← Chapters

အခန်း ၃၄၇

Vol. 35 Ch. 347

အခန်း ၃၄၇

Vol. 35 Ch. 347

အခန်း (၃၄၇)

ကျွန်တော်တို့ဟာ ပါမောက္ခ ပက်ထရော့ဗ်ရဲ့ လမ်းညွှန်မှုနဲ့အတူ ဓာတ်ခွဲခန်းထဲကို လှည့်ပတ်ကြည့်ရှုခွင့်ရခဲ့တယ်။ ကွန်ပျူတာတွေ ရှေ့မှာ ထိုင်ပြီး အလုပ်လုပ်နေကြတဲ့ သုတေသီတွေရဲ့ မြင်ကွင်းက တခြားဓာတ်ခွဲခန်းတွေနဲ့ မခြားပါဘူး။

ဒါပေမဲ့လည်း သူတို့က တက္ကသိုလ်တစ်ခုထဲမှာ ယူရေနီယမ် ဒါမှမဟုတ် နျူကလီးယားလောင်စာချောင်းတွေနဲ့ စမ်းသပ်မှာမှမဟုတ်တာပဲ၊ ဒီမြင်ကွင်းက ပုံမှန်ပါပဲ။

TWR တည်ဆောက်ရေးက အမျိုးသားအဆင့် စီမံကိန်းတစ်ခုဖြစ်ပါတယ်။ ပါမောက္ခ ပက်ထရော့ဗ်ရဲ့ သုတေသနအဖွဲ့ဟာ Rosatom ရဲ့ ပံ့ပိုးမှုနဲ့အတူ အစိုးရဆီကနေ ရန်ပုံငွေထောက်ပံ့မှုရနေတာလို့ လူသိများပါတယ်။

တက်ဂယူက အသံတိုးတိုးနဲ့ မေးတယ်။

"Rosatomဆိုတာ ဘယ်လိုနေရာမျိုးလဲ"

"ရုရှားရဲ့ နျူကလီးယားစွမ်းအင်ကုမ္ပဏီလေ"

ကိုရီးယားမှာ Korea Hydro & Nuclear Power (KHNP) ရှိသလို ရုရှားမှာလည်း Rosatom ရှိတာပါ။ သူတို့က နျူကလီးယားဓာတ်အားပေးစက်ရုံတွေကို တည်ဆောက်တာ၊ ထိန်းသိမ်းတာနဲ့ စီမံခန့်ခွဲတာချင်း တူပေမဲ့ Rosatomက နျူကလီးယားလက်နက်တွေကိုပါ တီထွင်ထုတ်လုပ်ပါတယ်။

ရုရှားဟာ ပြည်တွင်းမှာ နျူကလီးယားဓာတ်အားပေးစက်ရုံ စုစုပေါင်း ၁၁ ခုကို လည်ပတ်နေပြီး ပြည်ပပို့ကုန်တွေကိုလည်း တက်တက်ကြွကြွ လုပ်ဆောင်နေတာကြောင့် ပြင်သစ်ရဲ့ EDF နဲ့အတူ ကမ္ဘာ့ထိပ်တန်း နျူကလီးယားစွမ်းအင်ကုမ္ပဏီတွေထဲက တစ်ခုအဖြစ် ရပ်တည်နေပါတယ်။

ပြင်ပဧည့်သည်တွေ သွားလို့ရတဲ့နေရာတွေကို လှည့်ပတ်ကြည့်ရှု ပြီးနောက် ကျွန်တော်တို့ ထိုင်လိုက်ကြတယ်။

"လက်ဖက်ရည်ကြမ်း သောက်မလား၊ ကော်ဖီ သောက်မလား"

"ကျွန်တော့်ကို ကော်ဖီပဲ ပေးပါ"

"ကိုလာ ရှိလား"

သုတေသီတစ်ယောက်က အဖျော်ယမကာတွေ လာချပေးတယ်။

"ရုတ်တရက်ကြီး ရောက်လာတဲ့အတွက် တောင်းပန်ပါတယ်။ ခင်ဗျားတို့ကို လန့်သွားစေရင် ခွင့်လွှတ်ပါ"

ပါမောက္ခ ပက်ထရော့ဗ်က သူ့ရဲ့ထွားကျိုင်းတဲ့ ခန္ဓာကိုယ်နဲ့ လိုက်ဖက်စွာ အော်ဟစ်ရယ်မောလိုက်တယ်။

"ဟားဟား။ တောင်းပန်စရာမလိုပါဘူး။ တကယ်တော့ အခွင့်အရေးရရင် မင်းနဲ့ တွေ့ချင်နေတာ။ မင်းတို့ အတူတူလာနေကြတယ်လို့ ပါမောက္ခ မိုဟန်ဆီက ကြားကတည်းက ဒီကအကြောင်းတွေကို ကြွားချင်စိတ်ကို မနည်းထိန်းထားရတာ"

အချိန်အတော်ကြာမှ ပြန်တွေ့ကြတဲ့ ပါမောက္ခနှစ်ယောက်ဟာ အာလာပသလာပ ပြောဖြစ်ကြတယ်။

ပါမောက္ခ မိုဟန်က အစပိုင်းမှာ နျူကလီးယားစွမ်းအင်အပေါ် အပျက်သဘောမြင်ခဲ့ပေမဲ့ ပါမောက္ခ ပက်ထရော့ဗ်နဲ့ စကားပြောရင်း သူ့ရဲ့အမြင်က တဖြည်းဖြည်း ပြောင်းလဲလာတာလို့ သိရပါတယ်။

သူတို့နှစ်ယောက်ဟာ ရာသီဥတုပြောင်းလဲမှုရဲ့ ပြင်းထန်မှုကို အတူတူစိုးရိမ်ကြတဲ့အတွက် ရင်းနှီးတဲ့ ဆက်ဆံရေးရှိကြတာပါ။

"ငါ နျူကလီးယားစွမ်းအင်အပေါ် အပျက်သဘောမြင်နေတုန်းပဲ" လို့ ပါမောက္ခမိုဟန်က ပြောတယ်။

