← Chapters

အခန်း ၃၅၈

Vol. 36 Ch. 358

အခန်း ၃၅၈

Vol. 36 Ch. 358

အခန်း (၃၅၈)

ကျွန်တော်က ကျွန်တော့်ရဲ့ CarOS AD4 ကိုစီးပြီး ကိုရီးယားတက္ကသိုလ်ဆီ ဦးတည်လိုက်တယ်။

အလိုအလျောက်မောင်းနှင်တဲ့ လျှပ်စစ်ကားက လမ်းပေါ်မှာ ငြိမ့်ငြိမ့်ညောင်းညောင်း မောင်းနှင်နေခဲ့တယ်။ ယာဉ်မောင်းထိုင်ခုံမှာ ထိုင်ရင်း Dashboard Screenကနေတစ်ဆင့် ပေါ်တယ်လ်ဆိုက်တစ်ခုကို ကျွန်တော် လှန်လှောကြည့်ရှုနေမိတယ်။

Lost Fantasy ကြော်ငြာနဲ့အတူ မင်ဟာယောင်း ရဲ့ Webtoonက ပင်မစာမျက်နှာမှာ နေရာယူထားပါတယ်။ တော်တော်လေးကို လူကြိုက်များနေတဲ့ပုံပါပဲ။

နောက်ထပ် ဆက်စပ်နေတဲ့ အကြောင်းအရာတစ်ခုကတော့ ဥက္ကဌ လင်ဂျင်ယုံ က ဂိမ်းထဲမှာတွေ့ခဲ့တဲ့ Seosung SB ဝန်ထမ်းဆီကို လူကိုယ်တိုင် သွားရောက်တွေ့ဆုံခဲ့တဲ့ ကိစ္စပါ။

ဒီဖြစ်ရပ်က ကောလာဟလတွေကနေတစ်ဆင့် သတင်းဆောင်းပါးတွေအထိပါ ချက်ချင်းပျံ့နှံ့သွားခဲ့ပြီး ဂိမ်းဆိုက်တွေမှာလည်း ပွက်လောရိုက်သွားခဲ့တယ်။

-ဝိုး။ ဂိမ်းထဲက အဆင့်နိမ့် အာပေတူးကြီးက ဥက္ကဌကြီး ဖြစ်နေတာပဲ။

-ဟားဟား။ ဒါက တကယ့်လက်တွေ့ဘဝ PK ပဲ။ [Player Kill]

-ဒါက ဒီနှစ်ရဲ့ ငါ ဖတ်ခဲ့ရသမျှ သတင်းတွေထဲမှာ အဓိပ္ပာယ်မရှိဆုံး ကိစ္စပဲ ㅡㅡ;

-ဒီအကြောင်းကို CNN မှာတောင် ထုတ်လွှင့်သွားတယ်လို့ ကြားတယ်။ ဟားဟား။

-ဒါနဲ့ အဲဒီလူ အလုပ်ဖြုတ်ခံလိုက်ရလား။

-သူက လူမိုက်မှ မဟုတ်တာ၊ ဘာလို့ ဒီလိုကိစ္စမျိုးနဲ့ ဝန်ထမ်းကို အလုပ်ဖြုတ်ရမှာလဲ။ သူတို့ ကောင်းကောင်းမွန်မွန် ထမင်းအတူစားပြီး လမ်းခွဲခဲ့ကြတယ်လို့ ကြားတယ်။

-ထမင်းစားနေတုန်း လင်ဂျင်ယုံ က ဂိမ်းအကြောင်း အသေးစိတ် မေးမြန်းခဲ့တယ်လို့ ကြားတယ်။ ပြီးတော့ လင်ဂျင်ယုံ ကပဲ ပိုက်ဆံရှင်းပေးခဲ့တာတဲ့။

-လင်ဂျင်ယုံ က လန်းတယ်ကွာ။ သူ့ကို ပိုကြည့်မိလေလေ ပိုပြီး သဘောကျမိလေလေပဲ။ ငါ့အထက်လူကြီးလည်း ဒီလိုမျိုးဆိုရင် သိပ်ကောင်းမှာပဲ ㅜㅜ

-မဟုတ်ပါဘူး၊ ဒါတွေက အကွက်တွေပါ။ ဆောင်း အုပ်စု ရဲ့ မီဒီယာတွေကို အသုံးချပြီး လှည့်စားတာကို မယုံကြပါနဲ့။

-တကယ်တော့ သူက ဂိမ်းကစားတဲ့သူမဟုတ်ဘဲ ပြည်သူတွေကို အရူးလုပ်နေတာလို့ ပြောကြတယ်။

-ဟုတ်တယ်၊ ဟုတ်တယ်။ လင်ဂျင်ယုံ ကို ဖမ်းလိုက်ကြတော့။

တမင်သက်သက် လုပ်တာပဲဖြစ်ဖြစ်၊ မဟုတ်ဘဲဖြစ်ဖြစ် ယေဘုယျအားဖြင့် တုံ့ပြန်မှုတွေက ကောင်းမွန်ကြပါတယ်။ ဒါကြောင့်မလို့ ဆောင်း အီလက်ထရောနစ် က VR ဂိမ်းစက်ထုတ်လုပ်ရေးထဲ ခုန်ဝင်လာတဲ့ကိစ္စကလည်း လူသိရှင်ကြား ဖြစ်သွားခဲ့တယ်။

ဘာပဲဖြစ်ဖြစ် ကိုယ်တိုင်မောင်းနေရတဲ့ အချိန်တွေနဲ့မတူဘဲ ကားမောင်းစရာမလိုတာကတော့ တကယ်ကို သက်သောင့်သက်သာ ရှိလှပါတယ်။ လမ်းတွေ ပိတ်နေရင်တောင် စိတ်တိုစရာမလိုတော့ဘဲ ထိုင်ခုံကိုပါ လှန်ချထားလို့ ရသေးတယ်လေ။

