အခန်း ၁၉၂
Vol. 20 Ch. 192
အခန်း (၁၉၂) - ကောင်းကင်ရနံ့ခန္ဓာကိုယ် (၂)
တံခါးကိုတွန်းဖွင့်ကာ ဝင်လိုက်ရာ အနီရောင်ဝတ်ဝမ်ခယ်ရန်သည် တံခါးရှေ့၌ ဒူးထောက်နေပြီး မျက်နှာလေးရှုံ့မဲ့ကာ ငိုထားသည့်အလား ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
ချူချင်းရောက်ရှိလာသည်ကို မြင်သောအခါ သူမသည် မျက်ရည်များကို အလျင်အမြန် သုတ်လိုက်လေသည်။
"သခင်လေးသုံး..."
ချူချင်းသည် ခေါင်းညိတ်ပြလိုက်ပြီး တံခါးရှေ့၌ မကြည့်မိအောင် အတင်းအကျပ်ထိန်းချုပ်နေသော်လည်း ဝမ်ခယ်ရန်သတိမထားမိသည့် အချိန်တိုင်းခိုးကြည့်နေသော စီယဲ့ကိုကြည့်ကာ စိတ်ထဲတွင် ဆွံ့အသွားရပြန်၏။
သိုင်းလောကသားများ ဖြစ်ကြပါလျက်နှင့် ဤမျှအထိ အပြစ်ကင်းစင်နေကြရသလော။
သူသည် ဝမ်ခယ်ရန်ကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။
"ဘာဖြစ်တာလဲ... စီယဲ့... သူ့ကို မြန်မြန်ထူပေးလိုက်စမ်း..."
စီယဲ့သည် ချူချင်း၏စကားကို ကြားသောအခါ အခွင့်ကောင်းတစ်ခု ရရှိသွားသည့်အလား ဖြစ်သွား၏။
သူသည် အလျင်အမြန်လာရောက်ကာ ဝမ်ခယ်ရန်ကို ထူပေးလိုက်လေသည်။
ဝမ်ခယ်ရန်သည် တစ်စုံတစ်ခုကို ပြောလိုဟန်ရှိသော်လည်း ချူချင်းကိုကြည့်လိုက်ပြီးနောက် စကားများကို ပြန်လည်မျိုချလိုက်၏။
သူမသည် နှုတ်ခမ်းကို အသာအယာကိုက်ထားပြီး မျက်နှာလေး ညှိုးငယ်နေချေသည်။
ချူချင်းသည် ထိုနှစ်ဦးကို ဝေ့ကြည့်လိုက်ပြီးနောက် မေးလိုက်၏။
"သခင်ဝမ် နိုးပြီလား..."
ဝမ်ဖူစန်း၏အသံသည် အခန်းထဲမှ တိုက်ရိုက်ထွက်ပေါ်လာလေသည်။
"ဝင်လာခဲ့..."
ချူချင်းသည် ပြုံးလိုက်ပြီး တံခါးကိုတွန်းဖွင့်ကာ ဝင်သွား၏။ တံခါးပိတ်ပြီးနောက် ဝမ်ဖူစန်း၏ ရှေ့သို့ရောက်ရှိချိန်တွင် ပထမဆုံးပြောလိုက်သည်မှာ...
"ဟန်ဆောင်မနေပါနဲ့တော့... သူတို့ပစ်မှတ်က ခင်များမဟုတ်ဘူး..."
ဝမ်ဖူစန်းသည် ရုတ်တရက် ထထိုင်လိုက်လေသည်။
"ဘာ..."
"ဘာဖြစ်လို့လဲ... မနေ့ညက မင်း ဘာတွေရှာတွေ့ခဲ့တာလဲ..."
ချူချင်းသည် မေးစေ့ကိုပွတ်သပ်ကာ ပြောလိုက်၏။
"ဒီကိစ္စက ပြောရရင် အရှည်ကြီးပဲ..."
"ဒါပေမဲ့ မပြောပြခင်... သခင်ဝမ်က ကျုပ်ရဲ့သံသယတွေကို အရင်ဖြေရှင်းပေးဖို့ လိုအပ်တယ်..."
ဝမ်ဖူစန်းက ပြောလိုက်၏။
"ပြောစမ်းပါ..."
ချူချင်းက မေးလိုက်၏။
"ထျန်းကျီးရသေ့က ဘယ်လိုသေသွားခဲ့တာလဲ..."
