← Chapters

အခန်း ၃၄၉

Vol. 35 Ch. 349

အခန်း ၃၄၉

Vol. 35 Ch. 349

အခန်း (၃၄၉)

ဗြိတိသျှ စီးပွားရေးပညာရှင် ဒေးဗစ် ရီကာဒိုက နှိုင်းယှဉ်ချက်အသာစီးရမှု သီအိုရီကို ထောက်ခံအားပေးခဲ့တယ်။ ဒီသီအိုရီအရ နိုင်ငံတစ်နိုင်ငံဟာ နောက်တစ်နိုင်ငံထက် နှိုင်းယှဉ်ချက်အသာစီးရတဲ့ ကုန်စည်တွေကို ကုန်သွယ်တဲ့အခါ နှစ်နိုင်ငံစလုံး အကျိုးအမြတ်ရရှိကြတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီသီအိုရီမှာ ပြဿနာတစ်ခု ရှိနေပါတယ်။ အဲဒါကတော့ ကုန်စည်အမျိုးအစားတွေအပေါ် မူတည်ပြီး နည်းပညာစုဆောင်းမှု အရှိန်အဟုန်က သိသိသာသာ ကွာခြားလွန်းတာပါပဲ။

Semiconductor ထုတ်လုပ်နိုင်စွမ်းက အဆမတန် တိုးတက်နေချိန်မှာ စိုက်ပျိုးရေးနည်းပညာတွေ ဘယ်လောက်ပဲ တိုးတက်ပါစေ ငှက်ပျောသီးထုတ်လုပ်မှုကတော့ ပုံမှန်အတိုင်းပဲ ရှိနေတာမျိုးလေ။ အချိန်ကြာလာတာနဲ့အမျှ Semiconductor တင်ပို့တဲ့နိုင်ငံတွေက အသာစီးရလာပြီး ငှက်ပျောသီးတင်ပို့တဲ့ နိုင်ငံတွေကတော့ နောက်ကျကျန်ခဲ့တာမျိုးပေါ့။

အမေရိကန်နဲ့ ရုရှားဟာ ရေနံနဲ့ ဂတ်စ်တွေ ပေါကြွယ်ဝတဲ့ သယံဇာတချမ်းသာတဲ့ နိုင်ငံတွေ ဖြစ်ကြတယ်။ ဒါပေမဲ့ သူတို့က နျူကလီးယားအင်အားကြီးနိုင်ငံတွေအဖြစ် လူသိများပြီး ပြည်တွင်းမှာလည်း နျူကလီးယားဓာတ်အားပေးစက်ရုံတွေကို ဆက်တိုက် တည်ဆောက်နေကြတုန်းပါ။ အဲလိုတည်ဆောက်တာက နျူကလီးယားလက်နက်တွေကြောင့်ပဲလား။

စောစောက ပြောခဲ့တဲ့အချက်လိုပဲ အပူပေးဓာတ်အားထုတ်လုပ်မှုနဲ့ နျူကလီးယားဓာတ်အားထုတ်လုပ်မှုဟာ နည်းပညာစုဆောင်းမှု အရှိန်ချင်း မတူကြပါဘူး။ အပူပေးဓာတ်အားထုတ်လုပ်မှုက အခြေခံအားဖြင့် ကျောက်မီးသွေး ဒါမှမဟုတ် ဂတ်စ်လိုမျိုး ရုပ်ကြွင်းလောင်စာတွေကို မီးရှို့ရတာဖြစ်လို့ အနာဂတ်နည်းပညာ တိုးတက်မှုအတွက် အကန့်အသတ်တွေ ရှိနေပါတယ်။

ဒါပေမဲ့ နျူကလီးယားဓာတ်အားထုတ်လုပ်မှုကတော့ မျိုးဆက်တွေအလိုက် ပြောင်းလဲတိုးတက်လာခဲ့ပါပြီ။ တကယ်လို့ TWR ကို စီးပွားဖြစ် အသုံးချနိုင်ရင် လက်ရှိအဆင့်ထက် ဓာတ်အားထုတ်လုပ်မှု စွမ်းရည်ကို အဆပေါင်းများစွာ တိုးမြှင့်ပေးနိုင်ပါလိမ့်မယ်။ ဓာတ်ပေါင်းဖိုတွေကနေ ထွက်လာတဲ့ လောင်စာအကြွင်းအကျန်အဟောင်းတွေကို ပြန်လည်အသုံးပြုနိုင် တာကြောင့် လောင်စာဆီကုန်ကျစရိတ်က မရှိသလောက် ဖြစ်သွားမှာပါ။

တစ်ချိန်က OPEC ဟာ ရေနံသယံဇာတကို လက်နက်သဖွယ် အသုံးပြုပြီး ကမ္ဘာ့စီးပွားရေးကို လွှမ်းမိုးခဲ့ဖူးတယ်။ OPEC ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ရေနံအကြပ်အတည်း နှစ်ကြိမ်စလုံးဟာ ကမ္ဘာ့စီးပွားရေးကို ပျက်စီးစေခဲ့ပေမဲ့ အခုအချိန်မှာတော့ အဲဒီလိုမျိုး ထပ်လုပ်ဖို့ မဖြစ်နိုင်တော့ပါဘူး။

“ပြီးခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်အတွင်းမှာ နည်းပညာတွေက နယ်ပယ်တိုင်းမှာ အံ့ဩစရာကောင်းလောက်အောင် တိုးတက်လာခဲ့ပြီး ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကမ္ဘာ့အဆင့်မီ ကုမ္ပဏီတွေ ပေါ်ထွက်လာခဲ့တယ်။ ဒါပေမဲ့ ရေနံရောင်းတဲ့နိုင်ငံတွေကတော့ အခုထိ ရေနံပဲ ရောင်းနေတုန်းပဲ။ ရုရှားရဲ့ Gazprom က ကမ္ဘာ့ကုမ္ပဏီကြီးတစ်ခုအဖြစ် ရှိနေသေးတယ်။ ဒါပေမဲ့ ဘယ်လောက်အထိ ကြာကြာခံမှာလဲ”

သယံဇာတအပေါ် မှီခိုနေရတဲ့ စီးပွားရေးဟာ သယံဇာတစျေးနှုန်းတွေ ကျဆင်းသွားရင် ဒါမှမဟုတ် သယံဇာတတွေ ကုန်ခမ်းသွားရင် အကြီးအကျယ် ထိခိုက်တတ်ပါတယ်။ တကယ်တော့ အမေရိကန်ရဲ့ ရှေးလ်တော်လှန်ရေးနောက်ပိုင်း ရေနံနဲ့ သဘာဝဂတ်စ်စျေးနှုန်းတွေက ဆက်တိုက်ကျဆင်းနေခဲ့တာပါ။ ဒါ့အပြင် လျှပ်စစ်ကားတွေ အသုံးများလာတာနဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်မှုတွေ ကလည်း လျင်မြန်စွာ ကြီးမားလာနေပါတယ်။

“စွမ်းအင်ဆိုင်ရာ အာဏာစိုးမိုးမှုက တခြားဆီကို ကူးပြောင်းနေပြီ။ ရုရှားက ဒီအတိုင်း ငြိမ်နေရင် ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ပိုပြီးတော့ နောက်ကျကျန်နေလိမ့်မယ်”

သမ္မတ ဗိုင်ဆော့စကီးက နောက်ကိုမှီပြီး လက်သီးနှစ်ဖက်ကို ဆုပ်လိုက်တယ်။

“TWRဓာတ်ပေါင်းဖိုကို တီထွင်ဖို့ လိုအပ်တယ်ဆိုရင် ရုရှားက ကိုယ့်ဘာသာကိုယ် ရန်ပုံငွေ ထောက်ပံ့နိုင်စွမ်း အပြည့်ရှိတယ်”

“ကောင်းပါပြီ။ အဲဒီလိုလုပ်ချင်လည်း ရပါတယ်။ TWRဓာတ်ပေါင်းဖို တည်ဆောက်နိုင်တဲ့ နည်းပညာရှိတာ ရုရှားတစ်နိုင်ငံထဲမှ မဟုတ်တာလေ”

ဒါက အကြပ်ကိုင်လိုက်တာပါ။

ကျွန်တော် မြင်ခဲ့ရတဲ့ အနာဂတ်အရဆိုရင် ပါမောက္ခ ပက်ထရော့ဗ်ရဲ့ စမ်းသပ်မှုက အောင်မြင်မှာပါ။ ဒါပေမဲ့ ကျွန်တော့်ရှေ့က လူကတော့ အဲဒါကို မသိဘူးလေ။

“ဒါဆို သူတို့ဆီ မသွားဘဲ ဘာလို့ ရုရှားဆီ အရင်လာတာလဲ”

“ပထမအချက်က ပါမောက္ခ ပက်ထရော့ဗ်ရဲ့ အမြင်ကို ကျွန်တော် သဘောကျလို့ပါ”

“ဒုတိယအချက်ကကော”

“ဒီပူးပေါင်းဆောင်ရွက်မှုကို အစပျိုးပြီး ရုရှားမှာ လုပ်ငန်းချဲ့ထွင်ဖို့ စဉ်းစားနေလို့ပါ”

OTK ကုမ္ပဏီမှာ ကိုယ်ပိုင်နျူကလီးယားနည်းပညာ မရှိပေမဲ့ တခြားနယ်ပယ်တွေမှာ ထိပ်တန်းနည်းပညာရှိတဲ့ ကုမ္ပဏီတွေကို ပိုင်ဆိုင်ထားပါတယ်။

“TWRဓာတ်ပေါင်းဖို စီမံကိန်းကနေစပြီး ရုရှားနဲ့ နယ်ပယ်အသီးသီးမှာ ပူးပေါင်းဆောင်ရွက်သွားဖို့ မျှော်လင့်ပါတယ်”

တစ်နည်းပြောရရင် TWR စီမံကိန်းမှာ ပူးပေါင်းဆောင်ရွက်မှုမရှိရင် တခြားပူးပေါင်းဆောင်ရွက်မှုတွေလည်း ရှိလာမှာမဟုတ်ပါဘူး။

“စမ်းသပ်မှုက ဘယ်တော့ အောင်မြင်မလဲဆိုတာ အာမခံချက်မရှိဘူး မဟုတ်လား”

