← Chapters

အခန်း ၃၆၀

Vol. 36 Ch. 360

အခန်း ၃၆၀

Vol. 36 Ch. 360

အခန်း (၃၆၀)

တွေ့ဆုံပွဲက ညဉ့်နက်တဲ့အထိ ဆက်ဖြစ်နေခဲ့တယ်။

မခွဲခွာခင်မှာ ဥက္ကဌ ရူချောဂယွန် က ကျွန်တော့်ကို ပြောလာတယ်။

“ငါ Klein Group ရဲ့ အကြီးအကဲ ရာထူးကနေ နုတ်ထွက်မယ်လို့ ပြောတုန်းက ဘေးကလူတွေအကုန်လုံး ဝိုင်းတားကြတာ။ ကြွားသလို ဖြစ်နေမလား မသိပေမယ့် အာရှသားတစ်ယောက်အနေနဲ့ ကမ္ဘာ့ဘဏ္ဍာရေး အချက်အချာနေရာမှာ အဲဒီလောက်အထိ မြင့်မားတဲ့ ရာထူးကို တက်လှမ်းနိုင်ခဲ့တာက အံ့ဖွယ်တစ်ခုပဲလေ။ အဲဒီကနေ ထွက်ပြီး RCK Bros ကို ကိုယ်ပိုင် သီးခြားတည်ထောင်တဲ့အခါ အစကနေ ပြန်စခဲ့ရတယ်။ အဲဒီတုန်းက ဗြောင်ဒူ နဲ့ ငါက ငယ်သေးတော့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ပြီး ဘာဖြစ်ဖြစ် လုပ်မယ်ကွာဆိုတဲ့ တိုက်ပွဲဝင်စိတ်ဓာတ်တွေနဲ့ ပြည့်နှက် နေခဲ့တာလေ။ အခု စီအီးအို ကန်ဂျင်ဟူ ကို ကြည့်ရတာ အဲဒီတုန်းက အချိန်တွေကို ပြန်သတိရစေတယ်။ မင်းနဲ့ ဒုတိယဥက္ကဌ အိုတက်ဂယူ တို့က အဲဒီတုန်းက ငါ့ထက်တောင် ပိုပြီး ငယ်ကြသေးတယ်။ အနာဂတ်မှာ မင်းတို့နှစ်ယောက်က ခေတ်သစ်တစ်ခုကို ဆောင်ကြဉ်းပေးမှာပါ”

ကျွန်တော် သူနဲ့ လက်ဆွဲနှုတ်ဆက်ရင်း ပြောလိုက်တယ်။

“ဒီနေ့ အကြံဉာဏ်တွေ ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ မကြာခင်မှာ ပြန်တွေ့ကြတာပေါ့”

ဥက္ကဌ ရူချောဂယွန် ကို လိုက်ပို့ပြီးတဲ့နောက် ဒုတိယဥက္ကဌ ရှင်ဗြောင်ဒူ နဲ့ ရှင်ယူရီ တို့လည်း သူတို့ရဲ့ ကားထဲကို ဝင်သွားကြတယ်။

ရှင်ယူရီ က ပြောတယ်။

“မနက်ဖြန် ရုံးမှာ တွေ့မယ်နော် စီအီးအို”

“အိုကေ။ အိမ်ကို ဂရုစိုက်ပြီး ပြန်ဦး”

ကျွန်တော်တို့လည်း ကားနောက်ခန်းထဲ ဝင်ထိုင်လိုက်ကြတယ်။ ကျွန်တော်တို့နှစ်ယောက်လုံး သောက်ထားတာကြောင့် သက်တော်စောင့်က မောင်းသူနေရာမှာ ထိုင်ပါတယ်။ အလိုအလျောက်မောင်းနှင်တဲ့ စနစ်ရှိတဲ့ ကားတွေဖြစ်နေရင်တောင် သောက်ပြီးရင် မောင်းသူနေရာမှာ ထိုင်တာက ဥပဒေအရ မူးယစ်မောင်းနှင်မှုလို့ သတ်မှတ်နေဆဲမလို့ပါ။

အယ်လီ က ကျွန်တော့်ပုခုံးပေါ် ခေါင်းမှီလာတယ်။ သူက အရက်ကြောင့် မျက်နှာလေး အနည်းငယ် နီမြန်းနေပြီး အသက်ရှူလိုက်တိုင်း ဝိုင်နံ့သင်းသင်းလေးက လွင့်ပျံလာခဲ့တယ်။ ခဏလောက်တော့ သူ့ကို နမ်းချင်တဲ့ စိတ်ဆန္ဒတွေ ဖြစ်ပေါ်လာမိတယ်။

အယ်လီ က မျက်လုံးလေးမှိတ်ရင်း ပြောလာတယ်။

“ရှင်ယူရီ က တကယ်ကို ချစ်ဖို့ကောင်းတာပဲ နော်”

“ဟုတ်တယ်၊ ချစ်ဖို့ကောင်းတယ်”

“ငါတို့တွေ ကိုရီးယားတက္ကသိုလ် ကို အတူတူ သွားခဲ့တုန်းကအချိန်ကို မှတ်မိသေးလား။ အဲဒီမှာ နင့်ရဲ့ ရည်းစားဟောင်းနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆုံခဲ့ကြတယ် မဟုတ်လား”

