← Chapters

အခန်း ၃၄၈

Vol. 35 Ch. 348

အခန်း ၃၄၈

Vol. 35 Ch. 348

အခန်း (၃၄၈)

ကျွန်တော်တို့ အမေရိကန်သံရုံးအနီးက ဟိုတယ်တစ်ခုမှာ တည်းခိုခဲ့ကြတယ်။

အဲဒါက အမေရိကန်ပိုင်ဟိုတယ်တစ်ခုဖြစ်ပြီး အမေရိကန် သံတမန်တွေနဲ့ စီးပွားရေးသမားတွေ အလာများတဲ့နေရာပေါ့။ အကောင်းဆုံးအချက်ကတော့ အသံလုံစနစ်နဲ့ နားထောင်မှု ကာကွယ်ရေးစနစ်တွေ သေသေချာချာ ရှိနေတာပါ။ ရုရှားရဲ့ သမိုင်းကြောင်းအရ ဒီလိုကိစ္စတွေနဲ့ပတ်သက်လို့ သတိထားတာ ဘာမှမမှားဘူးလေ။

ဟိုတယ်ကနေ မော်စကိုမြို့လယ်ခေါင်ရဲ့ မြင်ကွင်းကျယ်ကြီးကို လှမ်းမြင်နေရတယ်။

"မော်စကိုအထိ တကူးတက လာခဲ့ရတာ၊ အနည်းဆုံးတော့ အလည်အပတ်လေး သွားသင့်တာပေါ့။ ရင်ပြင်နီတို့၊ စိန့်ဘေဆဲလ် ဘုရားကျောင်းတို့လိုနေရာမျိုးကို သွားကြမလား"

"ဟမ်... မင်းက စိန့်ဘေဆဲလ် ဘုရားကျောင်းကို သိလို့လား"

" Tetris ဂိမ်းထဲမှာ ပါတယ်လေ"

"..."

အလည်အပတ်မသွားနိုင်တာက နည်းနည်းတော့ စိတ်ပျက်စရာ ကောင်းပေမဲ့ အခုလိုအချိန်မှာ အပြင်လျှောက်သွားနေရင် မီဒီယာတွေရဲ့အာရုံစိုက်မှုကို မလိုလားအပ်ဘဲ ဆွဲဆောင်သလို ဖြစ်နေမှာပါ။

အခုအချိန်လောက်ဆို ရုရှားအစိုးရက ရင်းနှီးမြှုပ်နှံမှုကို လက်ခံမလား၊ လက်မခံဘူးလားဆိုတာကို ဆွေးနွေးနေလောက်ပါပြီ။ သူတို့တွေ ကျွန်တော် ဒီဟိုတယ်မှာ တည်းနေတယ်ဆိုတာကို သေချာပေါက် သိနေမှာဖြစ်လို့ တစ်နည်းနည်းနဲ့တော့ ဆက်သွယ်လာမှာပဲ။ ကျွန်တော် ဟိုတယ်ခန်းထဲမှာပဲနေပြီး အချက်အလက်တွေကို ပြန်သုံးသပ်နေခဲ့တယ်။

"သမ္မတ ဗိုင်ဆော့စကီး..."

၂၁ ရာစုက အာဏာရှင်တွေရဲ့ ရွှေခေတ်ပဲ။

သမ္မတ ရိုနယ်က 'အမေရိကန်ကို တစ်ကျော့ပြန် ကြီးကျယ်ခမ်းနားစေရမယ်' လို့ လူသိရှင်ကြား ကတိပြုခဲ့ပြီး ဝန်ကြီးချုပ် အိုကာဇာကီကလည်း 'ဂျပန်ကို ပြန်လည် ထူထောင်မယ်' ဆိုပြီး အော်ဟစ်ခဲ့တယ်။ ပြီးတော့ သမ္မတ ကျန်းဖင်ဟွာကလည်း 'အင်အားကြီးနိုင်ငံ ပြန်လည်ဦးမော့လာရေး' နဲ့ 'တရုတ်အိပ်မက်' ကို ကြေညာခဲ့တာပဲ။ သမ္မတ ဗိုင်ဆော့စကီးကလည်း အာဏာရနေတဲ့ သက်တမ်းတစ်လျှောက်လုံးမှာ 'အင်အားကြီး ရုရှား' ဖြစ်လာဖို့ အမြဲတမ်း ကြိုးပမ်းခဲ့တယ်။

ဗစ်တာ အန်တိုနိုဗစ်ချ် ဗိုင်ဆော့စကီးဟာ ရုရှားထောက်လှမ်းရေး အေဂျင်စီဖြစ်တဲ့ KGB အရာရှိဟောင်းတစ်ဦးဖြစ်ပြီး နိုင်ငံရေးလောကထဲကို ဝင်ရောက်လာကာ သမ္မတ ဘောရစ် ယဲ့လ်ဆင်က သူ့ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့တယ်။

နောက်ပိုင်းမှာ ယဲ့လ်ဆင်က ကျန်းမာရေးပြဿနာတွေကြောင့် (သူက အရက်အလွန်အကျွံသောက်ပြီး လူပုံအလယ်မှာ မူးရူးနေတတ်တာကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်) သမ္မတရာထူးကနေ နုတ်ထွက်သွားတဲ့အခါ အဲဒီအချိန်က ဝန်ကြီးချုပ်ဖြစ်တဲ့ ဗိုင်ဆော့စကီးက ယာယီသမ္မတ ဖြစ်လာပြီး အာဏာလွှဲပြောင်းရယူခဲ့တယ်။

အဲဒီနောက် သူက သမ္မတရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး ရေရှည်အာဏာစိုးမိုးမှုကို စတင်ခဲ့တယ်။ ဒါပေမဲ့ ရုရှားဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတတစ်ဦးကို သက်တမ်းသုံးကြိမ် ဆက်တိုက် တာဝန်ထမ်းဆောင်ခွင့် မပြုထားပါဘူး။