မော်တော်ယာဉ် ကဏ္ဍဆီ သွားကြည့်လိုက်တဲ့အခါ Raven ရဲ့ စမ်းသပ်မောင်းနှင်မှု သုံးသပ်ချက်တွေနဲ့ ပြည့်နှက်နေခဲ့တယ်။

Mercedes-Benz၊ BMW၊ Audi၊ Lexus စတဲ့ ပရီမီယံပုံရိပ်ရှိတဲ့ အမှတ်တံဆိပ်တွေနဲ့မတူဘဲ အွန်ဆောင်း မော်တာ ရဲ့ ပုံရိပ်ကတော့ ဈေးနှုန်းနဲ့ တန်ဖိုး မျှတတယ်ဆိုတဲ့ ပုံစံမျိုးပါ။

နည်းပညာကို လိုက်မီအောင် လုပ်လို့ရပေမယ့် ဂုဏ်သတင်း ပုံရိပ်ကိုတော့ အလွယ်တကူ လိုက်မီဖို့ ခက်ခဲပါတယ်။ ဈေးသက်သာတဲ့ ကားတွေ ပေါ်လာရင်တောင် Mercedes ဒါမှမဟုတ် Lexus အပေါ် ဝယ်လိုအားက အလွယ်တကူ ကျမသွားပေမယ့် အွန်ဆောင်း ကားတွေအပေါ် ဝယ်လိုအားကတော့ ချက်ချင်း ထိုးကျသွားတတ်တာပါ။

ဈေးနှုန်းယှဉ်ပြိုင်မှုမှာ တရုတ်ကားတွေကို ရှုံးနိမ့်နေပြီး စွမ်းဆောင်ရည်မှာ ဂျပန်နဲ့ ဂျာမနီကားတွေကို ရုန်းကန်နေရတဲ့အပြင် PAS လေအိတ် ပြန်လည်သိမ်းဆည်းမှု အကြပ်အတည်းပါ ဆိုက်ရောက်လာတဲ့အခါ အွန်ဆောင်း မော်တာ ရဲ့ ရောင်းအားက ၅၀ ရာခိုင်နှုန်းကျော်အထိ ထိုးကျသွားခဲ့တယ်။

ရောင်းအားပြိုလဲမှုနဲ့အတူ ပုံရိပ်ပါ ပျက်စီးသွားတာကြောင့် ပြန်လည်ဦးမော့လာဖို့ ခက်ခဲလိမ့်မယ်လို့ ခန့်မှန်းချက်တွေပါ ထွက်ပေါ်ခဲ့တာပါ။ ဒါပေမဲ့ အလိုအလျောက်မောင်းနှင်မယ့် လျှပ်စစ်ကား Raven ကို ထုတ်လုပ်ပြီးနောက်မှာတော့ အချိုးအကွေ့တစ်ခု ဖန်တီးနိုင်ခဲ့တယ်။

"ခံတွင်းသန့်ဆေးက ခံတွင်းနံ့ဆိုးခြင်းကို တီထွင်လိုက်တယ်" ဆိုတဲ့ စကားပုံလိုပဲ နည်းပညာအသစ်တွေက (ဖြေရှင်းချက်မပေါ်ခင်အထိ) အဆင်မပြေမှုတွေကို ဖန်တီးပေးပါတယ်။ ဒါကြောင့်မလို့ နည်းပညာတစ်ခုက ရှေ့ကိုတက်လှမ်းပြီးရင် နောက်ပြန်ဆုတ်ရိုး ထုံးစံမရှိပါဘူး။

ဖုန်းသုံးဖူးတဲ့သူက pagerဆီ (ဖုန်းခေါ်ရင် ဖုန်းနံပါတ်ပဲ ပေါ်တဲ့စက်) ပြန်မသွားနိုင်သလို၊ စမတ်ဖုန်း သုံးဖူးတဲ့သူကလည်း ကြိုးဖုန်းဆီ ပြန်မသွားနိုင်ပါဘူး။ အလားတူပဲ အလိုအလျောက်မောင်းနှင်တဲ့ လျှပ်စစ်ကားကို ကြုံဖူးသွားရင် တခြားကားတွေက အဆင်မပြေဘူးလို့ ခံစားရမှာပါ။

Raven ကို ဝယ်ယူသူတွေထံ စတင်လွှဲပြောင်းပေးပြီးနောက်မှာတော့ မောင်းနှင်ဖူးသူတွေရဲ့ တစ်ဆင့်စကားကြောင့် ကြိုတင်မှာယူမှုတွေက ပိုပြီးတော့တောင် မြင့်တက်လာခဲ့တယ်။ ဂွန်ဆန် လျှပ်စစ်ကား စက်မှုဇုန်က စက်ရုံတွေကို ၂၄ နာရီပတ်လုံး အစွမ်းကုန် လည်ပတ်နေပေမယ့် ကြိုတင်မှာယူမှု အကြွေးတွေကတော့ ဆက်တိုက် တိုးနေတုန်းပါပဲ။

ကားတွေရဲ့ အနာဂတ် ဦးတည်ချက်မှာ အဓိက ရှုထောင့်နှစ်ခု ရှိပါတယ်။ Hardwareရှုထောင့်အရဆိုရင် လျှပ်စစ်ကားတွေဖြစ်ပြီး ဆော့ဖ်ဝဲရှုထောင့်ပိုင်းအရတော့ အလိုအလျောက်မောင်းနှင်မယ့် ယာဉ်တွေပါ။

ဒီနှစ်ခုကြားထဲမှာ အလိုအလျောက်မောင်းနှင်မယ့် ယာဉ်ဆိုတာက ပိုပြီးတော့ သက်ရောက်မှု ကြီးမားပါတယ်။ လျှပ်စစ်ကားက စွမ်းအင်ဖြည့်တင်းတဲ့ ပုံစံကိုပဲ ပြောင်းလဲစေတာဖြစ်ပေမယ့် အလိုအလျောက်မောင်းနှင်တဲ့ ကားကတော့ လူနေမှုဘဝပုံစံကိုပါ ပြောင်းလဲစေလို့ပါ။