“ကျရှုံးခဲ့ရင်တောင် ဆုံးရှုံးစရာ ဘာမှမရှိပါဘူး။ ဒါပေမဲ့ ဒီလုပ်ငန်းစဉ်ကနေ ရရှိမယ့်အရာတွေက အများကြီးပါ”

ဘာပဲဖြစ်ဖြစ် ကျွန်တော်ပဲ ပိုက်ဆံစိုက်ထုတ်မှာလေ။ ပြီးတော့ ကန်ဂျင်ဟူဖြစ်တဲ့ ကျွန်တော် ရင်းနှီးမြှုပ်နှံတယ်ဆိုတဲ့ အချက်ကတင် ရုရှားရဲ့ နျူကလီးယားနည်းပညာကို သိသိသာသာ မြှင့်တင်ပေးနိုင်ပါလိမ့်မယ်။

ရုရှားဘက်ကကြည့်ရင် ဒါက ဆုံးရှုံးစရာမရှိတဲ့ အပေးအယူတစ်ခုပါပဲ။

သမ္မတ ဗိုင်ဆော့စကီးရဲ့ တရားဝင်ပိုင်ဆိုင်မှုက ဒေါ်လာသန်းဂဏန်းလောက်ပဲ ရှိတာပါ။ ဒါပေမဲ့ ကောလာဟလတွေအရတော့ သူ့ရဲ့ တကယ့်ကြွယ်ဝမှုက ဒေါ်လာ သန်းပေါင်း ၂သိန်း ကျော်တယ်လို့ ဆိုကြတယ်။

ဒါက နိုင်ငံ့ဝန်ထမ်းလစာကို စုဆောင်းပြီး ရလာတဲ့ ပစ္စည်းဥစ္စာမဟုတ်ဘဲ နိုင်ငံပိုင်လုပ်ငန်းတွေကို ပုဂ္ဂလိကပိုင် ပြုလုပ်ချိန်နဲ့ အာဏာရှင်သူဌေးကြီးတွေကို နှိမ်နင်းချိန်မှာ ရယူထားခဲ့တဲ့ စည်းစိမ်တွေဖြစ်မှာ သဘာဝကျပါတယ်။

သူဟာ Gazprom နဲ့ Rosatom တို့မှာ သူများနာမည်တွေနဲ့ ရှယ်ယာတွေ ပိုင်ဆိုင်ထားတယ်ဆိုတာ လူတိုင်းသိတဲ့ လျှို့ဝှက်ချက်ပါ။ တကယ်လို့ TWR ဖွံ့ဖြိုးတိုးတက်မှု အောင်မြင်ရင် သူ့ရဲ့ ပိုင်ဆိုင်မှုတွေလည်း သိသိသာသာ တိုးပွားလာမှာဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်နဲ့ လက်တွဲတာက ရုရှားအတွက်တင်မကဘဲ သူ့အတွက်လည်း အကျိုးရှိစေပါတယ်။ ဒါကြောင့်မလို့ပဲ သူက အခုလို စိတ်ဝင်တစား ပြသနေတာ ဖြစ်မှာပါ။

သမ္မတ ဗိုင်ဆော့စကီးက ကျွန်တော့်ရဲ့ အမူအရာကို အေးစက်တဲ့မျက်လုံးတွေနဲ့ ဆက်တိုက် အကဲခတ်နေတယ်။

“ရုရှားက အကူအညီလိုနေတယ်လို့ မင်းထင်လို့လား”

“ပိတ်ဆို့အရေးယူမှုတွေကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင် နေရတာတော့ အမှန်ပဲ မဟုတ်လား”

ဒီစကားကြောင့် သူ့မျက်နှာ အမူအရာက တင်းမာသွားတယ်။

“ရုရှားက အနောက်အုပ်စုရဲ့ ပိတ်ဆို့အရေးယူမှုတွေကို အညံ့ခံမယ့် ရယ်စရာကောင်းတဲ့ နိုင်ငံမျိုးမဟုတ်ဘူး”

“ကျွန်တော် သိပါတယ်”

တကယ်တော့ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေက အီရန် ဒါမှမဟုတ် မြောက်ကိုရီးယားတို့အပေါ် အရေးယူမှုတွေနဲ့ လုံးဝ မတူပါဘူး။

နျူကလီးယားလက်နက်၊ ICBM တွေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်နေရာကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံတစ်ခုကို ဘယ်နိုင်ငံကမှ ရန်မစချင်ကြဘူးလေ။

သူ့ရဲ့ မျက်လုံးတွေနဲ့ အမူအရာကနေ ပြင်းထန်တဲ့ ခြိမ်းခြောက်မှု အရှိန်အဝါတွေ ထွက်ပေါ်နေတယ်။ ကျွန်တော့်ရှေ့က လူက ရုရှားရဲ့ ခေါင်းဆောင်ဖြစ်ပြီး ရုရှားဟာ အမေရိကန်၊ တရုတ်တို့နဲ့ ရင်ဘောင်တန်းနေတဲ့ အင်အားကြီးနိုင်ငံတစ်ခုပါ။

