← Chapters

အခန်း ၃၅၁

Vol. 36 Ch. 351

အခန်း ၃၅၁

Vol. 36 Ch. 351

အခန်း (၃၅၁)

အတိုက်အခံပါတီဟာ နျူကလီးယားစက်ရုံတွေ အဆင့်ဆင့်ပိတ်သိမ်းရေး ကိစ္စနဲ့ပတ်သက်ပြီး နေ့တိုင်းလိုလို နိုင်ငံရေးအရ ထိုးစစ်ဆင်နေပါတယ်။

လွှတ်တော်ထဲမှာ ပြည်သူတွေရဲ့ စားဝတ်နေရေးဆိုင်ရာ ဥပဒေကြမ်းတွေနဲ့ နောက်ထပ်ဖြည့်စွက်ဘတ်ဂျက်တွေလိုမျိုး အရေးတကြီး ဖြေရှင်းရမယ့် ကိစ္စတွေ အများကြီး ပုံနေပေမယ့် ဒီနျူကလီးယား ပိတ်သိမ်းရေး အငြင်းပွားမှုကပဲ အရာရာကို ဝါးမြိုထားသလို ဖြစ်နေတာပါ။

ပြီးတော့ ကျွန်တော် ကိုယ်တိုင်လည်း မရည်ရွယ်ဘဲနဲ့ အဲဒီအငြင်းပွားမှုရဲ့ ဗဟိုချက်မထဲ ရောက်နေခဲ့တယ်။

အခြေအနေ မဟန်ဖြစ်နေတဲ့ အာဏာရပါတီဘက်က မကျေနပ်သံတွေ ထွက်ပေါ်လာပေမယ့် အရင်က ကြုံဖူးတဲ့ အတွေ့အကြုံတွေကြောင့် ထင်ပါတယ်၊ ဘယ်သူမှ ကျွန်တော့်ဆီ တိုက်ရိုက်လာပြီး မကန့်ကွက်ရဲကြပါဘူး။

ဒါကိုပဲ ကံကောင်းတယ်လို့ ပြောရမလား။

ကုမ္ပဏီရှေ့မှာတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေရဲ့ ဆန္ဒပြမှုတွေက ဆက်ရှိနေတုန်းပဲ။ အဖွဲ့တစ်ခုဆိုရင် ရုပ်သံလိုင်းတွေနဲ့ သတင်းစာတွေမှာ နျူကလီးယားစွမ်းအင်ရဲ့ အန္တရာယ်တွေကို ထောက်ပြတဲ့ ကြော်ငြာတွေထည့်ဖို့ ရန်ပုံငွေတောင် ကောက်ခံနေတာပါ။ သတင်းစာကြော်ငြာတွေထဲမှာ ဖူကူရှီးမားရဲ့ ပျက်စီးယိုယွင်းနေတဲ့ ပုံရိပ်တွေနဲ့ ပုံပျက်ပန်းပျက်ဖြစ်နေတဲ့ တိရစ္ဆာန်တွေရဲ့ ပုံတွေကို သုံးထားကြတဲ့ပုံတွေလည်း တောက်လျောက်ထည့်နေပါတယ်။

အဲဒီကြော်ငြာ ထွက်လာပြီးတဲ့နောက်မှာ ဆန္ဒပြတဲ့သူတွေ နှစ်ဆလောက် ပိုများလာသလိုပါပဲ။

တက်ဂယူက ဆန္ဒပြနေတဲ့သူတွေကို ငုံ့ကြည့်ရင်း ပြောတယ်။

"ငါတို့က ရှိပြီးသား နျူကလီးယားစက်ရုံတွေကို တိုးချဲ့ဖို့ ပြောနေတာမှ မဟုတ်တာ၊ Traveling Wave Reactors (TWR) မှာ ရင်းနှီးမြှုပ်နှံရုံတင်လေ။ အဲဒါက သုံးပြီးသား နျူကလီးယားလောင်စာချောင်းတွေကို လုံးဝလောင်ကျွမ်း စေနိုင်တော့ ပိုပြီး သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီတာ မဟုတ်ဘူးလား"

"ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေရဲ့ သဘောထားကတော့ light-water reactor ပဲဖြစ်ဖြစ်၊ heavy-water reactor ပဲဖြစ်ဖြစ်၊ TWR ပဲဖြစ်ဖြစ် နျူကလီးယားစွမ်းအင်မှန်သမျှကို လုံးဝလက်မခံနိုင်ဘူးဆိုတာပဲ"

လူတွေဟာ ကိုယ်သေချာနားမလည်တဲ့အရာကို ကြောက်ရွံ့တတ်ကြတာ သဘာဝပါပဲ။

ဖုန်မှုန့်တွေ ဘယ်လောက်ပဲ ဆိုးဆိုး၊ လူတွေက ကျန်းမာရေးအတွက် မကောင်းဘူးလို့ပဲ တွေးမိကြပြီး ထိတ်လန့်ခြောက်ခြားတဲ့အထိ မဖြစ်ကြပါဘူး။ ဒါပေမဲ့ ရေဒီယိုသတ္တိကြွမှုကျတော့ တကယ့်အန္တရာယ် ဘယ်လောက်ရှိလဲဆိုတာထက် ပိုပြီး ကြောက်စိတ်ကို ဆောင်ကြဉ်းပေးတယ်။