"မတော်တဆမှုတစ်ခု ဖြစ်ပွားတဲ့အခါ ပျက်စီးဆုံးရှုံးမှုရဲ့ ကြောက်မက်ဖွယ်ရာက 'ဆိုးရွားတယ်' ဆိုတဲ့ စကားလုံးနဲ့တင် မလုံလောက်ဘူး။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ ရှိနေတဲ့ နျူကလီးယားစက်ရုံတွေကို ချက်ချင်း မဖျက်ဆီးနိုင်ဘူးဆိုရင် ပိုလုံခြုံပြီး ပိုထိရောက်တဲ့ နည်းလမ်းတွေကို ရှာဖွေတာက မှန်ကန်တဲ့ လုပ်ရပ်ပဲ"

ပါမောက္ခ ပက်ထရော့ဗ်က ပြောတယ်။

"လက်ရှိအခြေအနေအရ နျူကလီးယားစွမ်းအင်က ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု အနည်းဆုံး စွမ်းအင်အရင်းအမြစ်ပဲ။ အပူစွမ်းအင်သုံး ဓာတ်အားပေး စက်ရုံတွေက ဖုန်မှုန့်တွေနဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေကို အမြောက်အမြား ထုတ်လွှတ်တယ်။ မော်တော်ကားအိတ်ဇောတွေ နဲ့အတူ သူတို့က ပတ်ဝန်းကျင် ပျက်စီးခြင်းရဲ့ အဓိက တရားခံတွေပဲ"

နျူကလီးယားစက်ရုံတွေကို အဆင့်လိုက် ပိတ်သိမ်းမယ်လို့ ကြေညာထားတဲ့ ဂျာမနီဟာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရဲ့ ဝေစုကို တိုးမြှင့်ခဲ့ပေမဲ့ တစ်ချိန်ထဲမှာပဲ ကျောက်မီးသွေးစက်ရုံတွေကို အပြည့်အဝ လည်ပတ်ခဲ့တာကြောင့် ကံဆိုးစွာပဲ ပတ်ဝန်းကျင်ကို ပိုမိုပျက်စီးစေခဲ့တယ်။ နောက်ဆုံး သူတို့အတွက်ကျန်တဲ့ တခြားရွေးချယ်စရာက LNG ဓာတ်အားပေးစနစ်ပဲ ရှိခဲ့တော့တာပါ။ LNG ဓာတ်အားပေးစနစ်ကို အဆင်ပြေချောမွေ့စေဖို့ ရုရှားဆီကနေ သဘာဝဓာတ်ငွေ့ တင်သွင်းဖို့ ဂက်စ်ပိုက်လိုင်းတစ်ခု တည်ဆောက်နေပါတယ်။

ကျွန်တော် ပါမောက္ခ ကင်ဟိုမင်နဲ့ စကားပြောခဲ့တာကို ပြန်သတိရမိတယ်။

ပါမောက္ခ ကင်ဟိုမင်က စွမ်းအင်သိုလှောင်မှုစနစ် (ESS) ကနေတစ်ဆင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ထိရောက်စွာ အသုံးပြုနိုင်မယ့် နည်းလမ်းတွေကို သုတေသနပြုနေချိန်မှာ ပါမောက္ခ ပက်ထရော့ဗ်က နျူကလီးယားစွမ်းအင်ကို ပိုမိုလုံခြုံပြီး ထိရောက်စွာ အသုံးပြုနိုင်မယ့် နည်းလမ်းတွေကို သုတေသနပြုနေတာပါ။

ဒါက ဘယ်လောက်တောင် အံ့ဩဖို့ကောင်းလဲဆိုတာ ကျွန်တော့်ကို ထပ်ပြီး သတိရစေတယ်။

လူအများစုက သူတို့ရဲ့ နေ့စဉ်ဘဝတွေကို ဖြတ်သန်းနေကြချိန်မှာ ကမ္ဘာကြီးကို ပိုကောင်းတဲ့နေရာတစ်ခု ဖြစ်လာအောင် ကြိုးစားနေသူတွေ အမြဲတမ်း ရှိနေပါတယ်။ ခေတ်တိုင်းမှာ အဲဒီလိုလူတွေ ရှိခဲ့လို့သာ လူသားမျိုးနွယ်ဟာ ဒီလောက်အထိ တိုးတက်လာတာပါ။

" ပိုပြီး အသေးစိတ်ကျတဲ့ ရှင်းပြချက်ကို ပြောပြပေးလို့ရမလား"

"TWR အကြောင်းကို ပြောတာလား"

"ဟုတ်ကဲ့။ ကျွန်တော် မကြာသေးခင်ကမှ အဲဒီနယ်ပယ်ကို စိတ်ဝင်စားလာလို့ပါ"

ပညာရှင်တွေက များသောအားဖြင့် သူတို့ရဲ့ သုတေသနနယ်ပယ်အပေါ် ဂုဏ်ယူတတ်ကြပါတယ်။ ပုံမှန်အတိုင်းပဲ ပါမောက္ခ ပက်ထရော့ဗ်က TWRရဲ့ အကျဉ်းချုပ်နဲ့ အားသာချက်တွေကို စိတ်လှုပ်ရှားစွာ ရှင်းပြတယ်။

"မင်းသိတဲ့အတိုင်း နျူကလီးယားစွမ်းအင်မှာ ပြဿနာတွေ အများကြီးရှိတယ်။ ချာနိုဘိုင်း ဒါမှမဟုတ် ဖူကူရှီးမား မတော်တဆမှုတွေလိုမျိုး လူသားတွေရဲ့ မှားယွင်းမှုကြောင့် တစ်ခါတလေ ဆိုးရွားတဲ့ ဘေးအန္တရာယ်တွေ ဖြစ်ပွားတတ်တယ်။ ဒါပေမဲ့ TWR က လက်ရှိ နျူကလီးယားစက်ရုံတွေမှာ ရှိနေတဲ့ ပြဿနာအများစုကို ဖြေရှင်းပေးနိုင်တယ်"