သူက လက်ညှိုးတစ်ချက် ထောင်ပြလိုက်ရုံနဲ့ ကျယ်ပြောလှတဲ့ ရုရှားနိုင်ငံကြီးကို လှုပ်ခါနိုင်ပါတယ်။ အဲဒါက သူပိုင်ဆိုင်တဲ့ အာဏာပါပဲ။

ဒါဆို ကျွန်တော့်ရဲ့ အင်အားက ဘာလဲ။

ပိုက်ဆံပေါ့။ ကျွန်တော့်မှာ ပိုက်ဆံသာမရှိရင် ဒီနေရာမှာ သူ့ကို ရင်ဆိုင်နေရမှာ မဟုတ်ပါဘူး။

“ဒါပေမဲ့ ရူဘယ်ငွေတန်ဖိုး ကျဆင်းတာ၊ အလုပ်အကိုင် ဆုံးရှုံးတာနဲ့ ကုန်စျေးနှုန်းကြီးမြင့်တာကို ဘယ်ပြည်သူကမှ ကြိုဆိုမှာ မဟုတ်ဘူးမလား”

မက်စ် ဝါဘာက အုပ်ချုပ်ရေးရဲ့ တရားဝင်မှုကို နည်းလမ်းသုံးမျိုးနဲ့ ရှင်းပြခဲ့တယ်။ ဒါပေမဲ့ အုပ်ချုပ်ရေးအာဏာကို ဘယ်လိုပဲ ရရှိခဲ့ပါစေ အရေးကြီးဆုံးအချက်က စီးပွားရေးပါပဲ။

အာဏာရှင်တစ်ဦး ဖြစ်နေရင်တောင် စီးပွားရေးကို လျစ်လျူရှုလို့ မရပါဘူး။ မဟုတ်သေးဘူး၊ အာဏာရှင်တစ်ဦး ဖြစ်နေလို့ကိုပဲ ပိုပြီးတော့ ဂရုစိုက်ရမှာပါ။

စီးပွားရေး ကျဆင်းတဲ့အခါ ပြည်သူတွေရဲ့ မကျေနပ်မှုတွေ တိုးပွားလာတတ်တယ်။ ထောက်ခံမှုနှုန်း ကျဆင်းလာတာက ရေရှည်အုပ်ချုပ်ရေးကို ထိန်းသိမ်းဖို့အတွက် ဖိအားတစ်ခု ဖြစ်လာမှာပါ။

သမ္မတ ဗိုင်ဆော့စကီးက တင်းမာတဲ့ မျက်နှာပေးနဲ့ ကျွန်တော့်ကို စိုက်ကြည့်နေပြီး ကျွန်တော်ကတော့ တတ်နိုင်သမျှ တည်တည်ငြိမ်ငြိမ်ပဲ ပြန်ကြည့်နေလိုက်တယ်။ သူ့မျက်လုံးတွေကို ရင်ဆိုင်ရတာတင် အားအင်တွေ ကုန်ခမ်းသွားသလို ခံစားရပါတယ်။

ဒီနေရာကနေ ထွက်သွားချင်နေပြီ။

ကျွန်တော် အဲဒီလို တွေးနေတုန်းမှာပဲ အခုထိ တိတ်ဆိတ်နေတဲ့ တက်ဂယူက ဝင်ပြောလိုက်တယ်။

“အောင်မြင်တဲ့ သမ္မတတွေအားလုံးက တူညီတဲ့ အကြောင်းပြချက်တွေကြောင့် အောင်မြင်ကြပေမယ့် မအောင်မြင်တဲ့ သမ္မတတိုင်းကတော့ သူတို့ရဲ့ ကိုယ်ပိုင် အကြောင်းပြချက်တွေကြောင့် ကျရှုံးကြတာပါ”

“……”

သူက ရုတ်တရက် ဘာတွေ လာပြောနေတာလဲ။

ဒါပေမဲ့ အဲဒီအချိန်မှာပဲ သမ္မတ ဗိုင်ဆော့စကီးက အော်ရယ်လိုက်တော့တယ်။

“ဟားဟား”

သူက အသံကျယ်ကြီးနဲ့ ရယ်မောလိုက်တာကြောင့် ဘေးက စကားပြန်တောင် လန့်သွားတယ်။

ခဏနေတော့ သူက ရယ်တာကိုရပ်ပြီး မေးလိုက်တယ်။

“မင်းက အန်နာ ကာရီနီနာ ကို သဘောကျလို့လား”

တက်ဂယူ့ မျက်နှာပေါ်မှာ ပျာယာခတ်သွားတဲ့ အမူအရာတစ်ခု ဖြတ်ပြေးသွားတယ်။

သူ့မျက်လုံးတွေကို ကျွန်တော် ဖတ်လို့ရတယ်။

‘အဲဒါ ဘယ်သူလဲ’

ကျွန်တော် သူ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်တယ်။

‘စာအုပ်လေ၊ စာအုပ်။ စာအုပ်လို့ ပြောနေတာ’

ဒီကောင်က စာအုပ်ကို ဖတ်ဖူးတာ မဟုတ်ဘဲ anime ဒါမှမဟုတ် တခြားနေရာကနေ ဒီစာသားကို ကောက်သုံးလိုက်တာ သိသာနေပါတယ်။