ကျွန်တော် ခပ်တိုးတိုး ရယ်မောလိုက်ပြီး ပြောလိုက်တယ်။

“မှတ်မိတာပေါ့။ အဲဒီတုန်းကလည်း အယ်လီ က အခုလိုမျိုးပဲ ငါ့ဘေးနားမှာ ရှိနေခဲ့တာပဲ လေ”

အယ်လီ က ကျွန်တော့်လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လာတယ်။

“သူ့ကို အများကြီး သဘောကျခဲ့တာလား”

ဘယ်သူလဲကို ထည့်မပြောပေမယ့် သူ ဘယ်သူ့ကို ဆိုလိုလဲဆိုတာ ကျွန်တော် သိပါတယ်။

ကျွန်တော် ခေါင်းညိတ်လိုက်ပြီး ပြန်ဖြေတယ်။

“အင်း၊ သဘောကျခဲ့တာပေါ့”

ဒါတွေအကုန်လုံးက အတိတ်က အကြောင်းအရာတွေ ဖြစ်သွားပါပြီ။

အမျိုးသားနဲ့ အမျိုးသမီး တွေ့ဆုံကြတယ်၊ လမ်းခွဲကြတယ်၊ ပြီးတော့ တခြားလူတွေနဲ့ ထပ်တွေ့ကြတယ်။ ဒါက သာမန် ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါပဲ။ အနုပညာရှင် ဘယ်နှယောက်တောင် လမ်းခွဲလိုက်၊ နောက်အိမ်ထောင်ပြုလိုက် လုပ်နေကြလဲ။

တစ်ယောက်ယောက်က ဂိုဂျွန်ဟျွန်း က ကျွန်တော့်ဆီကနေ ကျွန်တော့်ကောင်မလေးကို လုယူသွားတာလို့ ပြောကောင်းပြောနိုင်ပေမယ့် (ဒါပေမဲ့ ဘယ်သူမှ ကျွန်တော့်မျက်နှာချင်းဆိုင်မှာတော့ အဲဒီလို ပြောရဲမှာ မဟုတ်ပါဘူး)၊ ဒါက အမျိုးသားတွေရဲ့ ရှုထောင့်သက်သက်ပါပဲ။

ယူဆန်းအာက သူသဘောကျတဲ့ လူကို ရွေးချယ်ခဲ့တာ သက်သက်ပါ။

ကျွန်တော်တို့ လမ်းမခွဲခင် ဒါမှမဟုတ် လမ်းခွဲပြီးမှ သူနဲ့ တွေ့ခဲ့တာပဲဖြစ်ဖြစ် အဲ့ဒါက အရေးမကြီးပါဘူး။ ချစ်သူရှိနေတဲ့ အမျိုးသမီးတစ်ယောက်က လမ်းမခွဲခင် တခြားအမျိုးသား တစ်ယောက်နဲ့ မတွဲရဘူးလို့ ဘယ်ဥပဒေမှာမှ ပြဋ္ဌာန်းမထားဘူးလေ။

အယ်လီ က ယူဆန်းအာ အကြောင်းကို ရုတ်တရက် ထုတ်ပြောလာတာက ကျွန်တော်တို့ ခုနတင်ကပဲ GH ဆောက်လုပ်ရေး အကြောင်း ပြောခဲ့ကြလို့ ဖြစ်မှာပါ။

“စိတ်မပူဘူးလား”

“လုံးဝပဲ။ ချေဘောတွေအတွက် စိတ်ပူပေးစရာ မလိုဘူးလေ”

လူတွေက အဆင့်အတန်းမြင့်မားတဲ့သူတွေ ကျရှုံးသွားတာကို ပိုပြီး သနားတတ်ကြပါတယ်။ ပျက်စီးသွားတဲ့ နိုင်ငံတစ်ခုက တော်ဝင်မိသားစုဝင်တွေ ဒါမှမဟုတ် ပြိုလဲသွားတဲ့ ချေဘောတွေလိုမျိုးပေါ့။

ဒါပေမဲ့ ကုမ္ပဏီ ကျရှုံးသွားရင်တောင် ချေဘောမိသားစုကတော့ မကျရှုံးဘူးဆိုတာ ကိုရီးယားရဲ့ ထုံးစံတစ်ခုပါပဲ။ GH အုပ်စု တစ်ခုလုံး ပြိုကွဲသွားရင်တောင် ပိုင်ရှင်မိသားစုကတော့ အသက်မွေးဝမ်းကျောင်းပြုဖို့အတွက် ဘာပြဿနာမှ ရှိမှာမဟုတ်ပါဘူး။

တကယ့် ပြဿနာက တခြားနေရာမှာ ရှိတာပါ။ ဖြစ်လာမယ့်ရလဒ်က ရောင်းချခြင်းပဲဖြစ်ဖြစ်၊ ပြန်လည်ဖွဲ့စည်းခြင်းပဲဖြစ်ဖြစ် ဝန်ထမ်းတွေ အလုပ်ထုတ်ခံရမယ့် ပြင်းထန်တဲ့ လေမုန်တိုင်းကတော့ တိုက်ခတ်လာမှာ သေချာပါတယ်။

ကျွန်တော်က ခပ်ချဉ်ချဉ် အပြုံးနဲ့ ပြောလိုက်တယ်။

“တကယ်လို့ စိတ်ပူပေးရမယ်ဆိုရင် အလုပ်ပြုတ်သွားနိုင်တဲ့ ဝန်ထမ်းတွေအတွက်ပဲ စိတ်ပူပေးရမှာပေါ့”