TWRဟာ Fast Breeder Reactor (FBR) ကနေ မြစ်ဖျားခံလာတာပါ။ ဒီသဘောတရားက ၁၉၅၈ ခုနှစ်မှာ ဆိုဗီယက်ယူနီယံမှာ ပထမဆုံး ပေါ်ထွက်လာခဲ့တာလေ။

"ငါ့အဖေက နျူကလီးယားလက်နက်တွေကို တီထွင်ခဲ့တဲ့ သိပ္ပံပညာရှင်တစ်ယောက်ပါ။ ဓာတ်ပေါင်းဖိုတွေကနေ ထွက်လာတဲ့ အသုံးပြုပြီးသား လောင်စာတွေကို နျူကလီးယားလက်နက်တွေ အတွက် ကုန်ကြမ်းအဖြစ် သုံးခဲ့ကြတယ်"

FBR က ဓာတ်ပေါင်းဖိုတွေကနေ ထွက်လာတဲ့ အသုံးပြုပြီးသား လောင်စာတွေကို ပြန်လည်ပြုပြင်နိုင်ပါတယ်။ ပါမောက္ခ ပက်ထရော့ဗ်ရဲ့ အဖေနဲ့ ဆိုဗီယက်သိပ္ပံပညာရှင်တွေက FBR ဟာ စွန့်ပစ်ပစ္စည်းတွေကို ကိုင်တွယ်နိုင်သလို တစ်ချိန်ထဲမှာပဲ နျူကလီးယားလက်နက် တီထွင်မှုကို ကန့်သတ်ရာမှာ ကူညီပေးနိုင်မယ်လို့ ယုံကြည်ခဲ့ကြတယ်။

အဲဒီအချိန်တုန်းက အကြောင်းအမျိုးမျိုးကြောင့် သိပ်ပြီး အာရုံစိုက်မခံခဲ့ရပေမဲ့ အခုတော့ အခြေအနေတွေ ပြောင်းလဲသွားပါပြီ။ ယူရေနီယမ် ထောက်ပံ့မှု ပြတ်လပ်မှု၊ အသုံးပြုပြီးသား လောင်စာသိုလှောင်မှု ပြဿနာတွေနဲ့ နျူကလီးယား မပြန့်ပွားရေးတို့က ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေ ဖြစ်လာခဲ့တယ်။

TWR ရဲ့ အခြေခံမူတွေနဲ့ အကျဉ်းချုပ် ရှင်းလင်းချက်ကို ဆက်တိုက်ပြောပြခဲ့တယ်။ နားထောင်ပေမဲ့လည်း အများကြီး နားလည်မှာမဟုတ်မှန်း သိနေလို့ ကျွန်တော်တို့ ဂရုတစိုက်နဲ့ ခေါင်းပဲ ညိတ်နေလိုက်ပါတယ်။

အခြေခံမူတွေကို နားမလည်ရင်တောင် အားသာချက်တွေကတော့ ရှင်းနေပါတယ်။

နျူကလီးယားဓာတ်အားပေးစက်ရုံတွေကို များသောအားဖြင့် ကမ်းရိုးတန်းတစ်လျှောက်မှာ တည်ဆောက်လေ့ရှိတာပါ။ ဒါက အပေါ့စားရေဓာတ်ပေါင်းဖို (LWR) တွေရဲ့ သဘာဝအရ အအေးခံရေ အမြောက်အမြား လိုအပ်တာကြောင့် ဖြစ်ပြီး ကမ်းရိုးတန်းတွေမှာ တည်ဆောက်ရင် LWRတွေကို အအေးခံဖို့အတွက် ပေါများလှတဲ့ ပင်လယ်ရေကို သုံးလို့ရပါတယ်။ (ကိုရီးယားမှာတော့ အရှေ့ဘက်ကမ်းရိုးတန်းမှာ အများဆုံး စုပြုံနေပါတယ်)

ဒါပေမဲ့ TWR က နှေးကွေးတဲ့ နျူကလီးယားတုံ့ပြန်မှုကို အသုံးပြုပြီး အအေးခံဖို့အတွက် အရည်ပျော်သတ္တုကို သုံးတာပါ။ သီးခြားအအေးခံရေ မလိုတဲ့အတွက် ကုန်းတွင်းပိုင်းမှာ တည်ဆောက်နိုင်ပါတယ်။

နောက်ထပ် အားသာချက်တစ်ခုကတော့ LWR ဒါမှမဟုတ် အလေးစားရေဓာတ်ပေါင်းဖို (HWR) တွေနဲ့ နှိုင်းယှဉ်ရင် ပိုပြီး သေးငယ်အောင်နဲ့ မော်ဂျူးပုံစံ ပြုလုပ်ရလွယ်ကူတာပါပဲ။ အသေးစား ဓာတ်အားထုတ်လုပ်ဖို့ လိုအပ်တဲ့နေရာတွေမှာ တစ်ခုချင်းစီ တည်ဆောက်နိုင်ပြီး သင်္ဘောကြီးတွေ ဒါမှမဟုတ် ရေငုပ်သင်္ဘောတွေမှာပါ တပ်ဆင်နိုင်ခြေ ရှိပါတယ်။

ဒါက လက်ရှိ နျူကလီးယားစက်ရုံတွေ ရင်ဆိုင်နေရတဲ့ ပြဿနာအများစုကို ဖြေရှင်းပေးနိုင်မယ့် အလားအလာ ရှိနေတာပါ။

ကျွန်တော် အကဲခတ်တဲ့အနေနဲ့ မေးလိုက်တယ်။

"စမ်းသပ်မှုတွေ အောင်မြင်တယ်လို့ ယူဆရင် ဘယ်အချိန်လောက်မှာ စီးပွားဖြစ် လုပ်ဆောင်နိုင်မလဲ"