အလိုအလျောက်မောင်းနှင်စနစ်ကြောင့် ယာဉ်မောင်းက မောင်းနှင်မှုအပေါ် အာရုံစိုက်နေစရာမလိုတော့ဘဲ အဲဒီအချိန်အတွင်း တခြားအရာတွေကို လုပ်ဆောင်နိုင်ပါတယ်။ ဒါကြောင့်မလို့ မော်တော်ယာဉ် Screenတွေနဲ့ ပတ်သက်တဲ့ စစ်ပွဲကလည်း အပြင်းအထန် ဖြစ်ပွားနေပါပြီ။

အရင်ကတော့ လမ်းညွှန်မြေပုံ ဒါမှမဟုတ် နောက်ကြည့်ကင်မရာလိုမျိုး မောင်းနှင်မှုနဲ့ ဆက်စပ်တဲ့ အချက်အလက်တွေကိုပဲ အဓိက ပြသခဲ့ပေမယ့် အခုတော့ ကွန်ပျူတာ ဒါမှမဟုတ် စမတ်ဖုန်းတွေလိုပဲ Dashboard Screenကနေတစ်ဆင့် အမျိုးမျိုးသော contentတွေကို ကြည့်နိုင်နေပါပြီ။

ကမ္ဘာလုံးဆိုင်ရာ ကော်ပိုရေးရှင်းကြီးတွေက ဒီလိုမျိုး ကြီးမားတဲ့ ဈေးကွက်ကို လက်လွတ်ခံမှာ မဟုတ်ပါဘူး။

စမတ်ဖုန်း OS ဈေးကွက်ကို စိုးမိုးထားပြီးသားဖြစ်တဲ့ Gooble နဲ့ Npple တို့က CarOS ထံ ကောင်းမွန်တဲ့ ကမ်းလှမ်းချက်တွေနဲ့ ချဉ်းကပ်လာခဲ့ကြတယ်။ သူတို့ရဲ့ OS ကို မော်တော်ယာဉ်နဲ့ ချိတ်ဆက်ဖို့၊ အသုံးပြုသူ အချက်အလက်တွေကို မျှဝေဖို့နဲ့ အကျိုးအမြတ် ခွဲဝေဖို့ ကမ်းလှမ်းလာခဲ့တာပါ။

ကုမ္ပဏီနှစ်ခုလုံးရဲ့ OS တည်ငြိမ်မှုက သက်သေပြပြီးသားဖြစ်ပြီး သူတို့ရဲ့ Store တွေမှာလည်း မှတ်ပုံတင်ထားတဲ့ Application တွေ အမြောက်အမြား ရှိနေပါတယ်။ ဒီကမ်းလှမ်းချက်ကို လက်ခံလိုက်ရုံနဲ့ အဲဒီက contentတွေကို ချက်ချင်း အသုံးချနိုင်မှာပါ။

လက်တွေ့မှာလည်း Volvo နဲ့ Renault-Nissan-Mitsubishi မဟာမိတ်အဖွဲ့လိုမျိုး ကားကုမ္ပဏီတချို့က အဲဒီကမ်းလှမ်းချက်တွေကို လက်ခံခဲ့ကြတယ်။ ဒါပေမဲ့ ဒါရီလ် ရဲ့ သဘောထားကတော့ ပြတ်သားခဲ့ပါတယ်။

သူကိုယ်တိုင်က ဆော့ဖ်ဝဲလ်တီထွင်သူတစ်ဦး ဖြစ်တာကြောင့် platformရဲ့ အရေးပါမှုကို တခြားသူတွေထက် ပိုနားလည်ထားပါတယ်။ တစ်ခါလောက် မှီခိုမိသွားရင် နောက်ပြန်လှည့်လို့ မရတော့ဘူးဆိုတာကိုလည်း သူ သိထားတာပေါ့။

CarOS က အလိုအလျောက်မောင်းနှင်မှု ဈေးကွက်မှာ ထူးခြားတဲ့ တည်ရှိမှုတစ်ခုကို ပိုင်ဆိုင်ထားပြီးသားပါ။ အကန့်အသတ်မရှိတဲ့ အလားအလာရှိတဲ့ ဈေးကွက်ကို IT ဘီလူးကြီးတွေနဲ့ ခွဲဝေဖို့ တကယ်ပဲ လိုအပ်လို့လား။

CarOS က ကိုယ်ပိုင် OS ကိုပဲ သုံးစွဲခဲ့ပြီး အမျိုးမျိုးသော Third-party တွေကို ဆွဲဆောင်ဖို့ လုပ်ဆောင်ခဲ့တယ်။ သီးသန့် Application တွေ ဖန်တီးရမယ်ဆိုတဲ့ အကန့်အသတ် ရှိနေပေမယ့် ကုမ္ပဏီအများအပြားကတော့ ပူးပေါင်းဖို့ မျှော်လင့်နေကြပြီ ဖြစ်ပါတယ်။

အတိတ်တုန်းကတော့ ကားတစ်စီးကို ထုတ်လုပ်ရောင်းချပြီးရင် အားလုံးပြီးဆုံးသွားတာပါ။ ဒါပေမဲ့ အခုတော့ စမတ်ဖုန်းတွေလိုပဲ operating systemနဲ့ systemကို အခါအားလျော်စွာ အဆင့်မြှင့်တင်နိုင်ပြီး လုပ်ဆောင်ချက်အသစ်တွေကို ထည့်သွင်းနိုင်ပါပြီ။