ဝမ်ဖူစန်းသည် သက်ပြင်းချလိုက်လေသည်။
"ငါ မသိဘူး..."
"စီယဲ့ မနေ့ကပြန်လာတော့ ဒီကိစ္စကို ငါ့ကိုပြောပြခဲ့တယ်..."
"အဲဒီမြေအောက်ဂူထဲမှာ ပျက်စီးလုနီးပါးဖြစ်နေတဲ့ အလောင်းတစ်လောင်းကို တွေ့ခဲ့ရတယ်ဆိုတာ ငါသိတယ်..."
"ပြီးတော့ 'ထျန်းကျီးရသေ့ကိုသတ်သူမှာ ဝမ်ထျန်းဟန်ဖြစ်သည်' ဆိုတဲ့စာသားတွေလည်း ရှိနေတယ်..."
"ဒါပေမဲ့... ဒါပေမဲ့ ဘိုးဘေးတွေရဲ့ကိစ္စက နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီမို့ အမှန်တရားက ဘာလဲဆိုတာ ငါလည်းမသိဘူး..."
ချူချင်း၏အသံသည် ရုတ်တရက် အေးစက်သွား၏။
“သခင်ဝမ်က တကယ်မသိတာလား..."
ဝမ်ဖူစန်းသည် ရုတ်တရက်မော့ကြည့်လိုက်ရာ ချူချင်းနှင့် အကြည့်ချင်းဆုံသွားပြီးနောက် နောက်ဆုံးတွင် သက်ပြင်းချလိုက်လေသည်။
"သခင်လေးသုံး... မင်းက ပညာရှိတစ်ယောက်ပဲ..."
"အချို့ကိစ္စရပ်တွေကို ငါက တမင်တကာ ဖုံးကွယ်ထားတာ မဟုတ်ဘူး... ဒါပေမဲ့... အပြင်လူကို ပြောပြလို့မရဘူး..."
"မင်းတင်မကဘူး... ငါ့ရဲ့ညီနှစ်ယောက်ကိုတောင် ငါမပြောပြနိုင်ဘူး..."
"မင်း တကယ်သိချင်တယ်ဆိုရင် ငါ့ကို ကတိတစ်ခုပေးရမယ်..."
ချူချင်းသည် နှုတ်ခမ်းကိုစေ့လိုက်၏။
"ပြောချင်ရင်ပြော... မပြောချင်လည်းနေပေါ့... ကျုပ် လော့ချန်အိမ်တော်ရဲ့ အရှုပ်အထွေးတွေထဲ ဝင်ပါရတာက ဝမ်ရိုကြောင့်ပဲ..."
"ကျုပ်မှာ သူငယ်ချင်းအများကြီး မရှိဘူး... ဝမ်ရိုက အပြစ်ကင်းပြီး ကြင်နာတတ်သူမို့ သူမရဲ့အဆုံးသတ်က သနားစရာကောင်းမှာကို မလိုလားလို့သာ ကျုပ်ဝင်ပါခဲ့တာ..."
"သခင်ဝမ်… ကျုပ် ခင်များတို့ကို ကျေးဇူးအများကြီးတင်နေတယ်လို့ ထင်နေတာလား..."
ဝမ်ဖူစန်းသည် ဖြည်းဖြည်းချင်း သက်ပြင်းချလိုက်လေသည်။
"လုံးဝ မဟုတ်ပါဘူး..."
"ဒါပေမဲ့ ဒါက ငါ့သမီးရဲ့အသက်နဲ့ သက်ဆိုင်နေလို့ ငါသတိထားရမှာပဲ..."
ချူချင်းသည် မျက်လုံးများကို အနည်းငယ်ကျဉ်းမြောင်းလိုက်ပြီး မနေ့ညက ဝမ်ရိုပြောခဲ့သော စကားများကို ရုတ်တရက် သတိရသွား၏။
"ဝမ်ရိုရဲ့အသက်နဲ့ သက်ဆိုင်နေတာလား..."
သူသည် တစ်ခဏမျှစဉ်းစားလိုက်ပြီးနောက် မျက်နှာပျက်သွားကာ ပြောလိုက်၏။
"သူမရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ သက်ဆိုင်နေတာလား..."
ဝမ်ဖူစန်းသည် ရုတ်တရက် မော့ကြည့်လိုက်လေသည်။
"မင်း..."
"ဝမ်ရိုက မင်းကိုပြောပြလိုက်တာလား..."