GH ဆောက်လုပ်ရေး ရဲ့ အကြွေးတင်မှုက ဈေးကွက်က မျှော်လင့်ထားတာထက် ပိုပြီးတော့ ပြင်းထန်နေခဲ့တယ်။

မဆင်မခြင် တိုးချဲ့မှုတွေနဲ့ မရောင်းရသေးတဲ့ အိမ်ခြံမြေတွေကြောင့် ဘဏ္ဍာရေး အခြေအနေက ဆိုးရွားနေရတဲ့ကြားထဲ၊ စီမံကိန်း အပ်နှံထားတဲ့ ဖိလစ်ပိုင် SPC ဒေဝါလီခံသွားတာက သေစေနိုင်တဲ့ ရိုက်ခတ်မှု ဖြစ်သွားခဲ့တာပါ။

သူ့ရဲ့ ရှယ်ယာအရောင်းအဝယ်က မကြာခင် ဆိုင်းငံ့ခံရတော့မယ်ဆိုတဲ့ ကောလာဟလတွေက ဘဏ္ဍာရေးလောကထဲမှာ ပျံ့နှံ့နေခဲ့ပါတယ်။

ဘယ်ဆောက်လုပ်ရေး ကုမ္ပဏီမှ ကိုယ့်ရဲ့ ပိုက်ဆံသက်သက်နဲ့ပဲ စီမံကိန်းတွေကို အရင်းအနှီး မတည်ကြပါဘူး။ ချေးငွေတွေနဲ့ အာမခံချက်တွေလိုမျိုး ဘဏ္ဍာရေး ပံ့ပိုးကူညီမှုတွေက ဆောက်လုပ်ရေးအတွက် မရှိမဖြစ် လိုအပ်တာပါ။

ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခု အကြွေးတင်လာတဲ့အခါ အပ်နှံသူတွေက စီမံကိန်းတွေ လမ်းခုလတ်မှာ ရပ်တန့်သွားမှာ စိုးရိမ်တာကြောင့် အော်ဒါအပ်ဖို့ တွန့်ဆုတ်လာကြပြီး ထပ်ဆင့်ကန်ထရိုက်တာတွေကလည်း ပိုက်ဆံမရမှာ စိုးရိမ်တာကြောင့် ကြိုတင်ငွေတွေကို တောင်းဆိုလာကြတယ်။ ဒါက ငွေသားစီးဆင်းမှု ပြဿနာကို ပိုပြီး ဆိုးရွားစေတာပါ။

ဒါ့အပြင် GHဆောက်လုပ်ရေးရဲ့ ဆိုးရွားတဲ့ ဘဏ္ဍာရေး အခြေအနေ ကောလာဟလတွေ ပျံ့နှံ့သွားပြီးတဲ့နောက် GH ဆောက်လုပ်ရေး က မကြာခင်က ဆိုးလ် ပြန်လည်တည်ဆောက်ရေး စီမံကိန်းတွေအတွက် လေလံပွဲတွေမှာ တခြား အဓိက ဆောက်လုပ်ရေး ကုမ္ပဏီကြီးတွေကို ဆက်တိုက် ရှုံးနိမ့်ခဲ့တယ်။

GH အုပ်စု အတွင်းမှာ ဖြေရှင်းချက်တွေအတွက် ပြင်းထန်တဲ့ ငြင်းခုံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒါပေမဲ့ အခြေအနေကို ပြောင်းလဲဖို့ကတော့ မလွယ်ကူခဲ့ပါဘူး။

သူတို့က ရန်ပုံငွေ ရှာဖွေဖို့အတွက် ငွေတိုက်စာချုပ်တွေ ထုတ်ဝေဖို့ စဉ်းစားခဲ့ကြပေမယ့် ကော်ပိုရိတ် စာချုပ်တန်ဖိုး နှုန်းထားတွေက ၁၅% နီးပါးအထိ ထိုးတက်နေခဲ့ပါပြီ။ ဒီလို အခြေအနေမျိုးအောက်မှာ စာချုပ်တွေ ထပ်မံထုတ်ဝေရင် အောင်မြင်ဖို့ မလွယ်ကူပါဘူး။ တခြား လက်အောက်ခံ ကုမ္ပဏီတွေကို နှုန်းထားကို လျှော့ချပေးမယ်ဆိုပြီး အာမခံပေးတာမျိုး ရွေးချယ်လို့ရပေမယ့် ရှယ်ယာရှင်တွေကတော့ လုံးဝ ကန့်ကွက်ကြမှာ သေချာပါတယ်။

အခုဆိုရင် သူ့ရဲ့ အကြွေးတင်မှုက လူသိရှင်ကြား ဖြစ်သွားပြီမလို့ GH ဆောက်လုပ်ရေး ကို ဈေးကွက်ထဲ တင်ရောင်းရင်တောင် ထိုက်တန်တဲ့ ဈေးနှုန်း ရရှိမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အုပ်စုရဲ့ အဓိက မိခင်ကုမ္ပဏီနဲ့ အနှစ်သာရဖြစ်တဲ့ GH Oil ကို ရောင်းချဖို့ကတော့ လုံးဝ မတွေးဝံ့စရာပါ။