ဒါကြောင့် တချို့လူတွေက မတော်တဆမှုဖြစ်နိုင်ခြေ ၁ ရာခိုင်နှုန်းရှိတဲ့ နျူကလီးယားစက်ရုံထက် ဖုန်မှုန့်တွေ၊ အခိုးအငွေ့တွေနဲ့ ဖန်လုံအိမ်ဂတ်စ်တွေ ထုတ်လွှတ်နေတဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေက ပိုကောင်းတယ်လို့ တွေးမိကြတာပါ။ တကယ်လည်း မတော်တဆမှု မဖြစ်ပါဘူးလို့ ၁၀၀ ရာခိုင်နှုန်း ဘယ်သူမှ အာမမခံနိုင်ပါဘူး။

ဘယ်တော့များမှ တကယ့်ကို ပြည့်စုံပြီး ဘေးကင်းတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ညီညွတ်တဲ့ စွမ်းအင်မျိုး ပေါ်ထွက်လာမှာလဲ။

အဲဒီအချိန်မှာ ပါမောက္ခ ကင်ဟိုမင် ဆီက ဖုန်းဝင်လာတယ်။

[Traveling Wave Reactors မှာ ရင်းနှီးမြှုပ်နှံလိုက်တယ်နော်။ ငါ လုံးဝမထင်ထားမိဘူး။]

"ဒါက မှန်ကန်တဲ့ လုပ်ရပ် ဟုတ်မဟုတ်တော့ ကျွန်တော်လည်း မသိပါဘူး"

[မှန်ပါတယ်၊ ဒါက တစ်ယောက်ယောက်က လုပ်ကို လုပ်ရမယ့်အရာပဲ။ နျူကလီးယားစွမ်းအင်မှာ ပြဿနာ လုံးဝမရှိဘူးလို့ ဘယ်သူမှ မတွေးသလို၊ အဲဒါကို ဖျောက်ဖျက်လိုက်ရုံနဲ့လည်း ပြဿနာတွေ ပြေလည်သွားမယ်လို့ မထင်ဘူး။ အသုံးပြုရမယ်ဆိုရင်လည်း ဘယ်လိုမျိုး အန္တရာယ်အကင်းဆုံးနဲ့ အထိရောက်ဆုံး သုံးမလဲဆိုတာကိုပဲ စဉ်းစားရမယ်]

"ဒါပေမဲ့ အစိုးရကတော့ သိပ်သဘောကျပုံမရဘူးဗျ"

ပါမောက္ခ ကင်ဟိုမင်က ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်တယ်။

[ဟားဟား၊ မင်းက ဘယ်တုန်းကစပြီး အစိုးရမျက်နှာ ကြည့်တတ်သွားတာလဲ]

"ဒါလည်း ဟုတ်တာပါပဲ"

တကယ်လို့ ကျွန်တော်သာ အစိုးရရဲ့ သဘောထားကို စိုးရိမ်နေခဲ့ရင် အခုအချိန်အထိ ဘာတစ်ခုမှ လုပ်နိုင်ခဲ့မှာ မဟုတ်ပါဘူး။

[နျူကလီးယား အဆင့်ဆင့်ပိတ်သိမ်းရေး လမ်းစဉ်ကို လျှောက်လှမ်းခဲ့တဲ့ နိုင်ငံတွေထဲမှာ ဂျာမနီကလွဲရင် ကျန်တဲ့နိုင်ငံတွေကတော့ ဆုံးဖြတ်ခဲ့တာကို ပြောင်းလဲပစ်နေကြပါပြီ။ နျူကလီးယားစွမ်းအင်မရှိဘဲ သူတို့ရဲ့ လျှပ်စစ်လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်ကြဘူးလေ။ တစ်ဖက်ကတွေးကြည့်ရင်တော့ လက်ရှိအခြေအနေမှာ TWR က အကောင်းဆုံး ရွေးချယ်မှုပဲ]

"လူတွေကလည်း အဲဒီလိုမျိုး တွေးကြပါ့မလား"

[အချိန်တော့ နည်းနည်းပေးရလိမ့်မယ်။ အခြေအနေတွေ ပြောင်းလဲလာတာနဲ့အမျှ အတွေးအခေါ်တွေလည်း ပြောင်းလဲသင့်တာမှန်ပေမယ့် ချမှတ်ထားတဲ့ လမ်းစဉ်တစ်ခုကို ပြောင်းလဲဖို့က မလွယ်ဘူးလေ။ အထူးသဖြင့် နိုင်ငံရေးသမားတွေမှာ အဓိပ္ပာယ်မရှိတဲ့ ခေါင်းမာမှုတွေ ရှိတတ်ကြတာမလား]

ကမ္ဘာလုံးဆိုင်ရာ နျူကလီးယားစွမ်းအင် ဈေးကွက်ဟာ အရှိန်အဟုန်နဲ့ တိုးတက်နေတာပါ။

ဘယ်သူမဆို တည်ဆောက်နိုင်တဲ့ ကျောက်မီးသွေးသုံး စက်ရုံတွေနဲ့မတူဘဲ နျူကလီးယားစက်ရုံ တည်ဆောက်နိုင်တဲ့ နည်းပညာမျိုးကို နိုင်ငံအနည်းငယ်ပဲ ပိုင်ဆိုင်ကြတာပါ။

တကယ်တမ်း နျူးကလီယားနည်းပညာကို ပြည်ပကို တင်ပို့နိုင်စွမ်းရှိတဲ့ နိုင်ငံတွေကတော့ အမေရိကန်၊ ရုရှား၊ တရုတ်၊ ပြင်သစ်၊ ဂျပန်နဲ့ ကိုရီးယား... ဒီခြောက်နိုင်ငံပဲ ရှိတာပါ။

အဲဒီအထဲက လေးနိုင်ငံက ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေဖြစ်ပြီး ဂျပန်ကတော့ ကမ္ဘာ့တတိယအကြီးဆုံး စီးပွားရေးနိုင်ငံ ဖြစ်ပါတယ်။