CarOSရဲ့စနစ်က မော်တော်ယာဉ် screenနဲ့ တပ်ဆင်ထားတဲ့ ကင်မရာကို သုံးပြီး ဆောင်း အီလက်ထရောနစ် စမတ်ဖုန်းတွေနဲ့ ချိတ်ဆက်ကာ Video Call ခေါ်ဆိုမှုတွေကို ပြုလုပ်နိုင်စေခဲ့သလို၊ စားသောက်ဆိုင်တွေ၊ အားသွင်းစခန်းတွေနဲ့ လည်ပတ်စရာ နေရာတွေကို လမ်းညွှန်ပေးတာ ဒါမှမဟုတ် ကြိုတင်မှာယူပေးတဲ့ လုပ်ဆောင်ချက်တွေကိုလည်း ထည့်သွင်းပေးခဲ့တယ်။

FaceIt က အသုံးပြုသူရဲ့ လှုပ်ရှားမှုတွေကို ခြေရာခံပြီး အသုံးပြုသူတွေ ကြိုက်နှစ်သက်နိုင်မယ့် contentတွေကို လမ်းညွှန်ပေးမယ့် algorithmတစ်ခုကို တီထွင်ခဲ့တယ်။

content အမျိုးမျိုးထဲမှာ ပညာရေးဆိုင်ရာ contentတွေက အာရုံစိုက်မှု အခံရဆုံး ဖြစ်နေတာပါ။

တစ်နေရာကိုတစ်နေရာသွားနေတဲ့အချိန်မှာ ကားရဲ့ အလုံပိတ်နေရာက စာလေ့လာဖို့ အကောင်းဆုံး ပတ်ဝန်းကျင် ဖြစ်ပါတယ်။ ဒါ့အပြင် လျှပ်စစ်ကားတွေက ဆူညံသံ ဒါမှမဟုတ် တုန်ခါမှု လုံးဝမရှိသလောက်ပါပဲ။ ကျွမ်းကျင်သူတွေကလည်း အလိုအလျောက်မောင်းနှင်မယ့် ယာဉ်တွေ ပြန့်ပွားလာတာနဲ့အမျှ လူကြီးတွေအတွက် ပညာရေးဆိုင်ရာ contentတွေက ပေါက်ကွဲထွက်မတတ် တိုးတက်လာလိမ့်မယ်လို့ ခန့်မှန်းခဲ့ကြတယ်။

CarOS က ဒီထက်မက ရှေ့ဆက်သွားပြီး စတီယာရင်၊ လီဗာနဲ့ ဘရိတ်တွေ လုံးဝမပါဝင်တဲ့ လူမဲ့မောင်းနှင်မယ့် ယာဉ်တွေကိုပါ တီထွင်နေပါတယ်။ စတီယာရင် မရှိတော့တာကြောင့် ယာဉ်ရဲ့ အတွင်းပိုင်းကို ပုံစံအမျိုးမျိုးနဲ့ ဒီဇိုင်းဆွဲနိုင်မှာပါ။ လှဲလျောင်းသွားလို့ရသလို၊ ခရီးသည်တွေ အချင်းချင်း မျက်နှာချင်းဆိုင် ထိုင်ပြီးတော့လည်း စီးနင်းနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ နည်းပညာ တိုးတက်မှုက အမြဲတမ်း ကောင်းကျိုးတွေကိုပဲ ဆောင်ကြဉ်းပေးတာတော့ မဟုတ်ပါဘူး။

ကားမျှဝေစီးနင်းမှုနဲ့ ကားငှားရမ်းမှု ဝန်ဆောင်မှုတွေက ပေါက်ကွဲထွက်မတတ် တိုးတက်လာတာကြောင့် ကမ္ဘာလုံးဆိုင်ရာ ကားရောင်းအားက မနှစ်ကတည်းက စတင် ကျဆင်းလာခဲ့ပါတယ်။

ဒါ့အပြင် လျှပ်စစ်ကား ထုတ်လုပ်မှု တိုးတက်လာတာကြောင့် ရိုးရာကား အစိတ်အပိုင်းတွေရဲ့ အကြီးဆုံးဝေစုဖြစ်တဲ့ အင်ဂျင်နဲ့ ဂီယာတွေ မလိုအပ်တော့တဲ့အတွက် ထုတ်လုပ်မှု လုပ်ငန်းခွင် အင်အားက သိသိသာသာ လျော့ကျသွားခဲ့တယ်။

အလုပ်သမားအင်အား လျှော့ချရေး လှိုင်းလုံးကြီးက မော်တော်ယာဉ် လုပ်ငန်းတစ်ခုလုံးကို ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားခဲ့ပါတယ်။

ဂွန်ဆန် စက်ရုံကို ပိတ်သိမ်းခဲ့ပြီးနောက် GM က အမေရိကန်မှာရှိတဲ့ စက်ရုံခြောက်ခုကို ပိတ်သိမ်းခဲ့ပြီး အလုပ်အကိုင် ၂၀,၀၀၀ ကို လျှော့ချဖို့ ဆုံးဖြတ်ခဲ့တယ်။ Volkswagen က စီမံခန့်ခွဲမှု ထိရောက်မှုအတွက် အလုပ်အကိုင် ၁၀,၀၀၀ လျှော့ချမှုကို စတင်ခဲ့ပြီး Toyota ကလည်း စက်ရုံပိတ်သိမ်းမှုနဲ့ ဝန်ထမ်းအင်အား လျှော့ချမှုကို ပြန်လည်သုံးသပ်နေပါတယ်။

မော်တော်ယာဉ် ကုမ္ပဏီ ဝန်ထမ်းတွေပဲ အလုပ်ပြုတ်ကုန်တာ မဟုတ်ပါဘူး။ အမေရိကန်မှာရှိတဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းမှာ လုပ်ကိုင်နေသူတွေကလည်း တခြားအလုပ်တွေကို စတင် ရှာဖွေနေကြပါပြီ။