သူ ဘာမှမသိပေမဲ့ တက်ဂယူက ယုံကြည်မှုရှိရှိနဲ့ ခေါင်းညိတ်ပြလိုက်တယ်။

“သေချာတာပေါ့။ ကျွန်တော် သဘောကျတယ်။ ကမ္ဘာပေါ်မှာ အန်နာ ကာတာလီနာ ကို မကြိုက်တဲ့သူ ဘယ်သူရှိလို့လဲ”

“……”

ကာရီနီနာပါဟ။ ကာတာလီနာဆိုတာက ဘယ်သူလဲ။

အသံထွက် မှားတာလို့ ထင်သွားပုံရတဲ့ သမ္မတ ဗိုင်ဆော့စကီးကတော့ သတိမထားမိဘဲ့ စိတ်ကျေနပ်တဲ့ အမူအရာနဲ့ ခေါင်းညိတ်လိုက်တယ်။

“မှန်တာပေါ့။ အန်နာ ကာရီနီနာ က ပြီးပြည့်စုံတဲ့ အနုပညာလက်ရာတစ်ခုပဲ။ အဲဒါကို မကြိုက်တဲ့သူက ဘဝကို နားမလည်ဘူးလို့ ပြောရမယ်”

တက်ဂယူကတော့ မျက်နှာမပျက်ဘဲ ဆက်ပြီး အကြပ်ကိုင်နေတုန်းပဲ။

“ဟုတ်ပါတယ်။ အန်နာ ကာတာလီနာ က ဘဝပဲ၊ ပြီးတော့ ဘဝက အန်နာ ကာတာလွန်ညာ ပဲ”

“……”

အခုကျတော့ ကာတာလွန်ညာ ဖြစ်သွားပြန်ပြီ။

“မိတ်ဆွေကောင်းပဲ”

ရုတ်တရက် အခြေအနေက ရင်းနှီးဖော်ရွေတဲ့ဘက်ကို ရောက်သွားတယ်။

သမ္မတ ဗိုင်ဆော့စကီးက ကြင်ကြင်နာနာ မေးလိုက်တယ်။

“မင်းတို့ ညစာ စားပြီးကြပြီလား”

“ကျွန်တော်တို့ နေ့လယ်စာတောင် မစားရသေးပါဘူး”

လူချင်းတွေ့ဖို့ကို နေ့လယ်စာစားချိန်လို့ အတိအကျ သတ်မှတ်ထားခဲ့တာကို သူကိုယ်တိုင်က နောက်ကျပြီး ရောက်လာတာမလို့ မစားရသေးတာလေ။

“ဟားဟား။ တောင်းပန်ပါတယ်ကွာ။ ဒါဆို လက်တွေ့ကျတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ဝန်ထမ်းတွေကိုပဲ လွှဲထားလိုက်ပြီး ငါတို့ကတော့ ဗော့ဒ်ကာတစ်ခွက်နဲ့အတူ ညစာ အတူတူ စားကြမလား”

ကန်ဂျင်ဟူဟာ ကရင်မလင်နန်းတော်မှာ သမ္မတ ဗစ်တာ ဗိုင်ဆော့စကီးနဲ့ တွေ့ဆုံနေတယ်ဆိုတဲ့ သတင်းက ကမ္ဘာတစ်ဝန်းကို လျင်မြန်စွာ ပျံ့နှံ့သွားခဲ့တယ်။ ရုရှားမီဒီယာတွေက ဒါကို သတင်းကြီးအဖြစ် ဆက်တိုက် ဖော်ပြနေတာကြောင့် သတင်းကို လိုက်တူးဖော်နေစရာတောင် မလိုတော့ပါဘူး။

နောက်တစ်နေ့မှာတော့ သမ္မတ ဗိုင်ဆော့စကီးနဲ့ ကန်ဂျင်ဟူတို့ဟာ ရုရှားနဲ့ နိုင်ငံခြား သတင်းထောက်တွေရဲ့ ရှေ့မှောက်မှာ နားလည်မှုစာချွန်လွှာ (MOU) ကို လက်မှတ်ရေးထိုးခဲ့ကြတယ်။

သူတို့နှစ်ဦး ဘေးချင်းယှဉ်ထိုင်ပြီး စာရွက်စာတမ်းတွေကို လက်မှတ်ရေးထိုးကာ လက်ဆွဲနှုတ်ဆက်နေတဲ့ မြင်ကွင်းကို ကမ္ဘာတစ်ဝန်းက မီဒီယာတွေက ထုတ်လွှင့်ပြသခဲ့ကြတယ်။

[ရုရှားအနေဖြင့် နျူကလီးယားကဏ္ဍတွင် OTK ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်မည်]

[ကန်ဂျင်ဟူ ရုရှားစီးပွားရေးခေါင်းဆောင်များနှင့် တွေ့ဆုံ]

[OTK ကုမ္ပဏီအနေဖြင့် TWRဓာတ်ပေါင်းဖို စမ်းသပ်မှုတွင် ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်]

[TWRဓာတ်ပေါင်းဖို - လက်ရှိစက်ရုံများ၏ ပြဿနာများကို မြှင့်တင်ပေးမည့် မျိုးဆက်သစ် နျူကလီးယားနည်းပညာ]