ကိုရီးယားကတော့ နည်းပညာကို အောက်ခြေကနေ စတင်တည်ဆောက်ခဲ့ပြီး ကမ္ဘာ့ဈေးကွက်မှာ အဲဒီအင်အားကြီးနိုင်ငံတွေနဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။ တရုတ်က ဈေးနှုန်းပိုင်းမှာ သာနိုင်ပေမယ့် ကိုရီးယားက နည်းပညာပိုင်းမှာ ပိုမိုသာလွန်ပြီး ယူအေအီး နျူကလီးယားစက်ရုံ စာချုပ်ကို အောင်နိုင်ခဲ့တဲ့ အတွေ့အကြုံလည်း ရှိခဲ့ပါတယ်။

ဒါကြောင့် လုံလောက်တဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်လို့ ယူဆလို့ရပါတယ်။

ဒါပေမဲ့ အစိုးရရဲ့ နျူကလီးယား ပိတ်သိမ်းရေး ကြေညာချက် ထွက်လာပြီးနောက်မှာ ခက်ခဲမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး OTK ကုမ္ပဏီက Rosatom မှာ ရင်းနှီးမြှုပ်နှံလိုက်တဲ့ သတင်းကတော့ နောက်ဆုံး ရိုက်ခတ်မှု ဖြစ်သွားခဲ့တယ်။

ချက်သမ္မတနိုင်ငံရဲ့ နျူကလီးယား တင်ဒါ လွဲချော်သွားပြီဆိုတဲ့ စကားတွေ ချက်ချင်း ထွက်ပေါ်လာသလို၊ ယူအေအီးကလည်း နျူကလီးယားစက်ရုံ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းကို သီးသန့်စာချုပ်ကနေ တင်ဒါစနစ် ပြောင်းလဲမယ်လို့ အကြောင်းကြားလာတယ်။

နျူကလီးယားစက်ရုံ တည်ဆောက်ဖို့ ပြင်ဆင်နေတဲ့ နိုင်ငံတွေအားလုံးက ရုရှားဘက်ကို အာရုံလှည့်သွားကြတယ်။

ရုရှားအစိုးရ အရာရှိတွေနဲ့ Rosatom ကိုယ်စားလှယ်တွေက ရုရှားရဲ့ နျူကလီးယားနည်းပညာနဲ့ TWR စမ်းသပ်မှုတွေကို ကြော်ငြာဖို့ ကျွန်တော့်နာမည်ကို ထိရောက်စွာ အသုံးပြုနေကြတာပါ။

TWR က ပြည့်စုံတဲ့ နည်းပညာ မဟုတ်သေးရင်တောင် လက်ရှိ နျူကလီးယားစက်ရုံတွေထက် ကဏ္ဍတိုင်းမှာ ပိုမိုသာလွန်ပါတယ်။ ဒါကြောင့် အနာဂတ် နျူကလီးယားဈေးကွက်ကို light-water သို့မဟုတ် heavy-water reactor တွေအစား TWR တွေကပဲ စိုးမိုးသွားမှာပါ။

အချိန်ကို အတိအကျ မသိရသေးပေမယ့် ပါမောက္ခ ပက်ထရော့ဗ်ရဲ့ အဖွဲ့ဟာ TWR စမ်းသပ်မှုကို အောင်မြင်တော့မယ်ဆိုတာ အသေအချာပါပဲ။ ပထမဆုံး စတင်သူ မဖြစ်နိုင်ရင်တောင် အလျင်အမြန် နောက်ကလိုက်နိုင်သူ ဖြစ်ဖို့လိုတယ်လေ။

တစ်နည်းအားဖြင့်ပြောရရင် နည်းပညာကို ကိုယ်တိုင် မတီထွင်နိုင်ရင် ရုရှားနဲ့ အမြန်ဆုံး လက်တွဲတာက ပညာရှိရာကျမှာပါ။

ရုရှားဘက်က ကြည့်ရင်လည်း ကမ္ဘာ့နျူကလီးယား အမှာစာအားလုံးကို တစ်နိုင်ငံထဲ နိုင်နင်းအောင် ကိုင်တွယ်နိုင်မှာ မဟုတ်တဲ့အတွက် နည်းပညာ စံချိန်စံညွှန်း သတ်မှတ်ဖို့နဲ့ ဈေးကွက်ချဲ့ထွင်ဖို့ ကိုရီးယားကို မဟာမိတ်အဖြစ် သူတို့ဘက် ဆွဲခေါ်ချင်မှာပါပဲ။

ဂျပန်က အရင်ဆုံး လှုပ်ရှားလာတယ်။ ဝန်ကြီးချုပ် အိုကာဇာကီက သမ္မတ ဗိုင်ဆော့စကီးဆီ တိုက်ရိုက်ဆက်သွယ်ပြီး မကြာခင်မှာ ရုရှား-ဂျပန် ထိပ်သီးအစည်းအဝေး ပြုလုပ်ဖို့ သဘောတူလိုက်တယ်။

စီနီယာဆန်းယော့က ဒီကိစ္စနဲ့ပတ်သက်ပြီး KHNP (Korea Hydro & Nuclear Power) ရဲ့ စီအီးအို၊ နျူကလီးယား တည်ဆောက်ရေး ကုမ္ပဏီတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ခဲ့ပေမယ့် အစည်းအဝေးမတိုင်ခင် တစ်ရက်အလိုမှာပဲ KHNP စီအီးအိုက တက်ရောက်မှာ မဟုတ်ကြောင်း အကြောင်းကြားလာခဲ့တယ်။

"တစ်ခုခု ဖြစ်လို့လား"