ပါမောက္ခ ပက်ထရော့ဗ်က ယုံကြည်မှုအပြည့်နဲ့ ပြန်ဖြေတယ်။

"စမ်းသပ်မှုတွေ အောင်မြင်ရင် တစ်နှစ်မပြည့်ခင်မှာ စီးပွားဖြစ် လုပ်နိုင်ပါတယ်။ ကြီးမားတဲ့ အဆောက်အဦးတွေ လိုအပ်တဲ့ လက်ရှိစက်ရုံတွေနဲ့မတူဘဲ တည်ဆောက်ချိန်နဲ့ ကုန်ကျစရိတ်ကို သိသိသာသာ လျှော့ချနိုင်မှာပါ"

ဒါပေမဲ့ သူက ချက်ချင်းပဲ ခေါင်းခါလိုက်တယ်။

"ပြဿနာက ဒီဘက်မှာရော တခြားနေရာမှာပါ ဒီအဆင့်မှာတင် တိုးတက်မှုက လုံးဝရပ်တန့်နေတာ။ ငါတို့က simulationတွေကနေတစ်ဆင့် အချက်အလက်တွေကို စုဆောင်းနေပေမဲ့ တကယ့်စမ်းသပ်မှုတွေကို ဘယ်တော့လုပ်နိုင်မလဲဆိုတာ မရေမရာဖြစ်နေတုန်းပဲ"

"ရပ်တန့်သွားရတဲ့ အဓိကအကြောင်းရင်းက ဘတ်ဂျက်ကန့်သတ်ချက်တွေကြောင့်လား"

"အဲဒါက အဓိကအကြောင်းရင်းလို့ပြောလို့ရတော့ ဟုတ်ပါတယ်"

ဓာတ်ပေါင်းဖို စမ်းသပ်မှုတွေက ဓာတ်ပေါင်းဖိုကို တည်ဆောက်ရုံတင်မကဘူး။ မမျှော်လင့်ဘဲ ဖြစ်လာနိုင်တဲ့ အခြေအနေတွေအတွက် ပြင်ဆင်ဖို့ အဆောက်အဦးတွေနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံမျိုးစုံကို တည်ဆောက်ရပါတယ်။

ဒေသခံပြည်သူတွေကို စည်းရုံးဖို့လည်း လိုအပ်ပေမဲ့ ရုရှားရဲ့ ကျယ်ပြောလှတဲ့ နယ်မြေနဲ့ အစိုးရရဲ့ ပြင်းထန်တဲ့ ဩဇာလွှမ်းမိုးမှုကြောင့် အဲဒီအပိုင်းကတော့ အဓိက အတားအဆီး ဖြစ်လာမှာမဟုတ်ပါဘူး။

စမ်းသပ်မှုနဲ့ စီးပွားဖြစ်လုပ်ဆောင်နိုင်တဲ့အထိ ကုန်ကျစရိတ်က ဒေါ်လာ သန်း ၁ ထောင်ခန့်ပါ။

အောင်မြင်မှု မရေရာတဲ့ အစီအစဉ်တစ်ခုမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် များပြားတဲ့ ပမာဏ ဖြစ်ပါတယ်။ ဒါပေမဲ့ အောင်မြင်မှာကို ရာနှုန်းပြည့် ယုံကြည်မှုရှိရင်တော့ ဒါက မယုံနိုင်စရာကောင်းလောက်အောင် နည်းပါးတဲ့ စျေးနှုန်းပါပဲ။

"ဒါဆို ရန်ပုံငွေပြဿနာ ပြေလည်သွားရင် စမ်းသပ်မှုတွေကို ဆက်လုပ်လို့ရတာပေါ့"

ပါမောက္ခ မိုဟန်က နောက်ပြောင်တဲ့သဘောနဲ့ ပြောတယ်။

"မင်း ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားနေတာတော့ မဟုတ်ပါဘူးနော်"

ကျွန်တော် ခေါင်းညိတ်လိုက်တယ်။

"ဟုတ်ကဲ့။ ကျွန်တော် ရင်းနှီးမြှုပ်နှံပါမယ်"

ကျွန်တော့်စကားက သူတို့နှစ်ယောက်လုံးကို မှင်တက်သွားစေတယ်။

"မင်း ရင်းနှီးမြှုပ်နှံမယ် ဟုတ်လား"

"ဟမ်။ ဘာလို့ ရုတ်တရက်ကြီးဆုံးဖြတ်ချက်ချလိုက်တာလဲ..."

ဒါကတော့ ကျွန်တော် အနာဂတ်ကို မြင်ခဲ့လို့ပါ။ ဒါပေမဲ့ ဒါကိုတော့ မပြောပြနိုင်ဘူးလေ။

တက်ဂယူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ကြားဖြတ်ဝင်ပြောတယ်။

"ဘာလို့လဲလို့ မေးတာလား။ ဆရာ။ ရာသီဥတုပြောင်းလဲမှုကို တားဆီးရမယ်ဆိုတဲ့ ဆရာတို့နှစ်ယောက်လုံးရဲ့ အမြင်ကို ကျွန်တော် အလွန်သဘောကျလို့ပါ။ ဒါက ပတ်ဝန်းကျင်ကို ကာကွယ်ဖို့ အင်မတန် ထူးခြားတဲ့ နည်းပညာပါပဲ။ ကမ္ဘာကြီး ပူနွေးလာမှုကို နှေးကွေးအောင် လုပ်နိုင်မယ်ဆိုရင် ပိုက်ဆံက တကယ်ပဲ အရေးကြီးလို့လား"

ကျွန်တော်ကလည်း ချက်ချင်း ထောက်ခံလိုက်တယ်။

"ဟု-ဟုတ်ပါတယ်။ ရာသီဥတုပြောင်းလဲမှုက လူသားအားလုံး အတူတူဖြေရှင်းရမယ့် ပြဿနာပါ။ ကျွန်တော် ဝမ်းမြောက်ဝမ်းသာနဲ့ ကူညီပံ့ပိုးပေးပါ့မယ်"

ပါမောက္ခနှစ်ယောက်ဟာ အလွန် စိတ်လှုပ်ရှားသွားကြတယ်။

ပါမောက္ခ ပက်ထရော့ဗ်က ကျွန်တော့်လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး ပြောတယ်။

"အံ့ဩဖို့ကောင်းလိုက်တာ။ မင်းက လူသားတွေရဲ့ အနာဂတ်ကို ဒီလောက်အထိ စိုးရိမ်နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"

"အာ…အဲ..."