လောလောဆယ်မှာတော့ CarOS က ဦးဆောင်နေပေမယ့် လာမယ့် သုံးနှစ်အတွင်း အလားတူအဆင့်ရှိတဲ့ အလိုအလျောက်မောင်းနှင်မယ့် ကားတွေကို ထုတ်လုပ်မယ့် ကုမ္ပဏီ ငါးခု ရှိနေပြီး ငါးနှစ်အတွင်းဆိုရင်တော့ ဆယ်ခုအထိ ရှိလာမှာ ဖြစ်ပါတယ်။

ကျွမ်းကျင်သူတွေကတော့ လာမယ့် ၁၀ နှစ်အတွင်း အလိုအလျောက်မောင်းနှင်မယ့် ယာဉ်တွေရဲ့ အစားထိုးမှုနှုန်းက ၅၀ ရာခိုင်နှုန်းကျော်သွားလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ အဲဒီလို ဖြစ်လာရင် ယာဉ်တိုက်မှုတွေက လက်ရှိအဆင့်ရဲ့ ဆယ်ပုံတစ်ပုံအောက်အထိ ကျဆင်းသွားမှာဖြစ်ပြီး မတော်တဆမှုတွေကို ကိုင်တွယ်ရတဲ့ ရဲတွေနဲ့ အာမခံကုမ္ပဏီ ဝန်ထမ်းတွေ၊ ပျက်စီးသွားတဲ့ ကားတွေကို ပြင်ဆင်ရတဲ့ ဝပ်ရှော့တွေ၊ ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို ကုသပေးရတဲ့ ဆရာဝန်တွေနဲ့ သူနာပြုတွေရဲ့ အလုပ်အကိုင်တွေပါ ခြိမ်းခြောက်ခံရမှာပါ။

အလုပ်လက်မဲ့ဖြစ်တာက လူပုဂ္ဂိုလ်တွေအတွက် ပျက်စီးဆုံးရှုံးမှု ဖြစ်စေသလို လူ့အဖွဲ့အစည်း တစ်ခုလုံးအတွက်လည်း မတည်ငြိမ်မှုကို ဖြစ်စေပါတယ်။ ဗြိတိန်ရဲ့ Brexit ဖြစ်ရပ်နဲ့ ပြင်သစ်ရဲ့ အင်္ကျီဝါ ဆန္ဒပြပွဲတွေကလည်း အလုပ်လက်မဲ့ဖြစ်မှုနဲ့ အလုပ်အကိုင် ရှားပါးမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ပြည်သူတွေရဲ့ မကျေနပ်မှုတွေကနေ ပေါက်ကွဲထွက်လာခဲ့တာပါ။

ကျွန်တော်တို့ နိုင်ငံအနေနဲ့ အဲဒီလို ကံကြမ္မာမျိုးကို ရှောင်လွှဲနိုင်ဖို့ဆိုရင် နိုင်ငံရေးသမားတွေအနေနဲ့ ကျောင်းတွေ၊ ကုမ္ပဏီတွေ စတာတွေနဲ့ ပူးပေါင်းပြီး ကြိုတင်ကာကွယ်မှုတွေ ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်... ဒါပေမဲ့ အမြဲတမ်းလိုပဲ လွှတ်တော်ကတော့ အာဏာရပါတီနဲ့ အတိုက်အခံပါတီကြား ပြင်းပြင်းထန်ထန် ကွဲပြားနေပြီး အစိုးရကလည်း လက်ပိုက်ကြည့်နေတုန်းပါပဲ။

ကျွန်တော် စီးပွားရေးစီမံခန့်ခွဲမှုဌာန ရဲ့ ဌာနမှူးရုံးခန်းထဲ ဝင်လိုက်တယ်။

ပါမောက္ခ ကင်မြောင်ဂျွန် က ကျွန်တော့်ကို မြင်တာနဲ့ ပြုံးပြီး ပြောလိုက်တယ်။

“Lost Fantasy ဖျော်ဖြေပွဲ အဆင်ပြေပြေ ပြီးဆုံးသွားတာ တော်သေးတာပေါ့”

“ဒါက ကျွန်တော်တို့အတွက်လည်း အခွင့်အရေးကောင်း တစ်ခုပါပဲ”

“တူရိယာဂီတဌာနရဲ့ အကြီးအကဲကတော့ တပြုံးပြုံးပဲ။ အဲဒီကျေးဇူးကြောင့် ငါ့ရဲ့ အိမ်တွင်းရေးလည်း အေးချမ်းသွားတယ်”

“အဲဒီလို ကြားရတော့ ကျွန်တော်လည်း ဝမ်းသာပါတယ်”

ဂါဟွာမန်ဆာဆောင်း (မိသားစု အဆင်ပြေမှ အရာရာ အောင်မြင်မယ်)။ လောကမှာ အိမ်တွင်းရေး အေးချမ်းတာထက် ဘာက ပိုအရေးကြီးဦးမှာလဲ။

ယဉ်ကျေးမှုဆိုင်ရာ စီမံကိန်းတွေက အမြတ်အစွန်း ဒါမှမဟုတ် ပျော်ရွှင်မှုကို ဖန်တီးပေးရုံတင် မဟုတ်ဘဲ ပုံရိပ်ကို မြှင့်တင်ရာမှာလည်း ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ဒါကြောင့်မလို့ ကုမ္ပဏီကြီးတွေက ပုံစံအမျိုးမျိုးနဲ့ ပံ့ပိုးပေးကြတာပါ။ ကိုယ်ပိုင် ဖျော်ဖြေပွဲခန်းမတွေကို တည်ဆောက်ပြီး လည်ပတ်ကြသလို၊ ပြပွဲတွေ၊ အော်ပရာတွေ၊ ဂီတပြဇာတ်တွေ စတာတွေကိုလည်း ကူညီပံ့ပိုးပေးကြတယ်။ ဥက္ကဌ တစ်ယောက်ဆိုရင် ကိုရီးယားရိုးရာ ဂီတကို အရမ်းချစ်မြတ်နိုးလွန်းလို့ ဝန်ထမ်းတွေနဲ့ အရောင်းကိုယ်စားလှယ် ပိုင်ရှင်တွေကို ဂူဂတ် ပွဲစဉ်တွေဆီ အဓမ္မ သွားခိုင်းလို့ ဝေဖန်ခံခဲ့ရဖူးပါတယ်။