ကျွန်တော့်မေးခွန်းကို စီနီယာဆန်းယော့က စိတ်ပျက်လက်ပျက် အသံနဲ့ ပြန်ဖြေတယ်။

"ဘာဖြစ်ရမှာလဲ၊ အစိုးရရဲ့ မျက်နှာကို ကြည့်နေတာလေ။ အခု အထက်လူကြီးတွေက တော်တော်လေး မကျေမနပ် ဖြစ်နေကြတာကွ"

အခုအချိန်အထိ ကျွန်တော် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တဲ့အခါ အစိုးရကို သိပ်ပြီး ဂရုမစိုက်ခဲ့ပါဘူး။ ပတ်ဆီဟျွန်းနဲ့ အဆင်မပြေဖြစ်ပြီး ဒုက္ခမျိုးစုံ ကြုံခဲ့ရတာတောင်မှ မကြည့်ခဲ့တာပါ။

ရင်းနှီးမြှုပ်နှံသူဆိုတာ မြင်တွေ့နေရတဲ့ ငွေရနိုင်မယ့် အခွင့်အရေးရှိရင် လှုပ်ရှားရမှာပါပဲ။ အထူးသဖြင့် လူတိုင်းအတွက် အကျိုးရှိမယ့် နည်းပညာမျိုးဆိုရင်ပေါ့။

ဒါပေမဲ့ လက်ရှိ ချမှတ်ထားတဲ့ မူဝါဒနဲ့ ကိုက်ညီမှုမရှိရုံနဲ့ အစိုးရက စိတ်ဆိုးနေကြတာကို တွေ့ရတော့ OTK ကုမ္ပဏီက အမေရိကန်ကော်ပိုရေးရှင်း ဖြစ်နေတာ တော်သေးတယ်လို့ တွေးမိတယ်။

"ရုရှားနျူကလီးယားမှာ ရင်းနှီးမြှုပ်နှံတာတင်မကဘဲ အစိုးရဘက်ကို ကြိုတင်အကြောင်းကြားခြင်း မရှိတာကိုလည်း သူတို့ တော်တော်လေး စိတ်တိုနေကြတာ"

ကျွန်တော် အံ့ဩသွားရတယ်။

"ကလေးတွေလို ပြုမူနေကြတာပဲ"

"တကယ်လို့ ငါတို့ဘက်က အရင်ဆုံး အကြောင်းကြားပြီး တိုင်ပင်ချင်ယောင်ဆောင်ခဲ့ရင် သူတို့က မူဝါဒပြောင်းဖို့ ဆင်ခြေတစ်ခုခု ရှာလို့ရတာတော့ အမှန်ပဲ။ ဒါပေမဲ့ အခုအခြေအနေမှာကျတော့ အတိုက်အခံတွေရဲ့ ဝေဖန်မှုကို ခံရပြီးမှ OTK ကုမ္ပဏီရဲ့ ဖိအားကြောင့် အလျှော့ပေးလိုက်ရသလို ဖြစ်သွားမှာမလို့ ပြည်သူတွေအမြင်မှာ ကြည့်လို့ မကောင်းတော့ဘူးလေ"

"ဒါဆို နောက်ပိုင်း ရင်းနှီးမြှုပ်နှံမှုတိုင်းအတွက် အစိုးရနဲ့ အရင်တိုင်ပင်ရမှာလား"

စီနီယာဆန်းယော့က ခေါင်းခါလိုက်တယ်။

"လိုလို့လား၊ မင်းက အစိုးရကို စိုးရိမ်နေရမယ့် အဆင့်ကို ကျော်လွန်နေပါပြီကွာ"

အိပ်ရာကနိုးလာတဲ့အခါ ဘေးနားမှာ အသက်ရှူသံ ခပ်မှန်မှန်နဲ့ အိပ်ပျော်နေတဲ့ ဆံပင်အညိုရောင်နဲ့ လှပတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရတယ်။

အယ်လီ နိုးမသွားအောင် သတိထားရင်း အိပ်ယာကထပြီး ဧည့်ခန်းဘက် ထွက်လာခဲ့တယ်။ တက်ဂယူကတော့ ဆိုဖာပေါ်မှာ ဂိမ်းဆော့ရင်း အိပ်ပျော်နေတာ ထင်ပါတယ်။

တွေးကြည့်ရင် သူက ကမ္ဘာပေါ်မှာ အသက်ရှင်ရတာ အလွယ်ကူဆုံး လူတစ်ယောက်လို့ ပြောလို့ရမလားပဲ။

ရေခဲသေတ္တာထဲက ဘီယာတစ်ဗူး ထုတ်ပြီး အပြင်ဘက်ကို ထွက်လာခဲ့တယ်။ မှောင်မည်းနေတဲ့ ဥယျာဉ်ထဲမှာ မီးရောင်မှိန်မှိန်လေးတွေက လင်းထိန်နေတုန်းပါ။ ကုလားထိုင်ပေါ်မှာ ထိုင်ရင်း ဘီယာကို သောက်နေမိတယ်။

တစ်ယောက်ထဲ အတွေးကမ္ဘာထဲ နစ်မျောနေတုန်း နောက်ကနေ လူတစ်ယောက် လာဖက်ပါတယ်။ နွေးထွေးပြီး နူးညံ့တဲ့ အထိအတွေ့ကို ခံစားလိုက်ရတာပါ။

"ဘာလို့ အပြင်ထွက်လာတာလဲ"

"နိုးလာတော့ ဂျင်ဟူ မရှိလို့ ထွက်လာတာ"