ရင်းနှီးမြုတ်နှံဖို့လုပ်တာက ကျွန်တော့်ရဲ့ ကိုယ်ပိုင်အကျိုးအမြတ် သက်သက်အတွက် ဖြစ်နေတာကြောင့် သူတို့တွေ ဒီလောက်အထိ စိတ်လှုပ်ရှားနေတာက နည်းနည်းတော့ အနေရခက်စေပါတယ်။

[ကန်ဂျင်ဟူ ရုရှားသို့ လျှို့ဝှက်ခရီးစဉ် သွားရောက်]

[OTK ကုမ္ပဏီ စီအီးအို ရုရှားသို့ ရောက်ရှိ]

[မော်စကိုတက္ကသိုလ်တွင် ပါမောက္ခ မိုဟန်နှင့်အတူ ပါမောက္ခ ပက်ထရော့ဗ်နှင့် တွေ့ဆုံခြင်း - ကိုယ်ရေးကိုယ်တာလား၊ စီးပွားရေးလား]

[ကန်ဂျင်ဟူဟာ သမ္မတ ဗိုင်ဆော့စကီးနှင့် တွေ့ဆုံမည်လား]

ကျွန်တော်တို့ သတိထားခဲ့ကြပေမဲ့ ရုရှားကို ရောက်ရှိပြီး ပါမောက္ခ ပက်ထရော့ဗ်နဲ့ ဆက်သွယ်ခဲ့တဲ့ သတင်းက ကမ္ဘာအနှံ့ ပျံ့နှံ့သွားခဲ့တယ်။

ကျွန်တော်တို့ ရုရှားမှာ တည်းခိုမယ့်နေရာကို အတည်ပြုပြီး အလုပ်ကို ချက်ချင်း စလုပ်ကြတယ်။

ကုမ္ပဏီတစ်ခုမှာ ရင်းနှီးမြှုပ်နှံတာက နျူကလီးယားနည်းပညာမှာ ရင်းနှီးမြှုပ်နှံတာနဲ့ လုံးဝ ကွဲပြားပါတယ်။ နျူကလီးယားနည်းပညာက အမျိုးသားလုံခြုံရေးနဲ့ တိုက်ရိုက်သက်ဆိုင်နေတာကြောင့် နိုင်ငံခြားကုမ္ပဏီတစ်ခုက ရင်းနှီးမြှုပ်နှံဖို့အတွက် ရုရှားအစိုးရရဲ့ ခွင့်ပြုချက် လိုအပ်ပါတယ်။ ကျွန်တော်တို့ ပိုက်ဆံ ဘယ်လောက်ပဲ ယူလာယူလာ အစိုးရက ခွင့်မပြုရင်တော့ အလကားပဲ။

ခွင့်ပြုချက်ရရင်တောင် ရှုပ်ထွေးလှတဲ့ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းမျိုးစုံကို ကျော်ဖြတ်ရဦးမှာပါ။ ကိုရီးယား ဒါမှမဟုတ် ဂျပန်မှာဆိုရင် ဒီလုပ်ငန်းစဉ်က အနည်းဆုံး လအတော်ကြာ၊ ဒါမှမဟုတ် တစ်နှစ်ကျော် ကြာနိုင်ပေမဲ့ ရုရှားကတော့ အာဏာရှင်နိုင်ငံ ဖြစ်နေတာလေ။

သမ္မတ ဗိုင်ဆော့စကီးရဲ့ စကားတစ်ခွန်းထဲနဲ့တင် အရာအားလုံးက အဆင်ပြေချောမွေ့စွာ ပြီးမြောက်သွားနိုင်ပါတယ်။

OTK ကုမ္ပဏီက Rosatomဆီကို ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားကြောင်း အကြောင်းကြားခဲ့တယ်။ ကျွန်တော်တို့ဘက်ကလည်း ရင်းနှီးမြှုပ်နှံမှုအတွက် ရှုပ်ထွေးတဲ့ စာရွက်စာတမ်းတွေ လိုအပ်ပေမဲ့ ရန်ပုံငွေ အလုံအလောက်ရှိနေတာကြောင့် အရာအားလုံးကို ကိုယ်တိုင် လုပ်နေစရာမလိုပါဘူး။

Golden Gate ရဲ့ ရုရှားရုံးခွဲက ကျွန်တော်တို့အတွက် အရာအားလုံးကို စီမံပေးပါတယ်။

နျူကလီးယားစွမ်းအင်မှာ ရင်းနှီးမြှုပ်နှံတာက လက်ခံတဲ့သူရော ရင်းနှီးမြှုပ်နှံသူအတွက်ပါ ထိလွယ်ရှလွယ်တဲ့ ကိစ္စတစ်ခုပါ။ OTK ကုမ္ပဏီက အမေရိကန် ကော်ပိုရေးရှင်းတစ်ခု ဖြစ်တာကြောင့် ကိုရီးယားအစိုးရဆီ အစီရင်ခံဖို့ ဒါမှမဟုတ် ခွင့်ပြုချက်တောင်းဖို့ မလိုပါဘူး။

အဲဒီအစား အမေရိကန်အစိုးရရဲ့ ခွင့်ပြုချက် လိုအပ်မယ့် အစိတ်အပိုင်းတွေ ရှိမလားဆိုတာကို ပြန်လည်စစ်ဆေးမှု စတင်ခဲ့တယ်။ ကိုရီးယားရုံးခွဲက ဒီအပိုင်းကို ကိုင်တွယ်ပါတယ်။