သက်တမ်းသုံးကြိမ် ဆက်တိုက် တာဝန်ထမ်းဆောင်နိုင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို သူ ပြင်ဆင်လိမ့်မယ်လို့ လူတိုင်းက မျှော်လင့်ထားကြပေမဲ့ ဗိုင်ဆော့စကီးက နောက်ဆုတ်ပေးခဲ့ပြီး သူ့ရဲ့ လူယုံတော် ဗော်လ်ကော့ဗ်ကို သမ္မတလောင်းအဖြစ် တင်မြှောက်ခဲ့တယ်။

ဗော်လ်ကော့ဗ်က ဗိုင်ဆော့စကီးရဲ့ သစ္စာရှိလက်အောက် ငယ်သားအဖြစ် လူသိများသူဖြစ်ပြီး ဗိုင်ဆော့စကီးရဲ့ ထောက်ခံမှုနဲ့အတူ သမ္မတအဖြစ် အလွယ်တကူ ရွေးကောက်ခံခဲ့ရတယ်။ ဗိုင်ဆော့စကီးကတော့ ဝန်ကြီးချုပ်ရာထူးကို ယာယီပြောင်းလဲ တာဝန်ယူခဲ့တာပေါ့။

အဲဒီနောက် နောက်တစ်ကြိမ် ရွေးကောက်ပွဲမှာတော့ သူက သမ္မတအဖြစ် ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်။ အကြောင်းပြချက်ကတော့ ရုရှားဖွဲ့စည်းပုံအခြေခံဥပဒေက သက်တမ်းသုံးကြိမ် 'ဆက်တိုက်' တာဝန်ထမ်းဆောင်တာကိုပဲ တားမြစ်ထားတာဖြစ်ပြီး စုစုပေါင်း သုံးခါ တာဝန်ထမ်းဆောင်တာကို မတားမြစ်ထားဘူးဆိုတဲ့ အချက်ကြောင့် ဝင်ပြိုင်နိုင်ခဲ့တာပါ။

ဗိုင်ဆော့စကီးက ထောက်ခံမှုအပြတ်အသတ်ရပြီး သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရကာ ရာထူးကနေ နုတ်ထွက်သွားတဲ့ သမ္မတ ဗော်လ်ကော့ဗ်က ဝန်ကြီးချုပ် ပြန်ဖြစ်လာခဲ့တယ်။ ဒါက 'စုံလည်ကုလားထိုင်' နိုင်ငံရေးသီအိုရီရဲ့ အပြည့်စုံဆုံး ဥပမာတစ်ခုပါပဲ။

"အာဏာရှင်နိုင်ငံတွေက ဘာဖြစ်လို့ ရွေးကောက်ပွဲတွေ အပင်ပန်းခံ ကျင်းပနေကြတာလဲ"

"သူတို့ရဲ့ အုပ်ချုပ်မှုအတွက် တရားဝင်မှု အခွင့်အာဏာကို ရရှိဖို့ပေါ့"

ဂျာမန် လူမှုဗေဒပညာရှင်နဲ့ ဒဿနိကဗေဒပညာရှင် မက်စ်ဝါဘာ က တရားဝင်အခွင့်အာဏာ သုံးမျိုးကို ဖော်ပြခဲ့ဖူးတယ်။ အဲဒါတွေကတော့ ရိုးရာအစဉ်အလာအရ အခွင့်အာဏာ၊ ထူးခြားပြောင်မြောက်တဲ့ စွမ်းဆောင်ချက်အရ အခွင့်အာဏာ နဲ့ ဆင်ခြင်တုံတရားနှင့် ဥပဒေအရ အခွင့်အာဏာတို့ပါပဲ။

ရိုးရာအစဉ်အလာအရ အခွင့်အာဏာဆိုတာ သားစဉ်မြေးဆက် အုပ်ချုပ်မှုကို ဆိုလိုတာပါ။ ယုတ္တိဗေဒကတော့ 'ငါ့အဖေက ရှင်ဘုရင်၊ သူ့အဖေကလည်း ရှင်ဘုရင်၊ ဒါကြောင့် ငါလည်း ရှင်ဘုရင်ဖြစ်ရမယ်' ဆိုတဲ့ သဘောပေါ့။ ဒါက အတိတ်တုန်းက နိုင်ငံအတော်များများရဲ့ စံနှုန်းတစ်ခုဖြစ်ခဲ့ပါတယ်။

ပြောင်မြောက်တဲ့စွမ်းဆောင်ချက်အရ အခွင့်အာဏာကတော့ တစ်ဦးတစ်ယောက်က အာဇာနည်ဆန်တဲ့ လုပ်ရပ်တွေကနေတစ်ဆင့် အာဏာရလာတာမျိုးပါ။ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်ခဲ့တဲ့ မော်စီတုန်း ဒါမှမဟုတ် တူရကီသမ္မတနိုင်ငံကို ထူထောင်ခဲ့တဲ့ မူစတာဖာ ကေမယ်လ် တို့က ဒီအမျိုးအစားထဲမှာ ပါဝင်ပါတယ်။

ဆင်ခြင်တုံတရားနှင့် ဥပဒေအရ အခွင့်အာဏာကတော့ လူ့အဖွဲ့အစည်းဝင်တွေ သဘောတူထားတဲ့ ဒီမိုကရေစီနည်းကျ လုပ်ထုံးလုပ်နည်းတွေကနေ လာတာပါ။ ပြောရရင် ရွေးကောက်ပွဲတွေကတစ်ဆင့် ရွေးချယ်ခံရတာပေါ့။