အယ်လီက ပွယောင်းယောင်း ညအိပ်ဝတ်စုံကို ဝတ်ထားပါတယ်။ ရုံးဝတ်စုံပြည့်နဲ့ အလုပ်လုပ်နေတဲ့ အချိန်နဲ့ လုံးဝကွဲပြားတဲ့ ပုံစံမျိုးပါပဲ။ အရေးကြီးဆုံးကတော့ အယ်လီရဲ့ ဒီလိုမျိုး ချစ်စရာကောင်းတဲ့ အခြမ်းကို ကျွန်တော်တစ်ယောက်ထဲပဲ မြင်ခွင့်ရတာပါ။

"ညဘက်တွေက သိပ်မအေးတော့ဘူးနော်"

"ဟုတ်တယ်"

ရာသီဥတုက တကယ်ပဲ တော်တော်လေး နွေးထွေးလာခဲ့ပါပြီ။

"တစ်ယောက်ထဲ ဘာတွေ တွေးနေတာလဲ"

"ဘာမှမတွေးပါဘူး"

အယ်လီက ကျွန်တော် သောက်လက်စ ဘီယာကို ယူပြီး တစ်ငုံနှစ်ငုံ သောက်လိုက်တယ်။

"လိမ်ရင် အပြစ်ပေးခံရမယ်နော်"

အပြစ်ပေးမခံချင်တာကြောင့် အမှန်အတိုင်းပဲ ပြောပြလိုက်တယ်။

"ငါ့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ဘယ်လိုမျိုး သက်ရောက်မှုတွေ ရှိနေလဲဆိုတာကို တွေးနေတာ"

အရင်ကဆိုရင် ကျွန်တော် ဘယ်မှာ ရင်းနှီးမြှုပ်နှံရင်းနှီးမြှုပ်နှံ ဘယ်သူမှ ဂရုစိုက်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုတော့ လူတိုင်းက ကျွန်တော့်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အာရုံစိုက်ပြီး အပြောင်းအလဲတွေကို စောင့်ကြည့်နေကြပါပြီ။

ဒီကမ္ဘာပေါ်မှာ ဝါရင် ဘတ်ဖတ်နဲ့ ကျွန်တော်ပဲ ဒီလိုမျိုး သြဇာညောင်းမှု ရှိပါလိမ့်မယ်။

"ဟုတ်တယ်၊ အခုဆို ‘OTK Effect’ ဆိုတဲ့ စကားလုံးတောင် ပေါ်နေပြီ"

"..."

လူတွေကတော့ အိုတာကူ Effect လို့ပဲ ခေါ်နေကြတာ ထင်တာပဲ။

"ဒါက ငါ ငွေတွေ အများကြီး ရှာဖွေနိုင်ခဲ့လို့ နေမှာပါ"

"နင် တကယ်ကို အများကြီး ရှာနိုင်ခဲ့တာတော့ အမှန်ပဲ"

အလိုအလျောက်မောင်း လျှပ်စစ်ကားတွေ၊ ဘတ္ထရီတွေ၊ ညစ်ညမ်းရုပ်ရှင်တွေ၊ ပီဇာ၊ ဗိသုကာ ဒီဇိုင်း စတာတွေ အားလုံးအပါအဝင် လက်ရှိ OTK ကုမ္ပဏီရဲ့ တန်ဖိုးက ဒေါ်လာ သိန်းပေါင်း ၁ ကုဋေကို ကျော်လွန်နေပါပြီ။

တကယ်လို့ OTK Games က ထုတ်လုပ်မယ့် VRMMORPG သာ ထွက်လာပြီဆိုရင်၊ ဆန်ဖရန်စစ္စကိုနဲ့ Silicon Valley မှာ တည်ဆောက်ရေးလုပ်ငန်းတွေ စတင်ပြီဆိုရင်၊ ပြီးတော့ Traveling Wave Reactor စမ်းသပ်မှုသာ အောင်မြင်သွားပြီဆိုရင် ကုမ္ပဏီရဲ့ တန်ဖိုးက ဘယ်လောက်အထိ ပြောင်းလဲသွားဦးမလဲ။

ဒေါ်လာ သိန်းပေါင်း ၂ ကုဋေလား။ သိန်းပေါင်း ၃ ကုဋေလား။

"ဒီငွေတွေ အားလုံးကို ငါ ဘာလုပ်ရမလဲ"

အားလုံးကို သုံးပစ်ဖို့လည်း မဖြစ်နိုင်သလို၊ တခြားသူကို ပေးပစ်ဖို့လည်း မဖြစ်နိုင်ပါဘူး။ ကျွန်တော့်မှာ 'နတ်မျက်စိ' ရှိနေသရွေ့တော့ ဒီငွေတွေကို ကျွန်တော့်ထက် ပိုပြီး စီမံခန့်ခွဲနိုင်မယ့်သူ ရှိမှာမဟုတ်ပါဘူး။

အယ်လီက ကျွန်တော် ဘာလို့ ညနက်သန်းခေါင်မှာ ဒီလိုအတွေးတွေ ဝင်နေလဲဆိုတာကို ရိပ်မိပုံရတယ်။ ဒါကြောင့်ပဲ ရင်ကို ထိမှန်စေတဲ့ မေးခွန်းတစ်ခုကို မေးလာပါတယ်။

"ဂျင်ဟူ၊ နင် နိုင်ငံရေးကို စိတ်မဝင်စားဘူးလား"

"စိတ်မဝင်စားတာတော့ မဟုတ်ပါဘူး၊ မဲလည်း ပုံမှန်ပေးတာပဲ"

စီးပွားရေးနဲ့ နိုင်ငံရေးက အမြဲတမ်း အတူတူ သွားနေတာပါ။ နိုင်ငံရေးသမားတွေ အလေးအနက်ထားဆုံးအရာက အလုပ်လက်မဲ့နှုန်းနဲ့ တိုးတက်မှုနှုန်းလိုမျိုး စီးပွားရေး အညွှန်းကိန်းတွေပါပဲ။