ဆောက်လုပ်ရေး ကဏ္ဍကို ကယ်တင်ဖို့အတွက် တခြား လက်အောက်ခံ ကုမ္ပဏီတွေကို ရောင်းချဖို့ စဉ်းစားခဲ့ကြပေမယ့် GH အုပ်စု ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ GH Holdings ရဲ့ နိုင်ငံခြားသား ရှယ်ယာရှင်တွေကတော့ သူတို့ရဲ့ ကန့်ကွက်မှုကို အခိုင်အမာ ပြသခဲ့ကြတယ်။

ဥက္ကဌ ဂိုဂျင်ကွမ် က GH ဆောက်လုပ်ရေး တခြားသူတွေလက်ထဲ ရောက်မသွားအောင် နည်းမျိုးစုံနဲ့ ရုန်းကန်နေခဲ့တာပါ။

အဝယ်ခံရတဲ့ ကုမ္ပဏီတစ်ခုရဲ့ ကံကြမ္မာကတော့ ခန့်မှန်းရ လွယ်ကူပါတယ်။ ဝယ်ယူတဲ့သူက ငွေသားစီးဆင်းမှုကို နားလည်ဖို့နဲ့ ငွေကြေးအာဏာကို ထိန်းချုပ်ဖို့အတွက် အဝယ်ခံရတဲ့ ကုမ္ပဏီရဲ့ CFO (ဘဏ္ဍာရေးအရာရှိချုပ်) ကို အရင်ဆုံး အစားထိုးလဲလှယ်ပစ်မှာပါ။ မူလ စီမံခန့်ခွဲမှုအဖွဲ့က ဖယ်ထုတ်ခံရမှာဖြစ်ပြီး လူသစ်တွေက နေရာယူလာမှာ ဖြစ်ပါတယ်။

ဂိုဂျင်ကွမ် က ချေဘောမိသားစုမှာ မွေးဖွားခဲ့ပြီး တစ်သက်လုံး ချေဘောတစ်ယောက်အနေနဲ့ပဲ နေထိုင်ခဲ့တာပါ။ သူ က GH ဆောက်လုပ်ရေး ထဲ ဝင်ရောက်ခဲ့ပြီး ကုမ္ပဏီကို အမွေဆက်ခံခဲ့တာက သဘာဝကျကျပဲ ဖြစ်ပျက်ခဲ့တာလေ။ အခုတော့ သူ တစ်သက်လုံး ပုံအောခဲ့ရတဲ့ ကုမ္ပဏီက တခြားသူတွေလက်ထဲ လုယူခံရမယ့် အခြေအနေ ရောက်နေပါပြီ။

စီမံခန့်ခွဲမှု အာဏာ ပျောက်ဆုံးသွားတဲ့ ချေဘောတစ်ယောက်ကတော့ တကယ်တမ်း ချေဘော မဟုတ်တော့ပါဘူး။ အသက်မွေးဝမ်းကျောင်းပြုဖို့ ပြဿနာမရှိပေမယ့် လက်ရှိ ရရှိထားတဲ့ အဆင့်အတန်းနဲ့ ဂုဏ်သိက္ခာတွေကတော့ ပျောက်ဆုံးသွားမှာပါ။ ဒါက အရှက်ရစရာနဲ့ အတူတူပါပဲ။

ဥက္ကဌ ဂိုဂျင်ကွမ် က မျှော်လင့်ချက်ကို မစွန့်လွှတ်သေးပါဘူး။ ငွေပေးချေမှုအတွက် ဖိလစ်ပိုင်အစိုးရနဲ့ ဆွေးနွေးမှုတွေ ဆက်လုပ်နေဆဲဖြစ်ပြီး မရောင်းရသေးတဲ့ အိမ်ခြံမြေတွေကလည်း အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်း ပြေလည်သွားမှာပါ။ အခု လတ်တလော ရင်ဆိုင်နေရတဲ့ ငွေကြေးကြပ်တည်းမှုကိုသာ ကျော်ဖြတ်နိုင်ရင် ပြန်လည် ဦးမော့လာဖို့ အခွင့်အရေး ရှိပါတယ်။

မဟုတ်သေးဘူး။ ရွှေရောင်အခွင့်အရေးကြီးတစ်ခုကလည်း လက်တစ်ကမ်းအကွာမှာ ရှိနေနှင့်နေတာပါ။

အမေရိကန်က ဆန်ဖရန်စစ္စကို နဲ့ Silicon Valley ပြန်လည်တည်ဆောက်ရေး စီမံကိန်းတွေကို တစိုက်မတ်မတ် လုပ်ဆောင်နေပါတယ်။ ဒါက အမေရိကန်ရဲ့ အကြီးမားဆုံး ဆောက်လုပ်ရေး လုပ်ငန်းကြီးဖြစ်ပြီး အပြည့်အဝ ပြန်လည်ကောင်းမွန်လာဖို့အတွက် ဆယ်နှစ်လောက် ကြာမြင့်မယ်လို့ မျှော်လင့်ထားတာပါ။

တကယ်လို့သာ အဲ့ဒီနေရာမှာ ကန်ထရိုက် အမြောက်အမြား ရရှိဖို့ သေချာတဲ့ အာမခံချက်တစ်ခုကို ရယူနိုင်ရင် အကြွေးရှင်တွေကို ဖျောင်းဖျနိုင်မှာဖြစ်ပြီး တရားရုံးကနေတစ်ဆင့် ပိုင်ဆိုင်မှု ထိန်းချုပ်ခံရတာ ဒါမှမဟုတ် အတင်းအကြပ် ရောင်းချခံရတာမျိုးလိုမျိုး အဆိုးရွားဆုံး အခြေအနေတွေကို ရှောင်လွှဲနိုင်လောက်ပါတယ်။