[အသေးစိတ်အချက်အလက်များကို Rosatom နှင့် ညှိနှိုင်းနေဆဲ]

[ကန်ဂျင်ဟူ၏ ရင်းနှီးမြှုပ်နှံမှုက နျူကလီးယားစက်မှုလုပ်ငန်းအပေါ် ဘယ်လိုသက်ရောက်မှုရှိလာမလဲ]

“OTK အကျိုးသက်ရောက်မှု” ဆိုတဲ့ ဝေါဟာရတစ်ခု ရှိပါတယ်။

Wall Street Journal (WSJ) သတင်းထောက်တစ်ဦးက တီထွင်ခဲ့တဲ့ ဒီဝေါဟာရက OTK ကုမ္ပဏီက ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေဟာ အကြီးအကျယ် အောင်မြင်မှုရရှိပြီး သူတို့ရဲ့ စက်မှုလုပ်ငန်းတစ်ခုလုံးအပေါ် ကြီးမားတဲ့ လွှမ်းမိုးမှု ရှိလာတာကို ဆိုလိုတာပါ။

ဒါကြောင့်မလို့ OTK ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို စောင့်ကြည့်ပြီး သက်ဆိုင်ရာ ကုမ္ပဏီတွေ ဒါမှမဟုတ် စက်မှုလုပ်ငန်းတွေမှာ လိုက်လံရင်းနှီးမြှုပ်နှံရာကနေ အမြတ်အစွန်း ရရှိနိုင်ပါတယ်။ တကယ်လည်း ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတချို့က ဒီနည်းဗျူဟာကို အသုံးပြုခဲ့ကြတာပါ။

OTK ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှုက ဆုံးဖြတ်ပြီးတာနဲ့ နျူကလီးယားဓာတ်အားပေးစက်မှုလုပ်ငန်းနဲ့ TWRဓာတ်ပေါင်းဖို အပေါ် စိတ်ဝင်စားမှုတွေ ချက်ချင်း မြင့်တက်လာခဲ့တယ်။

တခြားကုမ္ပဏီတွေကလည်း ငြိမ်မနေခဲ့ကြပါဘူး။

MegaPower က အမေရိကန်ပြည်ထောင်စုအတွင်းမှာ စမ်းသပ်မှုတွေ ဆက်လက်လုပ်ဆောင်ဖို့ အမေရိကန်အစိုးရဆီကနေ ခွင့်ပြုချက်တောင်းခံခဲ့ပြီး တရုတ်နဲ့ ပြင်သစ် နျူကလီးယားကုမ္ပဏီတွေကလည်း နည်းပညာကို ကိုယ်တိုင်ထုတ်လုပ်ဖို့ ဒါမှမဟုတ် မဟာမိတ်အဖွဲ့တွေ ဖွဲ့စည်းဖို့ အစီအစဉ်တွေကို ကြေညာခဲ့ကြတယ်။

ဒီရိုက်ခတ်မှုက တောင်ကိုရီးယားအထိ ရောက်ရှိသွားခဲ့တယ်။ အစိုးရရဲ့ လက်ရှိ နျူကလီးယား လျှော့ချရေးမူဝါဒအပေါ် အငြင်းပွားမှုတွေ ချက်ချင်း အရှိန်မြင့်တက်လာခဲ့တယ်။

OTK ကုမ္ပဏီရဲ့ လုပ်ငန်းအဖွဲ့နဲ့ Golden Gate တို့ဟာ ရုရှားစွမ်းအင်ဝန်ကြီးဌာန၊ Rosatom တို့နဲ့ ညှိနှိုင်းမှုတွေ စတင်ခဲ့ကြတယ်။

Rosatom ဟာ TWRဓာတ်ပေါင်းဖို ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စီးပွားဖြစ်လုပ်ဆောင်ဖို့အတွက် လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်တဲ့ Rosatom TWR ကို တည်ထောင်ခဲ့ပြီး OTK ကုမ္ပဏီက ရှယ်ယာ ၃၆ ရာခိုင်နှုန်းအတွက် ဒေါ်လာ သန်း ၁ ထောင် ရင်းနှီးမြှုပ်နှံခဲ့တယ်။ ဒါ့အပြင် အနာဂတ်မှာ ထပ်မံလိုအပ်မယ့် စမ်းသပ်မှုတွေအပေါ် မူတည်ပြီး OTK အနေနဲ့ သီးခြားရန်ပုံငွေတွေကို ဆက်တိုက်ထောက်ပံ့ပေးသွားဖို့ သဘောတူညီခဲ့ကြတယ်။

တခြားနိုင်ငံတွေမှာဆိုရင် မြေနေရာရယူခြင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းမှု ဆန်းစစ်ခြင်းနဲ့ ဒေသခံတွေရဲ့ ကန့်ကွက်မှုကို နှိမ်နင်းခြင်းလိုမျိုး စီမံခန့်ခွဲမှု လုပ်ငန်းစဉ်တွေက တစ်နှစ်ထက်မက ကြာမြင့်နိုင်ပါတယ်။ ဒါပေမဲ့ ရုရှားမှာတော့ အားလုံးက မိုးကြိုးပစ်သလိုအရှိန်မျိုးနဲ့ ပြီးမြောက်သွားခဲ့တယ်။

