← Chapters

အခန်း ၃၅၂

Vol. 36 Ch. 352

အခန်း ၃၅၂

Vol. 36 Ch. 352

အခန်း (၃၅၂)

နျူကလီးယားစက်ရုံတွေ အဆင့်ဆင့်ပိတ်သိမ်းရေး ကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံရေးအရ အငြင်းပွားမှုတွေ တစ်နေ့ထက်တစ်နေ့ ပိုပြင်းထန်လာတာကြောင့် သမ္မတ ဟိုချန်မင်းက အစိုးရအဖွဲ့အစည်းအဝေးမှာ သူ့ရဲ့ရပ်တည်ချက်ကို ထုတ်ဖော်ပြောကြားလိုက်တယ်။

"ပိုပြီးစိတ်ချရပြီး ပိုထိရောက်တဲ့ နည်းပညာအသစ်တွေ ထွက်ပေါ်လာတာကို ကန့်ကွက်ရမယ့်အကြောင်းရင်း မရှိပါဘူး။ အစိုးရအနေနဲ့ ကတိပြုထားတဲ့အတိုင်း နျူကလီးယား အဆင့်ဆင့်ပိတ်သိမ်းရေးမူဝါဒကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပေမယ့် ကျွန်တော်တို့ ပြည်တွင်းကုမ္ပဏီတွေရဲ့ နည်းပညာအသစ် တီထွင်ဆန်းသစ်မှုတွေနဲ့ ပြည်ပကို တင်ပို့ရောင်းချမှုတွေကိုတော့ တက်တက်ကြွကြွ ပံ့ပိုးကူညီပေးသွားမှာပါ။ လွှတ်တော်အနေနဲ့လည်း အချိန်ကုန်စေမယ့် အငြင်းပွားမှုတွေကို ရပ်တန်းကရပ်ပြီး ပြည်သူတွေရဲ့ စားဝတ်နေရေးဆိုင်ရာ ဥပဒေကြမ်းတွေကို အမြန်ဆုံး စီစစ်ဆောင်ရွက်ပေးဖို့ တိုက်တွန်းချင်ပါတယ်"

ဒါပေမယ့် ဒီပြောကြားချက်က အငြင်းပွားမှုကို ငြိမ်ကျသွားစေမယ့်အစား ပိုပြီးတော့တောင် ကြီးထွားလာစေခဲ့တယ်။

နျူကလီးယား ပိတ်သိမ်းရေးမူဝါဒကို လုံးဝဖျက်သိမ်းပေးဖို့ အစဉ်တစိုက် တောင်းဆိုနေတဲ့ လွတ်လပ်သောပြည်သူများပါတီက နောက်ထပ်တစ်ကြိမ် ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်လာသလို သဘာဝပတ်ဝန်းကျင်နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကလည်း ဒါဟာ နျူကလီးယားပိတ်သိမ်းရေး မူဝါဒကို လက်လွှတ်လိုက်တာပဲလို့ ဆိုပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြတယ်။

-ဝိုး... အခုတော့ လမ်းကြောင်းသုံးသွယ် မဟာဗျူဟာ ဖြစ်သွားပြီပေါ့။

-ဒါနဲ့ အစိုးရက နျူကလီးယား စွမ်းအင်ကို ပိတ်မှာလား၊ မပိတ်ဘူးလား။

-သိပ္ပံနဲ့ အိုင်စီတီဝန်ကြီးဌာနက မျိုးဆက်သစ် နျူကလီးယားနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး ဘတ်ဂျက်အားလုံးကို ဖြတ်တောက်လိုက်တာ မဟုတ်ဘူးလား၊ အခုကျမှ ပြန်လုပ်မလို့လား။

-အဆင့်ဆင့် ပိတ်သိမ်းတော့မှာပဲကို နည်းပညာကို ဘာလို့ ဆက်ပြီး တီထွင်နေဦးမှာလဲ၊ ငါတစ်ယောက်ထဲပဲ နားမလည်တာလား။

-ဝန်ကြီးချုပ် အိုကာဇာကီက သမ္မတ ဗိုင်ဆော့စကီးနဲ့ တွေ့ဖို့ ရုရှားကို အပြေးအလွှား သွားနေပြီလို့ မကြားဘူးလား၊ ကိုရီးယားက ဘာတွေလုပ်နေတာလဲ၊ ငါတို့မှာ ကန်ဂျင်ဟူ ရှိနေတာပဲကို ဘာလို့ အသုံးမချနိုင်ရတာလဲ။

-တောင်ကိုရီးယားမှာ ကန်ဂျင်ဟူ ရှိတယ်။ ဒါပေမယ့် ဟိုချန်မင်းလည်း ရှိနေတယ်လေ၊ ငါတို့တော့ သွားပြီထင်တယ်။

-နျူကလီးယားစွမ်းအင်ကို ဆက်သုံးမယ်ဆိုရင်လည်း ပိတ်သိမ်းဖို့အကြောင်း မပြောသင့်ဘူး၊ ပိတ်သိမ်းမယ်ဆိုရင်လည်း ပြည်ပတင်ပို့တာနဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်အောင် လုပ်တာတွေကိုပါ ပိတ်ပင်ရမှာပေါ့။

-ဟားဟား... ကိုရီးယားကိုတော့ နျူကလီးယား အန္တရာယ်ကင်းတဲ့ နိုင်ငံဖြစ်အောင် လုပ်ပေးမယ်၊ ဒါပေမယ့် နိုင်ငံခြားအတွက်ကျတော့ အများကြီး ဆောက်ပေးမယ်ပေါ့လေ။