ဒါကြောင့်မလို့ ကမ္ဘာတစ်ဝှမ်းက ဆောက်လုပ်ရေး ကုမ္ပဏီတွေက ဝေစုအနည်းငယ် ပိုရရှိဖို့အတွက် နောက်ကွယ်မှာ ပြင်းပြင်းထန်ထန် လှုပ်ရှားနေကြတာပါ။

ပြီးတော့ OTK ကုမ္ပဏီ က အဲဒီစီမံကိန်းရဲ့ အဓိက အစိတ်အပိုင်းတစ်ခုမှာ ပါဝင်ပတ်သက်နေတာပါ။

တကယ်လို့သာ ကန်ဂျင်ဟူ ရဲ့ အကူအညီကို ရရှိနိုင်ရင် ပြဿနာက ပြေလည်သွားနိုင်မှာပါပဲ။

ပြဿနာကတော့ GH အုပ်စု တစ်ခုလုံးအနေနဲ့ သူနဲ့ ဘာမှ ထူးထူးခြားခြား ပတ်သက်မှု မရှိတာပါပဲ။ ကံကောင်းထောက်မစွာနဲ့ပဲ ဥက္ကဌ ဂိုဂျင်ကွမ် ရဲ့ တတိယမြောက်သားက ကန်ဂျင်ဟူ နဲ့ တစ်ကျောင်းထဲ၊ တစ်ဌာနထဲက စီနီယာ အစ်ကိုကြီး ဖြစ်နေခဲ့တာပါ။

လတ်တလောမှာတော့ အဲဒါက သူတို့ရဲ့ တစ်ခုထဲသော မျှော်လင့်ချက်ပါပဲ။

ဂိုဂျွန်ဟျွန်း က အတိတ်က ဆုံတွေ့ခဲ့ဖူးတဲ့ ကန်ဂျင်ဟူ အကြောင်းကို ပြန်တွေးမိသွားတယ်။

တက္ကသိုလ်တုန်းကဆိုရင် ကန်ဂျင်ဟူက အာရုံစိုက်စရာမလိုတဲ့ ဂျူနီယာလေးတစ်ယောက် သက်သက်ပါပဲ။ ဒါပေမဲ့ နှစ်အနည်းငယ်အတွင်းမှာတင် အရာအားလုံးက အများကြီး ပြောင်းလဲသွားခဲ့ပါပြီ။

ဈေးကွက်တန်ဖိုး လျော့ကျပြီး ချေဘောအဆင့်အတန်း နိမ့်ဆင်းနေတဲ့ GH အုပ်စု နဲ့မတူဘဲ OTK ကုမ္ပဏီ က ကမ္ဘာ့အကြီးဆုံး ကော်ပိုရေးရှင်းကြီးအဖြစ် ကြီးထွားလာခဲ့တာပါ။

အခုလက်ရှိ ကိုရီးယား စီးပွားရေးဆိုရင် OTK ကုမ္ပဏီ ကြောင့်မလို့ လည်ပတ်နေရတာလို့တောင် ပြောလို့ရပါတယ်။ တကယ်လို့ OTK က ပြည်တွင်း ဆောင်း အီလက်ထရောနစ် တို့၊ အွန်ဆောင်း မော်တာ တို့လို ကုမ္ပဏီကြီးတွေနဲ့ လက်မတွဲခဲ့ရင် ကိုရီးယားရဲ့ စီးပွားရေး တိုးတက်မှုနှုန်းက ၂ ရာခိုင်နှုန်းလောက် လျော့နည်းသွားမှာ သေချာပါတယ်။

ဒါက သိပ်မများဘူးလို့ ထင်ရပေမယ့် ကိုရီးယားရဲ့ GDP က ဒေါ်လာ သိန်းပေါင်း ၁.၇ ကုဋေခန့် ရှိတာပါ။ အဲဒီထဲက ၂ ရာခိုင်နှုန်းဆိုရင် ဝမ် သိန်းပေါင်း ၄၀ ကုဋေ နီးပါး ရှိပါတယ်။

နိုင်ငံတော် စီးပွားရေးအပေါ် ရိုက်ခတ်မှုက အဲဒီလောက်အထိ ကြီးမားတာမလို့ တစ်ဦးချင်း ကုမ္ပဏီတွေအပေါ် သူ့ရဲ့ သြဇာလွှမ်းမိုးမှုကတော့ ငြင်းပယ်လို့ မရတဲ့အနေအထားပါ။

ဂိုဂျွန်ဟျွန်း က ကျောင်းတုန်းက ကန်ဂျင်ဟူ နဲ့ အကြိမ်အနည်းငယ်ပဲ ဆုံဖူးတာ ဖြစ်ပေမယ့် သူ့မျက်နှာကိုတော့ ရှင်းရှင်းလင်းလင်း မှတ်မိနေပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ သူ က အခု သူ့ရဲ့ ဇနီးဖြစ်နေတဲ့ ယူဆန်းအာ ရဲ့ ရည်းစားဟောင်း ဖြစ်နေလို့ပါပဲ။

ဒါပေမဲ့ အခုတော့ သူ က အကူအညီ တောင်းခံရမယ့် အခြေအနေ ရောက်နေပါပြီ။ ဒါက ကံကြမ္မာရဲ့ ရက်စက်တဲ့ အလှည့်အပြောင်းတစ်ခုလို ခံစားရစေတယ်။

ဂိုဂျွန်ဟျွန်း က သက်ပြင်းချလိုက်ပြီး ရေရွတ်လိုက်တယ်။

“ဒါကို ကံတရားလို့ ပြောရမလား၊ ဒါမှမဟုတ် ကံဆိုးမိုးမှောင်ကျမှုလို့ ပြောရမလား...”