" ဒါတွေထဲက တစ်ခုထဲပဲ အမြဲရှိနေတာတော့ မဟုတ်ဘူး၊ တစ်ခါတလေ ခေါင်းဆောင်တွေက အခွင့်အာဏာ အမျိုးအစား နှစ်မျိုး ဒါမှမဟုတ် သုံးမျိုးလုံးကို တစ်ပြိုင်ထဲ ပိုင်ဆိုင်ထားတတ်ကြတယ်"

ဥပမာ စွမ်းဆောင်ချက်အရ ခေါင်းဆောင်တစ်ယောက် ရွေးကောက်ခံရတဲ့ ဖခင်ဖြစ်သူဆီက ရာထူးယူပြီးနောက် အစားထိုး ရွေးကောက်ခံရတာမျိုးပေါ့။

ဒါပေမဲ့ ဆင်ခြင်တုံတရားနှင့် ဥပဒေအရ အခွင့်အာဏာကို အကောင်းဆုံးလို့ သတ်မှတ်ကြတယ်။ ဥပဒေကြောင်းအရ လုပ်ထုံးလုပ်နည်းတွေအတိုင်း ကျင်းပတဲ့ ရွေးကောက်ပွဲတွေက အုပ်ချုပ်မှုရဲ့ တရားဝင်မှုကို ခိုင်မာစေလို့ပါပဲ။

ဒါကြောင့် အာဏာရှင်နိုင်ငံအတော်များများက အနည်းဆုံးတော့ ဒီမိုကရေစီ အပေါ်ယံ ဟန်ပြလုပ်ထုံးလုပ်နည်းတွေကို ထိန်းသိမ်းထားကြတယ်။ မြောက်ကိုရီးယားတောင်မှ မဲပေးပွဲတွေ ကျင်းပသေးတာပဲ။

မဲပေးပွဲကနေ ဆက်ခံမှုကို မျိုးဆက်သုံးဆက်တိုက် သားစဉ်မြေးဆက် ဆက်ခံမှုနဲ့ 'အထွတ်အမြတ် ဂုဏ်ဒြပ်'(စွမ်းဆောင်ရည်) ကို နေ့စဉ် ဝါဒဖြန့် ချီးမွမ်းခန်းဖွင့်မှုတွေနဲ့ ပေါင်းစပ်လိုက်ရင် သူတို့က တရားဝင်မှု ပုံစံသုံးမျိုးလုံးကို နည်းပညာပိုင်းအရ ရရှိထားပြီးသား ဖြစ်သွားတာပေါ့။

စီးပွားရေး ပျက်ပြားပြီး ပြည်သူတွေ ငတ်မွတ်ခေါင်းပါးနေရင်တောင် ပုန်ကန်မှုတွေ ဒါမှမဟုတ် တော်လှန်ရေးတွေ ဘာလို့ မဖြစ်ပွားရသလဲဆိုတာက အဲဒါကြောင့်ပါ။ ဒါပေမဲ့ အဲဒီအခြေအနေက ထာဝရတော့ တည်တံ့နေမှာ မဟုတ်ပါဘူး။

"တရားဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ အရေးအကြီးဆုံးက စီးပွားရေးပဲ။ စီးပွားရေး တိုးတက်နေရင် ပြည်သူတွေက အာဏာရှင်စနစ်ကို လျစ်လျူရှုပေးနိုင်ကြတယ်"

ဆိုဗီယက်ယူနီယံ ပြိုကွဲပြီး နိုင်ငံတော် အကြွေးမဆပ်နိုင်တဲ့ အခြေအနေကိုတောင် ကြုံတွေ့ခဲ့ရပြီးတဲ့နောက် ရုရှားက ဆုတ်ယုတ်ပျက်စီးမယ့် လမ်းကြောင်းပေါ် ရောက်နေသလို ဖြစ်ခဲ့တယ်။

ဒါပေမဲ့ သမ္မတ ဗိုင်ဆော့စကီး အာဏာရလာပြီးနောက်မှာတော့ ရုရှားက အံ့မခန်း ပြန်လည်ဦးမော့လာခဲ့တယ်။ စီးပွားရေး အကြပ်အတည်းကို ကျော်လွှားနိုင်ခဲ့ပြီး GDP လည်း သိသိသာသာ တိုးတက်လာခဲ့တယ်။

ဒါက ဗိုင်ဆော့စကီးက တစ်ခုခုကို ထူးထူးခြားခြား ကောင်းကောင်းမွန်မွန် လုပ်ဆောင်ခဲ့လို့ မဟုတ်ပါဘူး။ သူ အာဏာရနေစဉ်အတွင်း ရေနံစျေးနှုန်းတွေ ဆက်တိုက် မြင့်တက်လာခဲ့လို့သာ ဖြစ်ပါတယ်။

ရုရှားက OPEC အဖွဲ့ဝင် မဟုတ်ပေမဲ့ သူ့ရဲ့ စီးပွားရေးဖွဲ့စည်းပုံက OPECနိုင်ငံတွေနဲ့ ထပ်တူနီးပါး တူညီနေတာပါ။ တစ်နည်းအားဖြင့်ပြောရရင် ရေနံနဲ့ သဘာဝဓာတ်ငွေ့အပေါ် မှီခိုနေရတဲ့ ပုံမှန် သယံဇာတအခြေပြု စီးပွားရေးမျိုးပေါ့။

လက်နက်လုပ်ငန်းကတော့ ရုရှားတွေ ထူးချွန်တဲ့ တစ်ခုထဲသော တခြားကဏ္ဍ ဖြစ်နိုင်ပါတယ်။ ဆိုဗီယက်ယူနီယံဟာ တစ်ချိန်က အမေရိကန်နဲ့ လက်နက်ပြိုင်ဆိုင်မှုတွေ လုပ်ခဲ့ပြီး ရုရှားက အဲဒီနည်းပညာပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေကို အမွေဆက်ခံခဲ့တာပါ။ ဒါပေမဲ့ အခုအချိန်မှာတော့ အဲ့ဒီကဏ္ဍကလည်း ပိုပြီး ခက်ခဲလာနေပါပြီ။