-နာမည်ကသာ နျူကလီးယား အဆင့်ဆင့်ပိတ်သိမ်းရေး၊ တကယ်တမ်း ဒီအစိုးရလက်ထက်မှာ လည်ပတ်နေတဲ့ နျူကလီးယားဓာတ်ပေါင်းဖိုတွေက ပိုများလာဦးမှာကွ။

-တော်ပြီ... အရင်ဆုံး ကန်ဂျင်ဟူကိုပဲ ဖမ်းလိုက်ကြရအောင်။

ရုရှားမှာတော့ TWR စမ်းသပ်မှုအတွက် နျူကလီးယား ဓာတ်ပေါင်းဖို ဆောက်လုပ်ရေးက အနောက်ကမ္ဘာကို အံ့အားသင့်စေလောက်တဲ့ အထိ မယုံနိုင်စရာ ကောင်းလောက်အောင် မြန်ဆန်တဲ့နှုန်းနဲ့ ရှေ့ဆက်နေပါတယ်။

ဒီစမ်းသပ်မှုအတွက် ကုန်ကျစရိတ်အားလုံးကို ကျွန်တော်တို့က စိုက်ထုတ်ပေးထားတာမလို့ တိုးတက်မှုအခြေအနေ အစီရင်ခံစာတွေကို အချိန်နဲ့တပြေးညီ ရရှိနေတာပါ။

တက်ဂယူက အံ့သြတုန်လှုပ်စွာနဲ့ ပြောလာတယ်။

"ဒါက ဘာလဲဟ၊ ချောလီမာ အရှိန်အဟုန် မြှင့်တင်ရေး စီမံချက်များလား"

(ချောလီမာ အရှိန်အဟုန် မြှင့်တင်ရေး စီမံချက် ဆိုတာ မြောက်ကိုရီးယားနိုင်ငံရဲ့ စီးပွားရေးနဲ့ ကုန်ထုတ်လုပ်မှု ကဏ္ဍတွေကို အလျင်အမြန် တိုးတက်လာစေဖို့အတွက် နိုင်ငံတော်က ဦးဆောင်ပြီး ပြည်သူတွေကို အတင်းအကျပ် အလုပ်အကျွေးပြုခိုင်းခဲ့တဲ့ အရှိန်အဟုန်မြှင့် လှုပ်ရှားမှုကြီး ဖြစ်ပါတယ်။)

"ဆုံးဖြတ်ချက်တစ်ခု ချပြီးရင် နောက်ပြန်မလှည့်ဘဲ ရှေ့ကိုပဲ ဇွတ်တိုးတတ်တာက ကွန်မြူနစ်နိုင်ငံဟောင်းတွေရဲ့ ဝိသေသပဲလေ"

ရုရှားအစိုးရနဲ့ Rosatom ကုမ္ပဏီတို့က အဖက်ဖက်က ပံ့ပိုးပေးထားတာကြောင့် ပါမောက္ခ ပက်ထရော့ဗ်ရဲ့ သုတေသနအဖွဲ့က ဒီစမ်းသပ်မှုမှာ သေချာပေါက် အောင်မြင်လိမ့်မယ်လို့ ယုံကြည်မှုအပြည့် ရှိနေကြတာပါ။

ကျွန်တော် ဝါရင် ဘတ်ဖတ် ဆီ ဖုန်းဆက်လိုက်တယ်။

"အလုပ်ရှုပ်နေမှာ သိပေမယ့် အခု စကားပြောဖို့ အဆင်ပြေလား ခင်ဗျာ"

သူက ပျော်ရွှင်တဲ့အသံနဲ့ ပြန်ဖြေတယ်။

[ပြေတာပေါ့]

ကျွန်တော်တို့ အရင်ဆုံး ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောဖြစ်ကြတယ်။

[ဒီတစ်ခါ ပါမောက္ခ ပက်ထရော့ဗ်ရဲ့ သုတေသနမှာ မင်း ရင်းနှီးမြှုပ်နှံလိုက်တာကို မြင်ပြီး ငါ တော်တော်အံ့သြသွားတယ်]

"ခင်ဗျားလည်း MegaPower မှာ ထပ်တိုးရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်လိုက်တယ်လို့ ကြားပါတယ်"

သူက စွမ်းအင်လုပ်ငန်းအပေါ် အလွန်စိတ်ဝင်စားတယ်လို့ လူသိများပြီး အမှန်တကယ်ကို Berkshire Hathaway က MegaPower မှာ ရင်းနှီးမြှုပ်နှံထားတာပါ။ ပြီးတော့ ဒီတစ်ကြိမ်မှာလည်း နောက်ထပ် ဒေါ်လာ သန်း ၂၀၀ ထပ်တိုးရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ခဲ့တာလေ။

[တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်မှု ပျက်ပြားသွားပြီးတဲ့နောက်ပိုင်း ငါ ရင်းနှီးမြှုပ်နှံဖို့ တွန့်ဆုတ်နေခဲ့တာ၊ ဒါပေမယ့် စီအီးအို ကန် ရင်းနှီးမြှုပ်နှံတာကို မြင်ပြီးမှ ငါ ဆုံးဖြတ်ချက်ချလိုက်တာပါ၊ ငါ့အနေနဲ့ သင်ယူရဦးမှာတွေ အများကြီး ရှိသေးတယ် ထင်တယ်]

ဒီလောက် အသက်အရွယ်ရနေပြီဖြစ်တာတောင် အတွေးအခေါ် ပျော့ပျောင်းမှုရှိတာက တကယ့်ကို ကြီးမားတဲ့ အားသာချက်တစ်ခုပါပဲ။