TWR ဖွံ့ဖြိုးတိုးတက်ရေး မူလအစီအစဉ်က စမ်းသပ်မှုအဆင့်မတိုင်ခင်လေးမှာပဲ ဖျက်သိမ်းခံခဲ့ရတာဖြစ်ပေမဲ့ အခြေခံအဆောက်အဦးကတော့ ပြီးစီးနေပြီဖြစ်ပါတယ်။ တရားဝင်စာချုပ် မချုပ်ဆိုရသေးပေမဲ့ စမ်းသပ်ဓာတ်ပေါင်းဖို တည်ဆောက်မှုကို အဲဒီမြေနေရာမှာ ချက်ချင်း စတင်ခဲ့တယ်။ ဒေသခံတွေရဲ့ ကန့်ကွက်မှုကတော့... တရားဝင်အားဖြင့် မရှိဘူးလို့ပဲ သတ်မှတ်လိုက်တာပေါ့။

ကျွန်တော် ဟိုတယ်မှာပဲနေပြီး သတင်းတွေကို စောင့်ကြည့်နေခဲ့တယ်။ တုံ့ပြန်မှုတွေကတော့ အမျိုးမျိုးပါပဲ။

ရုရှားက ဒါကို သမ္မတ ဗိုင်ဆော့စကီးရဲ့ ကြိုးပမ်းအားထုတ်မှုတွေကြောင့် ရရှိလာတဲ့ အသီးအပွင့်တွေအဖြစ် သတ်မှတ်ပြီး သမ္မတကို ကျေးဇူးတင်ရှိကြောင်း ဖော်ပြကာ ကြိုဆိုခဲ့ကြတယ်။ အမေရိကန်ကတော့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး EU ကတော့ ပိတ်ဆို့အရေးယူမှုတွေ ပြိုကွဲသွားမှာကို စိုးရိမ်ကြောင်း ပြသခဲ့ကြတယ်။

အစ်မ ဟျွန်းဂျူးက ရုရှားအခြေစိုက်ရုံးခွဲနဲ့ အမြဲတမ်း ဆက်သွယ်ပြီး ညှိနှိုင်းမှုတွေကို ဦးဆောင်နေခဲ့ပြီး အယ်လီကတော့ ရုရှားဥပဒေပညာရှင်တွေနဲ့အတူ ဥပဒေရေးရာကိစ္စရပ်တွေကို ကိုင်တွယ်ခဲ့တယ်။

ကျွန်တော့်ဆီကို ဥက္ကဋ္ဌ လင်ဂျင်ယုံဆီကနေ ဖုန်းလာခဲ့တယ်။

[မင်းက ရုရှားအထိ လုပ်ငန်းချဲ့ထွင်နေပြီပေါ့]

“ဒီအတိုင်း အခြေအနေအရ ဖြစ်သွားတာပါ”

[စျေးကွက်ချဲ့ထွင်တာက ကောင်းပါတယ်၊ ဒါပေမယ့် ဒီက နိုင်ငံရေးအခြေအနေက မငြိမ်မသက်ဖြစ်နေတယ်။ သမ္မတအိမ်တော်ကော၊ အာဏာရပါတီကော သဘောမကျဘူးဆိုတာ ထင်ရှားနေတာနော်]

“ကျွန်တော် သတင်းတွေကို စောင့်ကြည့်နေပါတယ်”

နျူကလီးယားဓာတ်အားကို ဆန့်ကျင်တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေက တပြိုင်ထဲ ထကြွလာကြပြီး အာဏာရပါတီနဲ့ အတိုက်အခံပါတီတွေကလည်း ပြင်းပြင်းထန်ထန် ထိပ်တိုက်တွေ့နေကြတာကြောင့် လွှတ်တော်ကလည်း ထပ်မံပြီး ရပ်ဆိုင်းသွားခဲ့ပြန်တယ်။

ဒါပေမဲ့ လွှတ်တော်အမတ်တွေကတော့ လစာတွေကို ပုံမှန်အတိုင်း ထုတ်ယူနေကြဦးမှာပါပဲ။

ကျွန်တော် ပါမောက္ခ ပက်ထရော့ဗ်နဲ့ တွေ့ဆုံခဲ့တယ်။

သူက ဒီစမ်းသပ်မှုရဲ့ အဓိက သုတေသနပညာရှင်ပါ။ အစိုးရနဲ့ Rosatom အရာရှိတွေရဲ့ ဟိုခေါ်ဒီခေါ် လုပ်တာကို ခံနေရတာကြောင့် သူက တော်တော်လေး မောပန်းနေတဲ့ပုံပါပဲ။

ဒါပေမဲ့ သူ့ရဲ့ အမူအရာကတော့ တက်ကြွနေပါတယ်။

“မင်းကြောင့်မလို့ ငါတို့တွေ TWR စမ်းသပ်မှုကို ဆက်လုပ်နိုင်တာ။ မင်း တကယ်ပဲ ရင်းနှီးမြှုပ်နှံလိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့မိဘူး”