လူတွေ သိပ်မသိကြပေမယ့် ကျွန်တော်တို့လည်း ယဉ်ကျေးမှု လုပ်ငန်းကို ကြိုးကြိုးစားစား ပံ့ပိုးပေးနေတာပါ။ Edm Entertainment ကနေတစ်ဆင့် အမျိုးမျိုးသော ဒရမ်မာတွေနဲ့ ရုပ်ရှင်တွေမှာ ရင်းနှီးမြှုပ်နှံထားပြီး၊ ဒုတိယဥက္ကဌ ကလည်း Subculture ကို မြှင့်တင်ဖို့ စိတ်အားထက်သန်စွာ လုပ်ဆောင်နေတာပါ။

ရလဒ်အနေနဲ့ အိုတာကူတွေကြားထဲမှာ ကျွန်တော်တို့ရဲ့ ပုံရိပ်က သိသိသာသာ တိုးတက်လာခဲ့တယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့ကို 'အိုတာကူ ကုမ္ပဏီ' လို့ ခေါ်ကြတာလားတော့မသိဘူး။

ပါမောက္ခ ကင်မြောင်ဂျွန် က ကော်ဖီသောက်ရင်း ပြောလိုက်တယ်။

“ပါမောက္ခ ပတ်ပီဟွန် က ကျေးဇူးတင်ကြောင်း ပြောခိုင်းလိုက်တယ်”

“ဘာမှ မဟုတ်ပါဘူးဗျာ”

ပါမောက္ခ ပတ်ပီဟွန် က ကိုရီးယားတက္ကသိုလ်ရဲ့ မော်တော်ယာဉ် အင်ဂျင်နီယာဌာနက ပါမောက္ခ တစ်ဦး ဖြစ်ပါတယ်။ အဲဒီတုန်းက PAS လေအိတ် ဖြစ်ရပ်မှာ ကျွန်တော် သူ့ဆီကနေ အကူအညီ ရယူခဲ့ဖူးတာပါ။

အဲဒီတုန်းက ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်တဲ့အနေနဲ့ ကျွန်တော် ကိုရီးယားတက္ကသိုလ်ကို AD3 ဆယ်စီး၊ AD4 ဆယ်စီးနဲ့ Raven ဆယ်စီး လှူဒါန်းခဲ့ပါတယ်။ တချို့ကိုတော့ မော်တော်ယာဉ် အင်ဂျင်နီယာဌာနမှာ ဖြုတ်တာ၊ တပ်တာလိုမျိုး ပညာရေးဆိုင်ရာ ကိစ္စရပ်တွေအတွက် သုံးစွဲမှာဖြစ်ပြီး ကျန်တဲ့ဟာတွေကိုတော့ ကိုရီးယားတက္ကသိုလ် ကျောင်းသားတွေအတွက် ကားမျှဝေစီးနင်းမှုမှာ သုံးစွဲမှာပါ။

“မကြာခင်ကပဲ မော်တော်ယာဉ် အင်ဂျင်နီယာဌာနက ပါမောက္ခတွေနဲ့ တွေ့ခဲ့သေးတယ်၊ အားလုံးက ညည်းတွားနေကြတာလေ။ သူတို့တွေ ဆယ်စုနှစ်တွေနဲ့ချီပြီး ဒါတွေကိုပဲ သင်ပေးခဲ့တာဖြစ်ပေမယ့် အခု ပြောင်းလဲမှုတွေကိုတော့ မလိုက်နိုင်တော့ဘူးတဲ့။ ဒါကြောင့် ဒီစာသင်နှစ်ကစပြီး သင်ရိုးညွှန်းတမ်းကို အကုန်လုံး ပြင်ဆင်လိုက်ကြပြီ။ အင်ဂျင်နဲ့ ဂီယာတွေအစား မော်တာတွေနဲ့ ဘတ္ထရီတွေအကြောင်း သင်ကြားပေးနေကြပြီလေ။ မော်တော်ယာဉ် အင်ဂျင်နီယာဌာနက အရေးကြီးတဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီး တခြားဌာနက ပါမောက္ခတွေလည်း စိုးရိမ်နေကြတယ်။ ဖြစ်နိုင်တာကတော့ လာမယ့် နှစ်အနည်းငယ်အတွင်း တချို့ဌာနတွေ ပျောက်ကွယ်သွားလိမ့်မယ်”

လုပ်ငန်းနယ်ပယ်တွေ ပြောင်းလဲလာတာနဲ့အမျှ လိုအပ်တဲ့ လူတော်လူကောင်း အမျိုးအစားတွေကလည်း ပြောင်းလဲလာ ပါတယ်။ မနေ့ကအထိ အလားအလာကောင်းခဲ့တဲ့ အလုပ်အကိုင်တွေက တစ်ညထဲနဲ့ ပျောက်ကွယ်သွားနိုင်တာမျိုးပေါ့။

ခေတ်နောက်ကျမကျန်ခဲ့ဖို့ဆိုရင် ပညာရေးကလည်း အမီလိုက်နိုင်ဖို့လိုပါတယ်။

“ဒါပေမဲ့ စီးပွားရေးစီမံခန့်ခွဲမှုဌာန ကတော့ အဆင်ပြေမယ်မလား”

ပါမောက္ခ ကင်မြောင်ဂျွန် က ခေါင်းညိတ်လိုက်တယ်။

“ဒါပေါ့။ ဒီလိုအချိန်မျိုးမှာ စီမံခန့်ခွဲမှုရဲ့ အရေးပါမှုက ပိုပြီးတော့တောင် ကြီးထွားလာတာလေ။ နည်းပညာတွေ ဘယ်လောက်ပဲ တိုးတက်ပါစေ၊ နောက်ဆုံးတော့ နည်းပညာကို စီမံခန့်ခွဲရတာ လူသားတွေပဲ မဟုတ်လား။ ဒါနဲ့ မင်းရဲ့ အကြောင်းတွေ အခုတလော စီးပွားရေးနဲ့ စီမံခန့်ခွဲမှု ပြဋ္ဌာန်းစာအုပ်တွေထဲမှာ ပါဝင်နေတာကို သိလား”