သူက မူလက အိုင်တီကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု မလုပ်ဘူးလို့ နာမည်ကြီးပေမယ့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး Enple နဲ့ ဆိုဆောင်း အီလက်ထရောနစ် တို့မှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံနေခဲ့တာပါ။ အာမခံကုမ္ပဏီ အတော်များများကို ပိုင်ဆိုင်ထားတဲ့အတွက် သူက အလိုအလျောက်မောင်းနှင်တဲ့ မော်တော်ယာဉ်တွေအပေါ်မှာလည်း အဆိုးမြင်ခဲ့ပေမယ့် အခုတော့ အလိုအလျောက်မောင်းမော်တော်ကားတွေနဲ့ ပတ်သက်တဲ့ အာမခံထုတ်ကုန်တွေကို အမြန်ဆုံး မိတ်ဆက်ပေးခဲ့သူ ဖြစ်နေပါပြီ။

တချို့က သူ့ကို စကားတစ်မျိုး၊ အလုပ်တစ်မျိုး လုပ်တယ်လို့ ဝေဖန်ကြပေမယ့် အခြေအနေတွေ ပြောင်းလဲလာတာနဲ့အမျှ အတွေးအခေါ် ပြောင်းလဲတာက သဘာဝကျပါတယ်။ အရင်က မှန်ခဲ့တာက အခုအချိန်မှာ မှားနေနိုင်သလို၊ အခုအချိန်မှာ မှားနေတာကလည်း နောက်ပိုင်းကျ မှန်ချင်မှန်မှာမလို့ ဒီလိုကိစ္စမျိုးတွေက အများကြီး ရှိတတ်စမြဲပါ။

ထပ်တိုးရင်းနှီးမြှုပ်နှံမှု ရရှိသွားတဲ့ MegaPower က အမေရိကန်ပြည်ထောင်စုအတွင်းမှာ နျူကလီးယား ဓာတ်ပေါင်းဖို စမ်းသပ်မှုတွေ ပြုလုပ်ခွင့်ရဖို့ လျှောက်ထားခဲ့ပြီး အမေရိကန်အစိုးရကလည်း စတင်စိစစ်နေပြီ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာလည်း သမ္မတ ကျန်းဖင်ဟွာ ကိုယ်တိုင် ရှေ့ထွက်လာပြီး တရုတ်နည်းပညာနဲ့ မျိုးဆက်သစ် နျူကလီးယား ဓာတ်ပေါင်းဖို တွေကို တည်ဆောက်သွားမယ်လို့ ကြေညာခဲ့တယ်။

ရုတ်တရက် ကြည့်လိုက်ရင် နည်းပညာပြိုင်ပွဲကြီးတစ်ခု စတင်နေပြီလို့ ထင်ရပါတယ်။

[အုပ်စုတွေကြား ပြိုင်ဆိုင်မှု ရှိတာက ကောင်းတဲ့အချက်ပဲ၊ ဘယ်ဘက်ကပဲ အရင်ဆုံး တီထွင်နိုင်ပါစေ လူအများကြီးအတွက် အကျိုးရှိမှာပဲလေ]

ကံဆိုးစွာနဲ့ပဲ တောင်ကိုရီးယားကတော့ ဒီပြိုင်ပွဲကနေ ဖယ်ထုတ်ခံထားရပါတယ်။

တောင်ကိုရီးယားက TWR မဟုတ်ပေမယ့်လည်း နျူကလီးယားစက်ရုံတွေရဲ့ ထိရောက်မှုနဲ့ ဘေးကင်းမှုကို မြှင့်တင်ဖို့ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို စဉ်ဆက်မပြတ် လုပ်ဆောင်နေခဲ့တာပါ၊ ဒါပေမယ့် နျူကလီးယား အဆင့်ဆင့်ပိတ်သိမ်းရေး မူဝါဒ ထွက်လာပြီးတဲ့နောက်မှာတော့ သက်ဆိုင်ရာ ဘတ်ဂျက်တွေ အားလုံး ဖြတ်တောက်ခံလိုက်ရပြီး သုတေသနလုပ်ငန်းတွေ အားလုံး ရပ်ဆိုင်းသွားခဲ့ရတယ်။

ကျွန်တော် ခဏလောက် တွန့်ဆုတ်နေပြီးမှ နောက်ဆုံးမှာတော့ ဖွင့်ပြောဖို့ ဆုံးဖြတ်လိုက်တယ်။

"တကယ်တော့ ကျွန်တော့်မှာ ဒီရက်ပိုင်း စိတ်ပူစရာတစ်ခု ရှိနေလို့ပါ၊ ခင်ဗျားဆီက အကြံဉာဏ်တောင်းလို့ ရမလား"

[ဘာကိစ္စလဲ၊ အားမနာတမ်း ပွင့်ပွင့်လင်းလင်း ပြောပါ]

ပြီးခဲ့တဲ့ ရက်အနည်းငယ်ကတည်းက ကျွန်တော့်စိတ်ထဲမှာ ကြီးစိုးနေတဲ့ စိုးရိမ်ပူပန်မှုကို ရှင်းပြလိုက်တယ်။

အခုအချိန်မှာ အခြေအနေတွေ ပြောင်းပြန်ဖြစ်နေပြီ ဆိုပေမယ့် သူက တစ်ချိန်က ကမ္ဘာ့ဒုတိယ အချမ်းသာဆုံးပုဂ္ဂိုလ်နဲ့ အချမ်းသာဆုံး ရင်းနှီးမြှုပ်နှံသူ ဖြစ်ခဲ့ဖူးတာလေ။ ပြီးတော့ ကျွန်တော်နဲ့ နှိုင်းယှဉ်လို့မရတဲ့ အတွေ့အကြုံနဲ့ ပညာဉာဏ်တွေကိုလည်း ပိုင်ဆိုင်ထားသူပါ။