ကျွန်တော် အလုပ်လုပ်နေတုန်း ကုမ္ပဏီဆီကို မမျှော်လင့်ထားတဲ့ ဧည့်သည်တစ်ယောက် ရောက်လာခဲ့တယ်။

နာမည်ကို ကြားရတော့ ကျွန်တော် ခဏလောက် တွန့်ဆုတ်သွားမိတယ်။ သူ့ကို တွေ့သင့်ရဲ့လား။

ရုံးကို ဂိမ်းကစားဖို့သက်သက်ပဲ လာလေ့ရှိတဲ့ အိုတက်ဂယူ က သူ့နေရာကနေ ဝုန်းခနဲ ထရပ်လိုက်ပြီး ပြောတယ်။

“ဘာ တွန့်ဆုတ်နေတာလဲ။ ချက်ချင်း သွားတွေ့ရမှာပေါ့ဟ”

သူ က စိတ်ဝင်စားစရာ ဖျော်ဖြေပွဲတစ်ခုခုကို တွေ့လိုက်ရတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။

ကျွန်တော် ဆွံ့အသွားပြီး မေးလိုက်တယ်။

“မင်းက ဒါကို ပျော်ရာလို့ ထင်နေတာလား။ တကယ်ပါပဲ”

အိုတက်ဂယူ က သဘာဝကျဆုံးအရာတစ်ခုလိုပဲ ခေါင်းညိတ်ပြပြီး ပြောတယ်။

“အင်း။ ပျော်စရာကောင်းတာပေါ့။ ဒါကြောင့်မလို့ မြန်မြန်သွားတွေ့ရအောင်”

“...”

ဒါကတော့ OTK ကုမ္ပဏီ ရဲ့ ဒုတိယဥက္ကဌရဲ့ စရိုက်လက္ခဏာပါပဲ။

အိုတက်ဂယူ ရဲ့ ဆန္ဒကို လိုက်လျောပေးဖို့အတွက် ကျွန်တော် သူနဲ့အတူ အစည်းအဝေးခန်းထဲကို ဆင်းလာခဲ့တယ်။ အနောက်တိုင်းဝတ်စုံဝတ်ထားတဲ့ လူငယ်တစ်ယောက် အဲဒီမှာ ရှိနေပါတယ်။ အရပ်ရှည်ပြီး ခန့်ငြားတဲ့သူပါ။

သူ့နာမည်က ဂိုဂျွန်ဟျွန်း ဖြစ်ပါတယ်။ GH ဆောက်လုပ်ရေး ဥက္ကဌရဲ့ တတိယမြောက်သားဖြစ်ပြီး၊ ကိုရီးယားတက္ကသိုလ် ရဲ့ စီးပွားရေးစီမံခန့်ခွဲမှုဌာန က ကျွန်တော့်ရဲ့ စီနီယာ အစ်ကိုကြီး ဖြစ်သလို၊ ယူဆန်းအာ ရဲ့ ခင်ပွန်းလည်း ဖြစ်တာပါ။

ဒါက တစ်ချိန်တုန်းက ကျောင်းမှာ ဆုံခဲ့ကြပြီးတဲ့နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်ဆုံတာ ဖြစ်ပါတယ်။ ကျွန်တော်က ချေဘောတွေရဲ့ အစည်းအဝေးတွေကို တက်ရောက်လေ့မရှိတဲ့အပြင် ကျွန်တော်တို့ရဲ့ စီးပွားရေး နယ်ပယ်တွေလည်း ကွဲပြားတာကြောင့် အပြင်မှာ ဆုံတွေ့ဖို့ မရှိခဲ့ပါဘူး။

ကံဆိုးမိုးမှောင်ကျမှုလို့ မပြောချင်ပေမယ့် သာယာကြည်နူးစရာ ကောင်းတဲ့ အမှတ်တရတွေတော့ ကျွန်တော်တို့ နှစ်ယောက်ကြားမှာ မရှိခဲ့တာ သေချာပါတယ်။ ဒါကြောင့်မလို့လည်း ကျွန်တော်တို့နှစ်ယောက်လုံး ဒီအချိန်အထိ တွေ့ဆုံဖို့ မစဉ်းစားခဲ့ကြတာ ဖြစ်မှာပါ။

သူ က ခေါင်းကို အောက်ချပြီး နက်နက်ရှိုင်းရှိုင်း နှုတ်ဆက်လာခဲ့တယ်။

“မတွေ့ရတာ ကြာပြီနော်။ စီအီးအို ကန်ဂျင်ဟူ”