“ဗျာ”

“ဘာလို့ ဒီလောက် အံ့ဩသွားတာလဲ။ စာအုပ်ဆိုင် သွားကြည့်လိုက်ရင် ကန်ဂျင်ဟူ ရဲ့ နာမည်ကို သုံးပြီး ထုတ်ထားတဲ့ စာအုပ်တွေ အများကြီးပဲ ရှိတယ်ကွ”

(‘ကန်ဂျင်ဟူ လို ရင်းနှီးမြှုပ်နှံပါ’၊ ‘ဒီစာအုပ်ကို ဖတ်ပြီး မင်းလည်း ကန်ဂျင်ဟူ ဖြစ်နိုင်တယ်’၊ ‘ကန်ဂျင်ဟူ ရဲ့ ရင်းနှီးမြှုပ်နှံမှုများ - အပြည့်အစုံ ခွဲခြမ်းစိတ်ဖြာခြင်း’၊ ‘ကန်ဂျင်ဟူ ကို မျက်စိမှိတ် အတုယူခြင်း’ စသဖြင့်ပေါ့)

“ဒါပေမဲ့ ပြဋ္ဌာန်းစာအုပ်တွေကတော့ ကွဲပြားတယ်လေ။ ကျောင်းသားတွေက ကျွန်တော့်ရဲ့ဘဝကို လေ့လာသင်ယူနေကြတာလား...”

ကျွန်တော့်ဆီကနေ သင်ယူစရာ ဘာရှိလို့လဲ။

ပါမောက္ခ ပြောသလိုပဲ စာအုပ်ဆိုင်တွေရဲ့ စီးပွားရေးနဲ့ စီမံခန့်ခွဲမှု ကဏ္ဍတွေမှာ ကျွန်တော့်နာမည် ပါဝင်တဲ့ စာအုပ်တွေ ပြည့်နေခဲ့တာပါ။ ပျင်းပျင်းရှိတာနဲ့ တစ်အုပ်ကို လှန်လှောကြည့်လိုက်မိတော့ တကယ်ပဲ ယုတ္တိရှိသလိုလိုနဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေ ဖြစ်နေခဲ့တယ်။

တကယ်ကို အံ့ဩဖို့ကောင်းတဲ့ အချက်ကတော့ စာအုပ်ကို ဖတ်ရုံနဲ့ ကျွန်တော့်လို ရင်းနှီးမြှုပ်နှံနိုင်တယ်လို့ ပြောနေကြပေမယ့် စာရေးဆရာတွေ ကိုယ်တိုင်ကတော့ ရင်းနှီးမြှုပ်နှံမှု မလုပ်ကြဘဲ စာအုပ်တွေပဲ ရေးသားရောင်းချနေကြတယ်ဆိုတဲ့ အချက်ပါပဲ။

ပါမောက္ခ ကင်မြောင်ဂျွန် က ဂုဏ်ယူစွာနဲ့ ပြောတယ်။

“မင်းသိတဲ့အတိုင်း ကိုရီးယားတက္ကသိုလ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ တက္ကသိုလ် ယှဉ်ပြိုင်မှုအဆင့်က အခုတလော အရမ်းကို မြင့်တက်လာခဲ့တယ်။ အဲဒီထဲမှာမှ ငါတို့ စီးပွားရေးစီမံခန့်ခွဲမှုဌာန ကတော့ ထူးထူးခြားခြားပဲ။ ကျောင်းပြောင်းလာတဲ့ ကျောင်းသားတွေလည်း တန်းစီနေတာပဲ။ အာ… ဒါနဲ့ ဟိုသတင်းကြားပြီးပြီလား”

“ဘာသတင်းလဲဗျ”

“မင်းသမီး အန်နီကဲ က ငါတို့ တက္ကသိုလ်ကို လာမလို့တဲ့လေ”

“ဟုတ်ကဲ့။ အန်နီကဲ... ဟင်”

ခေါင်းညိတ်လက်ခံရင်း ကျွန်တော် ရုတ်တရက် လန့်သွားခဲ့တယ်။

“နော်ဝေနိုင်ငံရဲ့ မင်းသမီးက ကျွန်တော်တို့ ကျောင်းကို လာမလို့လား။ ဘာဖြစ်လို့လဲ”

ပါမောက္ခ ကင်မြောင်ဂျွန် က ကျွန်တော့်ကို ပြန်မေးလိုက်တယ်။

“မင်း တကယ်ပဲ မသိဘူးလား။ အရင်က ဆုံဖူးတာဆိုတော့ သိလိမ့်မယ်လို့ ထင်ထားတာ။ သူက မူလက MIT မှာ ပညာသင်ဖို့ ပြင်ဆင်ထားခဲ့တာ ဖြစ်ပေမယ့် ကိုရီးယားတက္ကသိုလ်ဆီ ပြောင်းလိုက်တာတဲ့။ အင်ဂျင်နီယာ ကောလိပ်ကို ကျောင်းပြောင်းဖို့ လျှောက်ထားခဲ့တာဖြစ်ပြီး လုပ်ထုံးလုပ်နည်းတွေအားလုံး ပြီးဆုံးသွားပြီ”

“ကျောင်းပြောင်းတာလား၊ အပြန်အလှန် ကျောင်းသားချင်း လဲလှယ်တဲ့ သဘောနဲ့ လာတာ မဟုတ်ဘူးလား”

“ဟုတ်တယ်။ ကျောင်းပြောင်းတာ”

