"သူက အခု မော်စကိုတက္ကသိုလ်ကို သွားနေပါတယ်။ နောက် မိနစ် ၃၀ အတွင်း ရောက်ရှိမှာဖြစ်ပြီး ပါမောက္ခ ပက်ထရော့ဗ်နဲ့ တွေ့ဆုံဖို့ ရှိပါတယ်"
သူ ဒီကိုလာရတဲ့ တကယ့်ရည်ရွယ်ချက်က ဘာဖြစ်မလဲ။ ပါမောက္ခ ကီရန်မိုဟန်နဲ့ ခရီးသွားတာကို အကြောင်းပြပြီး ရုရှားရဲ့ အခြေအနေကို လာပြီး လေ့လာတာလား။
သူက ကမ္ဘာ့အချမ်းသာဆုံးလူသားအဖြစ် လူတိုင်းက အသိအမှတ်ပြုထားတဲ့သူလေ။ စည်းစိမ်ဥစ္စာတင်မကဘဲ ကမ္ဘာ့စီးပွားရေးကို လှုပ်ခါနိုင်တဲ့ နည်းပညာတွေရှိတဲ့ ကုမ္ပဏီတွေကို ပိုင်ဆိုင်ထားတာပါ။
ရုရှားက ကွန်မြူနစ်အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်ဖြစ်ခဲ့တဲ့ ခေတ်က ကုန်လွန်သွားခဲ့ပါပြီ။ အခုအချိန်မှာတော့ ချမ်းသာတဲ့ အရင်းရှင်တွေကို လက်ကမ်းကြိုဆိုနေကြတာပါ။
နေတိုးမဟာမိတ်တွေနဲ့ တင်းမာမှုတွေ မြင့်တက်နေပြီး အနောက်အုပ်စုရဲ့ ပိတ်ဆို့မှုတွေအောက်မှာ ညည်းတွား နေရတဲ့အချိန်မှာ OTK ကုမ္ပဏီကသာ ရုရှားမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ပေးရင် စီးပွားရေးအတွက် အသက်ရှူချောင်စရာ ဖြစ်လာမှာပါ။
သမ္မတ ဗိုင်ဆော့စကီးက အမိန့်တစ်ခု ပေးလိုက်တယ်။
"အခြေအနေက ဘယ်လိုဖြစ်လာမလဲ မသိသေးဘူး၊ ဒါကြောင့် အရေးကြီးဆုံးကလွဲလို့ တခြားချိန်းဆိုမှုတွေ အကုန်ဖျက်လိုက်ပါ"