ခေတ်မီဆန်းသစ်တဲ့ လက်နက်တွေဟာ ကြီးမားတဲ့ ဓာတုဗေဒလုပ်ငန်းတွေနဲ့ အိုင်တီ (IT) ကဏ္ဍကို အခြေခံဖို့ လိုအပ်ပါတယ်။ လက်ရှိရှိနေတဲ့ လက်နက်တွေကို အဆင့်မြှင့်တင်ဖို့ဆိုတာ ဖြစ်နိုင်ပေမဲ့ အခြေခံစက်မှုလုပ်ငန်းက အားနည်းနေတဲ့အခါ နောက်ဆုံးပေါ် လက်နက်တွေကို တီထွင်ဖန်တီးဖို့က အကန့်အသတ် ရှိနေတာမျိုးပါ။

ခရိုင်းမီးယားကို သိမ်းပိုက်လိုက်တာက ရုရှားရဲ့အင်အားကို ကမ္ဘာကို ပြသနိုင်ခဲ့ပေမဲ့ တစ်ဖက်မှာလည်း ဥရောပနိုင်ငံတွေအကြား စိုးရိမ်ထိတ်လန့်မှုတွေကို ဖြစ်ပေါ်စေခဲ့တယ်။

အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေအပြီးမှာ ရုရှားသုံးငွေ ရူဘယ် တန်ဖိုး ထိုးဆင်းသွားခဲ့ပြီး စီးပွားရေးကလည်း ကျဆင်းမှုထဲ ရောက်သွားခဲ့တယ်။

အခုအချိန်မှာတော့ ရုရှားစီးပွားရေးက လျှော့ပြောရရင်တောင် တော်တော်လေး ဆိုးရွားနေတာပါ။ ပိတ်ဆို့အရေးယူမှုတွေက အဆုံးအဖြတ်ပေးတဲ့ ဒဏ်ချက်တစ်ခု ဖြစ်ခဲ့ပေမဲ့ ဓမ္မဓိဋ္ဌာန်ကျကျ ကြည့်မယ်ဆိုရင် စက်မှုလုပ်ငန်းကို အသွင်ကူးပြောင်းဖို့ ပျက်ကွက်ခဲ့တာက အဲဒီမတိုင်ခင်ကတည်းကပါပဲ။

တရုတ်နိုင်ငံနဲ့ နှိုင်းယှဉ်ကြည့်ရင် ရုရှားစီးပွားရေးအခြေအနေက ပိုပြီး ရှင်းလင်းသွားပါလိမ့်မယ်။ ဗိုင်ဆော့စကီး အာဏာရနေတုန်းမှာ တရုတ်နိုင်ငံက အရှိန်အဟုန်ပြင်းပြင်းနဲ့ တိုးတက်လာခဲ့တယ်။ အစိုးရရဲ့ တွန်းအားပေးမှုကြောင့်ပဲဖြစ်ဖြစ်၊ ကြီးမားတဲ့ ပြည်တွင်းစျေးကွက်ရဲ့ အကျိုးကျေးဇူးကြောင့်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် မူပိုင်ခွင့်တွေကို လျစ်လျူရှုပြီး နိုင်ငံခြားနည်းပညာတွေကို ကူးယူခဲ့လို့ပဲဖြစ်ဖြစ်... ဘာပဲဖြစ်ဖြစ် WeChant၊ Alijini နဲ့ ဝေဟွာ လို ကမ္ဘာ့အဆင့်မီ ကုမ္ပဏီပေါင်းများစွာ ပေါ်ထွက်လာခဲ့တယ်။

ဒါပေမဲ့ အရင်ကရော အခုအထိပါ ရုရှားရဲ့ ကမ္ဘာသိကုမ္ပဏီဆိုလို့ Gazpromပဲ ရှိတာပါ။ နာမည်အတိုင်းပဲ ဒီကုမ္ပဏီက လုပ်တာက ဓာတ်ငွေ့ရောင်းတာပါပဲ။

" သူတို့မှာ သယံဇာတတွေ ရှိနေသေးလို့ တော်သေးတာပေါ့"

"ဟုတ်တယ်"

ရုရှားက ထွက်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို ရေနံလိုင်းတွေ၊ ဓာတ်ငွေ့ပိုက်လိုင်းတွေကတစ်ဆင့် ဥရောပတစ်ခွင်လုံးကို ပို့လွှတ်ဖြန့်ဖြူးပေးနေတာပါ။ ရုရှားကသာ ဓာတ်ငွေ့ပိုက်လိုင်းအဆို့ရှင်တွေကို ချက်ချင်းပိတ်လိုက်ရင် ပရမ်းပတာ ဖြစ်သွားမယ့် နိုင်ငံတွေ မနည်းပါဘူး။

ဒါပေမဲ့ အဲဒီလိုလုပ်ရင် ရုရှားကိုယ်တိုင်လည်း ကြီးမားတဲ့ ဆုံးရှုံးမှုကို ခံရမှာဖြစ်လို့ လက်တွေ့မှာ လုပ်ဖို့ကတော့ ခက်ခဲပါတယ်။

"ယူကရိန်းကိုပဲ ကြည့်လေ၊ ရုရှားနဲ့ စစ်ဖြစ်နေရင်တောင် သူတို့ပိုင်နက်ထဲကို ဖြတ်သန်းသွားတဲ့ ရုရှားဓာတ်ငွေ့ပိုက်လိုင်းတွေကို မထိရဲကြဘူး"