ဥပဒေရေးရာအဖွဲ့ဟာ ရုတ်တရက် ကျလာတဲ့ အလုပ်ပုံကြီးကြောင့် အလုပ်များနေကြတယ်။

ကျွန်တော် ဥပဒေရေးရာအဖွဲ့ ၁ ရဲ့ အဖွဲ့ခေါင်းဆောင်ဆီကနေ စိတ်ဆိုးမာန်ဆိုးနဲ့ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့တယ်။

"ဒါက ဘာလဲ။ အဖွဲ့တစ်ခုလုံး နင့်ကြောင့် အိမ်တောင် မပြန်ရဘူး ဖြစ်နေပြီ။ ဂျင်ဟူ"

"အာ... အခြေအနေက အဲဒီလို ဖြစ်သွားတာပါ။ အလုပ်တွေက တကယ်ပဲ အဲဒီလောက်တောင် များနေလို့လား"

"အဲဒါက အခု အရေးကြီးလို့လား။ နင် ရွေ့လျားလှိုင်းနျူကလီးယားဓာတ်ပေါင်းဖို(TWR)မှာ ရင်းနှီးမြှုပ်နှံဖို့ သွားတာကို ဘာလို့ ဘာမှမပြောခဲ့တာလဲ။ အနည်းဆုံးတော့ ငါ့ကို ကြိုပြီး အသိပေးထားလို့ ရတာပဲကို"

အယ်လီက အလုပ်ပမာဏထက် ကြိုတင်အကြောင်းမကြားတာကို ပိုပြီး စိတ်ဆိုးနေပုံရပါတယ်။

"တောင်းပန်ပါတယ်။ ငါလည်း အခြေအနေက ဒီလိုဖြစ်သွားမယ်လို့ မသိခဲ့လို့ပါ။ အစပိုင်းမှာတော့ ဒီအတိုင်းနားထောင်ဖို့ပဲ ရည်ရွယ်ခဲ့တာပါ၊ ဒါပေမဲ့ ဆုံးဖြတ်ချက်က ရုတ်တရက်ကြီး ဖြစ်သွားလို့..."

"အဲဒါ လိမ်နေတာ။ ဟုတ်တယ်မလား"

"...အမှန်အတိုင်း ပြောတာပါ"

လိမ်နေတာမှန်း အယ်လီ ဘယ်လိုသိသွားတာလဲ။

ကျွန်တော် အယ်လီကို ချော့ဖို့ အချိန်နည်းနည်း ပေးလိုက်ရတယ်။

"ငါ လက်ဆောင်တစ်ခုခု ဝယ်ခဲ့ပါ့မယ်။ စိတ်လျှော့ပါနော်"

အယ်လီ့အသံက နည်းနည်းတော့ ပျော့ပြောင်းသွားတယ်။

"ငါ့ဒေါသပြေမပြေက နင် ဘယ်လိုလက်ဆောင်မျိုး ယူလာမလဲဆိုတဲ့အပေါ်မှာ မူတည်တယ်"

"......"

ရုရှားအရုပ် (Matryoshka doll) ဆိုရင် အဆင်ပြေလောက်မလား။

"ဒါနဲ့မေးရဦးမယ်။ ဖြစ်လာနိုင်တဲ့ ဥပဒေကြောင်းအရ အတားအဆီးတွေ ရှိလား"

"ငါ အခုပဲ စုံစမ်းကြည့်ပြီးပြီ၊ ကြီးမားတဲ့ ပြဿနာတော့ မရှိနိုင်ပါဘူး"

MegaPower ရဲ့ သုတေသနက အမေရိကန်ရဲ့ နျူကလီးယားနည်းပညာတွေ တရုတ်လက်ထဲ ရောက်သွားမှာကို စိုးရိမ်လို့ ရပ်တန့်ခဲ့တာပါ။ ကျွန်တော်တို့က နည်းပညာမဟုတ်ဘဲ ရန်ပုံငွေပဲ ရင်းနှီးမြှုပ်နှံမှာဖြစ်လို့ ဥပဒေကြောင်းအရ အခက်အခဲ မရှိနိုင်ပါဘူး။

"ဒါပေမဲ့ ဂျက်စီကာကတော့ တခြားပြဿနာတစ်ခုကို စိုးရိမ်နေတယ်"

လက်ရှိမှာ ရုရှားက အနောက်အုပ်စုရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ခံနေရတာပါ။ နေတိုးအဖွဲ့ဝင်နိုင်ငံတွေက Minsk Agreement ကို အကောင်အထည်ဖော်ဖို့ ဖိအားပေးနေကြတယ်။ ဒါပေမဲ့ ရုရှားကတော့ သူတို့ကို ဂရုမစိုက်ပါဘူး။

ဥပဒေကြောင်းအရ ပြဿနာတွေကို ရှောင်ရှားနိုင်ရင်တောင် နိုင်ငံရေးအရတော့ ဒါက ထိလွယ်ရှလွယ်တဲ့ အခြေအနေတစ်ခုပါပဲ။

"အမေရိကန်ရဲ့ သဘောတူညီမှုရှိရင် ကြီးမားတဲ့ ပြဿနာ ရှိမှာမဟုတ်ပါဘူး"

ရုရှားက တစ်ချိန်က အမေရိကန်ရဲ့ ရန်သူဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ တရုတ်ရဲ့ လျင်မြန်တဲ့ အင်အားကြီးထွားလာမှုနောက်ပိုင်း အခြေအနေက အနည်းငယ် ပြောင်းလဲသွားခဲ့တယ်။ အမေရိကန်က တရုတ်ကို တန်ပြန်ဖို့အတွက် ရုရှားကို အသုံးချဖို့ သူတို့ရဲ့ ပြည်ပမဟာဗျူဟာကို ပြန်လည်ပြင်ဆင်ခဲ့တယ်။

သမ္မတ ရိုနယ်ကလည်း ဒီမဟာဗျူဟာကို တွန်းအားပေးခဲ့တာပါ။ ဒါကြောင့် တရုတ်ကို ပြင်းပြင်းထန်ထန် ပစ်မှတ်ထားနေချိန်မှာ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေကိုတော့ ဖော်ဆောင်ဖို့ ဝန်လေးနေခဲ့တယ်။