ချူချင်းက ပြောလိုက်၏။
"ခင်များမပြောပြရင်လည်း ကျုပ် ဝမ်ရိုကို မေးလို့ရတယ်... ကျုပ်ကို ဖုံးကွယ်ထားမှာ မဟုတ်ဘူး..."
ဝမ်ဖူစန်းသည် အလွန်ဒေါသထွက်သွားလေသည်။
"မိုက်မဲလိုက်တာ..."
"သမီးတွေကတော့ သမီးတွေပဲ... ဒီမိုက်မဲတဲ့ကောင်မလေးက ယောက်ျားတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ လုံးဝမသိဘူး... ဒီလောက်အထိ အကုန်အစင်ဖွင့်ပြောလိုက်ရင် အနာဂတ်မှာ အနိုင်ကျင့်ခံရလိမ့်မယ်ဆိုတာ မသိဘူးလား..."
ချူချင်းက အလျင်အမြန်ပြောလိုက်၏။
"သခင်ဝမ်... တော်လိုက်တော့..."
"ကျုပ်နဲ့ ဝမ်ရိုကြားမှာ အချစ်ဆိုတာမရှိဘူး..."
ဝမ်ဖူစန်းက ရုတ်တရက် ကျိန်ဆဲလိုက်လေသည်။
"တော်စမ်း..."
"မင်းကတော့ လျှောက်ပြောနေပြီ... ငါ့သမီးက ဒီလောက်လှပတာကို မင်းနဲ့လည်း နေ့တိုင်းအတူရှိနေတာ... မင်း သူ့အပေါ် ဘယ်လိုခံစားချက်မှမရှိဘူးလို့ ပြောတိုင်း ယုံစရာလား..."
"မင်းက တတာဝန်မယူချင်လို့ ဆင်ခြေပေးနေတာပဲ..."
"ငါက အတွေ့အကြုံရှိတဲ့ လူကြီးတစ်ယောက်ပဲ... မင်းလိုကောင်လေးတစ်ယောက်ရဲ့ လှည့်စားမှုကို ခံရပါ့မလား..."
ချူချင်းသည် ချက်ချင်းပင် စိတ်ပျက်သွား၏။
"ခင်များ ဘာတွေပြောနေတာလဲ..."
“ကျုပ်နဲ့ ဝမ်ရိုက အပြစ်ကင်းစင်ပါတယ်..."
ဝမ်ဖူစန်းသည် ဒေါသတကြီး ပြောလိုက်လေသည်။
"အပြစ်ကင်းစင်တော့ ဘာဖြစ်လဲ... ခံစားချက်တွေရှိလာတာက ချက်ချင်းလက်ထပ်ရမယ်လို့ မဆိုလိုဘူး..."
"မင်းသာ သူ့ကို တကယ်အခွင့်ကောင်းယူခဲ့ရင် မင်း သူ့ကိုချစ်တယ်လို့ ပြောရင်တောင် ငါ မင်းကို ရိုက်သတ်ပစ်မယ်... နောင်မှာ ပြဿနာမဖြစ်စေရဘူး..."
ချူချင်းသည် မျက်လုံးကိုလှန်လိုက်၏။
“ကျုပ်ဘာပြောပြော ခင်များယုံမှာ မဟုတ်ဘူးမလား..."
"ဒါပေမဲ့ သခင်ဝမ်...ကျုပ် ရှင်းရှင်းလင်းလင်း ပြောပြမယ်..."
"အခုအချိန်အထိ ကျုပ်တို့ကြားက ဆက်ဆံရေးက ခင်များထင်သလို မဟုတ်ဘူး..."
"ပြီးတော့ ဝမ်ရိုက... အချစ်ဆိုတဲ့ကိစ္စတွေကို နားလည်နိုင်စွမ်းရှိမှာ မဟုတ်ဘူး..."
"ကျုပ်လည်း သူမအပေါ် ခံစားချက်မရှိဘူး..."
"ပြီးတော့ သခင်ဝမ်... ကျုပ်က စေ့စပ်ထားပြီးသား..."
ဝမ်ဖူစန်းသည် မျက်မှောင်ကြုတ်လိုက်လေသည်။
"မင်းမှာ စေ့စပ်ထားတဲ့သူရှိတယ်..."
"အဲဒါကို ဖျက်သိမ်းလို့ရလား..."