တက်ဂယူက ခေါင်းညိတ်ပြတယ်။

"အဲဒါကို သွားထိရင်တော့ အစ်ကိုကြီး ဗိုင်ဆော့စကီးရဲ့ ရန်သူဖြစ်သွားမှာလေ။ လုံးဝ ရန်သူအစစ်ကြီးပေါ့"

ဒီကမ္ဘာပေါ်မှာ လုပ်လို့ရတဲ့အရာတွေရှိသလို လုပ်လို့မရတဲ့ အရာတွေလည်း ရှိပါတယ်။ ရုရှားရဲ့ ဓာတ်ငွေ့ပိုက်လိုင်းတွေကို သွားရှုပ်တာကတော့ သေချာပေါက် လုပ်လို့မရတဲ့အထဲမှာ ပါဝင်တာပေါ့။

နှစ်ရက်ကြာပြီးနောက် ကရင်မလင်ကနေ ဖိတ်ကြားစာတစ်စောင် ရောက်လာခဲ့တယ်။ ဝန်ကြီး ဒါမှမဟုတ် ဝန်ကြီးချုပ်ကတစ်ဆင့် မဟုတ်ဘဲ သမ္မတ ဗိုင်ဆော့စကီး ကိုယ်တိုင်နဲ့ တိုက်ရိုက်တွေ့ဆုံဖို့ တောင်းဆိုချက်ပဲ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ၊ တရုတ်ဥက္ကဋ္ဌ၊ အခုတော့ ရုရှားသမ္မတနဲ့အထိ တွေ့ဆုံရတာပါ... ဒါက ကြွားလို့ကောင်းတဲ့အရာ မဟုတ်ဘူးလား။

"ငါတို့ သွားပြီးမှ ရေဒီယိုသတ္တိကြွလက်ဖက်ရည် သောက်လိုက်ရရင် ဘယ်လိုလုပ်မလဲ"

"အင်း"

ဒါက ရိုးရိုးပြက်လုံးတစ်ခုလိုတော့ မဟုတ်ပါဘူး။

သမ္မတ ဗိုင်ဆော့စကီးက နိုင်ငံရေးအတိုက်အခံတွေကို လုပ်ကြံသတ်ဖြတ်တဲ့နေရာမှာ နာမည်ဆိုးနဲ့ ကျော်ကြားသူလေ။ အကျော်ကြားဆုံး အမှုကတော့ ဗြိတိန်ကို ထွက်ပြေးခိုလှုံသွားတဲ့ ထောက်လှမ်းရေးအရာရှိဟောင်းတစ်ဦးကို လုပ်ကြံခဲ့တဲ့အမှုပါပဲ။

သေဆုံးရတဲ့အကြောင်းရင်းက အံ့သြစရာကောင်းလောက်အောင် ရေဒီယိုသတ္တိကြွ အဆိပ်သင့်မှုဖြစ်ပြီး သူသောက်ခဲ့တဲ့ လက်ဖက်ရည်ခွက်ထဲမှာ ရေဒီယိုသတ္တိကြွပစ္စည်း ပိုလိုနီယမ် အမြောက်အမြားကို တွေ့ရှိခဲ့ရတယ်။

သာမန်လူတစ်ယောက်အနေနဲ့ ရေဒီယိုသတ္တိကြွပစ္စည်းတွေကို ရရှိဖို့က မဖြစ်နိုင်တာ သဘာဝပဲလေ။

ရိုးရိုးအဆိပ်နဲ့တင် လုံလောက်နေပါလျက် ရေဒီယိုသတ္တိကြွပစ္စည်းကို အသုံးပြုခဲ့တာကြောင့် တချို့က ဒါကို လုပ်ကြံသတ်ဖြတ်မှုတစ်ခုထက် လူပုံအလယ်မှာ ကွပ်မျက်ပြသလိုက်တာလို့ ရှုမြင်ကြတယ်။

သူတို့ရဲ့ မြေပေါ်မှာ လုပ်ကြံမှု ဖြစ်ပွားခဲ့တာကြောင့် ဗြိတိန်မှာ ပွက်လောရိုက်သွားခဲ့သေးတယ်။

ဒါက ရုရှားရဲ့လက်ချက်ဆိုတာ ထင်ရှားပြီး သမ္မတ ဗိုင်ဆော့စကီး နောက်ကွယ်ကရှိနေတယ်ဆိုတာကို လူတိုင်း သိကြပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ သူ့ကို အပြစ်ပေးအရေးယူဖို့ နည်းလမ်းမရှိခဲ့ဘူး။

ဗြိတိန်က ဒီအမှုနဲ့ပတ်သက်တဲ့ ရုရှားက လူတော်တော်များများကို တရားစွဲဆိုခဲ့ပေမဲ့ ရုရှားကတော့ တရားခံလွှဲပြောင်းပေးဖို့ နေနေသာသာ စွဲချက်တွေကိုပါ လျစ်လျူရှုခဲ့တယ်။ ကန့်ကွက်တဲ့အနေနဲ့ ဗြိတိန်က ရုရှားမှာရှိတဲ့ သူ့ရဲ့ သံမတန်တွေကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး ရုရှားကလည်း အလားတူ တုံ့ပြန်ခဲ့တာပေါ့။

"အဲဒီတော့ ဘာဆက်ဖြစ်လဲ"

"ဘာဖြစ်ရမလဲ၊ အဲဒီမှာတင် ပြီးသွားတာပေါ့"

သေဆုံးသွားတဲ့သူပဲ သနားစရာ ကောင်းသွားရတာပါ။

ဘာပဲဖြစ်ဖြစ် ကျွန်တော်က ရုရှား ဒါမှမဟုတ် သမ္မတ ဗိုင်ဆော့စကီးအပေါ်မှာ တစ်ခုခု အမှားလုပ်ထားတာ ရှိမလားလို့ စဉ်းစားကြည့်မိတယ်။ ကံကောင်းစွာနဲ့ပဲ ဘာမှမရှိခဲ့ပါဘူး။