"အောင်မြင်တဲ့ စီးပွားရေးသမားတွေက များသောအားဖြင့် နိုင်ငံရေးလောကနဲ့ အဆက်အသွယ် လုပ်တတ်ကြတယ် မဟုတ်လား"

"ဟုတ်ပါတယ်"

သမိုင်းတစ်လျှောက် အရှေ့တိုင်းရော၊ အနောက်တိုင်းမှာပါ ရင်းနှီးမြုတ်နှံမှု အင်အားစုတွေဟာ ဈေးကွက်ကို ကျော်လွန်ပြီး နိုင်ငံရေးအာဏာကို မက်မောခဲ့ကြတာပဲ။

ခရက်ဆပ်စ်ဆိုရင် ရောမမြို့ရဲ့ အချမ်းသာဆုံး လူတစ်ယောက်ဖြစ်ခဲ့ပြီး၊ အွန်ဆောင်း အုပ်စုရဲ့ တည်ထောင်သူ ဟန်ယောင်ဂျူကလည်း သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးတယ်။ ဆိုဆောင်း စက်မှုလုပ်ငန်းကို ဆက်ခံခဲ့တဲ့ သူ့သားလည်း အတူတူပါပဲ။

လူသားတွေက ကိုယ်ပိုင်ဆိုင်ထားတာထက် ပိုပြီး အမြဲတမ်း လိုချင်တတ်ကြတာလေ။

မကြာသေးမီကတော့ နိုင်ငံရေးထဲ တိုက်ရိုက်ဝင်တာထက် ငွေကြေးကို အသုံးပြုပြီး နိုင်ငံရေးလောကအပေါ် သြဇာလွှမ်းမိုးဖို့ ကြိုးစားတာက ပိုပြီး အဖြစ်များလာပါတယ်။

ဒါက အမှန်တကယ်ကို ကိုရီးယား ချေဘောတွေ လုပ်ဆောင်နေကြတဲ့အရာပါ။

ဆိုဆောင်း အုပ်စုဆိုရင် နိုင်ငံရေးသမားတွေကို ဘက်ပေါင်းစုံကနေ လာဘ်ထိုးလေ့ရှိတယ်။ ပြီးတော့ ပညာသင်ဆု အစီအစဉ်တွေကနေတစ်ဆင့် ထူးချွန်တဲ့ လူငယ်တွေကို မွေးထုတ်ပေးခဲ့တယ်။ အဲဒီလူတွေက ဆိုဆောင်း ကုမ္ပဏီမှာ အလုပ်လုပ်ရုံတင်မကဘဲ နိုင်ငံရေးနဲ့ ဥပဒေလောကထဲအထိ ရောက်ရှိသွားကြတာပါ။

ဆိုဆောင်းကို ထောက်ခံသူတွေဟာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး ကဏ္ဍတွေရဲ့ အာဏာဗဟိုချက်တွေမှာ နေရာယူထားကြပါတယ်။ အခြေအနေပေါ် မူတည်ပြီး သူတို့က နိုင်ငံရဲ့ အကျိုးစီးပွားထက် ဆိုဆောင်း အုပ်စုရဲ့ အကျိုးစီးပွားကိုပဲ ဦးစားပေးတတ်ကြတယ်။

ဆိုဆောင်း အုပ်စုက ကိုရီးယား စီးပွားရေးအတွက် ဘယ်လောက်ပဲ အရေးကြီးကြီး၊ အဲ့ဒီလုပ်ရပ်ကို မှန်ကန်တယ်လို့ ဘယ်သူမှ ထင်မှာမဟုတ်ပါဘူး။

စနစ်အမျိုးမျိုး ယှဉ်ပြိုင်ခဲ့ကြတဲ့ အချိန်တစ်ခု ရှိခဲ့ဖူးတယ်။ အမေရိကန် နိုင်ငံရေးသိပ္ပံပညာရှင် ဖရန်စစ် ဖူကူယားမားက လစ်ဘရယ်ဝါဒရဲ့ အောင်ပွဲနဲ့အတူ လူသားတို့ရဲ့ သမိုင်းကြောင်း ပြီးဆုံးသွားပြီလို့ ကြေညာခဲ့ဖူးတယ်။

အဲဒီစကား မှန်မမှန် ငြင်းခုံစရာ ရှိပေမယ့် လက်ရှိ ဖွံ့ဖြိုးပြီး နိုင်ငံတွေအပါအဝင် နိုင်ငံအားလုံးနီးပါးဟာ နိုင်ငံရေးအရ ဒီမိုကရေစီကို ကျင့်သုံးပြီး စီးပွားရေးအရ အရင်းရှင်ဝါဒကို ကျင့်သုံးနေကြတာပါ။

ဒီစနစ်နှစ်ခုက နိုင်ငံတော်ကို ထောက်ကန်ပေးထားတဲ့ ဒေါက်တိုင်တွေပါပဲ။ ဒါကြောင့် နိုင်ငံရေးအာဏာနဲ့ စီးပွားရေးအာဏာဟာ ဟန်ချက်ညီညီ ရှိနေရမှာဖြစ်ပြီး အချင်းချင်း ထိန်းကျောင်းရမှာပါ။ စီးပွားရေးအာဏာက နိုင်ငံရေးအာဏာအပေါ် စိုးမိုးခွင့် မရှိစေရပါဘူး။

"ပြီးတော့ ငါက အမြဲတမ်း မှန်ကန်တဲ့ ရွေးချယ်မှုတွေ လုပ်နိုင်ပါ့မလားဆိုတာကိုလည်း သိပ်ပြီး ယုံကြည်ချက်မရှိဘူး"