ဒါ့အပြင် သူက သမ္မတရွေးကောက်ပွဲမတိုင်ခင်ကတည်းက ရုရှားလိုလားတဲ့ သဘောထားကြောင့် လူသိများခဲ့ပြီး သမ္မတ ဗိုင်ဆော့စကီးနဲ့လည်း ကြိုတင်ပြီး ကိုယ်ရေးကိုယ်တာ တွေ့ဆုံမှုတွေ မကြာခဏ ပြုလုပ်ခဲ့ဖူးပါတယ်။

ဥပဒေကို မချိုးဖောက်သရွေ့တော့ သူတို့က တက်တက်ကြွကြွ ဆန့်ကျင်မှာမဟုတ်ပါဘူး။

ဒါဆို အဓိက သော့ချက်က သမ္မတ ဗိုင်ဆော့စကီးရဲ့ သဘောထားပေါ့။

ကရင်မလင်နန်းတော်မှာ သမ္မတ သဘာပတိအဖြစ် ဆောင်ရွက်တဲ့ လျှို့ဝှက်အစည်းအဝေးတစ်ခုကို ကျင်းပခဲ့တယ်။

Rosatomနဲ့ Gazprom က တာဝန်ရှိသူတွေလည်း တက်ရောက် ခဲ့ကြတယ်။ နာမည်အရတော့ နှစ်ခုလုံးက ပုဂ္ဂလိကကုမ္ပဏီတွေဖြစ်ပေမဲ့ အာဏာရှင်နိုင်ငံရဲ့ ထုံးစံအတိုင်း နှစ်ခုလုံးက အစိုးရရဲ့ လမ်းညွှန်မှုအောက်မှာပဲ ထိရောက်စွာ လည်ပတ်နေတာပါ။

Rosatomရဲ့ စီအီးအို ထရူဆိုဗာက စိတ်လှုပ်ရှားစွာ ပြောတယ်။

"Rosatomမှာ ကိုယ်တိုင်ရင်းနှီးမြှုပ်နှံဖို့ ရန်ပုံငွေ အလုံအလောက်ရှိပါတယ်။ OTK ကုမ္ပဏီရဲ့ ပါဝင်ပတ်သက်မှုကို မဖြစ်မနေ လိုအပ်တာမျိုး မဟုတ်ပါဘူး"

ကန်ဂျင်ဟူဟာ လက်ရှိအချိန်အထိ သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုအားလုံးမှာ အောင်မြင်ခဲ့တယ်။ သူ့ရဲ့ စိတ်ဝင်စားမှုက စမ်းသပ်မှု အောင်မြင်ဖို့နဲ့ စီးပွားဖြစ်လုပ်ဆောင်နိုင်ဖို့ အလားအလာ အလွန်များပြားတာကို ပြသနေတာပါ။

Rosatomမှာ ရန်ပုံငွေ မပြတ်လပ်တာကြောင့် OTK ကုမ္ပဏီကို ဒီအထဲ ဆွဲသွင်းဖို့ မလိုဘူးလို့ ထင်ရပါတယ်။ OTK ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှုကို လက်ခံတာက စွန့်စားရမှုကို ခွဲဝေနိုင်မှာဖြစ်ပေမဲ့ အကျိုးအမြတ်ကိုလည်း ခွဲဝေပေးရမှာ ဖြစ်ပါတယ်။

စွမ်းအင်ဝန်ကြီးကလည်း အလားတူ အမြင်မျိုး ရှိပါတယ်။ ဒါပေမဲ့ အနည်းငယ်သော လူတချို့ကတော့ သဘောထားကွဲလွဲတဲ့ အမြင်တွေကို ထုတ်ဖော်ခဲ့ကြတယ်။

"ကန်ဂျင်ဟူက ဒီနယ်ပယ်မှာ ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ပြီးပြီဆိုရင် ရုရှားက ငြင်းပယ်ရင်တောင် သူက တခြားနေရာမှာပဲ သွားပြီး ရင်းနှီးမြှုပ်နှံလိမ့်မယ်။ နည်းပညာအရ အမေရိကန်ရဲ့ Megpowerက လက်ရှိမှာ ရှေ့တန်းက ရောက်နေတယ်လို့ သတ်မှတ်ထားကြတာ"

"ကန်ဂျင်ဟူကို ဖယ်ထုတ်ထားမယ့်အစား သူ့ရဲ့ ကျော်ကြားမှုကို အသုံးချတာက ပိုပြီး အကျိုးရှိလိမ့်မယ်။ ဒါက ရုရှားရဲ့ နျူကလီးယားနည်းပညာကို ထောက်ခံချက်ပေးသလိုမျိုး ဖြစ်မသွားဘူးလား။ ကန်ဂျင်ဟူနဲ့ လက်တွဲတာတစ်ခုထဲနဲ့တင် အနာဂတ် နျူကလီးယားစက်ရုံ စာချုပ်တွေ ရရှိဖို့အတွက် ကြီးမားတဲ့ အထောက်အကူ ဖြစ်လိမ့်မယ်"

ဖူကူရှီးမား မတော်တဆမှုနောက်ပိုင်း ဘေးအန္တရာယ်ကင်းရှင်းရေး သတိပြုမိမှု မြင့်မားလာတာကြောင့် ကမ္ဘာလုံးဆိုင်ရာ နျူကလီးယားစက်ရုံ တည်ဆောက်မှုတွေဟာ ကာလတစ်ခုအထိ ရပ်တန့်ခဲ့ရတယ်။ တစ်နည်းအားဖြင့်ပြောရရင် ဒါက ကြီးမားတဲ့ လိုအပ်ချက်တွေ စုပြုံနေခဲ့တာကို ဆိုလိုတာပါပဲ။ ပြီးတော့ ဒီလိုအပ်ချက်တွေက မကြာသေးခင်ကမှ ပြန်လည်လှုပ်ခတ်လာခဲ့တာပါ။