[ကိုရီးယားအစိုးရရဲ့ ရပ်တည်ချက်ကိုလည်း လုံးဝ နားလည်ပေးလို့မရတာတော့ မဟုတ်ဘူး။ ကြီးမားတဲ့ စီးပွားရေးဆိုတာက ဒီမိုကရေစီကို ခြိမ်းခြောက်နိုင်တဲ့ အန္တရာယ် ရှိနေတာလည်း အမှန်ပဲ။ အမေရိကန်မှာဆိုရင် ကုမ္ပဏီတွေရဲ့ နိုင်ငံရေးအရ အလှူငွေ ထည့်ဝင်မှုက တရားဝင်တယ်၊ ဒါကြောင့်မလို့ ကုမ္ပဏီတွေရဲ့ ပံ့ပိုးမှုကို ရထားတဲ့ နိုင်ငံရေးသမားတွေက အဲဒီကုမ္ပဏီတွေရဲ့ အကျိုးစီးပွားအတွက် အလုပ်လုပ်ပေးကြတာက သာမန်ကိစ္စတစ်ခု ဖြစ်နေတာ]

"Super PACs ကို ပြောတာလား ခင်ဗျာ"

အမေရိကန် ရွေးကောက်ပွဲတွေက လက်တွေ့မှာ ငွေနဲ့ပဲ လည်ပတ်နေတာပါ။ ငွေမရှိရင် ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့တောင် မဖြစ်နိုင်သလောက်ပါပဲ။ ဒါပေမယ့် လောကမှာ အလကားရတဲ့ နေ့လယ်စာ ဆိုတာ မရှိသလို အကူအညီ ရယူထားတဲ့သူတွေကလည်း ပြန်ပေးဆပ်ရမယ်လို့ ခံစားရတတ်ပါတယ်။

တချို့ကုမ္ပဏီတွေရဲ့ ငွေကြေးနဲ့ ရွေးကောက်ခံရရင် အဲဒီကုမ္ပဏီအတွက် အဆင်ပြေမယ့် မူဝါဒတွေကို သဘာဝကျကျပဲ အကောင်အထည်ဖော်ပေးမိမှာက အမှန်တရားပါပဲ။

[ငါ ကိုယ်တိုင်တော့ သူ့ကို သိပ်သဘောမကျပေမယ့် ရိုနယ်ကတော့ Super PACs တွေကို အသုံးမပြုဘဲ ရွေးကောက်ခံရတဲ့ တစ်ဦးထဲသော သမ္မတပဲ။ ငါ အဲဒီအချက်ကိုတော့ လုံးဝကို အကောင်းမြင်ထားတယ်]

OTK ကုမ္ပဏီက ကူညီပေးခဲ့တယ် ဆိုပေမယ့် ဒါက တိုက်ရိုက် နိုင်ငံရေး အလှူငွေ ပေးခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့က စက်ရုံတွေ ဆောက်ပေးပြီး အလုပ်အကိုင်တွေ ဖန်တီးပေးခဲ့တာပဲ ရှိတာပါ။

ဒါကြောင့်မလို့လည်း သမ္မတ ဖြစ်လာပြီးတဲ့နောက်မှာတောင် ရိုနယ်က ကုမ္ပဏီတွေရှေ့မှာ ဒူးထောက်မနေဘဲ လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်ခဲ့တာပါ။ မဟာငလျင်ကြီး မလှုတ်ခတ်ရောက်ခင် အရေးပေါ်အခြေအနေ ကြေညာပြီး ဆန်ဖရန်စစ္စကိုနဲ့ Silicon Valley ဒေသတွေကို ရွှေ့ပြောင်းပေးခဲ့တာက ထင်ရှားတဲ့ ဥပမာတစ်ခုပါပဲ။

ကုမ္ပဏီအားလုံးက ကန့်ကွက်ခဲ့ကြပေမယ့် သူကတော့ လျစ်လျူရှုခဲ့တယ်။ တကယ်လို့ ဒိုင်ယန် သာ သမ္မတ ဖြစ်ခဲ့ရင် အဲဒီလို ဆုံးဖြတ်ချက်မျိုးကို သေချာပေါက် ချနိုင်မှာ မဟုတ်ပါဘူး။

[ငွေကြေးက ဒီမိုကရေစီကို မလွှမ်းမိုးသင့်ဘူးလို့ လူတိုင်းက တွေးကြပေမယ့် လက်တွေ့မှာတော့ နိုင်ငံတိုင်းမှာ အဲဒီလို ဖြစ်ပျက်နေတာပဲ။ စီအီးအို ကန် ရဲ့ သြဇာလွှမ်းမိုးမှုက ကိုရီးယားနိုင်ငံရဲ့ အစိုးရအပြောင်းအလဲမှာ ဘာမှ မပါဝင်ခဲ့ဘူးလို့တော့ ပြောလို့မရဘူးလေ]

"အဲဒါတော့ ဟုတ်ပါတယ်"

သမ္မတရွေးကောက်ပွဲ မတိုင်ခင်အထိ လွတ်လပ်သောပြည်သူများပါတီရဲ့ ကိုယ်စားလှယ် လီဂျောင်ဟွန်းရဲ့ ထောက်ခံမှုနှုန်းက အများကြီး ပိုမြင့်နေခဲ့တာပါ။ တကယ်လို့ ကျွန်တော်က နောက်ဆုံးအချိန်ကျမှ PAS လေအိတ် ချို့ယွင်းချက် ပြဿနာကို မဖော်ထုတ်ခဲ့ရင် သူက သမ္မတနေရာကို အေးအေးဆေးဆေးပဲ အနိုင်ရသွားမှာ သေချာသလောက်ပါပဲ။