ချူချင်း၏မျက်နှာသည် ချက်ချင်းပင် မှောင်မိုက်သွား၏။ ဤအဘိုးကြီးသည် အဘယ်ကြောင့် ဤမျှအထိ အဓိပ္ပာယ်မရှိသောစကားများကို ပြောနေရသနည်း။
ဤအဘိုးကြီးသည် ချန်ထျယ်ရှန်း၏ပိုက်ဆံကိုခိုးယူရန် အမြဲကြံစည်နေသည်မှာ အံ့ဩစရာမရှိပေ။ ဤအဘိုးကြီးနှစ်ယောက်မှာ တစ်လမ်းတည်းသွား တစ်ဂိုဏ်းတည်းသားများ ဖြစ်ကြချေသည်။
"မရဘူး...သခင်ဝမ်... ဒီအကြံကို စွန့်လွှတ်လိုက်ပါ..."
ထိုသို့ အပြန်အလှန်ပြောဆိုပြီးနောက် နှစ်ဦးလုံးတိတ်ဆိတ်သွားကြ၏။
နောက်ဆုံးတွင် ဝမ်ဖူစန်းက စကားစလိုက်လေသည်။
"မင်းက စေ့စပ်ထားတဲ့ဇနီးကို မမေ့တာကိုကြည့်ရင် တကယ်သံယောဇဉ်ကြီးတဲ့သူ ဖြစ်ရမယ်..."
ချူချင်းသည် မျက်လုံးကိုလှန်လိုက်၏။
"ဘာလို့ အဲလိုပြောရတာလဲ... သူမက အရမ်းလှတယ်..."
ဝမ်ဖူစန်းသည် ချူချင်း၏စကားကြောင့် ဆွံ့အသွားပြီး ခေါင်းထဲတွင် တစ်ခဏမျှ ဗလာဖြစ်သွားပြီးမှ ပြောလိုက်လေသည်။
"ဝမ်ရိုရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို 'ကောင်းကင်ရနံ့ခန္ဓာကိုယ်'လို့ခေါ်တယ်..."
"ဒီဖွဲ့စည်းပုံက အရမ်းထူးခြားတယ်... အနံ့ခံအာရုံက သာမန်ထက် အဆမတန်သာလွန်တာကြောင့် တခြားသူတွေရဲ့အတွင်းအားကို အနံ့ခံနိုင်ပြီး အတွင်းအားအပြောင်းအလဲတွေကို ခံစားနိုင်တယ်..."
"သစ္စာတရားကိုတောင် ခွဲခြားသိနိုင်စွမ်းရှိတယ်..."
"ဒါပေမယ့် ဒီစွမ်းရည်ကကောင်းပေမဲ့ အသက်အန္တရာယ်ရှိတယ်..."
"ဒီလို ဖွဲ့စည်းပုံရှိသူတွေက စိတ်ခံစားချက်ကင်းမဲ့ရုံတင်မကဘူး... ခံစားချက်တွေရှိရင်တောင် ဖော်ပြဖို့ခက်ခဲတယ်..."
"ငယ်ငယ်ရွယ်ရွယ်နဲ့ လူသားမဆန်ဘဲ ဘဝကို ခြောက်ခြောက်ကပ်ကပ်နဲ့ ရှင်သန်နေရတာ..."
"အများစုကတော့... အသက်နှစ်ဆယ့်ငါးနှစ်ထက်ပိုပြီး အသက်မရှင်နိုင်ကြဘူး..."
"ဒါက ငါတို့ဝမ်မိသားစုရဲ့ အမျိုးသမီးတွေထဲမှာ နှစ်ပေါင်းရာချီမှ တစ်ယောက်ပဲပေါ်လာတတ်တဲ့ ဖွဲ့စည်းပုံပဲ..."
"ဒါပေမယ့် ဒါကကျိန်စာတစ်ခုလည်း ဖြစ်တယ်..."
ချူချင်းသည် ဝမ်ဖူစန်းကိုလှမ်းကြည့်ကာ မေးလိုက်၏။
"ဒါဆို အရင်ကောင်းကင်ရနံ့ခန္ဓာကိုယ်ပိုင်ရှင်က ဘယ်သူလဲ..."
ဝမ်ဖူစန်းက တိုးတိုးလေးပြောလိုက်လေသည်။
"မိသားစုသမိုင်းမှတ်တမ်းမှာ ရေးမှတ်ထားတာ မရှိပေမဲ့ ဘိုးဘေးတွေရဲ့မှတ်စုထဲမှာတော့ ရှိခဲ့ဖူးတယ်... အဲဒီလူက ဘိုးဘေးဝမ်ထျန်းဟန်ရဲ့ သမီးဝမ်ရှင်းရန်ပဲ..."