ယူကေ၊ တရုတ်၊ ချက်သမ္မတနိုင်ငံ၊ ဂျပန်၊ အီဂျစ်၊ ဆော်ဒီအာရေဗျနဲ့ တခြားနိုင်ငံတွေအစရှိတဲ့ နိုင်ငံအများအပြားဟာ နျူကလီးယားစက်ရုံ တည်ဆောက်ရေး အစီအစဉ်တွေကို အတည်ပြုထားကြတာလည်း ရှိသလို ပြန်လည်စဉ်းစားတာမျိုးလည်း ရှိနေကြတာပါ။ ရုရှားက ဒီစာချုပ်တွေကို ရရှိဖို့အတွက် တခြားနိုင်ငံတွေနဲ့ ပြင်းပြင်းထန်ထန် ပြိုင်ဆိုင်ခဲ့ရတယ်။

ဒီနယ်ပယ်မှာ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီက ပြင်သစ်ရဲ့ EDF ဖြစ်ပြီး သူတို့ရဲ့ နည်းပညာကလည်း ကမ္ဘာ့အဆင့်မီ ဖြစ်ပါတယ်။

တရုတ်က CNNC (China National Nuclear Corporation) နဲ့ CGN (China General Nuclear Power Group) တို့ကို ရှေ့တန်းတင်ပြီး စျေးနှုန်းသက်သာတဲ့ လေလံဆွဲမှုတွေနဲ့ စာချုပ်တွေကို တက်တက်ကြွကြွ လိုက်လံရယူနေပါတယ်။ သူတို့ရဲ့ မဟာဗျူဟာက ချက်ချင်းရမယ့် အကျိုးအမြတ်ထက် ကမ္ဘာ့နျူကလီးယားစျေးကွက်မှာ သူတို့ရဲ့ တည်ရှိမှုကို တည်ဆောက်ဖို့အတွက် ပြည်ပပို့ကုန် မှတ်တမ်းကောင်း ရရှိရေးကို ဦးစားပေးတာပါ။

ကိုရီးယားကလည်း ပြင်းထန်တဲ့ ပြိုင်ဘက်တစ်ခု ဖြစ်ပါတယ်။ ၇၀ ပြည့်လွန်နှစ်တွေကတည်းက အရှေ့အလယ်ပိုင်း တည်ဆောက်ရေး စီမံကိန်းတွေမှာ ထိပ်တန်းက ရှိခဲ့တဲ့ ကိုရီးယားဟာ အဲဒီအချိန်က တည်ဆောက်ခဲ့တဲ့ ယုံကြည်မှုကို အသုံးချပြီး နျူကလီးယားစီမံကိန်းတွေကို လုပ်ဆောင်နေပါတယ်။ ယူအေအီးရဲ့ ဘာရာကာ စက်ရုံစာချုပ်ကို ရရှိခဲ့တာက အထင်ရှားဆုံး ဥပမာပါပဲ။

တခြားတစ်ဖက်မှာတော့ Rosatomဟာ အနောက်အုပ်စုရဲ့ ပိတ်ဆို့အရေးယူမှုတွေလိုမျိုး အချက်တွေကြောင့် အခြေအနေမလှ ဖြစ်နေခဲ့တယ်။ ဒါပေမဲ့ TWRကို အောင်မြင်စွာ စမ်းသပ်နိုင်ရင်တော့ ဒီအခြေအနေကို လုံးဝ ပြောင်းပြန်လှန်ပစ်နိုင်ပါတယ်။

နျူကလီးယားကဏ္ဍမှာတော့ ဒါက ရုရှားအတွက် ကမ္ဘာ့ထိပ်တန်းကို ရောက်ရှိသွားနိုင်မယ့် အခွင့်အရေးပါပဲ။

ရုရှားသာ အောင်မြင်သွားရင် အမေရိကန်နဲ့ တရုတ်က ငြိမ်ခံနေမှာမဟုတ်ပါဘူး။ သူတို့ကလည်း အမီလိုက်ဖို့အတွက် သူတို့ရဲ့ ကိုယ်ပိုင်စမ်းသပ်မှုတွေကို ချက်ချင်း ပြန်လည်စတင်ကြလိမ့်မယ်။ ဒါပေမဲ့ အဲဒီအချိန်အထိတော့ ရုရှားက ပြတ်ပြတ်သားသား အသာစီး ရထားနိုင်မှာ ဖြစ်ပါတယ်။

အရင်က သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဝန်ကြီးချုပ် ဗော်လ်ကော့ဗ်က အခြေအနေကို ပိုပြီး မျှတစွာ ရှုမြင်တယ်။

"ကန်ဂျင်ဟူက မောင်းသူမဲ့ လျှပ်စစ်ကားတွေ၊ ဂိမ်းတွေနဲ့ အိုင်တီလိုမျိုး လုပ်ငန်းကဏ္ဍမျိုးစုံမှာ ရင်းနှီးမြှုပ်နှံနေတာ။ ကျွန်တော်တို့ သူ့ကို ဒီစီမံကိန်းမှာ ပါဝင်စေပြီး ကဏ္ဍမျိုးစုံမှာ OTK ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းအောင် လုပ်သင့်တယ်။ ဒါက ရပ်တန့်နေတဲ့ ရုရှားစီးပွားရေးကို ပြန်လည်ဦးမော့လာစေဖို့ အခွင့်အရေးကောင်းပဲ"

သမ္မတ ဗိုင်ဆော့စကီးက စဉ်းစားဟန်နဲ့ စားပွဲပေါ်ကို သူ့လက်ချောင်းတွေနဲ့ တတောက်တောက် ခေါက်နေလိုက်တယ်။

ခဏဏလောက် တိတ်ဆိတ်သွားပြီးနောက် သူက ပြောတယ်။

"အရင်ဆုံး ကန်ဂျင်ဟူနဲ့ တွေ့ကြည့်ကြတာပေါ့၊ ပြီးမှပဲ ဆုံးဖြတ်ကြမယ်"

All Chapters