ကျောင်းတုန်းက သာမန်ကာလျှံကာ စကားပြောပုံမျိုးနဲ့ လုံးဝ ဆန့်ကျင်ဘက်ပါပဲ။ ကျွန်တော်တို့နှစ်ယောက်လုံးရဲ့ အခြေအနေနဲ့ အဆင့်အတန်းတွေ ပြောင်းလဲသွားတာကြောင့် ဒါက သဘာဝကျပါတယ်။

“တကယ်ပဲ မတွေ့ရတာ ကြာပါပြီ။ တွေ့ရတာ ဝမ်းသာပါတယ်”

အိုတက်ဂယူ က ရွှင်ရွှင်လန်းလန်းပဲ နှုတ်ဆက်လိုက်တယ်။

“မင်္ဂလာပါ။ ကျွန်တော်က အိုတက်ဂယူ ပါ။ ကြိုဆိုပါတယ်၊ လာနိုင်လို့ ဝမ်းသာပါတယ်”

“ဒုတိယဥက္ကဌ အကြောင်းကို အများကြီး ကြားဖူးပါတယ်”

ကျွန်တော်တို့ နှုတ်ဆက်စကားတွေ ဖလှယ်ပြီး ထိုင်လိုက်ကြတယ်။

အတွင်းရေးမှူးက သောက်စရာတွေ ယူလာပေးခဲ့တယ်။

ကျွန်တော် သူ့ကို မေးလိုက်တယ်။

“ဒီနေ့ ဘာကိစ္စရှိလို့ ရောက်လာတာလဲ ခင်ဗျာ”

ကိုရီးယားမှာတော့ ချေဘောတွေထက် မိသားစု အမွေဆက်ခံမှုကို ပိုပြီး အာရုံစိုက်တဲ့ လုပ်ငန်း မရှိပါဘူး။ ဂိုဂျွန်ဟျွန်း ကလည်း အမွေဆက်ခံဖို့အတွက် ပြင်ဆင်ဖို့ GH ဆောက်လုပ်ရေး ထဲ ဝင်ရောက်ခဲ့ပြီး လုပ်ငန်းခွင်အတွေ့အကြုံကို သေသေချာချာ သင်ယူနေခဲ့တာပါ။

သူ့ရဲ့ လက်ရှိ ရာထူးကတော့ အကြီးတန်း စီမံခန့်ခွဲမှု ဒါရိုက်တာပါ။ သူ့ရဲ့ အစ်ကိုကြီးက မိခင်ကုမ္ပဏီကို အမွေဆက်ခံမှာဖြစ်ပေမယ့် သူ ကတော့ လက်အောက်ခံ ကုမ္ပဏီငယ်တစ်ခုခုကို ရရှိဖို့ မျှော်လင့်နိုင်ပါတယ်။ အဲဒီနောက်မှာတော့ GH ဆောက်လုပ်ရေး က အတွင်းပိုင်း အရောင်းအဝယ်တွေကနေတစ်ဆင့် အဲဒီကုမ္ပဏီဆီ လုပ်ငန်းတွေကို အမြောက်အမြား လွှဲပြောင်းယူလောက်မှာပေါ့။

ဒါတွေအကုန်လုံးက GH ဆောက်လုပ်ရေး သာ ဆက်လက် တည်ရှိနေဦးမယ်ဆိုတဲ့ အချက်အပေါ် မူတည်နေတာ သေချာပါတယ်။

လက်ရှိ အခြေအနေအရ ကြည့်ရင်တော့ မကြာခင်မှာ ရောင်းချခံရဖို့ ရာခိုင်နှုန်း တော်တော်လေး မြင့်မားနေပါတယ်။ တကယ်လို့ အဲဒီလို ဖြစ်လာရင် သူနဲ့ ကျန်တဲ့ ပိုင်ရှင်မိသားစုဝင်တွေက စီမံခန့်ခွဲမှု ရာထူးတွေကနေ ဆင်းပေးကြရမှာပါ။

ဘာပဲဖြစ်ဖြစ်၊ သူ့ရဲ့ အဖိုးက အခုထိ GH အုပ်စု ဥက္ကဌ ဖြစ်နေဆဲမလို့ သူ့ကို တစ်နည်းနည်းနဲ့တော့ ကြည့်ရှုစောင့်ရှောက်မှာပါပဲ။ ချေဘောတွေအတွက် စိတ်ပူပေးတာက ကမ္ဘာပေါ်မှာ အဓိပ္ပာယ်မရှိဆုံး အရာပါပဲ။

ဂိုဂျွန်ဟျွန်း က လေးနက်တဲ့ မျက်နှာထားနဲ့ ပြောလာတယ်။

“လိုရင်းကိုပဲ တိုက်ရိုက်ပြောရရင်၊ ကျွန်တော် အကူအညီ တောင်းချင်လို့ လာခဲ့တာပါ”

“ဘာအကူအညီမျိုးလဲ ခင်ဗျာ”

“ဆန်ဖရန်စစ္စကို နဲ့ Silicon Valley ပြန်လည်တည်ဆောက်ရေး စီမံကိန်းနဲ့ ပတ်သက်ပြီး ArcIT က Palo Alto နဲ့ Redwood City တို့ရဲ့ မြို့ပြဒီဇိုင်း ကန်ထရိုက်တွေကို ရရှိထားတယ်လို့ ကြားသိရပါတယ်။ GH ဆောက်လုပ်ရေး အနေနဲ့ အဲဒါနဲ့ ဆက်စပ်ပြီး ပါဝင်ခွင့်ရချင်လို့ပါ”