"ဒါပေမဲ့ ငါတို့ဝမ်မိသားစုရဲ့မျိုးဆက်က ဘိုးဘေးဝမ်ထျန်းဟန်ကနေ စတင်ခဲ့တာ မဟုတ်ဘူး..."
"အဲဒီမတိုင်ခင်ကလည်း ဒီလိုဖွဲ့စည်းပုံရှိတဲ့ အဘွားအိုတစ်ယောက် ရှိခဲ့ဖူးတယ်... ဒါပေမဲ့ သူက အသက်ကိုးဆယ့်ခုနစ်နှစ်အထိ အသက်ရှင်ခဲ့ပြီးမှ ကွယ်လွန်သွားခဲ့တာ..."
ချူချင်းက အလျင်အမြန်မေးလိုက်၏။
"သူက ဘယ်လိုလုပ်ပြီး အသက်ရှည်ခဲ့တာလဲ..."
ဝမ်ဖူစန်းက ချူချင်းကိုကြည့်ကာ ပြောလိုက်လေသည်။
"အဲဒီတုန်းက ဘိုးဘေးဝမ်ထျန်းဟန်က သူ့သမီးမှာ ဒီလိုဖွဲ့စည်းပုံရှိတာကိုသိသွားပြီး စာအုပ်တွေနဲ့မှတ်တမ်းတွေကို မြေလှန်လိုက်ရှာခဲ့တယ်..."
"နောက်ဆုံးတော့ အဘွားအိုအသက်ရှည်ခဲ့ရတဲ့ အကြောင်းရင်းက သူ တစ်ယောက်ယောက်နဲ့တွေ့ဆုံခဲ့လို့ဆိုတာ သိခဲ့ရတယ်..."
"ထိုက်ရိဂိုဏ်းရဲ့ဆရာသခင်ကြီးပဲ..."
"သူက ပုရိကောင်းကင်စာလိပ်ရဲ့ အတွင်းအားကျင့်စဉ်ကို အသုံးပြုပြီး အဘွားအိုကို သေဘေးကနေကျော်လွှားနိုင်အောင် ကူညီပေးခဲ့တာ..."
ချူချင်းသည် ရုတ်တရက် နားလည်သဘောပေါက်သွား၏။
ဤသို့ဆိုလျှင် ယခင်က နားမလည်နိုင်ခဲ့သော ကိစ္စရပ်များစွာမှာ ချက်ချင်းပင် ရှင်းလင်းသွားချေပြီ။
ဝမ်ရိုသည် လော့ချန်အိမ်တော်၏ သမီးဖြစ်ပါလျက်နှင့် လော့ချန်အိမ်တော်၏ အဆင့်မြင့်အတွင်းအားကျင့်စဉ်ကို အဘယ်ကြောင့် မကျင့်ကြံခဲ့ရသနည်း။
လော့ချန်အိမ်တော်သည် အလွန်အင်အားကြီးမားနေချိန်တွင် ဝမ်ဖူစန်းသည် သူမအား လော့ချန်အိမ်တော်ထက် နိမ့်ကျသောထိုက်ရိဂိုဏ်းသို့ အဘယ်ကြောင့် စေလွှတ်ခဲ့သနည်း။
ရည်ရွယ်ချက်မှာ ပုရိကောင်းကင်စာလိပ်အတွက် ဖြစ်ပေသည်။
ကံမကောင်းစွာဖြင့် ဝမ်ထျန်းဟန်၏မျိုးဆက်တွင် မြေကမ္ဘာစာလိပ်မှာ ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်၏။
ဝမ်ထျန်းဟန်သည် ထျန်းကျီးရသေ့ထံသို့ ခြေရာခံမိခဲ့သော်လည်း ကံမကောင်းစွာဖြင့် ထျန်းကျီးတောင်ကြားကိုရှာမတွေ့ခဲ့ပေ။ ထျန်းကျီးရသေ့ကိုသတ်ဖြတ်ပြီး ထျန်းကျီးအမိန့်တော်ပြားကိုရရှိခဲ့လျှင်ပင် သမီးဖြစ်သူသေဆုံးသွားသည်ကိုသာ အကူအညီမဲ့စွာ ကြည့်နေခဲ့ရပေလိမ့်မည်။