"ကျွန်တော် အလိုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ထူးထူးခြားခြား ဘာမှ မလုပ်ရင်တောင် နိုင်ငံရေးအပေါ်ကို ဆက်ပြီး သြဇာသက်ရောက်နေဦးမှာပဲနော်"

[မှန်တာပေါ့၊ တချို့က မင်းရဲ့ အကူအညီကို လိုချင်ကြလိမ့်မယ်၊ တချို့ကျတော့လည်း မင်းကို ထိန်းချုပ်ဖို့ ကြိုးစားကြလိမ့်မယ်၊ အဲဒီအခြေအနေကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ မင်းဘာမင်း နည်းလမ်းရှာရုံပဲ ရှိတယ်]

ကျွန်တော် တက်ဂယူနဲ့ အတူ ရင်းနှီးမြှုပ်နှံမှုတွေ စတင်ခဲ့စဉ်က အချိန်ကို ပြန်တွေးမိသွားတယ်။

အစတုန်းကတော့ ရင်းနှီးမြှုပ်နှံမှုတွေ အောင်မြင်ပြီး ပိုက်ဆံရတာကိုပဲ ရိုးရိုးရှင်းရှင်း သဘောကျခဲ့တာပါ။ ဒါပေမယ့် မဟာငလျင်ကြီးကို ကြိုတင်မြင်ခဲ့ရပြီးတဲ့နောက်မှာတော့ အတွေးတစ်ခုက ရုတ်တရက် ခေါင်းထဲ ဝင်လာခဲ့တယ်။

ကျွန်တော် ဘာကြောင့် ဒီလိုစွမ်းရည်မျိုးကို ရရှိပြီး ပိုက်ဆံတွေ အများကြီး ရှာဖွေနိုင်ခဲ့ရတာလဲဆိုတဲ့ အကြောင်းပြချက် တစ်ခုခုများ ရှိနေမလားဆိုပြီးတော့ပေါ့။

ကျွန်တော် တိတ်ဆိတ်နေမိတာကြောင့် ဝါရင် ဘတ်ဖတ် က ပြုံးလျက် ပြောလာတယ်။

[သိပ်ပြီး လောစရာမလိုပါဘူး၊ စီအီးအို ကန် က ငယ်သေးတာပဲ၊ အဖြေကို ရှာဖွေဖို့ အချိန်တွေ အများကြီး ရှိပါသေးတယ်၊ တစ်ခါတလေကျရင် အချိန်ယူပြီး စဉ်းစားတွေးခေါ်တာကပဲ ပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်း ဖြစ်လာတတ်ပါတယ်]

တိကျတဲ့ အဖြေကို မရရှိခဲ့ပေမယ့် ဒီလိုမျိုး စကားပြောလိုက်ရုံနဲ့တင် စိတ်ထဲမှာ တော်တော်လေး ပေါ့ပါးသွားသလို ခံစားလိုက်ရတယ်။

"နောက်လည်း ခဏခဏ ဖုန်းဆက်လို့ ရမလား ခင်ဗျာ"

[ရတာပေါ့၊ အမြဲတမ်း ကြိုဆိုနေမှာပါ]

အွန်ဆောင်း မော်တာ အလုပ်သမားသမဂ္ဂရဲ့ သပိတ်မှောက်မှုတွေနဲ့ ပြင်းထန်တဲ့ ကန့်ကွက်မှုတွေ ရှိနေခဲ့တဲ့ကြားကပဲ ပြီးခဲ့တဲ့နှစ်က ဂွန်ဆန်မှာ လျှပ်စစ်ကား စက်မှုဇုန်ကို စတင်တည်ထောင်နိုင်ခဲ့တယ်။

စက်မှုဇုန်ကို ဖော်ဆောင်နေစဉ်အတွင်းမှာပဲ ပစ္စည်းပံ့ပိုးပေးတဲ့ ကုမ္ပဏီတွေကလည်း တစ်ခုပြီးတစ်ခု ပြောင်းရွှေ့အခြေစိုက်လာ ကြတယ်။ အရည်အသွေးမြင့်တဲ့ အလုပ်အကိုင်အသစ်တွေ ထွက်ပေါ်လာတာကြောင့် ဒေသန္တရအစိုးရရဲ့ မျှော်လင့်ချက်ကလည်း အလွန် မြင့်မားနေခဲ့တာပါ။

လက်တွေ့ အကျိုးသက်ရောက်မှုတွေကလည်း အမြန်ဆုံး ထွက်ပေါ်လာခဲ့တယ်။ GM စက်ရုံ ပိတ်သိမ်းပြီးတဲ့နောက်ပိုင်း လူဦးရေ လျော့နည်းလာမှုနဲ့သာ ရင်ဆိုင်နေရတဲ့ ဂွန်ဆန်မြို့ဟာ အခုဆိုရင် လူဦးရေ ပြန်လည်တိုးပွားလာမှုကို ကြုံတွေ့နေရပြီ ဖြစ်ပါတယ်။ ဒါက အလုပ်အကိုင်တွေအတွက် ရွှေ့ပြောင်းလာကြတဲ့ လူငယ်တွေကြောင့်ပါ။