ကျွန်တော့်ကို ရေဒီယိုသတ္တိကြွလက်ဖက်ရည် တိုက်လိုက်လို့ ရုရှားအတွက် ဘာမှ အကျိုးအမြတ်ရှိလာမှာ မဟုတ်ပါဘူး။ အပြန်အလှန်အနေနဲ့ တစ်ခုခုဖြစ်သွားရင် ရုရှားဘက်က ဆုံးရှုံးရမှာတွေက ပိုတောင်များဦးမှာလေ။

ဒါကြောင့် စိုးရိမ်စရာ ဘာမှမရှိပါဘူး။

"ဒါပေမဲ့ မသွားခင် သေတမ်းစာလေး ဘာလေး ရေးခဲ့ရင် ပိုမကောင်းဘူးလား"

"..."

ဒါက ကံကြမ္မာကို စိန်ခေါ်နေသလိုပဲ မဟုတ်ဘူးလား။

ကျွန်တော်တို့ သမ္မတရုံးစိုက်ရာ ကရင်မလင်ကို ကားနဲ့ သွားခဲ့ကြတယ်။

သတ်မှတ်ထားတဲ့ အချိန်မတိုင်ခင် မိနစ် ၃၀ အလိုမှာ ရောက်ရှိခဲ့ပေမဲ့ သမ္မတ ဗိုင်ဆော့စကီးက အရင်ချိန်းဆိုမှုတစ်ခု ရှိနေတာကြောင့် နှစ်နာရီလောက် နောက်ကျလိမ့်မယ်လို့ အကြောင်းကြားလာတယ်။

ဒါကို ကြိုတင်မျှော်လင့်ထားပြီးသားဖြစ်လို့ ပျာပျာသလဲ ဖြစ်စရာ မလိုခဲ့ပါဘူး။

"နားလည်ပါပြီ။ ကျွန်တော်တို့ စိတ်ရှည်ရှည်နဲ့ စောင့်ပါ့မယ်"

သမ္မတ ဗိုင်ဆော့စကီးက အရေးကြီးတဲ့ အစည်းအဝေးတွေကို နောက်ကျတတ်တာကြောင့် နာမည်ကြီးပါတယ်။ အင်အားကြီး နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေကိုတောင် တစ်ခါတလေ မိနစ် ၃၀၊ တစ်ခါတလေ နာရီပေါင်းများစွာ စောင့်ခိုင်းတတ်တာပါ။

ဒါက သံတမန်ရေးအရ ရိုင်းပျမှုတစ်ခု ဖြစ်ပေမဲ့ ရုရှားသမ္မတကို ဘယ်သူမှ မကျေမနပ် ပြောရဲတဲ့ သတ္တိမရှိကြပါဘူး။

အချိန်ကုန်လွန်စေဖို့ တက်ဂယူက ကာတွန်းစာအုပ်တစ်ထပ် ယူလာခဲ့တယ်။

"ဒါက ကာတွန်းကဖေးလိုမျိုးပဲ မိုက်တယ်နော်။ အခုလိုအချိန်မှာ ခေါက်ဆွဲပြုတ်လေးပါ ရှိရင် အတော်ပဲ"

ကရင်မလင်နန်းတော်ကို ကာတွန်းကဖေးတစ်ခုလို သဘောထားနေတာဆိုပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်လည်း လုပ်စရာ တခြားမရှိတာနဲ့ သူ့ဘေးမှာ ကာတွန်းစာအုပ် လိုက်ဖတ်နေခဲ့တယ်။ ဘာရယ်မဟုတ်ဘဲ စဖတ်လိုက်တာပေမဲ့ တော်တော်လေး သဘောကျဖို့ ကောင်းနေပါတယ်။

"ဒီစာအုပ်ရဲ့ နောက်တစ်တွဲ ရှိသေးလား"

"မထွက်သေးဘူး။ ဒီစာရေးဆရာရဲ့ စာအုပ်ထုတ်တဲ့ အချိန်ဇယားက တော်တော်ဆိုးတာ။ မဂ္ဂဇင်းထဲမှာ ခဏခဏ အနားယူကြောင်း ကြေညာနေတာလေ။ ငါက သူ့ကို OTK Awardပေးမလို့ စဉ်းစားထားတာ၊ ဒါပေမဲ့ ဇာတ်လမ်းထွက်တာက ဒီလိုမျိုးဆိုရင်တော့ ပြန်စဉ်းစားရလိမ့်မယ်"

"..."

တစ်နာရီလောက်ကြာတော့ သမ္မတ ဗိုင်ဆော့စကီး ရောက်လာပြီလို့ အကြောင်းကြားလာတယ်။ အခြေအနေအားလုံးကို ခြုံငုံကြည့်ရင် ကျွန်တော်တို့ အကြာကြီး စောင့်လိုက်ရတာ မဟုတ်ပါဘူး။

အတွင်းရေးမှူးက ကျွန်တော်တို့ကို လိုက်ပို့ပေးဖို့ လုပ်တဲ့အခါ တက်ဂယူက လက်ဝှေ့ယမ်းပြလိုက်တယ်။

"သူ့ကို ခဏလောက် စောင့်ခိုင်းလိုက်ပါ။ ငါ အရေးကြီးတဲ့ အခန်း ရောက်နေလို့၊ ဒီအပိုင်းလေး ပြီးရင် သွားလိုက်မယ်"

အတွင်းရေးမှူးက အံ့အားသင့်သွားပြီး ကျွန်တော်က တက်ဂယူကို အထဲကို အတင်းဆွဲခေါ်သွားခဲ့ရတယ်။