ရင်းနှီးမြှုပ်နှံမှုရဲ့ ရည်ရွယ်ချက်က ငွေရှာဖို့ပါပဲ။ အဲဒီဖြစ်စဉ်မှာ တရားမဝင်တာ မပါသရွေ့တော့ သူ့ဘာသာသူ မှန်ကန်နေတာပါ။

ဒါပေမဲ့ နိုင်ငံရေးကတော့ အဖြူအမည်း သဲသဲကွဲကွဲ မရှိပါဘူး။ နျူကလီးယား ပိတ်သိမ်းတာ မှန်လား၊ မှားလား၊ အခမဲ့ ကျောင်းမှာ မုန့်ကျွေးတာ ဒါမှမဟုတ် အခွန်တိုးတာ၊ အခွန်လျှော့တာ... ဘယ်အရာက ပိုကောင်းလဲဆိုတာအတွက် အဖြေတစ်သမတ်ထဲ မရှိဘူး။

ငယ်စဉ်က မိုက်ခဲ့တာတွေက ကြီးလာတဲ့အခါ ရှက်စရာ အတိတ်ဖြစ်သွားသလိုပဲ၊ အခု မှန်တယ်လို့ ယုံကြည်ထားတဲ့အရာတွေက နောက်ပိုင်းမှာ မှားယွင်းသွားတာမျိုး ဖြစ်နိုင်ပါတယ်။

ရုရှားက အလက်စကာကို အမေရိကန်ဆီ ရောင်းချခဲ့တုန်းက အေးခဲနေတဲ့ မြေရိုင်းကို ဈေးကောင်းကောင်းနဲ့ ရောင်းလိုက်ရလို့ ဝမ်းသာခဲ့တာပါ။ ဆန့်ကျင်ဘက်အနေနဲ့ အမေရိကန်အစိုးရကတော့ အသုံးမကျတဲ့ မြေကို ဝယ်ရမလားဆိုပြီး ပြည်သူတွေရဲ့ ဝေဖန်မှုကို ခံခဲ့ရဖူးတယ်။ နောက်တော့ ရေနံတွေ အလှူလိုထွက်လာတော့လည်း အမြင်တွေပြောင်းကုန်ကြတာပဲလေ။

ကျွန်တော် ခေါင်းခါရင်း ပြောလိုက်တယ်။

" ငွေနဲ့ နိုင်ငံကို ထိန်းချုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုး ငါ့မှာ လုံးဝမရှိဘူး။ ပြီးတော့ မလုပ်လည်း မလုပ်သင့်ဘူး"

အယ်လီက ကျွန်တော့်ကို ကြည့်ပြီး ပြုံးလိုက်တယ်။

"သိလား၊ အဲဒါကြောင့်ပဲ နင့်ကို သဘောကျတာ။ ဂျင်ဟူ"

"တကယ်လား"

ကျွန်တော် အယ်လီကို ခဏလောက် စိုက်ကြည့်နေမိတယ်။

"ဘာလို့ အဲဒီလို ကြည့်နေတာလဲ"

"လှလို့လေ"

ချက်ချင်းပဲ အယ်လီ့မျက်နှာတစ်ခုလုံး ရဲတက်သွားတယ်။

"ဘာ... ဘာလဲဟာ။ ရုတ်တရက်ကြီး ဘာတွေလာပြောနေတာလဲ။ ရှက်စရာကြီး"

ဘီယာကို ကုန်အောင် သောက်လိုက်ရင်း ကျွန်တော် ပြောလိုက်တယ်။

"အင်း။ ပြဿနာက ငါ့မှာ အဲဒီလို ရည်ရွယ်ချက်မရှိဘူးဆိုတာကို သူတို့ သဘောပေါက်ပါ့မလား ဆိုတာပဲ"

ဟိုချန်မင်းက အစက အလုပ်သမားနဲ့ လူ့အခွင့်အရေး ရှေ့နေတစ်ယောက် ဖြစ်ခဲ့တာပါ။ သူက အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး အလုပ်သမားတွေရဲ့ အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့သူပါ။

လူပေါင်းများစွာရဲ့ ကြိုးပမ်းမှုနဲ့ စနစ်တကျ စွန့်လွှတ်မှုတွေကြောင့် ကိုရီးယားဟာ အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့ပြီး ဒီမိုကရေစီကို ဖော်ဆောင်နိုင်ခဲ့တာလေ။

ပြီးတော့ အဲဒီရှေ့နေဟောင်းက အခု သမ္မတနေရာကို ရောက်ရှိနေပါပြီ။

ကိုရီးယားသမ္မတဟာ ကြီးမားတဲ့ အာဏာကို ပိုင်ဆိုင်ထားပေမယ့် အဲဒီအာဏာကတောင် စီးပွားရေးအာဏာကို ထိန်းချုပ်ဖို့ ရုန်းကန်နေရပါတယ်။

ရွေးကောက်ပွဲတွေကြောင့် အစိုးရတွေ အကြိမ်ကြိမ် ပြောင်းလဲခဲ့ပေမယ့် ချေဘောတွေကတော့ ချေဘောတွေအတိုင်းပဲ ကျန်ရှိနေတုန်းပါပဲ။ အာဏာက ဈေးကွက်ထဲ ရောက်သွားပြီလို့တောင် ပြောစမှတ်ပြုကြတာပါ။