OTK ကုမ္ပဏီ၊ အွန်ဆောင်း မော်တာ အုပ်စု နဲ့ ဆောင်း အုပ်စု တို့က ဒီစက်မှုဇုန်မှာ အတူတူ ရင်းနှီးမြှုပ်နှံထားကြတာပါ။ တစ်နှစ်ကို အနည်းဆုံး မော်တော်ယာဉ် အစီးရေ ၃ သိန်းကနေ ၅ သိန်းအထိ ထုတ်လုပ်နိုင်တဲ့ စွမ်းဆောင်ရည် ရှိနေပါတယ်။ ဒါဟာ မူလက စီစဉ်ထားတဲ့ အစီးရေ ၂ သိန်း ပမာဏထက် သိသိသာသာ တိုးတက်လာတာဖြစ်ပြီး စက်ရုံကိုလည်း လက်ရှိအချိန်အထိ တိုးချဲ့တည်ဆောက်နေဆဲပါ။

ကမ္ဘာတစ်ဝှမ်းမှာ ကားရောင်းအားတွေ ကျဆင်းနေပေမယ့် အလိုအလျောက်မောင်းနှင်တဲ့ လျှပ်စစ်ကားတွေရဲ့ ရောင်းအားကတော့ အရှိန်အဟုန်နဲ့ ပေါက်ကွဲထွက်နေခဲ့တာပါ။

ဒါဟာ သက်ဆိုင်ရာ ကုမ္ပဏီတွေအတွက် အကြပ်အတည်းတစ်ခု ဖြစ်သလို အခွင့်အရေးတစ်ခုလည်း ဖြစ်လာခဲ့တယ်။

ပြီးခဲ့တဲ့ နှစ်အနည်းငယ်ကအထိ လူမသိသူမရှိခဲ့တဲ့ CarOS က ကမ္ဘာ့အကြီးဆုံး မော်တော်ယာဉ်ထုတ်လုပ်သူ ဖြစ်လာခဲ့ပြီး တစ်ချိန်က GM ထက် ပိုပြီး တန်ဖိုးကြီးခဲ့တဲ့ Nikola ကတော့ ပြိုလဲသွားခဲ့ရတယ်။

လက်ရှိအချိန်မှာ အလိုအလျောက်မောင်းနှင်တဲ့ လျှပ်စစ်ကားတွေကို ကုမ္ပဏီသုံးခုက ထုတ်လုပ်နေတာပါ၊ အဲဒါတွေကတော့ CarOS၊ GM နဲ့ Ford တို့ ဖြစ်ကြပါတယ်။ ဒီထဲမှာမှ GM နဲ့ Ford တို့က OTK ကုမ္ပဏီနဲ့ နည်းပညာပူးပေါင်းဆောင်ရွက်မှုကတစ်ဆင့် လျှပ်စစ်ကားတွေကို ထုတ်လုပ်နေပါပြီ။

အလားတူပဲ ဂွန်ဆန် လျှပ်စစ်ကား စက်မှုဇုန်မှာလည်း အွန်ဆောင်း မော်တာ က ကားတွေကို ထုတ်လုပ်ပြီး TS ကုမ္ပဏီ က ဘတ္ထရီတွေကို ထုတ်လုပ်ကာ ဆောင်း အီလက်ထရောနစ် ကတော့ လျှပ်စစ်ပစ္စည်း အစိတ်အပိုင်းတွေကို ထုတ်လုပ်ပေးနေတာပါ။ ပြီးတော့ အဲဒီကားတွေထဲမှာ CarOS ရဲ့ ဆော့ဖ်ဝဲလ်ကို ထည့်သွင်းတပ်ဆင်ထားပါတယ်။

အလိုအလျောက်မောင်းနှင်မှုနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလည်း ဖြေလျှော့ပေးခဲ့ပြီး ကိုရီးယားမှာ မောင်းနှင်မှုစမ်းသပ်ချက်တွေနဲ့ အချက်အလက် စုဆောင်းမှုတွေအားလုံးကိုလည်း ပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။ ကိုရီးယားအစိုးရက ဆာဗာတွေကို ပြည်တွင်းမှာပဲ တည်ဆောက်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ကျွန်တော်တို့ဘက်က လက်တွေ့မကျတဲ့အတွက် ငြင်းပယ်ခဲ့တယ်။

စက်မှုဇုန် ဖော်ဆောင်မှုက လုံးဝမပြီးသေးဘဲ စက်ရုံကို ဆက်ပြီး တိုးချဲ့နေဆဲ ဖြစ်ပေမယ့် ရှိပြီးသား GM စက်ရုံကို လွှဲပြောင်းရယူပြီး အတွင်းပိုင်း အဆောက်အဦးတွေကို လျှပ်စစ်ကား ထုတ်လုပ်ရေးလိုင်းတွေနဲ့ အစားထိုးလိုက်တာကြောင့် မျှော်လင့်ထားတာထက် အများကြီး ပိုပြီး မြန်မြန်ဆန်ဆန် လည်ပတ်နိုင်ခဲ့တာပါ။

အစပိုင်းမှာတော့ တစ်လကို အစီးရေ ၅,၀၀၀ ထုတ်လုပ်သွားမှာဖြစ်ပြီး နှစ်ကုန်ပိုင်းမှာ အစီးရေ ၁၀,၀၀ အထက်အထိ တိုးမြှင့်သွားဖို့ စီစဉ်ထားပါတယ်။ လာမယ့်နှစ်မှာ စက်ရုံတိုးချဲ့မှု ပြီးစီးသွားရင်တော့ စီစဉ်ထားတဲ့အတိုင်း တစ်နှစ်ကို အစီးရေ ၃ သိန်း ထုတ်လုပ်နိုင်မှာပါ။