ဧည့်ခန်းထဲမှာတော့ တီဗီထဲမှာ အကြိမ်ကြိမ် မြင်ဖူးခဲ့တဲ့ လူကြီး ရှိနေပါတယ်။

သူက ပြုံးပြီး ပြောလိုက်တယ်။

"ကြိုဆိုပါတယ်"

နဖူးပြောင်ပြောင် ဆံပင်ဖြူတွေရှိပြီး၊ လေးထောင့်ကျကျ မျက်နှာ၊ နက်မှောင်တဲ့ မျက်ခုံးမွှေးတွေနဲ့ ပြာလဲ့တဲ့ မျက်လုံးတွေ။ အသက် ခြောက်ဆယ်အလယ်လောက် ရောက်နေပြီဖြစ်ပေမဲ့ သူက အင်အားကြီးတဲ့ အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေဆဲပါ။

သူက အံ့သြစရာကောင်းလောက်အောင် အရပ်ပုပါတယ်။ ဒေါက်မြင့်ဖိနပ်တွေ စီးထားတာတောင် သူ့ရဲ့ တကယ့်အရပ်က ၁၇၀ စင်တီမီတာ (၅ ပေ ၇ လက်မခန့်) ထက်တောင် နိမ့်ပုံရပါတယ်။

ဒါက ၂၁ ရာစုရဲ့ ဇာဘုရင် လို့ လူသိများတဲ့ သမ္မတ ဗိုင်ဆော့စကီးပါပဲ။ ကျွန်တော် မူလတန်းကျောင်းသားဘဝကတည်းက သူက ဒီကျယ်ပြောလှတဲ့ ရုရှားနိုင်ငံကြီးရဲ့ သမ္မတ ဖြစ်ခဲ့တာဖြစ်ပြီး အခုထိလည်း သမ္မတ ဖြစ်နေတုန်းပါပဲ။ အာဏာရထားတဲ့သက်တမ်း အရဆိုရင် သမ္မတ ရိုနယ်လည်း ယှဉ်လို့မရသလို ဥက္ကဋ္ဌ ကျန်းဖင်ဟွာထက်တောင် သက်တမ်း ပိုရှည်ပါသေးတယ်။

သမ္မတ ဗိုင်ဆော့စကီးက တစ်ယောက်ထဲ မဟုတ်ပါဘူး။ သူ့ဘေးမှာ စကားပြန်တစ်ယောက် ရှိနေပြီး ဆိုဖာရှေ့မှာတော့ ခွေးနှစ်ကောင် ထိုင်နေပါတယ်။

အဲ့ဒီခွေးတွေက သူ့ရဲ့ အချစ်တော် အိမ်မွေးခွေးတွေပေါ့။ ဗဟုသုတအနေနဲ့ ပြောရရင် သူက ခွေးချစ်တတ်သူအဖြစ် နာမည်ကြီးပါတယ်။

ပြဿနာကတော့ အဲဒီခွေးတွေက ဧရာမ အနက်ရောင် ဒိုဘာမန် ခွေးကြီးတွေ ဖြစ်နေတာပါပဲ။ သူ အမဲလိုက်သွားရင်တောင် အဲဒီခွေးတွေက လိုက်ပါသွားလေ့ရှိတယ်လို့ သိရပါတယ်။

တစ်ခါတုန်းက ဂျာမန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံပွဲကို အဲဒီခွေးတွေကို သူ ခေါ်လာခဲ့ဖူးလို့ ဝန်ကြီးချုပ်က တော်တော်လေး ထိတ်လန့်သွားခဲ့ရတယ်လို့ သတင်းထွက်ဖူးတယ်။ ကိုယ့်ကိုကိုယ် အင်အားကြီးခေါင်းဆောင်လို့ သတ်မှတ်ထားတဲ့သူတွေက အနည်းဆုံးတော့ ထူးဆန်းတဲ့ ဝါသနာတစ်ခုစီ ရှိတတ်ကြပုံပါပဲ။

ကိုက်ခံရရင် တော်တော်နာမှာတော့ သေချာတယ်။

အဲဒီလိုတွေးပြီး လန့်သွားတဲ့ ကျွန်တော်နဲ့မတူဘဲ တက်ဂယူကတော့ သဘောကျနေပုံရတယ်။

"အို... ချစ်စရာလေးတွေပဲ။ ဒီခွေးပေါက်လေးတွေရဲ့ နာမည်က ဘယ်လိုခေါ်လဲ"

"..."

အဲဒါတွေကို ခွေးပေါက်လေးတွေလို့ ခေါ်လို့ရလို့လား။

"ကျွန်တော် သူတို့ကို သွားကိုင်ကြည့်လို့ ရမလား"

"စိတ်ကြိုက်သာ ကိုင်ပါ"

အံ့အားသင့်သွားတဲ့ သမ္မတ ဗိုင်ဆော့စကီးက ခေါင်းညိတ်ပြလိုက်တဲ့အခါ တက်ဂယူက ဒိုဘာမန်ခွေးကြီးတွေဆီကို ပေါ့ပေါ့ပါးပါးပဲ လက်ကမ်းလိုက်တယ်။

သူတို့က လေ့ကျင့်ပေးထားတာ သေချာပေမဲ့ တကယ်လို့ မတော်တဆ ကိုက်လိုက်ရင် အခြေအနေက တော်တော်ဆိုးသွားမှာပါ။ အဆုံးမှာတော့ သမ္မတ ဗိုင်ဆော့စကီးက ခွေးတွေကို တခြားအခန်းထဲ ပို့လိုက်ရတယ်။