“နောက်ပိုင်းဖြစ်လာမယ့် အရာတွေကတော့ ပါမောက္ခအပေါ်ပဲ မူတည်ပါတယ်”

“ဟားဟား။ ငါ အကောင်းဆုံး ကြိုးစားသွားမှာပါ”

ပါမောက္ခ ပက်ထရော့ဗ်က အတိတ်ကို ပြန်ပြောင်းသတိရသလိုမျိုး ပြောလိုက်တယ်။

“ငါ အရင်က ပြောခဲ့ဖူးသလိုပဲ ငါ့အဖေက နျူကလီးယားလက်နက်တွေကို တည်ဆောက်ခဲ့တာ။ အဲဒီအထဲက တချို့ကို ဖျက်သိမ်းပြီး ဓာတ်အားပေးစက်ရုံတွေအတွက် လောင်စာအဖြစ် အသုံးပြုခဲ့ပေမယ့် တချို့ကတော့ စစ်အခြေစိုက်စခန်းတွေမှာ သိမ်းဆည်းထားတုန်းပဲ။ သူက အဲဒီလက်နက်တွေကို ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဘယ်တော့မှ အသုံးမပြုသင့်ဘူးလို့ အမြဲပြောလေ့ရှိတယ်”

စစ်အေးတိုက်ပွဲကာလအတွင်း အမေရိကန်နဲ့ ဆိုဗီယက်ယူနီယံက သိပ္ပံပညာရှင်တွေဟာ အစိုးရရဲ့ အမိန့်အရ နျူကလီးယားလက်နက်တွေနဲ့ ဒုံးကျည်တွေအပါအဝင် လက်နက်အမျိုးမျိုးကို တည်ဆောက်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ထဲက ဘယ်သူကမှ သူတို့ဖန်တီးခဲ့တဲ့ လက်နက်တွေက လူပေါင်းထောင်ချီရဲ့ အသက်ကို နှုတ်ယူသွားဖို့ မမျှော်လင့်ခဲ့ကြပါဘူး။

“ဆိုဗီယက်ယူနီယံမှာ နျူကလီးယားလက်နက်တွေ ပိုပြီးပိုင်ဆိုင်ထားတာက စစ်ပွဲကို တားဆီးနိုင်လိမ့်မယ်လို့ ငါ့အဖေက ယုံကြည်ခဲ့တာလေ”

စကားက လက်တွေ့နဲ့ဆန့်ကျင်ဘက်ဖြစ်နေသလို ထင်ရပေမဲ့ အမှန်တရားပါပဲ။

နျူကလီးယားလက်နက်တွေ တိုးတက်လာတာက အပြန်အလှန် သေချာပေါက် ပျက်စီးစေနိုင်မှု (MAD) ကို ဖြစ်ပေါ်စေခဲ့ပြီး အဲဒါက အင်အားကြီးနိုင်ငံတွေအကြား အလုံးစုံစစ်ပွဲဖြစ်ပွားမှုကို ရှောင်လွှဲနိုင်ခဲ့တဲ့ အကြီးမားဆုံး အကြောင်းပြချက် ဖြစ်လာခဲ့တယ်။ ပြီးတော့ စစ်အေးတိုက်ပွဲကလည်း သေနတ်တစ်ချက်မှ မဖောက်ရဘဲ သဘာဝအတိုင်း ပြီးဆုံးသွားခဲ့တာပါ။

“နောက်ထပ် အကြောင်းပြချက်တစ်ခုကတော့ နျူကလီးယား လက်နက်တွေ ထုတ်လုပ်စဉ်မှာ စုဆောင်းမိခဲ့တဲ့ နည်းပညာတွေက သေချာပေါက် အကျိုးရှိလိမ့်မယ်ဆိုတဲ့ သူ့ရဲ့ ယုံကြည်ချက်ကြောင့်ပဲ။ ငြိမ်းချမ်းရေး ရလာတဲ့အခါ နျူကလီးယားအာဏာက ခေတ်မစားတော့ဘဲ လူတွေကို သတ်ဖို့ ဖန်တီးခဲ့တဲ့ နည်းပညာကို လူသားတွေရဲ့ အကျိုးစီးပွားအတွက် ပြန်လည်အသုံးပြုလာလိမ့်မယ်လို့ သူက ယုံကြည်ခဲ့တာ”

“မှန်ပါတယ်၊ အဲဒီလို ခံစားချက်ကြောင့်မလို့ပဲ သူက fast breeder reactor အယူအဆကို စတင်တွေးတောမိခဲ့တာ ဖြစ်လောက်မယ် ထင်ပါတယ်”

ပါမောက္ခ ပက်ထရော့ဗ်က ကျွန်တော်တို့ကို ကြည့်ပြီး ပြောလိုက်တယ်။

“TWRဓာတ်ပေါင်းဖိုက ငါ့အဖေရဲ့ ရေရှည်အိပ်မက်ပဲ။ သူ့အတွက် အဲဒီအိပ်မက်ကို ငါ သေချာပေါက် ဖြည့်ဆည်းပေးချင်တယ်”

ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။

“သေချာပေါက် ဖြစ်လာမှာပါ”

All Chapters