အွန်ဆောင်း မော်တာ အလုပ်သမားသမဂ္ဂကတော့ လုပ်ခလစာ လျှော့ချမှုနဲ့ အလုပ်သမား နှိပ်ကွပ်မှုတွေကို အကြောင်းပြပြီး ပြန်လည်ကန့်ကွက်ခဲ့ကြပေမယ့် ဘယ်သူမှ ဂရုမစိုက်တဲ့ အခြေအနေမျိုး ဖြစ်နေခဲ့တယ်။ အွန်ဆောင်း မော်တာ အတွင်းပိုင်းကနေတောင် ပြန်လည်ကန့်ကွက်မှုကို ထောက်ခံမှုက အလွန် နည်းပါးနေခဲ့တာပါ။

လျှပ်စစ်ကား စက်မှုဇုန်က အလုပ်သမားတွေက အွန်ဆောင်း မော်တာ အလုပ်သမားသမဂ္ဂထဲမှာ မပါဝင်ကြပါဘူး။ ဒီနေရာကနေ လျှပ်စစ်ကားတွေ စတင်ထုတ်လုပ်လာတာနဲ့အမျှ ရှိပြီးသား ပြည်တွင်းစက်ရုံတွေက ကုန်ထုတ်စွမ်းအားအပေါ် အခြေခံပြီး ပြိုင်ဆိုင်မှုနဲ့ ချက်ချင်း ရင်ဆိုင်ရတော့မှာပါ။

ထုတ်လုပ်မှုပမာဏ လျော့နည်းသွားရင်တောင် အခြေခံလစာတွေကို ဖြတ်တောက်မှာ မဟုတ်သလို အလုပ်ထုတ်ပယ်တာမျိုးလည်း ရှိမှာမဟုတ်ပေမယ့် အချိန်ပိုဆင်းကြေးတွေကတော့ သိသိသာသာ လျော့နည်းသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်မလို့ သူတို့အနေနဲ့ အကြပ်ရိုက်နေကြတာပါ။

ကုမ္ပဏီဘက်ကလည်း ရှိပြီးသား စက်ရုံတွေကို လျှပ်စစ်ကားစက်ရုံတွေအဖြစ် ပြောင်းလဲသွားမယ့် အစီအစဉ်တွေကို ကြေညာခဲ့ပေမယ့် ထုံးစံအတိုင်း အလုပ်သမားသမဂ္ဂကတော့ ချက်ချင်းပဲ အရင်ဆုံး ကန့်ကွက်ခဲ့တာပေါ့။

ဘယ်လိုပဲဖြစ်ဖြစ် လျှပ်စစ်ကား စက်မှုဇုန် စတင်လည်ပတ်နိုင်ခဲ့တာကတော့ အလုပ်လက်မဲ့နှုန်း မြင့်မားမှုကြောင့် ရုန်းကန်နေရတဲ့ အစိုးရအတွက်တော့ မိုးခေါင်တုန်း ရွာတဲ့ မိုးရေလိုပဲ ဖြစ်ခဲ့ရတယ်။

အစိုးရကလည်း ဒါဟာ ကိုရီးယားမှာ နှစ်ပေါင်း ၂၀ နီးပါးအတွင်း ပထမဆုံး ဆောက်လုပ်တဲ့ ကားစက်ရုံဖြစ်တယ်လို့ ဆိုပြီး အကြီးအကျယ် ကြော်ငြာခဲ့တာကြောင့် နျူကလီးယား အဆင့်ဆင့်ပိတ်သိမ်းရေး အငြင်းပွားမှုကြောင့် ကျဆင်းနေခဲ့တဲ့ သမ္မတအိမ်ပြာတော်နဲ့ အာဏာရပါတီရဲ့ ထောက်ခံမှုနှုန်းကလည်း သိသိသာသာ ပြန်လည်မြင့်တက်လာခဲ့တယ်။

တက်ဂယူက ခေါင်းကို စောင်းပြီး စဉ်းစားတယ်။

" GM စက်ရုံကို ပြန်လည်အသုံးပြုခဲ့တာပဲဟာကို တကယ်တမ်း အသစ်ဆောက်တာ မဟုတ်ဘူးလေ"

"တကယ့်ကို တိကျတဲ့ ထောက်ပြချက်ပဲ"

အစိုးရက အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်ခဲ့တယ်လို့ ကြွားဝါနေတာကို ကြည့်ပြီး စိတ်အနှောင့်အယှက် ဖြစ်နေပုံရတဲ့ ကွန်ဆာဗေးတစ် မီဒီယာတွေကတော့ ဆိုင်းဘုတ်ပြောင်းလိုက် ရုံတင်ပဲ ရှိတာပါလို့ ဆိုပြီး အကောင်းမြင်နေမှုကို လျှော့ချဖို့ ကြိုးစားခဲ့ကြတယ်။

ဟုတ်ပါတယ်လေ။ နှစ်ဖက်စလုံးမှာလည်း ကိုယ်စီ အကြောင်းပြချက်တွေ ရှိကြတာပဲ။

စက်မှုဇုန်မှာ ပထမဆုံး ကားထုတ်လုပ်မှုကို အထိမ်းအမှတ်ပြုတဲ့ ဂုဏ်ပြုအခမ်းအနားတစ်ခုကို ကျင်းပဖို့ စီစဉ်ထားခဲ့တယ်။

ဂျော်လာမြောက်ပိုင်း ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ဂွန်ဆန်မြို့တော်ဝန်၊ ဒေသခံ လွှတ်တော်အမတ်တွေနဲ့ မြို့နယ်ကောင်စီဝင်တွေ အားလုံး တက်ရောက်ဖို့ အတည်ပြုခဲ့ကြသလို သမ္မတ ကိုယ်တိုင်လည်း ဆင်းလာဖို့ ဆုံးဖြတ်ခဲ့တယ်။