လဲလှယ်တဲ့ ကျောင်းသားတွေကတော့ သတ်မှတ်ထားတဲ့ ကာလတစ်ခုအထိပဲ စာသင်ပြီး မိခင်တက္ကသိုလ်ဆီ ပြန်ကြတာဖြစ်ပေမယ့် ကျောင်းပြောင်းတာကတော့ ဒီတက္ကသိုလ်ကနေ ဘွဲ့ကို လုံးဝ ရယူမှာ ဖြစ်ပါတယ်။

အင်ဂျင်နီယာ ကောလိပ်ရဲ့ ကိစ္စမှာတော့ အတန်းအများစုကို အင်္ဂလိပ်လို သင်ကြားပေးတာကြောင့် သင်ခန်းစာတွေကို နားထောင်ဖို့က ကြီးမားတဲ့ ပြဿနာ ရှိမှာ မဟုတ်ပါဘူး။

တော်ဝင်မိသားစုဝင်တွေ နိုင်ငံခြားမှာ ပညာသင်ကြားတာက သာမန်ကိစ္စတစ်ခုပါပဲ။ ဒါပေမဲ့ များသောအားဖြင့်တော့ အမေရိကန် ဒါမှမဟုတ် ဥရောပလိုမျိုး ဖွံ့ဖြိုးပြီး နိုင်ငံတွေကိုပဲ သွားလေ့ရှိကြပြီး ကိုရီးယားကို ရွေးချယ်တာကတော့ ရှားပါတယ်။

“ဘာဖြစ်လို့ MIT ကို ထားခဲ့ပြီး ကိုရီးယားတက္ကသိုလ်ကို ရွေးချယ်ခဲ့တာလဲ”

“ဟ.. ကိုရီးယားက ကားတွေ၊ Semiconductorတွေ၊ ဘတ္ထရီတွေနဲ့ ဂိမ်းလိုမျိုး အနာဂတ် လုပ်ငန်းတွေမှာ လျင်လျင်မြန်မြန် တိုးတက်နေလို့ ဖြစ်မှာပေါ့ကွ”

“ဒါကတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့…”

အစိုးရရဲ့ စီးပွားရေး မူဝါဒတွေက ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကိုရီးယား လုပ်ငန်းစုကြီးတွေက လုပ်ငန်းအသစ်တွေထဲ ခုန်ဝင်ပြီး ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်နေကြတာပါ။

Memory Semiconductor ကဏ္ဍမှာ ဆောင်း အီလက်ထရောနစ် က 'super gap' မဟာဗျူဟာကို သုံးပြီး ပြိုင်ဘက်တွေနဲ့ ကွာဟချက်ကို ပိုကွာဟအောင် လုပ်ဆောင်ခဲ့သလို၊ CL Chemical၊ Seosung SB နဲ့ SSK Innovation တို့ကလည်း OTK ဘတ္ထရီ ထုတ်လုပ်မှု စနစ်တွေကို တည်ဆောက်ခဲ့ကြတယ်။ အွန်ဆောင်း မော်တာ ကတော့ CarOS ပြီးရင် အလိုအလျောက်မောင်းနှင်မယ့် လျှပ်စစ်ကားတွေကို အများအပြား ထုတ်လုပ်နိုင်တဲ့ ဒုတိယမြောက် ကုမ္ပဏီ ဖြစ်လာခဲ့ပြီး၊ ဂိမ်းကုမ္ပဏီတွေကလည်း OTK Games ရဲ့ VRMMORPG တိုးတက်မှု စီမံကိန်းထဲကို ဆက်တိုက် ပူးပေါင်းလာခဲ့ကြပါတယ်။

အရင်ကတော့ ကိုရီးယား စီးပွားရေးက Semiconductor တစ်ခုထဲအပေါ် အလွန်အကျွံ မှီခိုနေရတယ်လို့ ဝေဖန်မှုတွေ အများကြီး ရှိခဲ့ပေမယ့် အခုတော့ နယ်ပယ်အမျိုးမျိုးမှာ ထင်ပေါ်ကျော်ကြားမှုတွေကို ပြသနေပါပြီ။

အထူးသဖြင့် ဘတ္ထရီတွေက 'ဒုတိယ Semiconductor' လို့ ခေါ်ရလောက်အောင် အာရုံစိုက်မှု အများကြီး ရရှိနေတာပါ။ ပါမောက္ခ ကင်ဟိုမင် က ဘယ်လောက်တောင် ကြီးမားတဲ့ အောင်မြင်မှုကို ရရှိခဲ့လဲဆိုတာ ထည့်ပြောနေစရာတောင် မလိုပါဘူး။

“အဆက်အသွယ်တွေ တည်ဆောက်ဖို့ကလည်း ရည်ရွယ်ချက်တစ်ခု ဖြစ်လောက်မယ်ထင်တယ်။ မင်းရော၊ ပါမောက္ခ ကင်ဟိုမင် ရော အားလုံးက ကိုရီးယားတက္ကသိုလ် ကျောင်းသားဟောင်းတွေပဲလေ။ ပြီးတော့ အခုတလော ကိုရီးယားတက္ကသိုလ် ကျောင်းသားတွေ နိုင်ငံခြားမှာ အလုပ်ရတာ အခြေအနေ အရမ်းကောင်းနေတယ်။ Gooble၊ Npple ဒါမှမဟုတ် FaceNote လို နေရာမျိုးတွေကို အများကြီး သွားနေကြတာ”

ဂိမ်းအကြောင်း တတွတ်တွတ် ပြောနေတုန်း မျက်လုံးတွေ တောက်ပနေခဲ့တဲ့ မင်းသမီး အန်နီကဲ ရဲ့ ပုံရိပ်ကို ကျွန်တော် ပြန်လည် မြင်ယောင်လာခဲ့တယ်။

သေချာပေါက်... ဒါက အိုတက်ဂယူ နဲ့ မသက်ဆိုင်လောက်ပါဘူးနော်။

All Chapters