ဒါကြောင့်မလို့ သူက တွေ့ချင်နေတာကိုး။ ကျွန်တော် မျှော်လင့်ထားတဲ့အတိုင်းပါပဲ။

“နောက်ဆုံး ဒီဇိုင်းအစီအစဉ်တွေက အတည်မပြုရသေးတာကြောင့် ဒါက ချက်ချင်းလုပ်မယ့် စီမံကိန်း မဟုတ်ပါဘူး။ ဆောက်လုပ်ရေး ကုမ္ပဏီတွေကို ရွေးချယ်တာက နောက်မှ ဖြစ်လာမှာပါ”

“ဒါပေမဲ့ စီအီးအို ကန်ဂျင်ဟူ သာ ဝင်ရောက်ကူညီပေးရင် နည်းလမ်းတစ်ခု ရှိလာနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ တရားဝင် စာချုပ်မဟုတ်ဘဲ နားလည်မှုစာချွန်လွှာ (MOU) လောက်ဆိုရင်တောင် လုံလောက်ပါတယ်”

သူ့ရဲ့ အစီအစဉ်က အဲဒါကို သုံးပြီး အကြွေးရှင်တွေကို ဖျောင်းဖျဖို့ဖြစ်ပြီး၊ အဲဒီအတောအတွင်းမှာ အကြွေးတင်နေတဲ့ လုပ်ငန်းခွင်တွေကို ရှင်းလင်းပြီး ကုမ္ပဏီကို ကယ်တင်ဖို့ ထင်ပါတယ်။

ကျွန်တော် ပြန်မဖြေတဲ့အခါ ဂိုဂျွန်ဟျွန်း က မေးလာခဲ့တယ်။

“ကျွန်တော်တို့ဘက်က ဖြည့်ဆည်းပေးရမယ့် စည်းကမ်းချက်တွေ ရှိမလား ခင်ဗျာ”

အများကြီး စဉ်းစားစရာမလိုဘဲ ကျွန်တော် ပြတ်ပြတ်သားသားပဲ ပြောလိုက်တယ်။

“မရှိပါဘူး။ ArcIT က ဒီကိစ္စကို သူ့ဘာသာသူပဲ ဆုံးဖြတ်မှာပါ။ OTK ကုမ္ပဏီ က ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုသက်သက်ပဲလေ။ ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီကိုယ်တိုင်က အကူအညီ အရင်မတောင်းမချင်း စီမံခန့်ခွဲမှုပိုင်းမှာ ဝင်ရောက်မစွက်ဖက်ဖို့က ကျွန်တော်တို့ရဲ့ မူဝါဒပါ။ သီးခြားအနေနဲ့ ကျွန်တော် လုပ်ပေးနိုင်တာ ဘာမှမရှိပါဘူး။ အကူအညီမပေးနိုင်တဲ့အတွက် စိတ်မကောင်းပါဘူးဗျာ”

တကယ်လို့ ကျွန်တော်က ကိုရီးယား ဆောက်လုပ်ရေး ကုမ္ပဏီတွေဆီကနေ ဒီလိုမျိုး တောင်းဆိုမှုတွေကို လက်ခံပေးလိုက်ရင် အဆုံးရှိမှာမဟုတ်သလို၊ နောက်ပိုင်းမှာလည်း အတင်းအဖျင်း ပြောစရာတွေနဲ့ ဝေဖန်မှုတွေကို ဖြစ်ပေါ်စေမှာ သေချာပါတယ်။

ဂိုဂျွန်ဟျွန်း က သူ့နှုတ်ခမ်းကို ကိုက်လိုက်ပြီး ခန္ဓာကိုယ်ပါ အနည်းငယ် တုန်ရင်နေခဲ့တယ်။ သူ တော်တော်လေး အရှက်ရသွားပုံပါပဲ။ ဒါပေမဲ့ ဘာတတ်နိုင်မှာလဲ။

ဆွေးနွေးညှိနှိုင်းမှုတွေက အဆင့်အတန်းတူညီတဲ့ အဖွဲ့အစည်းတွေကြားမှာပဲ လိုအပ်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါကတော့ အခြေခံအားဖြင့် တစ်ဖက်သတ် အကူအညီ တောင်းခံမှု သက်သက်ပဲ လေ။

ကုမ္ပဏီတစ်ခုရဲ့ ရည်ရွယ်ချက်က အမြတ်အစွန်း ရှာဖွေဖို့ပါ။ ကျွန်တော်တို့အတွက် အကျိုးအမြတ်မရှိရင် ကူညီပေးဖို့ မလိုအပ်ပါဘူး။ GH ဆောက်လုပ်ရေး က ဘယ်လို ကမ်းလှမ်းချက်တွေ လုပ်လာပါစေ တခြား ဆောက်လုပ်ရေး ကုမ္ပဏီတွေကလည်း အဲလိုကမ်းလှမ်းချက်မျိုးတွေကို လုပ်နိုင်ကြပါတယ်။

ကျွန်တော် အဲဒီလို တွေးနေတုန်းမှာပဲ ဂိုဂျွန်ဟျွန်း က တုန်ရင်နေတဲ့ လေသံနဲ့ မေးလာခဲ့တယ်။

“ယူ….ယူဆန်းအာ ကြောင့် အကူအညီမပေးတာလား”

“...ဟမ်”

သူ ဘာတွေ လျှောက်ပြောနေတာလဲ။

All Chapters