"နိုင်ငံရေးသမားတွေက ဒီလိုမျိုး ချီးကျူးခံရဖို့အတွက် ဘာတွေများ လုပ်ပေးခဲ့လို့လဲဟ"

"သူတို့ဘက်က စဉ်းစားပုံကတော့ တူမှာမဟုတ်ဘူးလေ"

သမ္မတအိမ်ပြာတော်ကနေစပြီး အာဏာရပါတီနဲ့ အတိုက်အခံပါတီတွေအထိ ဘယ်သူမှ မကျန်ဘဲ ဒါဟာ သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့်ပါဆိုပြီး ကိုယ့်ကိုကိုယ် ချီးကျူးစကားတွေ ဆိုနေခဲ့ကြတာပါ။

အစကတော့ ဒါရီလ်ဟာ တက်ရောက်ဖို့ စီစဉ်ခဲ့ပေမယ့် သူ့ဘက်မှာ ကိစ္စအမျိုးမျိုးနဲ့ အလွန်အလုပ်ရှုပ်နေခဲ့တာမလို့ ကျွန်တော်ပဲ ကိုယ်စားသွားဖို့ ဆုံးဖြတ်လိုက်တယ်။

ကုမ္ပဏီကိစ္စတွေကို တက်ဂယူ ဆီ လွှဲထားခဲ့ပြီး ကျွန်တော် ဂွန်ဆန် ဆီကို ကားမောင်းပြီး ဆင်းလာခဲ့လိုက်တယ်။

စက်မှုဇုန်မှာ နိုင်ငံရေးသမား အမြောက်အမြားက ရောက်ရှိနေကြပါပြီ။ သူတို့က ဟိုဟိုဒီဒီ လျှောက်သွားရင်း လူတွေကို လိုက်ပြီးလက်ဆွဲ နှုတ်ဆက်နေကြတာပါ။ ပြီးတော့ ကင်မရာ ရှိတဲ့နေရာတိုင်းမှာလည်း မပျက်မကွက် မျက်နှာပြဖို့ ကြိုးစားနေကြပါတယ်။

"..."

သူတို့က စိတ်ဝင်စားမှု ခံရဖို့ အတင်းကြိုးစားနေကြတာလား။

အခမ်းအနားအတွက် စုဝေးနေကြတဲ့ အလုပ်သမားတွေနဲ့ ဒေသခံ ပြည်သူတွေကတော့ အားလုံး ပျော်ရွှင်နေကြတာပါ။

ကျွန်တော် အရင်က ဒီထရိုက် ကို သွားရောက်လည်ပတ်စဉ်က ခံစားခဲ့ရသလိုပဲ စီးပွားရေးသမားတစ်ယောက် လုပ်ဆောင်ပေးနိုင်တဲ့ အကောင်းဆုံးအရာက အရည်အသွေးမြင့်တဲ့ အလုပ်အကိုင်တွေကို ဖန်တီးပေးဖို့ပါပဲ၊ အဲဒါကို ပံ့ပိုးကူညီပေးဖို့ကတော့ အစိုးရရဲ့ တာဝန်ပေါ့။

ကျွန်တော် ကားပေါ်ကနေ ဆင်းလိုက်တာနဲ့ နိုင်ငံရေးသမားတွေနဲ့ ပစ္စည်းပံ့ပိုးပေးတဲ့ ကုမ္ပဏီဥက္ကဌတွေက ကျွန်တော့်ဆီ အပြေးအလွှား လာပြီး လက်ဆွဲနှုတ်ဆက်ကြတယ်။

"ဟားဟား... တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်ကတော့ ဂွန်ဆန်မြို့တော်ဝန် ဂူချန်မင်း ပါ"

"တွေ့ရတာ ဂုဏ်ယူမိပါတယ် "

"ကျွန်တော်တို့ ကုမ္ပဏီကို ဒီလို အခွင့်အရေးမျိုး ပေးခဲ့တဲ့အတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ"

ဒါက ကောလာဟလတွေထဲမှာပဲ ကြားဖူးတဲ့ 'အဆုံးမရှိတဲ့ လက်ဆွဲနှုတ်ဆက်ခြင်း' ဆိုတာမျိုးလား။

အခမ်းအနား မစတင်မီမှာပဲ ဥက္ကဌ လင်ဂျင်ယုံ နဲ့ ဥက္ကဌ ဟန်ချန်ယောင်း တို့ ရောက်ရှိလာခဲ့ကြပြီး အဲဒီနောက်မှာတော့ သမ္မတ ဟိုချန်မင်း ရောက်ရှိလာခဲ့တယ်။

ဒါဟာ သိပ်မကြာသေးခင်တုန်းက အိမ်ပြာတော် အစည်းအဝေးပြီးတဲ့နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်ဆုံတွေ့ကြတာပါ။

ကျွန်တော်တို့ နှုတ်ဆက်စကားတွေ ဖလှယ်လိုက်ကြတယ်။

"မတွေ့ရတာ ကြာပြီနော်"

သမ္မတ ဟိုချန်မင်း က နွေးထွေးစွာ ပြုံးလျက် ကျွန်တော့်လက်ကို မြဲမြံစွာ ဆုပ်ကိုင်လိုက်တယ်။

"ဒီနေရာမှာ စီအီးအို ကန်ဂျင်ဟူ နဲ့ ပြန်လည်ဆုံတွေ့ရတာ တကယ်ပဲ ဝမ်းသာပါတယ်"

All Chapters