ကျွန်တော်တို့ နှုတ်ဆက်စကားတွေ ပြောပြီး ထိုင်လိုက်ကြတယ်။ တရားဝင်အခမ်းအနားမျိုး မဟုတ်တာကြောင့် ပတ်ဝန်းကျင်က ပေါ့ပေါ့ပါးပါး ရှိနေခဲ့တယ်။

"ခရီးပန်းလာကြမှာပေါ့။ အရင်ဆုံး လက်ဖက်ရည်လေး သောက်ကြရအောင်"

ပြင်ဆင်ထားတဲ့ အဖျော်ယမကာကတော့ တခြားမဟုတ်ဘဲ လက်ဖက်ရည်ကြမ်း ဖြစ်နေပါတယ်။ ဆန်းပြားလှပတဲ့ ခွက်တွေထဲမှာ ထည့်ထားတဲ့ လက်ဖက်ရည်က ကြည်လင်ပြီး နီမြန်းတဲ့ အရောင်အဆင်း ရှိနေတာပါ။

သမ္မတ ဗိုင်ဆော့စကီးက လက်ဖက်ရည်ကို ကိုယ်တိုင် ငှဲ့ပေးခဲ့တယ်။

"သောက်လိုက်ကြပါ။ ဒါက တခြားဘယ်နေရာမှာမှ မြည်းစမ်းခွင့်ရမှာ မဟုတ်တဲ့ လက်ဖက်ရည်မျိုးပါပဲ"

"..."

တခြားနေရာမှာ မရနိုင်အောင် အထဲမှာ ဘာတွေများ ထည့်ထားလို့လဲ။ ရုရှားဖြစ် အထူးရေဒီယိုသတ္တိကြွ အဆိပ်တွေ တစ်ဇွန်းလောက် ခတ်ထားတာလား။

ကျွန်တော် အလွန်အမင်း စိုးရိမ်ပူပန်မိပေမဲ့ ရွေးချယ်စရာ မရှိခဲ့ပါဘူး။ အဆိပ်သောက်ရတော့မယ့် ခံစားချက်မျိုးနဲ့ လက်ဖက်ရည်ခွက်ကို မလိုက်ရတယ်။

ဒါကို မြင်တော့ တက်ဂယူက ချက်ချင်း ပြောလိုက်တယ်။

"ကျွန်တော့်ကို ကိုလာပဲ ပေးပါဗျာ။ ကိုကာကိုလာ ရှိရင် ပိုကောင်းပါတယ်"

"..."

ဒီ အမေရိကန် နောက်လိုက်ကောင်ကတော့ကွာ။

သမ္မတ ဗိုင်ဆော့စကီးက ဆိုဖာပေါ်မှာ သက်တောင့်သက်သာ မှီထိုင်ရင်း ကျွန်တော့်ရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ကိုရီးယားနိုင်ငံအကြောင်း အမျိုးမျိုး မေးမြန်းနေခဲ့တယ်။

ဒီလို စကားစမြည်ပြောဖြစ်ပြီး မိနစ် ၃၀ ခန့်အကြာမှာတော့ ကျွန်တော်တို့ နောက်ဆုံးမှာ ပင်မအကြောင်းအရာဆီကို ရောက်ရှိသွားခဲ့တယ်။

"မင်းက ပါမောက္ခ နီကိုလိုင်း ပက်ထရော့ဗ် ရဲ့ သုတေသနလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံချင်တယ်လို့ ကြားတယ်"

"ဟုတ်ပါတယ်"

သမ္မတ ဗိုင်ဆော့စကီးက ခေါင်းခါရင်း ပြောလိုက်တယ်။

"ရုရှားရဲ့ နျူကလီးယားနည်းပညာက ကမ္ဘာ့အဆင့်မီ ဖြစ်နေပြီ။ ပြီးတော့ ငါတို့မှာ ပေါကြွယ်ဝတဲ့ သဘာဝသယံဇာတတွေလည်း ရှိတယ်။ ဒီစမ်းသပ်မှုတွေကို ဆက်ပြီး တွန်းအားပေး လုပ်ဆောင်ဖို့ လိုအပ်လို့လား"

သူက ခွင့်ပြုချက် အလွယ်တကူ ပေးမှာမဟုတ်ဘူးလို့ ဆိုလိုတာလား။

ကျွန်တော် လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ပြောလိုက်တယ်။

"ကျွန်တော်ကတော့ သဘောမတူပါဘူး။ ရုရှားရဲ့ အနာဂတ်က ဒီအပေါ်မှာ မူတည်နေတာပါ"

သမ္မတ ဗိုင်ဆော့စကီးက စိတ်ဝင်တစား ပြသလာတယ်။

"ဘယ်လိုမျိုးလဲ"

"ကမ္ဘာလုံးဆိုင်ရာ မော်တော်ကားစျေးကွက်က လျှပ်စစ်ကားတွေ ဆီကို အရှိန်အဟုန်နဲ့ ကူးပြောင်းနေပါပြီ။ ရုရှားက ကျယ်ပြောလှတဲ့ အမြဲခဲနေတဲ့ ရေခဲပြင်ဒေသတွေကြောင့် အနည်းငယ် နောက်ကျနေနိုင်ပေမဲ့ လျှပ်စစ်ကားကိစ္စက အနှေးနဲ့အမြန်ရင်ဆိုင်ရမယ့် ပြဿနာတစ်ခုပါ။ ကမ္ဘာကြီးရဲ့ ရုပ်ကြွင်းလောင်စာအပေါ် မှီခိုမှုက မလွဲမသွေ လျော့နည်းလာမှာဖြစ်လို့ ရုရှားအနေနဲ့ နောက်ထပ်ဖြစ်လာမယ့် အရာအတွက် ကြိုတင်ပြင်ဆင်ထားရပါလိမ့်မယ်"

All Chapters