ကိုရီးယားကို တစ်ချိန်က "ဆိုဆောင်းသမ္မတနိုင်ငံ" လို့တောင် ခေါ်ခဲ့ကြဖူးတယ်။ ကိုရီးယား ပျက်စီးရင်တောင် ဆိုဆောင်းက မပျက်စီးနိုင်ပေမဲ့ ဆိုဆောင်း ပျက်စီးရင်တော့ ကိုရီးယား ပျက်စီးလိမ့်မယ်လို့ ယုံကြည်ခဲ့ကြတာပါ။ ဒါကြောင့် ဆိုဆောင်း အုပ်စုကို ထိန်းချုပ်ထားတဲ့ လင်အီကွမ်နဲ့ လင်ဂျင်ယုံတို့ဟာ ကိုရီးယားကို ထိန်းချုပ်နေတာနဲ့ အတူတူပါပဲ။

ဒါပေမဲ့ အခုတော့ အဲဒီစကား ပျောက်ကွယ်သွားခဲ့ပြီ။ ဆိုဆောင်း အုပ်စုရဲ့ အာဏာ အားနည်းသွားလို့ မဟုတ်ပါဘူး။ ဆိုဆောင်း အုပ်စုထက် အဆပေါင်းများစွာ ကြီးမားတဲ့ ကုမ္ပဏီကြီးတစ်ခု ပေါ်ထွက်လာခဲ့လို့ပါ။

အဲဒါကတော့ OTK ကုမ္ပဏီပါပဲ။

OTK ကုမ္ပဏီက အခုအချိန်အထိ ရှိခဲ့တဲ့ ချေဘောအုပ်စုတွေနဲ့ ဖွဲ့စည်းပုံချင်း လုံးဝ မတူပါဘူး။

ဆိုဆောင်း အုပ်စု ဘယ်လောက်ပဲ ကြီးကြီး၊ လင်ဂျင်ယုံ မိသားစု ပိုင်ဆိုင်တဲ့ ရှယ်ယာက ၁၀ ရာခိုင်နှုန်းအောက်ပဲ ရှိတာပါ။ ကျန်တဲ့ ရှယ်ယာ အများစုကိုတော့ အမျိုးသားပင်စင်အဖွဲ့ကတစ်ဆင့် အစိုးရက ပိုင်ဆိုင်ထားတာလေ။

ရှယ်ယာ အနည်းငယ်နဲ့ ကုမ္ပဏီတစ်ခုလုံးကို ထိန်းချုပ်ထားတဲ့ ချေဘောအုပ်စုတွေရဲ့ အုပ်ချုပ်မှုပုံစံက အားနည်းချက် ရှိပါတယ်။ ဒါကြောင့် သူတို့က နိုင်ငံရေးလောကရဲ့ မျက်နှာကို ကြည့်နေရတာပါ။

နိုင်ငံရေးအာဏာက စီးပွားရေးအာဏာကို ထိန်းကျောင်းနိုင်တဲ့ အင်အားစုအဖြစ် ရှိနေတုန်းပါပဲ။ ဒါကြောင့်လည်း အစိုးရက ချေဘောခေါင်းဆောင်တွေကို ကြားနာပွဲတွေဆီ ခေါ်ယူပြီး ဝေဖန်နိုင်တဲ့အပြင် အဂတိလိုက်စားမှုတွေနဲ့ ဖမ်းဆီးနိုင်တာပါ။

ဒါပေမဲ့ OTK ကုမ္ပဏီကတော့ ပြင်ပကနေ ရင်းနှီးမြှုပ်နှံမှု လုံးဝ လက်မခံခဲ့ပါဘူး။ ကန်ဂျင်ဟူက ရှယ်ယာ ၈၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး အုပ်ချုပ်ခွင့်ကို အခိုင်အမာ ရယူထားတာလေ။

အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲဖို့ အစီအစဉ်လည်း မရှိတဲ့အတွက် ဒီထိန်းချုပ်မှုက သူ ကွယ်လွန်တဲ့အထိ ရှိနေဦးမှာပါ။

ကန်ဂျင်ဟူဟာ လွန်ခဲ့တဲ့ ငါးနှစ်ကမှ ရင်းနှီးမြှုပ်နှံမှုလောကထဲ ရောက်ရှိလာခဲ့တာပါ။ ငါးနှစ်အတွင်းမှာတင် လူသားတွေရဲ့ သမိုင်းတစ်လျှောက် အကြီးမားဆုံးသော ဓနဥစ္စာကို ပိုင်ဆိုင်နိုင်ခဲ့တယ်။

သူ့ရဲ့ ချမ်းသာမှုက ကာနက်ဂျီ ဒါမှမဟုတ် ရော့ကဖဲလားတို့ရဲ့ အထွတ်အထိပ်အချိန်ကထက် ပိုမိုသာလွန်နေပြီး ဆော်ဒီနဲ့ အဘူဒါဘီ တော်ဝင်မိသားစုတွေရဲ့ ချမ်းသာမှုထက်တောင် ပိုများတယ်လို့ ပြောနေကြတာပါ။

နောက်ထပ် ငါးနှစ်ကြာရင် ဘာဖြစ်လာမလဲ။ ပြီးတော့ အဲဒီနောက်ထပ် ငါးနှစ်အပြီး နောက်ငါးနှစ်အကြာမှာကော။

သမ္မတ ဟိုချန်မင်းက လွန်ခဲ့တဲ့ လအနည်းငယ်က တွေ့ဆုံခဲ့ဖူးတဲ့ လူငယ်လေးကို ပြန်လည်အမှတ်ရရင်း ရေရွတ်လိုက်တယ်။

" အနာဂတ်မှာ ဒီနိုင်ငံဟာ လူတစ်ယောက်ထဲရဲ့ လက်ခုပ်ထဲက ရေ ဖြစ်သွားနိုင်တယ်"

All Chapters